အခန်း ၆၅၈
Vol. 44 Ch. 658
အပိုင်း ၆၅၈ : လူတစ်ယောက်ကို ကယ်တင်ခြင်း
ယဲ့ချန်း အခန်းထဲသို့ ပြန်ရောက်ပြီးနောက် မကြာခင်မှာပင် အိပ်မောကျသွားသည်။
အထဲရှိ အမျိုးသမီးလုပ်ကြံသူ ရှောင်ရှန်းနှင့်ပတ်သက်၍မူ ယဲ့ချန်း သိပ်စိတ်မပူမိပေ။
စနစ်၏သတိပေးချက် ရှိနေသောကြောင့် သူ(မ)မှာသာ မကောင်းသော ရည်ရွယ်ချက် ရှိခဲ့ပါက စနစ်က ယဲ့ချန်းကို ချက်ချင်း အသိပေးလိမ့်မည်။
ယဲ့ချန်း မျက်နှာသစ်ရင်း မနေ့ညက အဖြစ်အပျက်များကို တွေးကာ ကူကယ်ရာမဲ့စွာ ခေါင်းခါယမ်းလိုက်မိသည်။
သူသည် မိန်းကလေးနှစ်ယောက်၏ အခန်းထဲကို ဖိတ်ခေါ်ခံခဲ့ရသော်လည်း နောက်ဆုံးတွင်မူ မိန်းမတစ်ယောက်၏ ခုတင်ပေါ်မှာ နှစ်ကြိမ်စလုံး ကျရှုံးခဲ့ရသည်။
ဟူး... တကယ်စိတ်ပျက်ဖို့ကောင်းလိုက်တာ။
သို့သော် ဤသည်မှာ သူ၏ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း အားကောင်းလွန်း၍ပင်။
သူသည် စည်းလွတ်ဝါးလွတ်နေတတ်သူတစ်ယောက် မဟုတ်ပါချေ။
ယဲ့ချန်း တွေးတောငေးမောနေစဉ် အပြင်ဘက်က တံခါးခေါက်သံ ထွက်ပေါ်လာသည်။
တံခါးဖွင့်လိုက်သောအခါ တံခါးဝတွင် ရပ်နေသည့် ရှောင်ရှန်းကို မြင်လိုက်ရ၏။
"စောစောနိုးနေတာလား"
ယဲ့ချန်းက ရှောင်ရှန်းကို ကြည့်၍ ခဏမျှ မှင်တက်သွားသည်။
"ဒါပေါ့... ကျွန်မက ရှင့်လို အလုပ်လက်မဲ့ မဟုတ်ဘူးလေ"
"ကိုယ့်ကို အလုပ်လက်မဲ့လို့ ဘယ်သူကပြောလဲ။ ကိုယ်က တက္ကစီဒရိုင်ဘာပါနော်။ သိလား"
ယဲ့ချန်းခမျာ ကူကယ်ရာမဲ့ဟန်ဖြင့် ပြောလိုက်သည်။
ရှောင်ရှန်းက ယနေ့ အဝတ်အစားလဲထားလေသည်။ သားရေဝတ်စုံတစ်စုံက သူမ၏ Sကောက်ကြောင်းအလှကို အပြည့်အဝ ပေါ်လွင်စေသည်။
"ဒါပေမဲ့ ရှင်နှိပ်ပေးတာက တကယ်ထိရောက်သားပဲ။ မနေ့ညက အိပ်ရာပေါ် လှဲလိုက်တာနဲ့ ချက်ချင်း အိပ်ပျော်သွားတာ။ ဒီလို ကောင်းကောင်းမွန်မွန် အိပ်မပျော်တာ ကြာပြီ"
ယဲ့ချန်းခမျာ အကြောင်သား နားထောင်နေမိသည်။ မနေ့ညက သူတစ်ယောက်တည်း အိပ်မပျော်နိုင်ဘဲ တစ်ညလုံး လူးလှိမ့်နေခဲ့ရသည် မဟုတ်ပါလား။
သေစမ်း... အလှလေးရဲ့ ဆွဲဆောင်မှုကို ခံလိုက်ရပေမဲ့ ဘာမှမလုပ်လိုက်ရတော့ တကယ်စိတ်ပျက်ဖို့ကောင်းတဲ့ ခံစားချက်ကြီးပဲ...
