အခန်း ၆၅၅
Vol. 44 Ch. 655
အပိုင်း ၆၅၅ : သတ်ဖြတ်လိုသော အငွေ့အသက်
ကျိုးစုစုလည်း အခန်းထဲက ရုတ်တရက် ပြေးထွက်လာသည်။
"ဘယ်သူက တရားမဝင်အရောင်းအဝယ် လုပ်နေတယ်လို့ ပြောနေတာလဲ"
"ခေါင်းဆောင်ကျိုးလား"
ရဲအရာရှိနှစ်ယောက်လည်း ကျိုးစုစုကို မြင်သောအခါ နားမလည်နိုင်ဟန်ဖြင့် အချင်းချင်း ကြည့်လိုက်ကြသည်။
"ခေါင်းဆောင်ကျိုး... ကျွန်တော်တို့ မှားသွားပါတယ်။ အနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ်ဗျ"
ရဲအရာရှိနှစ်ယောက်မှာ ကမန်းကတန်း ထွက်သွားကြလေတော့သည်။
ထွက်သွားသော ရဲအရာရှိနှစ်ယောက်ကို ကြည့်ရင်း ယဲ့ချန်း အလွန်စိတ်ပျက်မိသည်။
ဒါက ဘယ်လိုအခြေအနေကြီးလဲကွာ။
ရဲအရာရှိများထံတွင် စစ်ဆေးခံလိုက်ရသောကြောင့် အစပိုင်းက ပြီးပြည့်စုံနေခဲ့သော ညလေးတစ်ညဟာ လုံးဝ ပျက်စီးသွားရသည်။
ကျိုးစုစု၏ မျက်နှာလှလှလေးမှာ နီရဲနေပြီး ယခုအချိန်တွင် သူ(မ)အနေနှင့် ဝင်ပုန်းစရာ မြေတွင်းတစ်တွင်းလောက်သာ ရှာချင်စိတ်ပေါက်နေတော့သည်။
ယဲ့ချန်းလည်း အနည်းငယ် ရှက်ရွံ့သွားပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေချေသည်။
အချိန်အတန်ကြာအောင် တိတ်ဆိတ်နေပြီးနောက် ယဲ့ချန်းက ပြောလိုက်၏။
"စုစု... မင်း အဆင်ပြေရဲ့လား"
ကျိုးစုစုကမူ ခေါင်းခါပြသည်။
"အဆင်ပြေပါတယ်။ ဒါပေမဲ့ အိမ်ပဲပြန်ချင်တော့တယ်"
ယဲ့ချန်းကလည်း အကြံပြုလိုက်၏။
"အချိန်လည်း တော်တော်လင့်နေပြီဆိုတော့ မင်း ဒီမှာပဲနားလိုက်ပါလား။ ဒီမှာ တိတ်ဆိတ်တယ်။ ပြီးတော့ ဒီအနီးအနားမှာ ကိုယ့်ဗီလာတစ်လုံးရှိသေးတော့ ကိုယ်က အဲဒီကိုပဲ သွားလိုက်ပါ့မယ်"
ကျိုးစုစု၏ မျက်နှာလှလှလေးကား နီရဲသွားပြီး ယဲ့ချန်းကိုပင် မကြည့်ရဲတော့ဘဲ ရှက်ရွံ့စွာ ခေါင်းညိတ်ပြလိုက်သည်။
အခြေအနေက အနည်းငယ် နေရခက်နေသော်လည်း ကျိုးစုစုမှာမူ အားနာမိသည်။
တကယ်တော့ သူ(မ) ယဲ့ချန်းကို တကယ်သဘောကျသည်။ အစကမူ ဤအခွင့်အရေးကို အသုံးချ၍...
