အခန်း ၁၁၉၄
Vol. 80 Ch. 1194
အခန်း (၁၁၉၄) မဟာချန်နှင့် မဟာယု
ထိန်းချုပ်သူသခင် ရောက်လာခြင်းသည် ကျောထောက်နောက်ခံရလာခြင်းပင်ဖြစ်သည်။ ယခု ကွမ်းရှန်ဟန်ကို စီလဲ့ ခွန်းတုံ့ပြန်ပြောဖို့ သတ္တိရှိလာသည်။
ကွမ်းရှန်ဟိုင်ကို မခိုးမခန့်မျက်နှာဖြင့် သူလှမ်းကြည့်သည်။
"ငါတို့က ယုံကြည်မှုစွမ်းအားလွှမ်းမိုးမှုလျှော့အောင် အများမြင်ကွင်းရှေ့ကနေ ကိုယ်ယောင်ဖျောက်ပြီး မသေမျိုးနန်းတော်မှာ ခဏရှောင်နေခဲ့တာပါ။ အဲလိုသာမဟုတ်ခဲ့ရင် မဟာယုဆိုတာ ပေါ်လာမှာတဲ့လား။
မင်းက နည်းနည်းလေးစွမ်းဆောင်နိုင်ရုံနဲ့ ကိုယ့်ကိုယ်ကို ပြိုင်ဘက်ကင်းထင်နေလား။ မသေမျိုးဖြစ်လို့ အဲလောက်ကြီးမြတ်သွားပြီ ထင်နေလား"
စီချန်းက ဘေးသို့ဖျတ်ခနဲဖယ်၍ မင်သက်မိနေသည့် ထိန်းချုပ်သူသခင်ကို အားလုံးရှေ့တွင် မိတ်ဆက်ပေးသည်။
"ကြည့်လိုက်ပါ။ ငါတို့မဟာချန်မှာလည်း မသေမျိုးတွေရှိတယ်ကွ။ ဒါက ကူးဖြတ်ခြင်းစွမ်းအားရှင်တွေကို အရိယဖလသန္ဓေတွေ အများကြီးချီးမြှင့်ခဲ့တဲ့ ထိန်းချုပ်သူသခင်ပဲ"
ကာလကြာမြင့်စွာစောင့်ခဲ့ရသည့် ထိန်းချုပ်သူသခင် အကျဉ်းထောင်တောင်ထိပ်သို့ ရောက်လာသဖြင့် မဟာချန်ကျင့်ကြံသူများ စိတ်အားတက်ကြွလာသည်။ မဟာယုကျင့်ကြံသူများကို ခေါင်းမော့ရင်ကော့၍ စိုက်ကြည့်နေကြသည်။
ထိန်းချုပ်သူသခင် အတွေးထဲနစ်မျောနေသည်။ သူ့ကိုမြင်လျှင် သူ့လက်အောက်ခံများ ဘယ်လိုအမူအရာမျိုးပေါ်လာမည်ကို အမျိုးမျိုးကြိုတွေးကြည့်ခဲ့သည်။
သို့သော် ယခုလိုကြိုဆိုမည်ဟုတော့ လုံးဝထင်မထားခဲ့။
အားလုံး ဝိညာဉ်ပူးကပ်ခံထားရသည့်လူများလို ဖြစ်နေသည်။
ထိန်းချုပ်သူသခင် ခေါင်းကိုအသာအယာခါယမ်းလိုက်သည်။ မသေမျိုးတစ်ဝက်များမွေးထုတ်ပေးခဲ့သည့်ကိစ္စ အရိယဖလသန္ဓေချီးမြှင့်ခဲ့သည့် ကိစ္စများက အတိတ်ဇာတ်ကြောင်းများသာဖြစ်သည်။
ယခု သူတို့အားလုံး အကျဉ်းသားဘဝရောက်နေသည်။ ဤနေရာတွင် ငြင်းခုန်နေ၍ ဘာအကျိုးထူးလာမည်နည်း။
ကွမ်းရှန်ဟိုင် လှောင်ပြုံးပြုံးသည်။
"အရိယဖလသန္ဓေထုတ်တာလောက်ကို ဒီလောက်ဇာချဲ့ပြီးပြောနေစရာလိုလို့လား။ ငါ့ရဲ့ ပုံသွန်းအရိယဖလလည်း ဒါမျိုးထုတ်ပေးနိုင်တယ်ကွ။ ယုံကြည်မှုစွမ်းအားတောင် မလိုဘူး။ ဒါကိုဘာတွေ စကားကြီးစကားကျယ်လာပြောနေတယ်ပေါ့"
