အခန်း ၁၁၇၄
Vol. 79 Ch. 1174
အခန်း (၁၁၇၄) ရေခဲသေတ္တာထဲကပစ္စည်း
"ငါတို့ဂိုဏ်းဝင်ဟော်ဟွာရှန်းက နတ်ဝိညာဉ်အဆင့်လူနှစ်ဆယ်နဲ့အတူ မူရွှဲ့မြို့မှာ စတည်းချနေတယ်။ ပူပင်မဲ့ဧည့်သည်အကြောင်း သူသိချင်သိနေနိုင်တယ်။
မူပိုင်ယိကပြောသည်။
.....
နှစ်ကုန်ခါနီးပြီဖြစ်၍ သိုင်းကျောင်းက ကျောင်းပိတ်ရက်ရှည်ကြေငြာသည်။ ကျောင်းပိတ်ရက်မတိုင်မီ မိဘဆရာတွေ့ဆုံပွဲတစ်ခုလုပ်ဖို့ ဆရာလုနှင့် တစ်ခြားဆရာများက ဆုံးဖြတ်ခဲ့သည်။
ပထမတစ်ချက်အနေဖြင့် သူတို့ဆရာဖြစ်ချိန်မှစ၍ သင်ကြားပေးခဲ့သည့် တိုးတက်မှုရလာဒ်များကို ခြုံငုံတင်ပြမည်။
ဒုတိယတစ်ချက်အနေဖြင့် ကျောင်းပိတ်ရက်တွင် ကျောင်းသားများ လက်သီးသိုင်းလေ့ကျင့်မှုမပျက်စေဖို့ မိဘများကို တိုက်တွန်းအားပေးရန် မှာကြားမည်။
သူတို့အစီအစဉ်ကို မုရုံယွီက ဝမ်းမြောက်ဝမ်းသာလက်ခံသည်။ သိုင်းကျောင်းခန်းမကို တွေ့ဆုံပွဲအတွက် ကိုယ်တိုင်ပြင်ဆင်သည်။ ခန်းမအတွင်းအပြင်နှစ်ခုလုံး မီးပုံးများ ပိုးဖဲကတ္တိပါများ တန်ဆာဆင်သည်။ သက်ဝင်လှပသည့် နေရာတစ်ခုဖြစ်အောင် ဖန်တီးသည်။
"လျိုယွီရဲ့မိဘတွေပဲ။ ဝင်ကြပါခင်ဗျာ။ ဝင်ကြပါ"
ဆရာသုံးယောက်က တံခါးဝတွင်ရပ်၍ ကျောင်းသားမိဘများကို လှိုက်လှဲစွာကြိုဆိုသည်။
"ဒါက ဆရာလုဆိုတာဖြစ်မယ်။ ကျုပ်တို့ရှောင်ယွီက ဆရာ့အကြောင်း မကြာခဏပြောပါတယ်။ ဆရာလက်သီးသိုင်းသင်တဲံ့ပုံစံကို သူအရမ်းသဘောကျတယ်လို့ပြောတယ်"
"ကျိကောက တော်ရုံလူကို ချီးမွှမ်းလေ့မရှိဘူး။ ဆရာလုကိုတော့ သူအမြဲချီးကျူးပါတယ်"
"ဆရာလု၊ ဆရာမုန်၊ ဆရာရွှဲ့။ ဒီကလေးနှစ်ယောက်ကို သေချာလေးဂရုစိုက်ပေးကြပါဗျာ"
"စိတ်ချပါ စိတ်ချပါ။ ဒါနဲ့...ကျိကောက ဘယ်မှာလဲ"
လုယန် မေးလိုက်သည်။ ဖန်ကျိကောသည် လျိုယွီအိမ်တွင်နေသည်။ ဘာကြောင့်လျိုယွီနှင့်အတူ ပါမလာသည်မသိ။
လျိုယွီဖခင်က သက်ပြင်းချသည်။
"ကျိကောက စုယွမ်နဲ့ အပြင်ထွက်သွားတယ်။ တွေ့ဆုံပွဲအမှီ ပြန်လာမယ်လို့ ပြောသွားတာပဲ။ ကလေးတွေက အရွယ်ရောက်လာပြီဆိုတော့ ကျုပ်တို့ထိန်းချုပ်လို့ မရတော့ဘူးလေ"
ကျိကောနှင့် စုယွမ်...
