← Chapters

အခန်း ၆၅၀

Vol. 44 Ch. 650

အခန်း ၆၅၀

Vol. 44 Ch. 650

အပိုင်း ၆၅၀ : ညတွင်းချင်း ဖျက်ဆီးခံရခြင်း

ဝေ့ရန်က စာကြည့်စားပွဲရှေ့တွင် ဝင်ထိုင်ပြီး စာရွက်စာတမ်းများကို ခဏကြည့်နေပြီးနောက် မတ်တတ်ထ၍ နံရံတစ်ခုဆီသို့ သွားလိုက်သည်။

ယဲ့ချန်းကမူ ဗီရိုအဟလေးကတစ်ဆင့် ကြည့်ရင်း ဆွံ့အသွားသည်။

ဒီလူက ပစ္စည်းတွေကို ဘယ်လိုဝှက်ထားရမလဲဆိုတာ ကောင်းကောင်းသိသားပဲ။ ဒါကြောင့်လည်း ငါရှာမတွေ့တာကိုး...

မျက်နှာချင်းဆိုင်ရှိ နံရံတွင် ပန်းပုရုပ်ကြွတစ်ခု ရှိနေပေသည်။ ထိုပန်းပုရုပ်ကြွ၏ ခလုတ်ကို လှည့်လိုက်သည်နှင့် တံခါးတစ်ချပ် ပွင့်လာချေသည်။

အထဲတွင်မူ မီးခံသေတ္တာတစ်လုံး ရှိနေလေသည်။

လုံခြုံရေးအစီအမံများကို ကောင်းကောင်းမွန်မွန် လုပ်ထားသည်။

ယဲ့ချန်းက တစ်ဖက်တွင် ရှိနေသည့်အတွက် ဝေ့ရန် ရိုက်ထည့်လိုက်သည့် စကားဝှက်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

ယဲ့ချန်းအတွက်တော့ ဤသည်မှာ တကယ်အံ့သြစရာပင်။

ဝေ့ရန် ရိုက်ထည့်လိုက်သည့် စကားဝှက်ကို ယဲ့ချန်း အမြန်မှတ်ထားလိုက်၏။ ယခုအချိန်တွင် သူ့အနေနှင့် ဝေ့ရန် ထွက်သွားမည့်အချိန်ကို စောင့်၍ အထဲတွင် ဘယ်လိုတန်ဖိုးကြီးပစ္စည်းများ ဝှက်ထားလဲဆိုသည်ကိုသာ ကြည့်ရုံပင်။

ဝေ့ရန်က အထဲက စာရွက်စာတမ်းတစ်ခုကို ထုတ်ယူကာ ခဏကြည့်ပြီးနောက် ပြန်ချထားလိုက်သည်။

ဝေ့ရန် ထွက်သွားသည်နှင့်တစ်ပြိုင်နက် ယဲ့ချန်းလည်း နံရံဆီသို့သွားဖို့ မစောင့်နိုင်တော့ပေ။

ယဲ့ချန်းသည် အစောပိုင်းက စကားဝှက်ကို ရိုက်ထည့်လိုက်လေရာ မီးခံသေတ္တာတံခါးက တကယ်ပွင့်သွားလေသည်။

ယဲ့ချန်းမှာ မီးခံသေတ္တာကိုဖွင့်ပြီး ဝေ့ရန် အစောကပင် ကြည့်သွားသည့် စာရွက်စာတမ်းကို ထုတ်ယူလိုက်၏။

စာရွက်ပေါ်ရှိ အကြောင်းအရာကို မြင်လိုက်ရသောအခါ ယဲ့ချန်း ပြုံးလိုက်မိသည်။ ဤစာရွက်က စီးပွားရေးစာချုပ်တစ်ခုနှင့် တူလှ၏။