"မင်းဘာစကားပြောတာလဲ"
ထိန်းချုပ်သူသခင် ဒေါသထွက်သွားပြီး ကွန်းရှန်ဟိုင်ကို လက်ညှိုးထိုးသည်။ သူမသေမျိုးတစ်ဝက်များမွေးထုတ်ခဲ့သည့်ကိစ္စ အတိတ်တွင်ကျန်ခဲ့ပြီဟု သူပြောချင်ပြောမည်။ သို့သော် တစ်ခြားလူများ ပြောခွင့်မရှိ။
"ငါပြောတာ မှားလို့လား"
မသေမျီုးချင်းအတူတူဖြစ်၍ ကွမ်းရှန်ဟိုင် ထိန်းချုပ်သူသခင်ကို မကြောက်။
"ယုံကြည်မှုစွမ်းအားက အဲလောက်ကောင်းနေရင် မဟာချန်ပျက်စီးတဲ့အချိန် မသေမျိုးနန်းတော်ထဲမှာ မင်းတို့အားအားယားယားထိုင်နေပါ့မလား။ နတ်ဘုရားလမ်းစဉ်ရဲ့ ယုံကြည်မှုစွမ်းအားနဲ့ နိုင်ငံလေးတစ်ခု တည်ထောင်နိုင်ရုံပါပဲ။
မင်းတို့မဟာချန်က ဒီထက်မပိုပါဘူး"
ထိန်းချုပ်သူသခင်က ခနိုးခနဲ့လေသံဖြင့်
"မင်းတို့မဟာယုကရော ဘာတွေထူးခြားနေလို့လဲ။ နိုင်ငံ့ဆရာစနစ်တည်ထောင်တယ်။ ပထမနိုင်ငံ့ဆရာနှစ်ယောက်ပဲ နည်းနည်းအသုံးကျတယ်။ အဲဒီ့တောက်ပိုင်း နိုင်ငံ့ဆရာတိုင်းက နန်းတွင်းအရှုပ်အထွေးထဲဝင်ပါပြီး အင်ပါယာနဲ့ ဩဇာပြိုင်တယ်။
မင်းတို့နိုင်ငံ ပျက်စီးတာက ငါတို့ထက် ပိုနှေးခဲ့လို့လား။ အနည်းဆုံးတော့ ငါတို့မဟာချန်မှာ ဉာဏ်ရည်မြင့်တဲ့ အုပ်ချုပ်သူတစ်ယောက်ရှိခဲ့တယ်။ နတ်ဘုရားတွေ အများကြီးပေါ်ထွက်ခဲ့တယ်။ အများပူဇော်မှုကိုခံယူပြီး ကိုယ့်တာဝန်ကိုယ်ယူကြတယ်။
နိုင်ငံ့အင်အား တောင့်တင်းခဲ့တယ်။ နတ်ဆိုးနယ်မြေ၊ အရှေ့ပင်လယ်နဲ့ တစ်လောကလုံးက လာပြီးအရိုအသေပေးရတယ်။ မင်းတို့မဟာယုက ငါတို့နဲ့ယှဉ်စရာ ဘာကြောင်းရှိလို့လဲ"
ကွမ်းရှန်ဟိုင် ဖြေးညှင်းစွာ ထရပ်လာသည်။ သူ့မျက်လုံးများ အရောင်လက်လာသည်။ မဟာယုစတည်ထောင်ခဲ့သည့်အချိန်ကို ပြန်ရောက်သလိုရှိသည်။
"ရယ်ရတယ်ကွာ။ ငါတို့မဟာယုက အလယ်ပိုင်းတိုက်နယ်ရဲ့ တိုက်ပွဲတွေကြားမှာ အဆုံးသတ်ခဲ့တာ။ နတ်ဆိုးမျိုးနွယ် အဖွဲ့ငယ်တွေ ကျူးကျော်မလာအောင် တားခဲ့တယ်။
နိုင်ငံ့သက်တမ်းတလျှောက် ပြိုင်ဘက်အားလုံးကို အနိုင်ယူခဲ့တယ်။ သူတို့အားလုံးက မဟာယုကို သူတို့သဘောဆန္ဒအရ အညံ့ခံခဲ့တာ။ မျိုးဆက်တွေအများကြီး တိုးတက်စည်ပင်ခဲ့တယ်။
ငါတို့ဩဇာ အမြင့်ဆုံးရောက်ခဲ့တဲ့အချိန်ကို မဟာရှားကတောင် မဟာယုရွှေခေတ်လို့ ခေါ်ရတယ်ကွ"
