အခန်း ၁၁၇၁
Vol. 79 Ch. 1171
အခန်း (၁၁၇၁) နှင်းအင်ပါယာသွေးဆက်
ဟော်ဟွာရှန်းစဉ်းစားသည်။ နှလုံးမဲ့ဂိုဏ်းအပေါ် အပြစ်လွှဲချထားပြီးဖြစ်၍ မျက်မြင်သက်သေမကျန်အောင် နှလုံးမဲ့ဂိုဏ်းဝင်များကိုပါ တစ်ခါတည်းအပြတ်ရှင်းလိုက်သည်က ပိုကောင်းလိမ့်မည်။
မြောက်ပိုင်းတိုက်နယ်တွင် နှလုံးမဲ့ဂိုဏ်းဝင်များ တကယ်ရှိနေမည်ဟု သူထင်မထားခဲ့။
"မြောက်ပိုင်းနယ်မြေမှာ နှလုံးမဲ့ဂိုဏ်းက ဘယ်လောက်အတိုင်းအတာထိ လွှမ်းမိုးထားလဲ။ အဆင့်မြင့်ဂိုဏ်းဝင်တွေရှိလား။ သူတို့ထဲမှာ အမြင့်ဆုံးစွမ်းအားရှင်က ဘာအဆင့်လဲ"
အရေးကြီးသည့် အချက်များကို ဟော်ဟွာရှန်းမေးသည်။ နှလုံးမဲ့ဂိုဏ်းသည့် မဟာရှားဖိ နှိပ်ကွပ်မှုဒဏ်ကို လေးငါးကြိမ်ခံခဲ့ရသည်။ ဒုဂိုဏ်းချုပ်များ အဖမ်းခံရသည်။
ဂိုဏ်းထိပ်သီးကိုးဆယ်ရာနှုန်းနီးပါး ကွပ်မျက်ခံရသည်။
ထို့ကြောင့် မြောက်ပိုင်းနယ်မြေမှ နှလုံးမဲ့ဂိုဏ်းသည် အင်အားနည်းနည်းသာရှိမည်။...သို့မဟုတ် နှလုံးမဲ့ဂိုဏ်းချုပ် ဤနေရာတွင် ပုန်းခိုနေလိမ့်မည်။
နတ်ဝိညာဉ်အဆင့်တပည့်တစ်ယောက်က ခေါင်းခါသည်။
"ထိပ်သီးဂိုဏ်းဝင်တွေ ဘယ်လောက်ရှိလဲဆိုတာ သေချာမသိရဘူး။ ဒါပေမယ့် တစ်ခုတော့သေချာတယ်။ ဝိညာဉ်ပြောင်းအဆင့် ဂိုဏ်းဝင်တွေတော့ရှိတယ်"
"အင်း၊ သဘောပေါက်ပြီ"
သူ့ဆရာကျောက်ရိုးဆီ ချက်ချင်းသတင်းပို့ပြီး ရှေ့ဆက်လုပ်ရမည့်ကိစ္စကို အကြံတောင်းဖို့ ဆုံးဖြတ်လိုက်သည်။
"နောက်တစ်ခုရှိသေးတယ်"
နတ်ဝိညာဉ်အဆင့်တပည့်က စာအုပ်တစ်အုပ်ထုတ်ပေးသည်။
"ဒါကို ရွှမ်ထန်ကျင့်စဉ်ကျမ်းလို့ခေါ်တယ်။ ဒီလင်မယားနေတဲ့ အိမ်ထဲကနေ ရလာတာ။ သူတို့မှတ်ဉာဏ်အရ ဒါက စုစည်းခြင်းအဆင့်ထိ ကျင့်ကြံနိုင်တဲ့ ကျင့်စဉ်တစ်ခုပဲ"
ရွှမ်ထန်ကျမ်းစာအုပ်က ရှေးခေတ်ဒီဇိုင်းပုံစံဖြစ်သည်။ မဟာရှားခေတ်တွင် ပေါ်ခဲ့သည့်ကျင့်စဉ် ဟုတ်မည်မထင်။
"စုစည်းခြင်းအဆင့်ထိ ရောက်နိုင်တယ်ပေါ့။ ငါ့ကြည့်လိုက်ဦးမယ်"
ဟော်ဟွာရှန်း ကျင့်စဉ်ကျမ်းကို တစ်လုံးချင်းဖတ်သည်။ လက်ချိုး၍ တွက်ချက်သည်။ စာကြောင်းတိုင်း၏ သွယ်ဝိုက်အဓိပ္ပါယ်ကို စဉ်းစားသည်။ အက္ခရာတိုင်းတွင် နက်ရှိုင်းသည့် အတွေးအမြင်များ ပါဝင်နေသည်။
"ဒါကိုကျင့်ကြံဖို့က ကန့်သတ်ချက်တွေများတယ်။ လူတစ်ယောက်ပဲ ကျင့်ကြံနိုင်တယ်။ တီထွင်ထားတဲ့ကျင့်စဉ်နည်းက တကယ်ကောင်းတာပဲ။ ဒါပေမယ့် စုစည်းခြင်းအဆင့်ထိရောက်ဖို့ကတော့ အခွင့်အလမ်းနည်းပါတယ်။ ငါ့ကျင့်ကြံတဲ့နည်းလမ်းတွေက ဒီထက်ပိုကောင်းတယ်"
.......
