← Chapters

အခန်း ၆၅၉

Vol. 44 Ch. 659

အခန်း ၆၅၉

Vol. 44 Ch. 659

အပိုင်း ၆၅၉ : ပညာသင်ဆု

ယဲ့ချန်း သူ့ထိုင်ခုံဆီသို့ ပြန်ရောက်သောအခါ ရှောင်ရှန်းက သူ့ကို စူးစမ်းလိုဟန်ဖြင့် တွေဝေငေးမောရင်း စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။

"ဘာကို အဲဒီလောက်တောင် စိုက်ကြည့်နေတာလဲ"

ယဲ့ချန်းက ကူကယ်ရာမဲ့ဟန်ဖြင့် ပြောလိုက်သည်။

"ရှင့်ကို ကြည့်နေတာလေ"

ရှောင်ရှန်းက ပြုံးစစဖြင့် ပြောလိုက်သည်။

"ကိုယ်က အဲဒီလောက်တောင် ကြည့်ကောင်းလို့လား"

ယဲ့ချန်းကလည်း မေးခွန်းထုတ်လိုက်သည်။

ရှောင်ရှန်းက ခပ်ဖွဖွပြုံးလိုက်၏။

"ဟုတ်တယ်... ရှင်က တော်တော်လျှို့ဝှက်ဆန်းကြယ်တာပဲ။ ဆေးပညာလည်း တတ်တယ်ဆိုတော့လေ"

"ဟား... ကိုယ်တတ်တာတွေက ဒီထက်မက အများကြီး ရှိသေးတယ်။ တကယ်တော့ ကိုယ်က တက္ကစီဒရိုင်ဘာလည်း ဟုတ်တယ်"

ရှောင်ရှန်းက ယဲ့ချန်းကို မျက်စောင်းထိုးလိုက်၏။

"ရှင့်ရဲ့ ဆေးပညာစွမ်းရည်ကို အကဲခတ်ရသလောက်တော့ နောက်နောင် ကျွန်မ နေမကောင်းဖြစ်လို့ ရှင့်ဆီလာရင် လျစ်လျူမရှုဖို့ မျှော်လင့်ရတာပဲ"

ယဲ့ချန်းက ခပ်ဖွဖွ ရယ်မောလိုက်သည်။

"ပြဿနာမရှိပါဘူး... လိုအပ်တဲ့အချိန် ဖုန်းသာလှမ်းဆက်လိုက်။ မင်းက အလှလေးတစ်ယောက် ဖြစ်နေတာမို့လို့ ၂၀ရာခိုင်နှုန်း လျှော့ပေးပါ့မယ်"

ယဲ့ချန်း၏စကားကို ကြားသောအခါ ရှောင်ရှန်းက မောက်မာသော လေသံဖြင့် ပြောလိုက်လေသည်။

"ဟွန်း... ၂၀ရာခိုင်နှုန်းပဲ လျှော့ပေးမှာလား။ အလကား မရဘူးလား"

ယဲ့ချန်းခမျာ မတတ်နိုင်သလို သက်ပြင်းချလိုက်လေသည်။

"ကဲပါ... ကဲပါ... မင်းအတွက်ဆိုရင်တော့ အလကားလုပ်ပေးပါ့မယ် ဟုတ်ပြီလား"

ထိုအခါမှသာ ရှောင်ရှန်းက နွဲ့တဲ့တဲ့လေသံဖြင့် ပြောလိုက်လေသည်။

"အင်း... ဒီလိုမှပေါ့။ ဒီမမ သဘောကျတယ်"

နူးညံ့လှသော သူ(မ)၏လက်ကလေးက သူ့ပါးပြင်ပေါ်တွင် ပွတ်သပ်သွားသည်ကို ခံစားလိုက်ရသဖြင့် ယဲ့ချန်းတစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်း ထသွားသည်။

