← Chapters

အခန်း ၁၁၈၇

Vol. 80 Ch. 1187

အခန်း ၁၁၈၇

Vol. 80 Ch. 1187

အခန်း (၁၁၈၇) ယင်ယန်အရိယဖလ၏စွမ်းရည်စစ်

"အတော်လေလုံးထွားတဲ့လူပဲ"

ထိန်းချုပ်သူသခင် မျက်နှာမပျက်။ ပြိုင်ဘက်က စကားစစ်ထိုးသည်ကို သူအရေးမစိုက်။ နှင်းတောင်ကုန်းဘီလူးများ မြေပြင်မှထလာသည်။ သူ့ရှေ့တွင် ဒူးထောက်ကြသည်။ ထို့နောက် မြေပြင်မှ ကျောက်သားတိုင်လုံးများစွာ ပေါ်လာသည်။ ရေဘဝဲလက်တံများကဲ့သို့ ကွေးညွှတ်လှုပ်ရှားနိုင်သည်။

ကိုးဆမသေမျိုး၏လက်သီးချက်ကောင့် နှင်းတောင်ကုန်းဘီလူးတစ်ကောင် လဲကျသွားသည်။ ချက်ချင်းဆိုသလိုပင် တောင်ကုန်းဘီလူးဦးခေါင်းထဲတွင် ပုန်းခိုနေသည့် မသေမျိုးရွှေလူသားတစ်ယောက်က သူ့ကိုလျှပ်တပြက်ဝင်တိုက်ခိုက်သည်။

တောင်ကုန်းဘီလူးများက အာရုံလွှဲဖို့သက်သက်ဖြစ်သည်။ တကယ့်စွမ်းအားအစစ်က ထိုရွှေလူသားများတွင်ရှိသည်။

တည်ဆောက်ထားသည့် မသေမျိုးရွှေများသည် မသန့်စင်။ မသေမျိုးရတနာအဆင့်စွမ်းအားမျိုးမရှိ။ သို့သော် မသေမျိုးရွှေသည် ခံနိုင်ရည်စွမ်းအားကြောင့်နာမည်ကျော်သည်။ ယင်ထန်သည်ပင် မသေမျိုးရွှေကိုသုံး၍ သူ့ရုပ်ခန္ဓာကို တည်ဆောက်ခဲ့သည်။ မသေမျိုးရွှေ ဘယ်လောက်မာကျောကြောင်း သက်သေခံနေသည်။

ရွှေလူသား၏မျက်နှာတွင် ကိုးဆမသေမျိုး၏ လက်သီးရာထင်ကျန်ခဲ့သည်။ သို့သော် ထူးထူးခြားခြားပျက်စီးထိခိုက်မှုမျိုးမရှိ။

ကိုးဆမသေမျိုး လေထဲသို့ခုန်တက်ရန်ပြင်သည်။ သို့သော် မြေထဲမှသစ်မြစ်တစ်ခု ရုတ်တရက် ဆန့်ထွက်လာပြီး သူ့ခြေကျင်းဝတ်ကို ရစ်ပတ်သည်။ လွန်ခဲ့သည့်နှစ်ပေါင်းသိန်းချိန်က ဝိညာဉ်သစ်ပင်တစ်ခု၏အမြစ်ဖြစ်သည်။ အချိန်ကာလကြာမြင့်စွာ နှင်းထုအောက်တွင် အေးခဲနေခဲ့သည်။ ယခု ထိန်းချုပ်သူသခင်ကြောင့် အသက်ဝင်လာသည်။

မြောက်ပိုင်းနယ်မြေ၏ ရေခဲပြင်အောက်တွင် အလောင်းများမရေမတွက်နိုင်အောင် မြှုပ်နှံထားသည်။ အားလုံးကို သူအသက်သွင်းနိုင်သည်။

ကိုးဆမသေမျိုး သစ်မြစ်မှလွတ်အောင် ချက်ချင်းရုန်းထွက်သည်။ ထိုအချိန်တွင် ရွှေလူသားများ အခွင့်အရေးရသွားသည်။