လုယန်စိတ်ထဲ သံသယနည်းနည်းဝင်လာသည်။ ထိုနှစ်ယောက် အတူထွက်သွားသည်ဆိုလျှင် သာမန်အလည်အပတ်ထွက်ခြင်းမျိုး မဟုတ်လောက်။
"ကုန်ချီရဲ့မိဘတွေလား။ အထဲဝင်ကြပါခင်ဗျာ"
ကုန်းချီဖခင်က လုယန်၏လက်ကို စိတ်အားထက်သန်စွာဆွဲလှုပ်၍
"ဆရာလုကို ကျေးဇူးအများကြီးတင်ပါတယ်။ ရှောင်ချီရဲ့ရောဂါက အခုပျောက်သွားပြီ။ ကျုပ်တို့တကယ်ကျေးဇူးတင်ပါတယ်..."
မိဘနှစ်ပါးလုံး စကားဆုံးအောင်မပြောနိုင်ဘဲ မျက်ရည်ဖြိုင်ဖြိုင်ကျလာသည်။ ကုန်းချီ၏ အေးခဲချီများ တစ်စမကျန် ပျောက်သွားသည်။ ကျန်းမာသန်စွမ်းသည့် ခန္ဓာကိုယ်မျိုး ရလာသည်။
"ကျေးဇူးတင်စရာမလိုပါဘူး။ ဒါက ကျုပ်လုပ်သင့်လို့လုပ်ပေးတာပါ"
လုယန် လက်ကိုရုန်းထွက်ရန် ကြိုးစားသည်။ စိတ်ခံစားချက်များလွန်းသည့် လူများနှင့် ဆက်ဆံရသည်ကို သူမကျွမ်းကျင်။
ထို့နောက် ကုန်းချီ၏မိဘများက တံခါးစောင့်ဟော်ကို လှည့်ကြည့်၍ ကျေးဇူးတင်စကားဆိုသည်။
"တွေ့ဆုံပွဲမတိုင်ခင်လေးကပဲ ရောင်ချီကပြောတယ်။ လူပြန်ပေးသမားတွေနဲ့ သူတို့ကြုံတဲ့အချိန်မှာ ခင်ဗျားက လူဆိုးတွေကို ခြောက်လှန့်မောင်းထုတ်လိုက်တယ်တဲ့။ ကျေးဇူးတင်ပါတယ်ဗျာ ကျေးဇူးတင်ပါတယ်"
ဟော်ဟွာရှန်းက တည်ကြည်သည့်မျက်နှာဖြင့် ခါးမတ်၍ပြောသည်။
"ဒါတွေက ကျုပ်လုပ်သင့်လို့လုပ်ပေးတာပါ"
လုယန် ကျောင်းသားမိဘများကိုဆက်၍ ကြိုဆိုနှုတ်ဆက်သည်။
"ရှစ်ယီ...ဟ၊ မင်းရဲ့မိသားစုဝင်တွေက များလှချည်လား"
ရှစ်ယီနောက်တွင်ပါလာသည့် လူအုပ်က အတော်များသည်။ သူ့ဖခင် ရှစ်လဲ့ဟူနှင့် သူ့မိခင် ပင်းဝူတို့လည်း ရေခဲနဂါးမျိုးနွယ်များနှင့်အတူ ပါလာသည်။
လူတန်းက အတော်ရှည်သည်။ လမ်းတစ်ခုလုံး ပြည့်နေသည်။
ရေခဲနဂါးခေါင်းဆောင်က ရှေ့တိုးလာပြီး လုယန်လက်ကိုကိုင်၍ မျက်ရည်စက်လက်ဖြင့်ပြောသည်။
"ဆရာလု၊ ရှစ်ယီကို ပြုစုပျိုးထောင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျုပ်က ရှစ်ယီရဲ့အဘိုးပါ။ အမှန်အတိုင်းပြောရရင် ဒီကလေးအပေါ် ကျုပ်တို့အများကြီးမျှော်လင့်ထားပေမယ့် သူ့ကိုဘယ်လိုပြုစုပျိုးထောင်ရမယ်ဆိုတာ မသိပါဘူး။ ဆရာလု သေချာလမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ရှစ်ယီကို ဆရာလု အပင်ပန်းခံသင်ပြပေးရကျိုး နတ်မှာပါ။ ကျုပ်တို့နဂါးမျိုးနွယ်ရဲ့အထောက်အပံ့နဲ့ဆို သူမြန်မြန်တိုးတက်လာမှာပါ"
