အခန်း ၂၇၂
Vol. 28 Ch. 272
အခန်း (၂၇၂)
ဤစိန်ခေါ်မှုများကို ရင်ဆိုင်ဖို့ အသင့်ရှိရဲ့လား
သုတေသနပညာရှင်က တရုတ်နိုင်ငံပိုင် “အိုင်ရွန်မန်း” ကို ဖန်တီးနိုင်မည်ဟု ပြောဆိုလိုက်သည်ကို ကြားလိုက် ရသောအခါ လျန်ထျန်းမှာ စိတ်ဝင်စားမှုမရှိသည်သာမက အလွန်ပင် ဒေါသထွက်သွားလေသည်။
“သူက ကျွန်တော့ရဲ့ ညီအစ်ကိုပါ၊ အသက်ရှင်လျက် ရှိနေတဲ့ လူသားတစ်ယောက် ဖြစ်တယ်၊ ခင်ဗျားတို့ရဲ့ စမ်းသပ်ချက်တွေအတွက် စမ်းသပ်ခံ အရာဝတ္ထု မဟုတ်ပါဘူး…။”
“ကျွန်တော် တရုတ်နိုင်ငံပိုင် အိုင်ရွန်မန်းကို မလိုချင်ဘူး၊ ကျွန်တော့် ညီအစ်ကို သာမန်လူတစ်ယောက်လို နေထိုင် နိုင်ဖို့ပဲ လိုချင်တာ…။”
“ဒီစကားတွေကို နောက်တစ်ခါ ထပ်မပြောပါနဲ့၊ မဟုတ်ရင် ဒီသုတေသနဌာနကို ကျွန်တော် ဖျက်ဆီးပစ်မိလိမ့် မယ်…၊ ခင်ဗျားတို့ရဲ့ အတွေးအခေါ်တွေကို ပြင်ဆင်ထားကြပါ…။”
လျန်ထျန်း ဒေါသထွက်နေသည်ကို မြင်သောအခါ သုတေသနပညာရှင်မှာ စကားပင် ဆက်မဆိုရဲတော့ပေ။ အဆုံး၌ သူတို့သည် ငွေရှင်ကို မထိခိုက်စေလိုကြသည် မဟုတ်ပါလား။ သို့သော် ထိုစကားများကို ကြားပြီးနောက် ကျန်းချောင်က ပြုံးလျက် ဆိုလိုက်သည်။
“အစ်ကိုလျန်...၊ သူ့ကို အပြစ်မတင်ပါနဲ့…၊ တရုတ် အိုင်ရွန်မန်းကို ဖန်တီးဖို့ စိတ်ကူးကို စပြီး ပေးခဲ့တာ ကျွန်တော်ပါ…။”
“သူတို့ ကျွန်တော့်လက်ကို ပထမဆုံးအကြိမ် စက်မှုလက်တုနဲ့ အောင်မြင်အောင် တပ်ဆင်ပေးနိုင်တဲ့အချိန်မှာပဲ ဒီလက်တုအသစ်ရဲ့ ခံစားချက်ကြောင့် အိုင်ရွန်မန်းအကြောင်း စိတ်ကူးပေါ်လာခဲ့တာပါ…။”
“ဒါကြောင့် နောက်ပိုင်းမှာ တပ်ဆင်တဲ့ စက်မှုခြေတုနဲ့ လက်တုတွေမှာလည်း အင်္ဂါရပ်အချို့ကို မြှင့်တင်ထားခဲ့တာ ပါ…၊ အားလုံးလည်း အစီအစဉ်အတိုင်း အောင်မြင်ခဲ့ပါတယ်…၊ ကြည့်ကြည့်ပါဦး…။”
ပြောပြောဆိုဆိုဖြင့် ကျန်းချောင်သည် သူ၏ စက်မှုလက်ယာကို မြှောက်လိုက်ကာ လက်ချောင်းငါးချောင်းကို ဖြန့်လိုက်ရာ “ဗုန်း” ဟူသော အသံနှင့်အတူ လက်ဝါးထဲမှ မီးတောက်များ ထွက်ပေါ်လာတော့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် လျန်ထျန်းမှာ အံ့အားသင့်သွားရသည်။ ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူက ပါးစပ်ကို ဟ၍ ထပ်ခါတလဲလဲ ဆိုလိုက်သည်။
