အခန်း ၆၆၀
Vol. 44 Ch. 660
အပိုင်း ၆၆၀ : မကြောက်နဲ့ ကိုယ်ရှိတယ်
ယဲ့ချန်းကတော့ ကျောင်းသားများ စိတ်အားထက်သန်စွာ လေ့လာသင်ယူနေကြသည်ကို မြင်ရသောအခါ အလွန်ဝမ်းမြောက်မိသည်။
ကျောင်းဝင်းထဲတွင်လည်း ကျောင်းသားအများအပြားမှာ သူတို့၏ ဖန်တီးမှုအသစ်များကို စတင်လုပ်ဆောင်နေကြပြီဖြစ်၏။
ယဲ့ချန်းသည် ကျောင်းအုပ်ရုံးခန်းထဲတွင် ထိုင်ရင်း ကျောင်းသားများ ဝီရိယရှိရှိ သုတေသန လုပ်နေကြသည်ကို ကြည့်ပြီး အလွန်ကျေနပ်ပီတိဖြစ်နေမိသည်။
ထိုအချိန်တွင် အပြင်ဘက်မှ တံခါးခေါက်သံတစ်သံ ထွက်ပေါ်လာသည်။
"ဝင်ခဲ့ပါ"
စက်မှုပစ္စည်းထုတ်လုပ်ရေးမေဂျာမှ ကျောင်းသားတချို့ ဝင်လာကြသည်။
အတန်းခေါင်းဆောင်လုဂန်က ရှေ့ဆုံးက ဦးဆောင်လာသည်။
ယဲ့ချန်းက ပြုံးလျက် ပြောလိုက်၏။
"မင်းတို့ရဲ့ စက်ရုပ်ပရောဂျက်က ဘယ်လိုလဲ"
လုဂန်က ပြောလိုက်လေသည်။
"အခြေခံအားဖြင့်တော့ ပြီးသွားပါပြီ"
ယဲ့ချန်းကလည်း ခေါင်းညိတ်ပြသည်။
"ငါ့ဆီမှာ ပရောဂျက်အသစ်တစ်ခု ရှိတယ်။ စက်မှုအရိုးစုပရောဂျက်ပဲ။ စိတ်ဝင်စားကြလား"
ယဲ့ချန်း၏စကားကို ကြားလိုက်ရချိန်ဝယ် လုဂန်၏ မျက်ဝန်းများ တောက်ပသွားသည်။
စက်ရုပ်ပရောဂျက် ပြီးစီးသွားသည့်နောက် လုဂန်ခမျာ ဘာဆက်လုပ်ရမှန်းမသိတော့ပေ။ ဤစက်မှုအရိုးစုပရောဂျက်က သူ့ကို ရည်မှန်းချက်အသစ်တစ်ခု ပေးလိုက်သလိုပင်။
ယဲ့ချန်းက သူတို့ကို ဟွားနိုင်ငံ၏ နယ်ခြားစောင့်ရဲဘော်များ ကင်းလှည့်နေသည့် ဗီဒီယိုအတိုတစ်ခုကို အရင်ပြသလိုက်သည်။
ထိုရဲဘော်များမှာ အောက်ဆီဂျင်နည်းပြီး မြင့်မားလှသော တောင်တန်းဒေသများတွင် လေးလံသော အထုပ်အပိုးများကို သယ်ဆောင်ကာ ကင်းလှည့်ကြရသဖြင့် ခန္ဓာကိုယ်ပိုင်းရော စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကိုပါ အကြီးအကျယ် စမ်းသပ်ရာရောက်နေပေသည်။
စက်မှုအရိုးစုသာ ရှိမည်ဆိုပါက များစွာ ပိုသက်သာလွယ်ကူသွားပေမည်။
ယဲ့ချန်းက ကျောင်းသားများအား အခြေခံသဘောတရားကို ရှင်းပြပြီးနောက် လုဂန်က ပြောလိုက်သည်။
"ကျောင်းအုပ်ယဲ့ စိတ်ချပါ... ကျွန်တော် ဒီပရောဂျက်ကို သေချာပေါက် အောင်မြင်အောင် လုပ်ပါ့မယ်"
