အခန်း ၁၁၈၃
Vol. 79 Ch. 1183
အခန်း (၁၁၈၃) နှင်းအင်ပါယာ
"ထိန်းချုပ်သူသခင်က နောက်တတ်တာပဲ။ ကျုပ်လိုမျိုးဆက်သစ်တစ်ယောက်မှာ ရှေးဟောင်းမသေမျိုးလေးယောက်ရဲသဲလွန်စ ဘယ်လိုရှိနိုင်မှာလဲ"
လုယန် တဖြေးဖြေးခြေလှန်းဆုတ်သွားပြီး ထွက်ပြေးနိုင်မည့် နည်းလမ်းကို စဉ်းစားသည်။
ကူးဖြတ်ခြင်းအဆင့်နှင့်မသေမျိုးအဆင့်ဆိုသည်က ဘယ်လိုမှဆက်စပ်မရနိုင်အောင် ကွာခြားလွန်းသည်။ ယန်ခုန်တုန်ကို သူသတ်နိုင်သလို ထိန်းချုပ်သူသခင်ကလည်း သူ့ကိုသတ်နိုင်သည်။
"ဪ၊ မင်းက ငါ့ကိုသိတယ်ပေါ့"
ထိန်းချုပ်သူသခင် လုယန်ကို စိတ်ဝင်စားသွားသည်။ သူနှင့်ကောင်းကင်အင်ပါယာသခင်သည် လွန်ခဲ့သည့်နှစ်သုံးသိန်းမှ ပုဂ္ဂိုလ်များဖြစ်သည်။ သူတို့ပန်းချီပုံများ သမိုင်းကြောင်းထဲမှ ပျောက်ကွယ်သွားသည်မှာ အတော်ကြာပြီဖြစ်သည်။
ခေတ်သစ်ကျင့်ကြံသူများ သူ့ကိုသိနေစရာမကြောင်းမရှိ။
မဟုတ်သေး။ နတ်ဆိုးချုပ်သခင်နှင့် နတ်ဆိုးနှိမ်သခင်တို့ လသံလွင်နန်းတော်တွင် အဖမ်းခံရသည်။ မဟာရှားအကြီးအကဲများက သူနှင့်အင်ပါယာသခင်၏ပုံပန်းသွင်ပြင်ကို သိထားသည်။
"မင်းက လုယန်လား။ မဟာရှားမှာ မင်းရဲ့အဆင့်အတန်းက ငါထင်ထားတာထက် ပိုမြင့်နေပုံပဲ"
ထိန်းချုပ်သူသခင် ပြုံးလိုက်သည်။ ဤမျိုးဆက်သစ် မသေမျိုးလေးယောက်သဲလွန်စကို သိမသိ ဖမ်းဆီးစစ်ဆေးလိုက်လျှင် အဖြေပေါ်လာလိမ့်မည်။
သူ့အရိုးတောင်ဝှေးကို တစ်ချက်ပုတ်လိုက်သည်။ တောင်ဝှေးထိပ်မှ အရိုးလက်တစ်ဘက်ပေါ်လာသည်။ လက်ချောင်းများကို ကွေးချည်ဆန့်ချည်လှုပ်ရှားနေသည်။ အိပ်ပျော်နေရာမှ နိုးလာသကဲ့သို့ရှိသည်။
လုယန် ဓားဖြင့်လှမ်းခုတ်သည်။ အရိုးလက်ဝါးတွင် အဖြူစင်းတစ်ခုသာ ထင်ကျန်ခဲ့သည်။ အရိုးလက်ဝါး၏ တိုက်ခိုက်မှုက အရှိန်လျော့မသွား။
"ရှောင်ယန်၊ ငါစမ်းကြည့်မယ်"
နတ်မယ် လုယန်ခန္ဓာကိုယ်ကို ချက်ချင်းထိန်းချုပ်သည်။ လေထဲတွင် ခြေတစ်ချက်အသာဆောင့်၍ အရိုးလက်ဝါး၏ဖမ်းချုပ်မှုကို ကျင်လည်စွာရှောင်တိမ်းလိုက်ည်။
"ဪ၊ အစွမ်းအစနည်းနည်းတော့ရှိသားပဲ"
ထိန်းချုပ်သူသခင် မျက်ခုံးတစ်ဘက်မြင့်တက်သွားသည်။ အမှန်ဆိုလျှင် ထိုတိုက်ကွက်ကို လုယန်မရှောင်နိုင်ခဲ့သင့်။ ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူမှန်သမျှ ထိုတိုက်ကွက်ကို ရှောင်နိုင်စရာအကြောင်းမရှိ။
တိုက်ဆိုင်သွားခြင်းလော...