“ဒါချောင်...၊ ငါ့ရဲ့ မူလရည်ရွယ်ချက်က မင်းရဲ့ ခန္ဓာကိုယ်ကို ကုသပေးပြီး သာမန်လူတစ်ယောက်လို နေထိုင်နိုင် စေဖို့ပဲ။ မင်းကို သုတေသန လုပ်ခံရတဲ့ အသုံးအဆောင်တစ်ခုလို ဖြစ်သွားတာကို ငါ မလိုလားဘူး။ ကျေးဇူးပြု ပြီး...။”
လျန်ထျန်း စကားမဆုံးခင်မှာပင် ကျန်းချောင်က ပြုံးလျက် ဆက်ပြောလိုက်လေသည်။
“ကျွန်တော် နားလည်ပါတယ်၊ ဒါပေမဲ့ မင်းနဲ့ ပတ်သက်ပြီး မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကိုလည်း ကြားသိထားပါတယ်…။”
“ငါတို့ အတူတူ ဖြတ်သန်းခဲ့တဲ့ အချိန်တွေကို ပြန်တွေးကြည့်တိုင်း မင်းဟာ ထူးခြားတဲ့ လမ်းကြောင်းကို လျှောက်လှမ်းနေရတာမို့ အန္တရာယ်တွေ အများကြီး ရှိနေလိမ့်မယ်လို့ပဲ တွေးမိပါတယ်…။”
ထိုအချိန်တွင် ကျန်းချောင်၏ မျက်နှာမှာ ပို၍ တည်ကြည်သွားခဲ့လေသည်။
“ငါ့ရဲ့ မသန်စွမ်းတဲ့ ခန္ဓာကိုယ်နဲ့ဆိုရင် မင်းကို ကာကွယ်ပေးနိုင်ဖို့ မဖြစ်နိုင်တော့ဘူး၊ ဒါကပဲ ငါ့ကို စိတ်ပျက်စေ တာပါ…။”
“အခုတော့ မင်းကို ပိုပြီး ကာကွယ်ပေးနိုင်ဖို့၊ ကူညီပေးနိုင်ဖို့ အခွင့်အရေးတစ်ခု ရှိလာပြီ…၊ ဒါကို ငါ ကြိုးစား ကြည့်ချင်ပါတယ်…။”
“ငါ့ရဲ့ သွေးသားခန္ဓာကိုယ်က အကန့်အသတ် ရှိပေမဲ့ မင်းကို တစ်သက်လုံး ကာကွယ်ပေးနိုင်ဖို့အတွက် စတီးလ် ကိုယ်ထည်အဖြစ် ပြောင်းလဲသွားပါမယ်…၊ မကောင်းသူတွေက မင်းအပေါ် စကားပြောခွင့် ရတော့မှာ မဟုတ်ပါ ဘူး…။”
ဤစကားများကို ကြားသောအခါ လျန်ထျန်း၏ လည်ချောင်းမှာ တစ်ဆို့သွားပြီး စကားမဆိုနိုင်တော့ဘဲ ခေါင်း ကိုသာ နှစ်ချက်လောက် ပြင်းပြင်းထန်ထန် ငြိမ့်ပြနိုင်တော့သည်။ အကြောင်းမှာ သူသည် ကျန်းချောင်၏ မျက်လုံးထဲတွင် အစောပိုင်းက သူ၏ ရည်ရွယ်ချက်ဖြစ်သည့် အရင်းရှင်စနစ်ကို တိုက်ဖျက်ပြီး သာမန်လူများ အတွက် အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးလိုသည့် စိတ်ဆန္ဒမျိုးကို မြင်လိုက်ရသောကြောင့် ဖြစ်သည်။
ကျန်းချောင်က “အိုင်ရွန်မန်း” စိတ်ကူးကို သုတေသနပညာရှင်များအား ပထမဆုံး ပြောပြစဉ်က သူ အမှန်တ ကယ်ပင် ဤသို့ ပြောခဲ့ခြင်းဖြစ်ပေသည်။
