တာအိုစိတ်နှလုံး
Vol. 84 Ch. 1126
အရှင်သခင်ဟောက်ဟန့်၏ စကားအရ သူ တည်ဆောက်ထားသည့် နေရာများမှာ များစွာ ရှိသော်လည်း နှစ်သန်းပေါင်းများစွာအတွင်း သူ၏ တပည့်အဖြစ် လက်ခံခြင်း ခံရသူမှာ လက်ငါးချောင်းပင် မပြည့်နိုင်သေးပေ။
ထိုသို့ဆိုလျှင် ဤအခက်အခဲမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။ အရှင်သခင် တစ်ဦး ဖြစ်လာရန်မှာ မည်မျှ ခက်ခဲပါသနည်း။ အကယ်၍ အဆင့်တက်ရန် လွယ်ကူပါက လမ်းပေါ်တွင် အရှင်သခင်များဖြင့် ပြည့်နှက်နေပေလိမ့်မည်။
“ငါ ဒီကောင်းကင်ဝါးမြိုခြင်း နတ်ဘုရားနယ်မြေတွေကို အများကြီး ဖန်တီးထားတာက အကောင်းဆုံး စမ်းသပ်လေ့ကျင့်ရေး ပတ်ဝန်းကျင်ကို ဖန်တီးပေးချင်လို့ပဲ... တစ်ချိန်တည်းမှာပဲ ဒီကလေးတွေကို မွေးမြူပေးဖို့အတွက်လည်း ဖြစ်တယ်...”
သူသည် ချွေ့ချွေ့တို့၏ ခေါင်းလေးများကို ပွတ်သပ်ပေးလိုက်ရာ သူ၏ မျက်ဝန်းများအတွင်းတွင် ကြင်နာမှုများ ပြည့်နှက်နေသည်။
“ဒါပေမဲ့ ဒီနေရာမှာ တောင့်ခံနိုင်တဲ့ ကျင့်ကြံသူကတော့ အလွန်ကို နည်းပါးလှပါတယ်... ဒါက မင်းတို့ရဲ့ စွမ်းဆောင်ရည်နဲ့ပဲ သက်ဆိုင်တယ်... ဒီစုပ်ယူမှုတွေကို တောင့်ခံဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စ မဟုတ်ဘူး... တစ်နေ့နေ့မှာ မင်းတို့ ဒီစုပ်ယူမှုကို တောင့်ခံနိုင်လာတဲ့အခါ ဒီနေရာဟာ မင်းတို့ရဲ့ ကျင့်ကြံခြင်း မြေပြင် ဖြစ်လာလိမ့်မယ်...”
အရှင်သခင်ဟောက်ဟန့်က ပြုံးလျက် ဆိုလေသည်။
“ဒီကျင့်ကြံခြင်း ပတ်ဝန်းကျင်ဟာ မင်းတို့ကို ကောင်းကင်အရှင် အဆင့်အထိ ကျင့်ကြံနိုင်စေဖို့ လုံလောက်ပါတယ်... ဒါပေမဲ့ အမြဲတမ်း ဒီနေရာမှာပဲ နေပြီး ကျင့်ကြံနေဖို့တော့ ငါ မတိုက်တွန်းလိုပါဘူး၊ လက်တွေ့ တိုက်ပွဲဝင်ခြင်းကိုသာ အဓိက ထားသင့်တယ်...”
“စကားများနေမယ့်အစား မင်းတို့ နှစ်ယောက်လုံး အသင့်ဖြစ်ပြီလား... နောက်ဆုံး စမ်းသပ်မှုဖြစ်တဲ့ တာအိုစိတ်နှလုံး စမ်းသပ်ခြင်းကို ဖြတ်ကျော်ဖို့ အသင့်ဖြစ်ပြီလား...”
အရှင်သခင်ဟောက်ဟန့်က မေးမြန်းလိုက်သည်။
သူသည် အများကြီး ရှင်းပြမနေတော့ဘဲ ရှင်းပြစရာ ရှိသည်များကိုလည်း အတော်လေး ရှင်းပြပြီး ဖြစ်သည်။ ကောင်းကင်ဝါးမြိုခြင်း နတ်ဘုရားနယ်မြေသည် တပည့်လက်ခံရန်နှင့် ဤရတနာများကို မွေးမြူရန်အတွက်သာ ဖြစ်ပေသည်။
ဤမျှ များပြားလှသော ရတနာများကို ဤနေရာတွင် ထားရှိပြီး မွေးမြူပေးခြင်း မရှိပါက မှော်ရတနာဝိညာဉ်များ ကြီးထွားလာနိုင်မည် မဟုတ်ပေ။
“အသင့်ဖြစ်ပါပြီ...”