"ကောင်းပြီ... မင်းတို့ဆီက သတင်းကောင်းကို မျှော်လင့်နေမယ်"
ထိုအချိန်တွင် တန့်ရှောင်ချောင်ကလည်း ယဲ့ချန်းထံသို့ ဖုန်းဆက်လာပြီး သဲကန္တာရထဲတွင် ပန်းသီးစိုက်ပျိုးသည့်အလုပ်မှာ အလွန်အဆင်ပြေချောမွေ့ကြောင်း လှမ်းပြောလေသည်။
သူတို့အနေနှင့် ပန်းသီးပင်များသာမက အခြားသစ်ပင်များနှင့် ဟင်းသီးဟင်းရွက်မျိုးစုံကိုပါ စိုက်ပျိုးခဲ့ကြသဖြင့် သူတို့၏ ဇာတိမြေတစ်ခုလုံး နေရာအနှံ့ စိမ်းလန်းစိုပြည်လာခဲ့ချေပြီ။
အလွန်အမင်း စိတ်လှုပ်ရှားနေသော တန့်ရှောင်ချောင် ပေးပို့လာသည့် ဗီဒီယိုကို ကြည့်ရင်း ယဲ့ချန်းလည်း အလွန်ဝမ်းသာမိသည်။
ဟွားနိုင်ငံတွင်မူ အကြီးအကဲဝေ့ ယူဆောင်သွားသော ဆေးရည်မှာ မြေဆီလွှာသဲကန္တာရဖြစ်ထွန်းမှုကို ကုသရန် အပြည့်အဝ စွမ်းဆောင်နိုင်ကြောင်း ပညာရှင်များက အတည်ပြုခဲ့ကြပြီး အချို့သော ဆားငန်မြေရိုင်းများတွင်ပင် အပင်များ စိုက်ပျိုးဖြစ်ထွန်းနိုင်သည်အထိ စွမ်းဆောင်နိုင်ကြောင်း သိရှိရသည်။
ဤသတင်းကြောင့် ဟွားနိုင်ငံ၏ စိုက်ပျိုးရေးဝန်ကြီးဌာနမှာ အလွန်အမင်း စိတ်လှုပ်ရှားသွားပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ချက်ချင်းပင် အရှိန်အဟုန်မြှင့်၍ အကောင်အထည်ဖော်ခဲ့ကြသည်။
စတားတက္ကသိုလ်မှာ အံ့ဖွယ်ဖြစ်ရပ်တစ်ခုကို ဖန်တီးလိုက်ပြန်လေပြီ။
သတင်းစာအများအပြားတွင် စတားတက္ကသိုလ်၏ ဆေးရည်က သဲကန္တာရကို အိုအေစစ်အဖြစ် ပြောင်းလဲပေးနိုင်ခဲ့ကြောင်း ခေါင်းကြီးပိုင်းသတင်းများအဖြစ် ဖော်ပြခဲ့ကြသည်။
"စတားတက္ကသိုလ်ကတော့ အရမ်းတော်တယ်ဟေ့"
"တက္ကသိုလ်ဆိုတာမျိုးက ဒီလိုပဲဖြစ်သင့်တာ"
"တကယ်လို့ တက္ကသိုလ်အကုန်လုံးသာ စတားတက္ကသိုလ်လိုမျိုး ဖြစ်မယ်ဆိုရင် ဟွားနိုင်ငံက အင်အားကြီးနိုင်ငံအဖြစ် အရှိန်အဟုန်နဲ့ မတိုးတက်မှာကို ပူနေစရာလိုဦးမလား"
စက်မှုအရိုးစု၏ နည်းပညာမှာ တကယ်တမ်းတွင်မူ သိပ်ခက်ခဲလှသည်တော့ မဟုတ်ပေ။
ယဲ့ချန်းက ကျောင်းသားများအတွက် လျှောက်လှမ်းရမည့် လမ်းကြောင်းကို ရှာဖွေပေးထားပြီးသားပင်။
စက်ပစ္စည်းအစိတ်အပိုင်းအားလုံးကို တပ်ဆင်ရန်အတွက် တစ်ရက်သာ အချိန်ယူခဲ့ရသည်။