"သမိုင်းကြောင်းကိုအကဲဖြတ်တာတွေက ဘာအသုံးဝင်မှာလဲ။ ကျင့်ကြံသူလောကမှာ စွမ်းအားကိုပဲ အထွတ်အမြတ်ထားကြတာပါ"
ထိန်းချုပ်သူသခင် မြေပြင်ပေါ်တွင် လေးထောင့်မြေပုံတစ်ခုဆွဲသည်။ အလယ်ပိုင်းတိုက်နယ်ကို ကိုယ်စားပြုသည့်မြေပုံဖြစ်သည်။ အလယ်ပိုင်းတိုက်နယ်ကို နှစ်ခြမ်းခွဲ၍ ဒေါင်လိုက်မျဉ်းတစ်ကြောင်းဆွဲသည်။ တစ်ဘက်တွင် မဟာချန်၊ တစ်ဘက်တွင် မဟာယုဖြစ်သည်။
"ငါ့ရဲ့ဉာဏ်အလင်းအရိယဖလက လောကထဲကအရာအားလုံးကို ဉာဏ်အလင်းပေးနိုင်တယ်။ အင်ပါယာယုရဲ့ ဝါးမျိုခြင်းအရိယဖလက တစ်ခြားအရိဘဖလတွေကိုတောင် ဝါးမျိုနိုင်တယ်။
ငါနဲ့အင်ပါယာယုအတူပူးပေါင်းပြီး ဒီဘက်ကနေ ဝင်တိုက်မယ်ဆို မင်းတို့မဟာယုတွေ ခုခံနိုင်မှာလား"
ကွမ်းရှန်ဟိုင်ကလည်း အကြောမခံ။ သူ့အကျဉ်းခန်းက ထိန်းချုပ်သူသခင်နှင့် အတော်ဝေးသဖြင့် ထိုမြေပုံပေါ်တွင် ဗျူဟာသွားချဖို့ ခက်ခဲသည်။ ထို့ကြောင့် သူ့အကျဉ်းခန်းထဲတွင် ပုံစံတူမြေပုံတစ်ခုဆွဲသည်။
"မင်းတို့ကိုတားဖို့ ဘာတွေအဲလောက်ခက်လို့လဲ။ ဝူယော်ရဲ့ ဖလှယ်ခြင်းအရိယဖလက သူ့ကိုစကြာဝဠာထဲထိ အရောက်တန်းပို့နိုင်တယ်။ မြောက်ပြန်လေတောင် သူ့ကိုဝါးမျိုဖို့မဖြစ်နိုင်ဘူး။ မင်ငါနဲ့ဝူယောက်နှစ်ယောက်ပေါင်းပြီးတိုက်ရင် မင်းခုခံနိုင်မယ်ထင်နေလား။
ပြီးတော့ ငါတို့မှာ အလောင်းတောင်တန်း သွေးပင်လယ်ထဲကနေတက်လာတဲ့ မဟာယုတပ်မှူးတွေရှိတယ်။ သူတို့က တပ်ဖွဲ့ဆယ့်ရှစ်ခုကို ဦးဆောင်မယ်။ အဖွဲ့ခြောက်ခုခွဲ့ပြီး မဟာချနကို တစ်ပြိုင်တည်းဝင်တိုက်မယ်။ ငါတို့တပ်မှူးတွေနဲ့တွေ့ရင် မင်းတို့ရဲ့ နတ်သခင်တွေ ကြောက်လွန်းလို့ ရူးတောင်သွားဦးမယ်"
"ကြောက်လွန်းလို့ ရူးမယ်တဲ့လား။ အဲလောက်တော့ မတွေးပါနဲ့။ ငါတို့ဘက်မှာ စီလဲ့နဲ့ စီချန်းရှိတယ်။ အရိယဖလသန္ဓေနဲ့ လျှပ်စီးကို နာရီပေါင်းများစွာ ထိန်းချုပ်နိုင်တယ်။ မင်းတို့တပ်ဖွဲ့ဆယ့်ရှစ်ခုက လျှပ်စီးတစ်ချက်ထိတာနဲ့ အကုန်လဲသွားမှာပဲ"
"တပ်မှူးယွီကွ။ နံပတ်တစ်စစ်သူကြီး မဟာယွီ။ ယင်ယန်အရိယဖလသန္ဓေရှိတယ်။ သူကိုယ်တိုင်ကျင့်ကြံထားတာ။ ရှေးဟောင်းမသေမျိုးလေးယောက်ကို တုပပြီးဖန်တီးထားတဲ့ မင်းတို့မသေမျိုးတစ်ဝက်တွေလိုမဟုတ်ဘူး။ တပ်မှူးယွီက စစ်တပ်ကိုဦးဆောင်မှာ။ ယင်နဲ့ယန်ကို သတ်မှတ်မှာ။
မင်းတို့ဘာများလုပ်နိုင်မှာလဲ"