သူတို့ နှစ်ဦးစလုံး ခေါင်းညိတ်လိုက်သည်။ မည်သို့ပင်ဆိုစေ ယခုအချိန်တွင် ကြိုတင်ပြင်ဆင်စရာလည်း မရှိတော့ရာ တိုက်ရိုက် စတင်လိုက်ရုံသာ ဖြစ်သည်။
“အသင့်ဖြစ်ပြီဆိုရင်တော့ အခု စတင်လိုက်လို့ ရပါပြီ...”
အရှင်သခင်ဟောက်ဟန့်သည် လက်ညှိုးကို ဆန့်ထုတ်၍ သူတို့၏ ခေါင်းပေါ်သို့ ညင်သာစွာ ထိတွေ့လိုက်ပြီး ဖြည်းညင်းစွာ ဆိုလေသည်။
“မင်းတို့ ကြုံတွေ့ရမယ့် စမ်းသပ်မှုရဲ့ အကြောင်းအရာကိုတော့ ငါလည်း မသိဘူး… ဒါက မင်းတို့ရဲ့ စိတ်နှလုံးထဲက အနက်ရှိုင်းဆုံး တာအိုစိတ်နှလုံးကို စမ်းသပ်တာပဲ… အောင်မြင်ရင်တော့ ငါ့ရဲ့ အမည်ခံ တပည့် ဖြစ်လာနိုင်မယ်၊ ကျရှုံးရင်တော့ ကံမပါဘူးလို့ပဲ ပြောရမှာပေါ့...”
အရှင်သခင်ဟောက်ဟန့်၏ ဆိုလိုရင်းမှာ အလွန်ပင် ရှင်းလင်းလှသည်။ ၎င်းမှာ အခွင့်အရေး တစ်ကြိမ်သာ ရှိခြင်းဖြစ်သည်။ အကယ်၍ ကျရှုံးသွားပါက ကံမပါဟုသာ ဆိုရမည် ဖြစ်ပြီး ဒုတိယအကြိမ် စမ်းသပ်ခွင့် မရှိပေ။
“ဟောက်ဟန့် စီနီယာ... အောင်မြင်တယ်ဆိုတာ ဘာကို ခေါ်တာလဲခင်ဗျာ...”
ယီထျန်းယွမ်က မေးမြန်းလိုက်သည်။
“အောင်မြင်တယ်ဆိုတာ နိုးထလာတာကို ဆိုလိုပြီး ကျရှုံးတယ်ဆိုတာကတော့ မင်းတို့ကို ငါ နိုးထအောင် ကူညီပေးရတာကို ဆိုလိုတာပဲ...”
အရှင်သခင်ဟောက်ဟန့်က ရှင်းပြလိုက်သည်။
“မင်းတို့မှာ အချိန် တစ်လပဲ ရှိတယ်… တစ်လထက် ကျော်လွန်သွားရင်တော့ ကျရှုံးတယ်လို့ပဲ သတ်မှတ်မယ်… ဒါကြောင့် အမြန်ဆုံး နိုးထလာအောင် ကြိုးစားပါ၊ အတွင်းထဲမှာပဲ ထာဝရ နစ်မြုပ်မနေနဲ့...”
“နားလည်ပါပြီ...”
ထို့နောက် သူတို့သည် မိမိတို့၏ ခန္ဓာကိုယ်အတွင်းသို့ အလင်းတန်းတစ်ခု ဖြတ်သန်းသွားသကဲ့သို့ ခံစားလိုက်ရပြီးနောက် ရေဝဲတစ်ခုအတွင်းသို့ ကျရောက်သွားသလို ခံစားလိုက်ရကာ အရာအားလုံးမှာ အလွန်ပင် မရေရာမသေချာ ဖြစ်သွားတော့သည်။
...
“ရွှီ...”