သို့သော် ယခုလိုကိစ္စမျိုး ဖြစ်လာလိမ့်မည်ဟု သူ(မ) လုံးဝမထင်ထားပေ။
ထိုရဲအရာရှိများ၏ ဝင်ရောက်နှောင့်ယှက်မှုကြောင့် ယခုမူ သူ(မ)တွင် ဘာစိတ်ကူးမှ မရှိတော့ချေ။
ကျိုးစုစု ရှက်နေသည်ကို မြင်သော် ယဲ့ချန်းက ညင်သာစွာ ပြုံးလိုက်လေသည်။
"ကောင်းပြီ။ မင်း နားလိုက်တော့လေ။ ကိုယ် သွားတော့မယ်"
ထိုသို့ပြောပြီးနောက် ယဲ့ချန်းက တံခါးဖွင့်၍ ဟိုတယ်ထဲမှ ထွက်လာခဲ့သည်။
ဟိုတယ်အပြင်ဘက်တွင်မူ ညလေညင်းက အနည်းငယ် အေးစိမ့်နေသည်။
ကျစ်... ဒါက ဘယ်လိုအခြေအနေကြီးလဲကွာ။
ထိုအချိန်တွင် ယဲ့ချန်း၏ဖုန်းက ရုတ်တရက် မြည်လာသည်။
ယဲ့ချန်း ကြည့်လိုက်သောအခါ ကျိုးစုစုပို့ထားသော ဝေ့ရွှင်းမက်ဆေ့ချ်တစ်စောင် ဖြစ်နေပေသည်။
"ယဲ့ချန်း... တောင်းပန်ပါတယ်။ ရှင့်ကို ဒီအတိုင်း အိမ်ပြန်လွှတ်လိုက်ရတာ ကျွန်မအမှားတွေပါ"
"ရပါတယ်။ မတော်တဆဖြစ်သွားတာပဲမဟုတ်လား"
"ရှင်... ကျွန်မကို အရမ်းလွန်တယ်လို့များ ထင်နေလားဟင်"
ယဲ့ချန်း ခဏမျှ ရပ်တန့်သွားသည်။
"မထင်ပါဘူး ဟားဟား... မင်းက ချစ်စရာကောင်းတဲ့ ရဲမေလေးပါ"
ယဲ့ချန်း၏ မက်ဆေ့ချ်ကို ကြည့်ရင်း ကျိုးစုစု၏ ပါးပြင်နှစ်ဖက် နီမြန်းသွားပြီး အချိန်အတန်ကြာအောင် တိတ်ဆိတ်နေပြီးနောက် နောက်ဆုံးတွင် မက်ဆေ့ချ်ပို့လိုက်သည်။
"ကျွန်မတို့ ဒီထက်ပိုပြီး အတူတူဖြတ်သန်းကြရအောင်။ နောက်ပိုင်းကျရင် အခွင့်အရေးတွေ အများကြီး ရှိလာဦးမှာပါ"
သူ(မ)သည် ရဲစခန်းတွင် ပြတ်သားသော ရာဇဝတ်မှုခင်းရဲတပ်ဖွဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်သော်လည်း ဤကိစ္စနှင့်ပတ်သက်လာလျှင်မူ ကျိုးစုစုမှာ အလွန်ရှက်တတ်သည်။
အကယ်၍ သူ(မ)သာ ယဲ့ချန်းကို တကယ်မနှစ်သက်ပါက၊ ထို့ပြင် ယနေ့ညကိစ္စသာ မဖြစ်ခဲ့ပါက ဤသို့သော မက်ဆေ့ချ်မျိုးကို ဘယ်တော့မှ ပို့မည်မဟုတ်ပေ။
ယခုအချိန်တွင်မူ ကျိုးစုစုခမျာ ဟိုတယ်ခုတင်ပေါ်တွင် လဲလျောင်းရင်း မျက်နှာတစ်ခုလုံး နီရဲနေလေပြီ။
ဘုရားရေ... ငါ ဘာတွေလုပ်လိုက်မိတာလဲ။ ငါ ဘာလို့ ဒီလိုမက်ဆေ့ချ်မျိုး ပို့လိုက်ရတာလဲ။
ဘာကြောင့်မှန်းမသိသော်လည်း ယဲ့ချန်းနှင့် တွေ့ပြီးကတည်းက သူ(မ)ကိုယ်သူ(မ) လုံးဝ ပြောင်းလဲသွားပြီဟု ကျိုးစုစု ခံစားနေရသည်။
ယနေ့ည ယဲ့ချန်းနှင့် ထိုကိစ္စမျိုးလုပ်ဖို့ ဘယ်လိုစီစဉ်ခဲ့သလဲဆိုသည်ကို တွေးမိချိန်ဝယ် သူ(မ) အလွန်ရှက်သွေးဖြာသွားရသည်။
ယဲ့ချန်းက မက်ဆေ့ချ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရယ်ချင်သွားသည်။
ဒီကောင်မလေးကတော့လေ...
