အခန်း ၁၁၈၅
Vol. 79 Ch. 1185
အခန်း (၁၁၈၅) မြောက်ပိုင်းနယ်မြေ၏အမှတ်သညာ
"ကိုးဆမသေမျိုး ဒီလိုတကယ်လှုပ်ရှားမယ်လို့ ထင်မထားဘူး"
ယင်ယန်ချီများ အနက်ရောင်ကမ္ဗလာတစ်ခုလို ကောင်းကင်ကို လွှမ်းခြုံထားသည်။ နှင်းအင်ပါယာ သက်ပြင်းချသည်။ မည်သို့ဆိုစေ ရွှဲ့ရှီလုန်သည့် သိပ်မကြာမီ နှင်းအင်ပါယာအသစ်ဖြစ်လာတော့မည့်လူဖြစ်ည်။
တစ်ချို့ကိစွများ သူသိထားသင့်သည်။
"တကယ်တော့ ကိုးဆမသေမျိုးအရှင် ကျောက်စိမ်းတံဆိပ်ထဲကမထွက်တာ အကြောင်းရင်းနှစ်ခုရှိတယ်"
ထိုစကားကြောင့် မုန်ကျင်းကျိုး စိတ်ဝင်စားသွားပြီး ကောင်းကင်တိုက်ပွဲကို ဆက်မကြည့်တော့ဘဲ သူတို့အနားသို့ အမြန်ကပ်လာပြီး နားစွင့်သည်။ ခွေးခြေခုံတစ်ခုပါ ယူလာသည်။
နှင်းအင်ပါယာက မုန်ကျင်းကျိုးကို အေးစက်စက်တစ်ချက်ကြည့်သည်။ မုန်ကျင်းကျိုး သူ့နောက်သို့ ပြန်လှည့်ကြည့်သည်။ တစ်ယောက်မှမတွေ့။
"ကျုပ်နောက်မှာ ဘယ်သူမှမရှိပါဘူး အင်ပါယာအရှင်။ ဒီမှာ ကျုပ်တို့ပဲရှိတာပါ"
မုန်ကျင်းကျိုးမျက်နှာပေးက 'ကျုပ်က ရိုးသားတဲ့လူပါ'ဟု ပြောနေသယောင်ရှိသည်။
"ငါကမင်းကိုကြည့်နေတာကွ"
နှင်းအင်ပါယာ စိတ်တိုတိုဖြင့် အော်လိုက်သည်။ အပြင်လူတစ်ယောက်က နှင်းအင်ပါယာမျိုးဆက်နှင့်ပတ်သက်သည့်ကိစ္စများကို လာနားထောင်နေသည်။
..ဪ ငါနားထောင်လို့မရဘူးလား...
နှင်းအင်ပါယာဒေါသထွက်နေသဖြင့် မုန်ကျင်းကျိုးနောက်မှ တံခါးရွက်ထမ်း၍လိုက်လာသည့် ဟော်ဟွာရှန်းနှင့် မုရုံယွီတို့ ခပ်ကုပ်ကုပ် ပြန်ထွက်သွားကြသည်။
"ကျုပ်ကတကယ် ခင်ဗျားတို့ထဲကလူပါ"
မုန်ကျင်းကျိုး စာအုပ်တစ်အုပ်ထုတ်ပြသည်။ ကိုးဆမသေမျိုး၏ အဓိပဓိမသေမျိုးပညာကျမ်းဖြစ်သည်။ ဂဏန်းသင်္ချာမသေမျိုးပညာဟုလည်း ခေါ်ကြသည်။
သူတီထွင်ခဲ့သည့် အဓိပဓိလက်သီးပညာသည် ကိုးဆမသေမျိုး၏ ဂဏန်းသင်္ချာမသေမျိုးပညာအပေါ် အခြေခံထားသည်။ ထို့ကြောင့် ကိုးဆမသေမျိုးသည် သူ့ဆရာဟု သတ်မှတ်နိုင်သည်။
"ကိုးဆမသေမျိုးရဲ့ မသေမျိုးပညာလား"
နှင်းအင်ပါယာ အံ့အားသင့်သွားသည်။ ထိုလူငယ်သည် အမှန်တကယ်ပင် သူတို့လူဖြစ်သည်။
