အခန်း ၁၁၉၈
Vol. 80 Ch. 1198
အခန်း (၁၁၉၈) ငါလည်းကူညီနိုင်တယ်
လုယန်ပြောသလိုပင် အင်တာဗျူးကိစ္စအတွက် မုန်ကျင်းကျိူးထက်ပို၍ သင့်တော်သည့်လူမရှိ။ လုယန်က အရှက်မရှိတောင်းဆိုနေသဖြင့် မတတ်သာပဲ မုန်ကျင်းကျိုး သဘောတူလိုက်ရသည်။
လုယန်အနေဖြင့် သတင်းခေါင်းစည်းအတွက်ပင် ထည့်စဉ်းစားစရာမလို။ မုန်ကျင်းကျိုးက သူ့အတွက် စဉ်းစားပေးထားပြီးဖြစ်သည်။ - လူငယ်သူရဲကောင်းလုယန် လောကအတွေ့အကြုံယူရင်း မြို့တော်သခင်ကိုသတ်ဖြတ်။
"တာအိုရှင်လုယန်၊ နှလုံးမဲ့ဂိုဏ်းချုပ် ယန်ခုန်တုန်ကို ဘယ်လိုတိုက်ခိုက်ခဲ့သလဲဆိုတာ ပြောပြနိုင်မလား"
မုန်ကျင်းကျိုးက မေးမြန်းသူနေရာမှ စကားစလိုက်သည်။
"အားလုံးက တိုက်ဆိုင်သွားတာပါ။ အဲဒီတုန်းက မြောက်ပိုင်းတိုက်နယ် မူရွှဲ့မြို့တော်မှာ ကျုပ်က လောကအတွေ့အကြုံယူနေတာ။ ယန်ခုန်တုန်က မူရွှဲ့မြို့တော်သခင်ကို ဝင်ပူးကပ်ထားတာ ကျုပ်မသိခဲ့ဘူး။
မူရွှဲ့မြို့သူမြို့သားတွေကို သတ်ဖြတ်ဖို့ကြိုးစားနေတဲ့ ယန်ခုန်တုန်ကိုတားဖို့ ကျုပ်မတတ်သာပဲ လှုပ်ရှားခဲ့ရတယ်။ ကံကောင်းချင်တော့ တိုက်ခိုက်တဲ့အချိန်မှာ ကျုပ်ကျင့်စဉ်အဆင့်က ကူးဖြတ်ခြင်းထိပ်ဆုံးအဆင့်ကို ရောက်နေတယ်။
ဒါကြောင့်လည်း ယန်ခုန်တုန်ကို ယှဉ်နိုင်ခဲ့တာပါ။ အပြင်းအထန် တိုက်ခိုက်ပြီးနောက်မှာ ကျုပ်သူ့ကို သတ်နိုင်ခဲ့တယ်"
တိုက်ပွဲမြင်ကွင်းကို သရုပ်ပေါ်အောင် လုယန်က လက်ဟန်ခြေဟန်သုံး၍ အကောင်းဆုံးကြိုးစားပြောသည်။ ထိုတိုက်ပွဲသည် အဆင့်မြင့်တိုက်ပွဲဖြစ်သည်။ သတင်းဆောင်းပါးတွင် ကောင်းကောင်းဖေါ်ပြချင်သည်။
မုန်ကျင်းကျိုး ခေါင်းငြိမ့်၍ လုယန်ပြောသည့်စကားကို လိုက်ရေးသည်။
-ယန်ခုန်တုန်ကို အနိုင်ရခဲ့သည်မှာ တိုက်ဆိုင်မှုသက်သက်သာဖြစ်ကြောင်း လုယန်ကပြောသည်။
"ယန်ခုန်တုန်က စွမ်းအားကြီးတဲ့ ရန်န်သူပါ။ ခံစားချက်ခုနစ်မျိုးအရိယဖလသန္ဓေကို တည်ဆောက်ထားတယ်။ လူတွေရဲ့ ခံစားချက်ကို ပြောင်းလဲပြီး တိုက်ပွဲရလာဒ်ကို ပြောင်းလဲနိုင်စွမ်းရှိတယ်။