"မြောက်ပိုင်းနယ်မြေမှာ နှလုံးမဲ့ဂိုဏ်းဝင်တွေရှိတယ်ပေါ့"
ကျောက်ရိုးအစီရင်ခံသည့်သတင်းကို ကြားပြီးနောက် မူပိုင်ယိ မေးကိုပွတ်၍ စဉ်းစားနေသည်။
နှလုံးမဲ့ဂိုဏ်းသည် ဘာကြောင့်ထိုမျှခြေလှမ်းကျဲသည်မသိ။
...ငါက ဂိုဏ်းသခင်လုကို သူတို့မြောက်ပိုင်းနယ်မြေမှာရှိတယ်လို့ တမင်လိမ်ခဲ့တာ။ အခုသူတို့ တကယ်ရှိနေတယ်ပေါ့...
ဂိုဏ်းသခင်လုသာ နှလုံးမဲ့ဂိုဏ်းဝင်များနှင့်တွေ့ပြီး ဂိုဏ်းဝင်တစ်ယောက်ယောက်က သရဲကိုးကောင်မဟာမိတ်အကြောင်း လုံးဝမသိပါဟုပြောလိုက်လျှင် သူနှင့်ဂိုဏ်းသခင်လုကြား ဆက်ဆံရေးထိခိုက်နိုင်သည်။
"ကျုပ်ကိုယ်တိုင် မြောက်ပိုင်းတိုက်နယ်ကို ခရီးထွက်ပါ့မယ်"
ကျောက်ရိုးက ပြောသည်။
မူပိုင်ယိက ကျောက်ရိုးကို တစ်ချက်လှည့်ကြည့်သည်။
...မင်းသာတကယ် မြောက်ပိုင်းတိုက်နယ်ကိုသွားချင်ရင် ငါ့ဆီကို ဒီလိုသတင်းလာပို့နေပါ့မလား...
မြောက်ပိုင်းနယ်မြေမှာ နှလုံးမဲ့ဂိုဏ်းရဲ့ သာမန်ဂိုဏ်းဝင်တွေတင်မဟုတ်ဘဲ ဂိုဏ်းချုပ်ကိုယ်တိုင် ရှိနေမှာကိုကြောက်လို့ ငါ့ကိုပါဆွဲခေါ်သွားချင်တာမဟုတ်လား...
မူပိုင်ယိ ထရပ်၍ ကျောက်ရိုးကို အမိန့်ပေးသည်။
"နေမင်းဂိုဏ်းကိုဆက်သွယ်ပါ။ ငါတို့နဲ့အတူ မြောက်ပိုင်းကိုလိုက်ခဲ့ဖို့ပြောပါ"
နေမင်းဂိုဏ်းချုပ် ချီတာဖန်းလည်း ကူးဖြတ်ခြင်းအဆင့်သို့ ရောက်ခဲ့ပြီးဖြစ်သည်။ နေမင်းဂိုဏ်းတွင် အစကတည်းက ကူးဖြတ်ခြင်းအလတ်တန်းအဆင့် ဘိုးဘေးတစ်ယောက်ရှိသည်။
....