ရှောင်ရှန်းက ရယ်မောရင်း ပြောလိုက်၏။
"နောက်တစ်ခါ အချိန်ရရင် ကျွန်မကို ထပ်နှိပ်ပေးဦးနော်"
ယဲ့ချန်းက အေးစက်စက် နှာခေါင်းရှုံ့လိုက်လေသည်။
"ငါက မင်းရဲ့အစေခံ မဟုတ်ဘူးနော်"
ရှောင်ရှန်းက ခပ်ဖွဖွပြုံးလိုက်သည်။
"ဒါပေမဲ့ ကျွန်မက ရှင့်ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တယ်လေ"
ယဲ့ချန်း၏ မျက်လုံးများ ချက်ချင်း တောက်ပသွားသည်။
"ကျွန်မကွန်ပျူတာထဲမှာ ရှင်တို့ ယောက်ျားတွေ သဘောကျတဲ့ ဂျပန်အချစ်အက်ရှင်ရုပ်ရှင်တွေ အများကြီးရှိတယ်"
ယဲ့ချန်း : "..."
သေစမ်း .. ဒီကောင်မလေးဆီမှာ ထပ်အစခံလိုက်ရပြန်ပြီ။
သူတို့နှစ်ယောက်သား နေရာတစ်ခုကို ရွေးချယ်ကာ မနက်စာစားလိုက်ကြသည်။
ကြယ်ငါးပွင့်ဟိုတယ်ပီပီ ဤမနက်စာက အလွန်ပင် စုံလင်လှသည်။
ယဲ့ချန်းကို ကြည့်ရင်း ရှောင်ရှန်း၏ ရင်ထဲတွင် တစ်မျိုးတစ်မည် ခံစားလိုက်ရသည်။
ယဲ့ချန်းနှင့် အတူရှိနေချိန်တွင် သူ(မ) ပျော်ရွှင်မှုကို ခံစားရသည်။
အထူးသဖြင့် ယဲ့ချန်းကို စနောက်ကျီစယ်ပြီး ကူကယ်ရာမဲ့နေသော သူ့အမူအရာကို မြင်ရခြင်းမှာ သူ(မ)ကို ပိုစိတ်ရွှင်လန်းစေသည်။
ကောင်းကောင်းအိပ်စက်ခဲ့ရသလို ပိုပြီးလည်း စားနိုင်လာသည်။
သူတို့ မနက်စာ စားနေချိန်မှာပင် မလှမ်းမကမ်း၌ ရုတ်တရက် ရုန်းရင်းဆန်ခတ် ဖြစ်သွားသည်။
အဘိုးကြီးတစ်ယောက်က အစားစားနေရင်း မြေပြင်ပေါ်သို့ ရုတ်တရက် လဲကျသွားခြင်းပင်။
"မြန်မြန်... အရေးပေါ်ဖုန်း ၁၂၀ကို ခေါ်လိုက်ကြစမ်း"
"အခုအချိန်က မနက်ခင်းအလုပ်သွားချိန် လူရှုပ်နေတာဆိုတော့ အရေးပေါ်ကား ရောက်လာဖို့ အနည်းဆုံး နာရီဝက်လောက် ကြာလိမ့်မယ်"
ယဲ့ချန်းလည်း မတ်တတ်ထရပ်၍ လူအုပ်ကြီးရှိရာသို့ လျှောက်သွားလိုက်သည်။
လူအုပ်ထဲတွင် အဘိုးကြီးတစ်ယောက်က နာကျင်နေသော အမူအရာဖြင့် ရင်ဘတ်ကို ဖိထားရင်း လဲလျောင်းနေသည်။
ယဲ့ချန်းလည်း ထိုအဘိုးအိုမှာ နှလုံးရောဂါဖောက်နေခြင်း ဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။
ယဲ့ချန်းထံတွင် နတ်ဘုရားအဆင့် ဆေးပညာစွမ်းရည် ရှိနေပေသည်။ သူသည် သူတစ်ပါးကိစ္စကို လွယ်လွယ်နှင့် ဝင်မပါတတ်သော်လည်း ဤကဲ့သို့ ကြုံတွေ့ရချိန်တွင်မူ မလှုပ်ရှားဘဲ မနေနိုင်တော့ချေ။
သမားတော်တစ်ယောက်၏ ကရုဏာစိတ်ကြောင့် ထိုအဘိုးအို သေလုမြောပါး ဖြစ်နေသည်ကို မြင်သောအခါ သူ လက်ပိုက်ကြည့်မနေနိုင်တော့ပေ။
