← Chapters

အခန်း ၂၇၆

Vol. 28 Ch. 276

အခန်း ၂၇၆

Vol. 28 Ch. 276

အခန်း (၂၇၆)

“အလုပ်” ဟူသော စကားလုံးမှာ ၎င်း၏ သဘာဝအတိုင်းသာ ရှိနေသင့်သည်။

မကြာသေးမီက လမ်းမများပေါ်တွင် အစားအသောက် ပို့ဆောင်သူများ တဖြည်းဖြည်း များပြားလာသော်လည်း လူတိုင်း၏ မျက်နှာပေါ်တွင်မူ အပြုံးများဖြင့် ပြည့်နှက်နေသည်။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် နားနေရန် သို့မဟုတ် အစာစားရန်အတွက် ရပ်နားလိုက်သောအခါ စုရုံးကာ စကားစမြည် ပြောဆိုလေ့ရှိကြသည်။

“ညီလေး၊ မင်းမျက်နှာကို မမြင်ဖူးပါလား။ ပို့ဆောင်ရေးလုပ်ငန်းကို အခုမှ စလုပ်တာလား...။”

“ဟုတ်ကဲ့၊ ကျွန်တော် အရင်က စက်ရုံမှာ အလုပ်လုပ်တယ်။ ဒါပေမဲ့ ပိုက်ဆံ သိပ်မရဘူး။ အခု ပို့ဆောင်ရေး အလုပ်က လုပ်ရတာ ကောင်းတယ်လို့ ကြားလို့ စမ်းလုပ်ကြည့်တာပါ...။”

“ကျွန်တော်လည်း အတူတူပါပဲ။ အရင်က ပုဂ္ဂလိက ကုမ္ပဏီတစ်ခုမှာ လုပ်ခဲ့တယ်။ ရုံးခန်းထဲမှာ ထိုင်နေရတော့ ဝန်ထမ်းကောင်းတစ်ယောက်လို ထင်ရပေမဲ့ လစာက နည်းနည်းလေးရတယ်။ ပြီးတော့ နေ့တိုင်း အချိန်ပို လုပ်ရ သေးတယ်...။”

“ဟားဟား၊ ဘယ်သူကများ မဟုတ်ပါ့မလဲ။ ကျွန်တော်တို့အားလုံး အခြေအနေက အတူတူပါပဲ။ အရင်က အဆမတန် ခေါင်းပုံဖြတ်ခံခဲ့ရလို့ မခံနိုင်တော့တဲ့အဆုံး ဒီအလုပ်ကို ပြောင်းလုပ်တာပါ။ ဒါပေမဲ့ ပို့ဆောင်ရေး လုပ်ငန်းက အခုမှပဲ အနည်းငယ် အဆင်ပြေလာတာ...။”

“ဟုတ်တယ်၊ ကျွန်တော်လည်း ကြားတယ်။ အယ်လာမာရဲ့ အစုရှယ်ယာရှင် အဓိကပုဂ္ဂိုလ် ပြောင်းလဲသွားပြီး နောက်ပိုင်း ကျွန်တော်တို့ ပို့ဆောင်သူတွေအတွက် အနည်းငယ် တိုးတက်လာခဲ့တာပေါ့။ မဟုတ်ရင်တော့ လူတွေကို ခေါင်းပုံဖြတ်ဖို့ပဲ သိတဲ့ အရင်းရှင်တွေလက်ထဲမှာပဲ ပျက်စီးရလိမ့်မယ်...။”

ထိုအချိန်တွင် ဝါရင့် ပို့ဆောင်သူတစ်ဦးက စိတ်လှုပ်ရှားစွာဖြင့် ဝင်ပြောလိုက်သည်။

“ကျွန်တော် ပြောပြမယ်၊ ကျွန်တော် ငယ်ငယ်က စွန့်ဦးတီထွင်သူတွေနဲ့ အတူ အလုပ်လုပ်ခဲ့ဖူးတယ်။ သူတို့ ကြီးပွားအောင်၊ အောင်မြင်အောင် ကူညီပေးခဲ့တာပဲ...။”

