အခန်း ၁၁၇၇
Vol. 79 Ch. 1177
အခန်း (၁၁၇၇) ယန်ခုန်တုန်၏ နောက်ကြောင်း
လုယန်နှင့်မုန်ကျင်းကျိုးတို့ စင်ပေါ်တွင် ပုံမပျက်လဲလျောင်းနေသည့် ရေခဲသေတ္တာကို ပြိုင်တူငုံ့ကြည့်ကြသည်။ ထို့နောက် သူတို့ဘေးမှ စိတ်ဓာတ်ကျနေသည့် ရွှဲ့ရှီလုန်ကို လှည့်ကြည့်သည်။
ရွှဲ့ရှီလုန်သာ သူ့သေတ္တာကို မကာကွယ်ခဲ့လျှင် ယန်ခုန်တုန် သေတ္တာမှားလုမိမည်မဟုတ်။
"အကိုတို့ကျုပ်ကို ဘာလို့ဒီလိုကြည့်နေကြတာလဲ။ အန္တရာယ်ကြုံရင် ကိုယ့်ပစ္စည်းကို အလိုလိုကာကွယ်မိတတ်ကြတာပဲလေ"
ရွှဲ့ရှီလုန်က အရိုခံလေသံဖြင့် ပြောသည်။
"ဂိုဏ်းချုပ်ယန်က...ကလေးစိတ်မကုန်သေးတာများလား"
မူပိုင်ယိ ဖြေးညှင်းစွာမှတ်ချက်ပေးသည်။ ဂိုဏ်းချုပ်ယန် ထိုမျှအပင်ပန်းခံ၍ ရေခဲချွန်တစ်ခုကို လာလုသဖြင့် သူအံ့အားသင့်နေသည်.
မှန်သည်။ နှလုံးမဲ့ဂိုဏ်းဝင်တိုင်း အရူးများချည်းဖြစ်သည်။
"ကောင်းပြီလေ၊ သိပ်ကောင်းတာပေါ့။ မင်းတို့က ငါ့ကိုများလှည့်စားရဲတယ်ပေါ့"
ဘယ်လောက်စိတ်ဓာတ်တည်ငြိမ်သည်ဖြစ်စေ ထိုမျှပြင်းထန်သည့် လှုံ့ဆော်မှုမျိုးကို ယန်ခုန်တုန်ခံနိုင်ရည်မရှိ။ ရေခဲချွန်ဓားကို ဒေါသတကြီး ဖိချေပစ်လိုက်သည်။ သူ့အကြည့်က နောက်ထပ်ရေခဲသေတ္တာတစ်ခုဆီ ရောက်လာသည်။
"သူ့ကိုအခွင့်အရေးမပေးနဲ့"
မူပိုင်ယိက ချီတာဖန်းနှင့်လျိုကျန်းကို သိစိတ်အာရုံမှ လှမ်းပြောသည်။ ကျန်နေသည့်ရေခဲသေတ္တာသည် ယန်ခုန်တုန်လိုချင်သည့် ပစ္စည်းသာဖြစ်ရမည်။
"ရွှေကျီးကန်း ကောင်းကင်ဖျက်"
ချီတာဖန်း ကောင်းကင်သို့တက်သွားသည်။ မီးတောက်ခန္ဓာအဖြစ်ပြောင်းလိုက်သည်။ ထိုခန္ဓာကိုယ်မှ ရွှေကျီးကန်းဆယ်ကောင် ကွဲထွက်လာသည်။
နေဆယ်စင်း ကောင်းကင်တွင်ဖြတ်သန်းနေသည်။ ရွှေကျီးကန်းများ ကောင်းကင်ကိုမီးတိုက်နေသည်။ ရှေးဟောင်းဒဏ္ဍာရီကိုအခြေခံ၍ နေမင်းဂိုဏ်းတီထွင်ထားသည့် အဓိပဓိမှော်ပညာတစ်ခုဖြစ်သည်။
ဂိုဏ်းချုပ်များသာ သင်ယူခွင့်ရသည်။