တစ်နည်းဆိုရလျှင် ဝေ့ရန်ဘက်က နျူကလီးယား ပေါင်းစပ်နည်းပညာကို ထောက်ပံ့ပေးလျှင် သူတို့ကုမ္ပဏီက အမ်နိုင်ငံတွင် အကောင်းဆုံး အခွင့်အရေးများကို ရရှိနိုင်မည်သာ။

သူတို့အနေနှင့် ငွေကြေးထောက်ပံ့မှု အမြောက်အမြားကိုပင် ရနိုင်ခြေရှိ၏။

ယဲ့ချန်းလည်း ဖုန်းထုတ်၍ စာရွက်ပေါ်ရှိ အကြောင်းအရာများကို ဓာတ်ပုံရိုက်ယူလိုက်သည်။

ညအမှောင်ကို အခွင့်ကောင်းယူပြီး ယဲ့ချန်း ဝေ့မိသားစုအိမ်တော်မှ ထွက်လာခဲ့လိုက်သည်။

ယဲ့ချန်း အပြင်ရောက်သည်နှင့် လျူဝေ့ဝေ့ကို ဖုန်းခေါ်လိုက်သည်။

"ဝေ့ဝေ့... မင်း အားလား"

လျူဝေ့ဝေ့ဆိုသည်မှာ ဟွားနိုင်ငံလုံခြုံရေးဌာနမှ ယဲ့ချန်း၏ အဆက်အသွယ်ပင်။

ယဲ့ချန်း၏ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိသောအခါ သူ(မ)က ပြောလာလေသည်။

"ဥက္ကဋ္ဌယဲ့... ဘယ်လိုဖြစ်ပြီးတော့များ ကျွန်မကို ဖုန်းခေါ်ဖို့ သတိရတာပါလိမ့်"

ယဲ့ချန်းကမူ ရယ်မောလိုက်၏။

"မင်းကို လက်ဆောင်အကြီးစားတစ်ခု လာပေးမလို့"

ကျိုတိုမြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ယဲ့ချန်းက ဟော့ပေါ့မှာလိုက်လေရာ လျူဝေ့ဝေ့ခမျာ ဆွံ့အသွားလေသည်။

"ရှင် ကျွန်မကို ဟော့ပေါ့စားဖို့သက်သက် ခေါ်လိုက်တာတော့ မဟုတ်ဘူးမလား"

ယဲ့ချန်းကမူ ခပ်ဖွဖွပြုံးလိုက်သည်။

"ဘယ်ဟုတ်မလဲ။ မင်းကို ပေးစရာတစ်ခုရှိတယ်။ ရော့... ကြည့်လိုက်ဦး"

ယဲ့ချန်းပေးသော သက်သေအထောက်အထားများကို ကြည့်ပြီးသွားသောအခါ လျူဝေ့ဝေ့ ဆွံ့အသွားချေသည်။

"တကယ်ပဲ သူဖြစ်နေတာကိုး"

"မင်း သတိထားမိပြီးသားလား"

"ဟုတ်တယ်။ ကျွန်မတို့ စုံစမ်းနေခဲ့တာ။ ဒါပေမဲ့ ဝေ့မိသားစု ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး"

ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်မိသည်။

"မနက်ဖြန် သူတို့ ဟွားရှင်းစားသောက်ဆိုင်မှာ တွေ့ကြလိမ့်မယ်။ မင်း သူတို့ကို လက်ပူးလက်ကြပ် ဖမ်းလို့ရတယ်။ ပြီးတော့ ဒီအချက်အလက်တွေနဲ့ဆိုရင် ဝေ့ရန်ရဲ့အပြစ်ကို သက်သေပြလို့ရပြီ မဟုတ်လား"

လျူဝေ့ဝေ့ ခေါင်းညိတ်ပြလိုက်၏။

"ယဲ့ချန်း... ကျေးဇူးအများကြီးတင်ပါတယ်"

ယဲ့ချန်းက ရယ်မောလိုက်၏။

"ဒါ ငါ့ရဲ့ တာဝန်ပါ။ ကိုယ့်လူမျိုးကို သစ္စာဖောက်တဲ့ လူယုတ်မာတွေအားလုံးကို ထောင်ထဲ ပို့ပစ်သင့်တာပေါ့"

နောက်တစ်နေ့ ဟွားရှင်းစားသောက်ဆိုင်၌...