"နှင်းအင်ပါယာသခင်၊ အကိုမုန်က ယုံကြည်ရပါတယ်။ တစ်ခြားလူတွေကို သူထုတ်ပြောမှာမဟုတ်ဘူး"
ရွှဲ့ရှီလုန်က ပြောသည်။
အလျှော့ပေးလိုက်ဟန်ဖြင့် နှင်းအင်ပါယာ သက်ပြင်းချသည်။
"ကိုးဆမသေမျိုးအရှင် တံဆိပ်ထဲကမထွက်တဲ့ အကြောင်းတစ်ခုက အမည်မသိစွမ်းအားရှင်တစ်ယောက်ကို သူရှောင်နေရလို့ပဲ။ အဲဒီ့စွမ်းအားရှင်အကြောင်း ကိုးဆမသေမျိုးက လုံးဝထုတ်မပြောဘူး။ ဒီတော့ ငါလည်းဒီစွမ်းအားရှင်အကြောင်း မသိဘူး။
ဒုတိယအကြောင်းရင်းက ရှေးဟောင်းခေတ်မှာ ထင်မထားတဲ့ပြဿနာတစ်ခု မသေမျိုးအရှင် ကြုံခဲ့လို့ပဲ။ အဲဒီ့ပြဿနာကြောင့် သူ့မှာ ဒုတိယစရိုက်ကွဲတစ်ခုပေါ်လာတယ်။
ဒုတိယစရိုက်ကွဲက အရမ်းဒေါသကြီးတယ်။ ဆင်ခြင်ဉာဏ်ပျောက်သွားတတ်တယ်။ ဒီစရိုက်ကွဲ လွှမ်းမိုးလာရင် အပြင်လောက ဒုက္ခရောက်မှာ သူစိုးရိမ်တယ်။ ဒါကြောင့် ကျောက်စိမ်းဖြူတံဆပ်ထဲက သူမထွက်ရဲတာ"
"ဪ...စရိုက်ကွဲကိစ္စလား"
သူတို့နားသို့ ပျံဆင်းလာသည့်လုယန်က နှင်းအင်ပါယာစကားကို ကြားလိုက်သည်။ နတ်မယ်တွေးရခက်နေသည့်ကိစ္စ ရှင်းလင်းသွားသည်။
ပြန်တွေးကြည့်လျှင် မြောက်ပိုင်းနယ်မြေသည် စရိုက်ကွဲလက္ခဏာရှိသူများအတွင် ရှင်သန်နေထိုင်ဖို့ လွယ်ကူသည့်နေရာဖြစ်ဟန်ရှိသည်။ ရွှဲ့ရှီလုန်။ စုယွမ်။ ယခု ကိုးဆမသေမျိုးပေါ်လာသည်။
နှင်းအင်ပါယာက အသစ်ရောက်လာသည့် လုယန်ကိ ထူးဆန်းသည့်အမူအရာဖြင့် ကြည့်နေသည်။ သူတို့စကားဝိုင်းကို ခိုးနားထောင်သည့်ကိစ္စကို အရေးစိုက်၍မဟုတ်။
ထိန်းချုပ်သူသခင်ကို သူသာရင်ဆိုင်ရလျှင် ယခုချိန် အဖမ်းခံရပြီးဖြစ်မည်။ သို့သော် လုယန်က ထိန်းချုပ်သူသခင်ကို သက်တောင့်သက်သာ ထိန်းထားနိင်ခဲ့သည်။
"မသေမျိုးအရှင်က ဒီစရိုက်ကွဲပြဿနာကို ဖြေရှင်းချင်ခဲ့တာ ကြာပြီ။ ဒါပေမယ့် တကယ်တမ်းတော့ စရိုက်ကွဲရှိတာဟာ နှင်းအင်ပါယာဖြစ်ဖို့ သတ်မှတ်ချက်တွေထဲကတစ်ခုပဲ။
စရိုက်ကွဲပြဿနာမျိုး တစ်ခါတော့ ကြုံဖူးဖို့လိုတယ်။ ပြီးတော့ စရိုက်တစ်ခုပဲ ကျန်ရမယ်။ နှင်းအင်ပါယာတွေအနေနဲ့ ဒီအတွေ့အကြုံကနေ သင်ခန်းစာယူနိုင်ဖို့လိုတယ်"
...ခင်ဗျားတို့ နှင်းအင်ပါယာမျိုးဆက်က တကယ်ကို ထူးခြားတဲ့သတ်မှတ်ချက်တွေ ရှိနေတာပဲ...
