အခန်း ၁၁၇၂
Vol. 79 Ch. 1172
အခန်း (၁၁၇၂) ကံဆိုးသည့်သူခိုး
ပူပင်မဲ့ဧည့်သည်ကို ရှုံးခဲ့သည့်အကြောင်း ပြောရသည်ကို ရွှဲ့ရှီလုန် လုံးဝရှက်ရွံ့ခြင်းမရှိ။ နည်းနည်းစိတ်အားတက်ကြွသည့် အမူအရာမျိုးပင် ပေါ်နေသည်။
"ကျုပ်ရဲ့ ထွန်ခြစ်ပညာက ပြည့်စုံသလောက်နီးပါး ရှိပြီ။ ထွန်ခြစ်ပညာထဲက နက်ရှိုင်းတဲ့ဓားပညာသဘောတရားတွေကို အပြည့်အဝနားလည်ပြီးရင် ပူပင်မဲ့ဧည့်သည် ကျုပ်ကိုမယှဉ်နိုင်တော့ပါဘူး။
ဂေါ်ပြားပညာကို အပြည့်အဝနားလည်လာရင် အဲဒီ့ထက်ပိုပြီးတောင် ကျုပ်စွမ်းအားကြီးလာဦးမှာပါ"
ထွန်ခြစ်ပညာထဲမှ ဓားပညာသဘောတရားများကို နားလည်ပြီးနောက် အချိန်ကြာမြင့်စွာ ငုပ်လျှိုးနေသည့် သူ့ဓားတာအိုနှလုံး သက်ဝင်လှုပ်ရှားလာသည်။ ဓားပညာအတွေးအမြင် တစ်နေ့တစ်ခြား တိုးတက်လာသည်။
"ဒါတွေအားလုံးက အကိုလုလမ်းညွှန်ပေးခဲ့တဲ့ ကျေးဇူးကြောင့်ပါ"
"လောင်လုကလမ်းညွှန်ခဲ့တာလား"
မုန်ကျင်းကျိုး လုယန်ကို သံသယမျက်လုံးဖြင့်ကြည့်သည်။ တစ်ခုခုလွဲနေသလို ခံစားရသည်။ ထွန်ခြစ်ပညာသည် ဓားပညာနှင့် ဘာဆိုင်သနည်း...
လုယန်အမူအရာက အပြောင်းအလဲမရှိ။
"မင်းဘာကြည့်နေတာလဲ။ ဓားပညာနဲ့ပတ်သက်တဲ့ကိစ္စတွေ မင်းနားလည်လို့လား"
ထို့နောက် လုယန် ချက်ချင်းစကားလမ်းကြောင်းပြောသည်။
"ဆက်ပြောပါဦး ညီလေးရွှဲ့။ တတိယစမ်းသပ်ချက်က ဘာလဲ"
"အဆင့်မြင့်ပညာရပ်တစ်ခု ကိုယ်တိုင်တီထွင်ဖန်တီးဖို့ပါ။ အရေအတွက်ဖြည့်ရုံ သာမန်ပညာမျိုး ဖန်တီးလို့မရဘူး။ သွေးဆက်မှတ်ဉာဏ်အရဆိုရင် ဒါဟာ ကျုပ်ရဲ့တီထွင်ဖန်တီးနိုင်စွမ်းကို စမ်းသပ်တာပါ။
အရင်ကရှိခဲပြီးသားပညာတွေကို အမွေခံတာမျိုးမဟုတ်ဘူး။ ကျုပ်ရှေ့ကမျိုးဆက်တွေရဲ့ပညာတွေထက် သာလွန်တဲ့ပညာမျိုးဖြစ်ရမှာ"
"ဒီတတိယစမ်းသပ်ချက်က အတော်ခက်တာပဲ"
လုယန်ကပြောသည်။ သူသိသမျှ ပညာရပ်များကို ပြန်စဉ်းစားကြည့်သည်။ အားလုံးက ကိုယ်တိုင်တီထွင်ထားသည့်ပညာများ မဟုတ်။
ရွှဲ့ရှီလုန်က စိတ်ပူဟန်မတူ။
"အဲဒီ့အဆင့်ရောက်မှပဲ မီးစင်ကြည့်ကရမှာပေါ့။ ဒီလိုကိစ္စတွေက အတင်းလုပ်ယူလို့မရဘူး။ စမ်းသပ်ချက်သုံးဖြတ်ကျော်နိုင်ရင် နှင်းအင်ပါယာအမွေခံလည်းဖြစ်လာမယ်။
ပြီးတော့ လက်ရှိနှင်းအင်ပါယာကို ကျုပ်ဖြစ်ချင်တဲ့ ဆန္ဒတစ်ခုလည်း တောင်းဆိုနိုင်တယ်"
"ဒါဆို ဒီအပေးအယူက မဆိုးဘူးပဲ"
"ကဲ၊ စားလို့လည်းပြီးပြီ။ ပြန်ကြစို့"
လုယန် ထရပ်၍ တင်ပါးတွင်ကပ်နေသည့် နှင်းများကို ခါထုတ်လိုက်သည်။ ပစ္စည်းများသိမ်း၍ သိုင်းကျောင်းသို့ပြန်သည်။
.........