“ကျွန်တော့်ရဲ့ ဇနီးနဲ့ သမီးကို ဆုံးရှုံးလိုက်ရတဲ့အချိန်မှာပဲ အရင်က ကျန်းချောင်က သေဆုံးသွားခဲ့ပြီ။ အခု ကျန်းချောင်ကတော့ လမ်းကြောင်းသစ်တစ်ခုနဲ့ အစပြန်ပျိုးရမယ်…။”
“ငါ့ရဲ့ ရန်သူကို လက်စားချေဖို့ ကူညီပေးခဲ့တဲ့ အစ်ကိုလျန်ဟာ လောကကြီးမှာ တရားမျှတမှု ရှိဖို့အတွက်ပဲ လုပ်ဆောင်ခဲ့တာလေ…။”
“သူ့ကို တခြားနည်းလမ်းနဲ့ မကူညီနိုင်ရင်တောင် ဘာပဲဖြစ်ဖြစ် သူ့ရဲ့ ဘေးကင်းလုံခြုံရေးကိုတော့ ကျွန်တော် ကာကွယ် ပေးချင်ပါတယ်…။”
ထိုသို့ဖြင့် ကျန်းချောင်သည် သုတေသနဌာနတွင် ဆက်လက် နေထိုင်ခဲ့ပြီး သုတေသနပညာရှင်များသည်လည်း သူ၏ စက်မှုလက်တုများကို မြှင့်တင်ပေးခဲ့ကြလေသည်။
မထွက်ခွာမီ လျန်ထျန်းသည် လက်ပတ်နာရီတစ်လုံးကို ပတ်ပေးလိုက်သည်။ အပြင်ပန်းကြည့်လျှင် သာမန် စမတ်နာရီနှင့် တူသော်လည်း ၎င်းသည် လျန်ထျန်း၏ ကျန်းမာရေးကို အချိန်နှင့်တပြေးညီ စောင့်ကြည့်ပေးနိုင် စွမ်း ရှိပေသည်။ လျန်ထျန်း အန္တရာယ်တစ်ခုခုနှင့် ရင်ဆိုင်ရပြီဆိုပါက ကျန်းချောင်၏ မြှင့်တင်ထားသော စက်မှု ခြေတုများသည် အိုင်ရွန်မန်းကဲ့သို့ပင် လေထုထဲတွင် ရွေ့လျားသွားနိုင်စေပေသည်။
ထို့နောက် သူသည် လျန်ထျန်းရှိရာသို့ အမြန်ဆုံး သွားရောက်ပြီး လက်နက်များ တပ်ဆင်ထားသည့် စက်မှု လက်တုများဖြင့် လျန်ထျန်း၏ အသက်ကို အစွမ်းကုန် ကာကွယ်ပေးနိုင်မည် ဖြစ်သည်။ ကျန်းချောင်၏ အဆက် မပြတ် စောင့်ကြည့် ကာကွယ်မှုကြောင့် လျန်ထျန်းမှာ မိမိ၏ ကိုယ်ရေးကိုယ်တာ လုံခြုံရေးအတွက် စိုးရိမ်စရာ မလိုတော့ပေ။
သူသည် မိဘနှစ်ပါးနှင့် ဝမ်ရှောင်ရို့တို့အတွက်လည်း စမတ်နာရီ တစ်လုံးစီကို ပေးအပ်ခဲ့လေသည်။ ထို့အပြင် လျန်ထျန်းသည် မိမိနှင့် မိမိ၏ မိသားစုဝင်များ အန္တရာယ်နှင့် တစ်ပြိုင်နက်တည်း ကြုံတွေ့လာပါက မိသားစုဝင် များကို ဦးစွာ ကယ်တင်ရန် ကျန်းချောင်ကို ကတိပေးစေခဲ့သည်။ ချစ်ရသူများကို ဆုံးရှုံးလိုက်ရသည့် နာကျင်မှုကို ခံစားခဲ့ရသူ ဖြစ်သဖြင့် ကျန်းချောင်သည် ဤအချက်ကို ကောင်းစွာ နားလည်သည်။ ထိုစဉ်ကသာဆိုလျှင် သူ သည် မိမိကိုယ်တိုင်သာ သေဆုံးသွားပြီး မိသားစုဝင်များကို အသက်ရှင်စေချင်ခဲ့သည် မဟုတ်ပါလား။