ထိုအချိန်တွင် ရှောင်ရှန်းလည်း ယဲ့ချန်း၏ နံဘေးသို့ ရောက်လာခဲ့သည်။
လူအုပ်ကြီးက အဘိုးအိုကို စိုးရိမ်တကြီး ဝိုင်းအုံကြည့်နေကြသည်။
ထိုအချိန်တွင် လူငယ်တစ်ယောက်က လူနာတင်ကားကို စောင့်ရမလား။ သို့မဟုတ် အဘိုးအိုကို ပွေ့ချီ၍ ဆေးရုံသို့ တန်းသွားရမလားဟူ၍ ဝေခွဲမရဖြစ်နေပေသည်။
ယဲ့ချန်းက သူ့ကို ကမန်းကတန်းတားလိုက်သည်။
"အဘိုးကို မသေစေချင်ရင် မလှုပ်နဲ့"
ယဲ့ချန်း၏စကားကို ကြားသောအခါ ထိုလူငယ်မှာ လန့်ဖျပ်သွားသည်။
ယဲ့ချန်းသည် ထိုလူကို ဘေးသို့ တွန်းဖယ်ပြီး အဘိုးအို၏ ဘေးနားတွင် ဆောင့်ကြောင့်ထိုင်၍ သွေးခုန်နှုန်းကို စမ်းသပ်လိုက်သည်။
ယဲ့ချန်း၏ တွန်းဖယ်ခြင်းကို ခံလိုက်ရသောကြောင့် ထိုလူငယ်မှာ ဒေါသတကြီး ထလာပြီး ယဲ့ချန်းကို ပြဿနာရှာရန် ပြင်လိုက်သည်။
"မင်းအဖေကို မသေစေချင်ရင် ငြိမ်ငြိမ်နေစမ်း။ ငါက အဘိုးကို ကုပေးမယ့် ဆရာဝန်ပဲ"
ယဲ့ချန်း၏ စကားကြောင့် ထိုလူငယ်မှာ ခေတ္တရပ်တန့်သွားပြီးနောက် အေးစက်စက် စိုက်ကြည့်လိုက်၏။
"မင်းက ဒီလောက်ငယ်တာ... ဆရာဝန်ဆိုရင်တောင် အလုပ်သင်ပဲ ဖြစ်မှာ။ မင်းက ဘာမို့လို့ ငါ့အဖေကို ကုပိုင်ခွင့်ရှိတာလဲ"
ယဲ့ချန်းက အေးစက်ခက်ထန်စွာ ပြောလိုက်၏။
"မင်းအဖေက နှလုံးရောဂါ ဖောက်နေတာ။ တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်ကို လိုအပ်တယ်။ တကယ်လို့ မင်းက သူ့ကို မြန်မြန်သေစေချင်ရင်တော့ ဆက်ပြီးဆူညံနေလိုက်"
ယဲ့ချန်း၏စကားကို ကြားပြီးနောက် ထိုလူငယ်မှာ နောက်ဆုံးတွင် ငြိမ်ကျသွားတော့သည်။
ယဲ့ချန်းသည် အလွန်ငယ်ရွယ်သော်လည်း မည်သို့ပင်ဖြစ်စေ သူ့အဖေကို ကယ်တင်နေခြင်းပင်။
သွေးခုန်နှုန်း စမ်းသပ်ပြီးနောက် ယဲ့ချန်းက ပြောလိုက်၏။
"လူနာက ခုနကတင် အရက်သောက်ထားတာလား"
ထိုလူငယ်ကလည်း ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်။ ဒီနေ့မနက်စောစော အဖေက ရုတ်တရက်ကြီး အရက်သောက်ချင်တယ်ဆိုလို့ ကျွန်တော် သူ့ကို အဖော်လုပ်ပြီး နည်းနည်း သောက်ပေးလိုက်မိတာ"
"ပေါက်ကရတွေ... အဘိုးရဲ့ ကျန်းမာရေးအခြေအနေနဲ့ မင်းက ဘယ်လိုလုပ်ပြီး အရက်သောက်ခွင့်ပေးလိုက်ရတာလဲ"
ယဲ့ချန်း မျက်မှောင်ကြုတ်လိုက်မိသည်။
ထိုလူငယ်မှာ ချက်ချင်းပင် ဆွံ့အသွားလေတော့သည်။ သူ့အဖေက အလွန်ခေါင်းမာသူဖြစ်လေရာ သူတားခဲ့သော်လည်း အဖေဖြစ်သူက ဇွတ်သောက်ခဲ့သည်။