မူရွှဲ့တစ်မြို့လုံးတွင် ကျားဟိန်းသံသိုင်းကျောင်းတစ်ခုသာ သက်တောင့်သက်သာပတ်ဝန်းကျင်မျိုးရှိနေသည်။ မြို့ခံများအားလုံး မသေမျိုးနှစ်ယောက် တိုက်ပွဲကြောင့် စိုးရိမ်ပန်နေကြသည်။
ထိုတိုက်ပွဲမျိုးသည် သူတို့နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်။
တိုက်ပွဲအခြေအနေကို ပိုသိကြသည့် တိုက်ပွဲလာကြည့်သည့် မြို့တော်သခင်များ ပို၍ကြောက်ရွံ့တုန်လှုပ်နေသည်။ မသေမျိုးဆိုသည်မှာ လောကစည်းမျဉ်းတစ်ခုခုကို ကျွမ်းကျင်ထားသူဖြစ်သည်။
သေမျိုးများနှင့် လုံးဝမသက်ဆိုင်သည့် သီးခြားဖြစ်တည်မှုမျိုးဖြစ်သည်။ အပြုအမူတိုင်းက ကောင်းကင်ကို ပြောင်းလဲနိုင်စွမ်းရှိသည်။
သူတို့ နောက်လှည့်ထွက်ပြေးချင်သည်။ သို့သော် သူတို့တစ်သက် နောက်ထပ်မသေမျိုးတိုက်ပွဲတစ်ခု မြင်ခွင့်ရဖို့ မသေချာတော့သည့်အဖြစ်ကို တွေးမိကြသည်။ ထို့ကြောင့် ထွက်မပြေးနိုင်ကြ။
"ရှေးဟောင်းမသေမျိုးလေးယောက်ထဲက ကိုးဆမသေမျိုး တကယ်ပေါ်လာပြီပေါ့"
ထိန်းချုပ်သူသခင် အရိုးတောင်ဝှေးဖြင့် တိုက်ခိုက်ရင်း ပို၍စိတ်အားတက်ကြွလာသည်။
လုယန်တွင် မသေမျိူးလေးယောက်၏ သဲလွန်စရှိသည်ဟု ယန်ခုန်တုန် သူ့ဆီသတင်းပို့ခဲ့သည်။ သူလာမကယ်မည်စိုး၍ ယန်ခုန်တုန် ထိုသို့ပြောသည်ဟု သံသယဖြစ်ခဲ့သည်။ လုယန်ကလည်း တိုက်ရိုက်ငြင်းချက်ထုတ်သည်။
ယခု သံသယဖြစ်စရာမလိုတော့ လုယန်တွင် သဲလွန်စ တကယ်ရှိနေသည်။
မဟုတ်သေး။ သဲလွန်စပင်မဟုတ်။ သူရှာနေသည့် ရှေးဟောင်းမသေမျိုးလေးယောက်ထဲမှ တစ်ယောက်ကို တွေ့နေရသည်။
နေ့နှင့်ည တစ်ခုတည်းဖြစ်နေသည်။ နေ့ကိုကိုယ်စားပြုသည်နေနှင့် ညကိုကိုယ်စားပြုသည့်လ နှစ်ခုလုံးရှိသည်။ ထိုနှစ်ခုပြိုင်တူ ဖြစ်ပေါ်နေသည့်မြင်ကွင်းမျိုး တစ်ခါမှမမြင်ဖူးကြ။
ကိုးဆမသေမျိုးက နေနှင့်လကိုကိုင်၍ ရပ်နေသည်။ သူ့ခြေထောက်အောက်တွင် ထိုက်ချိစက်ဝန်းရှိသည်။ နေ့နှင့်ည ယင်နှင့်ယန် လိုက်လျောညီထွေပေါင်းစပ်နေသည်။
ထိုမြင်ကွင်းကိုကြည့်၍ ချီတာဖန်းနှင့် လျိုကျန်းတို့ တုန်လှုပ်သွားသည်။ လေဟာနယ်ထဲမှ ကိုးဆမသေမျိုးကို ဒူးထောက်ဦးခိုက်ကြသည်။
သူတို့နေမင်းဂိုဏ်းသည် နေကို လောက၏ စွမ်းအားအကြီးဆုံးဖြစ်တည်မှုဟု သတ်မှတ်ထားသည်။
