အခန်း ၁၁၇၅
Vol. 79 Ch. 1175
အခန်း (၁၁၇၅) သရုပ်မှန်
"လက်ပြတ်...ဟုတ်လား"
လုယန် တွေးရင်းတွေးရင်း သူ့ခေါင်းထဲတွင်ရှင်းလင်းလာသည်။
သူမှတ်မိသည်။ ယန်ခုန်တုန်တွင် ကိုယ်လုပ်တော်များစွာရှိသည်ဟု နတ်မယ် တစ်ခါက ပြောဖူးသည်။ နောက်ဆုံးတွင် ဟာရမ်ပြဿနာတက်၍ သူ့ခန္ဓာကိုယ်ကို ကိုယ်လုပ်တော်များက တစ်ယောက်တစ်ပိုင်းစီ ဆွဲဖြတ်ယူကြသည်။
လန်နင်ရှန်းလည်း ထိုကိုယ်လုပ်တော်အုပ်စုတွင်ပါနေလျှင် လက်တစ်ဘက်ဖြတ်ယူဖို့ ခက်ခဲမည်မထင်။
"ဒီရေခဲသေတ္တာက နည်းနည်းထူးဆန်းတယ်။ မင်းတို့လက်ထဲမှာထားရင် အန္တရာယ်များတယ်။ လောလောဆယ် ငါသိမ်းထားမယ်လေ။ ဘယ်လိုလဲ"
လုယန် ညင်သာစွာပြောသည်။
စုယွမ်ကိုယ်ထဲမှအသံရှင် လှောင်ပြုံးပြုံးသည်။ ဤလုမျိုးရိုး မရိုးသားကြောင်း သူကြိုတင်ရိပ်မိပြီးဖြစ်သည်။ ထိုသေတ္တာကို ရတနာတစ်ခုမှန်းသိ၍ သိမ်းထားမည်ဟူသည့် ဆင်ခြေဖြင့် အပိုင်ယူလိုခြင်းသာဖြစ်မည်။
စုယွမ်က ရိုးအသည်။ ထိုရေခဲသေတ္တာသည် ကြည့်ရုံဖြင့်ပင် သာမန်မဟုတ်ကြောင်း ထင်ရှားနေသည်။ ကိုယ့်ဘာသာ သိုဝှက်ထားသင့်သည်။ ဘာကြောင့် သူတစ်ပါးလက်သို့ အပါခံလိုက်သည်မသိ။
စုယွမ်နှင့်ဖန်ကျိကောက ထိုကိစ္စကို သိပ်မစဉ်းစားပဲ ချက်ချင်းသဘောတူလက်ခံသည်။
"ဒါဆို ကျုပ်တို့သွားတော့မယ်။ ဆရာလု၊ ဆရာမုန်နဲ့ ဆရာရွှဲ့၊ နောက်နှစ်မှပြန်တွေ့မယ်"
ထိုနှစ်ယောက် နှုတ်ဆက်၍ ထွက်သွားသည်။ ဆရာသုံးယောက်နှင့် မုရုံယွီသာ ခန်းမထဲတွင် ကျန်ခဲ့သည်။
"ရေခဲသေတ္တာကက တကယ်လက်ရာမြောက်တာပဲ"
အထဲတွင် ဘာပစ္စည်းရှိမှန်းမသိသော်လည်း သေတ္တာကိုကြည့်၍ ရွှဲ့ရှီလုန် အတော်သဘောကျနေသည်။
သေတ္တာပေါ်မှ လှပသည့်ပန်းပျောက်ပုံများက ရှေးဟောင်းဒဏ္ဍာရီတစ်ခုကို ပြောပြနေသယောင်ရှိသည်။ ရိုးရှင်း၍ ခံ့ညားထည်ဝါသည်။
ထို့နောက် ရွှဲ့ရှီလုန် သူ့ကိုယ်ပိုင်ရေခဲသေတ္တာကိုထုတ်၍ နှိုင်းယှဉ်ကြည့်သည်။ သူ့သေတ္တာလည်း အနုစိတ်လက်ရာများ ပါသည်။ သို့သော် ဖန်ကျိကောယူလာသည့် ရေခဲသေတ္တာနှင့်ယှဉ်လျှင် နည်းနည်းအရည်အသွေးနိမ့်နေသည်။
...
