← Chapters

အခန်း ၆၄၆

Vol. 44 Ch. 646

အခန်း ၆၄၆

Vol. 44 Ch. 646

အပိုင်း ၆၄၆ အားလုံးက စောင့်ကြည့်နေကြတယ်

ယဲ့ချန်းက တစ်စုံတစ်ယောက်ကို စက္ကူနှင့် ဘောပင်ယူခိုင်းလိုက်ပြီးနောက် ထိုအပေါ်တွင် ဆေးညွှန်းရေးပေးလိုက်သည်။

စုမိသားစုဝင်အများစုမှာ ယဲ့ချန်းအပေါ် အမြင်မကြည်ပေ။

သို့သော် ယဲ့ချန်း၏ မြင့်မားလှသော ဆေးပညာစွမ်းရည်ကို မြင်တွေ့လိုက်ရသောအခါ ချက်ချင်းပင် လေးစားသွားကြသည်။

စိတ်ပျက်နေသည့် တစ်ဦးတည်းသော လူများမှာ စုကျန့်တို့ မိသားစုပင်။

အစက အဘိုးအို နေမကောင်းဖြစ်သွားသည်ကိုမြင်၍ သူတို့ ဝမ်းသာနေခဲ့ကြသော်လည်း ရုတ်တရက်ဆိုသလို ကယ်တင်ခံလိုက်ရသဖြင့် မိသားစုပိုင်ဆိုင်မှုများကို လုယူမည့် သူတို့၏အစီအစဉ်များ ထပ်မံကြန့်ကြာသွားရပြီဖြစ်၏။

စုကျန့်က ယဲ့ချန်းကို အေးစက်စက် စိုက်ကြည့်လိုက်သည်။

"ဒါတွေအားလုံးက ဒီကောင်စုတ်လေးကြောင့်ပဲ"

အဘိုးအို၏ အခြေအနေမှာ ယဲ့ချန်းရေးပေးသော ဆေးကို သောက်ပြီးနောက် တကယ် သက်သာလာခဲ့သည်။

အစပိုင်းတွင် အဘိုးအို သက်သာလာသည်ကိုမြင်သော် စုဝမ်ယိနှင့် ယဲ့ချန်းတို့ ပြန်ရန်ပြင်လိုက်သော်လည်း ထိုအချိန်မှာပင် အပြင်ဘက်က လူတစ်ယောက် ဝင်လာလေသည်။

ထိုလူမှာ ဝတ်စုံပြည့်ဝတ်ဆင်ထားပြီး အလွန်ချောမောခန့်ညားလှသည်။

ဝင်လာသူကို မြင်သောအခါ စုဝမ်ယိ အသာမျက်မှောင်ကြုတ်လိုက်မိသည်။

"ဝေ့လျန်... ရှင် ဒီမှာ ဘာလုပ်နေတာလဲ"

ဝေ့လျန်ဟူသည့် နာမည်ကို ကြားသည်နှင့် ယဲ့ချန်း မျက်ခုံးပင့်လိုက်မိသည်။

သူ့ကိုသတ်ရန် ရှောင်ရှန်းဆီက လူများကို ငွေပေး၍ ခိုင်းစေခဲ့သူမှာ ဤဝေ့လျန်ပင်တည်း။

စုဝမ်ယိအပေါ်ထားရှိသည့် ဝေ့လျန်၏ အကြည့်များကိုမြင်သော် ဤလူက သူ့ကို ဘာကြောင့်ရှင်းပစ်ချင်နေရသလဲဆိုသည်ကို ယဲ့ချန်း နားလည်သွားသည်။

ဝေ့လျန်က စုဝမ်ယိကို မျက်စိကျနေပြီး သူတို့နှစ်ယောက်၏ ဆက်ဆံရေးကို သိသွားသောကြောင့် သူ့ကို အပြတ်ရှင်းပစ်ရန်ပါ ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းလှသည်။

ဝေ့လျန်က ခပ်ဖွဖွပြုံးလိုက်သည်။

"ဝမ်ယိ... ညီမလေး မင်းပြန်ရောက်နေတာတောင် ဘာလို့ ကိုယ့်ကိုမပြောရတာလဲ။ အဘိုး နေမကောင်းဘူးဆိုတာ ကြားလို့ ကိုယ် တကူးတကလာကြည့်တာ"

ဝေ့လျန်ကို မြင်သောအခါ အဘိုးစုက ညင်သာစွာ ပြုံးပြလိုက်သည်။

"ဝေ့လျန်... မင်းက တော်တော်တွေးပေးတတ်တာပဲ"