အဘိုးအိုတစ်ယောက်က ကားပေါ်မှဆင်းလာပြီး ဘိုကင်လုပ်ထားသော သီးသန့်ခန်းတစ်ခန်းဆီသို့ သွားလိုက်သည်။

ဤစားသောက်ဆိုင်မှာ သိပ်မထင်ရှားလှဘဲ လမ်းဘေးရှိ ဆိုင်ငယ်လေးတစ်ခုသာ ဖြစ်၏။

သို့သော် ဤကဲ့သို့သော ဆိုင်မျိုးဖြစ်လေလေ ပိုပြီး ပုန်းကွယ်၍ကောင်းလေလေပင်။

ထို့ပြင် ဤဆိုင်၏ တည်နေရာမှာ အလွန်ကောင်းမွန်ပြီး အနောက်ဘက်တွင် စီးပွားရေးလမ်းမကြီးတစ်ခု ရှိနေသဖြင့် တစ်ခုခုမှားယွင်းသွားပါက ဆုတ်ခွာရန် လွယ်ကူစေသည်။

ဘာမှအမှားအယွင်းမရှိစေရန် ဝေ့ရန်က မိသားစုထဲရှိ ကျွမ်းကျင်သူတချို့နှင့်အတူ သူ့အိမ်တော်ထိန်းအိုကြီးကို လွှတ်လိုက်ချေသည်။

ဤအပေးအယူ ပြီးမြောက်သွားပါက ဝေ့မိသားစုသည် ဟွားနိုင်ငံရှိ ထိပ်တန်းအဆင့် မိသားစုတစ်ခုပင် ဖြစ်လာနိုင်သည်။

သို့သော် တစ်ခုခု မှားယွင်းသွားခဲ့လျှင်မူ ဝေ့မိသားစုသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ပျက်စီးသွားပေလိမ့်မည်။

ထို့ကြောင့် ဝေ့ရန်က ဤအပေးအယူအတွက် အလွန် သတိထားနေခြင်းပင်။

မကြာခင်မှာပင် အခြားကားတစ်စီးက တံခါးဝတွင် ထိုးရပ်ပြီးနောက် လူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ယောက် ဆင်းလာလေသည်။ သူတို့အထဲရှိ တစ်ယောက်မှာ ရွှေဝါရောင်ဆံပင်ပိုင်ရှင်ဖြစ်၏။

သူတို့နှစ်ယောက် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်လေရာ မလှမ်းမကမ်းတွင် ကုန်ကားတစ်စီး ရပ်ထားပြီး လမ်းသွားလမ်းလာများလည်း ဝိုင်းရံနေကာ မသင်္ကာစရာ တစ်ခုမှမရှိပေ။

ထို့နောက် ထိုနှစ်ယောက်လည်း စားသောက်ဆိုင်ထဲသို့ ဝင်သွားကြသည်။

စားသောက်ဆိုင်ထဲသို့ ဝင်သွားသောအခါ ဝေ့မိသားစု၏ အိမ်တော်ထိန်းအိုကြီး ဝေ့ကျုံးကို တွေ့လိုက်ရသည်။

"မစ္စတာဝေ့... ကျွန်တော်တို့ လိုချင်တာတွေအကုန်လုံး ယူလာခဲ့ရဲ့လား"

ဝေ့ကျုံးက ခေါင်းညိတ်ပြလိုက်၏။

"ယူလာခဲ့ပါတယ်။ ဒါနဲ့ ကျွန်တော်တို့ လိုချင်တဲ့ဟာကရော"

ရွှေအိုရောင်ဆံပင်နှင့် လူက ခပ်ဖွဖွပြုံးရင်း လက်ဆွဲသေတ္တာလေးတစ်လုံးကို ဖွင့်ပြလိုက်၏။