မြောက်ပိုင်းနယ်မြေတွင် နေ့နှင့်ည အပူချိန်က အတော်ကွာခြားသည်။ နေ့ခင်းဘက်တွင် လက်မဆန့်ချင်လောက်အောင်အေးသည်။ ညဘက်တွင် ထိုထက်ပိုအေးသည်။
ထို့ကြောင့် မူရွှဲ့မြို့ခံများ ညဘက်အပြင်ထွက်လည်သည်ဟူ၍ မရှိ။ ညရောက်သည်နှင့် အိမ်တိုင်း မီးပိတ်၍ အိပ်ကြသည်။ တစ်မြို့လုံး ခြောက်ခြားစရာကောင်းလောက်အောင် တိတ်ဆိတ်နေသည်။
တိတ်ဆိတ်သည့် ညအမှောင်ထဲတွင် ဒုသခင်မ၏ ဒေါသတကြီးအော်ဟစ်ကြုံးဝါးသံက မြို့တော်တစ်ခုလုံး ဟိန်းထွက်သွားသည်။
"ဘယ်ပေါက်လွှတ်ပဲစားကောင်က ငါ့အိမ်ထဲကို ဝင်ခိုးရဲတာလဲကွ။ မင်းကသေချင်နေတာပဲ"
ဝတ်ရုံနက်တစ်ယောက် အိမ်ခေါင်မိုးများပေါ် ခုန်ကူးပြေးလွှားနေသည်။ သူ့သဏ္ဌာန်က ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသည်။ လှုပ်ရှားမှုများက အလွန်တရာ ပါးနပ်သည်။
ဒုသခင်မာ၏အော်ဟစ်သံနောက်တွင် တောက်ပသည့်ဓားရိပ်တစ်ခု ထိုးကျလာသည်။ ခုန်ပျံပြေးလွှားနေသည့်လူကို ဆက်မပြတ်တိုက်ခိုက်သည်။
ဒုသခင်မာ ဒေါသထွက်နေသည်ကိုလည်း အပြစ်မဆိုသာ။ ပြီးခဲ့သည့်ရက်ပိုင်းက ဓားတာအိုနှင့်ပတ်သက်၍ အတွေးအမြင်တစ်ချို့ရခဲ့သဖြင့် အပြင်လောကနှင့် အဆက်အသွယ်ဖြတ်ပြီး ကျင့်စဉ်ဝင်နေခဲ့သည်။
သို့သော် လူတစ်ယောက်က သူဒဏ်ရာအပြင်းအထန်ရပြီး အတွင်းကျိတ်ကုသနေသည်ဟု ထင်မှတ်၍ သူ့အိမ်တော်ထဲသို့ဝင်ပြီး ရဲရဲတင်းတင်းဝင်ခိုးသည်။ သခင်မာကို မခန့်လေးစားလုပ်ခြင်းဖြစ်သည်။
သူခိုးက ညာလက်ကိုဘယ်လက်ဖြင့်ဆုပ်ကိုင်ထားပြီး မျက်နှာတွင် နာကျည်းရိပ်ပေါ်နေသည်။ ဓားချက်ကိုရှောင်၍ ဘေးကင်းကင်းထွက်သွားနိုင်မည်ဟု သူထင်ခဲ့သည်.