ဒီလိုအရိယဖလသန္ဓေမျိုးကို တိုက်ရိုက်တုံ့ပြန်နိုင်တဲ့နည်းလမ်း မရှိဘူး။ ခံစားချက်အပြောင်းအလဲကို တောင့်ခံဖို့ပဲရှိတယ်။ ကံကောင်းချင်တော့ ကျုပ်က ဗုဒ္ဓနှလုံးပိုင်ဆိုင်ထားတယ်လေ။ ခံစားချက်အရိယဖလသန္ဓေစွမ်းအားက ကျုပ်ကိုမလွှမ်းမိုးနိုင်ဘူး"
မုန်ကျင်းကျိုး ချရေးပြန်သည်။
-လုယန်သည် ဗုဒ္ဓအပေါ် စိတ်နှစ်ကိုယ်နှစ်ယုံကြည်သည်။ ခံစားချက်များကြောင့် စိတ်ဓာတ်ယိမ်းယိုင်ခြင်းမရှိ။
"..ယန်ခုန်တုန်ရဲ့ သရုပ်မှန်က ရှေးဟောင်းခေတ်မသေမျိုးတစ်ဝက်အဆင့်တစ်ယောက်ဖြစ်မယ်လို့ ထင်မထားဘူး။ ရှေးဟောင်း မဟာစွမ်းအားရှင်တွေရဲ့ ကျင့်စဉ်ပညာမျိုးစုံ သူကျွမ်းကျင်တယ်။ သူ့ကျင့်စည်ခရီးမှာ မိန်းမလှတွေအများကြီးကို စည်းရုံးနိုင်ခဲ့တယ်။
ဒါပေမယ့် နောက်ဆုံးကျတော့ သူချစ်တဲ့မိန်းမလှတွေက သူ့ကိုရဖို့ အပြိုင်လုကြတယ်။ သူ့ခန္ဓာကိုယ်ကို တစ်စစီဆုတ်ဖြဲခဲ့တယ်။ ဒါကြောင့် ရှေးဟောင်းခေတ်ကနေ ဒီနေ့အထိ သူအိပ်စက်ခဲ့ရတယ်"
မုန်ကျင်းကျိုးချရေးသည်။
- ကိုယ်လုပ်တော်အရေအတွက်များလွန်းသဖြင့် ယန်ခုန်တုန် ခန္ဓာကိုယ်တစ်စစီဖြစ်၍ အဆုံးသတ်ရသည်။ ထိုကိစ္စအပေါ် မုန်ကျင်းကျိုး ပြန်သုံးသပ်သည်။ မိန်းမလှများများရှိခြင်းသည် ကောင်းသည့်အရာမဟုတ်။
မိန်းမလှများသည့် ဒုက္ခ၏ဇစ်မြစ်ဟု ပြောကြသည်။ ကျင့်ကြံသူတစ်ယောက်အနေဖြင့် ဆန့်ကျင်ဘက်လိင်နှင့် တတ်နိုင်သမျှရှောင်ပြီး ကျင့်စဉ်လမ်းအပေါ်စိတ်နှစ်ထားလျှင် ထိုကဲ့သို့ဝမ်းနည်းစရာအဖြစ်မျိုး နောက်ထပ်ပေါ်လာမည်မဟုတ်။
"မင်းအားလုံးချရေးထားရဲ့လား"
"ရေးထားတယ်"
လုယန် လည်ဆန့်၍ကြည့်သည်။ သူပြောသည့်စကားက အတော်များသော်လည်း မုန်ကျင်းကျိုးချရေးသည်က မြန်လွန်းနေသလို သူခံစားရသည်။
"ဘာမှကြည့်စရာမရှိပါဘူး"
မုန်ကျင်းကျိုး အင်တာဗျူးမူကြမ်းကို နောက်ဘက်သို့ အမြန်ဝှက်လိုက်သည်။
တစ်ခုခုမူမမှန်ကြောင်း လုယန်ချက်ချင်းသိလိုက်သည်။ မုန်ကျင်းကျိုးနောက်ဘက်သို့ ကွေ့ပတ်လျှောက်သွားသည်။
"ငါခဏပဲကြည့်မှာပါ"
"ဟေ့ကောင်လောင်လု၊ မင်ဘာလို့ ဒီလိုဆွဲလုနေတာလဲကွ"
ထို့နောက် မုန်ကျင်းကျိုး၏ အင်တာဗျူးမှတ်စုကို မြင်လိုက်ရသည်။