"စာရွက်စာတမ်းတွေက ဒီမှာရှိတယ်။ ခင်ဗျားတို့ရဲ့ ပစ္စည်းတွေက အစစ်အမှန်ဖြစ်ပြီး အသုံးဝင်တယ်ဆိုရင် ခင်ဗျားတို့ရဲ့ ဝေ့လုပ်ငန်းစုက ကျုပ်တို့နိုင်ငံမှာ အများပိုင်ကုမ္ပဏီအဖြစ် စာရင်းသွင်းနိုင်ပြီး အကောင်းဆုံးအခွင့်အရေးတွေကို ခံစားရလိမ့်မယ်။ အဲဒါအပြင် ဒေါ်လာတစ်ရာဘီလျံကိုလည်း ခင်ဗျားတို့ရဲ့ ဆွစ်ဘဏ်အကောင့်ထဲကို ထည့်ပေးပါလိမ့်မယ်"

သဘောတူညီမှု၏ အကြောင်းအရာကို ကြားရသောအခါ ဝေ့ကျုံး အလွန်စိတ်လှုပ်ရှားသွားသည်။

ဝေ့မိသားစုမှာ ပထမအဆင့်မိသားစုများ၏ အောက်ဆုံးတွင် အမြဲရှိနေခဲ့ပြီး တက်သစ်စမိသားစုများ၏ နေရာလုယူခြင်းကို ခံရမည့် အန္တရာယ်ပင် ရှိနေလေသည်။

ဤသဘောတူညီမှုနှင့် ရန်ပုံငွေတစ်ရာဘီလျံတို့ဖြင့်ဆိုလျှင် ဝေ့မိသားစု မကြီးပွားဘဲ ဘယ်နေမည်နည်း။

"ဒီစာရွက်စာတမ်းတွေက အစစ်အမှန်ဖြစ်ပြီး အသုံးဝင်တယ်ဆိုတာကို ကျွန်တော်တို့ အာမခံနိုင်ပါတယ်"

ရွှေအိုရောင်ဆံပင်ပိုင်ရှင်က ပြုံးစစဖြင့် ခေါင်းညိတ်လိုက်လေသည်။

"မစ္စတာဝေ့ကို ကျွန်တော့်ကိုယ်စား ကျေးဇူးတင်ကြောင်း ပြောပေးပါ။ ပူးပေါင်းဆောင်ရွက်ရတာ ဝမ်းသာပါတယ်။ ဝေ့ရန်လိမ္မာသရွေ့ ဝေ့မိသားစုကို ဟွားနိုင်ငံရဲ့ နံပါတ်တစ်မိသားစုဖြစ်လာဖို့ ကျွန်တော်တို့ ကူညီပေးပါ့မယ်"

ဤစကားကို ကြားသောအခါ ဝေ့ကျုံး၏ မျက်လုံးများ အရောင်လက်သွားချေသည်။

"စိတ်ချပါ။ ခင်ဗျားတို့ စိတ်မပျက်စေရပါဘူး"

အပေးအယူကား လျင်မြန်စွာ ပြီးစီးသွားသည်။

နှစ်ဖက်စလုံး စာရွက်စာတမ်းများ ဖလှယ်လိုက်ကြသည်။

ဝေ့ကျုံးက သယ်ဆောင်ရလွယ်ကူသော ဟာ့ဒ်ဒရိုက်တစ်ခုကို ရွှေဝါရောင်ဆံပင်ပိုင်ရှင်ထံသို့ ကမ်းပေးလိုက်သည်။

သို့သော် ထိုအခိုက်အတန့်တွင် အပြင်ဘက်မှ တံခါးခေါက်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

"ဘယ်သူလဲ"

တံခါးခေါက်သံကြောင့် အခန်းထဲရှိ လူအားလုံး လန့်ဖျပ်သွားကြသည်။

"စားပွဲထိုးပါ။ ရေလိုသေးလားရှင့်"

