အခန်း ၆၄၇
Vol. 44 Ch. 647
အပိုင်း ၆၄၇ : တိုက်ဆိုင်မှု
ယဲ့ချန်း၏ စကားကို ကြားသောအခါ လူအုပ်ကြီးက ဝိုင်းရယ်ကြတော့သည်။
ဝေ့လျန်သည် ဤကဲ့သို့ တစ်ခါမှ အရှက်မကွဲဖူးသဖြင့် သူ့မျက်နှာမှာ ရုတ်တရက် မည်းမှောင်သွားသည်။
ကျိုတိုမြို့တွင် ဝေ့လျန်သည် အနိုင်ကျင့်ဗိုလ်ကျတတ်သူအဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားသောကြောင့် မည်သူကမှ သူ့ကို နောက်ပြောင်ရဲခြင်း မရှိပေ။
ယခုမူ ယဲ့ချန်းက သူ့ကို ဗြောင်ကျကျ လှောင်ပြောင်လိုက်လေရာ ဝေ့လျန်အနေနှင့် မည်သို့ သည်းခံနိုင်မည်နည်း။
"မင်းတော့ နာချင်နေပြီပဲ"
ဝေ့လျန်၏ မျက်နှာထက်တွင် ရက်စက်ကြမ်းကြုတ်သော အကြည့်တစ်ခု ပေါ်လာပြီး ယဲ့ချန်းဆီသို့ ခုန်ဝင်သွားလေသည်။
ယဲ့ချန်းကလည်း ဒေါသတကြီးဖြစ်နေသော ဝေ့လျန်ကိုကြည့်ပြီး ကပျာကယာ ပြောလိုက်လေသည်။
"သခင်လေးဝေ့... ဘာလို့ ဒီလောက်တောင် ဒေါသထွက်နေတာလဲ။ ကျုပ်က ကြောက်တတ်တယ်ဗျ။ စကားနဲ့ပဲ ဖြေရှင်းကြတာပေါ့"
"မင်းက ငါ့ကို စော်ကားရဲတယ်ပေါ့။ မင်းကို ငါသတ်မယ်"
နောက်ထပ်စကားမဆိုတော့ဘဲ ဝေ့လျန်က ယဲ့ချန်းကို ကန်ချလိုက်လေသည်။
မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ သီးသန့်ပါတီပွဲတစ်ခုဖြစ်ပြီး ယနေ့တွင် ဝေ့မိသားစုက အိမ်ရှင်ဖြစ်သောကြောင့် သူ့ဘက်က စတိုက်ခိုက်ခြင်းမှာ ဘယ်လိုတွေးတွေး မှားယွင်းနေပေသည်။
ယဲ့ချန်းကမူ ထိတ်လန့်သွားသယောင် ဟန်ဆောင်လိုက်သည်။
"ဟေ့ သခင်လေးဝေ့... စကားနဲ့ပဲ ဖြေရှင်းကြရအောင်လေ"
"ဟေ့ မင်း..."
ဝေ့လျန် စတင်တိုက်ခိုက်သည်ကို မြင်လိုက်ရသောအခါ သူဌေးသားများမှာ တိတ်တဆိတ် ခေါင်းခါယမ်းလိုက်ကြသည်။
ဒီကောင်လေးတော့ ဒီနေ့ သေချာပေါက် ကိစ္စတုံးပြီပဲ။
ဝေ့လျန်၏ ရက်စက်ကြမ်းကြုတ်မှုကား လူသိများသည်။ သူ့ကို ရန်စမိသူတိုင်း ကိုယ်လက်အင်္ဂါ ချို့ယွင်းလျှင်ချို့ယွင်း၊ မဟုတ်လျှင် သေပွဲဝင်ရသည်သာ။
ဤကောင်လေး၏ အစွမ်းအစမှာ အမှန်တကယ် အားကောင်းလှပြီး လှုပ်ရှားမှုများကလည်း မြန်ဆန်ကာ ရက်စက်လှသည်။
အခြားသူများ၏ အမြင်တွင် ဝေ့လျန်သည် ကျွမ်းကျင်သူတစ်ယောက် ဖြစ်သော်ငြား ယဲ့ချန်းရှေ့တွင်မူ သူ့အစွမ်းအစများက တကယ်အဆင့်မမီပေ။
စုဝမ်ယိက ဘေးနားတွင်ရပ်ပြီး အနည်းငယ်မျှပင် စိုးရိမ်ပူပန်ခြင်းမရှိပေ။