“ဘယ်သူကများ ငယ်ရွယ်တုန်းက စွမ်းအားတွေနဲ့ ပြည့်နှက်မနေခဲ့ဖူးမလဲ။ ဘယ်သူကများ ကြီးကျယ်တဲ့ စိတ်ကူးတွေ မရှိခဲ့ဖူးမလဲ။ ကျွန်တော် ရိုးရိုးဝန်ထမ်း ဖြစ်ခဲ့တုန်းကတောင် ကျွန်တော့်ဘဝကို ပြောင်းလဲဖို့ ကြိုးစားရုန်းကန်ဖို့ စိတ်ကူးခဲ့ဖူးတယ်...။”

ဤစကားကြောင့် ပို့ဆောင်သူများအားလုံး စိတ်ဝင်တစား ဖြစ်သွားကြပြီး သူ၏ ဇာတ်လမ်းကို တိတ်ဆိတ်စွာ နားထောင်နေကြသည်။

“ဒါပေမဲ့ တချို့သော ဖြစ်ရပ်တွေကြောင့် သူတစ်ပါးအောက်မှာ အလုပ်လုပ်ခြင်းက အနာဂတ် မရှိဘူးဆိုတာကို ကျွန်တော် ရုတ်တရက် သဘောပေါက်သွားခဲ့တယ်...။”

“ကျွန်တော် အဲ့ဒီကုမ္ပဏီမှာ လေးနှစ်လောက် လုပ်ခဲ့တယ်။ ကုမ္ပဏီရဲ့ နှစ်စဉ်ဝင်ငွေက ယွမ် (၁၄) သန်းကနေ (၈၆) သန်းအထိ တိုးတက်လာခဲ့တယ်...။”

“ဒါပေမဲ့ ဝန်ထမ်းတွေရဲ့ လစာက တစ်လ လီ (၅,၀၀၀) ကနေ (၄,၀၀၀) အထိ လျော့ကျသွားပြီး အလုပ်ဝန်ပိမှု ကတော့ နှစ်ဆကျော် ဖြစ်လာတယ်။ ဒါဟာ ထူးဆန်းမနေဘူးလား...။”

ခေတ္တမျှ ရပ်နားပြီးနောက် ပို့ဆောင်သူက ဒေါသတကြီးဖြင့် ဆက်ပြောသည်။

“နောက်ပိုင်းမှာ ကျွန်တော် စာရင်းကိုင်ကို ကြားလိုက်ရတယ်။ သူဌေးက ဝန်ထမ်းတစ်ယောက်ချင်းစီအတွက် လစာအဆင့်တွေကို အချိန်အတော်ကြာကတည်းက သတ်မှတ်ထားတာတဲ့...။”

“မင်းရတဲ့ လစာဟာ မင်းဖန်တီးတဲ့ တန်ဖိုးအပေါ် မူတည်တာမဟုတ်ဘူး၊ တခြားကုမ္ပဏီတွေက ဘယ်လောက် ပေးလဲဆိုတဲ့ အပေါ်မှာပဲ မူတည်တာတဲ့...။”

“အဲ့ဒီမှာ အလုပ်ရှင်များ အပြန်အလှန်ကူညီရေးအသင်းဆိုတာ ရှိသေးတယ်။ သူတို့က ဝန်ထမ်းတွေကို ဘယ်လောက်ပေးသင့်တယ်ဆိုတာကို ပွင့်ပွင့်လင်းလင်းပဲ စာရင်းပြုစုထားကြတာ...။”

“သာမန်ဝန်ထမ်းတွေရဲ့ လစာက တစ်လ လီ(၅,၀၀၀) ထက် မကျော်ရဘူး၊ ကြီးကြပ်ရေးမှူးတွေရဲ့ လစာက လီ (၁၀,၀၀၀) ထက် မကျော်ရဘူးတဲ့။ ဒါက ဒီဒေသက အလုပ်ရှင်အများစုရဲ့ သဘောတူညီချက်ပဲ...။”