ကိစ္စမရှိ။
ကူးဖြတ်ခြင်းအဆင့်လောက်ကို သူမျက်လုံးထဲမထည့်။ သူသည် မဟာချန်နိုင်ငံ၏ ယာဇ်ပူဇော်မှုများကို ဦးဆောင်ကြီးကြပ်ခဲ့သူဖြစ်သည်။ ယုံကြည်မှုစွမ်းအားဖြင့် အရိယဖလသန္ဓေများတည်ဆာက်ခဲ့သည့် အဓိပဓိစွမ်းအားရှင်ဖြစ်သည်။
မသေမျိုးတစ်ဝက်များစွာ သူဖန်တီးခဲ့သည်။ သူ့စကားတစ်ခွန်းသည် ကူးဖြတ်ခြင်းအဆင့်တစ်ယောက်၏ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်နိုင်သည်။
ထိန်းချုပ်သူသခင် အရိုးတောင်ဝှေးကို ပစ်လွှတ်လိုက်သည်။ လေနှင့်ထိတွေပြီးနောက် အရိုးစုတစ်ခုအသွင်ပြောင်းသွားသည်။
"သူ့ကိုသွားဖမ်းလိုက်"
သူ့အမိန့်ရသည်နှင့် အရိုးစု၏မျက်တွင်းနေရာတွင် အစိမ်းရောင်သရဲမီးတောက်နှစ်ခု တောက်ပလာသည်။ ဤတောင်ဝှေးသည့် သူ့အသက်နှောင်မျှော်ရတနာဖြစ်သည်။ သူ့ကိုယ်ပိုင်အရိုးဖြင့် ဖန်တီးထားသည်။
မသေမျိုးပညာ မှော်ပညာများစွာ ကျွမ်းကျင်သည်။
အရိုးစုက အရိုးနှစ်ရာ့ခြောက်ချောင်းကွဲထွက်၍ လွင့်ပျံသွားသည်။
ထို့နောက် အရိုးလှောင်အိမ်တစ်ခုအသွင်ပြောင်းပြီး လုယန်ကို ပိတ်လှောင်လိုက်သည်။
နတ်မယ်က ဓားမသုံးတတ်သဖြင့် ချင်ဖုန်းဓားကို တူတစ်လက်လိုအသုံးချ၍ အရိုးလှောင်အိမ်ကို တဒုန်းဒုန်းထုရိုက်သည်။ အားအရှိန်တုန်ခါမှုကြောင့် လက်မောင်းများ ထုံကျင်လာသည်။
ထိန်းချု်သူသခင် လက်ညှိုးကိုကွေး၍ လှောင်အိမ်ကို သူ့ဆီပြန်ခေါ်သည်။
သူ့အသက်နှောင်ရတနာဖြစ်၍ ကူးဖြတ်ခြင်းအဆင့်တစ်ယောက် ရုန်းထွက်နိုင်စရာအကြောင်းမရှိ။
ထို့နောက်တွင် အရိုးလှောင်အိမ်ထဲ၌ ပေါက်ကွဲမှုတစ်ခု ဖြစ်သွားသည်ကို သူမြင်လိုက်ရသည်။ မြင်ကွင်းရှင်းသွားပြီးနောက် လုယန်က လှောင်အိမ်အပြင်ဘက်တွင် ပေါ်လာသည်။
ထိန်းချုပ်သူသခင် မျက်မှောင်ကျုံ့သွားသည်။ လုယန်ကို နောက်တစ်ကြိမ် အံ့အားသင့်ရပြန်သည်။