ယဲ့ချန်း၏ အစွမ်းအစကို သူ(မ) သိထားပြီးဖြစ်၏။ ဝေ့လျန်ကဲ့သို့ အသုံးမကျသော သူဌေးသားပေါက်စမှာ သိုင်းပညာနည်းနည်းပါးပါး တတ်ကျွမ်းသော်လည်း ယဲ့ချန်း၏ပြိုင်ဘက် မဖြစ်နိုင်ပေ။
ယဲ့ချန်းက ထိတ်လန့်ပြီး အလွန်တရာ အကူအညီမဲ့နေပုံပေါ်သော်လည်း ဝေ့လျန်၏ လက်သီးကို ပါးနပ်စွာ ရှောင်တိမ်းလိုက်၏။ သူ့ဝိုင်ခွက်မှာမူ ကြမ်းပြင်ပေါ်သို့ မတော်တဆ ပြုတ်ကျသွားသည်။
ဝေ့လျန်က လေထဲသို့ ခုန်လွှား၍ ကန်လိုက်သော်လည်း လွဲချော်သွားသဖြင့် ထိုဖန်ခွက်ကို နင်းမိပြီး ကြေမွသွားသည်။
ရုတ်တရက်ဆိုသလိုပင် ခန့်ညားလှသော ဝေ့လျန်မှာ ဟန်ချက်ပျက်၍ မြေပြင်ပေါ်သို့ လဲကျသွားသည်။
ယဲ့ချန်းက တစ်ဖက်လူကို အမြန် ကူညီပေးချင်ဟန် ဆောင်လိုက်သော်လည်း တိတ်တဆိတ်ပင် ခပ်ပြင်းပြင်းတွန်းချလိုက်သည်။
ဤတစ်ကြိမ်တွင်မူ ဝေ့လျန်ခမျာ ကြမ်းပြင်ပေါ်သို့ အရှိန်ပြင်းပြင်း လဲကျသွားသဖြင့် လက်ကို ဖန်ကွဲစများ စူးဝင်သွားလေရာ အရှက်တကွဲအကျိုးနည်း အခြေအနေသို့ ရောက်သွားရသည်။
ယဲ့ချန်းက စုဝမ်ယိနှင့်အတူ ပါတီပွဲသို့ တက်ရောက်လာခြင်းဖြစ်လေရာ သူ(မ)ကို အရှက်မရစေချင်ခဲ့ပေ။
ယခုမူ ဝေ့လျန်က အရင်စတင်တိုက်ခိုက်ပြီး မတော်တဆ လဲကျသွားခြင်းဖြစ်လေရာ မည်သူကမှ ယဲ့ချန်းကို အပြစ်မတင်နိုင်တော့ပေ။
ထို့သို့မဟုတ်ပါက ယဲ့ချန်း၏ စွမ်းရည်ဖြင့်ဆိုလျှင် ဤသကောင့်သားကို ရှင်းပစ်ရသည်မှာ ပိုးကောင်လေးတစ်ကောင်ကို ခြေမွရသလောက် လွယ်ကူလှပေသည်။
ဝေ့လျန်ခမျာ အထိနာသွားရသော်လည်း ယဲ့ချန်းဘက်က ဘာတာဝန်မှ ယူစရာမရှိပေ။
အခြားသူများက ယဲ့ချန်း ကံကောင်းသွားသည်ဟု ထင်ကြသော်လည်း စုဝမ်ယိကမူ ဤအရာအားလုံးမှာ ယဲ့ချန်း တမင်ရည်ရွယ်ထားသော အစီအစဉ်ဖြစ်ကြောင်း ကောင်းကောင်းသိသည်။
စုဝမ်ယိခမျာ ကူကယ်ရာမဲ့စွာ ခေါင်းခါယမ်းလိုက်သည်။ ယဲ့ချန်းက တကယ်ကောက်ကျစ်လွန်းလှသည်။
ဝေ့လျန်မှာမူ မှောက်လျက်လဲကျသွားပြီးနောက် မြေပြင်ပေါ်မှ ခက်ခက်ခဲခဲ ရုန်းထလိုက်ရသည်။
သူ့လက်နှစ်ဖက်စလုံးတွင် ဖန်ကွဲစများ စူးဝင်နေပြီး လဲကျစဉ်က စားပွဲတစ်လုံးကို ဝင်တိုက်မိသဖြင့် ဟင်းလျာများအားလုံး သူ့အပေါ်သို့ ဖိတ်စင်ကုန်လေရာ သူ့ဝတ်စုံအဖြူလေးမှာ ပန်းချီဆရာ၏ ဆေးစပ်ပြားတစ်ချပ်နှယ် ဖြစ်နေတော့သည်။
ဝေ့လျန် ထရပ်လိုက်ချိန်တွင် ဒေါသကြောင့် ပေါက်ကွဲလုမတတ် ဖြစ်နေပေသည်။