“ဒီဒေသရဲ့ ပျမ်းမျှ လစာက လီ (၃,၀၀၀) လောက်ပဲ ရှိတာမို့ အလုပ်ထွက်ချင်တဲ့ ဝန်ထမ်းတွေကလည်း ဘာမှ မလုပ်နိုင်ဘဲ စောင့်ကြည့်နေရတာပေါ့...။”

“ကြီးကြပ်ရေးမှူးတောင်မှ ပြောသေးတယ်။ ကုမ္ပဏီစတင်တည်ထောင်တဲ့ ပထမနှစ်မှာတင် သူတို့က နှစ်စဉ်ဝင် ငွေ ယွမ် (၇) သိန်းကျော် ရရှိဖို့ ပစ်မှတ်ထားခဲ့တာ...။”

“သူဌေးက ပစ်မှတ်ကျော်လွန်ရင် အမြတ်အစွန်းတွေကို ဝန်ထမ်းအားလုံးဆီ ခွဲပေးမယ်လို့ ကတိပေးခဲ့တယ်။ လူတိုင်းက တစ်နှစ်ပတ်လုံး ကြိုးစားခဲ့ကြလို့ ပစ်မှတ်ထက် ယွမ် (၁၄) သိန်းကျော် ပိုရခဲ့တယ်။ ဒါပေမဲ့ သူဌေးကတော့ ငွေမရှိတော့ဘူး၊ ဘာမှ မမြတ်ဘူးလို့ ငိုပြနေပြန်တယ်...။”

“အဲ့ဒီအချိန်မှာ ကျွန်တော်တို့ မျှော်လင့်ချက်တွေ အကုန်ပျက်စီးသွားတယ်။ ဂိုဒေါင်ထဲမှာ ပြည့်ကျပ်နေတဲ့ ပစ္စည်း တွေကို ကြည့်ပြီး ကျွန်တော်တို့ စဉ်းစားမိတယ်။ ဘယ်လိုလုပ်ပြီး ငွေမမြတ်တာ ဖြစ်နိုင်မှာလဲ...။”

သူ ထပ်မံ ရပ်နားလိုက်သည်။ ပို့ဆောင်သူမှာ ဒေါသထွက်လွန်း၍ အသက်ရှူပင် ကြပ်နေပုံရပြီး ထိုနှစ်များမှာ သူ၏ နှလုံးသားထဲတွင် အမြဲတမ်း အနာတရ ဖြစ်နေခဲ့ဟန်တူသည်။ အသက်ကို ပြင်းပြင်းရှူပြီး စိတ်ကို ငြိမ် အောင် ထိန်းလိုက်သောအခါမှ သူ ဆက်ပြောနိုင်တော့လေသည်။

“နောက်ဆုံးတော့ သူဌေးက နှစ်တိုင်း ရှုံးနေတယ်လို့ ပြောနေပေမဲ့ အိမ်ကြီးအိမ်ကောင်းတွေ၊ ဆိုင်တွေနဲ့ ကားအ ကောင်းစားတွေ ဝယ်နေတာကို ကျွန်တော်တို့ သိလိုက်ရတယ်...။”

“သူပြောတဲ့ ရှုံးတယ်ဆိုတာက ဒီနှစ်မှာ ယွမ် (၁၀) သိန်း ရဖို့ စီစဉ်ထားရာကနေ (၈) သိန်းပဲ ရလိုက်တဲ့အတွက် ယွမ် (၂) သိန်း ရှုံးတယ်လို့ ပြောတာလေ...။”

“အမှန်တရားကို သိတဲ့သူတွေကတော့ မကျေနပ်ကြဘူး။ တစ်ခါတုန်းက သပိတ်မှောက်ခဲ့ကြသေးတယ်။ ဒါပေမဲ့ သူဌေးကတော့ မောက်မာစွာနဲ့ပဲ ပြောခဲ့တယ်...။”