သို့သော် သခင်မာက ဒဏ်ရာလုံးဝရမထားသည့်အပြင် ဓားစွမ်းလည်းပိုထက်လာသည်။ ထို့ကြောင့် သူဓားချက်ထိသွားခြင်းဖြစ်သည်။
"ခွေးသူတောင်းစားမာ။ မင်းနေနှင့်ဦးပေါ့။ မင်းပစ္စည်းတွေတင်မဟုတ်ဘူး။ မင်းသမီးကိုပါ ငါရအောင်ခိုးမယ်ကွ"
သူခိုးအော်သံကြောင့် ဒုသခင်မာ ဒေါသူပုန်ထသွားပြီး အသားများတဆတ်ဆတ်တုန်နေသည်။ တစ်မြို့လုံးလူဖြန့်၍ အမဲလိုက်ဖို့ အမိန့်ပေးသည်။ သိပ်မကြာမီ မူရွှဲ့မြို့တော်တစ်ခုလုံး နေ့ခင်းဘက်ကဲ့သို့ လင်းထိန်သွားသည်။
သူခိုးက ဆေးတစ်လုံးမျိုချပြီး ဒဏ်ရာပိုဆိုးမလာအောင် ယာယီထိန်းလိုက်သည်။ မူရွှဲ့တစ်မြို့လုံး သတိထားစောင့်ကြည့်နေသည်ဖြစ်၍ လောလောဆယ် မြို့ထဲမှထွက်ဖို့ မဖြစ်နိုင်။ ခိုစရာနေရာတစ်ခု အရင်ရှာရမည်။ နောက်မှ မြို့ပြင်ထွက်ဖို့ နည်းလမ်းရှာမည်။
ခြံဝင်းတစ်ခုထဲသို့ သူခုန်ဝင်သွားသည်။ လှပသည့်မြင်းဇောင်းတစ်ခုကိုမြင်ရသည်။ အမြီးတဖျတ်ဖျတ်ခတ်၍ မြက်ဝါးနေသည့် မြင်းဖြူတစ်ကောင်ရှိနေသည်။
"ဒါက မြင်းနဂါးလား"
သူခိုးစိတ်ထဲ ဝမ်းသာလုံးဆို့သွားသည်။ အရှေ့ပင်လယ်မှ မြင်းနဂါးမျိုးနွယ်တစ်ကောင် မြောက်ပိုင်းနယ်မြေတွင် ပေါ်လာသည်။ အသွင်အပြင်အရ သွေးဆက်သန့်စင်သည့် မြင်းနဂါးတစ်ကောင်ဖြစ်မည်။ အဖိုးဖြတ်မရအောင် တန်ဖိုးကြီးသည်။
"ဒါက ကျားဟိန်းသံသိုင်းကျောင်းထင်တယ်။ ဒီသိုင်းကျောင်းက တကယ်ချမ်းသာတာပဲ။ ဒီမြင်းနဂါးကို သူတို့ဘယ်ကများ ရထားပါလိမ့်။ ကြည့်ရတာ မြင်းနဂါးရဲ့ ကျင့်စဉ်အဆင့်က သိပ်မမြင့်လောက်သေးဘူး။
ကျင့်စဉ်အဆင့်မြင့်ရင် အခုချိန်ဆို သူလူအသွင်ပြောင်းနေမှာပေါ့။ ငါ့အတွက် ကွက်တိပဲ"
သွားဖြဲပြုံး၍ မြင်းနဂါးဆီ သူကပ်သွားသည်။ မူရွှဲ့မြို့တော်တွင် သွေးဆက်သန့်စင်သည့် မြင်းနဂါးတစ်ကောင်ရသည်။ ဓားတစ်ချက်ထိခဲ့ရကျိုးနပ်သည်ဟု ဆိုနိုင်သည်။
မြင်းနဂါးက သူခိုးကို တစ်ချက်သာကြည့်ပြီး မြက်ကိုဆက်စားနေသည်။
လက်နှစ်ဘက်ဖြင့် ထိန်းချုပ်မှော်တံဆိပ်တစ်ခုဖန်တီး၍ မှော်မန္တာန်တစ်ခု တီးတိုးရေရွတ်လိုက်သည်။ မြင်းနဂါးကို သားရဲထိန်းပညာဖြင့် ထိန်းချုပ်ရန် ကြိုးစားသည်။
သားရဲထိန်းတံဆိပ် မြင်းနဂါးပေါ်ကျသွားသည်။ မြင်းနဂါးက အစမှအဆုံးထိ လုံးဝဆန်ကျင့်ခြင်းမရှိ။