ဝေ့လျန်က ဆို၏။

"ဟားဟား... ကျွန်တော်က အဘိုးစုရဲ့လက်ထဲ ကြီးပြင်းလာခဲ့တာလေ။ အဘိုးနေမကောင်းဖြစ်နေတာကို ကျွန်တော် ဘယ်လိုလုပ် မလာဘဲနေပါ့မလဲ"

အဘိုးစုက ခေါင်းအသာညိတ်လိုက်၏။

"အင်း... အကြီးအကဲဝေ့ရော အခုတလော ဘယ်လိုနေလဲ"

"ကျွန်တော့်အဘိုးကတော့ ကျန်းမာရေးတော်တော်ကောင်းတယ်။ အဘိုးအကြောင်းကိုလည်း ခဏခဏ ပြောရှာတာ"

အဘိုးစုက သက်ပြင်းချလိုက်သည်။

"အေးလေ... ငါတို့က အိုနေပါပြီ။ ဒီနေ့ရှိပြီး မနက်ဖြန် မရှိနိုင်တော့တဲ့လူတွေပေါ့"

ဝေ့လျန်က ဝင်ပြောလိုက်၏။

"အဘိုးကလည်း...မဖြစ်နိုင်တာ။ ကျွန်တော်ကတော့ အဘိုး အသက်တစ်ရာအထိ နေနိုင်မယ်လို့ ထင်တယ်"

အဘိုးစုနှင့် ခဏမျှ စကားပြောပြီးနောက် ဝေ့လျန်က ရုတ်တရက် ပြောလိုက်လေသည်။

"ဝမ်ယိ... မနက်ဖြန် ငါတို့ကျိုတိုအသိုင်းအဝိုင်းက မိတ်ဆုံစားပွဲတစ်ခုရှိတယ်။ မင်းလည်း လာသင့်တယ်နော်"

စုဝမ်ယိက ငြင်းရန် ပြင်လိုက်သော်လည်း အဘိုးစုက ပြောလိုက်လေသည်။

"ဝမ်ယိ... လူတွေနဲ့ တအားခပ်ကင်းကင်းလည်း မနေနဲလ။ မိတ်ဆွေများများဖွဲ့တာ ကောင်းတဲ့ကိစ္စပါ"

"ဟုတ်ကဲ့ပါ အဘိုး... သမီး နားလည်ပါပြီ"

စုဝမ်ယိမှာ စိတ်မပါဘဲ သဘောတူလိုက်ရသည်။

မည်သို့ပင်ဆိုစေကာမူ အဘိုးဖြစ်သူမှာ ပြင်းထန်သောရောဂါမှ ယခုလေးတင် ပြန်သက်သာလာခြင်းဖြစ်၍ စုဝမ်ယိအနေနှင့် သူ့ကို စိတ်မပူစေချင်ပေ။

ဝေ့လျန်က စုဝမ်ယိဘေးရှိ ယဲ့ချန်းကို တစ်ချက်ကြည့်ပြီးနောက် ခပ်ဖွဖွပြုံးလိုက်၏။

"ဝမ်ယိ.. မင်း မိတ်ဆက်မပေးရသေးဘူးနော်။ သူကဘယ်သူလဲ"

စုဝမ်ယိက ခပ်ပေါ့ပေါ့ပင် ပြောလိုက်၏။

"ဒါက ကျွန်မချစ်သူ ယဲ့ချန်းလေ"

စုဝမ်ယိ၏ စကားကို ကြားသောအခါ ဝေ့လျန်၏ အမူအရာကား အနည်းငယ် ပြောင်းလဲသွားသည်။

သို့သော် နေရခက်ဟန်ဖြင့် ပြုံးလိုက်လေသည်။

"ဪ... ဒီလိုကိုး။ မင်္ဂလာပါ ကျွန်တော်က ဝေ့မိသားစုက ဝေ့လျန်ပါ။ တွေ့ရတာ ဝမ်းသာပါတယ်"

ယဲ့ချန်းကလည်း တစ်ဖက်လူ၏ ဟန်ဆောင်အပြုံးကို ကြည့်ပြီး အေးစက်စက်ဖြင့် လှောင်ပြုံးပြုံးလိုက်သည်။

ခင်ဗျားက ကျုပ်ကိုတောင် အသေသတ်ခိုင်းထားပြီးပြီပဲ။ ဘယ်လောက်တောင် ယဉ်ကျေးပြဖို့ လိုသေးလို့လဲ...