ဤတစ်ကြိမ်တွင် သူသည် လူရွှင်တော်တစ်ယောက်လို ဖြစ်သွားသည်။ သူတစ်ပါးကို ရိုက်နှက်ရန် ရည်ရွယ်ခဲ့သော်လည်း သူကိုယ်တိုင်သာ မှောက်လျက်လဲကျသွားခဲ့ရသည်။
ဝေ့လျန်က ယဲ့ချန်း၏ ကျွမ်းကျင်မှုကို အထင်လွဲနေပြီး သူကိုယ်တိုင် ကံဆိုးသွားသည်ဟုသာ ထင်နေပေသည်။
သူက မတ်တတ်ထရပ်ပြီးနောက် ယဲ့ချန်းကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
မျက်နှာပျက်သွားရသဖြင့် ယဲ့ချန်းကို ရက်ရက်စက်စက် ရိုက်နှက်ရမှသာ သူ့ဂုဏ်သိက္ခာကို ပြန်အဖတ်ဆည်နိုင်မည်ဖြစ်၏။
ဤတစ်ကြိမ်တွင် ဝေ့လျန်မှာ သတိကြီးကြီးထားနေပြီး ယဲ့ချန်းဆီသို့ ပြေးမဝင်တော့ဘဲ ဘေးတိုက်လှည့်ထွက်၍ လှုပ်ရှားလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဝေ့လျန်သည် ယဲ့ချန်းဆီသို့ ပြေးဝင်လာပြီး ယဲ့ချန်း၏ပခုံးထံသို့ ခြေကန်ချက်တစ်ချက် ပစ်သွင်းလိုက်သည်။
အကယ်၍ ဝေ့လျန်၏ ကန်ချက်သာ ထိသွားပါက ယဲ့ချန်း၏ ပခုံးရိုးမှာ သေချာပေါက် ကျိုးကြေသွားနိုင်ဖွယ်ရှိ၏။
သို့သော် ယဲ့ချန်းက သူ့ကို အောင်မြင်ခွင့်ပေးမည် မဟုတ်ပေ။
ယဲ့ချန်းက ကိုယ်ကိုအနည်းငယ်လှည့်၍ ဝေ့လျန်၏ တိုက်ခိုက်မှုကို နမော်နမဲ့ဟန်ဖြင့် ရှောင်တိမ်းပြီး ဝေ့လျန် မြေပြင်ပေါ်သို့ ပြန်ကျလာချိန်တွင် နောက်ထပ်လှည့်ကွက်တစ်ခုကို သုံးလိုက်ပြန်သည်။
သူတို့နှစ်ယောက်က စားပွဲတစ်လုံး၏အနောက်တွင် ရှိနေသောကြောင့် ယဲ့ချန်း၏ လုပ်ရပ်များကို မည်သူကမှ သတိမထားမိကြပေ။
ဝေ့လျန် မြေပေါ်ကျလာချိန်တွင် ယဲ့ချန်းက သူ့ခြေထောက်ကို အသာခတ်လိုက်သည်။
လှုပ်ရှားမှုက သေးငယ်သော်လည်း ရလဒ်ကတော့ ပြီးပြည့်စုံလှသည်။
ဝေ့လျန်ခမျာ ကန်ချက်လွဲသွားပြီး မြေပြင်သို့အကျ ယဲ့ချန်းက ရှောင်တိမ်းရင်း ဝေ့လျန်၏ ခြေချင်းဝတ်ကို ခြေထောက်ဖြင့် မတော်တဆ ချိတ်မိသွားဟန်ပေါ်စေသည်။
သူ့ခမျာ နောက်တစ်ကြိမ် ဟန်ချက်ပျက်သွားပြီး ယဲ့ချန်း၏ အနောက်ရှိ စားပွဲကို ဝင်တိုက်မိသွားလေသည်။
ဤတစ်ခေါက်တွင် စားပွဲတစ်ခုလုံး မှောက်ကျသွားပြီး ဆော့စ်ရည်များလည်း ကြမ်းပြင်အနှံ့ ဖိတ်စင်သွားသည်။
ယခုမူ ဝေ့လျန်သည် ပို၍ပင် အရှက်ကွဲသွားချေသည်။ အီတလီစပါကတီပန်းကန်တစ်လုံးက သူ့ခေါင်းပေါ်သို့ ကျလာသဖြင့် သူ့ပုံစံမှာ လုံးဝ ရယ်စရာကောင်းနေတော့သည်။
ဝေ့လျန်မှာ အဝတ်အစားနှင့်ပတ်သက်လာလျှင် အမြဲတမ်း အထူးတလည်ဂရုစိုက်လေ့ရှိပြီး သူ့အဝတ်အစားများမှာ အညစ်အကြေးကင်းစင်၍ အမြဲဖြူဖွေးနေလေ့ရှိ၏။