ရွှေလူသားငါးယောက် တစ်ပြိုင်တည်းဝင်လာပြီး ကိုးဆမသေမျိုး၏ ခြေလက်လေးဘက်ကို ဖမ်းချုပ်သည်။ တစ်ယောက်က သူ့ဦးခေါင်းထက်တွင်ထိုင်၍ မျက်နှာကိုအဆက်မပြတ်ထိုးသည်။ လက်သီးချက်တိုင်းက ကူးဖြတ်ခြင်းအဆင့်တစ်ယောက်ကို သတ်နိုင်လောက်အောင် ပြင်းထန်သည်။

ကိုးဆမသေမျိုး ချက်ချင်း မီးတောက်အသွင်ပြောင်းလိုက်သည်။ သူ့အသွင်ကို မြင်နေရသော်လည်း ရုပ်ခန္ဓာဒြပ်ထုပျောက်သွားသည်။ ရွှေလူသားများကို ထိုးဖောက်ထွက်သည်။

"သန့်စင်မယ်"

သူအော်ဟစ်ကြုံးဝါးလိုက်သည်။ သူ့မသေမျိုးမီးတောက်က ရွှေလူသားများကို ဖုံးလွှမ်းသွားသည်။ သူ့မီးတောက်သည် မသေမျိုးရွှေကိုသန့်စင်ရာတွင် အကောင်းဆုံးဖြစ်သည်။ ရှေးဟောင်းခေတ်တွင် ယင်ထန်မသေမျိုးပင် မသေမျိုးပစ္စည်းများ သွန်းလုပ်ဖို့ သူ့မီးတေက်ကို ငှားခဲ့ရသည်။

ရွှေလူသားများ ချက်ချင်းအရည်ပျော်ကျသွားသည်။

"ဝှီး"

အရည်လုံးတစ်ခု မီးတောက်ကြားမှ ကိုးဆမသေမျိုးဆီ လွင့်ပျံလာသည်။

အရည်လုံးဖြစ်သွားသော်လည်း ထိန်းချုပ်သူသခင်သွင်းထားသည့် အသက်ဝိညာဉ်က ပျောက်မသွားသေး။ အမိန့်နာခံ၍ ကိုးဆမသေမျိုးကို ရသမျှနည်းလမ်းဖြင့် ဆက်တိုက်ခိုက်သည်။

ကိုးဆမသေမျိုး အမြန်နောက်ဆုတ်သွားသည်။ ထိုရွှေရည်လုံးက သူ့ဘေးပတ်လည်တွင်ဝန်းရံပြီး အခဲအဖြစ်ပြန်ပြောင်းသွားလျှင် ထိုးဖောက်မရသည့် မသေမျိုးရွှေ‌လှောင်အိမ်ထဲ ပိတ်မိသွားမည်။ အတော်ဒုက္ခသွားနိုင်သည်။

တစ်ချိန်တည်းမှာပင် ရွှေလူသားများကို သန့်စင်ခဲ့သည့် သူ့မသေမျိုးမီးတောက်ကို ငြှိမ်းလိုက်သည်။ ထိန်းချုပ်သူသခင် အမိန့်မပေးနိုင်စေဖို့ဖြစ်သည်။

ထိန်းချုပ်သူသခင် စုပ်တစ်ချက်သပ်သည်။ ရှေးဟောင်းမသေမျိုးတစ်ယောက် တကယ်ပီသသည်။ ကိုးဆ၏ တုံ့ပြန်မှုများက အံ့ဩစရာကောင်းလောက်အောင် မြန်ဆန်သည်။

အရည်လုံးအသွင်ပြောင်းသွားသည့် ရွှေလူသားများက ပံစံအမျိုးမျိုးပြောင်းသည်။ အဆုံးမရှိဆန့်ထွက်သည်။ တောင်ကုန်းဘီလူးများကိုဘ်ပေါ်တွင် အလွှာပါးတစ်ခုအဖြစ် ကပ်သွားသည်။

ထို့နောက် ထိုအလွှာပါးက အခဲဖြစ်လာပြီး တောင်ကုန်းဘီးလူးများ၏ သံချပ်ကာဖြစ်လာသည်။ ကိုးဆမသေမျိုးနှင့်တိုက်ခိုက်ဖို့ စွမ်းအားရလာသည်။