ဤအမျိုးသမီးက စင်စစ်ညှို့ဓာတ်ပြင်းသော နတ်သမီးတစ်ပါးပင်။

စားသောက်ပြီးနောက် ယဲ့ချန်းက ပြောလိုက်လေသည်။

"အလှလေး... ကိုယ် သွားရတော့မယ်။ တက္ကစီ ဆက်မောင်းရဦးမှာမို့လို့"

ရှောင်ရှန်းက ပြုံးလျက် ပြောလိုက်လေသည်။

"ကောင်းပြီလေ... ဒီနေ့တော့ ကျွန်မက ရှင့်ရဲ့ ပထမဆုံးခရီးသည် ဖြစ်ပေးမယ်"

ယဲ့ချန်းက ပြန်ပြောလေသည်။

"ပြဿနာမရှိဘူး... မင်းသွားချင်တဲ့နေရာကိုသာ ပြော​လိုက်။ ကိုယ်က ဝါရင့်ဒရိုင်ဘာနော်"

ရှောင်ရှန်းက ယဲ့ချန်းကို မျက်စောင်းတစ်ချက် ထိုးလိုက်ပြီးနောက် ဟိုတယ်အခန်းကို ပြန်အပ်လိုက်သည်။

ယဲ့ချန်းက ကားမောင်းပြီး ရှောင်ရှန်းကို လေဆိပ်သို့ လိုက်ပို့ပေးခဲ့သည်။

ရှောင်ရှန်းက ပြုံးစစဖြင့် ပြောလိုက်လေသည်။

"ရှင်က တကယ်ဝါရင့်ဒရိုင်ဘာကြီးပဲ။ မောင်လေး... လိမ္မာတယ်။ နောက်မှ မမက မောင်လေးဆီ ပြန်လာကစားဦးမယ်"

ကားပေါ်က မဆင်းခင် ရှောင်ရှန်းသည် ယဲ့ချန်းကို ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက် ပေးသွားသည်။

"တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် ပိုင်ရှင့်ကိုဂုဏ်ပြုပါတယ်။ လေးခုမြောက်ကြယ်ငါးပွင့်ကို အသက်သွင်းနိုင်တဲ့အတွက် နတ်ဘုရားအဆင့် ခွဲခြားစိတ်ဖြာခြင်းစွမ်းရည်ကို ရရှိပါတယ်"

နတ်ဘုရားအဆင့် ခွဲခြားစိတ်ဖြာခြင်းစွမ်းရည်မှာ ရန်သူ၏ တိုက်ခိုက်မှုကို ဆန်းစစ်ပြီး အားနည်းချက်များကို ရှာဖွေနိုင်သည်။

သေစမ်း... ဒီစွမ်းရည်က တော်တော်မိုက်တာပဲ။

ယဲ့ချန်း၏ ရန်သူများက တဖြည်းဖြည်း ပိုသန်မာလာကြသည်။ နောင်တစ်ချိန်မှာ ဘယ်လိုအစွမ်းထက်သည့် ရန်သူများနှင့် ရင်ဆိုင်ရမလဲဆိုသည်ကို မသိနိုင်သောကြောင့် ဤစွမ်းရည်က ယဲ့ချန်းအတွက် အလွန်အမင်း အသုံးဝင်လှပေသည်။

လေဆိပ်သို့ ရောက်သောအခါ ရှောင်ရှန်းသည် နားနေခန်းထဲသို့ မဝင်ဘဲ ဘေးနားသို့ မောင်းနှင်လာသော ကားတစ်စီးထဲသို့ တန်းဝင်လိုက်သည်။

အမျိုးသမီးတစ်ယောက်က ကားတံခါးကို ဖွင့်ပေးလိုက်သည်။ ဤအမျိုးသမီးမှာ ယဲ့ချန်းကို ခြုံခိုတိုက်ခိုက်ခဲ့သည့် အမျိုးသမီးပင်။

