အခန်း ၁၁၈၁
Vol. 79 Ch. 1181
အခန်း (၁၁၈၁) သိတာများလေ မြန်မြန်သေလေ
"ဘာတွေဖြစ်နေတာလဲကွာ။ ပါရမီရှင်လုက ခုနကထက်တောင် စွမ်းအားပိုတိုးလာသလိုပဲ"
မူရွှဲ့မြို့ခံ သာမန်လူများက လုယန်၏ကျင့်စဉ်အဆင့်အမှန်ကို မခွဲခြားနိုင်ကြ။ ပတ်ဝန်းကျင်လေထုကိုကြည့်၍သာ ခန့်မန်းကြရသည်။
မြို့တော်ကာကွယ်ရေးတပ်မှူး၏မျက်နှာ လေးနက်တည်ကြည်လာသည်။ သူ့စကားသံများ တုန်ရင်နေသည်။
"လွန်ခဲ့တဲ့ နှစ်သုံးလေးရာက နတ်ဆိုးအင်ပါယာတစ်ယောက်ကို အဝေးကနေ ငါတစ်ခါမြင်ဖူးတယ်။ မြို့တော်တစ်ခုလုံး တစ်ချက်တည်းကိုက်မျိုပစ်တာ။ အဲဒီ့နတ်ဆိုးက ကူးဖြတ်ခြင်းအလတ်တန်းဆင့်ဆိုတာ နောက်ပိုင်းမှငါသိရတယ်။
ဒါပေမယ့် အခု လုယန်ရဲ့စွမ်းအားက အဲဒီ့နတ်ဆိုးထက် အများကြီးပိုသာနေသလိုပဲ။ ကြည့်ရတာ သူက ကူးဖြတ်ခြင်းနောက်ဆုံးအဆင့်ဖြစ်မယ်ထင်တယ်။ ဟုတ်တယ်...ကူးဖြတ်ခြင်းနောက်ဆုံးအဆင့်ပဲ"
အောက်ဘက်မှကြည့်နေသည့် မုန်ကျင်းကျိုး မကျေမနပ်အံတင်းတင်းကြိတ်လိုက်သည်။
"ဘာတွေသောက်တလွဲ ကူးဖြတ်ခြင်းနောက်ဆုံးအဆင့်လဲ။ ခုနက ဒီကောင် ယန်ခုန်တုန်ဆီပြေးတက်ပြီးတိုက်ခိုက်တာက အရိပ်တုလက်သီးပဲ။ သူစွမ်းအားငှားသုံးနေတာ"
လုယန် ကျောက်စိမ်းဓားကိုကိုင်၍ ယန်ခုန်တုန်ဆီ တစ်လှမ်းချင်းချဉ်းကပ်သွားသည်။
"အကြီးအကဲယန်၊ ခုနက ခင်ဗျားကျုပ်ကိုရိုက်တဲ့ လက်ဝါးချက်က အတော်ပြင်းတာပဲ။ အခုကျုပ်ဘက်က ပြန်တိုက်ခိုက်မှ တရားမျှတမှာပေါ့"
လုယန် သက်တန့်အလင်းအသွင်ပြောင်းလိုက်သည်။ တောက်ပသည့်အလင်းများ ဖြန့်ထွက်သွားသည်။ ထို့နောက် ယန်ခုန်တုန်နောက်ဘက်တွင် သူ့အသွင်ပြန်ပေါ်လာသည်။ ဓားကိုပြန်သိမ်းလိုက်သည်။
ယန်ခုန်တုန်၏ရင်ဘတ်မှ သွေးများပန်းထွက်လာသည်။ သူ့မျက်နှာတွင် မယုံကြည်နိုင်သည့်အမူအရာမျိုး ပေါ်နေသည်။ ခေါင်းကိုလှည့်၍ သူ့နောက်ဘက်မှလုယန်ကိုကြည့်သည်။ လုယန်က ဓားတစ်ချက်ဖြင့် သူ့ရင်ဘတ်ကို ထိုးဖောက်ခဲ့သည်။ အတုမဲ့ဓားပညာဖြစ်သည်။
တစ်ချိန်ကလျိုနင်ရွှမ်းပင် ထိုစွမ်းအားမျိုးမရှိ။
"ပူပင်မဲ့ခြေလှမ်း"