တောင်ကုန်းဘီးလူးများ ရင်ဘတ်ကိုထုရိုက်မာန်သွင်းနေသည်။ ခေါင်းပြတ်လူဝံကြီးများနှင့်တူသည်။

ထိန်းချုပ်သူသခင် အစောပိုင်းကထိန်းချုပ်ထားသည့် လက်ကျန်မှော်ရေခဲကို အသက်သွင်းလိုက်သည်။ အသက်ဝင်လာပြီးနောက် သူ့အမိန့်ဖြင့် ရေခဲလှံများအသွင်ပြောင်းသွားသည်။ တောင်ကုန်းဘီလူးများအတွက် လက်နက်ဖြစ်လာသည်။

သံချပ်ကာနှင့်လက်နက်များပြည့်စုံသွားပြီးနောက် တောင်ကုန်းဘီလူးများ ရှေ့တို့တက်လာပြီး ကိုးဆမသေမျိုးကို တိုက်ခိုက်သည်။ သူတို့ရေခဲလှံများက ကိုးဆမသေမျိုး၏ မီးတောက်အသွင်အတွက် တကယ်အန္တရာယ်များသည်။

မှော်ရေခဲလှံတစ်ခု သူ့ခန္ဓာကိုယ်ကို ထိုးဖောက်သွာသည်။ ရုပ်ဒြပ်ခန္ဓာ ခဏပြန်ပေါ်လာသည်။ ထိုအချိန်ကို အခွင့်ကောင်းယူ၍ တောက်ကုန်းဘီလူးများက သူ့ကိုဝိုင်းချုပ်သည်။ မြေပေါ်သို့ရိုက်ချသည်။ မြေပေါ်တွင် ဝဲဂယက်တစ်ခုပေါ်လာသည်။

ကိုးဆမသေမျိုးကို ဝါးမျိုသွားသည်။

ထို့နောက် မြေပြင်အက်ကွဲသွားသည်။ အက်ကြောင်းများကြားမှ အလင်းရောင်ပေါက်လာသည်။ ထို့နောက် မီးတန်းများထိုးထွက်လာပြီး တောင်ကုန်းဘီလူးများ မီးတောင်တစ်ခုလို ပေါက်ကွဲထွက်သွားသည်။ မြောက်ပိုင်းနယ်မြေတွင် တစ်ခါမှမမြင်ဖူးခဲ့သည့် ပေါက်ကွဲမှုမျိုးဖြစ်သည်။

သို့သော် ထိန်းချုပ်သူသခင်မျက်နှာမပျက်။ တောင်ကုန်းဘီလူးများကိုထိန်းချုပ်၍ ဆက်တိုက်ခိုက်သည်။

ကိုးဆမသေမျိုးက ဒေါသအပြည့်ဖြင့် လေထဲတွင်ရပ်နေသည်။

ရုတ်တ်ရက် အောက်ဘက်မြေပြင်ပေါ်တွင် ကျယ်ပြန့်သည့်ကျားခုံတစ်ခုပေါ်လာသည်။ တောင်ကုန်းဘီလူးများက ကျားကွက်တစ်ခုစီတွင် ရပ်လျက်သားဖြစ်နသည်။

ဘာလုပ်ချင်သည်မသိ။

ထိန်းချုပ်သူသခင်၏မျက်နှာ လေးနက်တည်ကြည်လာသည်။ ရှေးကျမ်းစာများတွင် ကိုးဆမသေမျိုး ထိုပညာတတ်ကျွမ်းသည်ဟု ဖော်ပြထားခြင်းမရှိ။

"ဒီလောကထဲက အရာအားလုံးကို အဖြူနဲ့အနက်အဖြစ် ခွဲခြားနိုင်တယ်။ နှင်းတောင်ကုန်းဟာ ယင်ဓာတ်ပဲ"

ကိုးဆမသေမျိုး၏ စကားသံ ဟိန်းထွက်လာသည်။ သူ့ကိုယ်သူပြောနေသယောင်ထင်ရသည်။ နတ်မယ်နှင့်ယွမ်ကျိမှလွဲ၍ သူ့စကားကို ဘယ်သူမှနားမလည်ကြ။

