အခန်း ၁၁၇၆
Vol. 79 Ch. 1176
အခန်း (၁၁၇၆) နတ်ဆိုးဂိုဏ်းများ၏ပြည်တွင်းစစ်
"ဒီပစ္စည်းကို ဘယ်နေရာကတွေ့တာလဲပြောပြပါ။ မင်းတို့အသက်ကို ချမ်းသာပေးဖို့ ငါစဉ်းစားမယ်"
ယန်ခုန်တုန်က စကားတစ်လုံးချင်း ဖြေးညှင်းစွာပြောသည်။ မူရွှဲ့မြို့အနီးတွင် လန်နင်ရှန်း၏အမွေအနှစ်ဟု ယူဆရသည့် ပစ္စည်းများရှိသည်ဟူသည့် သတင်းကိုရဖို့ သူများစွာအပင်ပန်းခံခဲ့ရသည်။
သူ့ဘယ်ဘက်လက်သည် လန်နင်ရှန်းမြှုပ်နှံခဲ့သည့် ပစ္စည်းများထဲမှ တစ်ခုဖြစ်သည်မှာ သေချာသည်။
လန်နင်ရှန်းမြှုပ်နှံသည့်နေရာကိုသိလျှင် သူ့ဘယ်လက်ကို ရှာတွေ့နိုင်မည်။
သို့သော် ထိုနေရာကို သူရှာမရခဲ့။
ကိုးငရဲဂိုဏ်းနှင့်နေမင်းဂိုဏ်းက မြောက်ပိုင်းနယ်မြေသို့ရောက်လာပြီး ချက်ချင်းဆိုသလို သူ့လက်ပြတ်ကို တွေ့ခဲ့သည်။ လန်နင်ရှန်းအမွေအနှစ်ရှိသည့်နေရာကို သူတို့သိသည်မှာ သေချာနေသည်။
"ဘာပစ္စည်းကိုပြောနေတာလဲ"
တိုက်ခိုက်ရန်ပြင်နေသည့် မူပိုင်ယိနှင့်ချီတာဖန် တွေးမရအောင်ဖြစ်သွားသည်။
"မင်းတို့က အတော်ဟန်ဆောင်ကောင်းတာပဲ။ အသက်မရှင်ကြတော့ဘူးထင်တယ်"
ဂိုဏ်းချုပ်ယန်မျက်နှာ အေးစက်သွားသည်။ အလောင်းမမြင်လျှင် မျက်ရည်မထွက်ကြလောက်။
နှလုံးမဲ့ဂိုဏ်းဝင်တို့သည် စိတ္တဇသမားများဖြစ်ကြောင်း မူပိုင်ယိသိသည်။ နှလုံးမဲ့ဂိုဏ်းဝင်တိုင်း အရူးများဖြစ်သည်။ ထို့ကြောင့် ခေါင်းဆောင်ဖြစ်သည့် ဂိုဏ်းချုပ်ယန်က ပို၍ပင်ရူးလိမ့်မည်။
အော်ဆဲချင်စိတ်ကို ထိန်းချုပ်၍ ချီတာဖန်နှင့်အတူ မူပိုင်ယိ တိုက်ခိုက်ရန်ပြင်သည်။
"အတူတိုက်ကြမယ်"
"ရွှေကျီးကန်းမီးတောက်စစ်"
ချီတာဖုန်းမျက်လုံးမှ မီးတောက်စစ်ဖြင့်ဖန်တီးထားသည့် ရွှေကျီးကန်းအရိပ်များ ထိုးထွက်လာသည်။ အသစ်တစ်ဖန်ပြန်မွေးဖွားလာသကဲ့သို့ သက်ဝင်လှုပ်ရှားနေသည်။