ယန်ခုန်တုန် နေရာမှပျောက်သွားသည်။ နှလုံးမဲ့စိတ်အခြေအနေသို့ ရောက်နေပြီဖြစ်၍ သူ့နှလုံးဖျက်ကျင့်စဉ်စွမ်းအားနှင့် ပူပင်မဲ့ခြေလှမ်းပညာတို့က ပို၍စွမ်းအားတိုးလာသည်။ လုယန် သူ့အမြန်နှုန်းကို လိုက်မီနိုင်စရာ အကြောင်းမရှိ။
ထိုမြင်ကွင်းကိုကြည့်၍ မူပိုင်ယိတို့သုံးယောက် မျက်နှာဖြူရော်သွားသည်။ ယန်ခုန်တုန်ဘယ်လိုပျောက်သွားသည်ကို သူတို့မမြင်လိုက်ရ။ သူတို့သာ လုယန်နေရာတွင် ရင်ဆိုင်ရလျှင် သေချာပေါက် သေလိမ့်မည်။
ပြိုင်ဘက်ကင်းလုပ်ကြံရေးသမားလန်နင်ရှန်း၏ ပူပင်မဲ့ခြေလှမ်းပညာကို သုံးနေသည့် ယန်ခုန်တုန်က စွမ်းအင်ရောင်ဖုံးကွယ်၍ လုယန်ဦးခေါင်းအထက်တွင် ပေါ်လာသည်။ လက်ထဲတွင် ရေခဲဓားမြှောင်ကိုင်ထားသည်။ လုယန်၏ငယ်ထိပ်ကိုချိန်ရွယ်၍ ထိုးစိုက်ရန်ပြင်သည်။
သို့သော် မထင်မှတ်ဘဲ လုယန်မော့ကြည့်လာသည်။ ယန်ခုန်တုန်နှင့် မျက်လုံးချင်းဆုံသည်။ ယန်ခုန်တုန် ထိုနေရာတွင် ပေါ်လာမည်ကို သိနေသကဲ့သို့ ဓားကိုနောက်တစ်ကြိမ် ထိုးသွင်းလိုက်သည်။ ချင်ဖုန်းဓားက ရေခဲဓားမြှောင်ကိုချေဖျက်၍ ယန်ခုန်တန်၏ညာလက်ကို ထိုးဖောက်သည်။
ယန်ခုန်တုန် ချက်ချင်းနောက်ဆုတ်သွားသည်။ ကောင်းကင်တောင်တန်းတော်ဝင်မြေ၏ နှင်းကြာပန်းလျှို့ဝှက်ပညာကို အသက်သွင်း၍ သူ့ဒဏ်ရာများကို အမြန်ကုသသည်။ ထို့နောက် ပူပင်မဲ့ခြေလှမ်းဖြင့် နောက်တစ်ကြိမ်ပျောက်ကွယ်သွားပြန်သည်။
တိုက်ဆိုင်သွားခြင်းလော...
ထိုအဖြစ်ကို ကံအကြောင်းတိုက်ဆိုက်မှုဟု ယန်ခုန်တုန်မယုံကြည်။ လုယန်ဘေးပတ်လည်တွင် အဆက်မပြတ်ပြေးလွှားနေရင်း တိုက်ခိုက်ဖို့ အခွင့်ကောင်းကို ရှားနေသည်။
ထိုစဉ် လုယန်က လက်ကိုမြှောက်၍ ဓားရိပ်တစ်ခု ထုတ်လွှတ်လိုက်သည်။ ယန်ခုန်တုန် ခြေလှမ်းရပ်၍ ရှောင်တိမ်းသည်။ သို့သော် ထို့ခဏမှာပင် ဒုတိယဓားရိပ် ရောက်လာသည်။ သူ့ကျောပြင်၌ နက်ရှိုင်းသည့် ဓားဒဏ်ရာတစ်ခု ပေါ်လာသည်။
သူအားကိုးယုံကြ်သည့် ပူပင်မဲ့ခြေလှမ်းသည် လုယန်နှင့်ရင်ဆိုင်ရာတွင် အကျိုးမရှိ။
လုယန်၏ ဝိညာဉ်အာရုံက မယုံနိုင်လောက်အောင် အားကောင်းသည်။ ယန်ခုန်တုန်၏ လှုပ်ရှားမှုတိုင်းကိူ ရှင်းလင်းစွာမြင်နေရသည်။ ခြေလှမ်းပညာမကျွမ်းကျင်သဖြင့် ယန်ခုန်တုန်ကို အမီမလိုက်နိုင်သော်လည်း သူ့ဓားချီက ကြောက်စရာအမြန်နှုန်းမျိုးရှိသည်။