ရွှေကျီးကန်းဆယ်ကောင်က ရွှေအလင်းတန်းဆယ်ခုအဖြစ်ပြောင်း၍ ယန်ခုန်တုန်ဆီ ကြောက်စရာအရှိန်အဟုန်ဖြင့် ဝင်လာသည်။
မူရွှဲ့မြို့ခံများ တစ်ခါမှမကြုံဖူးသည့် နွေရာသီအပူဓာတ်မျိုးကို ခံစားကြရသည်။
"ဖူစန်းသစ်ပင်"
လျိုကျန်းက လက်နှစ်ဘက်လှုပ်ရှား၍ ရှေးဟောင်းခေတ် ဖူစန်းသစ်ပင်ပုံရိပ်တစ်ခု ဖန်တီးသည်။
ဖူစန်းသစ်ပင်နှင့်ရွှေကျီးကန်းများက တစ်ခုနှင့်တစ်ခု အပြန်အလှန်အားဖြည့်ကြည့်သည်။ ရွှေကျီးကန်းကောင်းကင်ဖျက်စွမ်းအား သိသိသာသာတိုးလာသည်။
"ထွင်းဖောက်ရေခဲ"
ယန်ခုန်တုန် လက်ကိုမြှောက်လိုက်သည်။ သူ့ခေါင်းနောက်ဘက်တွင် ရေခဲအလင်းစက်ဝန်းတစ်ခု ပေါ်လာသည်။ ရေခဲမြားဆယ်ခုအဖြစ် အသွင်ပြောင်းသွားသည်။ ထို့နောက် ရေခဲလေးကိုင်းကိုမ၍ ရေခဲမြားတံဖြင့် ရွှေကျီးကန်းများကို တစ်ကောင်ချင်းပစ်ချသည်။
စူးရှသည့်ကျီးကန်းအော်သံများ ထွက်လာသည်။ ထို့နောက် ကျီးကန်းများ ပြန်စုစည်းသွားပြီး ချီတားဖန်းအသွင် ပြန်ပေါ်လာသည်။
"နတ်မယ်၊ ဒါက ရှေးဟောင်းမှော်ပညာမျိုးလား"
"ရှေးဟောင်းခေတ်က ရေခဲဝိညာဉ်ကဝေဆိုတဲ့ ပညာပါ။ ဒီပညာကို ရေခဲဝိညာဉ်မယ်ကိုယ်တိုင် သူ့ကိုသင်ပေးခဲ့တာဖြစ်မယ်။ အစောပိုင်းက သုံးခဲ့တဲ့ မက်မွန်ဆွတ်မသေမျိုးလက်ဝါးပညာက ကောင်းကင်တောင်တန်းတော်ဝင်မြေရဲ့ အဓိပဓိမှော်ပညာသုံးခုထဲက တစ်ခုပဲ။
တော်ဝင်သခင်၊ တော်ဝင်အမွေခံ၊ တော်ဝင်သူတော်စင်မတွေပဲ သင်ယူခွင့်ရတာ။ အဲဒီ့ခေတ်က ကောင်းကင်တောင်တန်းသူတော်စင်မက ယန်ခုန်တုန်ကို စွဲလန်းခဲ့တယ်။ ဘိုးဘေးစည်းမျဉ်းတွေကို ချိုးဖျက်ပြီး ယန်ခုန်တုန်ကို ဒီပညာသင်ပေးခဲ့တယ်။
နောက်ပိုင်း ဒီကိစ္စကြောင့် တော်ဝင်သခင်က သူ့ကို ပြင်းပြင်းထန်ထန်အပြစ်ပေးတယ်။ နှစ်တစ်ရာအကျဉ်းချခဲ့တယ်။
ဒီတော့ ယန်ခုန်တုန်က ကောင်းကင်တောင်တန်းတော်ဝင်မြေကို ပေါ်ပေါ်ထင်ထင် ထိုးဖောက်ဝင်ပြီး တော်ဝင်သခင်ကို အနိုင်ယူခဲ့တယ်။ သူတော်စင်မကို ပြန်ပေးဆွဲတယ်။ အဲဒီတုန်းက ဒီကိစ္စကြောင့် အတော်ဂယက်ထသွားခဲ့တာ။