ရွှေကျီးကန်းများက လျှပ်စီးလိုအရှိန်ဖြင့် ဂိုဏ်းချုပ်ယန်ဆီ ပျံသန်းလာသည်။ ဂိုဏ်းချုပ်ယန်သည် ဝိညာဉ်ခန္ဓာအပြည့်အစုံမဟုတ်။ လက်တစ်ဘက်ပြတ်နေသည်။ ထိုမျှပြင်းထန်သည့် ယန်စွမ်းအားကို ရင်မဆိုင်ချင်။ လေထဲသို့ ခုန်တက်လိုက်သည်။
"ငရဲချောက်နက် ကြိတ်ဆုံ"
ကြီးမားသည့် ရေခဲပြင်တစ်ခု မူရွှဲ့မြို့တော်အထက်တွင် ရုတ်တရက်ပေါ်လာသည်။ မြို့ခံများ ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ အခြေအနေကို တွေးမရဖြစ်နေသည်။ ရေခဲတောင်ဘာကြောင့်ရုတ်တရက်ပေါ်လာသည်မသိ။
မီးတောက်နေသည့် ကြေးဝါကြိုးများ ရေခဲပြင်ထဲမျှ ထိုးထွက်၍ ဂိုဏ်းချုပ်ယန်ဆီ တချွင်ချွင်မြည်၍ ဆန့်ထွက်လာသည်။
ဂိုဏ်းချုပ်ယန်ကို ရစ်ပတ်၍ ရေခဲပြင်ဆီ ဆွဲခေါ်သွားသည်။
ငရဲချောက်နက်ကြိတ်ဆုံသည် ယင်နှင့်ယန်သဘောတရားနှစ်ခုပါဝင်သည်။ ရေခဲပြင်က အစွန်းရောက်ယင်ဓာတ်ကို ကိုယ်စားပြုသည်။ ကြေးဝါကြိုးများက အစွန်းရောက်ယန်ဓာတ်ဖြစ်သည်။ အပြစ်သားတစ်ယောက်၏ ဝိညာဉ်ကို ယန်ချိန်းကြိုးဖြင့် ယင်ရေခဲပြင်တွင် တုပ်နှောင်ခြင်းဖြစ်သည်။
ကြိတ်ဆုံးတစ်ခုဖြင့် ကြိတ်ချေခံရသည်နှင့်တူသည်။ မြူမှုန့်ဖြစ်ချိန်ရောက်မှ ရပ်တန့်လိမ့်မည်။
"ရွေပုရစ်အရေလဲစွမ်းအား"
ရေခဲသေတ္တာကိုဖွင့်ဖို့ နတ်မယ်ကို အကူအညီတောင်းသင့်မတောင်းသင့် လုယန်စဉ်းစားနေခဲ့သည်။ ဆုံးဖြတ်ချက်မချနိုင်မီ အပြင်ဘက်မှ ကျယ်လောင်သည့်အသံတစ်ခု ကြားရသည်။
ပြတင်းပေါက်ကိုဖွင့်၍ကြည့်သည်။ မူပိုင်ယိနှင့် ချီတာဖုန်းက သူမသိသည့်လူတစ်ယောက်နှင့် တိုက်ခိုက်နေသည်ကို မြင်ရသည်။
"အဲ၊ သူတို့ဘယ်လိုစပြီး တိုက်ခိုက်ကြတာလဲ"
မုန်ကျင်းကျိုး အတော်နောင်တရသွားသည်။ မြောက်ပိုင်းနယ်မြေသို့ သူမလာခဲ့သင့်။
မဟာနတ်ဆိုးဘုရင်လေးကောင်နှင့် သူမကြုံခဲ့ရ။ ကူးဖြတ်ခြင်းအဆင့်လေးယောက်နှင့် တိုက်ရိုက်ကြုံရသည်။