ယဲ့ချန်းကိုယ်တိုင်လည်း နောက်ဆုံးအဆင့် လုပ်ငန်းစဉ်တွင် ပါဝင်ကူညီပေးခဲ့သည်။
ယဲ့ချန်း၏ ပါဝင်လုပ်ဆောင်ပေးမှုကြောင့် စက်မှုအရိုးစုကိရိယာကို အောင်မြင်စွာ တပ်ဆင်နိုင်ခဲ့သည်။
"ပြီးသွားပြီ"
လုဂန်က စက်မှုအရိုးစုကို ကြည့်ရင်း အလွန်စိတ်လှုပ်ရှားနေချေသည်။
အခြားကျောင်းသားများကလည်း တစ်ရက်နှင့်တစ်ညတိတိ မအိပ်မနေ တစိုက်မတ်မတ် ကြိုးစားခဲ့ကြရသော်လည်း သူတို့အားလုံး၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားနေဟန် အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
ဤထုတ်လုပ်မှုလုပ်ငန်းစဉ်သည် သူတို့၏ စက်မှုပိုင်းဆိုင်ရာ ကျွမ်းကျင်မှုစွမ်းရည်များကို နောက်ထပ်အဆင့်တစ်ခုအထိ တိုးတက်လာစေခဲ့သည်။
ယဲ့ချန်းက ပြုံးလိုက်၏။
"ကဲ... အားလုံးပဲ... လက်တွေ့စမ်းသပ်မှု မလုပ်ခင် အရင်ဆုံး အနားယူလိုက်ကြဦး"
အပြင်ဘက်မှ ခြေသံများ ထွက်ပေါ်လာပြီးနောက် အကြီးအကဲဝေ့ ဝင်လာခဲ့သည်။
"ယဲ့ချန်း... မင်း ပစ္စည်းကောင်းတစ်ခုခု ဖန်တီးလိုက်ပြန်ပြီလား"
ယဲ့ချန်းက ပြုံးတုံ့တုံ့ဖြင့် ပြောလိုက်လေသည်။
"ခဏနေရင် သိရမှာပေါ့"
လက်တွေ့စမ်းသပ်မှု စတင်လေပြီ။ လုဂန်သည် စက်မှုအရိုးစုကို ဝတ်ဆင်ပြီး ၅၀ဂျင်ခန့် လေးသော ဆန်အိတ်တစ်အိတ်ကို မလိုက်သည်။
ဖြစ်ပျက်သွားသော အရာကား အံ့ဩစရာ ကောင်းလှသည်။ လုဂန်သည် ၅၀ဂျင်လေးသော ဆန်အိတ်ကို သယ်ဆောင်ထားသော်လည်း သူ့လမ်းလျှောက်ပုံမှာ လုံးဝ သက်ရောက်မှုမရှိဘဲ ပေါ့ပေါ့ပါးပါး လမ်းလျှောက်နိုင်သည့်အပြင် အပြေးအလွှားပင် သွားနိုင်သေးသည်။
ယဲ့ချန်းက ကျောင်းသူတစ်ယောက်ကို ရှာပြီး ကျောင်းသားတစ်ယောက်အား ကျောပိုးခိုင်းလိုက်သည်။
ထိုကျောင်းသားမှာ ကိုယ်ခန္ဓာထွားကြိုင်းသော်လည်း သွယ်လျသော ကျောင်းသူလေးမှာ စက်မှုအရိုးစုကို ဝတ်ဆင်ထားသဖြင့် သူ့ကို ကျောပိုးပြီး ပြေးပင်ပြေးနိုင်ခဲ့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အကြီးအကဲဝေ့တစ်ယောက် အံ့သြမှင်တက်သွားလေတော့သည်။
"ယဲ့ချန်း... ဒါက ဘာလဲ"
ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်သည်။
"ဒါကို စက်မှုအရိုးစုလို့ ခေါ်ပါတယ်။ အဲ့ဒါကို ဝတ်ဆင်လိုက်တာနဲ့ သယ်ဆောင်ထားတဲ့ အလေးချိန်ရဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးနိုင်တာကြောင့် ဂျင်အများကြီးလေးတဲ့ အရာကို သယ်ထားရင်တောင် ဘာဝန်မှ ခံစားရမှာ မဟုတ်ပါဘူး"
ယဲ့ချန်း၏ တီထွင်မှုကို တွေ့လိုက်ရချိန်ဝယ် အကြီးအကဲဝေ့ အလွန်ပင် စိတ်လှုပ်ရှားသွားသည်။
ဤပရောဂျက်မှာ ရိုးရှင်းသည်ဟု ထင်ရသော်လည်း ထိုအရာ၏ အသုံးချမှုနယ်ပယ်ကတော့ အလွန်ကျယ်ပြန့်လှသည်။
စစ်ရေးတွင်ဖြစ်စေ၊ ထုတ်လုပ်မှုကဏ္ဍတွင် ဖြစ်စေ ဤပရောဂျက်၏ အရေးပါမှုမှာ တော်လှန်ရေးတစ်ရပ်အလား အပြောင်းအလဲ ဖြစ်စေနိုင်သည်။
"ယဲ့ချန်း... ဒါက တကယ်အံ့ဩစရာပဲ။ ငါတို့ ဒီပရောဂျက်ကို ဝယ်မယ်ကွာ"
အကြီးအကဲဝေ့သည် အကြီးစားထုတ်လုပ်မှုများ ပြုလုပ်ရန်အတွက် စက်ရုံများ ဆောက်လုပ်ရန် ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်တော့သည်။
ဤနည်းဖြင့် နယ်ခြားစောင့်ရဲဘော်များလည်း လေးလံသော အထုပ်အပိုးများဖြင့် ပင်ပင်ပန်းပန်း ကင်းလှည့်နေစရာ လိုတော့မည် မဟုတ်ပေ။
နိုင်ငံတော်၏ပရောဂျက်ကို နယ်ခြားစောင့်တပ်ဖွဲ့များတွင် လျင်မြန်စွာ စတင်အသုံးပြုခဲ့သည်။
လေးလံသော ကျောပိုးအိတ်ကို လွယ်ထားသည့် ရဲဘော်တစ်ဦးက တောင်တက်လမ်းပေါ်တွင် သွက်လက်မြန်ဆန်စွာ လှမ်းလျှောက်နေပေသည်။
မကြာခင် ဤသတင်းမှာ အင်တာနက်စာမျက်နှာများပေါ်တွင် ပျံ့နှံ့သွားပြန်သည်။
ဤနည်းပညာကလည်း စတားတက္ကသိုလ်မှ ထွက်ပေါ်လာခြင်းပင်။
ထိုအချိန်တွင် နိုင်ငံခြားတိုင်းပြည်များလည်း ဟွားနိုင်ငံ၏ မြေရိုင်းအမြောက်အမြားမှာ စိုက်ပျိုးမြေများအဖြစ် ပြောင်းလဲသွားပြီး သဲကန္တာရများတွင်ပင် အိုအေစစ်များ ဖြစ်ထွန်းလာသည်ကို သတိပြုမိသွားကြသည်။
ဤသတင်းသည် အာဖရိကရှိ သဲကန္တာရထူထပ်သော နိုင်ငံတချို့ကို အလွန်အမင်း စိတ်လှုပ်ရှားသွားစေသည်။
သူတို့၏နိုင်ငံများမှာ သဲကန္တာရဒေသများတွင် တည်ရှိနေသဖြင့် အပင်စိုက်ပျိုးဖို့ နေနေသာသာ ရေရရှိရန်အတွက်ပင် အသည်းအသန် ရုန်းကန်နေကြရသည်။