သူ့ခြေသိုင်းကွက်တွေကို နင်မြင်လား။ အရမ်းအဆင့်မြင့်တယ်လေ။ လေဟာနယ်ထဲမှာ ဖြတ်သွားသလိုမျိုးပဲ။ အဲဒါ 'ပူပင်မဲ့ခြေလှမ်း'ပညာလို့ခေါ်တယ်။ ခွန်ဖုန်မျိုးနွယ်ရဲ့ မြန်နှုန်းမြှင့်ပညာကို အခြေခံထားတယ်။
လုပ်ကြံရေးပညာတွေနဲ့ ပေါင်းစပ်ထားတယ်။ အဲဒါလန်နင်ရှန်း တီထွင်ခဲ့တဲ့တဲပညာပါ။ ပထမတန်းအဆင့် လှုပ်ရှားမှုပညာရပ်ပဲ။ အရမ်းမြန်လွန်းလို့ လေဟာနယ်ခုန်ကူးသလိုထင်ရတယ်"
လုယန် မျက်ခုံးလှုပ်သွားသည်။ ဤယန်ခုန်တုန်သည် စွမ်းအားပညာရပ်မျိုးစုံ လေ့လာထားသည်မှာ သေချာနေသည်။
ထိုစဉ် ယန်ခုန်တုန်က ကူးဖြတ်ခြင်းအဆင့်သုံးယောက်ကို သက်ရှိပစ်မှတ်အဖြစ်သဘောထား၍ ရေခဲမြားတံများဖြင့် ပစ်ခတ်သည်။ ဖူစန်းသစ်ပင်ကို မြားတံတစ်ချက်ဖြင့် ထိုးဖောက်လိုက်သည်။
ရေခဲမြားတံကြောင့် ဖူစန်းသစ်ပင်ပုံရိပ် ပျက်စီးသွားသည်။ လျိုကျန်းလည်း အငိုက်မိသွားသည်။ ရင်ဘတ်ကိုဖိ၍ သွေးများအန်ထုတ်လိုက်ရသည်။
ယန်ခုန်တုန်က ရေခဲမြားတံများ ဆက်ပစ်သည်။ လျိုကျန်း မြားသုံးချက်ထိသည်။ မသေနိုင်သော်လည်း ဆက်တိုက်ခိုက်ဖို့ အတော်အခက်တွေ့သွားသည်။ သူ့စွမ်းအား တစ်ဝက်လျော့သွားသည်။
လေးခုမြောက်မြားတံကို ယန်ခုန်တုန်ပစ်လွှတ်သည်။ လုံးဝမရှောင်နိုင်မှန်းသိသဖြင့် လျိုကျင်းက မြားတံကိုသွားဖြင့်ဖမ်းကိုက်သည်။ အအေးဓာတ်ကြောင့် သူ့မျက်နှာရှုံ့မဲ့သွားသည်။
အောက်ဘက်မှကြည့်နေသည့် လုယန်နှင့်မုန်ကျင်းကျိုးတို့ ကြက်သီးထမိကြသည်။
မည်းနက်နေသည့် ငရဲဓားရိပ်ကျလာသည်။ သရဲဝိညာဉ်အရိပ်များ ထိုးထွက်လာသည်။ ယန်ခုန်တုန်၏ ငါးခုမြောက်များတံကို ဖျက်ဆီးသည်။ မူပိုင်ယိ၏ ငရဲဓားပညာဖြစ်သည်။
ချီတာဖန်းက လက်နှစ်ဘက်တွင် ရွှေရောင်နေမင်းတံဆိပ်ဖန်တီး၍ ယန်ခုန်တုန်ကို တစ်ခြားတစ်ဘက်မှ ဝင်တိုက်သည်။ ကြောက်စရာစွမ်းအားများ ပေါက်ကွဲထွက်လာသည်။ လေဟာနယ်တစ်ခုလုံး တုန်ခါသွားသည်။
ဘယ်စုစည်းခြင်းအဆင့်မဆို ထိုစွမ်းအင်လှိုင်းကိုထိသည်နှင့် သေသွားလိမ့်မည်။