ကားမောင်းသူမှာမူ ယဲ့ချန်းကို သတ်ချင်နေသည့် အမာရွတ်ပိုင်ရှင်မှတစ်ပါး အခြားသူမဟုတ်ပေ။

ကားထဲသို့ ရောက်ပြီးနောက် ရှောင်ရှန်းက အေးစက်စက်ဖြင့် ပြောလိုက်လေသည်။

"ငါတို့ရဲ့အစီအစဉ် ဘယ်လိုအခြေအနေရှိလဲ"

"အကုန်အဆင်သင့်ဖြစ်နေပါပြီ။ ခေါင်းဆောင်ရဲ့ အမိန့်ကိုပဲ စောင့်နေတာပါ"

ရှောင်ရှန်းက ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်၏။

"ဒီအစီအစဉ်က ငါတို့အဖွဲ့အစည်းရဲ့ သေရေးရှင်ရေးနဲ့ ဆိုင်တယ်။ သေချာပေါက် အောင်မြင်ရမယ်။ ကျရှုံးလို့မဖြစ်ဘူး။ နားလည်လား"

"နားလည်ပါပြီ"

ထိုအမျိုးသမီးက ခေါင်းညိတ်ပြလိုက်သည်။

ကားမောင်းနေရင်း အမာရွတ်ပိုင်ရှင်က ရုတ်တရက် ပြောလာလေသည်။

"ခေါင်းဆောင်... ကျွန်တော် ပြောသင့်မပြောသင့် မသေချာတဲ့ကိစ္စတစ်ခု ရှိပါတယ်"

ရှောင်ရှန်းက မျက်လုံးကို မှေးစင်း၍ အေးစက်ခက်ထန်စွာ ပြောလိုက်၏။

"ငါက စကားကို ကွေ့ပတ်ပြောတာ မကြိုက်ဘူးဆိုတာ မင်းသိပါတယ်။ တဲ့တိုးပြောစမ်း"

"ခေါင်းဆောင်... အဲ့ဒီယဲ့ချန်းက တက္ကစီဒရိုင်ဘာတစ်ယောက်လေ။ ဘာလို့ သူ့အတွက်နဲ့ ဒီလောက်တောင် အလုပ်ရှုပ်ခံနေရတာလဲ"

ထိုစကားကို ကြားသောအခါ ရှောင်ရှန်း၏ အကြည့်များ အေးစက်သွားသည်။

"ငါ အလုပ်လုပ်တဲ့ပုံစံကို မင်းက လာသင်ပေးချင်တာလား"

"ခေါင်းဆောင်... ဒါပေမဲ့..."

ရှောင်ရှန်း မျက်လုံးဖွင့်လိုက်ချိန်ဝယ် သူ(မ)၏ မျက်ဝန်းထဲတွင် အေးစက်လှသော လူသတ်လိုဟန် အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။

"အမာရွတ်... ဒါက မင်းအတွက် ငါ့ရဲ့ ပထမဆုံးနဲ့ နောက်ဆုံး သတိပေးချက်ပဲ။ နောင်ကို ငါ့ကိစ္စတွေထဲ ထပ်ပြီးဝင်စွက်ဖက်ရင် ဘာဖြစ်မလဲဆိုတာ မင်းသိတယ်နော်"

အမာရွတ်၏ ရင်ထဲတွင် အေးစက်သွားလေသည်။

"ကျွန်တော် မှားသွားပါတယ်"

"မင်းရဲ့အဆင့်အတန်းကို မမေ့နဲ့။ မင်းက ငါ့ဘေးက ခွေးတစ်ကောင်သက်သက်ပဲ။ ငါ ဘာပဲလုပ်လုပ် မင်း ဝင်စွက်ဖက်စရာမလိုဘူး"

ရှောင်ရှန်းက ဆက်ပြောလိုက်သည်။

ရှောင်ရှန်း၏စကားကြောင့် အမာရွတ်၏မျက်နှာကား အနည်းငယ်ရှုံ့မဲ့သွားပြီး မျက်ဝန်းထဲတွင်လည်း ယုတ်မာရက်စက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