နှစ်ယောက်လုံး ပြိုင်တူအသံတိတ်သွားသည်။
"အမေးအဖြေသတင်းစာဆောင်းပါးကို မင်းကဒီလိုရေးတယ်ပေါ့"
"နည်းနည်းအကျဉ်းချုပ်လိုက်တာပါ"
မူကြမ်းကိုကြည့်မိ၍သာ ကံကောင်းသွားသည်ဟု လုယန်တွေးလိုက်သည်။ သတင်းစာထဲထည့်၍ ထုတ်ဝေလိုက်လျှင် အားလုံးငါးပါးမှောက်ကုန်မည်။
မုန်ကျင်းကျိုး ကျိတ်၍သက်ပြင်းချနေသည်။ လုယန်ဆိုသည့်သကောင့်သားကို ဘယ်လိုမှလှည့်စား၍မရ။
လုယန်၏ ကြီးကြပ်မှုဖြင့် မှန်ကန်တိကျသည့် အင်တာဗျူးမူကြမ်း ရလာသည်။ ဟာသလေးများ ကျင့်ကြံသူလောကအသေးအဖွဲ့ကိစ္စလေးများ ထပ်ဖြည့်သည်။ ကျင့်ကြံသူလစဉ်သတင်းစာ ပုံနှိပ်ဖို့ အသင့်ဖြစ်လာသည်။
အချောသပ်သတင်းစာမူကြမ်းကိုယူ၍ အကျဉ်းထောင်တောင်ထိပ်သို့ လုယန်သွားသည်။
အကျဉ်းထောင်ထဲမှ အားတက်သရော ဆွေးနွေးနေသံများကို သူကြားရသည်။
"ငါပြောမယ်။ ငါတို့အင်ပါယာသခင်ရဲ့ ဝါးမျိုခြင်းအရိယဖလက အရာအားလုံးကို ဝါးမျိုနိုင်တယ်။ များများဝါးမျိုလေ ပိုပြီးစွမ်းအားကြီးလာလေပဲ။ သူဆန္ဒရှိရင် ငါတို့ကမ္ဘာကို တိုက်ရိုက်ဝါးမျိုပြီး တစ်ခါမှမရှိခဲ့ဖူးတဲ့ စွမ်းအားရှင်တစ်ယောက် ဖြစ်လာနိုင်တယ်။
သူမျက်တောင်တစ်ချက်ခတ်လိုက်ရုံနဲ့ မဟာယုပျောက်သွားအောင်လုပ်နိုင်တယ်ကွ။ မဟာယုမပြောနဲ့၊ မဟာရှာားတောင် ငါတို့အင်ပါယာရဲ့စွမ်းအားကို မခုခံနိုင်ဘူး။ ရှေးဟောင်းမသေမျိုးလေးယောက်တောင် သူ့ရှေ့ရောက်ရင် ကြောက်ဒူးတုန်သွားမယ်"
"ဝါးမျိုတယ်ဆိုတာက ဘာမှမဆန်းပါဘူး။ ငါတို့အင်ပါယာယုရဲ့ ဖလှယ်ခြင်းအရိယဖလက ဘယ်အရာနဲ့မဆို အလဲအလှယ်လုပ်နိုင်တယ်။ ကျင့်စဉ်အဆင့်တွေကိုတောင် လဲလှယ်ယူနိုင်တယ်။ မင်းတို့အင်ပါယာ ဘယ်လောက်စွမ်းအားကြီးကြီး ငါတို့အင်ပါယာက အဲဒီ့စွမ်းအားကို ယူနိုင်တယ်။
ဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးကျရင် ငါတို့အင်ပါယာယုပဲ အမြတ်ထွက်မှာ။ ရှေးဟောင်းမသေမျိုးလေးယောက်၊ မဟာရှားမသေမျိုးနှစ်ယောက် တာအိုလမ်းစဉ်ဂိုဏ်းကယွမ်ကျိ။ သူတို့ကို ဘာအရေးစိုက်စရာရှိလဲ။ ငါတို့အင်ပါယာယုနဲ့တွေ့ရင် သူတို့ထွက်ပြေးရုံပဲတတ်နိုင်မှာပါ"