အယ်လ်မြို့သို့ ပြန်ရောက်သောအခါ ရှန်းဝမ်က လျန်ထျန်းကို ထူးထူးခြားခြား လိုက်လံ ရှာဖွေခဲ့သည်။ သူတို့နှစ် ဦးသည် အလွန် ငြိမ်းချမ်းသော ပုံစံဖြင့် တွေ့ဆုံခဲ့ကြပြီး သာမန် စားသောက်ဆိုင်ငယ်တစ်ခုတွင် ဟင်းပွဲအချို့နှင့် အရက်အနည်းငယ် မှာယူ၍ သောက်သုံးခဲ့ကြသည်။ အရက်သောက်နေရင်း ရှန်းဝမ်က စတင် စကားဆိုသည်။
“ငါ မကြာသေးခင်က အများကြီး တွေးမိပါတယ်။ အမှန်အတိုင်း ပြောရရင် ထိုက်ပေါင် လုပ်ခဲ့သလိုမျိုး မင်းကို သင်ခန်းစာ ပေးဖို့ စဉ်းစားခဲ့ဖူးပါတယ်…။”
“ဘာပဲဖြစ်ဖြစ် မင်းကြောင့် ငါ ဆုံးရှုံးလိုက်ရတဲ့ ရှယ်ယာတွေက ယူနီကွန်းကုမ္ပဏီတစ်ခုရဲ့ ထက်ဝက်လောက် ရှိနေတာလေ။ ငါတော်တော်လေး နာကျင်မိပါတယ်…။”
“ဒါပေမဲ့ ပြန်တွေးကြည့်တော့လည်း ဒီလောက်ထိ မဆိုးဝါးပါဘူး၊ ဘာလို့လဲဆိုတော့ ငါ့မှာ သာမန်လူတွေထက် ပိုင်ဆိုင်မှုတွေ ပိုများနေလို့ပါ…။”
“စကားပုံအတိုင်းပဲ၊ ဆာလောင်နေတဲ့ ကုလားအုပ်တောင် မြင်းထက်တော့ ကြီးနေသေးတာပဲ။ ငါ့ရဲ့ ပိုင်ဆိုင်မှု (၉၉) ရာခိုင်နှုန်း ဆုံးရှုံးသွားရင်တောင် ကျန်ရှိတဲ့ ပိုင်ဆိုင်မှုတွေနဲ့ စိတ်ပူစရာမလိုဘဲ နေထိုင်နိုင်ပါသေးတယ်…။”
“ဒါကြောင့် ငါ လက်ခံလိုက်ပါတယ်။ နောက်ပိုင်းမှာ တခြားလုပ်ငန်းတွေကိုပဲ အာရုံစိုက်တော့မှာပါ၊ ပိုက်ဆံရှာဖို့ပဲ မတွေးတော့ဘူး။ လူထုကို ပြန်လည် ပေးဆပ်ပြီး လူတွေကို ပိုပြီး ကောင်းမွန်တဲ့ ဘဝနဲ့ နေထိုင်နိုင်အောင် ကူညီ ပေးပါမယ်…။”
ထိုစကားကို ကြားသောအခါ လျန်ထျန်းမှာ အံ့ဩသွားကာ ပြုံးလျက် မေးလိုက်သည်။
“မစ္စတာရှန်း...၊ ဒါက ခင်ဗျားနဲ့ မတူဘူးနော်…။ တစ်ခုခုများ ဖြစ်ခဲ့လို့လား…။”
ရှန်းဝမ်က လက်ကို ဝှေ့ယမ်းလိုက်ပြီး အသံကို နက်ရှိုင်းစွာဖြင့် ဆက်ပြောလိုက်လေသည်။
“ဟန်းဂရီးအုပ်စုကို တည်ထောင်တုန်းက အစပိုင်းမှာ လူတွေ အများကြီး ချီးမွမ်းကြပေမဲ့ နောက်ပိုင်းမှာတော့ ဝေဖန်မှုတွေ အများကြီး ခံခဲ့ရပါတယ်။ ဒါတွေကို ငါ သိပါတယ်…။”
“ဘယ်သူကများ အချီးမွမ်းခံရတာကို မကြိုက်မလဲ…၊ ဘယ်သူကများ အဝေဖန်ခံရတာကို ကြိုက်မလဲ။ ဒါပေမဲ့ ငွေကြေးစီးဆင်းမှုရဲ့ ရေစီးကြောင်းထဲမှာ ဘယ်သူကများ အထိအခိုက်မရှိ နေနိုင်မလဲ…။”
“မင်း အခု လုပ်ဆောင်နေတာတွေကို နောင်တစ်ချိန်မှာလည်း ဆက်လုပ်နိုင်မယ်လို့ အာမခံနိုင်မလား…။”