သူသည် ရှောင်ရှန်းကို သဘောကျနေခြင်းပင်။ ပထမဆုံးမြင်လိုက်ရသည့် အချိန်ကစ၍ ဤအမျိုးသမီးကို စွဲလမ်းနှစ်သက်ခဲ့သည်။

သို့သော် မနေ့က ရှောင်ရှန်းနှင့် ယဲ့ချန်းတို့ ဟိုတယ်ထဲသို့ ဝင်သွားပြီး ပြန်ထွက်မလာခဲ့ကြပေ။ ထိုအရာက ဘာကိုဆိုလိုသလဲ။ ယောက်ျားတစ်ယောက်အနေနှင့် သူ မသိဘဲမနေပေ။

ယခုအချိန်တွင် ယဲ့ချန်းအပေါ်ထားသော သူ့မနာလိုဝန်တိုစိတ်များက သူ့ကို ဆင်ခြင်တုံတရား မဲ့သွားစေသည်။

"ခေါင်းဆောင်... ယဲ့ချန်းက ဘာကောင်မို့လို့လဲ။ တက္ကစီမောင်းတဲ့ ဆင်းရဲသားပါ။ ခေါင်းဆောင်ရဲ့ အဆင့်အတန်းက ဒီလောက် မြင့်တာကို ဘာလို့ သူ့လိုကောင်နဲ့ ကိုယ့်အဆင့်အတန်းကိုယ် ချနေမှာလဲ။ ခေါင်းဆောင်သာ သူ့ကိုသေစေချင်ရင် ကျွန်တော် ညီအစ်ကိုတချို့ကိုခေါ်ပြီး သူ့ကို တန်းသတ်ပစ်လိုက်မယ်။ ခေါင်းဆောင် ကိုယ်တိုင် အလုပ်ရှုပ်ခံနေဖို့ မလိုပါဘူး"

ရှောင်ရှန်း၏ မျက်နှာကား ချက်ချင်းပင် မည်းမှောင်သွားလေတော့သည်။

"ဖီးနစ်... ကားရပ်လိုက်"

ရှောင်ရှန်းက အေးစက်မာကျောစွာ ပြောလိုက်လေသည်။

ရှောင်ရှန်းသည် အမာရွတ်၏ ကော်လံကို ဆွဲကိုင်၍ သူ့မျက်နှာကို ခပ်ပြင်းပြင်း ရိုက်ချလိုက်သည်။

ဖြန်းခနဲမြည်အောင် ရိုက်လိုက်သောကြောင့် အမာရွတ်၏ မေးစေ့နှင့် နှုတ်ခမ်းထောင့်မှ သွေးများပင် စီးကျလာခဲ့သည်။

"အမာရွတ်... စောစောက ငါပြောတဲ့စကားတွေက နားထဲ မဝင်ဘူးလား။ ကားပေါ်က ဆင်းစမ်း။ ယဲ့ချန်းက ငါ သဘောကျနေတဲ့ ယောက်ျားပဲ။ မင်းမှာ သူ့ကို စော်ကားပိုင်ခွင့် မရှိဘူး။ ကားပေါ်က အခုချက်ချင်းဆင်းတော့။ မင်းမျက်နှာကို ငါ ထပ်မမြင်ချင်တော့ဘူး"

ပါးရိုက်ခံလိုက်ရပြီးနောက် အမာရွတ်၏ မျက်နှာကား ပျက်ယွင်းသွားသည်။

သူ့ခမျာ အရှက်တကွဲအနေအထားဖြင့် ကားပေါ်က ဆင်းလိုက်ရတော့သည်။

ဖီးနစ်က ကားမောင်းသူထိုင်ခုံတွင် ထိုင်၍ စက်ပြန်နှိုးလိုက်သည်။

ကားလေးက အဝေးသို့ အရှိန်ပြင်းစွာ မောင်းထွက်သွားသည်။

အမာရွတ်သည် ကား၏ နောက်မီးလုံးများကို ကြည့်ရင်း လက်သီးနှစ်ဖက်ကို တင်းတင်းဆုပ်ထားလိုက်မိသည်။