"ကောင်းကင်နတ်ဆိုး ခန္ဓာခွဲပညာမျိုးပဲ။ ကိုယ့်ကိုယ်ကို ဖောက်ခွဲပြီး တစ်ခြားနေရာမှာ ပြန်တည်ဆောက်တယ်ပေါ့။ တကယ်စိတ်ဝင်စားစရာပဲ။ မင်းဒီလိုနည်းလမ်းမျိုး ဘယ်နှခါသုံးနိုင်မလဲ ကြည့်ရသေးတာပေါ့"
ထို့နောက် လှောင်အိမ်က လုယန်ကို ပိတ်ဆို့သည်။ ခန္ဓာကိုယ်ဖောက်ခွဲ၍ လုယန် နောက်တစ်ကြိမ် အပြင်ထွက်လာသည်။ ပြန်ပိတ်လှောင်သည်။ ပြန်ဖောက်ခွဲ၍ အပြင်ထွက်သည်...
ထိန်းချုပ်သူသခင် မျက်ခုံးလှုပ်လာသည်။ ဣန္ဒေမပျက်အောင် မနည်းထိန်းထားရသည်။
ကောင်းကင်နတ်ဆိုးခန္ဓာခွဲပညာကို တကယ်ထိုသို့ ဆက်တိုက်သုံးနိုင်သလော...
သူ့ခန့်မှန်းချက် မှားသွားသည်။ ဤနည်းလမ်းသည် မှော်ပညာစွမ်းအားမဟုတ်။ အရိယဖလသန္ဓေစွမ်းအားဖြစ်မည်။
မဟုတ်သေး။ ထိုသို့လည်း မဖြစ်နိုင်။ အရိယဖလသန္ဓေစွမ်းအားဆိုလျှင်လည်း အလွန်ဆုံး ခန္ဓာကိုယ်တစ်စိတ်တစ်ပိုင်းသာ ဖောက်ခွဲနိုင်လိမ့်မည်။ တစ်ကိုယ်လုံးဖောက်ခွဲနိုင်မည်မဟုတ်။
အရိယဖလသန္ဓေအစစ်များလော...ထိုသို့ဆိုလျှင် ပို၍ပင်ထူးဆန်းနေသည်။ ဤမျိုးဆက်သစ်သည် ကူးဖြတ်ခြင်းထိပ်ဆုံးအဆင့်သာရှိသည်။ ယာယီစွမ်းအားမြင့်တက်နေခြင်းသာဖြစ်သည်။ အရိယဖလ ဘယ်လိုရှိနိုင်မည်နည်း။
"တွေ့လား ရှောင်ယန်။ ခန္ဓာကိုယ်ဖောက်ခွဲတာက တိုက်ခိုက်ဖို့တင်မကဘူး။ ထွက်ပြေးဖို့လည်း အတော်အသုံးဝင်တယ်"
နတ်မယ်က လုယန်ကို ထာဝရမျိုးဆက်၏ အဓိကပညာရပ်အကြောင်း အေးအေးလူလူပို့ချနေသေးသည်။
ထိန်းချုပ်သူသခင် လက်ညှိုးနှစ်ချောင်းကို ကြက်ခြေခတ်လိုက်သည်။ နံရိုးနှစ်ချောင်း ပျံထွက်သွားပြီး လုယန်ကို ထိုးစိုက်သည်။ ထိုနံရိုးများတွင် လေဟာနယ်စွမ်းအားပါသည်။ သံချောင်းနှစ်ခုကဲ့သို့ လုယန်ကို လေဟာနယ်ထဲတွင် အခိုင်အမာ ထိုးစိုက်ထိန်းချုပ်ထားသည်။