ဆင်းရဲသော နိုင်ငံများ ဖြစ်ကြသည့်အလျောက် သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များသာမက ရေကိုပါ တင်သွင်းနေကြရသည်။
ဒေသခံပြည်သူများမှာ အခြေခံ ငတ်မွတ်ခေါင်းပါးမှု ပြဿနာကိုပင် မဖြေရှင်းနိုင်ကြဘဲ အကြီးအကျယ် ဒုက္ခရောက်နေကြရသည်။
ထို့ကြောင့် ထိုနိုင်ငံများမှာ ဟွားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် အသီးသီး လျှောက်ထားလာကြတော့သည်။
ထိုနိုင်ငံများ၏ တောင်းဆိုမှုများနှင့် ပတ်သက်၍ ယဲ့ချန်းနှင့် ဆွေးနွေးတိုင်ပင်ပြီးနောက် ထိုဆေးရည်များကို ထိုနိုင်ငံများထံသို့ ရောင်းချပေးခဲ့သည်။
မည်သို့ပင်ဆိုစေ ထိုနိုင်ငံများ၏ ငတ်မွတ်ခေါင်းပါးမှုပြဿနာကို ဖြေရှင်းပေးခြင်းမှာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် များစွာ အထောက်အကူပြုပေသည်။
ဤပရောဂျက်ကြောင့် စတားတက္ကသိုလ်မှာ အပြည်ပြည်ဆိုင်ရာ သဘာဝသိပ္ပံဆုကို ချီးမြှင့်ခံခဲ့ရသည်။
ဤဆုသည် စတားတက္ကသိုလ်အတွက် နောက်ထပ် အသိအမှတ်ပြုမှုတစ်ခုပင်။
စတားတက္ကသိုလ်၏ ခန်းမကြီးအတွင်း၌ ကျောင်းသားအားလုံး စုဝေးနေကြသည်။
နိုင်ငံတကာကြက်ခြေနီအဖွဲ့အစည်းမှ တာဝန်ရှိသူများက ယဲ့ချန်းကို ဆုတံဆိပ် ချီးမြှင့်ပေးခဲ့ပြီး ကျောင်းသားအားလုံးကလည်း စိတ်လှုပ်ရှားစွာဖြင့် လက်ခုပ်တီး၍ သြဘာပေးခဲ့ကြသည်။
ဤသည်မှာ စတားတက္ကသိုလ်အနေနှင့် ပထမဆုံးအကြိမ် ရရှိခဲ့သည့် နိုင်ငံတကာအဆင့်ဆုတံဆိပ်ပင်။
စတားတက္ကသိုလ်မှ ထွက်လာပြီးနောက် ယဲ့ချန်းလည်း ယာရှီလုပ်ငန်းစုသို့ တန်းမောင်းလာခဲ့သည်။
သူတို့နှစ်ယောက်က ရုပ်ရှင်ကြည့်ရန်နှင့် ဈေးဝယ်ထွက်ရန် ကြိုတင်ချိန်းဆိုထားပြီးဖြစ်၏။
မကြာခင်မှာပင် စုဝမ်ယိ အဆောက်အအုံထဲမှ ထွက်လာခဲ့သည်။
စုဝမ်ယိသည် ယနေ့တွင် ရုံးဝန်ထမ်းဝတ်စုံကို ဝတ်ဆင်ထားပြီး လွန်စွာ ညှို့ဓာတ်ပြင်း၍ လှပနေချေသည်။
"ဒါနဲ့... ဒီနေ့ စားသောက်ဆိုင်မသွားဘဲ ရှင့်လက်ရာပဲ ချက်ကျွေးပါလား"
စုဝမ်ယိက ရုတ်တရက် အကြံပြုလိုက်သည်။
ယဲ့ချန်းကလည်း ခေါင်းညိတ်ပြ၏။