ရုပ်ရည် ချောမောသော လူငယ်လေးတစ်ဦးသည် လှံရှည်တစ်ချောင်းကို ကိုင်ဆောင်၍ အဆက်မပြတ် ဝှေ့ယမ်းနေသည်။ ကောင်းကင်မှ ကျဆင်းလာသော နှင်းပွင့်များမှာ သူ၏ လှံချက်ဖြင့် အဆက်မပြတ် ထိုးဖောက်ခံလိုက်ရပြီးနောက် ပိုမို များပြားသော နှင်းပွင့်များအဖြစ် ပြန့်ကျဲသွားသည်။
သူ၏ ကိုယ်ခန္ဓာမှာ သန်မာထွားကျိုင်းပြီး ပါရမီနှင့် သွေးသားစွမ်းအားမှာလည်း အလွန်ပင် ပြင်းထန်လှသည်။ သူသည် တူညီသော အသက်အရွယ်ရှိသူများထဲတွင် ထိပ်ဆုံးမှ ဖြစ်နေသည်မှာ အသေအချာပင်။
“သခင်လေး... ထပ်ပြီး ကျင့်ကြံနေပြန်ပြီလား...”
ထိုအချိန်တွင် ရှောင်လျန်သည် အပြင်ဘက်မှ ဝင်လာခဲ့ပြီး ယီထျန်းယွမ်၏ ကြံ့ခိုင်သော ကြွက်သားများကို မြင်လိုက်ရသည့်အခါ သူမ၏ မျက်နှာလေးမှာ အနည်းငယ် နီရဲသွားပြီး ရှက်ရွံ့သွားတော့သည်။
“ဟုတ်တယ်... အခုပဲ ကျင့်ကြံပြီးသွားတာ...”
ယီထျန်းယွမ်က လှံကို ပြန်သိမ်းလိုက်ပြီး ဝိညာဉ်စွမ်းအားကို လှုံ့ဆော်ကာ ခန္ဓာကိုယ်ပေါ်ရှိ ချွေးများကို အငွေ့ပျံသွားစေလိုက်ရာ အရာအားလုံးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
“အပြင်မှာ တခြားဂိုဏ်းက လူတွေ ရောက်လာတယ်... သခင်လေးနဲ့ စိန်ခေါ်တိုက်ခိုက်ချင်လို့တဲ့...”
“ငါ့ကို စိန်ခေါ်ချင်တာလား... ကိစ္စမရှိဘူး၊ အခုပဲ ထွက်သွားလိုက်မယ်...”
ယီထျန်းယွမ်သည် ရှောင်လျန်နှင့်အတူ အပြင်သို့ ထွက်သွားလိုက်ရာ အပြင်ဘက်တွင် လူအုပ်ကြီးဖြင့် ပြည့်နှက်နေသည်။ ကျောက်စိမ်းနန်းတော်မှ အမျိုးသမီး တပည့်များမှာလည်း သူအား ကြည့်ကာ အရိုအသေပေးလိုသော အကြည့်များဖြင့် ကြည့်ရှုနေကြပြီး ပို၍ပင် ရူးသွပ်နေကြသည်။
“ထျန်းယွမ်... မင်း လာပြီလား...”
ရှီရွှေယွမ် လျှောက်လာခဲ့ရာ အမြဲအတိုင်းပင် အေးစက်စက်နှင့် လှပလွန်းနေသည်။
“အဒေါ်... ကျွန်တော် လာပြီ...”
ယီထျန်းယွမ်က ပြုံး၍ ဆိုလိုက်သည်။
“သူတို့ကို ကျွန်တော့်ကိုပဲ ဖြေရှင်းခွင့်ပေးလိုက်ပါ... အရင်ကအတိုင်းပဲ လွယ်လွယ်လေးနဲ့ ဖြေရှင်းလိုက်ပါမယ်၊ ဒီလို လာပြီး ဆူပူနေတဲ့ ဂိုဏ်းတွေကို အရင်ကလိုပဲ အပြတ်အသတ် ရိုက်ချိုးပစ်လိုက်မယ်...”
“အဒေါ် မင်းကို ယုံကြည်ပါတယ်...”
ရှီရွှေယွမ်က ပြုံးလိုက်သည်။
“ဟေ့ကောင်လေး... ဒီတစ်ခါတော့ မင်းကို စိန်ခေါ်ဖို့ လူတွေ ခေါ်လာခဲ့ပြီ... ဒီတစ်ခါ ငါတို့ ရှုံးရင် ဒီ မြေကမ္ဘာအဆင့် သိုင်းပညာကို မင်းကို ပေးမယ်... အကယ်၍ မင်းတို့ ရှုံးရင်တော့ မင်းတို့ရဲ့ မြေကမ္ဘာအဆင့် သိုင်းပညာကို ပေးရမယ်၊ ပြီးတော့ အရင်က ရှုံးထားတဲ့ သိုင်းပညာတွေကိုပါ ပေးရမယ်...”