ထိုအချိန်တွင် ရှန်းဝမ်မှာ ခေတ္တမျှ ရပ်တန့်သွားပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် ဆက်ပြောသည်။
“လူဆိုတာ အမြဲတမ်း ငယ်ရွယ်ပြီး ဒေါသကြီးတတ်ကြပါတယ်…၊ အသက်ကြီးလာမှသာ မူလရည်ရွယ်ချက်ကို အမြဲတမ်း ထိန်းသိမ်းထားဖို့ဆိုတာ လောကမှာ အခက်ခဲဆုံးအရာ ဖြစ်မှန်း သိလာကြတာပါ…။”
“ဒါပေမဲ့ မင်း အောင်မြင်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်…၊ ဟန်းဂရီးအုပ်စုလည်း ဆက်လက် ရှင်သန်နိုင်ပါ စေ…။”
“ငါ အယ်လာမာကို ပထမဆုံး တည်ထောင်တုန်းက ပိုက်ဆံရှာဖို့ပဲ တွေးခဲ့တာ မဟုတ်ပါဘူး…။”
“အဲဒီအချိန်က ငါက လောကကြီးကို ပြောင်းလဲပစ်ချင်ခဲ့တာပါ၊ လူအများအတွက် အဆင်ပြေစေချင်ခဲ့ပြီး ကြိုးစားအားထုတ်မှုနဲ့ ပိုက်ဆံရှာနိုင်အောင် လုပ်ပေးချင်ခဲ့တာပါ…။”
“ဟန်းဂရီးအုပ်စုကို ဘယ်သူပဲ ဦးစီးဦးဆောင် လုပ်ပါစေ…၊ ဒီမူလရည်ရွယ်ချက်ကို ထိန်းသိမ်းထားနိုင်ရင် အကောင်းဆုံးပါပဲ…။ ဒါပေမဲ့ သူတို့ ရင်ဆိုင်ရမယ့် အခက်အခဲတွေကို မင်း နားလည်ရဲ့လား…။”
လျန်ထျန်းမှာ ခေတ္တမျှ ကြောင်သွားပြီးနောက် အလိုလိုပင် မေးလိုက်မိလေသည်။
“ကျွန်တော် အရာအားလုံးကို လက်လွှတ်လိုက်ပြီးရင် ဘာအခက်အခဲမှ ရှိမှာ မဟုတ်ပါဘူး…။”
“ထိုက်ပေါင်ဘက်ကလည်း စိုးရိမ်စရာ မလိုပါဘူး…။ ဘာပဲဖြစ်ဖြစ် ဘီမြို့တော်လိုမျိုး ရှုပ်ထွေးတဲ့ နေရာကို ကျွန်တော် ဘဝမှာ တစ်ခါထပ် မသွားတော့ဘူး။”
“ကျွန်တော် တရုတ်နိုင်ငံမှာ ရှိနေသရွေ့တော့ ကျွန်တော့်ကို ကာကွယ်ပေးမယ့်သူတွေ ရှိသလို နိုင်ငံကလည်း ကာကွယ်ပေးမှာမို့ သူတို့ အလွန်အကျွံ လုပ်ရဲလိမ့်မယ်လို့ မထင်ပါဘူး…။”
ရှန်းဝမ်က အရက်ခွက်ကို ကိုင်ထားရင်း ခေါင်းခါကာ ခါးသီးစွာ ပြုံးလိုက်သည်။
“ငါ ပြောတဲ့ အခက်အခဲတွေက ဒါတွေ မဟုတ်ပါဘူး…။”
“မင်း အခုအထိ လုပ်ဆောင်ခဲ့တာတွေက ဟန်းဂရီးအုပ်စုကို လူမှုရေးလုပ်ငန်း လုပ်နေတဲ့ ကုမ္ပဏီတစ်ခုလိုပဲ မြင်နေရတာကို သိရဲ့လား…။”
“ဒါပေမဲ့ ရေရှည်မှာတော့ ဒီစီးပွားရေးပုံစံက အရင်းရှင်လောကတစ်ခုလုံးရဲ့ အကျိုးစီးပွားကို ထိခိုက်နေတာ ပါ…။”
“ဒီလောကမှာ ဟန်းဂရီးအုပ်စုထက် ပိုမိုကြီးမားတဲ့ အရင်းအမြစ်တွေ အများကြီး ရှိပါတယ်…။ မင်းက ဒီစိန်ခေါ်မှု တွေကို ရင်ဆိုင်ဖို့ အသင့်ရှိရဲ့လား…။”