"ရှောင်ရှန်း... မင်းက အဲ့ဒီလိုအရှုံးသမားအတွက်နဲ့ ငါ့ကို ပါးရိုက်တယ်ပေါ့လေ။ မင်း နောင်တရစေရမယ်"

အမာရွတ်သည် ဖုန်းထုတ်၍ နံပါတ်တစ်ခုကို နှိပ်လိုက်၏။

"ဟယ်လို... ငါတို့ ပြောထားတဲ့ ကိစ္စကို ငါ သဘောတူတယ်"

ယဲ့ချန်း တက္ကစီကို နှစ်နာရီခန့် ဆက်မောင်းခဲ့သော်လည်း နောက်ထပ်ကြယ်ပွင့်များကို ထပ်မရခဲ့ပေ။

ထို့ကြောင့် စတားတက္ကသိုလ်ဆီသို့ မောင်းလာခဲ့လိုက်သည်။

ယခုမူ ထိုတက္ကသိုလ်ကို လင်းရှစ်ယင်က စီမံခန့်ခွဲနေသည်။

ယဲ့ချန်းသည် စတားတက္ကသိုလ်သို့ နေ့တိုင်း လာလေ့ရှိပြီး လင်းရှစ်ယင်ကလည်း ကျောင်းစီမံခန့်ခွဲမှုကိစ္စရပ်များကို သူ့ထံသို့ အစီရင်ခံတင်ပြသည်။

လင်းရှစ်ယင်က ဖိုင်တွဲတစ်ခုကို ကိုင်ထားရင်း ပြောလိုက်၏။

"ကျောင်းအုပ်ကြီးယဲ့... ကျွန်မတို့တက္ကသိုလ်ကလည်း တခြားကျောင်းတွေလိုမျိုး ပညာသင်ဆုစနစ်တစ်ခုကို ချမှတ်သင့်တယ်ထင်တယ်"

ပညာသင်ဆု ဟုတ်လား။

ယဲ့ချန်း ခေတ္တမျှ ကြောင်အသွားသည်။

လင်းရှစ်ယင်က ခေါင်းညိတ်၍ ပြောလိုက်လေသည်။

"ကျွန်မတို့ကျောင်းမှာ ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသားတချို့လည်း ရှိပါတယ်။ သူတို့က တကယ်ကြိုးစားကြတာ။ ပညာသင်ဆု စနစ်တစ်ခု ရှိမယ်ဆိုရင် ကျောင်းသားတွေ ပိုပြီး ကြိုးစားချင်စိတ်ဖြစ်လာမယ်လို့ ထင်ပါတယ်"

ယဲ့ချန်းလည်း ခေါင်းတညိတ်ညိတ်လုပ်လိုက်သည်။

"အင်း... ကောင်းပြီလေ။ ဒါဆို ကျောင်းဘက်က အသိပေးချက်တစ်ခု ထုတ်ပြန်လိုက်ပါ။ စတားတက္ကသိုလ်က ပညာသင်ဆုစနစ်ကို ကျင့်သုံးမယ်။ အဲ့ဒါကို အမျိုးအစားနှစ်မျိုး ခွဲခြားထားမယ်။ ဆင်းရဲနွမ်းပါးသူတွေအတွက် ထောက်ပံ့ကြေးနဲ့ ပညာသင်ဆုဆိုပြီးတော့ပေါ့။ ထောက်ပံ့ကြေးအတွက်ကတော့ ကျောင်းသားက တကယ်ပဲ ဆင်းရဲနွမ်းပါးပြီး သတ်မှတ်ချက်တွေနဲ့ ကိုက်ညီကြောင်း စိစစ်တွေ့ရှိရင် ရမယ်။ ပညာသင်ဆုကတော့ ထူးခြားတဲ့ စွမ်းဆောင်ရည်ရှိသူတွေအတွက်ပဲ ဖြစ်မယ်"

