အခန်း ၆၅၃
Vol. 44 Ch. 653
အပိုင်း ၆၅၃ : အိပ်မက်
ကျိုးစုစု ခေါင်းလှည့်ကြည့်လိုက်လေရာ ထိုလူမှာ မည်သူဖြစ်ကြောင်း သိသွားပြီးနောက် မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။
"ဦးလေးလီ... သူက ရဲဝန်ထမ်းကို တိုက်ခိုက်ပြီး ဘားမှာ ပြဿနာရှာနေတာပါ။ ကျွန်မကလည်း တာဝန်အရ ဖမ်းဆီးတာပါ။ ဘာဖြစ်လို့များ မရဘူးလို့ ပြောရတာလဲ"
ကျိုးစုစုက အေးစက်စက် လေသံဖြင့် မေးလိုက်သည်။
ဂန်ဟောက်သည် ရောက်လာသူကို မြင်သောအခါ အနည်းငယ် စိတ်လှုပ်ရှားသွားပြီး ယဲ့ချန်းကို လက်ညှိုးထိုးပြလိုက်၏။
"ဘာလို့ ရပ်ကြည့်နေကြတာလဲ။ ဒီကောင် ကျွန်တော့်ခေါင်းကို ရိုက်ခွဲခဲ့တာ။ မြန်မြန်ဖမ်းကြလေ"
ထိုအခါ ကျိုးစုစု မျက်မှောင်ကြုတ်လိုက်မိပြီး ယဲ့ချန်း၏ အရှေ့တွင် ကာရပ်လိုက်၏။
"ဦးလေးလီ... သူ့ကို လွှတ်ပေးတာကတော့ ထားပါတော့။ ဒါပေမဲ့ ယဲ့ချန်းကို ဖမ်းဖို့ကျတော့ နည်းနည်းတော့ လွန်ကဲလွန်းတယ်ထင်တယ်"
သက်လတ်ပိုင်းအရွယ် အမျိုးသားကြီးက သက်ပြင်းချရင်း ပြောလိုက်လေသည်။
"သခင်လေးဂန်... ထားလိုက်ပါတော့ဗျာ။ ဒီလူ့နောက်ခံကလည်း မသေးဘူး။ ကျွန်တော်က ခင်ဗျားကိုလည်း ရန်မစရဲသလို သူ့ကိုလည်း သွားမစရဲဘူးဗျ"
"ခင်ဗျား..."
ဂန်ဟောက်က ယဲ့ချန်းကို လက်ညှိုးငေါက်ငေါက်ထိုးလိုက်သည်။
"မင်း... စောင့်နေလိုက်"
ယဲ့ချန်းက ပြုံးလိုက်လေသည်။
"ကောင်းပြီလေ... ငါ စောင့်နေမယ်"
ယဲ့ချန်းလည်း ကျိုးစုစုနောက်မှလိုက်၍ ဘားထဲက ထွက်လာပြီးနောက် အပေါက်ဝတွင် ရုတ်တရက် ရပ်လိုက်သည်။
"ကိုယ့်လူရေ... ကောင်မလေးကိုတော့ ငါခေါ်သွားပြီနော်။ ဒီညအတွက်တော့ မင်းဘာသာပဲ ရှင်းလိုက်တော့"
ထို့နောက် ယဲ့ချန်းနှင့် ကျိုးစုစုတို့သည် ဂန်ဟောက်၏ ဒေါသတကြီး အကြည့်အောက်မှာပင် ထွက်သွားကြလေတော့သည်။
...