ပူပင်မဲ့ခြေလှမ်းက အကျိုးမထူးသဖြင့် ယန်ခုန်တုန် ချက်ချင်းဗျူဟာပြောင်းသည်။ ရေခဲလှံကိုဖန်တီးသည်။ ရှောက်ဟော်လှံပညာဖြင့် တိုက်ခိုက်သည်။
"ချွင် ချွင် ချွင် ချွင်"
လှံနှင့်ဓား ရင်ဆိုင်တွေ့သည်။ လုယန်ထံမှ ပြင်းထန်သည့်ဖိအားမျိုး ထွက်ပေါ်နေသည်ကို ယန်ခုန်တုန်ခံစားမိပြန်သည်။ ထိုဖိအားအာရုံသိစိတ်အရ လုယန်အဆင့်တက်သွားခြင်းသည် အာရုံထင်မှားခြင်းမဟုတ်။ အစစ်အမှန်ဖြစ်ကြောင်း ထင်ရှားသည်။
အရိယဖလသန္ဓေကို ထည့်မစဉ်းစားလျှင်ပင် ယန်ခုန်တုန်သည် ကူးဖြတ်ခြင်းနောက်ဆုံးအဆင့် ထိပ်တန်းစွမ်းအားရှင်ဖြစ်သည်။ ရှေးဟောင်းခေတ်မှ အဆင့်မြင့်ပညာရပ်အမျိုးမျိုး သူကျွမ်းကျင်စွာအသုံးပြုနိုင်သည်။
သို့သော်ယခု သူနှင့်ကျင့်စဉ်အဆင့်တူ မျိုးဆက်သစ်တစ်ယောက်ထံမှ ဖိအားကိုခံစားနေရသည်မှာ အတော်ထူးဆန်းနေသည်။
မဟုတ်သေး။ အဆင့်တူချင်းတွင် တစ်ဘက်လူက လွှမ်းမိုးထားသည့် စိတ်ဖိအားမျိုး ရှေးဟောင်းခေတ်တွင် သူကြုံခဥပဖူးသည်။ ထိုလူများသည် မသေမျိုးအဆင့်သို့ အောင်မြင်စွာတက်လှမ်းသွားကြသည်။
ရယ်စရာအတော်ကောင်းသည်။ ကျင့်စဉ်အဆင့်တက်သည်ဆိုလျှင်ပင် ထိုကျင့်စဉ်အဆင့်နှင့် ထပ်တူကျသည့် တိုက်ပွဲအတွေ့အကြုံမျိုး ရှိဖို့လိုသည်။ စွမ်းအားကို ကျင်လည်စွာလက်တွေ့အသုံးမပြုနိုင်ဘဲ ကျင့်စဉ်အဆင့်တက်သည်က ကလေးတစ်ယောက် ဓားကိုင်ထားသလိုပင်ဖြစ်သည်။
ကျင့်စဉ်စွမ်းအားကို တစ်ဝက်လောက်ပင် ထိရောက်အောင် အသုံးပြုနိုင်မည်မဟုတ်။
သို့သော် ဤလုယန်က ထူးဆန်းနေသည်။ ကူးဖြတ်ခြင်းအဆင့်တိုက်ခိုက်နည်းများကို အရင်ကတည်းက ရင်းနှီးနေသလိုရှိသည်။ အတွေ့အကြုံရင့်သည့် ကူးဖြတ်ခြင်းအဆင့်တစ်ယောက်လို ဖြစ်နေသည်။ တိုက်ကွက်များကို တည်ငြိမ်စွာထိန်းချုပ်နိုင်သည်။ တိကျသည်။ မှော်ပညာနှင့် ဓားပညာကို ချောမွေ့စွာပေါင်းစပ်ထားသည်။
လေဟာနယ်သန့်စင်အဆင့်တွင် ကူးဖြတ်ခြင်းအဆင့်သို့ ခဏစွမ်းအားတက်ချိန်ကို အသုံးချ၍ တိုက်ပွဲအတွေ့အကြုံယူထားသည်ဆိုလျှင်ပင် ဤရလာဒ်မျိုး ဖြစ်မလာနိုင်။
