အခန်း ၁၁၈၄
Vol. 79 Ch. 1184
အခန်း (၁၁၈၄) ထိုက်ချိစက်ဝန်း
"ဘယ်လို"
နားကြားမှားသည်ဟု ရွှဲ့ရှီလုန် ထင်လိုက်မိသည်။
"ခင်ဗျားဘာပြောလိုက်တာလဲ"
ရွှဲ့ရှီလုန် ထပ်မေးသည်။
တိုက်ပွဲချိန်အတွင်း သူအသည်းအသန်ကြိုးစား၍ ထွန်ခြစ်ဓားပညာကို သူတီထွင်ခဲ့သည်။ လုယန်ကို ကယ်ချင်သောကြောင့်ဖြစ်သည်။
"ငါက မသေမျိုးတစ်ဝက်အဆင့်ပဲရှိတာ။ မသေမျိုးတစ်ယောက်ကို အနိုင်ယူနိုင်တဲ့ စွမ်းအားမျိုးမရှိဘူး"
နှင်းအင်ပါယာက အလေးအနက်ပြောသည်။ သူ့စကားတွင် အမှားပါသည်ဟုမထင်မိ။ မသေမျိုးတစ်ယောက်ကို သူနိုင်သည်ဆိုလျှင် ထူးဆန်းနေပေလိမ့်မည်။
မြောက်ပိုင်းနယ်မြေသည် အစကတည်းက လူနေကျဲသည်။ အလယ်ပိုင်းတိုက်နယ်၊ ဗုဒ္ဓနိုင်ငံ၊ နတ်ဆိုးနယ်မြေ၊ အရှေ့ပင်လယ်တို့လောက် လူဦးရေမများ။ နှစ်တစ်သိန်းအတွင်း မသေမျိုးပေါ်ဖို့မဆိုထားနှင့်။ မသေမျိုးတစ်ဝက်တစ်ယောက် ပေါ်ဖို့ပင် ခက်ခဲသည်။
"တစ်ခြားဆန္ဒတစ်ခုပြောပါ။ ငါမင်းကို မသေမျိုးတစ်ဝက်ဖြစ်အောင် လုပ်ပေးနိုင်တယ်။ ချမ်းသာအောင်လုပ်ပေးနိုင်တယ်။ ကျင့်စဉ်ပညာ မှော်ပညာမျိုးစုံ သင်ပေးနိုင်တယ်"
ရွှဲ့ရှီလုန် အံတင်းတင်းကြိတ်၍ ဦးညွှတ်အရိုအသေပြုပြီး ထပ်ပြောသည်။
"ကျုပ်ဖြစ်ချင်တဲ့ တစ်ခုတည်းသောဆန္ဒက တာအိုရှင်လုကို ကယ်ဖို့ပါပဲ"
နှင်းအင်ပါယာ အခက်တွေ့သွားသည်။ သူဣန္ဒြေပျက်ဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ စည်းမျဉ်းအရ စမ်းသပ်ချက်ဖြတ်ကျော်နိုင်သူ၏ ဆန္ဒတစ်ခုကို ဖြည့်ဆည်းပေးဖို့ တာဝန်ရှိနေသည်။
သို့သော် မသေမျိုးတစ်ယောက်ကို သူတကယ်မနိုင်။
"တကယ်ကယ်ချင်ရင် နည်းလမ်းတစ်ခုတော့ရှိပါတယ်"
ရွှဲ့ရှီလုန် အံ့အားသင့်သွားပြီး နှင်းအင်ပါယာကို ဖျတ်ခနဲမော့ကြည့်သည်။ နည်းလမ်းတစ်ခု ရှိနေသည်။
"နှင်းအင်ပါယာအနေနဲ့ စမ်းသပ်ချက်ဖြတ်ကျော်လာတဲ့လူရဲ့ ဆန္ဒတစ်ခုကို ဖြည့်ဆည်းပေးရတာက ထုံးစံပဲ။ မင်းလက်ခံမယ်ဆိုရင် နှင်းအင်ပါယာရာထူးကို အခုချက်ချင်း မင်းကိုလွှဲပေးမယ်။ မင်းဆန္ဒကို ကိုယ့်ဘာသာဖြည့်ဆည်းလိုက်ပေါ့"
ရွှဲ့ရှီလုန် "..."