မူရွှဲ့မြို့ခံများ စိတ်ထဲတွင်လေးလံလာသည်။ ယန်ခုန်တုန်ကိစ္စ ဖြေရှင်းပြီးလျှင် အန္တရာယ်ကင်းပြီဟု ထင်ခဲ့ကြသည်။ ယခု ထိုထက်ပိုကြေက်စရာကောင်းသည့် စွမ်းအားရှင် ရောက်လာသည်။
တိုက်ပွဲလာကြည့်ကြသည့် မြို့တော်သခင်များလည်း စိတ်မကောင်းဖြစ်ကြသည်။ ထိန်းချိုပ်သူသခင်အသွင်က အေးအေးလူလူရှိနေသည်။ သူ့ကျင့်စဉ်စွမ်းအားက ယန်ခုန်တုန်နှင့်လုယန်ထက် ပိုအဆင့်မြင့်ကြောင်း ထင်ရှားနေသည်။
တစ်နည်းပြောရလျှင် ထိုလူသည် မသေမျိုးဖြစ်သည်။
မသေမျိုးတစ်ယောက် တကယ်လှုပ်ရှားပြီဆိုလျှင် လက်တစ်ချောင်းလှုပ်ရုံဖြင့် မိုင်ထောင်ချီပတ်လည်ကို ဖျက်ဆီးနိုင်စွမ်းရှိသည်။ သူတို့သည် မာနကြီးသည့် စုစည်းခြင်းအဆင့်များဖြစ်သော်လည်း မသေမျိုးတစ်ယောက်ရှေ့တွင် သာမန်လူနှင့်မခြား။
ကျားဟိန်းသံသိုင်းကျောင်းတွင် ရွှဲ့ရှီလုန် မျက်လုံးမှိတ်၍ အာရုံစုစည်းနေသည်။ အတိတ်ပုံရိပ်များ သူအတွေးထဲတွင် တဖျတ်ဖျတ်ပေါ်လာသည်။
ငယ်စဉ်ကတည်းက ဓားပညာကိုလေ့လာခဲ့သည်။ နှင်းတောထဲတွင် ကိုယ်ဟန်ပုံစံ လေ့ကျင့်ခဲ့သည်။ နာမည်ရလာသည်။ စရိုက်နှစ်ခုပေါင်းစည်းသည်။ သွေးဆက်နိုးထသည်။
မြောက်ပိုင်းတိုက်နယ်တွင် ကျော်ကြားလာသည်။ တာအိုရှင်လုက ထွန်ခြစ်ပညာနှင့် ဂေါ်ပြားပညာကို လမ်းညွှန်ပေးခဲ့သည်။
သူ့အတိတ်၏ အစိတ်အပိုင်းတစ်ခုချင်းစီက အကြောင်းရင်းရှိသည်။ သူ့အတွေ့အကြုံများတွင် အဓိပ္ပါယ်တစ်ခုခုပါရမည်။
အကိုလုက ဂေါ်ပြားကိုကျင်လည်စွာသုံး၍ အလောင်းများကိုမြေဖို့ခဲ့သည်။ ထိုအလုပ်မျိုး မကြာခဏလုပ်ခဲ့မှန်း သိသာသည်။
ဓားကျင့်ကြံသူတစ်ယောက်သည် လျှို့ဝှက်ကျင့်ကြံပြီး အသံတိတ်သတ်ဖြတ်ရမည်ဟူသည့် အဓိပ္ပါယ်လော...
ဓားပညာဆိုသည်က ငဲ့ညှာစိတ်မထားဘဲ တစ်ချက်တည်းအပြတ်ရှင်းရမည့် အဓိပ္ပါယ်လော...