ကြွယ်ဝသည့် သူ့တိုက်ပွဲအတွေ့အကြုံများကို သူဘယ်ကရထားသည်မသိ။
ရှေးဟောင်းခေတ် စွမ်းအားအပြိုင်အဆိုင်ကာလကို ဖြတ်ကျော်ခဲ့ပြီး ထိပ်တန်းစွမ်းအားရှင်များထဲမှ တစ်ယောက်ဖြစ်ခဲ့သည့် ယန်ခုန်တုန်အနေဖြင့် အခြေအနေမျိုးစုံ တွေ့ကြုံဖူးသည်။ သို့တိုင်အောင် လုယန်အခြေအနေကို သူနားမလည်။
လုယန်ဘာကြောင့် ရုတ်တရက် စွမ်းအားတိုးလာသည်ကို မူရွှဲ့မြို့ခံများလည်း နားမလည်ကြ။ သို့သော် ယန်ခုန်တုန် ရှုံးတော့မည်ကို ရိပ်စားမိသည်။ ယန်ခုန်တုန်၏ ဒဏ်ရာများ ပိုတိုးလာသည်။ နှင်းကြာပန်းပညာ၏ကုသနှုန်းက တိုးလာသည့်ဒဏ်ရာအရေအတွက်ကို အမီမလိုက်နိုင်။
မျှော်လင့်ချက်ကုန်ခန်းနေသည့်အဖြစ်မှ အခြေအနေရုတ်တရက်ပြောင်းလဲသွားသဖြင့် မူရွှဲ့မြို့သူမြို့သားများ စိတ်အားတက်ကြွလာသည်။ လုယန်နာမည်ကိုအော်ဟစ်၍ အားပေးကြသည်။
ရွှဲ့ရှီလုန် လုယန်၏ဓားကွက်များကို စိတ်ဝင်တစားစိုက်ကြည့်နေသည်။ ဓားချက်တိုင်းက သူ့နားလည်နိုင်စွမ်းထက် ကျော်လွန်နိုင်သည်။
"ဓားကျင့်ကြံသူဆိုတာ ဒီလိုမျိုးလား..."
သူစိတ်နှစ်လေ့လာထားသည့် ထွန်ခြစ်ပညာ ဂေါ်ပြားပညာများ သူ့စိတ်အာရုံတွင် ပေါ်လာသည်။ အတွေးအမြင်သစ်များပေါ်အောင် လှုံ့ဆော်နေသည်။
"မင်းက တစ်ခုခုကံကောင်းခဲ့လို့ ကူးဖြတ်ခြင်းအဆင့် တိုက်ပွဲအတွေ့အကြုံကို ရထားတာဖြစ်မယ်။ ဒါပေမယ့် ကူးဖြတ်ခြင်းအဆင့်နဲ့ အရိယဖလသန္ဓေကြားက ကွာခြားချက်ကို တံတားခင်းလို့မရဘူးကွ"
လုယန်သည် ကူးဖြတ်ခြင်းအဆင့်စွမ်းအားကို ခဏသာထိန်းထားနိုင်ပြီးတ တိုက်ပွဲအချိန်ကြာလာသည်နှင့် စွမ်းအားပြန်ကျသွားမည်ဟု ယန်ခုန်တုန်ယူဆသည်။
သို့သော် ဤနှုန်းအတိုင်း ဆက်တိုက်ခိုက်လျှင် သူသာသေလိမ့်မည်။
မသေမျိုးတစ်ဝက်များသည် ကူးဖြတ်ခြင်းအဆင့်များအပေါ် အပြည့်အဝလွှမ်းမိုးနိုင်စွမ်းရှိသည် ကူးဖြတ်ခြင်းအဆင့်များကို ယန်ခုန်တုန် ဘယ်တုန်းကမှ မျက်လုံးထဲ မထည့်ခဲ့ဖူး။
မဟာရှားက ဖမ်းသွားသည့် နှလုံးမဲ့ဂိုဏ်းဒုခေါင်းဆောင်နှစ်ယောက်လုံး ကူးဖြတ်ခြင်းအဆင့်များဖြစ်သော်လည်း သူ့စိတ်ထဲဘာမှမခံစားရ။ ထိုနှစ်ယောက်သည် သူ့အတွက် တန်ဖိုးမရှိ။