စိတ်ဓာတ်ကျသွားသည့် ရွှဲ့ရှီလုန်မျက်နှာကိုကြည့်၍ နှင်းအင်ပါယာက စိတ်မကောင်းသည့်လေသံဖြင့်ပြောသည်။
"ငါတို့နှင်းအင်ပါယာမျိုးဆက်ဟာ သက်တမ်းနှစ်တစ်သိန်းရှိတဲ့ မသေမျိုးတစ်ဝက်တွေ ဖြစ်လာကြတယ်။ အဲဒီ့အချိန်အတွင်းမှာ မိတ်ဆွေတွေရန်သူတွေ မရေမတွက်နိုင်အောင် ဒီလောကထဲက စွန့်ခွာသွားတာကို ကိုယ်တွေ့ရင်ဆိုင်ရတယ်။
မင်းမိတ်ဆွေရဲ့အဖြစ်ကလည်း နှင်းအင်ပါယာတွေ မလွဲမသွေကြုံရမယ့် ကံကြမ္မာအစိတ်အပိုင်းတစ်ခုပါ။ ဒါကိုလက်ခံနိုင်အောင် မင်းသင်ယူရမယ်"
သူ့စိတ်ထဲတွင် နောက်ထပ်အတွေးတစ်ခုရှိသည်။ သူ့ကိုအရိယဖလသန္ဓေချီးမြှင့်ခဲ့သည့် ရှေးဟောင်းမသေမျိုးက ဝင်လှုပ်ရှားလျှင်တော့ ဤအခြေအနေ ပြောင်းလဲသွားနိုင်သည်။
ထိုသို့တွေးရင်း သူ့ရင်ဘတ်မှ အသံမဲ့ကျောက်စိမ်းဖြူတံဆိပ်ကို အလိုလိုစမ်းမိသည်။
သို့သော် ဖြစ်နိုင်စရာတော့မရှိ။
ခန္ဓာကိုယ်ဖောက်ခွဲသံများ ကောင်းကင်ပြင်တွင် နောက်တစ်ကြိမ် ပဲ့တင်ထပ်သွားသည်။ နှင်းအာပါယာ လှမ်းကြည့်သည်။
လေဟာနယ်ထဲတွင် နံရိုးနှစ်ချောင်းဖြင့် ထိုးစိုက်ခံထားရသည့်လုယန်က ခန္ဓာဖောက်ခွဲပြီး နောက်တစ်ကြိမ် လွတ်မြောက်လာသည်။ ထိန်းချုပ်သူသခင် မင်သက်မိသွားသည်။ မျက်နှာပျက်လာသည်။
မျိုးဆက်သစ်တစ်ယောက်က သူ့မျက်စိရှေ့တွင် ထွက်ပြေးနည်းတစ်ခုတည်းကို ထပ်ကာထပ်ကာသုံး၍ လွတ်မြောက်ခဲ့သည်။ ထိုထက်ပိုအရေးကြီးသည်က လွတ်မြောက်လာပြီးနောက်မှာပင် ထိုလူငယ်က ထွက်ပြေးမည့်အရိပ်အယောင်မျိုးမရှိဘဲ အရိုးလှောင်အိမ်ဘေးတွင်သာ ရပ်နေသည်။
သူ့ကို ပေါ်တင်မခန့်လေးစားလုပ်နေခြင်းဖြစ်သည်။
"သရဲဘုရင်ကျူးကျော်ခြင်းစွမ်းအား"
အရိုးတောင်ဝှေးမှ ထူထဲသည့်မြူခိုးများ ထိုးထွက်လာသည်။ မြူခိုးတစ်မျျင်ချင်းစီက သရဲဘုရင်ပုံရိပ်ဖြစ်လာသည်။ သရဲဝိညာဉ်တစ်သောင်း ကောင်းကင်ကိုဖြတ်သန်းလာသည်။ နေရောင်ကို ဖုံးအုပ်သွားသည်။
လမ်းကြောင်းတလျှောက်မှ ဝိညာဉ်စွမ်းအင်များကို တစ်စမကျန်ဝါးမျိုသည်။
မဟာချန်ခေတ်တွင် လူသားယာဇ်ပူဇော်မှုဓလေ့များ ရှိခဲ့သည်။ နတ်ဘုရား၊ နိုင်ငံနှင့် ကောင်းကင်ကို ပူဇော်သည်။ မဟာချန်ကျင့်ကြံသူတို့အတွက် သရဲဝိညာဉ် လေလွင့်ဝိညာဉ်များ လုံးဝပြတ်လပ်သည်မရှိခဲ့။ ပြတ်လပ်သွားလျှင်လည်း အသစ်ဖန်တီးရုံသာရှိသည်။