လုယန် တံခါးတတွင် ငြိမ်ရပ်နေသည်။ ထိုလူများသည် အကျဉ်းထောင်တွင်နေရသည်ကို ငြီးငွေ့လွန်း၍ ပေါက်တတ်ကရစကားများ လျှောက်ပြောနေကြခြင်းလားဟု တွေးမိသည်။
"အဟမ်း"
သူချောင်းတစ်ချက်ဟန့်လိုက်သည်။ လက်ညှိုးထိုးဝေဖန်၍ ဆဲဆိုငြင်းခုန်နေသည့်စကားသံများ တိခနဲရပ်သွားသည်။ လုယန်၏ခြေသံသာ အခန်းထဲတွင် ပဲ့တင်ထပ်၍ပေါ်လာသည်။
အကျဉ်းသားများ လုယန်ကို ရင်တထိတ်ထိတ်ဖြင့် ကြည့်နေသည်။ နောက်ထပ်အကျဉ်းသားသစ်တစ်ယောက် ခေါ်သွင်းလာခြင်းလောဟု တွေးနေကြသည်။
သို့သော် ဤတစ်ကြိမ်တွင် လုယန်က ကွမ်းရှန်ဟိုင်ကို လာရှာခြင်းသာဖြစ်သည်။
"ဒါက အခုထုတ်ဝေမယ့် သတင်းစာပါ။ မိတ္တအရေအတွက် ထပ်တိုးပေးပါ"
သတင်းစာစာရွက်မျး ကွမ်းရှန်ဟိုင်ကို သူပေးလိုက်သည်။
"ကောင်းပြီလေ"
မဟာယုကျင့်ကြံသူများ မဟာချန်အဖွဲ့ကို စိန်ခေါ်သည့်အကြည့်ဖြင့် ကြည့်ကြသည်။ စိတ်ဓာတ်တက်ကြွနေသည်။
...တွေ့လား၊ လုယန်တောင် ငါတို့နိုင်ငံ့ဆရာဆီက အကူအညီတောင်းရတယ်။ မင်းတို့မဟာချန်တွေ ဒီလိုအစွမ်းအစမျိုးရှိလား...
"ခဏနေဦး"
တစ်ချိန်လုံး အသံတိတ်နေသည့် ထိန်းချုပ်သူသခင် ရုတ်တရက်ထပြောသည်။ သူ့စကားသံက လေးနက်တည်ကြည်သည်။ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည့်ပုံစံမျိုးဖြစ်သည်။
လုယန်သူ့ကို နားမလည်သည့်အကြည့်ဖြင့် ကြည့်သည်။ ဘာပြေချင်မှန်းမသိ။
"သတင်းစာပုံနှိပ်တဲ့ကိစ္စ ငါလည်းကူညီနိုင်ပါတယ်"
မသေမျိုးနန်းတော်တွင် နေခဲ့သည့်အချိန်ကတည်းက သတင်းစာအကြောင်း သူသိသည်။ သို့သော် ပုံနှိပ်ပေးသည့်လူက ကွမ်းရှန်ဟိုင်မှန်းတော့ မသိခဲ့။
မဟာယုများ မာန်တက်နေသည်မှာ လုယန်က သတင်းစာထုတ်ဝေဖို့ ကွမ်းရှန်ဟိုင်ကို အကူအညီတောင်းရသည့်ကိစ္စနှင့်လည်း သက်ဆိုင်သည်။
"မင်းတို့သတင်းစာမှာ အသံမှော်စက်ဝန်းတစ်ခု ပါတယ်မဟုတ်လား။ ဒါက စာမဖတ်တတ်တဲ့လူတွေအတွက် ရည်ရွယ်ထားတာဖြစ်မယ်။ စိတ်ကူးကတော့ ကောင်းပါတယ်။ ဒါပေမယ့် သာမန်လူတွေအတွက် သိပ်အဆင့်မပြေဘူး"
လုယန် ခေါင်းတစ်ချက်ငြိမ့်၍ ထိန်းချုပ်သူသခင်ကို ဆက်ပြောရန် အချက်ပြသည်။