ညအချိန်ကား အနည်းငယ် အေးမြနေသည်။
လမ်းဘေးမီးတိုင်များမှ အလင်းရောင်ကြောင့် သူတို့၏ အရိပ်များမှာ ရှည်လျားစွာ ထင်ဟပ်နေ၏။
ကျိုးစုစု၏ စိတ်အခြေအနေက သိပ်မကောင်းဟန်ပင်။ ခေါင်းငုံ့၍ ဘာစကားမှ မပြောဘဲ နှုတ်ဆိတ်နေသည်။
ယဲ့ချန်းကမူ ဘာကိုမှ ဂရုမစိုက်သည့်အလား ကျိုးစုစု၏ အနောက်မှ အေးအေးလူလူ လိုက်ပါလာခဲ့သည်။
ထိုအချိန်တွင် ယဲ့ချန်းသည် ကျိုးစုစု၏ ခံစားချက်ကို ကောင်းကောင်း နားလည်သည်။
ကျိုးစုစုသည် တရားမျှတမှုကို အလွန်မြတ်နိုးသည့် မိန်းကလေးတစ်ဦး ဖြစ်ကြောင်း သူသိသည်။ သို့မဟုတ်ပါက ဤမျှပြည့်စုံကောင်းမွန်သော မိသားစုနောက်ခံ ရှိနေပါလျက်နှင့် ရဲဝန်ထမ်းတစ်ယောက် ဖြစ်လာရန် ရွေးချယ်ခဲ့မည် မဟုတ်ပေ။
သို့သော် ယနေ့ဖြစ်ရပ်က ကျိုးစုစုအတွက် အလွန်စိတ်ထိခိုက်စရာ ဖြစ်သွားခဲ့ရသည်။
သူ(မ)၏ စိတ်ထဲတွင် လူဆိုးများကို အပြစ်ပေးရမည်ဟု အမြဲခံယူထားသည်။
သို့သော်လည်း ယခုမူ ထိုလူဆိုးများ လွတ်မြောက်သွားသည်ကို သည်အတိုင်း ငေးကြည့်နေခဲ့ရသဖြင့် ကျိုးစုစု၏ စိတ်ထဲတွင် အလွန်ခံရခက်နေမည်မှာ သေချာပေသည်။
ထိုစဉ် ယဲ့ချန်းသည် လမ်းဘေးရှိ ညစာစားသောက်ဆိုင်တန်းလေးတစ်ခုကို လှမ်းမြင်လိုက်ရသည်။
"ညလယ်စာ သွားစားရအောင်လေ"
ကျိုးစုစုကလည်း ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် နှစ်ယောက်သား အကင်ဆိုင်လေးတစ်ဆိုင်သို့ ရောက်သွားပြီး ယဲ့ချန်းက အကင်တချို့ မှာယူလိုက်သည်။
ည၁၁နာရီကျော်နေပြီ ဖြစ်သဖြင့် အကင်ဆိုင်တွင် လူသိပ်မရှိတော့ပါဘဲ စားသုံးသူအနည်းငယ်သာ ကျန်တော့သည်။
ပုံမှန်ဆိုလျှင် ကျိုးစုစုသည် အလွန်တက်ကြွဖျတ်လတ်သော မိန်းကလေးတစ်ယောက် ဖြစ်သော်လည်း ယနေ့တွင်မူ ထူးထူးခြားခြား တိတ်ဆိတ်ပြီး ငေးငိုင်နေချေသည်။
ယဲ့ချန်းမှာ ကျိုးစုစု၏ အလှတရားကို စိတ်ထဲမှ တိတ်တဆိတ် ချီးကျူးမိသည်။
ကျိုးစုစုသည် အမှန်တကယ်ပင် အလွန်ချောမောလှပသူပင်။
အထူးသဖြင့် သူ(မ)၏ ပုံပန်းသွင်ပြင်မှာ နုနယ်ပျော့ပျောင်းသော မိန်းကလေးတစ်ယောက် ဖြစ်သော်ငြား တည်ကြည်ပြတ်သားသော အမူအရာ ရှိနေပြီး မက်မွန်သီးအလား စိုပြည်ဝင်းပသော အသားအရေနှင့် ဝိုင်းစက်စက် မျက်ဝန်းများမှာလည်း အသက်ဝင်လှသည်။