ခြံနောက်ဖေးမှ လောင်မာက ကောင်းကင်ကိုမော့ကြည့်လိုက် ခေါင်းငုံ့၍ မြက်ကိုစားလိုက်လုပ်နေသည်။
သူသည် ဤတစ်ကြိမ် ကာကွယ်သူအဖြစ် လိုက်လာခြင်းမဟုတ်။ ဘေးကြည့်ပရိတ်သတ်အဖြစ် လာခြင်းဖြစ်သည်။
ယခုမှ စိတ်လှုပ်ရှားစရာပွဲတစ်ပွဲ ကြည့်ရသည်။
"မူပိုင်ယိက ဟိုလူကိုဘာလို့ ဂိုဏ်းချုပ်ယန်လို့ခေါ်တာလဲ။ နှလုံးမဲ့ဂိုဏ်းချုပ်က ယန်ခုန်တုန်များလား"
နှလုံးမဲ့ဂိုဏ်းချုပ်ကို ယန်မျိုးရိုးဟုသာ သူသိထားသည်။ နာမည်ရင်းကိုမသိရ။ ဖမ်းမိခဲ့သည့် ဒုဂိုဏ်းချုပ်နှစ်ယောက်ပင် သူတို့ခေါင်းဆောင်သည် ယန်မျိုးရိုးဟုတ်မဟုတ် သေချာမသိ။
"ဪ တကယ်ယန်ခုန်တုန်အစစ်ပဲ။ ဟား...ဒီကောင်အခုထိ အသက်ရှင်နေဦးမယ်လို့ ထင်မထားဘူး။ သူတကယ်အသက်ပြင်းတာပဲ"
နတ်မယ်၏စကားသံက သူ့နားထဲတွင် ပဲ့တင်ထပ်သွားသည်။
"ခန္ဓာကိုယ်တစ်စစီဆုတ်ဖြဲခံရတာတောင် သူမသေခဲ့ဘူးဆိုတော့ လျှို့ဝှက်ပညာတစ်ခုသုံးပြီး ရှင်သန်ခဲ့တာဖြစ်မယ်။ ဒါမှမဟုတ် သူ့ကိုယ်လုပ်တော်တွေက သူ့ကိုတကယ်သတ်ချင်စိတ်မရှိဘဲ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို သူတို့နဲ့အတူ အမြဲတမ်းသိမ်းထားချင်ခဲ့ရုံပဲလား"
နတ်မယ်က သုံးသပ်သည်။
"ဒါပေမယ့် ဘာပဲဖြစ်ဖြစ်ပါ။ သူ့နည်းလမ်းက ငါ့ရဲ့သေဟန်ဆောင်ပညာလောက် မကောင်းပါဘူး"
နတ်မယ် ကြွားလုံးထုတ်သည်။ ကျင့်ကြံသူများသည် သေဟန်ဆောင်နေစဉ် ခန္ဓာကိုယ်ခုတ်ဖြတ်ခံရသော်လည်း ထိုပညာကို ပြန်ရုတ်သိမ်းလိုက်သည်နှင့် နဂိုမူလအတိုင်း ပြန်ဖြစ်လာကြောင်း သူရှင်းပြသည်။
ယန်ခုန်တုန်လို ဘယ်လက်မရှိဘဲ ဝိညာဉ်ခန္ဓာမပြည့်စုံသည်ကိစ္စမျိုး လုံးဝမဖြစ်နိုင်။
"ဒါဆို နှလုံးမဲ့ဂိုဏ်းချုပ်က တကယ်ယန်ခုန်တုန်ပေါ့"
လုယန် နားလည်လာသည်။ နှလုံးမဲ့ဂိုဏ်း၏ နက်ရှိုင်းသည့်နောက်ခံဇစ်မြစ်ကို ရိပ်မိလာသည်။
......