ယဲ့ချန်းက ဆို၏။
"အဘိုးရဲ့ နှလုံးရောဂါက အရက်ကြောင့် စိတ်လှုပ်ရှားပြီး ရောဂါဖောက်တာ။ အရေးပေါ်ကားကို ဆက်စောင့်နေရင် အချိန်မီမှာမဟုတ်ဘူး။ ချက်ချင်းကုသဖို့ လိုတယ်"
ယဲ့ချန်း၏ စကားကြောင့် လူငယ်၏ရင်ထဲတွင် စိုးရိမ်စိတ်များ ကြီးစိုးသွားသည်။
"ဒါပေမဲ့ ဆရာဝန်မရှိဘဲ ဘယ်လိုကုမှာလဲ"
ထိုအချိန်တွင် ယဲ့ချန်းက သူ့အိတ်ကပ်ထဲမှ အိတ်ငယ်လေးတစ်လုံးကို ထုတ်ယူလိုက်သည်။ ထိုအိတ်ကို ဖွင့်လိုက်သောအခါ အထဲတွင် ငွေအပ်များကို တွေ့လိုက်ရသည်။
"နေပါဦး... မင်း တကယ်ကုတတ်လို့လား။ ရောဂါကို မှားယွင်းသုံးသပ်ပြီး ငါ့အဖေရဲ့ အခြေအနေကို ပိုဆိုးအောင် မလုပ်ပါနဲ့"
ယဲ့ချန်းက ထိုလူငယ်ကို ကြည့်လိုက်သည်။
"မင်းအဖေကို အခုချက်ချင်း မကုရင် သူ တစ်မိနစ်တောင် မပြည့်ခင် သေသွားလိမ့်မယ်။ ငါ့အကူအညီကို မလိုတာ သေချာလား"
ယဲ့ချန်း၏ စကားကို ကြားသောအခါ ထိုလူငယ်လည်း မျက်နှာပျက်သွားပြီး အံတင်းတင်းကြိတ်လိုက်သည်။
"ကျေးဇူးပြုပြီး... ကျွန်တော့်အဖေကို ကယ်ပေးပါ လူကြီးမင်း"
ယဲ့ချန်းလည်း ထပ်ပြီး စကားများမနေတော့ဘဲ အဘိုးအို၏ နှလုံးသွေးကြော အပ်စိုက်အမှတ်များအနီးတွင် ငွေအပ်များကို ထိုးစိုက်လိုက်လေတော့သည်။
သူ့လက်ချောင်းများကို ညင်သာစွာ ဝှေ့ယမ်း၍ ငွေအပ်များကို အဘိုးအို၏ ခန္ဓာကိုယ်အတွင်းသို့ တစ်ချောင်းပြီးတစ်ချောင်း စိုက်သွင်းလိုက်သည်။
အဘိုးအို၏ မျက်နှာပေါ်ရှိ နာကျင်မှုများမှာ တဖြည်းဖြည်းနှင့် သိသိသာသာ လျော့ပါးသွားသည်။
မိနစ်အနည်းငယ် ကုန်ဆုံးသွားသော်လည်း အဘိုးအိုမှာ မျက်လုံးမှိတ်ထားဆဲဖြစ်ပြီး ဘာတုံ့ပြန်မှုမှ မရှိသေးချေ။
ထိုအချိန်တွင် မိသားစုဝင်များမှာ စိတ်မရှည်ကြတော့ပေ။
ယဲ့ချန်းက အလွန်ငယ်ရွယ်လွန်းသဖြင့် ဆေးပညာတတ်သည်ဆိုဦးတော့။ မည်မျှအထိ ကျွမ်းကျင်နိုင်မည်နည်း။
ထိုလူငယ်က စိုးရိမ်တကြီး ရေရွတ်လိုက်သည်။
"မင်း တကယ်တတ်လို့လား။ မတတ်ဘဲနဲ့ လျှောက်မကုပါနဲ့"
"အာ...လူနာတင်ကားကလည်း အခုထိ ဘာလို့ ရောက်မလာသေးတာလဲ"
"ငါ့အဖေသာ တစ်ခုခုဖြစ်ရင် မင်းကို လုံးဝခွင့်မလွှတ်ဘူး"
ယဲ့ချန်းက အေးစက်ခက်ထန်စွာ ပြောလိုက်သည်။
"ငြိမ်ငြိမ်နေစမ်း... အဘိုးက အခု တိတ်ဆိတ်ပေးဖို့ လိုအပ်နေတာ။ ပြီးတော့ သူ့ခန္ဓာကိုယ်ကို လုံးဝမရွှေ့ရဘူး။ မဟုတ်ရင် အမတတွေ ဆင်းကယ်ရင်တောင် မင်းအဖေကို ကယ်နိုင်မှာမဟုတ်ဘူး"