ထွန်ခြစ်ပညာတွင် ဓားတစ်သောင်းပညာ၊ ဓားတစ်သောင်းဌာနေပြန်ပညာတို့၏ သဘောတရားများပါဝင်သည်။
မှန်သည်။ ထွန်ခြစ်သည်လည်း ဓားတစ်မျိုးပင်ဖြစ်သည်။
ရွှဲ့ရှီလုန် သူ့ဓားကို ဘေးသို့လွှင့်ပစ်လိုက်ပြီး ထွန်ချက်ကို လှမ်းဆွဲလိုက်သည်။ ယခု သူ့ထွန်ခြစ်၏ အသွားကိုးခုသည် ထွန်ခြစ်သွားမဟုတ်တော့။ ဓားကိုးလက်ဖြစ်သည်။
မုန်ကျင်းကျိုးက ကောင်းကင်မှလုယန်နှင့် သူ့ဘေးမှ တစ်ယောက်တည်းစကားတတွတ်တွတ်ပြောနေသည့် ရွှဲ့ရှီလုံကို တစ်လှည့်စီကြည့်နေသည်။ သူ့မျက်စိနှစ်လုံးက မလုံလောက်သလို ဖြစ်နေသည်။
ရွှဲ့ရှီလုန် ထွန်ခြစ်နှင့် အဆက်အသွယ်ရလာသလိုခံစားရသည်။ သူ့ဘေးပတ်လည်တွင် လူရိပ်များစွာမြင်နေရသည်။ လူရိပ်တိုင်းက ဓားတစ်လက်စီကိုင်၍ ဓားပညာတစ်မျိုးစီ ကစားပြနေသည်။
ထို့နောက် လူရိပ်များအားလုံး ထွန်ခြစ်ထဲသို့ ပေါင်းစပ်သွားသည်။ ရွှဲ့ရှီလုန်၏ ကိုယ်ပိုင်ဓားပညာတစ်ခုဖြစ်လာသည်။
"ဒါက ငါဖန်တီးခဲ့တဲ့ ...ထွန်ခြစ်ဓားပညာပဲ။ ထွန်ခြစ်ဓားပညာကို လွယ်လွယ်ထုတ်ပြလို့မဖြစ်ဘူး။ ဒီလောကမှာ ဒီပညာပေါ်လာတာနဲ့ သေခြင်းတရားလည်း ပေါ်လာမယ်"
သူဖန်တီးထားသည့် ဓားပညာစွမ်းအားကို သက်သေပြစရာမလို။ ထိုထွန်ခြစ်ဓားပညာကို ဖန်တီးပြီးသည်နှင့် နှင်းအင်ပါယာ၏ တတိယစမ်းသပ်ချက် အောင်မြင်သွားသည်ကို သူခံစားမိသည်။
အကောင်းဆုံးသက်သေဖြစ်သည်။
"ကျုပ်ဆန္ဒတစ်ခု တောင်းဆိုချင်တယ်"
ရွှဲ့ရှီလုန် ရေရွတ်လိုက်သည်။ စမ်းသပ်ချက်သုံးခုဖြတ်ကျော်ပြီးလျှင် နှင်းအင်ပါယာကို သူ့ဆန္ဒတစ်ခု တောင်းဆိုခွင့်ရှိသည်။
အကိုလုကိုကယ်တင်ဖို့ ထိုတစ်နည်းသာရှိသည်။
လေဟာနယ်တွန့်လိမ်သွားသည်။ ဝတ်ရုံဖြူမုတ်ဆိတ်ဖြူအဖိုးအိုတစ်ယောက် ထွက်လာသည်။
သူ့ဝင်သက်ထွက်သက်တိုင်းက မြောက်ပိုင်းနယ်မြေနှင့် တစ်သားတည်းဖြစ်နေသယောင်ထင်ရသည်။ သူ့ဆန္ဒများက မြောက်ပိုင်းနယ်မြေ၏ဆန္ဒကို ကိုယ်စားပြုနေသယောင်ရှိသည်။
မြောက်ပိုင်းနယ်မြေဒဏ္ဍာရီများထဲတွင်သာ ကြားဖူးကြသည့် နှင်းအင်ပါယာ။ သူ့ကို တစ်ယောက်မှမမြင်ဖူးကြ။