"နိုင်ငံဆရာပြောတာ သိပ်ကောင်းတယ်။ ငါတို့တကယ်အဲတိုက်ခိုက်သင့်တာ။ မဟာချန်တွေ ဘာလုပ်မလဲကြည့်ရတာပေါ့"
သူတို့စကားနားထောင်ရင်း မဟာယုကျင့်ကြံသူများ ပို၍စိတ်အားတက်ကြွလာပြီး လက်သီးလက်မောင်းတန်း၍ ထောက်ခံအားပေးကြသည်။
"မင်းတို့ဘာတွေအဲလာက်မာန်တက်နေတာလဲ။ အင်ပါယာသက်ခင်က ရှိတယ်လေ။ ကောင်းကင်ကနေ မင်းတို့မဟာယုတပ်ဖွဲ့နောက်တန်းကို တိုက်ရိုက်ဆင်းလာပြီး ခွေးသတ်နွားသတ်သတ်မှာ။ ထိန်းချုပ်သူသခင်နဲ့ ရှေ့နောက်ညှပ်တိုက်မှာကွ"
မဟာချန်ကျင့်ကြံသူများ ဒေါသတကြီး ပြန်အော်သည်။ အကျဉ်းထောင်ထဲတွင် သူတို့မာနကို အချိန်ကြာမြင့်စွာ မျိုသိပ်ထားခဲ့ရသည်။ ယခုမှ ခေါင်းမော့၍ လွတ်လပ်စွာ အသက်ရှူနိုင်သည်။ မဟာယုအင်အားစု၏ ဖိနှိပ်မှုကို နောက်ထပ်သည်းမခံနိုင်။
"အင်ပါယာယုလုပ်တတ်တာက အချိန်ကျလာရင် လေဟာနယ်လမ်းကြောင်းနဲ့ ထပ်ထွက်ပြေးဖို့ပါပဲ"
"အင်ပါယာက ဒီလိုနည်းလမ်းမျိုးကို ဘာလို့ထပ်သုံးမှာလဲ။ သူလေဟာနယ်ကူးဖြတ်ရင် ဝူယော်ကို သူနဲ့အတူ ဆွဲခေါ်သွားလို့ရတယ်လေ"
ထိန်းချုပ်သူနှင့်ကွမ်းရှန်ဟိုင်တို့ တစ်ယောက်နှင့်တစ်ယောက် စိုက်ကြည့်နေသည်။ အင်္ကျီလက်များလိပ်တင်၍ တစ်ယောက်ဟာကွက်ကို တစ်ယောက်ဝေဖန်သည်။ တံတွေးများလွင့်ပျံ၍ မျက်နှာများနီရဲနေသည်။
အကျဉ်းကျနေ၍သာမဟုတ်လျှင် တကယ်တိုက်ခိုက်ကြလောက်သည်။
ယွမ်ကျိက ထိုမြင်ကွင်းကို အသံတိတ်ကြည့်နေသည်။ အစောပိုင်းက ထိန်းချုပ်သူသခင်ကို ညတွင်းချင်းစစ်ဆေးဖို့ တွေးခဲ့သည်။ သို့သော် ယခုလက်ရှိ ထိန်းချုပ်သူ၏အခြေအနေအရ နည်းလမ်းဟောင်းအတိုင်း ရိုက်နှက်နှိပ်စက်လျှင်ပင် ဘာသတင်းမှမရနိုင်လောက်။
စိတ်တည်ငြိမ်သွားမှ ထိုနည်းလမ်းကိုသုံးဖို့ ဆုံးဖြတ်လိုက်သည်။
ကလေးဘိုးဘေးဆရာထန်ရှန်းယိက တိုက်ပွဲဗြူဟာများ တန်ပြန်တိုက်စစ်ဆင်နည်းများကို စိတ်ဝင်တစား နားထောင်နေသည်။ မရှင်းလင်းသည့်အချက်များကို နောက်မှဖြေးဖြေးချင်းမေးမြန်းရန် ရေးမှတ်ထားသည်။
ထိုအဖိုးတန်တိုက်ပွဲအတွေ့အကြုံများကို တစ်ခြားနေရာတွင် ရနိုင်မည်မဟုတ်။
မိုရှောင်ချွေ့နှင့် တွမ်ချင်ရွှေ့တို့စိတ်ထဲတွင် ထိုမျှပြင်းထန်သည့် တိုက်ပွဲများနှင့်မပတ်သက်ဘဲ ဗုဒ္ဓနိုင်ငံတွင် ကျင့်ကြံသူဖြစ်လာရသည်ကို ကံကောင်းသည်ဟု တွေးမိကြသည်။
....