ရေခဲနဂါးခေါင်းဆောင် စကားထပ်ပြောချင်သေးသော်လည်း သူ့နောက်တွင်ရှိနေသည့် ပင်းဝူက တွန်းဖယ်၍နေရာဝင်ယူသည်။
"ကျွန်မတို့မိသားစု ပြန်ပေါင်းစည်းနိုင်ဖို့ ကူညီခဲ့တဲ့အတွက် ဆရာလုကို ကျေးဇူးတင်ပါတယ်။ ဆရာလု ခပ်လျှိုလျှိုနေတာက တစ်ခြားလူတွေ ဆရာလုအကြောင်း မသိစေချင်လို့မဟုတ်လား။။
စိတ်ချပါ။ ဆရာလုရဲ့ သရုပ်မှန်ကို ကျွန်မဘယ်သူ့ကိုမှ မပြောပါဘူး"
ရှစ်ယီ၏ မိသားစုကြီး သိုင်းခန်းမထဲရောက်လာသည်။ တစ်ခြားကလေးများ မိဘများလည်းရောက်လာသည်။ ဆရာသုံးယောက်ကို ကျေးဇူးတင်စကားပြောကြသည်။ သူတို့ကလေးများသည် ယခု နွားတစ်ကောင်ကို လက်သီးတစ်ချက်ဖြင့် သတ်ဖြတ်နိုင်လောက်အောင် စွမ်းအားကြီးနေပြီဖြစ်သည်။
သိုင်းခန်းမထဲတွင် မိဘများ အချင်းချင်းပြောဆိုဆွေးနွေးနေသည်။ ဆရာသုံးယောက်ကို ချီးကျူးနေကြသည်။ ဘေးမှရပ်ကြည့်နေသည့် မုရုံယွီ မနားတမ်းပြုံးနေသည်။
"မိဘဆရာတွေ့ဆုံပွဲ စတော့မယ်။ ကျိကောနဲ့စုယွမ် ဘာလို့ရောက်မလာကြသေးတာလဲ"
လုယန် တီးတိုးရေရွတ်သည်။ ထိုနှစ်ယောက် ဒုက္ခတစ်ခုခုကြုံနေသလားမသိ။
ထိုစဉ် ကျိကောနှင့်စုယွမ် အပြေးလာနေသည်ကို မြင်လိုက်ရသည်။
ကျိကောနောက်ကျောတွင် အထုပ်တစ်ခုလွယ်လာသည်။ စုယွမ်လက်ကိုဆွဲ၍ အရှိန်ကုန်တင်၍ ပြေးလာသည်။
မိဘဆရာတွေ့ဆုံပွဲ နောက်ကျမည်စိုး၍ ဖန်ကျိကော သူ့ကျင့်စဉ်စွမ်းအားအမှန်ကို ဖုံးကွယ်ထားဖို့ပင် သတိမရတော့။
"မြန်မြန်ဝင်ကြ။ ငါတို့က မင်းတို့ကို စောင့်နေတာကွ"
လုယန် သူတို့နှစ်ယောက်နောက်မှ သိုင်းခန်းမထဲတွင်သည်။ တံခါးကို ညင်သာစွာပိတ်လိုက်သည်။ ဟော်ဟွာရှန်းက အပြင်ဘက်တွင်စောင့်ကြပ်နေသည်။
လုယန် မိဘနှင့်ကျောင်းသာများကို ပြုံးကြည့်ပြီး ခံတွင်းတစ်ချက်ရှင်း၍ နူးညံ့သည့်လေသံဖြင့် စကားစပြောသည်။
"အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ မိဘများအနေနဲ့ မအားလပ်တဲ့ကြားကနေ ဒီတွေ့ဆုံပွဲကို လာတက်ပေးတဲ့အတွက် ဆရာအားလုံးရဲ့ကိုယ်စား ကျေးဇူးတင်ကြောင်း ကျုပ်ပြောချင်ပါတယ်။
ဒီသင်တန်းကို အမှတ်မထင် ကံအကြောင်းတိုက်ဆိုင်ပြီး ကျုပ်သင်ကြားခွင့်ရခဲ့ပါတယ်။ ဆရာရွှဲ့နှင့် ဆရာမုန်လည်း အဲလိုပဲ ခံစားရမယ်ထင်ပါတယ်။
...သင်တန်းကာလအတွင်းမျာ ကျောင်းသားတွေရဲ့စွမ်းရည်က သိသိသာသာတိုးတက်လာပါတယ်။ ဒါဟာ ကျောင်းသားရဲ့အားထုတ်မှု မိဘတွေရဲ့ ထောက်ပံ့မှု ပူးပေါင်းဆောင်ရွက်မှုမပါဘဲနဲ ဖြစ်မလာနိုင်ပါဘူး။