သို့သော် ယခုမူ ဝေ့လျန်၏ ပုံရိပ်မှာ သူတောင်းစားတစ်ယောက်နှင့် ခွဲခြား၍မရနိုင်လောက်အောင် ဖြစ်နေတော့သည်။
ဝေ့လျန် ငိုချင်စိတ်ပင် ပေါက်လာသည်။ ယနေ့ကား သူ့အတွက် ကံအဆိုးဆုံးနေ့တစ်နေ့ပင်။
ဝေ့လျန် မတ်တတ်ထရပ်လိုက်လေရာ သူ့ပုံစံကိုမြင်ပြီးနောက် လူအုပ်ကြီးမှာ မရယ်ဘဲမနေနိုင်ကြတော့ပေ။
ခေါင်းပေါ်တွင် စပါကတီများ ပေပွလျက် ခန္ဓာကိုယ်ပေါ်တွင်လည်း ဆော့စ်ရည်အမျိုးမျိုး ပေကျံလျက်ရှိ၏။
လူတော်တော်များများလည်း ဖုန်းထုတ်၍ ဝေ့လျန်၏ ထည်ဝါလှသော ပုံရိပ်ကို မှတ်တမ်းတင်ပြီး လူမှုကွန်ရက်ပေါ်တွင် ဝေမျှလိုက်ကြသည်။
"ဝေ့လျန်ရဲ့ပုံစံက ဩချလောက်ပါပေတယ်။ လူမှုကွန်ရက်မှာ သေချာပေါက် နာမည်ကြီးတော့မှာ"
စုဝမ်ယိလည်း ဤမြင်ကွင်းကြောင့် ရယ်ချင်လာသဖြင့် ပါးစပ်အုပ်၍ ရယ်မောနေလေသည်။
ဤတစ်ခေါက်တွင်မူ ဝေ့လျန် အမှန်တကယ် ဒေါသထွက်သွားပြီဖြစ်၏။ သူ မတ်တတ်ထရပ်လိုက်သော်လည်း ယခင်တစ်ခေါက်ကထက် ပိုအထိနာသွားရသည်။
"ဟေ့ကောင်... မင်းက ယောကျ်ားရောဟုတ်ရဲ့လား။ သတ္တိရှိရင် မရှောင်နဲ့။ ယောကျ်ားချင်း ယောက်ျားပီပီ ယှဉ်ချကြမယ်"
ထိုစကားကို ကြားသောအခါ ယဲ့ချန်း ရယ်မောလိုက်မိသည်။
"ကိုယ့်လူ... ခင်ဗျားခေါင်းထဲ ရေဝင်နေတာလား။ ခင်ဗျားက ဒီလောက်ကျွမ်းကျင်နေတာ။ ကျုပ်က ခင်ဗျားရဲ့ တိုက်ကွက်တွေကို မရှောင်ရဘူးတဲ့လား။ ဒီမှာရပ်ပြီး ခင်ဗျားရိုက်တာကို ခံနေရမှာလား။ ကျုပ်ကို ခင်ဗျားလို တုံးတယ်လို့များ ထင်နေလား"
ယဲ့ချန်းက သူ့သိုင်းပညာစွမ်းရည်ကို ချီးကျူးလိုက်သောအခါ ဝေ့လျန် အနည်းငယ် ဘဝင်မြင့်သွားသည်။ သူ ကံဆိုးသွားရုံသာ။
ပထမတစ်ခေါက်တုန်းက ဖန်ခွက်ကို မတော်တဆ နင်းမိသွားပြီး ဒုတိယအကြိမ်ကမူ ယဲ့ချန်းရှောင်လိုက်စဉ် သူ့ခြေထောက်ကို မတော်တဆ ချိတ်မိသွားခြင်းပင်။ သို့သော် ဤအရာအားလုံးမှာ မတော်တဆဖြစ်ရပ်များသာ။
ဝေ့လျန် အံတင်းတင်းကြိတ်လိုက်လေသည်။
"ဟေ့ကောင်... မင်းရဲ့ကံကောင်းမှုက အမြဲခံမှာမဟုတ်ပါဘူး"
စကားအဆုံးတွင် သူသည် နောက်တစ်ကြိမ် တိုက်ခိုက်ရန် ပြင်လိုက်၏။
"ရပ်လိုက်စမ်း"
ကျယ်လောင်လှသည့် အော်ဟစ်သံတစ်သံနှင့်အတူ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် အနားသို့ ချဉ်းကပ်လာသည်။
"အဖေ ကျွန်တော်..."