"ငါ့ရဲ့ ဉာဏ်အလင်းအရိယဖလက သတင်းစာတွေကို အသက်သွင်းပေးနိုင်တယ်။ အသံမှော်စက်ဝန်းသုံးဖို့မလိုဘူး။ ငါအသက်သွင်းပေးလိုက်ရင် သတင်းစာတွေမှာ အသိစိတ်နည်းနည်းပေါ်လာမယ်။
အခန်းတစ်ခုခုကို နားထာင်ချင်ရင် ပါးစပ်ကနေပြောလိုက်ရုံပဲ။ သတင်းစာက အလိုလိုပြောပြလိမ့်မယ်။ သာမန်လူတွေ စာဖတ်တတ်ချင်ရင်လည်း ဉာဏ်အလင်းသတင်းစာတွေက သူတို့ကို သင်ပေးနိုင်တယ်"
လုယန် တအံ့တဩပင့်သက်ရှိုက်လိုက်သည်။ အတော်ကောင်းသိစိတ်ကူးဖြစ်သည်။ မဟာရှား၏ စာပေတတ်မြောက်သူဦးရေ တိုးတက်လာနိုင်သည်။ တစ်လောကလုံး၏ စာပေတတ်မြောက်နှုန်းကိုပင် မြှင့်တင်ပေးနိုင်လောက်သည်။
ကွမ်းရှန်ဟိုင်ထုတ်လိုက်သည့် သတင်းစာမိတ္တူတစ်ခုကိုယူ၍ ထိန်းချုပ်သူကို အသက်သွင်းခိုင်းသည်။ တကယ်မှန်သည်။ ထိန်းချုပ်သူသခင်ပြောသလိုပင် သာမန်လူများ အသုံးပြုဖို့ ပိုလွယ်ကူလာသည်။
ထို့ပြင် ဉာဏ်အလင်းပေးခြင်းသည် ထိန်းချုပ်သူသခင်၏ အရိယဖလစွမ်းရည်ဖြစ်သည်။ ကွမ်းရှန်ဟိုင်ပင် တုပနိုင်သည်မဟုတ်။
တစ်နည်းပြောရလလျှင် သတင်းစာအားလုံးကို ဉာဏ်အလင်းပေးဖို့ ထိန်းချုပ်သူသခင်၏စွမ်းအား လိုအပ်သည်။
ဖြစ်စဉ်တလျှောက်လုံး ကွမ်းရှန်ဟိုင် အသံတိတ်နေသည်။ သူ့အကျဉ်းခန်းသံတိုင်များကြားမှ ထိန်းချုပ်သူကိုသာ ကြည့်နေသည်။
မှန်သည်။ မဟာချန်ထိန်းချုပ်သူသခင်သည် သူ့အတွက် အင်အားကြီးပြိုင်ဘက်တစ်ယောက်ဖြစ်သည်။
"ဘိုးဘေးဆရာ၊ အကျဉ်းထောင်တောင်ထိပ်ရဲ့ နေ့စဉ်ဘဝက နည်းနည်းတရားသေဆန်လွန်းတယ်မထင်ဘူးလား။ အကျဉ်းသားတွေ နည်းနည်းကိုယ်လှုပ်ရှားနိုင်အောင် နေရာလွတ်တစ်ခု ဖန်တီးပေးရင်မကောင်းဘူးလား"
လုယန် ထန်ရှန်းယိကို တီးတိုးမေးသည်။
ထန်ရှန်းယိလည်း ထိုသို့ခံစားရသဖြင့် ခေါင်းငြိမ့်သည်။
"ဒါဆို နေရာလွတ်တစ်ခုပေးပြီး မဟာယုနဲ့မဟာချန် ဘယ်ဘက်ကပိုသာတယ်ဆိုတာသိအောင် ထိန်းချုပ်သူသခင်နဲ့ ကွမ်းရှန်ဟိုင် သူတို့အဖွဲ့တွေဦးဆောင်ပြီး အချင်းချင်း လက်တွေ့တိုက်ခိုက်ခိုင်းကြမလား"
"..ဘိုးဘေးစိတ်ကူးက နည်းနည်းများလွန်းသွားပြီထင်ပါတယ်"
**********************************