နှင်းအင်ပါယာ ခေါင်းကိုခါယမ်းနေသည်။ မျိုးဆက်သစ်လူငယ်အတွက် သူစိတ်မကောင်း။ သူဝင်ကူညီလျှင် ထိုလူငယ်တင်မကဘဲ သူပါသေသွားနိုင်သည်။
ထိုစဉ် သူ့ရင်ဘတ်မှ အသံမဲ့ကျောက်စိမ်းဖြူ တုန်ခါလာသည်။ အပြင်ဘက်မှ အဖြစ်အပျက်များအကြောင်း နှင်းအင်ပါယာကို မေးမြန်းသည်။
နှင်းအင်ပါယာက ထိုစွမ်းအားရှင်ကို မြင်နေရသည့်အခြေအနေအတိုင်း အသေးစိတ်ပြောပြသည်။
ကျောက်စိမ်းတံဆိပ်ထဲမှစွမ်းအားရှင် ထူးထူးခြားခြား တုံ့ပြန်လာသည်။
"မသေမျိုးစွမ်းအားပဲ။...ဒါက ထာဝရစွမ်းအားပဲ။ ဒီကောင်လေးက ဒီပညာနဲ့ ဘယ်လိုလုပ်ရင်းနှီးနေတာလဲ။ ကြုံတောင့်ကြုံခဲ အဖြစ်မျိုးပဲ။ ဒီကောင်လေးက ထာဝရနဲ့ ပတ်သက်နလိမ့်မယ်။ သူဒီတိုက်ပွဲမှာ ထိခိုက်သွာားလို့မဖြစ်ဘူး"
"ဒါပေမယ့် အရှင်ထွက်လာရင် ကပ်ဆိုးတွေ..."
"မင်းဘာတွေတွေးကြောက်နေတာလဲကွ"
နှင်းအင်ပါယာ ဘာမှပြန်မပြောနိုင်မီ မသေမျိုးအလင်းတစ်ခု တံဆိပ်ထဲမှ ကောင်းကင်သို့ ထိုးထွက်သွာားသည်။ နှင်းအင်ပါယာ မင်သက်မိ၍ ကျန်ခဲ့သည်။
"အံ့ဩစရာပဲ။ သူမလှုပ်ရှားခဲ့တာ နှစ်သုံးသိန်းတောင်ကြာပြီ"
မသေမျိုးတစ်ယောက် လုယန်ရှေ့တွင် ရုတ်တရက် ပေါ်လာသည်။ မြန်လွန်းသဖြင့် လျှပ်စီးလက်သွားသလို ထင်ရသည်။
ထိုမသေမျိုးက ထိုက်ချိစက်ဝန်းပေါ်တွင်ရပ်လျက် ပျံဝင်လာသည့် သောင်းချီသည့်သရဲဘုရင်တပ်ဖွဲ့ကို ရင်ဆိုင်သည်။ အဓိပဓိယန်စွမ်းအား ထွက်ပေါ်လာသည်။ လောကထဲမှ မကောင်းသည့်ဝိညာည်အားလုံးကို လောင်မြိုက်သည်။ ကောင်းကင်နေမင်းလည်း အရောင်မှိန်သွားသည်။
"မင်းတို့အားလုံး ထွက်သွားကြစမ်း"
အသက်ရှိစဉ်က သရဲဘုရင်များ ဘယ်လောက်စွမ်းအားကြီးခဲ့သည်ဖြစ်စေ၊ ထိန်းချုပ်သူသခင်၏ ဝါးမျိုခြင်းစွမ်းအား ဘယ်လောက်အားကောင်းသည်ဖြစ်စေ အဓိပဓိယန်စွမ်းအားကြောင့် ဝိညာဉ်အားလုံး ချက်ချင်းမီးလောင်ပြာကျသွားသည်။
ထိုမသေမျိုးက အဝတ်ကြမ်းတစ်စုံဝတ်ထားသည်။ ရှေးဟောင်းခေတ်ကတည်းက တံခါးပိတ်ကျင့်နေရာမှ ထွက်လာသည် စာပေသူတော်စင်တစ်ပါးနှင့်တူသည်။ ရိုးရှင်းသည့်လက္ခဏာများ ပြည့်နေသည်။
ထိန်းချုပ်သူသခင် ထိုလူကိုမြင်သည်နှင့် အင်အားကြီးရန်သူတစ်ယောက်ကို ရင်ဆိုင်ရသကဲ့သို့ လေးနက်တည်ကြည်သည့် အမူအရာမျိုးပေါ်လာသည်။