သို့သော် ယဲ့ချန်းမှာ ဝေ့လျန်နှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ။ သခင်လေးဝေ့က နာမည်ဆိုး(ဓားစွမ်းအင်)နဲ့ ကျော်ကြားတယ်လို့ ကြားနေတာ ကြာပါပြီ။ တွေ့ရတာ ဝမ်းသာပါတယ်"

ဓားစွမ်းအင်လား...

ဝေ့လျန် အံ့သြမှင်တက်သွားသည်။

မကြာသေးခင်က သူသည် ဆရာတစ်ယောက်ထံမှ ဓားသိုင်းပညာကို သင်ယူနေခဲ့သည်။

သူက ဓားစွမ်းအင်တွေကိုတောင် ပိုင်ဆိုင်နေတာများလား။

သို့သော် ယဲ့ချန်းပြောလိုက်သော ဓားစွမ်းအင်ဆိုသည်မှာ 'နာမည်ဆိုး'ဟူသော အဓိပ္ပာယ်ကို ရည်ရွယ်ပြောဆိုခြင်းဖြစ်ကြောင်း ခဏအကြာမှာပင် ဝေ့လျန် နားလည်သွားသည်။

အနည်းငယ် ဒေါသထွက်သွားသော်လည်း အဘိုးစု၏ရှေ့တွင် ဖြစ်နေသောကြောင့် သူ့ပုံရိပ်ကောင်းကို ထိန်းသိမ်းထားလိုက်ရသည်။

ဝေ့လျန် : "..."

ယဲ့ချန်း၏ စကားကြောင့် ဝေ့လျန် လန့်ဖျပ်သွားသော်လည်း မျက်နှာပေါ်တွင် ဘာအရိပ်အယောင်မှ မပြခဲ့ပေ။

ဝေ့လျန် ထွက်သွားပြီးနောက် စုဝမ်ယိ အနည်းငယ် စိတ်ပူနေမိသည်။

"ဘာဖြစ်လို့လဲ ဝမ်ယိ"

ယဲ့ချန်းက မေးလိုက်သည်။

စုဝမ်ယိမှာမူ သက်ပြင်းချလိုက်လေသည်။

"ကျွန်မ ဒီပါတီကို တကယ်မသွားချင်ဘူး။ အဲ့ဒီမှာ ကြွားဝါချင်နေကြတဲ့ သူဌေးသားတွေချည်းပဲ။ ဘာမှလည်း မပျော်ရဘူး။ ပြီးတော့ တချို့ကပ်ဖားရပ်ဖားတွေကလည်း အရမ်း စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းတယ်"

ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်လေသည်။

"မပူပါနဲ့။ ကိုယ်ရှိပါတယ်"

နောက်တစ်နေ့တွင် ကျိုတိုဂရန်းဟိုတယ်သို့ ဇိမ်ခံကားများ စုဝေးရောက်ရှိလာကြသည်။

ဤမိတ်ဆုံစားပွဲကို ဝေ့မိသားစုက စီစဉ်ထားခြင်းဖြစ်ပြီး ဒုတိယမျိုးဆက် သူဌေးသားသမီးများအကြား ရင်းနှီးမှုရယူရန် ရည်ရွယ်၍ နှစ်စဉ်ကျင်းပသော ပွဲတစ်ခုဖြစ်သော်ငြား အမှန်တကယ်တွင်မူ ကြွားလုံးထုတ်ရန်နှင့် မိန်းကလေးများကို ပိုးပန်းရန် အခွင့်အရေးတစ်ခုမျှသာ ဖြစ်၏။

စုဝမ်ယိက ထိုကဲ့သို့သော ပါတီပွဲမျိုးကို ရွံရှာမိသည်။

ပါတီစတင်သည်နှင့် ဝတ်စုံပြည့်ဝတ်ဆင်ထားသော ယဲ့ချန်းက စုဝမ်ယိ၏အနားတွင် တစ်ချိန်လုံး နေပေးခဲ့သည်။

စုဝမ်ယိကို စိတ်ဝင်စားနေကြသော သူဌေးသားတချို့မှာ ခန့်ညားလှသော ယဲ့ချန်းကို မြင်ပြီးနောက် လက်လျှော့သွားကြသည်။

သူတို့လည်း ဘာမှမတတ်နိုင်ပေ။ ယဲ့ချန်း၏ ရုပ်ရည်က လူသားတစ်ယောက်နှင့် မတူလောက်အောင် ဆွဲဆောင်မှုရှိလွန်းလှသည်။

လူကုံထံအသိုင်းအဝိုင်းရှိ အမျိုးသမီးများပင် ယဲ့ချန်းကို အကြိမ်ကြိမ်ခိုးမကြည့်ဘဲ မနေနိုင်လောက်အောင် ဖြစ်နေချေသည်။