ကိုးဆမသေမျိုး၏စကားသံ ပဲ့တင်ထပ်သွားချိန်တွင် ‌တောင်ကုန်းဘီလူးများ၏ ဦးခေါင်းထက်၌ မထင်မရှား အနက်ရောင်ကျားစေ့ တစ်ခုစီပေါ်လာသည်။

ကိုးဆမသေမျိုးက လက်ညှိုးနှင့်လက်ခလယ်နှစ်ခုဖြင့် အဖြူရောင်ကျားစေ့တစ်ခု ညှပ်ယူပြီး ပစ်လွှတ်လိုက်သည်။

အဖြူရောင်ကျားစေ့က တောင်ကုန်းဘီလူးတစ်ကောင်၏ခေါင်းထက်မှ အနက်ရောင်ကျားစေ့အပေါ် ကျသွားသည်။ အဖြူအနက်ကျားစေ့နှစ်ခု အချင်းချင်းဖျက်ဆီးကြသည်။

ကျားစေ့နှစ်ခု ပျောက်ကွယ်သွားသည်နှင့် အောက်ဘက်မှ တောင်ကုန်းဘီလူးလည်း ပျောက်ကွယ်သွားသည်။

"ဒီလောကမှာ ယင်ရှိရင် ယန်ဆိုတာရှိရမယ်။ ယင်နဲ့ယန်ဟာ အချင်းချင်းအမှီသဟဲပြုတယ်။ အချင်းချင်းလည်း ဆန့်ကျင်တယ်"

ထိန်းချုပ်သူသခင် နောက်ဆုတ်သွားသည်။ ကိုးဆမသေမျိုး၏လုပ်ရပ်ကို နားလည်လာသည်။

ယင်နှင့်ယန် အချင်းချင်းအမီသဟဲပြု၍ အချင်းချင်းဆန့်ကျင်သည် တောင်ကုန်းဘီလူးသည် ယင်ဓာတ်သတ္တဝါဖြစ်သည်။ ပမာဏတူယန်ဓာတ်နှင့်တွေ့လျှင် အချင်းချင်းတိုက်ခိုက်သည်။ နှစ်ခုလုံးပျက်စီးသွားမည်။

"မဟုတ်သေးဘူး။ တောင်ကုန်းဘီးလူးက ဓာတ်ငါးမျိုးနဲ့ဖွဲ့စည်းထားတဲ့ သတ္တဝါပဲ။ ယင်နဲ့ယန် ဘယ်လိုခွဲလို့ရမှာလဲ"

ထိန်းချုပ်သူသခင် နားမလည်သေး။

ကိုးဆမသေမျိုး‌ အော်ဟစ်ရယ်မော၍ ရှေ့သို့တစ်လှမ်းချင်းတိုးလာသည်။

"အရိယဖလဆိုတာ လောကစည်းမျဉ်းကို ကိုယ်စားပြုတယ်။ ယင်ယန်အရိယဖလမပေါ်ခင်က လောကထဲကအရာတွေကို ဓာတ်ငါးမျိုးနဲ့ခွဲခြားသလား ယင်ယန်နဲ့ခွဲခြားသလား သေချာမသိခဲ့ကြဘူး။

ဒါပေမယ့် ငါ့ယင်ယန်အရိယဖလ ပေါ်လာပြီးတော့ အရာအားလုံးကို ယင်ယန်နဲ့ခွဲခြားတယ်။ ဓာတ်ငါးမျိုးဆိုတာက ယင်ယန်ပေါ်အခြေခံပြီး အသေးစိတ်ထပ်ခွဲထားတာပါ"

တစ်နည်းဆိုရလျှင် ထိုဓာတ်ငါးမျိုးသည် ယင်ယန်အရိယဖလစည်းမျဉ်းထဲတွင် အကျုံးဝင်သည်။

ထိန်းချုပ်သူသခင်၏ အရိယဖလသည် အပြည့်အဝချုပ်ကိုင်နိုင်သည့် ဩဇာမျိုးမရှိကြောင်း သူသိသည်။ တောင်ကုန်းဘီလူးများကို အတိအကျတိုက်ခိုင်နိုင်အောင် မထိန်းချုပ်နိုင်။ ဉာဏ်အလင်းပေးရုံသာတတ်နိုင်သည်။