ထိုအချိန်တွင် အခြားဂိုဏ်းများမှ အကြီးအကဲများ ထွက်လာကာ ယီထျန်းယွမ်အား ဒေါသထွက်စွာဖြင့် ကြည့်နေကြသည်။ ဤသည်မှာ ပထမဆုံးအကြိမ် ရှုံးနိမ့်ခြင်း မဟုတ်သည်မှာ ထင်ရှားလှသည်။
“ကိစ္စမရှိဘူး... မင်းတို့ တကယ်ပဲ ငါ့ကို နိုင်မယ်ဆိုရင်ပေါ့...”
ယီထျန်းယွမ်သည် လှံကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး ပြိုင်ပွဲကွင်းအတွင်းသို့ ပျံသန်းသွားသည်။ သူ၏ အကြည့်များမှာ အေးစက်လှသဖြင့် လူတိုင်းမှာ တုန်လှုပ်သွားကြပြီး မည်သူမျှ သူနှင့် မျက်လုံးချင်း မဆုံရဲကြပေ။
“မောက်မာမနေနဲ့... ငါ့လက်ချက်ကို မြည်းစမ်းကြည့်လိုက်ဦး...”
ထိုအချိန်တွင် လူတစ်ယောက် စင်ပေါ်သို့ ပျံသန်းတက်လာသည်။ သူ၏ ကျင့်ကြံခြင်းမှာ ယီထျန်းယွမ်ထက် မညံ့လှပေ။ သူသည် ကြီးမားသော ပုဆိန်ကို ကိုင်ဆောင်ထားပြီး ထက်မြက်သော ပုဆိန်သွားမှာ အရာအားလုံးကို ဖြတ်တောက်နိုင်ပေသည်။
စင်ပေါ်သို့ ရောက်သည်နှင့် သူသည် ယီထျန်းယွမ်အား စကားပင် ပြောခွင့်မပေးဘဲ ကြီးမားသော ပုဆိန်ဖြင့် တစ်ချက်တည်း ဖြတ်ခုတ်လိုက်သည်။ သူသည် ယီထျန်းယွမ်၏ ခါးကို ဖြတ်ပိုင်းပစ်လိုခြင်း ဖြစ်သည်။ ပြင်းထန်လှသော ဖိအားကြောင့် ပလက်ဖောင်း အောက်ရှိလူများမှာ နောက်သို့ အနည်းငယ် ဆုတ်ခွာသွားကြရပြီး အနီးသို့ပင် မကပ်ရဲကြပေ။
ယီထျန်းယွမ်၏ အကြည့်များ စူးရှသွားပြီး လက်ထဲရှိ လှံကို ကိုင်ဆောင်ကာ အေးစက်သော အလင်းတန်းအဖြစ် ပြောင်းလဲသွားစေပြီး ရှေ့သို့ ထိုးစိုက်လိုက်သည်။ ထို့နောက် ဖြတ်ခုတ်လိုက်သော ပုဆိန်ပေါ်သို့ ပြင်းထန်စွာ ဆောင့်ချလိုက်သည်။
“ဒုန်း...”
လှံထိပ်နှင့် ပုဆိန်သွား ထိမိသွားရာ လှံမှာ အနည်းငယ် ကွေးညွတ်သွားသော်လည်း ပြိုင်ဘက်၏ တိုက်ခိုက်မှုမှာမူ ဤလှံချက်ကြောင့်ပင် လွင့်ထွက်သွားသည်။ ထိုမျှ ပြင်းထန်လှသော တိုက်ခိုက်မှုကို ယီထျန်းယွမ်က လှံတစ်ချက်ဖြင့်ပင် လွယ်ကူစွာ ဖယ်ရှားလိုက်သည်။
ထို့နောက် ပြင်းထန်စွာ ပြန်ဆွဲလိုက်ရာ လှံမှာ လခြမ်းပုံစံ ကွေးညွတ်သွားပြီး ပြိုင်ဘက်၏ ကိုယ်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။
“ဘုန်း...”
အသံတစ်ခု ပေါ်ထွက်လာပြီး ပြိုင်ဘက်မှာ လှံချက်ကြောင့် လွင့်ထွက်သွားကာ လေထဲ၌ သွေးများ အဆက်မပြတ် အန်ထွက်လာသည်။ မြေပြင်ပေါ်သို့ ကျဆင်းသွားချိန်တွင် သူ့ဂိုဏ်းမှ အကြီးအကဲက အမြန်ပင် ပြေးဖက်လိုက်ရသည်။ ပြင်းထန်လှသော တွန်းအားကြောင့် ထိုအကြီးအကဲပင် နောက်သို့ အနည်းငယ် ဆုတ်ခွာသွားရပြီး မနည်းပင် ထိန်းထားလိုက်ရသည်။
“နောက်တစ်ယောက်...”