အဆီပိုမရှိဘဲ သွယ်လျသော ကိုယ်လုံးကိုယ်ပေါက်နှင့် Sပုံသဏ္ဌာန် ကောက်ကြောင်းတို့မှာ အလွန်ဆွဲဆောင်မှုရှိလှသည်။
ရဲရင့်လှပသော ရဲယူနီဖောင်းနှင့် သူ(မ)၏ ပြိုင်ဘက်ကင်းအလှတရားတို့ ပေါင်းစပ်ထားပုံကြောင့် ဂန်ဟောက်ဆိုသည့် သကောင့်သား သူ(မ)အပေါ် မရိုးသားသောစိတ်ကူးများ ပေါ်ပေါက်လာသည်မှာလည်း မဆန်းပါချေ။
ကျိုးစုစု စိတ်ဓာတ်ကျနေသည်ကို မြင်သောအခါ ယဲ့ချန်းက သူ(မ)ကို နှစ်သိမ့်လိုက်၏။
"စုစု... မင်းက ရဲတစ်ယောက်အနေနဲ့ တာဝန်ကျေပွန်အောင် တကယ် ကောင်းကောင်းလုပ်ခဲ့တာပါ။ ဒါပေမဲ့ ဒီလောကကြီးက မင်းထင်သလို ဖြစ်မနေဘူးလေ။ အမြဲတမ်း အမှောင်ဖက်ခြမ်းတွေ ရှိနေတတ်တာပဲ"
"ဒါပေမဲ့ ကျွန်မ မကျေနပ်ဘူး"
"မကျေမနပ်ဖြစ်မနေပါနဲ့။ မင်း အစွမ်းကုန် ကြိုးစားခဲ့ရင် လုံလောက်ပါပြီ။ ဘယ်အရာမဆို ပြီးပြည့်စုံတယ်ဆိုတာမျိုး မရှိဘူးလေ။ ကိုယ်တို့ လုပ်နိုင်တာဆိုလို့ အကောင်းဆုံးကြိုးစားပြီး နောင်တမရဖို့ပဲ ရှိတာ"
ယဲ့ချန်း၏ စကားကို ကြားရသောအခါ ကျိုးစုစု တွေးတောမိသည်။
သူ(မ)သည် ယခင်က ဤအသက်မွေးဝမ်းကျောင်း အလုပ်ကို အလွန်မြတ်နိုးခဲ့သည်။
အကြောင်းမှာ ရာဇဝတ်ကောင်များကို ဥပဒေရှေ့မှောက်သို့ ပို့ဆောင်နိုင်ပြီး လူဆိုးများကို အပြစ်ပေးနိုင်သောကြောင့်ပင်။
သို့သော် ယနေ့တွင်မူ သူ(မ) ရုတ်တရက်ဆိုသလို အင်အားမဲ့မှုကို ခံစားလိုက်ရသည်။
အထူးသဖြင့် ဂန်ဟောက်နှင့် ပတ်သက်၍မူ သူ(မ)၏ အလုပ်က မြင့်မြတ်သည်ဟု အမြဲတွေးခဲ့သော်ငြား ယနေ့တွင်မူ ရုတ်တရက် အားကိုးရာမဲ့သော ခံစားချက်မျိုးကို ခံစားလိုက်ရသည်။
သို့သော် ယနေ့ဖြစ်ရပ်ကတစ်ဆင့် ကျိုးစုစု အလွန်ရင့်ကျက်သွားသည်။
အကယ်၍ ယဲ့ချန်းသာ ရှိမနေခဲ့ပါက သူ(မ) ယနေ့ အကြီးအကျယ် ဆုံးရှုံးနစ်နာရနိုင်သည်။
ဤလောကတွင် အကြွင်းမဲ့ မှန်ကန်ခြင်း၊ မှားယွင်းခြင်းဟူ၍ မရှိပါဘဲ အင်အားသာလျှင် အရာရာဖြစ်၏။
အဆုံးသတ်တွင်မူ ယဲ့ချန်းကဲ့သို့ အကြွင်းမဲ့အင်အားရှိသူသာလျှင် မိမိနှလုံးသားထဲရှိ တရားမျှတမှုကို ကာကွယ်နိုင်မည် ဖြစ်၏။