ရှားပါးသည့် အားလပ်ရက်တွင် ဆရာသုံးယောက် မူရွှဲ့မြို့အပြင်ဘက်သို့ထွက်၍ အသားကင်သည့်စင်တစ်ခု ပြင်ဆင်သည်။ လုယန်က အသားကင်ဖို့ တာဝန်ယူသည်။
"ရော့၊ ယုန်ကင်ကို မြည်းကြည့်ပါ။ ဒီယုန်က ငါကိုယ်တိုင်အမဲလိုက်ပြီးဖမ်းခဲ့တာ။ လွတ်သွားတော့မလိုတောင်ဖြစ်ခဲ့တယ်"
ရွှဲ့ရှီလုန်က ရေခဲဓားတစ်ချောင်းကိုင်ထားသည်။ သိုင်းကျောင်းတံစက်မြိတ်အောက်ဘက်တွင် ရေခဲချွန်တစ်ခုကို သူအမှတ်မထင်တွေ့ခဲ့သည်။ တကယ့်ဓားအစစ်နှင့် တူသည်။ စတွေ့ကတည်းက သူအတော်သဘောကျနေသည်။
မှော်စွမ်းအားသုံး၍ ရေခဲဓားတစ်လက် သူဖန်တီးနိုင်သော်သလည်း သဘာဝအတိုင်းဖြစ်လာသည့် ရေခဲဓားကို သူပို၍သဘောကျသည်။ သဘာဝလောက၏ ထူးခြားအံ့ဖွယ် လက်ရာတစ်ခုဖြစ်သည်။
ရွှဲ့ရှီလုန်သာမဟုတ်။ လုယန်နှင့် ဓားပညာမကျင့်ကြံသည့် မုန်ကျင်းကျိုးပင် ထိုရေခဲဓားကိုလိုချင်ကြသည်။ သို့သော် ရွှဲ့ရှီလုန်က ပေးမည်မထင်။
"ဒါဆိုရင်တော့ အားမနာတော့ဘူးနော်"
ရွှဲ့ရှီလုန်က ရေခဲဓားကို ရေခဲသေတ္တာထဲထည့်၍ မှော်လက်စွပ်ထဲသိမ်းပြီးနောက် ယုန်သားကင်ကို စမြည်းကြည့်သည်။
မုန်ကျင်းကျိုကတော့ လုံးဝအားမနာပဲ ချက်ချင်းကိုက်ဖဲ့စားသည်။
"အရသာတကယ်ကောင်းတာပဲ။ အရင်က စားဖူးသမျှယုန်ကင်တွေထက် ပိုကောင်းတယ်"
လုယန်က ဝင့်ကြွားသည့်လေသံဖြင့်
"မြောက်ပိုင်းနယ်မြေက ယုန်ကင်လေကွာ။ ဒါမျိုးကို မင်းဘယ်နေရာမှာ စားဖူးမှာလဲ။ ဒီနယ်မြေက တစ်နှစ်ပတ်လုံးရေခဲဖုံးနေတော့ နတ်ဆိုးသားရဲတွေက အဆီလွှာထူတယ်။
ငါ့ရဲ့ ရသာသုံးမျိုးမီးတောက်နဲ့ ကင်လိုက်တော့ အဆီတွေပျော်ဆင်းသွားတယ်လေ။ တစ်ခြားနေရာကယုန်တွေနဲ့ ယှဉ်လို့ရမလဲ"
"ဒါလည်းဟုတ်တာပဲ"
သုံးယောက်သား မီးပုံဘေးတွင် ပြောဆိုရယ်မောရင်း စားသောက်နေကြသည်။ ရွှဲ့ရှီလုန်က ဓားပညာနှင့်ပတ်သက်၍ မရှင်းလင်းသည့်အချက်များ လုယန်ကိုမေးသည်။ ထို့နောက် လုယန်နှင့်မုန်ကျင်းကျိုး၏ ထူးခြားသည့်အတွေ့အကြုံများကိုမေးသည်။
ရွှဲ့ရှီလုန်က မြောက်ပိုင်းနယ်မြေ၏ ရိုးရာဓလေ့များအကြောင်း ပြောပြသည်။
အအေးဒဏ်ကို သူတို့မခံစားရ။ မီးပုံဖိုထားသည်က ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိဖို့သာဖြစ်သည်။