အပြင်ဘက်မှ အမျိုးသမီးအသံတစ်သံ ထွက်လာသည်။

စားပွဲထိုးဖြစ်ကြောင်း ကြားသောအခါ လူတိုင်း သက်ပြင်းချလိုက်မိကြသည်။

သက်တော်စောင့်တစ်ယောက်က တံခါးသွားဖွင့်ပေးလိုက်သည်။

သို့သော် ထိုအချိန်မှာပင် တံခါးက ရုတ်တရက် ကန်ဖွင့်ခံလိုက်ရသည်။

"မလှုပ်နဲ့"

ရုတ်တရက် ပေါ်လာသူများမှာ အခြားသူများမဟုတ်ပါဘဲ လျူဝေ့ဝေ့နှင့် သူ(မ)၏လူများပင်။

ဤသည်ကို မြင်သောအခါ ဝေ့ကျုံး၏အမူအရာ ပြောင်းလဲသွားသည်။

သူတို့၏ အပေးအယူက အလွန်လျှို့ဝှက်သည်။ တစ်ခုခု မှားယွင်းသွားပါက တစ်ဖက်လူကြောင့်သာ ဖြစ်ရမည်။

"မင်းတို့က လျှို့ဝှက်ထောက်လှမ်းရေးတွေပဲ"

ဝေ့ကျုံး၏ မျက်နှာကား မှုန်ကုပ်သွားသည်။

ရွှေဝါရောင်ဆံပင်ပိုင်ရှင်မှာ ဇဝေဇဝါဖြစ်သွားလေသည်။

"မင်းတို့ဝေ့မိသားစုက ငါတို့ကို လှည့်စားရဲတယ်ပေါ့"

နှစ်ဖက်စလုံးက တစ်ဖက်လူကို အပြစ်တင်နေကြသည်။

ဝေ့ကျုံးကလည်း ရက်စက်သူတစ်ဦးဖြစ်လေရာ ရုတ်တရက်တိုက်ခိုက်ပြီး ရွှေဝါရောင်ဆံပင်ပိုင်ရှင်၏ လည်ချောင်းကို ဓားဖြင့်ထိုး၍ အနောက်ပြတင်းပေါက်ဆီသို့ ပြေးသွားလေသည်။

လျူဝေ့ဝေ့နှင့် အခြားသူများမှာ တားဆီးချင်သော်လည်း ဝေ့ကျုံးခေါ်လာသည့် သက်တော်စောင့်တချို့က ဝင်ရောက်ဟန့်တားခဲ့သည်။

ဝေ့ကျုံးက ပြတင်းပေါက်မှ ခုန်ချလိုက်သော်လည်း မြေပြင်ပေါ်သို့ မကျခင်မှာပင် သူ့အနောက်တွင် ပြင်းထန်သော လေဟုန်တစ်ခုကို ခံစားလိုက်ရသည်။

ပြင်းထန်သော လေဟုန်ကို ခံစားလိုက်ရသောအခါ ဝေ့ကျုံးလည်း စိတ်ထဲမှ တိတ်တဆိတ် ကျိန်ဆဲလိုက်မိသည်။ ယခုမူ သူသည် လေထဲရောက်နေသဖြင့် မရှောင်နိုင်တော့ပေ။

သူ တတ်နိုင်သမျှ ရှောင်တိမ်းရန် ကြိုးစားသော်လည်း သူ့ခြေထောက်များမှာ တစ်ဖက်လူ၏ တုတ်စာမိသွားဆဲသာ။

ခွပ်!