ယန်ခုန်တုန် ညာလက်ကိုလှုပ်ရှားလိုက်သည်။ ရေခဲဝိညာဉ်လေးကိုင်းနှင့်မြားတံက လှံတစ်ချောင်းအဖြစ်ပြောင်းလဲသွားသည်။ လူနှစ်ယောက်၏ တိုက်ခိုက်မှုကို တစ်ပြိုင်တည်းခုခံကာကွယ်သည်။
လျိုကျန်း ပြန်လက်စားချေချင်သည်။ သူအတော်ခံထားရသည်။ သူဒဏ်ရာအပြင်းအထန်ရလျှင်ပင် ယန်ခုန်တုန်၏အသားတစ်ဖဲ့ပါအောင် ဆုတ်ဖြဲသွားမည်ဟု ဆုံးဖြတ်ထားသည်။
ယန်ခုန်တုန်၏လှံပညာက ရှောက်ဟော်လူသားမျိုးနွယ်ထံမှ အမွေခံခဲ့ခြင်းဖြစ်သည်။ ရှောက်ဟော်မျိုးနွယ်သည် ရှေးဟောင်းလှံပညာများ၏ မူလအစဖြစ်သည်။ ယနေ့အသုံးပြုနေသည့် လှံပညာအများစု ရှောက်ဟော်လှံပညာ၏ တစ်ချို့အပိုင်းများကို ပြုပြင်ပြောင်းလဲထားခြင်းဖြစ်သည်။
"သူ့ကိုယ်လုပ်တော်တွေထဲမှာ ရှောက်ဟော်မျိုးနွယ်ဝင်လည်း ပါတာလား။ အဲဒီမျိုးနွယ်ဝင်ဆီကနေ သူလေ့လာထားတာလား"
လုယန် စပ်စုလိုက်သည်။ ယန်ခုန်တုန်တတ်ထားသည့် ပညာများက အမျိုးအစားစုံလွန်းသည်။
"နင်ပြောတာ တစ်ဝက်ပဲမှန်တယ်။ သူ့ကိုသဘောကျတဲ့မိန်းမတွေထဲမှာ ကျိဟောင်ဆိုတဲ့တစ်ယောက်ပေါ်တယ်။ ရှောက်ဟော်မျိုးနွယ်ခေါင်းဆောင်ရဲ့ သမီးပေါ့။ ဒါပေမယ့် ကျိဟောင်က မျိုးနွယ်စည်းမျဉ်းကို မဆန့်ကျင်ရဲဘူး။
ယန်ခုန်တုန်ကို လှံပညာ သင်မပေးခဲ့ဘူး။ ယန်ခုန်တုန်က ဟာရမ်ရွှေသန္ဓေကိုသုံးပြီး သူ့ဘာသာလေ့လာခဲ့တာ။ ဟာရမ်ရွှေသန္ဓေရဲ့ လုပ်ဆောင်ပုံကို နင်မှတ်မိသေးတယ်မဟုတ်လား"
"ကိုယ့်အပေါ်ယုံကြည်သူတွေရဲ့ စွမ်းအားကိုသုံးပြီး တိုက်ခိုက်တာမဟုတ်လား"
"ဟုတ်တယ်။ ယန်ခုန်တုန်က ကျိဟောင်ရဲ့စွမ်းအားကို တိုက်ခိုက်ဖို့ မကြာခဏငှားသုံးတယ်။ ကျိဟောင်က သူ့ကိုဝင်ပူးကပ်သလိုဖြစ်လာတယ်။
ဒီလိုအကြိမ်ကြိမ်လုပ်ခဲ့တော့ တဖြေးဖြေးနဲ့ ရှောက်ဟော်လှံပညာကို သူကျွမ်းကျင်လာတာပေါ့"
"...ဒါဆို အဲဒါက ဘိုးဘေးစဉ်းမျဉ်းတွေကို လျှို့ဝှက်ဆန့်ကျင်တဲ့သဘောပဲမဟုတ်လား"
"ဘယ်လိုပဲဖြစ်ဖြစ်လေ။ ရှောက်ဟော်မျိုးနွယ်က ကျိဟောင် မျိုးနွယ်ခေါင်းဆောင်မဖြစ်ခင်မှာ ယန်ခုန်တုန်က သူတို့လှံပညာကိုတတ်ထားတယ်ဆိုတာ မသိခဲ့ကြဘူး"
....