လျှို့ဝှက်ခန်းတစ်ခုမှ မျက်လုံးတစ်စုံ ဖြေးညှင်းစွာပွင့်လာသည်။ ထူးဆန်းသည့်အလင်းတစ်ခု တောက်ပလာသည်။
"လက်ပြတ်ကို ငါတောင်မရှာရသေးဘူး။ မူရွှဲ့မြို့တော်မှာ သူ့ဘာသာပေါ်လာပြီပေါ့။ ကံကြမ္မာဆိုတာ ဒါကိုပြောတာများလား"
အရပ်မြင့်မြင့်လူတစ်ယောက် ထရပ်လာသည်။ အဓိပ္ပါယ်ပါသည့် အပြုံးတစ်ခုပေါ်လာသည်။
မိဘဆရာတွေ့ဆုံပွဲပြီးသွားပြီးနောက် တစ်ချိန်လုံးသတိဖြင့်နေခဲ့သည့် ဟော်ဟွာရှန်း သမ်းတစ်ချက်ဝေ၍ စိတ်ကိုဖြေလျှော့လိုက်သည်။
မှုန်မှိုင်းသည့် ကေကာင်းကင်ကိုမော့ကြည့်သည်။
"နှင်းကျလာပြန်ပြီလား"
မဖြစ်သေး၊ သူအိပ်ငိုက်၍မဖြစ်။ တံခါးအပြင်ဘက်တွင် သူရပ်နေသည်။ သူသည် သိုင်းကျောင်း၏ဂုဏ်သိက္ခာကို ကိုယ်စားပြုသည်။ သန္ဓေ၊ ချီနှင့် ဝိညာဉ်ကို ထိန်းသိမ်းနိုင်ဖို့လိုသည်။
ထိုသို့တွေးရင်း ဖျတ်ခနဲထရပ်၍ အသင့်အနေအထားပြင်လိုက်သည်။
"ရှောင်ဟော်"
လူတစ်ယောက်ခေါ်သံကြားလိုက်ရသည်။ တစ်ကိုယ်လုံး ကြက်သီးထသွားသည်။ ထိုအသံကို သူရင်းနှီးနေသည်။
ထို့နောက် လူသုံးယောက် လမ်းထောင့်ဆီမှ လျှောက်လာသည်ကို မြင်ရသည်။
သူတို့ဂိုဏ်းချုပ် မူပိုင်ယိ။ နေမင်းဂိုဏ်းချုပ် ချီတာဖန်းနှင့် နေမင်းဂိုဏ်းမဟာအကြီးအကဲ လျိုကျန်းတို့ဖြစ်သည်။
ဂိုဏ်းနှစ်ဂိုဏ်း၏ထိပ်သီး ကူးဖြတ်ခြင်းအဆင့်သုံးယောက် ဘာကြောင့်ရောက်လာကြသည်မသိ။
"ဂါရဝပြုပါတယ် ဂိုဏ်းချုပ်'
ဟော်ဟွာရှန်းဝမ်းသာသွားပြီး ဒူးထောက်ရန်ပြင်သည်။ သို့သော် မူပိုင်ယိက စွမ်းအားဖြင့် ထိန်းချုပ်လိုက်သည်။
"တော်တော့။ ဒီနေရာကို စောင့်ကြည့်နေတဲ့လူတွေ အများကြီးရှိနိုင်တယ်။ ဒီလိုလောကဝတ်တွေမလိုဘူး"
"ဟုတ်ကဲ့"
နတ်ဝိညာဉ်အဆင့်နှစ်ဆယ်လည်း အသံကြားသဖြင့် အပြေးရောက်လာသည်။ ဂိုဏ်းချုပ်မူပိုင်ယိက သူတို့ကို မသိလောက်သော်လည်း ရင်းနှီးခွင့်ရလျှင်ပင် မဆိုးလှ။
ဂိုဏ်းချုပ်ကိုယ်တိုင် သူတို့အလုပ်ကို လာစစ်ဆေးသည်။ သူတို့အကိုကြီးနှင့်အတူ မြောက်ပိုင်းနယ်မြေသို့လိုက်ခဲ့သည်မှာ တကယ်မှန်သွားသည်။
မူပိုင်ယိက လက်တစ်ဘက်ဝေ့ယမ်း၍ နတ်ဝိညာဉ်အဆင့်နှစ်ဆယ်ကို နောက်ပြန်ဆုတ်ကြဖို့ အချက်ပြသည်။