သို့သော် ယနေ့ အောင်မြင်မှုက အလွန်ကြီးမားလှသည်။ အနည်းဆုံးတော့ သူ ကျိုးစုစုနှင့် ပတ်သက်ပြီး ကြီးမားသော တိုးတက်မှုတစ်ခု ရခဲ့ပြီမဟုတ်လား။
သူတို့နှစ်ယောက်ကြားတွင် ထိုကိစ္စမျိုးနှင့် ပတ်သက်၍ အရာအားလုံးက သဘာဝအတိုင်း ဖြည်းဖြည်းချင်း တိုးတက်လာပြီ ဖြစ်၏။
ယဲ့ချန်း လမ်းမကို တစ်ချက်ကြည့်လိုက်သောအခါ လမ်းမထက်တွင် အလွန်တိတ်ဆိတ်နေချေသည်။
ကားတစ်စီးမျှပင် မရှိချေ။
ဟူး... တော်တော်ညဉ့်နက်နေပြီဆိုတော့ တက္ကစီခေါ်လိုက်တာ ပိုကောင်းမယ်ထင်တယ်။
ထိုအချိန်မှာပင် တုတ်များ ကိုင်ဆောင်ထားသော လူတစ်ဒါဇင်ခန့် သူရှိရာသို့ လျှောက်လာနေကြောင်း မြင်လိုက်ရသောကြောင့် ယဲ့ချန်း၏ အကြည့်များ ရုတ်တရက် စူးရှသွားသည်။
လက်နက်များ ကိုင်ဆောင်ထားသော ရက်စက်ကြမ်းကြုတ်မည့်ဟန်တူသည့် လူမိုက်တစ်စုက မေးစရာပင် မလိုဘဲ သူ့ဆီသို့ လာနေခြင်းဖြစ်ကြောင်း သိသာလှသည်။
ယဲ့ချန်း မျက်မှောင်ကြုတ်လိုက်မိသည်။
ဒါတွေက ဘယ်သူ့လူတွေလဲ။ ဂန်ဟောက်လွှတ်လိုက်တဲ့ လူတွေများလား။
သူ့အကြည့်က အမာရွတ်မျက်နှာပိုင်ရှင် ခေါင်းဆောင်ဖြစ်သူအပေါ် ကျရောက်သွားသည်။
ထိုလူက သူ့ကို အေးစက်စက် စိုက်ကြည့်နေပြီး ထိုလူ့ထံမှ ပြင်းထန်လှသော သတ်ဖြတ်လိုသည့် အငွေ့အသက်ကို ယဲ့ချန်း ခံစားလိုက်ရသည်။
သူတို့က သူ့ကိုသတ်ဖို့ ရည်ရွယ်ထားသည်မှာ ရှင်းနေချေသည်။
ယဲ့ချန်း မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူ ဤလူ့ကို ယခင်က မြင်ဖူးသည်။ သူသည် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်အနောက်မှ လိုက်ပါလာတတ်သည့်လူပင်။
"ကောင်လေး... သခင်လေးဂန်ကို စော်ကားပြီးရင် ပြီးသွားပြီလို့ မင်းထင်နေတာလား။ ဒီလောက် ညဉ့်နက်တဲ့အထိ တစ်ယောက်တည်း အပြင်ထွက်ရဲသေးတယ်ဆိုတော့ မင်းက တကယ်သေချင်နေတာပဲ"
အမာရွတ်နှင့်လူက ယဲ့ချန်းကို သတ်ဖြတ်လိုသော အကြည့်များဖြင့် ကြည့်၍ ပြောလာလေသည်။
ယဲ့ချန်းက ရယ်မောလျက် ပေါ့ပေါ့ပါးပါး ပြောလိုက်၏။
"မင်းတို့ရဲ့ သခင်လေးဂန်က လက်မလျှော့သေးဘဲ ငါ့ကို ရှင်းပစ်ချင်နေတုန်းလား။ ဒီနေ့ ငါ သူ့အပေါ် တအားသက်ညှာမိသွားပုံပဲ'
ယဲ့ချန်း၏စကားကို ကြားသောအခါ အမာရွတ်နှင့်လူ၏ အကြည့်များမှာ အေးစက်ခက်ထန်သွားသည်။
"ကောင်လေး... မင်းသာမရှိရင် သခင်လေးဂန်က ဒီနေ့ ပျော်ရွှင်နေမှာ။ မင်းက သူ့ခံစားချက်တွေကို ဖျက်ဆီးပစ်ရုံတင်မကဘူး။ သူ့ခေါင်းကိုပါ ရိုက်ခွဲရဲသေးတယ်။ မပတ်သက်သင့်တဲ့ ကိစ္စတွေကို ဝင်ပါခဲ့တာက မင်း ဘယ်လောက်မိုက်မဲလဲဆိုတာ သက်သေပြနေတာပဲ"
ယဲ့ချန်းက ရယ်မောလိုက်၏။