ဗုဒ္ဓနိုင်ငံ။ အနောက်မိုးပျံဘုံကျောင်း။ မဟာဝိဟာရခန်းမ။
တိုင်ပုဖန် အကြိမ်ကြိမ်စဉ်းစားပြီးနောက် အနောက်မိုးပျံဘုံကျောင်းတွင် သူ့ကံကြမ္မာကို စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်ခဲ့သည်။
မည်သို့ဆိုစေ ညီလေးလုသည် ဗုဒ္ဓနိုင်ငံတွင် မသေမျိုးခန္ဓသာရှိခြင်းဖြစ်သည်။ မသေမျိုးအစစ်မဟုတ်။ လောကအရှင်ကိုဦးဆောင်သည့် ဗုဒ္ဓဂိုဏ်းသည် ညီလေးလုကို ထိန်းချုပ်နိုင်လောက်သည်။
အနောက်မိုးပျံဘုံကျောင်း၏ မဟာဝိဟာရခန်းမသည် အကောင်းဆုံးအားကိုးရာဖြစ်သည်။ လူတိုင်းဝင်ထွက်နိုင်သည့်နေရာမဟုတ်။
တာအိုလမ်းစဉ်ဂိုဏ်းတွင် မဟာအကြီးအကဲကိုယ်စား ဂိုဏ်းတွင်းဂိုဏ်းပြင်ကိစ္စများ ကိုင်တွယ်ဖြေရှင်းခဲ့သူဖြစ်၍ အပြင်လောကတွင် အသိအမှတ်ပြုခံရသည်။ ဂိုဏ်းတွင် ဒုတိယအဆင့်ဂိုဏ်းဝင်မျိုးဖြစ်သည်။
ထို့ကြောင့် မဟာရဝိဟာရခန်းမသို့ ဝင်ခွင့်ရသည်။
တိုင်ပုဖန် ရိုရိုသေသေဖြင့် မွှေးတိုင်သုံးချောင်းထွန်းပြီး ဗုဒ္ဓကို ရှိခိုးဦးခိုက်သည်။
"အရှင် မဟာဗုဒ္ဓ။ ကျုပ်မှာ ညီငယ်နှစ်ယောက်က ရှိပါတယ်။ လုယန်နဲ့ မုန်ကျင်းကျိုးပါ။ သူတို့နှစ်ယောက်ကို မကောင်းဆိုးဝါးဝိညာဉ်တွေ ထိန်းချုပ်ထားတယ်လို့ ကျုပ်သံသယဖြစ်မိပါတယ်။
အပြင်ထွက်တိုင်း ပြဿနာကြီးတစ်ခုခုကြုံတယ်။ အန္တရာယ်ကြားကနေ အမြဲတမ်းလွတ်မြောက်လာပေမယ့် မတော်တဆ အလွဲအချော်တစ်ခုဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ သူတို့သေသွားမှာကို ကျုပ်အရမ်းစိုးရိမ်ပါတယ်။
သူတို့ကိုယ်ထဲက မကောင်းဆိုးဝါးဝိညာဉ်တွေကို ဖယ်ရှားပြီး သူတို့ဘေးကင်းအောင် ကူညီပေးပါ အရှင်ဗုဒ္ဓ"
ကြာပလ္လင်ပေါ်မှဗုဒ္ဓ မျက်လုံးပွင့်လာပြီး စိတ်အားထက်သန်စွာ ရှိခိုးနေသည့်တိုင်ပုဖန်ကို စိတ်ပျက်လက်ပျက်ကြည့်သည်။
...ဒါက ငါလုပ်နိုင်တဲ့ကိစ္စမျိုးလားကွာ။ မွှေးတိုင်သုံးချောင်းမပြောနဲ့။ ဒီမဟာဝိဟာရခန်းမတစ်ခုလုံးကို မင်းမီးရှို့ရင်တောင် ဒီပြဿနာကို ငါဖြေရှင်းမပေးနိုင်ဘူး..
*************************