သို့သော် ထိုစွမ်းရည်သည်ကို သူ့အရေးစိုက်စရာမလို။

ထိန်းချုပ်သူသခင် မျက်နှာဖြူရော်သွားသည်။ အရာအားလုံးကို သူဉာဏ်အလင်းပေးနိုင်သည်။ မသေမျိုးမီးတောက်နှင့် မှော်ရေခဲကိုပင် အသက်သွင်းနိုင်သည်။

ကိုးဆမသေမျိုးကို ထိန်းချုပ်နိုင်သည်ဟု သူထင်ခဲ့သည်။

သို့သော် လက်တွေ့အမှန်တရားက ဆန့်ကျင်ဘက်ဖြစ်နေသည်။ ကိုးဆမသေမျိုးက ယင်ယန်စည်းမျဉ်းများကို အရင်ကတည်းက သတ်မှတ်ခဲ့ပြီးဖြစ်သည်။ ယင်နှင့်ယန် အချင်းချင်းဖျက်ဆီးနိုင်သည်။

သူ့ဉာဏ်အလင်းအရိယဖလကို နှိပ်ကွပ်နိုင်စွမ်းရှိနေသည်။

"မင်းဘယ်လောက်ဖျက်ဆီးနိုင်သလဲ ကြည့်ရသေးတာပေါ့"

ထိန်းချုပ်သူသခင် ဉာဏ်အလင်းအရိယဖလကို အသက်သွင်းလိုက်သည်။ မြေပြင်တုန်ခါလာသည်။ မူရွှဲ့မြို့ခံများ ဘယ်ညာယိမ်းထိုးနေသည်။ ငလျင်လှုပ်သည်ဟု ထင်ကြသည်။

အဆင့်မြင့်ကျင့်ကြံသူများ ထိတ်လန့်တုန်လှုပ်သွားသည်။ ထိုငလျင်သည် မရိုးရှင်းကြောင်း သူတို့ရိပ်မိသည်။

ထိန်းချုပ်သူသခင်ကို ဗဟိုပြု၍ မြောက်ပိုင်းတိုက်နယ်တစ်ခုလုံး တုန်ခါလှုပ်ရှားနေသည်။

သူ့ခြေထောက်အောက်မှမြေပြင် ကြွတက်လာသည်။ ဤတစ်ကြိမ် တောင်ကုန်းဘီလူးများပေါ်လာခြင်းမဟုတ်။ နှင်းနှင့်ရေခဲများ ဖုံးလွှမ်းနေသည့် မြေလုံးကြီးတစ်ခုအဖြစ် အသွင်ပြောင်းသွားသည်။

မူရွှဲ့မြို့တော်လည်း ထိုမြေလုံးထဲတွင် ရှိနေသည်။

မြေလုံးက မယုံနိုင်လောက်အောင် ကြီးမားသည်။ ထိုမြေလုံးပေါ်ရပ်နေလျှင် အစွန်းတစ်ဘက်ကို မြင်နိုင်မည်မဟုတ်။

မြေလုံးကြီး ဘယ်လိုပေါ်လာသည်ကို မူရွှဲ့မြို့သူမြို့သားများ နားမလည်ကြ။ အဆင့်မြင့်ကျင့်ကြံသူများပင် ဝိုးတဝါးမှန်းဆရုံသာရှိသည်။ သို့သော် လုယန်က အားလုံးကို ရှင်းလင်းစွာမြင်နေရသည်။

ယနေ့ခေတ်တိုက်နယ်ခြောက်ခုသည် ကြယ်ကမ္ဘာများဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ ထိန်းချုပ်သူသခင်က မြေပြင်ကိုအသက်သွင်းလိုက်သဖြင့် မူလကြယ်ကမ္ဘာများအဖြစ် ပြန်လည်အသွင်ပြောင်းသွားခြင်းဖြစ်သည်။