ယဲ့ချန်းသည် အခြားသူဌေးသားများနှင့် လုံးဝကွာခြားနေသည်ဟု သူတို့ ခံစားရသည်။

ယဲ့ချန်းတွင် ယောကျ်ားပီသသော ဆွဲဆောင်မှု ပိုရှိသည်။ သူသည် မယုံနိုင်လောက်အောင် ချောမောရုံသာမက အရှိန်အဝါကလည်း လန်းဆန်းတက်ကြွပြီး ထင်ရှားပေါ်လွင်နေပေသည်။

ထိုစဉ် ဝတ်စုံပြည့်ဝတ်ဆင်ထားသော လူငယ်တစ်ယောက် ဝင်လာချေသည်။

စုဝမ်ယိ၏ ဘေးနားရှိ ယဲ့ချန်းကို ကြည့်ရင်း ဝေ့လျန်၏ မျက်နှာထက်တွင် မကောင်းဆိုးဝါးဆန်ဆန် အပြုံးတစ်ခု ထွက်ပေါ်လာသည်။

ကျိုတိုလူမှုအသိုင်းအဝိုင်းတွင် ဝေ့လျန်သည် နာမည်ဆိုးဖြင့်ကျော်ကြားသော လူမိုက်တစ်ယောက်အဖြစ် လူသိများသည်။

သူ မကောင်းမှု ဘယ်လောက်များများ လုပ်ပြီး မိန်းကလေးဘယ်နှယောက်ကို စော်ကားခဲ့ဖူးသလဲဆိုသည်ကို မည်သူသိနိုင်မည်နည်း။

သို့သော် ဝေ့လျန်သည် စုဝမ်ယိကို အမြဲတစေ သဘောကျနှစ်သက်ခဲ့သည်။

ယခင်က စုဝမ်ယိကို သိမ်းပိုက်နိုင်ရန် သူ အများကြီး ကြိုးစားခဲ့သည်။

နောက်ပိုင်းတွင် စုဝမ်ယိလည်း ဝေ့လျန်ကို သည်းမခံနိုင်တော့သည့်အဆုံး ကျိုတိုမှ ထွက်သွားလေသည်။

ဝေ့လျန်လို လူရမ်းကားမျိုးအပေါ် စုဝမ်ယိအနေနှင့် ရွံရှာမှာကလွဲ၍ အခြားခံစားချက်မရှိပေ။

သို့သော် ဝေ့မိသားစုသည် မိသားစုကြီးလေးခုအနက် တစ်ခုဖြစ်သောကြောင့် မည်သူကမှ သူ့ကို ပြဿနာမရှာရဲကြပေ။

တလောကပင် သူသည် မိန်းကလေးတစ်ယောက်ကို အနိုင်ကျင့်ခဲ့သေးသည်။ ထိုမိန်းကလေးခမျာ အဆောက်အအုံပေါ်မှ ခုန်ချရန် ဖိအားပေးခံခဲ့ရသဖြင့် မြို့ထဲတွင် အကြီးအကျယ် ဂယက်ရိုက်သွားခဲ့သည်ဟု ကောလာဟလ ထွက်ခဲ့သေးသည်။

ထို့နောက် ဝေ့လျန် ခဏပျောက်သွားခဲ့ပြီး ပြဿနာများ ငြိမ်ကျစေရန် နိုင်ငံခြားသို့ ထွက်သွားသည်ဟု သတင်းထွက်ခဲ့သော်ငြား မကြာခင်မှာပင် လူလုံးထွက်ပြကာ ဆောင့်ကြွားကြွားဖြင့် ပြန်ရောက်လာခဲ့သည်။

ယခုတစ်ကြိမ် ဝေ့လျန် ပြန်လာရသည့် အဓိကပစ်မှတ်မှာ စုဝမ်ယိပင်။

သူသည် စုဝမ်ယိကို သူ့သားကောင်အဖြစ် အမြဲမှတ်ယူထားပြီး နှစ်ပေါင်းများစွာကြာသည့်တိုင် သူ(မ)ကို မသိမ်းပိုက်နိုင်ခဲ့သည့်အတွက် လွန်စွာ မကျေမနပ်ဖြစ်နေပေသည်။

"ဝမ်ယိ... မတွေ့ရတာ တော်တော်ကြာပြီနော်။ မင်းကို ကိုယ် တကယ်လွမ်းနေခဲ့တာ"

ဝေ့လျန်က သဘောကျမြတ်နိုးမှုများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် စုဝမ်ယိကိုကြည့်၍ ပြောလိုက်သည်။