စုယွမ်၏အိမ်တွင်။
စုယွမ် ကောင်းကင်သို့ စိုးရိမ်တကြီး မော့ကြည့်နေသည်။ သူ့အိမ်သို့ ပြန်ရောက်ရောက်ချင်း သိုင်းကျောင်းရှိရာဘက်တွင် တိုက်ပွဲဖြစ်နေသည်ကို မြင်ရသည်။
ဆရာလုတို့ ဘေးကင်းပါစေဟု သူဆုတောင်းနေသည်။
သူ့သိစိတ်နယ်မြေမှ ဝတ်ရုံဖြူက စုယွမ်မျက်လုံးမှတစ်ဆင့် ကောင်းကင်တိုက်ပွဲကို ကြည့်နေသည်။ ယန်ခုန်တုန်ကို မြင်ပြီးနောက် သူထိတ်လန့်သွားသည်။ တစ်ကိုယ်လုံးတုန်ရင်လာပြီး ဆုံးရှုံးသွားသည့် မှတ်ဉာဏ်များ ပြန်ပေါ်လာသည်။
အတိတ်အတွေ့အကြုံများ ဆက်စပ်မိသါားသည်။
"ငါ...ငါမှတ်မိပြီ။ ငါက မူရွှဲ့မြို့တော်သခင်အစစ်ပဲ"
ကောင်းကင်သို့ သူဖျတ်ခနဲမော့ကြည့်ပြီး ယန်ခုန်တုန်ဆီ ဒေါသတကြီးအော်ဟစ်လိုက်သည်။
"မင်းပဲ။ ငါ့ကိုသတ်ပြီး ငါ့နေရာကိုဝင်ယူခဲ့တာ မင်းပဲ"
....
ရှစ်မိသားစု။
အတိတ်ဇာတ်ကြောင်းများ စားမြုံ့ပြန်နေသည့် ရေခဲနဂါးခေါင်းဆောင် ကောင်းကင်ကိုမော့ကြည့်၍ မင်သက်မိနေသည်။
"ဘာလို့ ကူးဖြတ်ခြင်းအဆင့်လေးယောက် ရုတ်တရက်ပေါ်လာတာလဲ"
မူရွှဲ့မြို့တော်တွင် ကူးဖြတ်ခြင်းအဆင့် တစ်ယောက်မှမရှိဟု ပြောကြသည်မဟုတ်လော...
မိဘဆရာတွေ့ဆုံပွဲတက်၍ လုယန်နှင့် ရင်းနှီးမှုယူဖို့သာ သူလာခဲ့ခြင်းဖြစ်သည်။ ယခု ထိုမျှစိတ်လှုပ်ရှားစရာ မြင်ကွင်းမျိုး မြင်ရသည်။
ကောင်းကင်တွင် စွမ်းအင်လှိုင်းများ အဆက်မပြတ်ထွက်ပေါ်နေသည်။ ထိုစွမ်းအင်လှိုင်းတစ်ခု မြို့တော်ကိုထိသည်နှင့် လူပေါင်းများစွာ သေကြေဒဏ်ရာရကြမည်။ မူရွှဲ့မြို့ထိပ်တန်းအုပ်ချုပ်သူများ အတူပူးပေါင်း၍ မြို့တော်ကို ကာကွယ်ကြသည်။
သူတို့မြိူ့တော်သခင်သည် အရင်လူမဟုတ်တော့ကြောင်း လုံးဝမသိခဲ့။
မူရွှဲ့မြို့တော်တွင် မြို့တော်အကအကွယ်မှော်စက်ဝန်းတစ်ခုရှိသည်။ သို့သော် မှော်စက်ဝန်းအသက်သွင်းနည်းကို မြို့တော်သခင်တစ်ယောက်သာသိသည်။ ယန်ခုန်တုန်ကတော့ မူရွှဲ့မြို့ခံများ၏အသက်ကို အရေးစိုက်မည်မဟုတ်။
"အခြေအနေမကောင်းဘူး။ စွမ်းအင်လှိုင်းနှစ်ခု ငါ့ဆီကို တည့်တည့်ဝင်လာပြီ"
ဒုသခင်မာ စိတ်ထဲမှကျိတ်ဆဲလိုက်သည်။ ထိုစွမ်းအင်လှိုင်းနှစ်ခုကို သူကာကွယ်နိုင်မည်မဟုတ်။
ရုတ်တရက် သစ်သားဓားငယ်တစ်လက် လွင့်ပျံလာပြီး တိုက်ခိုက်မှုတစ်ခုကို ကာကွယ်ပေးသည်။
"ဓားသခင်"
သခင်မာ အတော်စိတ်လှုပ်ရှားသွားပြီး သစ်သားဓားပိုင်ရှင်ကိုရှာနေသည်။ ဤအဓိပဓိဓားသခင်သည် မူရွှဲ့မြို့တော်တွင် တစ်ချိန်လုံးရှိနေခဲ့သည်။
....