ကျိုးစုစု ခဏမျှ တွေးတောပြီးနောက် ရုတ်တရက် ပြောလိုက်လေသည်။
"ယဲ့ချန်း... ကျွန်မ ရဲအရာရှိအလုပ်ကို ဆက်မလုပ်ချင်တော့ဘူး"
ယဲ့ချန်းခမျာ ကြက်သေသေသွားလေသည်။
"ဟေ့... ဒီလောက်လေးနဲ့ စိတ်မပျက်စမ်းပါနဲ့။ ကိစ္စသေးသေးလေးတစ်ခုကြောင့် မင်းရဲ့ အိပ်မက်ကို စွန့်လွှတ်လိုက်တော့မလို့လား"
ကျိုးစုစုက ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်... တရားမျှတမှုကို မကာကွယ်နိုင်ဘဲ လူဆိုးတွေကို မနှိမ်နင်းနိုင်ရင် ရဲအရာရှိလုပ်နေလည်း ဘာအဓိပ္ပာယ် ရှိတော့မှာလဲ"
ယဲ့ချန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"‘တရားမျှတမှုဟာ နောက်ကျချင်နောက်ကျမယ်။ ဘယ်တော့မှ ပျောက်ကွယ်မသွားဘူး’ဆိုတဲ့ စကားကို မင်း မကြားဖူးဘူးလား"
ကျိုးစုစု ခဏမျှ ဆွံ့အသွားသည်။
ယဲ့ချန်းက ရယ်မောလိုက်၏။
"ငါတို့ အရက်လေးဘာလေး သောက်ကြမလား။ အရက်က သောကတွေအားလုံးကို ပြေပျောက်စေတယ်တဲ့"
ကျိုးစုစုကလည်း သဘောတူသည်။
"ကောင်းပြီလေ... ဒီညတော့ မမူးမချင်း သောက်ကြမယ်
ယဲ့ချန်းက ရယ်လိုက်သည်။
"ဆိုင်ရှင်... ဘီယာတစ်ချိုင့် ပေးပါဦး"
သို့သော် ကျိုးစုစုက ချက်ချင်းဝင်ပြောလိုက်သည်။
"ဆိုင်ရှင်... ဘီယာမလိုဘူး။ လောင်ပိုင်ဂန်းအရက်ပဲ ပေးပါ"
ယဲ့ချန်း : "..."
သူ့ခမျာ သက်ပြင်းချရင်း ခေါင်းကိုသာ ခါယမ်းမိတော့သည်။ အရက်သောက်ရန် စတင်အကြံပြုခဲ့သူမှာ သူကိုယ်တိုင် ဖြစ်သဖြင့် အလှလေး သောက်ချင်သည့်အရာကိုသာ အလိုက်သင့်သောက်ပေးရုံ ရှိတော့သည်။
လောင်ပိုင်ဂန်အရက်တစ်ပုလင်းကို ယဲ့ချန်းက နှစ်ခွက်သောက်လျှင် ကျိုးစုစုက တစ်ခွက်နှုန်းဖြင့် သောက်ကြသည်။
ယခုအချိန်တွင် ကျိုးစုစု၏ မျက်နှာလှလှလေးမှာ အနည်းငယ် နီမြန်းနေပြီး မျက်ဝန်းများလည်း ရီဝေနေချေပြီ။
ကျိုးစုစုက သက်ပြင်းချလျက် ပြောလိုက်သည်။
"ယဲ့ချန်း... ရှင်သိလား။ ကျွန်မက တရားမျှတမှုကို အမြဲကာကွယ်ချင်ခဲ့တာ။ ပြည်သူတွေရဲ့ အားကိုးရာ ဖြစ်ချင်ခဲ့တာ။ ဒါပေမဲ့ အခုတော့ ကျွန်မ တကယ်မကျေနပ်ဘူး"
ယဲ့ချန်းမှာ ကျိုးစုစုနှင့် ခွက်ချင်းတိုက်လိုက်ပြီးနောက် ပြုံး၍ ပြောလိုက်သည်။