"ဒါနဲ့၊ နှင်းအင်ပါယာသွေးဆက်ဆိုတာက ဘယ်လိုဟာမျိုးလဲ"
လုယန် စပ်စုလိုက်သည်။
ဓားပွဲတော်တွင် ရွှဲ့ရှီလုန်က သူ့စရီုက်ကွဲကို ကုသခဲ့သည်။ နှင်းအင်ပါယာသွေးဆက် စတင်နိုးထလာသည်။ လနန်းတော်အကျဉ်းထောင်ထဲတွင် ထိုသွေးဆက် အပြည့်အဝနိုးထခဲ့သည်။
ရွှဲ့ရှီလုန်တွင် ရွှမ်ယွမ်ထန်ဟန်ဆိုသည့် ဆရာတူအကိုတစ်ယောက်ရှိသည်။ ထိုရွှမ်ယွမ်၏ အမူအရာအရ နှင်းအင်ပါယာသွေးဆက်သည် အတော်ထူးခြားသည့်အရာမျိုးဖြစ်မည်။
"နှင်းအင်ပါယာသွေးဆက်ဆိုတာဘာလဲ"
မုန်ကျင်းကျိုးက ထိုအကြောင်း တစ်ခါမှမကြားဖူးသေး။
ရွှဲ့ရှီလုန်က ပြုံး၍ရှင်းပြသည်။
"နှင်းအင်ပါယာဆိုတာ ကျုပ်တို့မြောက်ပိုင်းနယ်မြေရဲ့ ဒဏ္ဍာရီတစ်ခုပါ။ ရှေးခေတ်ကတတည်းက ရှိခဲ့တဲ့ ရိုးရာယုံကြည်ချက်လို့လည်း ပြောလို့ရတယ်။ မြောက်ပိုင်းနယ်မြေက လူတွေအားလုံး နှင်းအင်ပါယာမျိုးဆက်တွေပဲ။
ဒီဒဏ္ဍာရီက လူသိနည်းတယ်။ ဒါကြောင့် အကိုတို့နှစ်ယောက် မသိကြတာ မဆန်းပါဘူး"
နှင်းအင်ပါယာအကြောင်း နတ်မယ်က လုံးဝမပြောဖူး။ ထိုနှင်းအင်ပါယာသည် နတ်မယ်လောက် ရှေးကျဟန်မတူ။
"မြောက်ပိုင်းနယ်မြေမှာ နှင်းအင်ပါယာသွေးဆက်နိုးထလာတယ်ဆိုတာ နှင်းအင်ပါယာက အသိအမှတ်ပြုတဲ့သဘောလို့ ပြောကြတယ်။
သွေးဆက်နိုးထတဲ့လူက မြောက်ပိုင်းနယ်မြေမှာ စွမ်းအားအကြီးဆုံး ပါရမီရှင်ဖြစ်လာတယ်။ ဒီအယူအဆက ခိုင်မာတယ်လို့တော့မဟုတ်ဘူး။ ကျုပ်သွေးဆက်နိုးထပြီးမှ မှတ်ဉာဏ်ထဲမှာ ပေါ်လာတာတွေပါ။
အတိအကျပြောရရင် သွေးဆက်နိုးထတဲ့လူဟာ နှင်းအင်ပါယာအမွေခံဖြစ်ဖို့ အရည်အချင်းမီတဲ့သဘောပဲ။ နှင်းအင်ပါယာဆိုတာ လူတစ်ယောက်ကို ရည်ညွှန်းတာမဟုတ်ဘူး။ ဘွဲ့နာမည်တစ်ခုပါ။
ခေတ်အဆက်ဆက်မှာ နှင်းအင်ပါယာတွေ အများကြီးပေါ်ခဲ့ပြီးပြီ။ ပြီးတော့ နှင်းအင်ပါယာနေရာကို ကျုပ်ဆက်ခံချင်တယ်ဆိုရင် စမ်းသပ်မှုသုံးခု ဖြတ်ကျော်ရတယ်"
ထိုသို့ပြောရင်း အသားကင်စင်ဘေးရှိ ပန်ကန်ထဲမှ တံစို့ထိုးထားသည့် မက်မွန်သီးသုံးလုံးယူလိုက်သည်။
"ဒါလေး မြည်းကြည့်ပါ။ ဒီမက်မွန်သီးတွေက မြောက်ပိုင်းတိုက်နယ်ရဲ့ အထူးထွက်ကုန်ပဲ။ ဒါမျိုးကို အကိုတို့မစားဖူးလောက်ဘူး"
အေးခဲနေသည့် မက်မွန်သီးကို လုယန်ကိုက်ဝါးလိုက်သည်။ အတော်လေး အရည်ရွှမ်းသည်။ ပါးစပ်ထဲမှ ပြန်စီးကျမတတ်ပင်ဖြစ်သည်။