“မင်းတို့က ဘာမှ ရင်းနှီးမြှုပ်နှံထားတာ မဟုတ်ဘူး၊ ငါက လစာပေးထားတာပဲ။ ပါးစပ်နဲ့ ပေးခဲ့တဲ့ ကတိတွေ ကတော့ လုပ်ပေးချင်မှ လုပ်ပေးမယ်၊ မလုပ်ပေးလို့လည်း ဥပဒေနဲ့ မငြိဘူးတဲ့...။”

“ဒါပေမဲ့ သူက ကျွန်တော်တို့ တကယ်ပဲ ထွက်သွားရင် ကုမ္ပဏီ ဒုက္ခရောက်မှာကို ကြောက်လို့ နောက်ထပ် နည်းလမ်းတစ်ခု ထွင်ပြန်တယ်။ အဲ့ဒါကတော့ ဝန်ထမ်းတွေကို ကုမ္ပဏီမှာ ရှယ်ယာထည့်ခိုင်းတာပဲ...။”

“ဒါနဲ့ ကျွန်တော်တို့ ရသမျှ ပိုက်ဆံတွေ အကုန်လုံးကို ကုမ္ပဏီမှာ ပြန်ထည့်လိုက်ကြတယ်။ ပိုက်ဆံပိုထည့်လေ ပိုရလေလို့ ထင်ခဲ့တာလေ။ အဲ့ဒီနှစ်တွေတုန်းက ကုမ္ပဏီမှာ အမြတ်အစွန်းတွေ ကောင်းခဲ့တာ အမှန်ပဲ...။”

“ဒါပေမဲ့ ကျွန်တော်တို့ မျှော်လင့်ချက်တွေနဲ့ ကြိုးစားလုပ်ကိုင်နေချိန်မှာပဲ ကျွန်တော်တို့ ကြေးကျွန်ဘဝက လွတ်မြောက်ပြီး အောင်ပွဲခံရတော့မယ်လို့ ထင်ခဲ့တုန်းမှာပဲ...။”

“သူဌေးက ပိုဆိုးတဲ့ နည်းလမ်းကို သုံးပြန်တယ်။ အမြတ်အစွန်းတွေကို ဝန်ထမ်းတွေဆီ မပေးရအောင် သူက သူ့ဇနီးကို အသုံးပြုပြီး ကုမ္ပဏီတစ်ခု ထောင်ခိုင်းလိုက်တယ်...။”

“ကုန်ကြမ်းတွေကို သူ့ဇနီးရဲ့ ကုမ္ပဏီက အရင်ဝယ်ပြီး ကိုယ့်ကုမ္ပဏီကို ဈေးကြီးပေးပြီး ပြန်ရောင်းတဲ့ နည်းလမ်း ပေါ့...။”

“ဒီလိုဆိုတော့ ထွက်လာတဲ့ ကုန်ပစ္စည်းတွေက ကုန်ကြမ်းထက်တောင် ဈေးမကြီးတော့ဘူး၊ ဒီလိုဆိုရင် ရှုံးမှာ ပေါ့...။”

“ဒါပေမဲ့ တကယ်တမ်းကျတော့ ပိုက်ဆံတွေက သူ့ဇနီးရဲ့ ကုမ္ပဏီဆီ ရောက်သွားတာပဲ။ လက်တစ်ဖက်ကနေ နောက်လက်တစ်ဖက်ဆီ ရွှေ့တာပါ...။”

“ကျွန်တော်တို့ ဝန်ထမ်းတွေပဲ ကျန်ရစ်ခဲ့တယ်။ စုဆောင်းထားသမျှ ပိုက်ဆံတွေ အကုန်လုံး ရင်းနှီးမြှုပ်နှံလိုက်ပြီး တစ်ပြားမှလည်း ပြန်မရခဲ့ဘူး...။”

“ရင်းနှီးမြှုပ်နှံထားတာကို ပြန်ထုတ်ဖို့တောင် အလွန်ခက်ခဲတယ်။ ကုမ္ပဏီကနေ ထွက်လာတာ နှစ်တွေ အကြာ ကြီး ရှိပြီ၊ အခုထိ အဲ့ဒီပိုက်ဆံတွေကို မရသေးဘူး...။”