"ကိုးဆမသေမျိုး"
ထိန်းချုပ်သူသခင်၏ စကားကြောင့် အောက်ဘက်မှ မူရွှဲ့မြို့ခံများ တအံ့တဩဖြစ်သွားသည်။
"ကိုးဆမသေမျိုးလား။ မသေမျိုးအဆင့်ကို ပထမဆုံးရောက်ခဲ့တဲ့ ဒဏ္ဍာရီထဲက ကိုးဆမသေမျိုးပေါ့"
"တစ်ခြားဘယ်သူက ဒီနာမည်ကို သုံးရဲမှာလဲ"
"ဘုရားရေ၊ ကိုးဆမသေမျိုးတောင် ပေါ်လာတယ်ပေါ"
ကိုးဆမသေမျိုးက ထိန်းချုပ်သူသခင်ကို တစ်ချက်လှည့်ကြည့်သည်။
"မဟာချန်က ထိန်းချုပ်သူလား။ မင်းလည်း ထွက်သွားတော့။ ငါမင်းနဲ့တိုက်ခိုက်ဖို့ စိတ်မပါသေးဘူး။
...ကောင်လေး၊ မင်းဒီခန္ဓာကိုယ်ဖောက်ခွဲပညာကို ဘယ်ကသင်ခဲ့တာလဲ။ မင်းနဲ့ ထာဝရနတ်မယ် ဘယ်လိုပတ်သက်နေလဲ"
"ကျို့ချုန်း" (**ကိုးဆ)
ကိုးဆမသေမျိုး ရုတ်တရက်ပေါ်လာသဖြင့် နတ်မယ်လည်း အံ့အားသင့်နေသည်။
ကိုးဆမသေမျိုး မင်သက်မိသွားသည်။ နတ်မယ်ကို မယုံနိုင်ဟန်ဖြင့်ကြည့်သည်။
"ဒီလေသံ...မင်း...မင်းက ထာဝရနတ်မယ်ပဲ။ မင်းဘယ်လို အသက်ပြန်ရှင်လာတာလဲ...မဟုတ်ဘူး။ လောလောဆယ့် ဒီအကြောင်းပြောဖို့ အဆင့်မပြေသေးဘူး။
အပြင်လောကမှာ ငါကြာကြာနေလို့မရဘူး။ အသံတိတ်မသေမျိုးက ငါ့ကိုလာရှာလိမ့်မယ်"
"ဪ အသံတိတ်မသေမျိုးလား။ သူသေသွားပါပြီ"
"ဘယ်လို"
နတ်မယ် ပြန်ရှင်သန်လာသည်။ အသံတိတ်မသေမျိုး သေသွားသည်။ အံ့ဩစရာသတင်းများ တစ်ခုပြီးတစ်ခု ကြားရသဖြင့် ကိုးဆမသေမျိုး ဉာဏ်မမီတော့။
"နတ်ဆိုးခုနစ်ပါးသတ်ဖြတ်ခြင်း"
ထိန်းချုပ်သူသခင် မှော်တံဆိပ်ခုနစ်ခု ပစ်လွှတ်လိုက်သည်။ ဝိညာဉ်ထိန်းချုပ်သည့်ပညာဖြစ်သည်။ ရန်သူ၏ ဝိညာဉ်သုံးမျိုး လိပ်ပြာခုနစ်ပါးကို ထိန်းချုပ်၍ ကျောက်ရုပ်လိုဖြစ်သွားအောင် လုပ်နိုင်သည်။
"ဟေ့ကောင်၊ မင်းက အတော်စိတ်ရှုပ်ဖို့ကောင်းတာပဲ။...နတ်မယ်၊ ခဏစောင့်ဦး။ ဒီကောင်ကိုရှင်းပြီးမှ စကားဆက်ပြောကြတာပေါ့"
ကိုးဆမသေမျိုး စိတ်မရှည်ဟန်ဖြင့် နောက်လှည့်၍ ထိန်းချုပ်သူသခင်ကို အာရုံစိုက်သည်။
သူ့လက်နှစ်ဘက်ကို လှုပ်ရှားလိုက်သည်။ ဘယ်လက်တွင် ယန်ကိုယ်စားပြု နေဝန်း၊ ညာလက်တွင် ယင်ကိုယ်စားပြုလဝန်း ပေါ်လာသည်။ နေနှင့်လကို ထိန်းချုပ်သူသခင်ထံ ပစ်လွှတ်လိုက်သည်။