...နှစ်သစ်ချိန် နီးလာပါပြီ။ ကျောင်းသားတွေအနေနဲ့ သိုင်းပညာမလေ့ကျင့်ဘဲ ပျောက်လိုက်ပါးလိုက်ကစားလိုက် မနေကြဖို့ တိုက်တွန်းချင်ပါတယ်။...ကဲ နောက်နှစ်ကျမှ ပြန်ဆုံကြတာပေါ့"
လုယန်က ဆရာတစ်ယောက်ဟန်ပန်ဖြင့် အစီအစဉ်တကျပြော၍ တွေ့ဆုံပွဲကို နိဂုံးချုပ်လိုက်သည်။ လက်ခုပ်သံများ ဆူညံစွာထွက်ပေါ်လာသည်။ တစ်ချို့ကျောင်းသားများက မျက်ရည်ပင် ကျနေကြသည်။
တွေ့ဆုံပွဲပြီးသွားပြီးနောက် ဆရာသုံးယောက် အတူထိုင်ကြသည်။ မုန်ကျင်းကျိုးက ရယ်မော၍ လုယန်ကို လက်သီးဖြင့်အသာထိုးလိုက်သည်။
"အတော်နားထောင်လို့ကောင်းတာပဲ။ မင်းပြောတာမှန်တယ်။ မြောက်ပိုင်းနယ်မြေမှာနေရတာ အတော်သက်တောင့်သက်သာရှိတယ်။ လောကအတွေ့အကြုံယူဖို့ တကယ့်နေရာကောင်းပဲ"
လုယန်ကို ငြိမ်အောင်ထိန်းနိုင်ပြီဟု မုန်ကျင်းကျိုးခံစားရသည်။
သူမရောက်မီက လုယန်နေထိုင်ခဲ့သည့်ဘဝကို ပြန်တွေးကြည့်လျှင် သိနိုင်သည်။ မဟာနတ်ဆိုးဘုရင်လေးယောက်နှင့် တိုက်ခိုက်ခဲ့သည်။ သားရဲအုပ်နှင့် တိုက်ခိုက်ခဲ့သည်။ သူရောက်ပြီးနောက် အချိန်ခြောက်လအတွင်း လုယန်တိုက်ခိုက်ရသည်ဟု တစ်ခါမှမရှိခဲ့။
နေ့ခင်းဘက်တွင် သိုင်းသင်သည်။ ညဘက်တွင် ငြိမ်းချမ်းစွာအနားယူသည်။
မိဘဆရာတွေ့ဆုံပွဲ ပြီးဆုံးသည်နှင့် တရားဝင်အားလပ်ရက်လည်း စတင်လာသည်။ ဆရာများရော ကျောင်းသားများပါ အားလပ်ရက် နှစ်လရသည်။
"ဘယ်လိုထင်လဲ။ အားလပ်ရက်ပြီးရင် ပျော်ရမယ့်နေရာတစ်ခု သွားရှာကြမလား"
"ကောင်းသားပဲ"
လုယန်နှင့်ရွှဲ့ရှီလုန်က မငြင်းကြ။
သူတို့စကားပြောနေစဉ် ဖန်ကျိကောနှင့်စုယွမ်က ရေခဲသေတ္တာတစ်ခုကိုင်၍ ရောက်လာသည်။
"ဆရာလု၊ ဒီရေခဲသေတ္တာကို ဖွင့်နိုင်လား"
လုယန် အံ့အားသင့်သွားသည်။ ထိုသေတ္တာက အတော်ရှေးကျသည့်လက်ရာမျိုးဖြစ်သည်။ သာမန်ပစ္စည်းလုံးဝမဟုတ်နိုင်။
"မင်းတို့ဒါကို ဘယ်ကရတာလဲ"
စုယွမ် ခေါင်းငုံ့သွားသည်။ ဆရာလုမျက်နှာကို သူမကြည့်ရဲ။
"ကျုပ်တို့ကောက်ရခဲ့တာပါ"
"...ဆရာ့ကို အမှန်အတိုင်းပြောပါ"
"ဝိညာဉ်ချောက်ကမ်းပါးအောက်ဘက် နှလုံးဖျက်လျှို့ဝှက်မြေထဲက ရခဲ့တာပါ"
လုယန် နှစ်ယောက်လုံးကို ခေါင်းခေါက်လိုက်သည်။
"ဝိညာဉ်ချောက်ကမ်းပါးဆိုတာ မင်းတို့သွားရမယ့်နေရာမဟုတ်ဘူး။ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ ငါတောင် မင်းတို့ကို အချိန်မီကယ်နိုင်မှာမဟုတ်ဘူး"
စုယွမ်က မဝံ့မရဲလေသံဖြင့်
"ဟိုအသံက ဘေးကင်းတယ်ပြောလို့ပါ.."