ဤစကားကို ကြားသောအခါ အခြား ပို့ဆောင်သူများမှာ သနားစိတ်ဖြင့် ကြည့်လိုက်ကြသည်။

“အစ်ကိုရယ်၊ တကယ်ပဲ ခက်ခဲခဲ့တာပဲ။ အဲ့ဒီသူဌေးက တကယ်ကို ယုတ်မာတာပဲ...။”

“ဟုတ်တယ်၊ သူက ကျွန်တော်တို့လို အလုပ်သမားတွေကို ခေါင်းပုံဖြတ်တာပဲ။ ကျွန်တော်တို့သာ သူ့အတွက် အလုပ်မလုပ်ပေးရင် သူ ဒီလိုမျိုး အောင်မြင်နိုင်ပါ့မလား...။”

“အစ်ကိုတို့၊ ဘာလို့ တရားမစွဲတာလဲ။ သူက အစ်ကိုတို့ကို ဒီလောက် ဒုက္ခပေးတာ။ ဆုံးရှုံးစရာ မရှိတဲ့သူတွေက ဘာမှ ကြောက်စရာ မလိုပါဘူး။ အကုန်လုံး စုပေါင်းပြီး တရားစွဲလိုက်ပါလား...။”

ပို့ဆောင်သူက ခေါင်းခါယမ်းပြီး သက်ပြင်းချလိုက်သည်။

“ကျွန်တော်နဲ့ လုပ်ဖော်ကိုင်ဖက်တချို့ ထွက်လာပြီးနောက်မှာ နှုတ်ဆက်ပွဲလုပ်ရင်း ဒီအကြောင်း ပြောဖြစ်ကြ တယ်။ ဒီလို ယုတ်မာတဲ့ သူဌေးတွေကို ကြီးပွားအောင် ခွင့်ပြုမိတဲ့အတွက် ကျွန်တော်တို့မှာ တာဝန်ရှိတယ်၊ ဒီမတရားမှုကိုတော့ မခံနိုင်ဘူး...။”

“ဒါနဲ့ ကျွန်တော်တို့ အမှုဖွင့်လိုက်တယ်။ သူဌေး အဂတိလိုက်စားတာကိုလည်း စစ်ဆေးတွေ့ရှိပြီး အရေးယူခံ လိုက်ရတယ်...။”

“ဒါပေမဲ့ ကျွန်တော်တို့ မပျော်ရသေးခင်မှာပဲ ဒေသတွင်းက အလုပ်ရှင်အသင်း၊ ဆိုလိုတာက အဲ့ဒီ အလုပ်ရှင်များ အပြန်အလှန်ကူညီရေးအသင်းက သတင်းတွေ ထွက်လာတယ်...။”

“သူဌေးက ကျွန်တော်တို့ရဲ့ အချက်အလက်တွေကို အထဲမှာ ပေါက်ကြားလိုက်တယ်။ ပြီးတော့ တခြားသူဌေးတွေ ကို ကျွန်တော်တို့ကို အလုပ်မခန့်ဖို့ တိုက်တွန်းလိုက်တယ်...။”

“အဲ့ဒီတုန်းက သူဌေးတွေကလည်း ထောက်ခံကြတယ်။ တရားနိုင်သွားရင်တောင် ပိုက်ဆံမပေးဘဲ ဆွဲထားမယ်၊ နောက်ပြီးတော့ ကိုယ်ရေးကိုယ်တာ ခြိမ်းခြောက်မှုတွေပါ လုပ်လာကြတယ်...။”

“ကျွန်တော်တို့က အလုပ်မရဘဲ အချိန်အကြာကြီး ဖြစ်သွားတယ်။ တိုက်ဆိုင်မှပဲ အမှန်တရားကို သိလိုက်ရ တာ...။”

“အခြားနည်းလမ်း မရှိတော့ဘူးလေ။ လူဆိုတာ အသက်ရှင်ဖို့ လိုတယ်၊ ဒါကြောင့် ကျွန်တော်တို့အားလုံး ပို့ဆောင်ရေးအလုပ်ကို စလုပ်ခဲ့ကြတယ်။ ပထမနှစ်တွေက တကယ်ပဲ ခက်ခဲခဲ့ပြီး ပိုက်ဆံသိပ်မရခဲ့ဘူး...။”