"ဝေ့လျန်... ရှင့်ကို ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မရဲ့ ဘယ်အရာကို သဘောကျနေတာလဲ။ ကျွန်မ ပြောင်းလဲပစ်လိုက်မယ် ဟုတ်ပြီလား။ ကျွန်မကို ထပ်ပြီး ဒုက္ခမပေးပါနဲ့တော့"

စုဝမ်ယိက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်လေသည်။

သူတို့ဘေးတွင် ရှိနေသော ယဲ့ချန်းကမူ အော်ရယ်လိုက်လေတော့သည်။

တစ်စုံတစ်ယောက်ကို ငြင်းနေသည့် စုဝမ်ယိ၏ပုံစံမှာ တကယ်ရယ်စရာကောင်းလှသည်။

စုဝမ်ယိထံမှ အငြင်းခံလိုက်ရသောကြောင့် ဒေါသထွက်နေရသည့်အထဲ ယဲ့ချန်းထံတွင်ပါ အလှောင်ခံနေရသဖြင့် ဝေ့လျန်၏အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး သူ့ဒေါသများကို ယဲ့ချန်းဆီသို့ ပုံချလိုက်သည်။

မည်သို့ပင်ဖြစ်စေ ဝေ့လျန်က မိသားစုကြီးလေးခုအနက် ဝေ့မိသားစု၏ သားအကြီးဆုံးပင်။ ယဲ့ချန်းဆိုသည်မှာ အသိုင်းအဝိုင်းမရှိသည့် သာမန်လူတစ်ယောက်မျှသာ မဟုတ်ပါလော။

ဝေ့လျန်၏ မိမိကိုယ်မိမိ အမြဲသာလွန်သည်ဟု မှတ်ယူထားပြီး မြင့်မြတ်သည်ဟု သတ်မှတ်ထားသော စိတ်ဓာတ်ဖြင့်ဆိုလျှင် ယဲ့ချန်း၏စော်ကားမှုကို ခံနိုင်မည်မဟုတ်ပေ။

"မင်းနာမည်က ယဲ့ချန်းမဟုတ်လား။ ငါ မင်းကို ပြောမယ်။ စုဝမ်ယိနဲ့ ဝေးဝေးနေတာ မင်းအတွက် ပိုကောင်းလိမ့်မယ်။ မဟုတ်ရင် မင်းဘယ်လိုသေသွားလဲဆိုတာတောင် မင်းသိလိုက်မှာမဟုတ်ဘူး"

ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်လေသည်။

"မင်း စမ်းကြည့်ပြီးသွားပြီ မဟုတ်ဘူးလား။ ငါကတော့ ဒီမှာ ကောင်းကောင်းကြီး မတ်တတ်ရပ်နေနိုင်သေးတယ်နော်"

ယဲ့ချန်း၏စကားကို ကြားသောအခါ ဝေ့လျန်၏ မျက်နှာထား ပြောင်းလဲသွားသည်။

ဒီကောင် သိနေတာများလား။

ယခင်က ယဲ့ချန်းကိုသတ်ရန် လုပ်ကြံသတ်ဖြတ်ရေးသမားတစ်ယောက်ကို သူ ငှားရမ်းခဲ့သည်။ ထိုလုပ်ကြံသူကတော့ အကြောင်းပြချက်မပေးပါဘဲ တာဝန်ကျရှုံးကြောင်း အကြောင်းပြန်ခဲ့သည်။

သူ ငွေထပ်ပေးရန် ပြင်ဆင်နေချိန်တွင် တစ်ဖက်လူက ဤအလုပ်ကို လက်မခံတော့ကြောင်း ပြောလာလေသည်။

ဒီကောင်က လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့နဲ့ တစ်ခုခုပတ်သက်နေတာများလား။

"ဟွန့်... တကယ်လို့ မင်းမှာ အသိဉာဏ်ရှိတယ်ဆိုရင် ငါ ဝမ်ယိနဲ့ စကားပြောနေတုန်း ထွက်သွားတာ ပိုကောင်းမယ်။ ဝင်မရှုပ်နဲ့"

ယဲ့ချန်းကမူ ခပ်တိုးတိုး ရယ်မောလိုက်၏။

"ခင်ဗျားက ကျုပ်ကို မတရားစွပ်စွဲနေတာကိုး။ အားလုံးလည်း မြင်တယ်မလား။ ခင်ဗျားစကားပြောနေတုန်း ကျုပ် ဘယ်တုန်းကဖြတ်ပြောလို့လဲ"

••••••••••••••••••••

All Chapters