အစောပိုင်းက သူတို့ဂိုဏ်းဝင်များကို နေဆီပို့ခဲ့သည်။ ယခုလက်ရှိတွင်လည်း နေစွမ်းအင်ဖြန့်ဖြူးနိုင်ဖို့ စိတ်နှစ်ကိုယ်နှစ်ကြိုးစားနေသည်။ အားလုံးက ထိုယုံကြည်ချက်ကြောင့်ဖြစ်သည်။
သို့သော် နေစွမ်းအားသည် ကိုးဆမသေမျိုး၏ ယင်ယန်အရိယဖလ၏ စွမ်းအားတစ်မျိုးသာဖြစ်သည်။
ယခု သူကိုင်ထားသည့်အရာက နေအစစ်ဖြစ်သည်ဟု ကြေငြာလျှင် နေအစစ်သာဖြစ်သည်။
ကိုးဆမသေမျိုး၏ဆန္ဒဖြင့် ကောင်းကင်နှစ်ခြမ်းကွဲသွားသည်။ တစ်ခြမ်းကယန်၊ တစ်ခြမ်းကယင်။ ရေခဲနယ်မြေနှင့်မီးတောက်နယ်မြေဖြစ်သည်။
ရှေးဟောင်းဒဏ္ဍာရီတွင် ကောင်းကင်၌ နေဆယ်စင်းထွက်သည့်အဖြစ်ကို ပြောကြသည်။ သို့သော် ထိုနေဆယ်စင်းက ရွှေကျီးကန်းဆယ်ကောင်သာဖြစ်သည်။ ကိုးဆမသေမျိုး၏နေနှင့် ယှဉ်ဖို့မထိုက်တန်။
"သွားတော့"
ကိုးဆမသေမျိုး မီးလုံး(နေလုံး)ကိုပစ်လွှတ်လိုက်သည်။ အလင်းရောင်ဖြာထွက်လာသည်။ ထိန်းချုပ်သူသခင်က လက်တစ်ဘက်ဖြင့် မှော်စွမ်းအင်တစ်ခုဖန်တီးသည်။ မဟာချန်ခေတ်တွင်သာရှိခဲ့သည့် မသေမျိုးပညာတစ်ခုထုတ်သုံးသည်။
နောက်မျိုးဆက်များ ထိုပညာကိုမသိကြ။
"ကောင်းကင်ဝါဇရဒိုင်း"
ဝါဇရပုံရိပ်သုံးဆယ်ခြောက်ခုက ထိန်းချုပ်သူသခင်ရှေ့တွင် တစ်လွှာပြီးတစ်လွှာကာရံထားသည်။ သို့သော် မီးလုံးက ထိုဒိုင်းကာများကို စက္ကူတစ်ရွက်လို အလွယ်တစ်ကူ ထိုးဖောက်သွားသည်။ ပြင်းထန်သည့်မီးတောက်များ ထိန်းချုပ်သူသခင်ဆီ တိုးဝင်လာသည်။
ထိန်းချုပ်သူသခင် အရိုးတောင်ဝှေးဖြင့် ရိုက်ဖယ်လိုက်သည်။ မိုင်တစ်ထောင်အဝေးတွင်ကျ၍ မီးလုံးပေါက်ကွဲသွားသည်။ နက်ရှိုင်းသည့်မြေတွင်းတစ်ခုပေါ်လာသည်။ အတော်ကြာပြီးနောက် ပေါက်ကွဲမှုကြောင့်ဖြစ်လာသည့် လေလှိုင်းများရောက်လာသည်။ အသံလှိုင်းလည်းရောက်လာသည်။
မီးလုံးနဲ့ တိုက်ရိုက်တွေ့သည့် တောင်ဝှေ့ထိပ်မှအရိုးခေါင်း အရည်ပျော်ကျသွားသည်။ ထို့နောက် အံ့ဩစရာကောင်းလောက်အောင် ချက်ချင်းအသစ်ပြန်ဖြစ်လာသည်။
အရိုးတောင်ဝှေးသည် ထိန်းချုပ်သူသခင် မသေမျိုးဖြစ်ပြီးနောက် သူ့ကိုယ်ပိုင်အရိုးများကို သန့်စင်ထားခြင်းဖြစ်သည်။ သူ့အသက်နှောင်ရတနာ မသေမျိုးအရိုးဖြစ်သည်။ ပြန်လည်ကုစားနိုင်သည့်စွမ်းအား အထူးကောင်းမွန်သည်။