လင်းရှစ်ယင်က ခေါင်းညိတ်လျက် ပြောလိုက်လေသည်။

"ပညာသင်ဆုပမာဏကို ဘယ်လောက်အထိ သတ်မှတ်ရမလဲ"

ယဲ့ချန်းက ဆို၏။

"စွမ်းဆောင်ရည်အလိုက် အဆင့်အမျိုးမျိုး ခွဲခြားသတ်မှတ်ထားမယ်။ အမြင့်ဆုံးကို ယွမ်ငါးသန်းအထိ ပေးမယ်"

ဤစကားကို ကြားသောအခါ လင်းရှစ်ယင် ဆွံ့အသွားလေတော့သည်။

ဘုရားရေ... ယွမ်ငါးသန်းတန် ပညာသင်ဆုတဲ့လား။

ဟွားနိုင်ငံမှာသာမက ကမ္ဘာပေါ်ရှိ ဘယ်တက္ကသိုလ်မှာမှ ယခုလိုမျိုး မရှိခဲ့ဖူးပေ။

မကြာခင်မှာပင် ထိုသတင်းသည် စတားတက္ကသိုလ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

ယနေ့မှစ၍ စတားတက္ကသိုလ်သည် ပညာသင်ဆုစနစ်ကို စတင်ကျင့်သုံးမည်ဖြစ်ပြီး အမြင့်ဆုံးပညာသင်ဆုမှာ ယွမ်ငါးသန်းအထိ ရှိမည် ဖြစ်၏။

ဤသတင်း ထွက်ပေါ်လာသောအခါ ဟွားနိုင်ငံ၏ ပညာရေးလောကတစ်ခုလုံး လှုပ်ခတ်သွားသည်။

အခြားကျောင်းများက ပညာသင်ဆုကို အလွန်ဆုံးရှိလှ ယွမ်တစ်သိန်းအထိသာ ပေးကြသော်လည်း စတားတက္ကသိုလ်ကမူ မထင်မှတ်ဘဲ ယွမ်ငါးသန်းအထိ သတ်မှတ်လိုက်လေရာ စင်စစ် အံ့ဩစရာကောင်းလှပေသည်။

ကျောင်းသားအားလုံးလည်း ချက်ချင်းဆိုသလို အလွန်အမင်း စိတ်လှုပ်ရှားသွားကြသည်။

တကယ်တော့ အချိန်ကြာလာသည်နှင့်အမျှ ကျောင်းသားတချို့မှာ ပျင်းရိလာကြသည်။

လင်းရှစ်ယင်က ကျောင်းသားများ၏ ပျင်းရိမှုကို အချိန်မီ သတိပြုမိလိုက်သောကြောင့် ပညာသင်ဆုစနစ်ကို အကြံပြုခဲ့ခြင်းပင်။

ယဲ့ချန်းက ဤမျှအထိ ရက်ရောစွာဖြင့် ယွမ်ငါးသန်း ပေးလိမ့်မည်ဟု သူ(မ)ကိုယ်တိုင်ပင် မထင်မှတ်ထားပေ။

မိမိတို့၏ အိပ်မက်များကို အကောင်အထည်ဖော်ရန်နှင့် ကြီးမားလှသော ပညာသင်ဆုကို ဆွတ်ခူးနိုင်ရန်အတွက် ကျောင်းသားများ၏ တက်ကြွမှုနှင့် ကြိုးစားလိုစိတ်များမှာ အပြည့်အဝ နိုးကြားလာတော့သည်။

••••••••••••••••••••••••••

All Chapters