"အတော်အလုပ်ရှုပ်တာပဲ"
ယန်ခုန်တုန် စိတ်မရှည်ဖြစ်လာသည်။ သုံးယောက်တစ်ယောက် တိုက်ခိုက်နေရသော်လည်း သူ့ဘက်မှ လက်ရည်နည်းနည်းသာသည်။
သို့သော် မြန်မြန်ပွဲသိမ်းဖို့တော့ မလွယ်လှ။
"လက်ကိုရရင် ဝိညာဉ်ပြည့်စုံသွားမယ်။ ဒါဆိုကျန်တဲ့ပြဿနာတွေကို အလွယ်တကူ ဖြေရှင်းလို့ရပြီပဲ"
ယန်ခုန်တုန် တိုက်ခိုက်နေရင်း သိုင်းကျောင်းဆီသို့ ပျံထွက်သွားသည်။
"မဖြစ်ဘူးဟေ့။ သူ့ကိုတားကြ"
မူပိုင်ယိ စိုးရိမ်သွားသည်။ လုယန်နှင့်မုန်ကျင်းကျိုးက သိုင်းကျောင်းထဲတွင်ရှိနေသည်။ ထိုနှစ်ယောက် ထိခိုက်သွား၍မဖြစ်။
ထို့ပြင် မကောင်းသည့်နိမိတ်ကိုလည်း သူခံစားရသည်။ ဂိုဏ်းချုပ်ယန် သိုင်းကျောင်းသို့ရောက်သွားလျှင် သူတို့ဘက်မှနိုင်ခြေမရှိတော့ဟု တွေးမိနေသည်။
မူပိုင်ယိစကားကြောင့် သူ့လက်ပြတ်ကို ထိုဂိုဏ်းနှစ်ဂိုဏ်းတကယ်တွေ့ထားသည်ဟု ယန်ခုန်တုန် ကောက်ချက်ချလိုက်သည်။
"ကောင်းကင်ကို မီးတိုက်။ ပင်လယ်ရေတွေ ဆူပွက်မယ်"
ချီတာဖန်းနှင့် လျိုကျန်းတို့ အတူတိုက်ခိုက်သည်။ သူတို့လက်ဝါးထဲမှ မီးတောက်များ၏အပူချိန်သည် ရေကန်များ ခန်းခြောက်သွားလောက်အောင် စွမ်းအားပြင်းသည်။
"ငရဲချောက်နက် သေမင်းဓား"
မူပိုင်ယိ ငရဲဓားကိုကိုင်ထားသည်။ ဓားသွားက မည်းနက်နေသည်။ သရဲဝိညာဉ်အရိပ်များ ဖုံးလွှမ်းနေသည်။ ဖုန်ဒူတွင် ဆယ်စုနှစ်ချီ၍ ဓားကိုအားဖြည့်ခဲ့သည်။ ကူးဖြတ်ခြင်းဆင့်သို့တက်ပြီးနောက် ထိုငရဲဓားက သူ့အသက်နှာင်မှော်ရတနာဖြစ်လာသည်။
"မက်မွန်ဆွတ် မသေမျိုးလက်ဝါး"
ယန်ခုန်တုန်က တိုက်ခိုက်မှုများကို တိုက်ရိုက်ရင်မဆိုင်။ သုံးခဲ့သည့်နည်လမ်းကို ထပ်သုံး၍ ချီတာဖန်း၏ဝမ်းဗိုက်ကို လက်ဝါးဖြင့်ရိုက်သည်။
ချီတာဖန်း ကြိုးပြတ်စွန်တစ်ခုလို သိုင်းကျောင်းမျက်နှာကျက်ပေါ်ထိုးကျသွားသည်။ မျက်နှာကျက်ကို ဖောက်ထွက်ပြီး ဆရာလုရှေ့သို့ ကျလာသည်။ ကြမ်းပြင်ပေါ်တွင် တွန့်လိမ်နေသည်။