"တကယ်တော့ ငါ သူ့ကို ကျေးဇူးတင်သင့်တယ်။ သူသာမရှိရင် ငါက လူစွမ်းကောင်းလုပ်ပြီး အလှလေးကို ကယ်တင်နိုင်တဲ့ အခွင့်အရေးကို ဘယ်လိုလုပ်ပြီး ရနိုင်မှာလဲ။ သူ့ကြောင့်သာမဟုတ်ရင် ငါ အလှလေးတစ်ယောက်နဲ့ ဟိုတယ်အခန်း ဘိုကင်လုပ်နိုင်တဲ့ အခွင့်အရေးကို ဘယ်လိုလုပ်ပြီး ရနိုင်မှာလဲ"
"ဟွန့်... သေချင်နေတာပဲ။ မင်း ပျော်လို့ ဝလောက်ရောပေါ့။ အခုတော့ သေမင်းက မင်းကို စောင့်နေပြီ"
ယဲ့ချန်းက အမာရွတ်ပိုင်ရှင်နှင့် သူ့နောက်မှ တုတ်ကိုင်ထားသူများကို အေးစက်စက် ကြည့်လိုက်၏။
"မင်းတို့ ဘာလုပ်ဖို့ စီစဉ်ထားတာလဲ။ ငါတို့က အခု တရားဥပဒေစိုးမိုးတဲ့ လူ့အဖွဲ့အစည်းမှာ နေထိုင်နေကြတာနော်။ မင်းတို့က လမ်းမပေါ်မှာတင် လူသတ်မှု ကျူးလွန်ဖို့ စဉ်းစားနေတာလား"
အမာရွတ်ပိုင်ရှင်က လှောင်ပြုံးပြုံးလိုက်၏။
"တရားဥပဒေစိုးမိုးတဲ့ လူ့အဖွဲ့အစည်း ဟုတ်လား။ ငါက ဥပဒေပဲကွ"
စကားအဆုံးတွင် အမာရွတ်ပိုင်ရှင်နှင့် သူ့အနောက်မှ လူတစ်ဒါဇင်က ယဲ့ချန်းထံသို့ ပြေးဝင်လာကြသည်။
ဤလူများက သူ့ကိုသတ်ရန် ရည်ရွယ်ထားကြောင်း ယဲ့ချန်း နားလည်လိုက်သောကြောင့် မျက်နှာအမူအရာကား အနည်းငယ် အေးစက်ခက်ထန်သွားသည်။
"မင်းတို့လောက်နဲ့ ငါ့ကို သတ်နိုင်မယ်လို့ ထင်နေတာလား။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေပြီ"
စကားအဆုံးတွင်မူ ယဲ့ချန်း၏ ခန္ဓာကိုယ်က တုတ်ကိုင်ထားသော အုပ်စုထံသို့ မိုးကြိုးလျှပ်စီးပမာ ပြေးဝင်သွားသည်။
ဘန်း... ဘန်း... ဘန်း...
ယဲ့ချန်းအနေနှင့် သူ့အသက်အန္တရာယ်ကို ခြိမ်းခြောက်လာသူများအပေါ် အလျှော့ပေးမည် မဟုတ်ပေ။ မျက်တောင်တစ်ခတ်အတွင်းမှာပင် တစ်ယောက်ပြီးတစ်ယောက် လဲကျသွားကြသည်။
အမာရွတ်ပိုင်ရှင်က အေးစက်မာကျောစွာ ကြည့်နေချေသည်။ သူ့မျက်လုံးထဲတွင် အေးစက်စက် အငွေ့အသက်များ လင်းလက်နေသည်။
သူ့ခန္ဓာကိုယ်က ရုတ်တရက် လှုပ်ရှားသွားပြီး ယဲ့ချန်းထံသို့ ပြေးဝင်ကာ သံတုတ်ဖြင့် ယဲ့ချန်း၏ခေါင်းကို ချိန်ရွယ်၍ ရိုက်ချလိုက်သည်။
အခြားလူမိုက်များနှင့်မတူပါဘဲ အမာရွတ်ပိုင်ရှင်တွင် သိုင်းပညာစွမ်းရည်ရှိပြီး သူဝှေ့ယမ်းလိုက်သော သံတုတ်ကြောင့် လေပြင်းတစ်ချက်ပင် တိုက်ခတ်သွားသည်။
ယဲ့ချန်း ဆွံ့အသွားရသည်။ သူနှင့် အမာရွတ်ပိုင်ရှင်ကြားတွင် နက်ရှိုင်းသော အမုန်းတရားမျိုး မရှိသော်လည်း ဤလူက သူ့ကို သေစေချင်နေသည်မှာ ရှင်းနေပေသည်။
ပြိုင်ဘက်ဖြစ်သူ၏ သေစေနိုင်သော တရစပ်တိုက်ခိုက်မှုများကို မြင်လိုက်ရသောအခါ ယဲ့ချန်း၏ အကြည့်များ အေးစက်သွားသည်။
အမာရွတ်ပိုင်ရှင် တုတ်ဖြင့် ရိုက်ချလိုက်ချိန်တွင် ယဲ့ချန်းကလည်း ဘေးသို့ တိမ်းရှောင်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်က အမာရွတ်ပိုင်ရှင်အနီးသို့ လျှပ်တစ်ပြက် ချဉ်းကပ်ကာ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
ဘိုင်း...