ရုတ်တရက် ထိန်းချုပ်သူသခင် မင်သက်မိနေသည်။ ထို့နောက်တွင်မှ ကိုးဆမသေမျိုး၏လုပ်ရပ်ကို နားလည်သွားပြီး အရိုးတောင်ဝှေးကိုမြှောက်၍ နေနှင့်လကို ခုခံကာကွယ်သည်။
ကောင်းကင်တွင်တိုက်ခိုက်နေသည့် ကိုးဆမသေမျိုးကို နှင်းအင်ပါယာမော့ကြည့်နေသည်။ သူ့မျက်လုံးတွင် အံ့ဩရိပ်များပြည့်နေသည်။
"မဖြစ်နိုင်ဘူး"
"ဘာကိုပြောတာလဲသခင်"
နှင်းအင်ပါယာစကားကို ရွှဲ့ရှီလုန် နားမလည်။
ထိုအချိန်ကျမှ ရွှဲ့ရှီလုန်ရှိနေသေးကြောင်း နှင်းအင်ပါယာသတိရလာသည်။
"စမ်းသပ်ချက်သုံးခုကို ဖြတ်ကျော်ပြီးပြီဆိုတော့ မင်းလည်းသိခွင့်ရှိပါတယ်။ ငါတို့နှင်းအင်ပါယာမျိုးဆက်က ခြောက်ယောက်ရှိခဲ့တယ်။ မင်းက ခုနစ်ယောက်မြောက်ပေါ့။
မြောက်ပိုင်းနယ်မြေက နှင်းအင်ပါယာကို ယုံကြည်ကိုးကွယ်ကြပေမယ့် တကယ်တော့ နှင်းအင်ပါယာဆိုတာ ကိုးဆမသေမျိုးရဲ့ တမန်တော်ပဲ"
"ကိုးဆမသေမျိုးရဲ့ တမန်တော်..."
"ဟုတ်တယ်။ ဒီကိစ္စက ကိုးဆမသေမျိုးနဲ့ ပထမနှင်းအင်ပါယာကြားက သဘောတူညီချက်ပါ။ ကိုးဆမသေမျိုးက ဒီအသံမဲ့ကျောက်စိမ်းဖြူတံဆိပ်ထဲမှာနေမယ်။ နှင်းအင်ပါယာတွေက တံဆိပ်ကိုလည်မှာဆွဲပြီး မြောက်ပိုင်းနယ်မြေမှာလှည့်လည်ရင်း အပြင်လောကသတင်းတွေကို စုဆောင်းရတယ်။
ကိုးဆမသေမျိုးက နှင်းအင်ပါယာတွေ ယင်ယန်အရိယဖလသန္ဓေတည်ဆောက်နိုင်အောင် ကျင့်စဉ်အမွှေအနှစ်တွေချီးမြှင့်တယ်။ မသေမျိုးတစ်ဝက်ဖြစ်လာအောင် ကူညီပေးတယ်။ ငါလည်းဒီအတိုင်းပဲပေါ့။
အရင်နှင်းအင်ပါယာတွေရဲ့ စကားအရ နှစ်သုံးသိန်းအတွင်း ကိုးဆမသေမျိုးဟာ ကျောက်စိမ်းဖြူတံဆိပ်ထဲကနေ တစ်ခါမှမထွက်ခဲ့ဘူးတဲ့။ ဒီူနေ့တော့ ဘာကြောင့်မှန်းမသိဘူး။ သူအပြင်ကို ထွက်လာတယ်လေ"
လုယန်ကို ကယ်တင်လိုသည့် ရွှဲ့ရှီလုန်ဆန္ဒသည် လမ်လှမ်းမမီသည့်အရာဟု နှင်းအင်ပါယာတွေးခဲ့သည်။ သို့သော်ယခု လုယန်ကိုကယ်ဖို့ ကိုးဆမသေမျိုးကိုယ်တိုင် ထွက်လာမည်ဟု ထင်မထားမိ။
"နတ်မယ်၊ ခင်ဗျား ဘာတွေတွေးနေတာလဲ"
လုယန် ခန္ဓာကိုယ်ထိန်းချုပ်ခွင့်ပြန်ရလာသည်။ နတ်မယ်အတွေးနစ်နေသည်ကို သူသတိထားမိသည်။
"အရင်က ကိုးဆမသေမျိုးရဲ့စရိုက်ဟာ ဒီလိုမဟုတ်ဘူး။ သူတိုက်ခိုက်တာက ဒီလိုအထိန်းအကွပ်မဲ့တဲ့ပုံစံမျိုးမဟုတ်ဘူး"
*******************************