လုယန်တို့နှစ်ယောက် မက်မွန်သီးစားရင်း ဆက်မေးသည်။
"မင်းဖြတ်ကျော်ရမယ့် စမ်းသပ်မှုသုံးခုက ဘာတွေလဲ"
"ပထမဆုံးတစ်ခုက တာအိုနှလုံးစမ်းသပ်တာပါ။ နိမ့်ကျချိန်မှာ မယိမ်းမယိုင်တဲ့စိတ်ဓာတ်မျိုးရှိရမယ်။ တာအိုလမ်းစဉ်အတွက် စိတ်ဓာတ်ခိုင်မာမှုကို သက်သေပြရတယ်။ အဲဒီ့စမ်းသပ်ချက်ကို သိုင်းကျောင်းကို စရောက်တဲ့အချိန်မှာ ကျုပ်ကျော်ဖြတ်ခဲ့တယ်"
"ဘယ်လို"
လုယန် နားမလည်နိုင်အောင်ဖြစ်သွားသည်။
"သိုင်းကျောင်းကိုကျုပ်စရောက်တော့ အကိုလုက လေဟာနယ်သန့်စင်အဆင့်ရောက်နေပြီလို့ပြောတယ်။ ကျင့်စဉ်တက်ချိန်မျာ ကူးဖြတ်ခြင်းအဆင့်ထိ ရောက်တယ်လို့ ပြောတယ်လေ။
ဓားပွဲတော်ပြီးကတည်းက အကို့ကျင့်စဉ်စွမ်းအားကို အမီလိုက်နိုင်ရမယ်လို့ သန္တိဌာန်ချပြီး ကျုပ်ကျင့်ကြံခဲ့တာလေ။ အကိုအဲလိုပြောလိုက်တော့ ကျုပ်စိတ်ထဲ အတော်လေးတုန်လှုပ်သွားတယ်"
လုယန် နားလည်လာသည်။
"ဒါဆို ပထမစမ်းသပ်ချက်ကို ဖြတ်ကျော်နိုင်ခဲ့ပြီးဆိုတော့ မင်းက စိတ်ဓာတ်မကျဘဲ ငါ့ကိုအမီလိုက်ဖို့ ဆက်ကြိုးစားမယ်ပေါ့"
ရွှဲ့ရှီလုန် ခေါးင်ခါသည်။
"ဟား..မဟုတ်ပါဘူး။ မြောက်ပိုင်းနယ်မှာ နံပတ်တစ်ဓားပါရမီရှင်ဖြစ်ရတာ ကောင်းတယ်လို့ ခံယူလိုက်တာပါ။ လောကရဲ့နံပတ်တစ်ဓားပါရမီရှင်ဆိုတဲ့ အကိုနာမည်နဲ့ ယှဉ်စရာမလိုပါဘူး"
"ဒုတိယစမ်းသပ်ချက်က ဘာလဲ"
"မြောက်ပိုင်းနယ်မြေက အဆင့်တူတွေထဲမှာ ပြိုင်ဘက်ကင်းဖြစ်ဖို့ပါ"
"ညီလေးရွှဲ့ရဲ့ ဓားပညာအရဆို ကိုယ့်ထက်ကျင့်စဉ်အဆင့်မြင့်တဲ့လူတွေကို ယှဉ်နိုင်မှာပါ။ အခု မြောက်ပိုင်းနယ်ရဲ့ အဆင့်တူတွေထဲမှာ မင်းက ပြိုင်ဘက်ကင်းပဲမဟုတ်လား"
ရွှဲ့ရှီလုန် နောက်တစ်ကြိမ် ခေါင်းခါပြန်သည်။
"မဟုတ်ဘူး။ ဝိညာဉ်ပြောင်းအဆင့်ထဲမှာ ပူပင်မဲ့ဧည့်သည်ဆိုတဲ့ နတ်ဆိုးကျင့်ကြံသူတစ်ယောက်ရှိတယ်။ မကောင်းမှုမျိုးစုံလုပ်တယ်။ ကျုပ်သူနဲ့ တစ်ခါတိုက်ခိုက်ဖူးတယ်။ ဒါပေမယ့် ကျုပ်ရှုံးသွားတယ်။
သူ့ကိုအနိုင်ယူနိုင်မှ ဒုတိယစမ်းသပ်ချက်ကို ဖြတ်ကျော်နိုင်မှာ။ မူရွှဲ့မြို့တော်ကို ဓားပညာကျင့်ကြံဖို့လာတာ ဒီကိစ္စကြောင့်လည်းပါတယ်"
********************************