သို့သော် သူထင်မထား။ ကိုးဆမသေမျိုးက မီးလုံးနောက်တွင် ကပ်လိုက်လာသည်။ မီးလုံးကို ရိုက်ဖယ်ပြီးချိန်တွင် လှောင်ပြုံးပြုံးနေသည့် ကိုးဆမသေမျိုးကို သူမြင်လိုက်ရသည်။
ကိုးဆမသေမျိုးက ခန္ဓာကိုယ်ကို နှစ်ခြမ်းခွဲသည်။ တစ်ခြမ်းကယန်။ နောက်တစ်ခြမ်းကယင်ဖြစ်သည်။ လောက၏ အစွန်းရောက်အင်အားနှစ်ခုကို ကိုယ်စားပြုသည်။
လက်သီးနှစ်ဘက်ကို ထုရိုက်လိုက်သည်နှင့် ယင်နှင့်ယန်တွေ့ဆုံသည်။ ကြောက်စရာလေဟာနယ်လှိုင်းတစ်ခု ဖြစ်လာသည်။
ထိန်းချုပ်သူသခင်က မြူခိုးများထုတ်လွှတ်၍ ကိုးဆမသေမျိုး၏မြင်ကွင်း ဝေဝါးသွားအောင်လုပ်ပြီး ရှောင်ထွက်သည်။ အရိုးတောင်ဝှေးကို သံချပ်ကာအဖြစ်ပြောင်းလိုက်သည်။
တောင်ဝေးထိပ်မှအရိုးခေါင်းက သူ့ဦးထုပ်ဖြစ်လာသည်။ ကျောရိုးက သူ့နောက်ကျောတွင် သတ္တုပြားတစ်ခုလို့ ကပ်သွားသည်။ နံရိုးများက ရင်ဘတ်ကို အုပ်သွားသည်။
သံချပ်ကာအပြည့်ဝတ်ထားသလို ဖြစ်သွားသည်။ ကိုးဆမသေမျိုးနှင့် အနီးကပ်တိုက်ခိုက်ရန် အသင့်ဖြစ်လာသည်။
သို့သော် သူတစ်ယောက်တည်း ယှဉ်နိုင်မည်မဟုတ်ကြောင်းသိသည်။ ယင်ယန်အရိယဖလနေရာ လစ်လပ်သွားစေရန် ကိုးဆမသေမျိုးကို ဖမ်းရမည်။ သို့မဟုတ် သတ်ရမည်။
ထိုသို့လုပ်ဖို့ သူတစ်ယောက်တည်း မစွမ်းနိုင်။ ထို့ကြောင့် အင်ပါယာတံဆိပ်ကိုချေဖျက်၍ ကောင်းကင်အင်ပါယာသခင်ကို ကူညီတိုက်ခိုက်ပေးဖို့ ဆင့်ခေါ်လိုက်သည်။
အင်ပါယာတံဆိပ် ကြေမွသွားသည်။ လေဟာနယ်လမ်းကြောင်းတစ်ခုပွင့်လာသည်။ ကောင်းကင်အင်ပါယာသခင် ထွ်ကလာသည်။ သို့သော် တစ်ခုခုကို တွေ့လိုက်သကဲ့သို့ ချက်ချင်းနောက်ပြန်ဆုတ်သွားသည်။ လေဟာနယ်လမ်းကြောင်းလည်း တစ်စမကျန်ပျောက်ကွယ်သွားသည်။
ကိုးဆမသေမျိုးနှင့် ထိန်းချုပ်သူသခင်တို့ တွေးမရအောင်ဖြစ်နေကြသည်။
မူရွှဲ့မြို့တော်အပြင်ဘက် အမြင့်ဆုံးနှင်းတောင်ထိပ်တွင် မိန်းမလှတစ်ယောက် အင်ပါယာထိုင်ခံပေါ် မှီထိုင်၍ မြို့တော်ထဲမှ မသေမျိုးတိုက်ပွဲကိုကြည့်သည်။
လေဟာနယ်လမ်းကြောင်းပျောက်သွားချိန်တွင် သူသက်ပြင်းတစ်ချက်ချလိုက်သည်။
"ကောင်းကင်အင်ပါယာကိုမြင်တဲ့အချိန်မှာ ငါနည်းနည်းစိတ်လှုပ်ရှားသွားလို့ ငါရှိနေတာကို သူအာရုံခံမိသွားတာများလား"
********************************