"မင်းတို့ဒီမှာအတော်အဆင်ပြေပုံပဲ။ နှလုံးမဲ့ဂိုဏ်းရဲ့ သဲလွန်စကို မင်းတွေ့ခဲ့တာလို့ ငါကြားတယ်"
"ဂိုဏ်းချုပ် ကျုပ်ကိုချီးကျူးလွန်းနေပါပြီ။ ဒါက တိုက်ဆိုင်သွားလို့ပါ"
"တိုက်ဆိုင်တယ်ဆိုတာလည်း ကံကြမ္မာပဲ။ မင်းတို့ မူရွှဲ့မြို့မှာနေတာ ကြာပြီဆိုတော့ ပူပင်မဲ့ဧည့်သည် ဘယ်မှာနေလဲဆိုတာသိလား"
"ပူပင်မဲ့ဧည့်သည်"
ဟော်ဟွာရှန်း နည်းနည်းတွေးရခက်သွားသည်။ ဘာကြောင့် ဂိုဏ်းချုပ်က ပူပင်မဲ့ဧည့်သည်အကြောင် ရုတ်တရက် မေးလာသည်မသိ။
ပူပင်မဲ့ဧည့်သည်သည် မြောက်ပိုင်းနယ်မြေ ဝိညာဉ်ပြောင်းအဆင့်ထဲတွင် စွမ်းအားအကြီးဆုံးဖြစ်သော်လည်း ကူးဖြတ်ခြင်းအဆင့်သုံးယောက်ကိုယ်တိုင် စုံစမ်းရလောက်အောင် ထိုက်တန်သူမျိုးမဟုတ်။
သူဦးညွှတ်အရိုအသေပေး၍ အမှန်အတိုင်းပြောလိုက်သည်။
"ခေါင်းဆောင်၊ ပြီးခဲ့တဲ့ရက်ပိုင်းက သူဒီမြို့တော်မှာပေါ်လာခဲ့တာ အမှန်ပါပဲ။ ဒုသခင်မာကိုတောင် ဒေါသထွက်အောင် သူလုပ်ခဲ့တယ်။ ဒါပေမယ့် သူ့စွမ်းရည်က တကယ်ထူးခြားတယ်။
ဒုသခင်မာက မြို့တော်ကို ဆယ်ရက်ပိတ်ဆို့ပြီး မြေလှန်ရှာတောင် သူ့ကိုမတွေ့ပါဘူး။ သူက ဒုသခင်မာကို ပြန်လက်စားချေမယ်လို့ ကြွေးကြော်ခဲ့တယ်။ ဒါပေမယ့် အချိန်အတော်ကြာသွားပြီ။
သူမလှုပ်ရှားသေးဘူး။ သွေးရူးသွေးတန်းနဲ့ လျှောက်အော်ခဲ့ပြီးမှ ဒုသခင်မာကို နောက်ထပ်သွေးတိုးမစမ်းရဲတော့ဘဲ မြို့ထဲကနေ သူထွက်သွားတာလည်း ဖြစ်နိုင်ပါတယ်"
"သူမြို့ထဲကထွက်သွားပြီလား"
မူပိုင်ယိ စဉ်းစားသည်။
သို့ဆိုလျှင် အတော်ဒုက္ခများတော့မည်။ နှလုံးမဲ့ဂိုဏ်းချုပ်နှင့်ပတ်သက်၍ သူတို့ရထားသည့် တစ်ခုတည်းသော သဲလွန်စက ပြတ်တောက်သွားသည်။
သူတို့ဂိုဏ်းနှစ်ဂိုဏ်းလုံး နှလုံးမဲ့ဂိုဏ်းဝင်များကို တိုက်ခိုက်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် အမြစ်ပြတ်ရှင်းလင်းချင်သည်။
နှလုံးမဲ့ဂိုဏ်းချုပ်ကို မရှင်းလင်းနိုင်မချင်း သူတို့စိတ်ဖြောင့်မည်မဟုတ်။
မဟာအကြီးအကဲလျိုကျန်းက အေးစက်စက်နှာခေါင်းရှုံ့သည်။
"ကဲ၊ ဘာမဟုတ်ဘဲ လာခဲ့ရတယ်။ အချိန်ကုန်ရုံပဲ"