"တကယ်တော့ ဒါက လက်တွေ့လောကကြီးပဲလေ။ ဒီကမ္ဘာမှာ အကောင်းနဲ့အဆိုး ဒွန်တွဲနေတာ။ ဒီနေ့ ဂန်ဟောက်ဆိုတာက အဆိုးတွေထဲက အမှုန်အမွှားလေးတစ်ခုပဲ ရှိသေးတာ။ ဒါကြောင့် ကိုယ်တို့ဘက်က ပိုအင်အားတောင့်တင်းအောင် လုပ်ရမယ်။ အိပ်မက်တွေဆိုတာ ဘယ်တော့မှ အလွယ်တကူ အဆင်မပြေနိုင်ဘူး။ လမ်းမှာ ဆူးငြောင့်ခလုတ်တွေ တွေ့ရတာ သဘာဝပဲ။ ဒါကြောင့် ဒီလောက်လေးနဲ့ မင်း လမ်းခုလတ်မှာ ရပ်တန့်သွားမယ်ဆိုရင် မင်း ဒီအိပ်မက်ကို တကယ်မမြတ်နိုးလို့ပဲ ဖြစ်လိမ့်မယ်"
ထိုစကားကို ကြားသောအခါ ကျိုးစုစု ရုတ်တရက်ငိုင်ကျသွားသည်။
"ရှင်က လူတွေကို ဖျောင်းဖျတဲ့နေရာမှာ ဒီလောက်တော်လိမ့်မယ်လို့ မထင်ထားဘူး။ ကျွန်မတို့ ရဲတွေရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ထက်တောင် ပိုသာနေသေးတယ်"
"ဟားဟား... ချီးကျူးတာ ကျေးဇူးတင်ပါတယ်။ နောက်တစ်ခါ စိတ်ညစ်စရာရှိရင် ကိုယ့်ကို အချိန်မရွေး လာရှာလို့ရတယ်နော်။ ကိုယ်က မိန်းကလေးတွေကို နှစ်သိမ့်တဲ့နေရာမှာ တော်တော်ကျွမ်းတာ"
ယဲ့ချန်းက ပြုံးလျက် ပြောလိုက်သည်။
"ယဲ့ချန်း... ရှင့်ဘေးနားမှာ မိန်းကလေးတွေ အများကြီးရှိတယ်မလား"
ကျိုးစုစုက ရုတ်တရက် မေးလိုက်၏။
ယဲ့ချန်းက ချောမောပြီး ချမ်းသာသူတစ်ဦး ဖြစ်ရာ ဤကဲ့သို့သော အမျိုးသားတစ်ယောက်၏ ဘေးနားတွင် အခြားမိန်းကလေးများ ရှိမနေပါဟုဆိုလျှင် ကျိုးစုစုအနေနှင့် ယုံကြည်ရန် ခက်ခဲပေလိမ့်မည်။
"အင်း... ဟုတ်တာပေါ့။ ကိုယ်က ဒီလောက်ချောတာ။ ကိုယ့်နားမှာ မိန်းကလေးတွေ ဝိုင်းမနေမှထူးဆန်းနေဦးမယ်"
ကျိုးစုစု ရုတ်တရက် ရယ်မောလိုက်သည်။
"ရှင်က တော်တော်ရိုးသားတာပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်မရဲ့အိပ်မက်ကို ပြန်ရှာတွေ့အောင် ကူညီပေးလို့ ကျေးဇူးတင်ပါတယ်။ ဟုတ်တယ်... ကျွန်မဘက်က နောင်တမရရင်ပဲ လုံလောက်ပါပြီ။ ပြည်သူတွေကို ကာကွယ်စောင့်ရှောက်တဲ့ ရဲအရာရှိကောင်းတစ်ယောက်ဖြစ်အောင် လုပ်မှာပါ"
ထို့နောက် နှစ်ယောက်သား ခွက်ချင်း ထပ်တိုက်လိုက်ကြပြီးနောက် ခွက်ထဲရှိ အရက်များကို အကုန်မော့ချလိုက်ကြတော့သည်။
••••••••••••••••••••••••••