ဝေ့လျန်မှာ မကျေနပ်နိုင်သေးပေ။
ဝေ့ရန်က အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။
"မင်းဖြစ်နေတဲ့ပုံကိုလည်း ကြည့်ဦး။ မရှက်ဘူးလား။ အဝတ်အစားသွားလဲချေ"
အင်တင်တင်ဖြစ်နေသော်လည်း ပြန်ထွက်သွားချိန်တွင် ဝေ့လျန်က ယဲ့ချန်းကို စူးစူးရဲရဲ ကြည့်လိုက်လေသည်။
ဝေ့ရန်ကမူ ယဲ့ချန်းကို ကြည့်၍ ဆိုလိုက်သည်။
"လူငယ်လေး... ငါ့သားက ရင့်ကျက်မှုမရှိသေးဘူး။ သူ့ကို ခွင့်လွှတ်ပေးပါ။ အားလုံးပဲ... ဒီမှာ ကြည့်စရာဘာမှမရှိပါဘူး။ စိတ်ကြိုက်သာ စားသောက်ကြပါ"
ဝေ့မိသားစု၏အကြီးအကဲ ဝေ့ရန် ပေါ်လာသောကြောင့် ဟိုတယ်တစ်ခုလုံး ပြန်လည်တည်ငြိမ်သွားသည်။
ထို့နောက် ယဲ့ချန်းသည် စုဝမ်ယိနှင့်အတူ အချိုပွဲအချို့ကို စားသောက်ပြီး ပြန်ထွက်လာခဲ့သည်။
အိမ်ပြန်ရောက်ပြီး မကြာခင်မှာပင် အန်တီဝူက စုဝမ်ယိကို လာရှာသည်။
"ဝမ်ယိ...အဘိုးက သမီးကို ခေါ်နေတယ်"
စုဝမ်ယိ အံ့အားသင့်သွားလေသည်။
"ဒီအချိန်ကြီး အဘိုးက သမီးကို ဘာလို့တွေ့ချင်ရတာပါလိမ့်"
အဘိုး၏ အိပ်ခန်းထဲသို့ ဝင်သွားသောအခါ သူက ခုတင်ပေါ်တွင် ကိုယ်တစ်ဝက်လျှော၍ လဲလျောင်းနေပြီး စုဝမ်ယိကို ချစ်ခင်ကြင်နာသော အကြည့်ဖြင့် ကြည့်နေလေသည်။
"ဝမ်ယိ... အဘိုးနားကို လာထိုင်ပါဦး"
စုဝမ်ယိက နာခံကျိုးနွံစွာ ခေါင်းညိတ်ပြပြီးနောက် အဘိုးဖြစ်သူ၏ ဘေးနားတွင် ဝင်ထိုင်လိုက်သည်။
"ဝမ်ယိ... အဘိုး သမီးနဲ့ တိုင်ပင်စရာလေးတစ်ခု ရှိလို့။ အဆင်ပြေမလား"
စုဟုန်းက စုဝမ်ယိကို တွေးဆဆဖြင့် ကြည့်လိုက်သည်။
အဘိုး၏ အမူအရာကို မြင်လိုက်ရသောအခါ စုဝမ်ယိ၏ ရင်ထဲတွင် ရုတ်တရက် ထိတ်ခနဲဖြစ်သွားသည်။
အဘိုး သူ(မ)ကို ဘာပြောချင်သလဲဆိုသည်ကို သူ(မ) ခန့်မှန်းမိလိုက်ဟန်ပင်။
••••••••••••••••••••••