ထိုစဉ် ရုတ်တရက် မူပိုင်ယိ တုန်လှုပ်သွားသည်။ လူတစ်ယောက် လူသတ်စွမ်းအင်ရောင်တစ်ခု ထုတ်လွှတ်လိုက်သည်ကို ခံစားမိသည်။ အာရုံခံမိသည်နေရာဆီ ဖျတ်ခနဲလှမ်းကြည့်၍ အော်ဟစ်လိုက်သည်။
"ဘယ်သူလဲကွ"
ထူထဲစွာကျနေသည့် နှင်းများကြားမှ ပိန်ပိန်ရှည်ရှည်လူတစ်ယောက် လျှောက်လာသည်။ သူ့နှုတ်ခမ်းထောင့်များ ကွေးညွှတ်နေသည်။ လှောင်ပြုံးလား မဲ့ပြုံးလားခွဲခြားမရ။
"ထင်မထားဘူး။ တကယ်ထင်မထားဘူး။ ငါ့ပစ္စည်းတွေက မင်းတို့ဂိုဏ်းနှစ်ဂိုဏ်းလက်ထဲ ရောက်သွားတယ်ပေါ့"
ထိုလူမျက်လုံးမှ အေးစိမ့်သည့်အလင်းရောင်တစ်မျိုး ထွက်ပေါ်နေသည်။
သူ့လက်သည် သူ့ခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်သည်။ သူ့အာရုံစက်ဝန်းထဲသို့ ရောက်လာလျှင် ရတနာသေတ္တာဖြင့် ချိတ်ပိတ်ထားသည့်တိုင် တည်နေရာကို ဝိုးတဝါးအာရုံခံနိုင်စွမ်းရှိသည်။
အာရုံခံမိသည့်အတိုင်း လိုက်လာရင်း ဤနေရာသို့ရောက်လာခြင်းဖြစ်သည်။ သူ့လက်ပြတ်က ကျားဟိန်းသံသိုင်းကျောင်းထဲတွင် ရှိနေသည်။
ထို့ပြင် ကိုးငရဲဂိုဏ်းချုပ်မူပိုင်ယိ၊ နေမင်းဂိုဏ်းချုပ် ချီတာဖန်းနှင့် အကြီးအကဲလျိုရှင်တို့ ရှိနေသည်။
လောကတွင် ထိုမျှတိုက်ဆိုင်သည့်အရာမျိုး မရှိနိုင်။
ထိုဂိုဏ်းနှစ်ဂိုဏ်းသည့် သူ့လက်ပြတ်ကိုတွေ့၍ ထိုပစ္စည်းကို အသုံးချပြီး သူ့ကိုမျှားခေါ်ခြင်းသာဖြစ်ရမည်။
အတော်ရယ်စရာကောင်းသည်။ မိုးမြေအတိုင်းအဆကို သူတို့လုံးဝနားမလည်ကြ။ သူ့လိုလူကို လာ၍ထောင်ချောက်ဆင်ရဲသည်။
"မြို့တော်သခင်"
ထိုလူကိုမြင်သည်နှင့် ဟော်ဟွာရှန်း အံ့အားသင့်သွားသည်။
အသစ်ရောက်လသသည် မူရွှဲ့မြို့တော်သခင်ဖြစ်နေသည်။
"မြို့တော်သခင်လား။...မဟုတ်ဘူး၊ သူကမြို့တော်သခင်အဖြစ် ဟန်ဆောင်နေတဲ့လူပဲ"
မူပိုင်ယိတို့သုံးယောက် ထိုလူဆီ ဖြေးညှင်းစွာ တိုးကပ်သွားသည်။ အားလုံး၏မျက်နှာအမူအရာက လေးနက်တည်ကြည်သည်။
"မူရွှဲ့မြို့တော်သခင်က မြောက်ပိုင်းတိုက်နယ်က စွမ်းအားရှင်တစ်ယောက်လို့ ပြောကြတယ်။ ဒါပေမယ့်သူက စုစည်းခြင်းအဆင့်ပဲရှိတာ။
ငါတို့သတိမထားမိအောင် အနားကိုကပ်လာဖို့ မဖြစ်နိုင်ဘူး။ ငါပြောတာမှန်တယ်မဟုတ်လား ဂိုဏ်းချုပ်ယန်"
"ဂိုဏ်းချုပ်ယန်...ဟုတ်လား။ နှလုံးမဲ့ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ယန်ပေါ့"