"အောင်မြင်ပြီ"
သို့သော် သားရဲထိန်းတံဆိပ်က မြင်းနဂါးကိုထိသည်နှင့် သူခိုး အကြီးအကျယ်မျက်နှာပျက်သွားသည်။ ဤမြင်းနဂါး တစ်ခုခုတော့ ထူးဆန်းနေသည်။
သားရဲထိန်းမှော်ပညာ၏ တန်ပြန်သက်ရောက်မှုကို သူခံလိုက်ရသည်။ အသက်ဓာတ်များ ချက်ချင်းလျော့ပါးသွားသည်။ သွေးနှင့်ချီအားနည်းလာပြီး မျက်နှာဖြူရော်၍ နောက်သို့ခြေနှစ်လှမ်းယိုင်သွားသည်။
အစောပိုင်းကထိန်းထားသည့် ဓားဒဏ်ရာမှ သွေးများတရဟောစီးကျလာသည်။ နှစ်ခါအထိနာသဖြင့် သူ့ညာလက်က လုံးဝသုံးမရဖြစ်သွားသည်။
"ဘာသံတွေလဲဟ"
ခြံနောက်ဖေးမှ မသဲမကွဲအသံများ ကြားလိုက်ရသဖြင့် ဟော်ဟွာရှန်း စိုးရိမ်တကြီးပြေးလာသည်။
သိုင်းကျောင်းထဲမှ ထွက်ချိန်မရတော့သဖြင့် သူခိုးက လျှို့ဝှက်ပညာတစ်ခုသုံး၍ ကိုယ်ယောင်ဖျောက်လိုက်သည်။
ထိုပညာက ထူးခြားသည်။ သာမန်မျက်လုံးဖြင့်ဖြစ်စေ ဝိညာဉ်အာရုံသုံးသည်ဖြစ်စေ သူ့ကိုမြင်နိုင်မည်မဟုတ်။
"ဘယ်သူမှမတွေ့ပါလား"
ဟော်ဟွာရှန်း တွေးရခက်သွားသည်။ ဝိညာဉ်ပြောင်းအဆင့်ဖြစ်၍ သူနားကြားမှားခြင်းတော့ မဟုတ်လောက်။
သို့သော် ဝိညာဉ်အာရုံကိုဖြန့်ကြည့်သည့်တိုင် ဘာမှအာရုံမခံမိ။ မြင်းဇောင်းထဲတွင် မြက်စားနေသည့် လောင်မာသာရှိသည်။
"စမ်းသပ်ကြည့်ရမှာပေါ့"
သူ့အင်္ကျီလက်ကို ဖျတ်ခနဲခါ၍ သွေးနတ်ဆိုးဓားရိပ် ဖန်တီးလိုက်သည်။ ဓားချီလှိုင်းများစွာ ထုတ်လွှတ်သည်။
သူခိုး မျက်လုံးပြူးသွားသည်။ တစ်ဘက်လူက ဝိညာဉ်ပြောင်းအဆင့် ကျင့်ကြံသူဖြစ်နေသည်။
သူဒဏ်ရာရမထားလျှင် ထိုအဆင့်လောက်ကို သူအရေးမစိုက်။ သို့သော်ယခု ဒဏ်ရာအပြင်းအထန်ရထားသည်။ တိုက်ခိုက်ဖို့ စိတ်မကူးရဲ။ ဒုသခင်မာကို လက်ယပ်ခေါ်သလို ဖြစ်သွားမည်။
ဓားချီများသူ့ကိုထိသည်။ အင်္ကျီကို ပါးစပ်ဖြင့်ကိုက်ထားသည်။ အသံမထွက်ရဲ။ ဟော်ဟွာရှန်း ရှာတွေ့သွားမည်ကို သူစိုးရိမ်သည်။
"တကယ်ဘယ်သူမှမရှိဘူးပဲ"
ခြံနောက်ဘေးမှ နေရာတိုင်းကို ဟော်ဟွာရှန်း ဓားချီထုတ်လွှတ်သည်။ သို့သော် လူတစ်ယောက်မှမတွေ့။ တံခါးစောင့်တာဝန်ကို အလေးထားလွန်းသဖြင့် အာရုံမှောက်မှားခြင်းဖြစ်မည်ဟုသာ သူကောက်ချက်ချလိုက်ရသည်။