ယန်ခုန်တုန်အကြည့်က စင်ပေါ်တွင်တင်ထားသည့် ရေခဲသေတ္တာနှစ်ခုဆီ ရောက်သွားသည်။
သူ့အကြည့်ကို သတိထားမိသဖြင့် ရွှဲ့ရှီလုန်က သူ့ကိုယ်ပိုင်ရေခဲသေတ္တာကို အမြန်ပြေးဆွဲသည်။
"တွေ့ပြီ"
ရွှဲ့ရှီလုန်၏ မူမမှန်သည့်လှုပ်ရှားမှုကို မြင်ရသဖြင့် ယန်ခုန်တုန် ဆုံးဖြတ်ချက်ချလိုက်သည်။ လက်ဝါးရိပ်တစ်ခုဖန်တီးပြီး သေတ္တာကို အဆင်းဆွဲယူသည်။
"ငါ့သေတ္တာပါသွားပြီ"
ရွှဲ့ရှီလုန် အော်ဟစ်လိုက်သည်။ သို့သော် သူဘာမျှမတတ်နိုင်။
ယန်ခုန်တုန် ရေခဲသေတ္တာကို လက်ဖြင့်ပွတ်သပ်နေသည်။ အချိန်ကြာမြင့်စွာ အပင်ပန်းခံခဲ့ပြီးနောက် ယခု သူ့ခန္ဓာကိုယ် ပြည့်စုံတော့မည်။
မိန်းမလှများက သူ့ခန္ဓာကိုယ်ကို တစ်စစီဆွဲယူခဲ့သော်လည်း သူ့ကိုမသတ်ခဲ့။ သူ့အစိတ်အပိုင်းတစ်ခုစီယူ၍ သူတို့သေသည်အထိသာ ထိန်းသိမ်းသွားကြသည်။
သူထိုအတိုင်း သေမသွားလိုသဖြင့် လျှို့ဝှက်ပညာတစ်ခုသုံး၍ အိပ်စက်ခဲ့သည်။ မဟာရှားခေတ်တွင် ကျင့်ကြံသူတစ်ယောက်ကြောင့် သူ့ဦးခေါင်းပိုင်း နိုးထလာသည်။
ထိုကျင့်ကြံသူကို တစ်ခြားခန္ဓာကိုယ်အစိတ်အပိုင်းများ တစ်ဘက်လှည့်ဖြင့် ရှာဖွေခိုင်းခဲ့သည်။ နောက်ဆုံးတွင် သူ့ခန္ဓာကိုယ် ပြည့်စုံသလောက်နီးပါးဖြစ်လာသည်။
"ရေခဲသေတ္တာကို သူ့လက်ထဲပါမသွားစေနဲ့"
မူပိုင်ယိ အော်ဟစ်လိုက်သည်။ ထိုရေခဲသေတ္တာထဲတွင် ယန်ခုန်တုန်ပြောသည့် 'ပစ္စည်း'ရှိနေကြောင်း သူရိပ်မိသည်။
"မင်းတို့နောက်ကျသွားပြီ"
ယန်ခုန်တုန် ရေခဲသေတ္တာကို ချက်ချင်းခွဲလိုက်သည်။ ဓားတစ်လက်အသွင်ရှိသည့် ရေခဲချွန်တစ်ခု ဆွဲထုတ်လိုက်သည်။
တိုက်ပွဲ ရုတ်တရက် ရပ်သွားသည်။ ဂိုဏ်းနှစ်ခုမှ ကူးဖြတ်ခြင်းအဆင့်သုံးယောက် ယန်ခုန်တုန်ကို ထူးဆန်းသည့်အကြည့်ဖြင့် ကြည့်နေသည်။
ထိုရေခဲဓားက ထိုမျှအဖိုးတန်သလော...
"ငါ့လက်ဘယ်မှာလဲကွ"
*****************************