အဘိုးအိုမျက်နှာက တည်ကြည်ခံ့ညားသည်။ ဩဇာရိပ်လွှမ်းသည်။ ရွှဲ့ရှီလုန်မှလွဲလျှင် ထိုအဘိုးအိုဘယ်သူမှန်း တစ်ယာက်မှမသိကြ။ သို့သော် လူအားလုံး အသက်ပြင်းပြင်းပင် မရှူရဲကြတော့။
ကောင်းကင်ဆန့်ကျင်နိုင်သည့် သမိုင်းဒဏ္ဍာရီတစ်ခုဖန်တီးဖို့ ထိုမုတ်ဆိတ်ဖြူပေါ်လာသည်ဟု ခံစားနေကြရသောကြောင့်ဖြစ်သည်။
"စမ်းသပ်ချက်သုံးခုအောင်မြင်ခဲ့တာ မင်းလား"
နှင်းအင်ပါယာ၏ ဘေးပတ်လည်လေထုက အေးခဲသွားသယောင်ရှိသည်။
"မျိုးဆက်သစ်ရွှဲ့ရှီလုန် နှင်းအင်ပါယာကို ဂါရဝပြုပါတယ်"
ရွှဲ့ရှီလုန် မြေပေါ်တွင် ဒူးထောက်၍ ဦးညွှတ်အရိုအသေပြုသည်။
"ဘယ်လို...သူက နှင်းအင်ပါယာပေါ့"
မုရုံယွီသည် မြောက်ပိုင်းနယ်မြေတွင် မွေးဖွားကြီးပြင်းခဲ့သူဖြစ်၍ နှင်းအင်ပါယာဒဏ္ဍာရီများကို ကြားဖူးထားသည်။ ယခု ထိုအဓိပဓိစွမ်းအားရှင် ရုတ်တရက်ပေါ်လာသည်။
နှင်းအင်ပါယာတကယ်ရှိနေခြင်းလော...
"အင်း...အရည်အချင်းမီတဲ့လူ မပေါ်ခဲ့တာ နှစ်ရှစ်သောင်းကြာပြီပဲ"
နှင်းအင်ပါယာမျက်နှာက အပြောင်းအလဲမရှိ။ သို့သော် သူ့လေသံအရ ရွှဲ့ရှီလုန်ကို အတော်အလေးထားကြောင်း သိသာသည်။
"အခုချိန်ကစလို့ မင်းက နှင်းအင်ပါယာအသစ်ပဲ။ စမ်းသပ်ချက်သုံးခုကု ဖြတ်ကျော်နိုင်ခဲ့တယ်ဆိုတော့ စည်းမျဉ်းသတ်မှတ်ချက်အရ မင်းဆန္ဒတစ်ခုကို ငါဖြည့်ဆည်းပေးမယ်။ မင်းဘာတောင်းဆိုချင်သလဲ"
ရွှဲ့ရှီလုန် ဝမ်းသာသွာားသည်။ နံရိုးနှစ်ဘက်ထိုးစိုက်ခံထားရသည့် ကောင်းကင်မှလုယန်ကို လက်ညှိုးထိုးပြသည်။
"ကျုပ်သူ့ကိုကယ်ချင်ပါတယ်"
နှင်းအင်ပါယာ ခေါင်းမော့၍ ရှေးဟောင်းဝတ်စုံနှင့်လူငယ်ကို အေးစက်စက်စိုက်ကြည့်သည်။ သူ့မျက်နှာ တင်းမာလာသည်။ မျက်လုံးများ စူးရှလာသည်။ ကိစ္စအားလုံးကို ထွင်းဖောက်မြင်နိုင်သည့် နတ်မျက်စိပိုင်ရှင်တစ်ယောက်ဟန်ပန်မျိုးရှိသည်။
ထို့နောက် မေးခွန်းထုတ်စရာမလိုလောက်အောင် ရှင်းလင်းပြတ်သားသည့်လေသံဖြင့် ဖြေးညှင်းစွာပြောသည်။
"မသေမျိုးတစ်ယောက်ကို ငါမနိုင်ဘူး"
**********************************