ယဲ့ချန်း၏ စကားကို ကြားသောအခါ ထိုလူငယ်မှာ စိုးရိမ်နေသော်လည်း စကားမပြောရဲတော့ချေ။
တကယ်တော့ တစ်ဖက်လူ၏စရိုက်အရ ယဲ့ချန်းအနေနှင့် လုံးဝ ဝင်မပါချင်ပေ။
သို့သော် အဘိုးအို၏ အသက်က အရေးကြီးနေပေသည်။
ကြုံလက်စနှင့် ကုသပေးနေပြီဖြစ်ရာ အဆုံးအထိ ပျောက်ကင်းအောင် ကုသပေးရပေမည်။
သူ အပ်စိုက်ကုသမှုကို ဆက်လက်လုပ်ဆောင်လိုက်ပြီး နောက်ဆုံးတွင် ငွေအပ်ကို စိုက်သွင်းလိုက်ချိန်တွင်မူ အဘိုးအို၏ လက်က အနည်းငယ် လှုပ်ရှားသွားသည်။
မိနစ်အနည်းငယ် ကြာပြီးနောက် ယဲ့ချန်းသည် သက်ပြင်းရှည်ကြီးတစ်ချက်ချကာ အပ်များကို ပြန်လည်နှုတ်ယူလိုက်သည်။
ထိုအချိန်တွင် အဘိုးအို မျက်လုံးပွင့်လာခဲ့သည်။
"အဖေ... ဘယ်လိုနေလဲ"
အဖေဖြစ်သူ နိုးလာသည်ကို မြင်သောအခါ ထိုလူငယ်က ဝမ်းသာအားရ ရေရွတ်လိုက်သည်။
အဘိုးအိုသည် အကူအညီယူ၍ မတ်တတ်ထရပ်လိုက်၏။
"ငါ ခုနက ငရဲတံခါးဝအထိ ရောက်သွားသလို ခံစားလိုက်ရတာ။ ဒီလူငယ်လေးက ငါ့ကို ကယ်တင်ပေးခဲ့လို့ တော်သေးတာပေါ့"
တစ်ဖက်လူငယ်မှာ ကျေးဇူးတင်သွားချေသည်။
"ဆရာ... တကယ်ကျေးဇူးတင်ပါတယ်ဗျာ။ ဆရာသာ မရှိရင် ကျွန်တော့်အဖေတော့..."
ယဲ့ချန်းက တည်ငြိမ်စွာ ပြောလိုက်လေသည်။
"အဘိုးက အသက်ကြီးပြီ။ ပြီးတော့ နှလုံးရောဂါအခံလည်း ရှိတယ်ဆိုတော့ နောက်နောင် အရက်လျှော့သောက်ခိုင်းပါ"
ထိုသို့ပြောပြီးနောက် ယဲ့ချန်းက လှည့်ထွက်ရန် ပြင်လိုက်သည်။
သို့သော် ထိုလူငယ်က ယဲ့ချန်းကို လှမ်းဆွဲလိုက်၏။
"ဆရာ... ဆရာက ကျွန်တော့်အဖေကို ကယ်တင်ပေးခဲ့တာမို့ ကျွန်တော် သေချာပေါက် ကျေးဇူးဆပ်ပါ့မယ်။ ဒါက ကျေးဇူးတုံ့ပြန်မှုအနေနဲ့ ယွမ်တစ်သိန်းပါ"
သူသည် ချက်လက်မှတ်ပေါ်တွင် ယွမ်တစ်သိန်းဟု ရေးသားပြီး ယဲ့ချန်းထံသို့ ကမ်းပေးလိုက်သည်။
ယဲ့ချန်းက ထိုချက်လက်မှတ်ကို လက်မခံဘဲ အေးဆေးစွာ ပြောလိုက်လေသည်။
"ဒီပမာဏလေးနည်းနည်းကို ငါ ဂရုမစိုက်ပါဘူး။ ဒါကို မျှော်လင့်ခြင်းစီမံကိန်းလိုမျိုး ပရဟိတလုပ်ငန်းတွေမှာ လှူလိုက်ပါ။ အဘိုးအတွက် ကုသိုလ်ကောင်းမှု လုပ်ပေးတယ်လို့ပဲ သဘောထားလိုက်ပေါ့"
"ဘာ"
ယဲ့ချန်းက ယွမ်တစ်သိန်းကို ငြင်းပယ်လိုက်ကြောင်း ကြားသောအခါ ဘေးပတ်ဝန်းကျင်ရှိ လူအားလုံး မှင်တက်သွားကြတော့သည်။
•••••••••••••••••••••••••