သူ့ဘယ်ဘက်လက်ပြတ်လောက် အရေးမကြီး။
ယန်ခုန်တုန် ခံစားချက်အရိယဖလသန္ဓေကို အသက်သွင်းလိုက်သည်။ ဝမ်းနည်းခြင်းစွမ်းအင်ရောင်များ ချက်ချင်းပျံ့နှံ့သွားသည်။ အောက်ဘက်မူရွှဲ့မြို့ထဲမှ ငိုကြွေးသံများ ပေါ်လာသည်။ သေမျိုးများရော ကျင့်ကြံသူများကိုပါ လွှမ်းမိုးနိုင်စွမ်းရှိသည်။
မျက်ရည်ဖြိုင်ဖြိုင်ကျ၍ တိုက်ခိုက်လိုစိတ်များ ပျောက်ဆုံးသွားသည်။ အသတ်ခံဖို့စောင့်နေသည့် သိုးသူငယ်များလို ဖြစ်လာသည်။
သို့သော် လုယန်၏မျက်လုံးနှစ်ခုက ဓားနှစ်လက်လို တောက်ပနေဆဲဖြစ်သည်။ ခံစားချက်အရိယဖလသန္ဓေစွမ်းအား လုံးဝမသက်ရောက်။
မှန်သည်။ ထိုစွမ်းအား လုယန်အပေါ်မသက်ရောက်။ ဗုဒ္ဓနိုင်ငံမှ မသေမျိုးခန္ဓာစွမ်းအားကို သူငှားယူထားသည်။ ယခုသူသည် မသေမျိုးကိုယ်ပွားဖြစ်သည်။ ယန်ခုန်တုန် အရိယဖလသန္ဓေအစစ်ကိုမသုံးလျှင် သူ့ကိုထိခိုက်အောင်မလုပ်နိုင်။
"ဒါ...ဒါမဖြစ်နိုင်ဘူး"
ယန်ခုန်တုန် အံ့ဩလွန်းသဖြင့် နှလုံးမဲ့စိတ်ဓာတ်ပင် ပြိုလဲမတတ်ဖြစ်သွားသည်။ လေဟာနယ်အရိယဖလသန္ဓေ၊ ဝါဇရအရိယဖလသန္ဓေတို့၏ တိုက်ရိုက်တိုက်ခိုက်မှုမျိုးနှင့်မတူ။ ခံစားချက်ခုနစ်မျိုးအရိယဖလသန္ဓေသည် ခန့်မှန်းရခက်သည်။ ကာကွယ်ဖို့ခက်သည်။
ရှေးဟောင်းခေတ် တိုက်ပွဲများအတွင်း အကြိမ်ကြိမ် စမ်းသပ်ခဲ့သည်။ မသေမျိုးတစ်ဝက်များကိုပင် ထောင်ချောက်ဆင်နိုင်ခဲ့သည်။
မသေမျိုးတစ်ဝက်များကို သူ့အပေါ်စွဲလန်းလာအောင် လုပ်နိုင်ခဲ့သည်။
"မဟုတ်ဘူး။ မင်းကိုယ်ထဲမှာ တစ်ခြားလူတစ်ယောက်ရှိနေတာပဲ"
လုယန်၏စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်သော်လည်း သူအာရုံခံနိုင်သည်။
သူ့အာရုံတွင် ယခု လုယန်သည် စိတ်နှစ်မျိုးရှိနေသည်။ လုယန်ကိုယ်ထဲတွင် တစ်ခြားတစ်ယောက်ရှိနေခြင်းသာ ဖြစ်ဖို့များသည်။
လုယန် နည်းနည်းအံ့အားသင့်သွားသည်။ ခံစားချက်အရိယဖသန္ဓေကို လုံးဝလျှော့မတွက်သင့်။
သူ့နှုတ်ခမ်းများ ကွေးညွှတ်သွားပြီး အေးစက်စက်ပြုံးလိုက်သည်။
"အကြီးအကဲယန်က သိတာတွေအတော်များနေပြီပဲ။ ဒီတော့ ခင်ဗျားကို အသက်ရှင်ခွင့်ပေးလို့ မရတော့ဘူး"
***********************************