သူ့ခြေထောက်နှစ်ဖက်မှာ ကျိုးသွားပြီး သူကိုယ်တိုင်လည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေတော့သည်။

ဝေ့ကျုံးမှာ ထွက်ပြေးချင်သော်လည်း ခြေထောက်ကျိုးနေသည်ဖြစ်ရာ ဘယ်လိုလုပ် ပြေးနိုင်တော့မည်နည်း။

ဝေ့ကျုံး၏အမူအရာ ပြောင်းလဲသွားချေသည်။ ဓားကိုအသုံးပြု၍ မိမိကိုယ်ကိုယ် သတ်သေချင်သော်လည်း ဓားကိုင်ထားသော သူ့လက်ကလည်း အနင်းခံလိုက်ရသည်။

မော့ကြည့်လိုက်သောအခါ ယဲ့ချန်းကို မြင်လိုက်ရသဖြင့် ဝေ့ကျုံး မျက်နှာပျက်သွားသည်။

"မင်းကိုး"

ယဲ့ချန်း အေးစက်စက် ရယ်မောလိုက်၏။

"ဟုတ်တယ်။ ကျုပ်ပဲ။ ခင်ဗျားတို့ဝေ့မိသားစုက ကျုပ်ကို သတ်ချင်နေတာ မဟုတ်ဘူးလား။ ဒါကြောင့် ကျုပ်က အရင်လက်ဦးမှုယူလိုက်တာလေ"

ဝေ့ကျုံး၏ မျက်နှာမှာ ဖြူရော်သွားလေသည်။

ဝေ့မိသားစုတော့ ကိစ္စတုံးပြီဖြစ်ကြောင်း သူ သိလိုက်သည်။

သူ့ထံမှ သက်သေအထောက်အထားများနှင့် အပေါ်ထပ်ရှိ သက်သေအထောက်အထားများအရ ဝေ့မိသားစုသည် နောက်ခံမည်မျှပင်ရှိစေကာမူ အနီရောင်မျဉ်းကို ကျော်လွန်သွားပြီဟု အဓိပ္ပာယ်သက်ရောက်လေသည်။

ထိုအချိန်တွင် ရဲအရာရှိတချို့ ပြေးလာပြီး ဝေ့ကျုံးကို လက်ထိပ်ခတ်၍ ခေါ်ဆောင်သွားကြသည်။

ထိုအခိုက်အတန့်ဝယ် ဝေ့မိသားစုအိမ်တော်၌ ဝေ့ရန်က သတင်းကို စောင့်ဆိုင်းရင်း စိုးရိမ်တကြီးဖြင့် ဟိုဟိုသည်သည်လျှောက်နေလေသည်။

ထိုအချိန် ဖုန်းမြည်လာသဖြင့် ပြန်ဖြေလိုက်သည်။

"သူဌေး... ပြဿနာတက်ပြီ။ အိမ်တော်ထိန်းဝေ့နဲ့ တခြားလူတွေ စားသောက်ဆိုင်မှာ အဖမ်းခံလိုက်ရတယ်"

ဖုန်းထဲရှိ စကားများကို ကြားသောအခါ ဝေ့ရန်၏လက်များ တုန်ယင်သွားပြီး ဖုန်းကလည်း ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

ဝေ့ရန် မျက်လုံးမှိတ်ကာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး ပြတင်းပေါက်အပြင်ဘက်ရှိ မှုန်မှိုင်းနေသော မိုးဖွဲများကို ကြည့်လိုက်သည်။

"ဝေ့မိသားစုတော့ ဇာတ်သိမ်းပြီ"

တစ်ချိန်တည်းမှာပင် ဝေ့မိသားစုအိမ်တော်ကို ရဲကားများက ဝိုင်းရံထားလိုက်ကြသည်။

ရဲအရာရှိများက ဝေ့မိသားစုအိမ်တော်ထဲသို့ ပြေးဝင်လာနေကြပြီ ဖြစ်၏။

ဂုဏ်သတင်းကြီးမားသော ပထမအဆင့်မိသားစုဖြစ်သည့် ဝေ့မိသားစုမှာ ယဲ့ချန်းကြောင့် ညတွင်းချင်း ဖျက်ဆီးခံလိုက်ရလိမ့်မည်ဟု မည်သူကမှ ထင်ထားမည်မဟုတ်ပေ။

••••••••••••••••••••

All Chapters