"သူ့ဘယ်လက်ကိုတိုက်ကြ။ အဲဒီ့လက်က အားနည်းတယ်"
ဝါရင့်ကူးဖြတ်ခြင်းအဆင့်ဖြစ်သည့် လျိုကျန်းက မူပိုင်ယိနှင့်ချီတာဖန်းထက် တိုက်ပွဲအတွေ့အကြုံပိုများသည်။ တိုက်ခိုက်နေရင်းမှ ယန်ခုန်တုန်၏ အားနည်းချက်ကို တဖြေးဖြေးသိလာသည်။
ယန်ခုန်တုန် မျက်နှာတင်းသွားသည်။ မှန်သည်။ သူ့ဘယ်လက်တွင် ဝိညာဉ်မရှိ။ စွမ်းအားပြည့် သူမလှုပ်ရှားနိုင်။
"ငါ့အားနည်းချက်ကိုသိရုံနဲ့ မင်းတို့ငါ့ကိုနိုင်မယ်ထင်နေတာလား"
ယန်ခုန်တုန် ပူပင်မဲ့ခြေလှမ်းပညာကို သုံးလိုက်သည်။ သူ့နေရာတွင် ပုံရိပ်တစ်ခုသာ ကျန်ခဲ့သည်။
"ရေခဲသေတ္တာကို ကာကွယ်ကြ"
လျိုကျန်း အော်ဟစ်သတိပေးလိုက်သည်။ ယန်ခုန်တုန် တိုက်ပွဲကွင်းမှ ခဏထွက်သွားခြင်းသည် ရေခဲသေတ္တာကို လုဖို့သာဖြစ်မည်။
သို့သော် သူတို့သုံးယောက်လုံး လုယန်ကို အာရုံစိုက်နေချိန်တွင် ယန်ခုန်တုန်က သူတို့နောက်ဘက်တွင် ရုတ်တရက်ပေါ်လာသည်။ ရေခဲဝိညာဉ်လှံက သူတို့နှလုံးကို ထိုးဖောက်သွားသည်။ ချက်ချင်းရေခဲရုပ်ထုများဖြစ်သွားသည်။
"မဟုတ်ဘူး။ ဒါက ပုံရိပ်ယောင်ပဲ"
မူပိုင်ယိ အော်ဟစ်လိုက်သည်။ စိတ်ကိုတည်ငြိမ်အောင်ထိန်း၍ ပုံရိပ်ယောင်ကို ဖျက်ဆီးလိုက်သည်။
သူတို့သုံးယောက် ပုံရိပ်ယောင်ကို ရင်ဆိုင်ဖြေရှင်းနေစဉ် ယန်ခုန်တုန်က သိုင်းကျောင်းခန်းမမှ ရေခဲသေတ္တာကို လုယူခွင့်ရသွားသည်။
"ဘယ်လိုလုပ်ကြမလဲ အကိုလု။ ရေခဲသေတ္တာကို သူရသွားပြီ"
ရွှဲ့ရှီလုန် စိတ်ပူပန်စွာပြောသည်။ ရေခဲသေတ္တာထဲတွင် ဘာရှိမှန်းမသိသော်လည်း ယန်ခုန်တုန်ကို စွမ်းအားမြှင့်ပေးနိုင်သည့်ပစ္စည်းဖြစ်မည်က သေချာသည်။
ထိုသို့မဟုတ်လျှင် ယန်ခုန်တုန် ထိုသေတ္တာကို အသဲအသန်လုယူဖို့ကြိုးစားခဲ့မည်မဟုတ်။
"အင်း...ဒါက သိပ်တော့ပြဿနာမရှိပါဘူး"
လုယန် ပြုံး၍ပြောသည်။
"အထဲကပစ္စည်းက အတုလား"
"အစစ်ပါ"
ယန်ခုန်တုန် အချိန်ဆွဲမနေဘဲ သေတ္တာကို ဖျက်ဆီးလိုက်သည်။ နှစ်သိန်းချီကြာအောင် အေးခဲနေခဲ့သည့် ရေခဲဖုံးလက်တစ်ဘက်ပေါ်လာသည်။
"အခု ငါ့ဝိညာဉ်ခန္ဓာ ပြည့်စုံသွားပြီပေါ့"
ဘယ်လက်က အေးခဲနေသော်လည်း ကိစ္စမရှိ။ လက်ပြတ်ထဲတွင် ကျန်နေသည့်ဝိညာဉ်စွမ်းအင်က အကောင်းပကတိရှိနေသည်။
နှစ်သိန်းချီကြာအောင် ကျင့်ကြံသူလောကတွင် သူခရီးဆန့်ခဲ့သည်။ ခန္ဓာကိုယ်အစိတ်အပိုင်းများ စုစည်းခဲ့သည်။ ယခုမှအားလုံးပြည့်စုံသွားသည်။
ယန်ခုန်တုန် ရှိနေသည့်ဘယ်လက်ကိုဖြတ်၍ ရလာသည့်လက်အသစ်ဖြင့် အစားထိုးလိုက်သည်။
သို့သော် ထိုခဏမှာပင် ဝိညာဉ်တစ်ခု၏စကားသံက သူ့နားထဲသို့ လွင့်ပျံလာသည်။
"ယန်လန်၊ နင်အခုမှပဲ ငါ့ဆီရောက်လာတော့တယ်"
ယန်ခုန်တုန် အကြီးအကျယ်မျက်နှာပျက်သွားသည်။ ထိုအသံကို သူဘယ်တော့မှမမေ့။
တစ်ချိန်က သူ့ကိုအငိုက်ဖမ်း၍ ရဲရဲတင်းတင်း ခန္ဓာကိုယ်ကို ဖြတ်ယူခဲ့သည့် လန်နင်ရှန်း၏အသံပင်ဖြစ်သည်။
************************************