"ရတယ်လေ... ဒါဆို ဈေးကိုအရင်သွားပြီး ချက်စရာတွေ ဝယ်ရအောင်။ မင်းကို ဂဏန်းအစပ် ချက်ကျွေးမယ်"
"ကောင်းတာပေါ့"
စုဝမ်ယိလည်း အလွန်ဝမ်းသာသွားသည်။
သူတို့နှစ်ယောက်သား ကားပေါ်ကဆင်းပြီး ဈေးထဲသို့ ဦးတည်မည့်အချိန်မှာပင် မလှမ်းမကမ်း၌ ဗင်ကားတစ်စီး ရုတ်တရက် ထိုးရပ်လိုက်သည်။
ဗင်ကားပေါ်မှ လူအယောက်နှစ်ဆယ်ကျော် ဆင်းလာကြသည်။
သူတို့အားလုံးက လက်နက်ကိုယ်စီ ကိုင်ဆောင်ထားကြပြီး သူတို့နှစ်ယောက်ထံသို့ ဦးတည်၍ ပြေးဝင်လာကြသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် စုဝမ်ယိ၏ မျက်နှာကား ချက်ချင်းပျက်ယွင်းသွားသည်။
ယဲ့ချန်း၏ မျက်လုံးအစုံမှာမူ အနည်းငယ် မှေးကျဉ်းသွားသည်။ အကယ်၍ သူတစ်ယောက်တည်းသာဆိုလျှင် လုံးဝကြောက်နေမည်မဟုတ်သော်လည်း ယခုမူ စုဝမ်ယိကပါ သူနှင့်အတူ ရှိနေပေသည်။
ထိုလူများမှာ သူ့ကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး လာကြခြင်းဖြစ်ကြောင်း ထင်ရှားလှပေသည်။
တောက်... ဒါတွေက ဘယ်ကကောင်တွေလဲ။
ယဲ့ချန်းလည်း တွေးတောရန် အချိန်မရှိသဖြင့် စုဝမ်ယိ၏ လက်ကိုဆွဲကာ အနီးအနားရှိ လမ်းကြားတစ်ခုထဲသို့ ပြေးဝင်လိုက်သည်။
စုဝမ်ယိကတော့ ဒေါက်မြင့်ဖိနပ် စီးထားသဖြင့် သွက်သွက်လက်လက် မပြေးနိုင်ပေ။ ထို့ကြောင့် ယဲ့ချန်းလည်း တွေဝေမနေဘဲ သူ(မ)ကို ပွေ့ချီလိုက်တော့သည်။
ယဲ့ချန်းက စုဝမ်ယိကိုပွေ့ချီ၍ လမ်းကြားထဲတွင် အရှိန်ပြင်းပြင်း ပြေးလွှားနေပြီး လက်နက်ကိုင်ဆောင်ထားသည့် လူတစ်စုကလည်း အနောက်က ထပ်ကြပ်မကွာ လိုက်လာကြသည်။
တည်ငြိမ်လှသော ယဲ့ချန်း၏ပုံစံကို မြင်လိုက်ရသောအခါ စုဝမ်ယိ၏ ရင်ထဲရှိ အစောပိုင်းက ကြောက်ရွံ့စိတ်များမှာ လုံးဝပျောက်ကွယ်သွားသည်။
ပြေးနေရင်း ယဲ့ချန်းက တည်ငြိမ်စွာ စကားဆိုလိုက်သည်။
"ဝမ်ယိ... မကြောက်နဲ့နော်။ ကိုယ် ရှိနေသရွေ့ ဘယ်သူမှ မင်းကို အနာတရဖြစ်အောင် မလုပ်စေရဘူး"
ယဲ့ချန်း၏ ကတိစကားကို ကြားလိုက်ရသောအခါ စုဝမ်ယိခမျာ ကြောက်ရွံ့ခြင်း အလျဉ်းမရှိတော့ဘဲ သူ(မ)၏ နှလုံးသားထဲဝယ် ရင်ခုန်စိတ်လှုပ်ရှားမှုများဖြင့်သာ ပြည့်နှက်သွားတော့သည်။
••••••••••••••••••••••••••••