ဟော်ဟွာရှန်း ထွက်သွားပြီးနောက် သူခိုးပေါ်လာသည်။ မြေပေါ်တွင်ဒူးထောက်၍ လက်တစ်ဘက်ထောက်ကန်ပြီး ခန္ဓာကိုယ်ကို ထိန်းထားသည်။ အသက်ကိုမောပန်းစွာ ရှူရှိုက်နေသည်။ နဖူးတွင် ချွေးစေးများထွက်နေသည်။
သိစိတ်အာရုံ ဝေဝါးရှုပ်ထွေးနေသည်။
ထိုအတိုင်း ဆက်သွား၍မဖြစ်။ အနားယူဖို့ နေရာတစ်ခုရှာရမည်။ ဤနေရာမှ ထွက်သွားရမည်။ ဤသိုင်းကျောင်းက အတော်ထူးဆန်းနေသည်။ ကျားဟိန်းသံဂိုဏ်းသည် သာမန်မဟုတ်နိုင်။
ခြံထဲမှ အခန်းတစ်ခုဆီ သူချဉ်းကပ်သွားသည်။ အခန်းအပြင်ဘက်တွင် သစ်သားဓားတစ်လက် ချိတ်ဆွဲထားသည်။
အခန်းနားသို့ သူရောက်သွားချိန်တွင် သစ်သားဓားမှ ဓားရိပ်တစ်ခု ထွက်လာပြီး သူ့ကိုချက်ချင်းတွန်းထုတ်သည်။
သူမြေပေါ်ကျသည့်နေရာတွင် နေ့ရောညပါ ဓားချီများသွင်းထားသည့် ရွှဲ့ရှီလုန်၏ ထွန်ခြစ်ရှိနေသည်။
ထွန်ခြစ်သွားများက အလွန်တရာထက်မြက်သည်။ ဓားချီတွန်းထုတ်မှုကြောင့် သူခိုးက မြေပေါ်သို့ ခေါင်းစိုက်ကျလာသည်။ သူ့ဦးခေါင်းထဲသို့ ထွန်ခြစ်သွားများ ဖောက်ဝင်သွားသည်။
မြေပေါ်တွင် ခဏအကြောဆွဲနေပြီးနောက် သူငြိမ်သက်သွားသည်။
လုယန် တံခါးဖွင့်၍ထွက်လာပြီး ခေါင်းကုတ်နေသည်။
"ငါ့သစ်သားဓားက ဘာလို့လှုပ်ရှားခဲ့တာလဲ"
လက်ရှိတွင် သူသည် လေဟာနယ်သန့်စင်အဆင့်ရောက်နေသည်။ အန္တရာယ်များသည့်အချိန်ဖြစ်သည်။ သူ့အခန်းထဲ လူစိမ်းတစ်ယောက် ထိုးဖောက်ဝင်လာလျှင် ဒုက္ခများမည်။ ထို့ကြောင့် သစ်သားဓားကို အကာအကွယ်အနေဖြင့် တံခါးအပြင်ဘက်တွင် ချိတ်ထားခြင်းဖြစ်သည်။
သူ့ဘေးခန်းမှ ရွှဲ့ရှီလုန်လည်း ထွက်လာသည်။ သူကပို၍ အံ့ဩနေသည်။
"ဒုတိယစမ်းသပ်ချက်ကို ငါဘယ်လိုအောင်မြင်သွားတာလဲ"
မြေပေါ်တွင် သွေးသံရဲရဲလဲကျနေသည့်သူခိုးဆီ သူတို့လှမ်းကြည့်မိကြသည်။
ဓားဒဏ်ရာတစ်ချက်ထိထားသည့် ညာလက်က သုံးမရတော့။ တစ်ကိုယ်လုံး ဓားဒဏ်ရာများရှိသည်။ ဦးခေါင်းတွင် အပေါက်လေးငါးပေါက်ရှိသည်။ ဘယ်လိုအခြေအနေမျိုး ကြုံခဲ့ရသည်တော့မသိ။
မသေမီ ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်ခံခဲ့ရပုံမျိုး ဖြစ်သည်။
ရွှဲ့ရှီလုန် သူခိုးအလောင်းကို ဆွဲလှန်လိုက်သည်။ မျက်နှာကိုမြင်ရပြီးနောက် ပို၍ပင်အံ့အားသင့်သွားသည်။
"ပူပင်မဲ့ဧည့်သည်ပဲ။ သူဘယ်လိုသေသွားတာလဲ"
******************************