"သူ့စကားနားထောင်မှာလား ငါ့စကားနားထောင်မှာလား"
"ဆရာလုစကားကို နားထောင်မှာပါ"
လုယန်မျက်နှာ နည်းနည်းပြေလျော့သွားပြီး သေတ္တာကို သေချာစစ်ဆေးသည်။ သူ့လက်ရှိကျင့်စဉ်စွမ်းအားက ကူးဖြတ်ခြင်းအဆင့်ရောက်နေသော်လည်း သေတ္တာကို ထိုးဖောက်မမြင်ရ။
မုန်ကျင်းကျိုးနှင့် ရွှဲ့ရှီလုန်လည်း ခေါင်းခါကြသည်။ သူတို့လည်း ထိုရေခဲသေတ္တာမျိုး မမြင်ဖူး။
"နတ်မယ်၊ ဒါက..."
"လန်နင်ရှန်းရဲ့ ရေခဲသေတ္တာနဲ့တူတယ်"
"လန်နင်ရှန်းဆိုတာ ဘယ်သူလဲ"
"ဪ..ဒီမိန်းမက လုပ်ကြံရေးသမားပါ။ အမြဲတမ်းရေခဲမျက်နှာနဲ့နေတယ်။ ဘယ်တော့မှမပြုံးဘူး။ သူကအတော်ဆွဲဆောင်မှုရှိတယ်။
ရှေးဟောင်းခေတ် ထိပ်တန်းမိန်းမလှဆယ်ယောက်မှာ အောက်ဆုံးအဆင့်ပေါ့။ သူ့ကျင့်စဉ်နာမည်က 'နှလုံးဖျက်ကျင့်စဉ်'တဲ့။ လူသတ်စွမ်းအင်ကို မွေးဖြူပြီး စိတ်နှလုံးကို ကန်ရေပြင်လို တည်ငြိမ်အောင် ထိန်းရတယ်။
ဒါပေမယ့် သူ့ကျင့်စဉ်ပညာကို အပြည့်အဝမကျွမ်းကျင်ခဲ့ပါဘူး"
ရှေးဟောင်းခေတ် ထိပ်တန်းမိန်းမလှဆယ်ယောက်တွင် အောက်ဆုံးအဆင့်ဆိုလျှင် လန်နင်ရှန်းသည့် ထူးခြားသည့်အလှပိုင်ရှင်ဖြစ်ပေလိမ့်မည်။
"ဘာလို့သူ့ကျင့်စဉ်ပညာကို မကျွမ်းကျင်ခဲ့တာလဲ။ ပါရမီညံ့လို့လား"
"မဟုတ်ဘူး။ နှလုံးဖျက်ကျင့်စဉ်ကျမ်းကိုကျင့်ရင် ခံစားချက်တွေထားလို့မရလို့ပါ။ ဒါပေမယ့်သူက လူသတ်ဖို့သွားရင်းနဲ့ ယန်ခုန်တုန်ကို စွဲလန်းသွားတယ်လေ။
ယန်ခုန်တုန်ကို မကြိုက်ဘူးလို့ သူအမြဲငြင်းခဲ့ပေမယ့် သူ့ကျင့်စဉ်တိုးတက်မှုအခြေအနေက ငြင်းလို့မရဘူး။ ယန်ခုန်တုန်ကို သူတကယ်ကြိုက်ခဲ့တာ"
"ယန်ခုန်တုန်ဆိုတာ ဟာရမ်ရွှေသန္ဓေတည်ဆောက်ခဲ့တဲ့လူလား"
"ဟုတ်တယ်"
နတ်မယ်က ရေခဲသေတ္တာ၏ချိတ်ပိတ်တံဆိပ်ကို ထိုးဖောက်ကြည့်ဖို့ မသေမျိုးဝိညာဉ်အာရုံကိူ သုံးလိုက်သည်။
"သေတ္တာထဲမှာ ဘာတွေများ...အဲ...လက်ပြတ်တစ်ခုလား"
*********************************