ယီထျန်းယွမ်သည် လှံကို ခါလိုက်ရာ သူ၏ အရှိန်အဝါမှာ တောက်ပနေတော့သည်။
“သခင်လေး နိုင်ပြန်ပြီ... သခင်လေး နိုင်ပြန်ပြီ... သခင်လေး... သခင်လေး... သခင်လေး...”
“သခင်လေး... သခင်လေး... သခင်လေး...”
အောက်တွင် အားတက်သရော အော်ဟစ်နေကြသည်။ ယီထျန်းယွမ်မှာ ဘုရင်တစ်ပါးကဲ့သို့ပင် ဖြစ်ပြီး အောင်နိုင်သူ ဘုရင်တစ်ပါး ဖြစ်နေသည်။ မည်သူမဆို သူ၏ တိုက်ခိုက်မှုကို လွယ်ကူစွာဖြင့် ရှုံးနိမ့်နေရသည်။
ယီထျန်းယွမ်သည် အောင်မြင်မှုများကို ခံစားလိုက်ရသည်။ ဤသည်မှာ သူ လိုချင်သော ခံစားချက်ပင် ဖြစ်သည်။ လူတိုင်း၏ လေးစားမှုကို ခံရပြီး အရာအားလုံးမှာ အလွန်ပင် ချောမွေ့နေသည်။ သူ့အား မည်သူမျှ မယှဉ်ပြိုင်နိုင်ဘဲ သူ့၏ စိတ်ကူးများကို မည်သူမျှ မဆန့်ကျင်နိုင်ကြပေ။
ဤတိုက်ပွဲမှာ မကြာမီပင် အဆုံးသတ်သွားခဲ့ပြီး ယီထျန်းယွမ်မှာ ဂိုဏ်းတစ်ခုလုံးကို အလွယ်တကူ စိန်ခေါ်နိုင်ခဲ့ကာ ဤ တိုက်ပွဲကြီးကို အနိုင်ယူလိုက်သည်။
အရာအားလုံးမှာ အလွန်ပင် ချောမွေ့နေ၏။ အခက်အခဲ မရှိ၊ အန္တရာယ် မရှိ၊ အလွန်ပင် ငြိမ်းချမ်းလှသည်။ ထို့နောက် ကျောက်စိမ်းနန်းတော်မှာ စတင်၍ လျင်မြန်စွာ အင်အားချဲ့ထွင်လာခဲ့ပြီး အဆင့် သုံး နန်းတော်အဖြစ် တက်လှမ်းကာ အဆင့် လေး အင်ပါယာအဖြစ်သို့ ရောက်ရှိလာပြီး တစ်ဖက်တစ်လမ်းမှ ကြီးစိုးလာတော့သည်။
ယီထျန်းယွမ်မှာ အသက်ငယ်ငယ်နှင့်ပင် ဧကရာဇ်မင်းတစ်ပါး ဖြစ်လာကာ လှပသော အမျိုးသမီးများဖြင့် ဝန်းရံထားပြီး လက်အောက်ငယ်သားများမှာလည်း အမြောက်အများ ဖြစ်သည်။ အရာအားလုံးမှာ သူ၏ အမိန့်ကိုသာ နာခံနေကြပြီး မည်သူမျှ မဆန့်ကျင်ရဲကြပေ။
အရာအားလုံးမှာ အလွန်ပင် ချောမွေ့နေသည်။ ချောမွေ့လွန်းလှသဖြင့် သူသည် ဤအထဲတွင် နစ်မြုပ်သွားခဲ့ပြီး မည်သို့မှ မရုန်းထွက်နိုင်တော့ချေ။
သူတို့မှာ အင်အားစုများစွာကို ဆက်လက်၍ တိုက်ခိုက်ရန် ကြိုးစားနေစဉ် ယီထျန်းယွမ်သည် ရုတ်တရက် အံ့ဩသွားခဲ့ရသည်။ ပတ်ဝန်းကျင်ရှိ အင်အားစုများကို ကြည့်ကာ မိမိတွင် တစ်စုံတစ်ခု လိုအပ်နေသည်ဟု ခံစားလိုက်ရသည်။
အခန်း ၁၁၂၆ ပြီးပါပြီ။