ယဲ့ချန်း၏ လက်ဝါးရိုက်ချက်က အမာရွတ်ပိုင်ရှင်အပေါ် အားပြင်းပြင်း ကျရောက်သွားသောကြောင့် သူ့ခမျာ အနောက်သို့ ခြေလှမ်းအနည်းငယ် ယိုင်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။
အမာရွတ်ပိုင်ရှင်က မတ်တတ်ထရပ်ရန် ကြိုးစားလိုက်သော်လည်း သူ့ရင်ဘတ်ထဲမှ စူးရှနာကျင်စွာ အောင့်တက်လာသဖြင့် သွေးအန်လေတော့သည်။
ထိုလူကို ရှင်းပစ်မည့် ရည်ရွယ်ချက်ဖြင့် ယဲ့ချန်းလည်း အမာရွတ်ပိုင်ရှင်ရှိရာသို့ လျှောက်သွားလိုက်သည်။
ရုတ်ခြည်းပင် သတိပေးစနစ်တစ်ခုက အနီရောင် လင်းလက်သွားပြီး ယဲ့ချန်းမှာ သူ့ကို ပစ်မှတ်ထားနေသော အလွန်အန္တရာယ်ကြီးမားသည့် အကျပ်အတည်းတစ်ခုကို အာရုံခံလိုက်မိသည်။
ယဲ့ချန်း အကြည့်များကို စူးစိုက်လိုက်ပြီးနောက် အားကုန်သုံး၍ လှမ်းလိုက်ပြီး သူ့ခန္ဓာကိုယ်ကို အဝေးသို့ လွင့်ထွက်သွားအောင် လုပ်လိုက်သည်။
ရွှီး...
ယဲ့ချန်း ရပ်နေခဲ့သော နေရာတည့်တည့်သို့ မြှားတိုတစ်ချောင်း ကျလာသည်။
ထို့နောက် အမှောင်ထုထဲမှ ကျော့ရှင်းလှပသော ပုံရိပ်တစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။
သူ(မ)၏ ကျောက်စိမ်းရောင်လက်လေးကို ဝှေ့ယမ်းလိုက်သည်နှင့် နောက်ထပ်မြှားတိုတစ်ချောင်းက ယဲ့ချန်းထံသို့ ပစ်ဝင်လာပြန်သည်။
အမှောင်ထုထဲတွင် ထိုမြှားတိုက ယဲ့ချန်း၏လည်ပင်းကို ပစ်မှတ်ထား၍ လျှပ်စီးပမာ ပျံသန်းလာသည်။
ယဲ့ချန်း၏ မျက်နှာအမူအရာကား အနည်းငယ် အေးစက်မာကျောသွားသည်။
သူသည် လူမိုက်ဆီက ယူထားသော သံတုတ်ကို ဝှေ့ယမ်းလိုက်သည်။
ဒေါင်...
ယဲ့ချန်း၏ သံတုတ်က မြှားတိုကို ရိုက်ချလိုက်သဖြင့် အနီးရှိ သစ်ပင်တစ်ပင်တွင် အားပြင်းပြင်း စိုက်ဝင်သွားသည်။
တစ်ချိန်တည်းမှာပင် ထိုအမျိုးသမီးက ဆွဲဆောင်မှုရှိသော အရိပ်တစ်ခုပမာ ယဲ့ချန်းအနားသို့ ချဉ်းကပ်လာပြီး ယဲ့ချန်း၏ ရင်ဘတ်ထဲသို့ ထိုးစိုက်ရန် ဓားမြှောင်တစ်လက်ကို အသင့်ပြင်ထားချေသည်။
သူ(မ)၏အရှိန်က မြန်ဆန်လှပြီး လှုပ်ရှားမှုတိုင်းတွင် သေစေနိုင်သော အန္တရာယ်များ ပါဝင်နေလေရာ အနည်းငယ်မျှ ပေါ့ဆလိုက်မိသည်နှင့် ယဲ့ချန်းလည်း ဤလုပ်ကြံသတ်ဖြတ်သူ၏ လက်ချက်ဖြင့် အသက်ပျောက်သွားနိုင်သည်။
••••••••••••••••••••