ထိုကြယ်ကမ္ဘာများကို အသုံးပြု၍ ကိုးဆသေမျိုးကို အချိန်မရွေးတိုက်ခိုက်နိုင်သည်။

"ကြယ်ကမ္ဘာဆိုတော့ရော ဘာအရေးစိုက်စရာရှိလဲ"

ကိုးဆမသေမျိုး နှာခေါင်းရှုံ့သည်။ ရှေးဟောင်းခေတ်တိုက်ပွဲများသည် ကြယ်ကမ္ဘာများကို အလွယ်တကူဖျက်ဆီးနိုင်သည်။ ဤကြယ်ကမ္ဘာနည်းနည်းလောက်က သူ့ကိုဘာလုပ်နိုင်မည်နည်း..

ယင်နှင့်ယန် အချင်းချင်းဖျက်ဆီးသည့်နည်းလမ်းဖြင့်ပင် ထိုကြယ်ကမ္ဘာများ ပျောက်သွား‌အောင် လုပ်နိုင်သည်။

"မဖြစ်ဘူး။ ကြယ်ကမ္ဘာတွေပါ်မှာ လူတွေရှိတယ်"

ကိုးဆမသေမျိုး၏ စရိုက်မှန်က အော်ပြောသည်။ ထိန်းချုပ်သူသခင်က မြောက်ပိုင်းနယ်မြေမှ လူ့အသက်များကိုအသုံးချ၍ ခြိမ်းခြောက်နေခြင်းဖြစ်သည်။

"အဲတော့ဘာဖြစ်လဲကွ"

ကိုးဆ၏ စရိုက်ကွဲက အရေးမစိုက်။ သူ့စရိုက်မှန်က ထိုအခြေအနေမျိုးဖြစ်လာမည်ကို စိုးရိမ်ခဲ့ခြင်းဖြစ်သည်။

"ခန္ဓာကိုယ်ကို ငါထိန်းချုပ်မယ်"

စရိုက်မှန်က ခန္ဓာကိုယ်ကို ကြိုးစားထိန်းချုပ်သည်။

ထိန်းချုပ်သူသခင် လှောင်ပြုံးပြုံးနေသည်။ ကိုးဆမသေမျိုး ဘာဆက်လုပ်မည်ကို သူကြည့်ချင်သည်။

ကိုးဆမသေမျိုး ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။ ဤပညာကို သူထုတ်မသုံးခဲ့သည်မှာ အတော်ကြာပြီဖြစ်သည်။

"အစွန်းရောက် ယင်နယ်မြေ"

ကိုးဆမသေမျိုး ယင်နယ်မြေကိုဖွင့်လိုက်သည်။ အစကတည်းက အေးစိမ့်နေသည့် မြေက်ပိုင်းနယ်မြေက သမိုင်းတလျှောက်မကြုံခဲ့ဖူးသည့် အတိုင်းအတာအထိ တစ်ဖြေးဖြေးပို၍အေးခဲလာသည်။

သုညဒီဂရီ။

လောကတစ်ခုလုံး အေးခဲသွားသယောင်ထင်ရသည်။ မြောက်ပိုင်းနယ်မြေမှသက်ရှိအားလုံး မလှုပ်မယှက်ဖြစ်သွားသည်။ ကြယ်ကမ္ဘာအသွင်ပြောင်းသည့်ဖြစ်စဉ်လည်း ရပ်သွားသည်။

မြောက်ပိုင်းနယ်မြေတစ်ခုလုံး အစွန်းရောက်ယင်ဓာတ်များ လွှမ်းခြုံသွားသည်။ သုညဒီဂရီအေးခဲနယ်မြေတွင် ဘယ်အရာမှမလှုပ်ရှားနိုင်။ အချိန်ရပ်တန့်သွားသလိုပင်ဖြစ်သည်။

"ငါပြောခဲ့နာ နားလည်ပြီလား။ မသေမျိုးမီးတောက်တို့ဘာတို့ကို ထန်းချုပ်တယ်ဆိုတာက ယင်ယန်အရိယဖလရဲ့ အပေါ်ယံစွမ်းရည်လေးတွေပါ။ ဒါမျိုးကမှ တကယ့်စွမ်းအားအစစ်ပဲ"

*************************************

All Chapters