ဟော်ဟွာရှန်း အံ့အားသင့်သွားသည်။ မူရွှဲ့မြို့တော်သခင်က နှလုံးမဲ့ဂိုဏ်းချုပ်ဖြစ်နေသည်။
"မူပိုင်ယိ။ မင်းကစိတ်ဝင်စားစရာပဲ။ နတ်ဆိုးဂိုဏ်းသုံးဂိုဏ်းထဲမှာ ထာဝရဂိုဏ်းကို ငါသဘောအကျဆုံးပဲ။ ပြီးရင်မင်းတို့ကိုးငရဲဂိုဏ်းပေါ့။
ချင်ဟော်ရန်သေပြီးနောက်မှာ မင်းရဲ့ဦးဆာင်မှုကြောင့် ကိုးငရဲဂိုဏ်းက ပြိုကွဲမသွားပဲ ပိုတိုးတက်လာတယ်"
ဂိုဏ်းချုပ်ယန် ခပ်ညှင်းညှင်းရယ်သည်။ သူ့လေသံက အချိန်ကြာမြင့်စွာ မတွေ့ခဲ့ရသည့် မိတ်ဆွေဟောင်းတစ်ယောက်ကို ပြောနေသလိုထင်ရသည်။
ထို့နောက် သူ့စကားသံ အေးစက်တင်းမာလာသည်။ ပတ်ဝန်းကျင်လေထုတွင် လူသတ်ရိပ်များ ပြည့်သွားသည်။
"ဒါပေမယ့် မင်းတို့ငါ့ကို ထောင်ချောက်လာဆင်စရာတော့ အကြောင်းမရှိဘူး။ မဟာရှားက နတ်ဆိုးဂိုဏ်းလေးဂိုဏ်းကို တန်းတူသဘောထားလို့ မင်းတို့က ငါနဲ့အဆင့်အတန်းတူတယ်ထင်နေကြတာလား"
"ဘဝင်မြင့်နေတဲ့ကောင်"
လျိုကျန်းက စိတ်မထိန်းနိုင်တော့ဘဲ အရင်ဆုံးစတင်တိုက်ခိုက်သည်။ ကူးဖြတ်ခြင်းအဆင့်သုံးယောက်ထဲတွင် သူကဝါအရင့်ဆုံး အလတ်တန်းဆင့်ဖြစ်သည်။
"မဟာနေမင်း ကောင်းကင်ဖြတ်"
တောက်ပသည့်နေလုံးတစ်ခု လျိုကျန်းဦးခေါင်းထက်တွင် ပေါ်လာသည်။ အပူချိန် ထိုးတက်လာသည်။ ကျနေသည့်နှင်းများ ချက်ချင်းအရည်ပျော်သွားသည်။
"နေ့ဦး၊ မတိုက်ခိုက်နဲ့ဦး။ ကောင်းကင်ကိုခေါ်သွားပါ။ လုယန်နဲ့မုန်ကျင်းကျိုးက ကျောင်းထဲမှာရှိသေးတယ်"
လျိုကျန်း ထိုမျှတဇွတ်ထိုးဆန်မည်ဟု မူပိုင်ယိထင်မထား။
လုယန်နှင့်မုန်ကျင်းကျိုးတို့ သိုင်းကျောင်းထဲတွင် ရှိနေသည်။ ထိုနှစ်ယောက်ထဲမှ တစ်ယောက်ယောက်ကို ထိခိုက်သွားလျှင် တာအိုလမ်းစဉ်ဂိုဏ်းနှင့်မုန်မိသားစုက သူတို့နောက်သို့ မိုးမြေအဆုံးထိ မနားတမ်းလိုက်လာကြလိမ့်မည်။
သို့သော် မမီတော့။ မဟာနေမင်းက အသွင်ပေါ်လာပြီဖြစ်သည်။
"မက်မွန်ဆွတ်မသေမျိုးလက်"
ဂိုဏ်းချုပ်ယန်၏သဏ္ဌာန် မှုန်ဝါးသွားသည်။ လျိုကျန်းရှေ့တွင် ဖျတ်ခနဲပေါ်လာသည်။ ဝမ်းဗိုက်ကို လက်ဝါးဖြင့်ရိုက်လိုက်သည်။ မဟာနေလုံး ပျက်စီးပျောက်ကွယ်သွားသည်။
********************************