“နောက်ဆုံးတော့ ကောင်းကင်ဘုံက မျက်စိဖွင့်ကြည့်ပေးပါတယ်။ အယ်လာမာမှာ အစုရှယ်ယာရှင်သစ် ရောက် လာတယ်။ သူက ကျွန်တော်တို့ကို ပုံမှန်အလုပ်တွေထက် မနိမ့်ကျတဲ့ အကျိုးခံစားခွင့်တွေနဲ့ ကော်မရှင် အမြင့်တွေကို ပေးအပ်ခဲ့တယ်...။”

ဤနေရာသို့ ရောက်သောအခါ အခြား ပို့ဆောင်သူများကလည်း ဝိုင်းပြောကြသည်။

“ဟုတ်တယ်၊ အစားအသောက် ပို့ဆောင်သူတွေတောင် လူမှုဖူလုံရေး ခံစားခွင့်တွေ ရတယ်။ ပွဲတော်ရက်တွေမှာ လည်း အကျိုးခံစားခွင့် အမျိုးမျိုး ရတယ်။ အရင်ကဆိုရင် ဒါမျိုးတွေကို အိမ်မက်တောင် မမက်ရဲဘူး...။”

“ကျွန်တော့်ရဲ့ လက်ရှိဝင်ငွေက အရင်စက်ရုံမှာ လုပ်တုန်းကထက် နှစ်ဆကျော်တယ်။ အဲ့ဒီတော့ ကျွန်တော့် မိသားစုရဲ့ ငွေကြေးဝန်ထုပ်ဝန်ပိုးက အများကြီး လျော့ကျသွားတယ်...။”

“ကျွန်တော်နဲ့ ကျွန်တော့်ဇနီးက ကလေး မယူဖို့ စီစဉ်ထားခဲ့တာ။ အကယ်၍ ကလေးယူတာက ကျွန်တော်တို့ရဲ့ ဆင်းရဲမှုနဲ့ ဒုက္ခတွေကိုပဲ အမွေဆက်ခံစေမှာဆိုရင် မယူတာပဲ ပိုကောင်းတယ်လို့ ထင်ခဲ့တာ...။”

“ဒါပေမဲ့ အခု ပိုက်ဆံရနေပြီဆိုတော့ နောက်ထပ် ကလေးယူဖို့ စဉ်းစားနေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကလေး ဆိုတာ မိသားစုအတွက် အရမ်းအရေးကြီးတယ်လေ၊ အဆင်ပြေရင် ဘယ်သူကများ ကလေး မယူချင်ပါ့မလဲ...။”

“ဂုဏ်ပြုပါတယ်၊ အစ်ကို။ ကျွန်တော်လည်း မကြာခင် လက်ထပ်တော့မယ်။ ချစ်သူနဲ့ တွဲလာတာ နှစ်အတော်ကြာ ပြီ၊ ပိုက်ဆံမရှိလို့ မင်္ဂလာမဆောင်နိုင်ခဲ့တာ။ အခုတော့ အဆင်ပြေသွားပြီ...။”

“ဟားဟား၊ ဂုဏ်ပြုပါတယ်…၊ မင်းကိုလည်း ဂုဏ်ပြုပါတယ်...။”

သို့သော်လည်း ပျော်ရွှင်စရာ စကားဝိုင်းမှာ ကြာကြာမခံလိုက်ပေ။ နောက်ထပ် ပို့ဆောင်သူတစ်ဦးက သူ၏ စိုးရိမ်မှုများကို ထုတ်ဖော်ပြောဆိုလိုက်သည်။

“ဟေ့၊ ဒါပေမဲ့ အရင်းအနှီး အမြောက်အမြားက အခု ဟန်းဂရီးအုပ်စုကို ပစ်မှတ်ထားနေတယ်လို့ ကြားတယ်။ ကျွမ်းကျင်သူတွေကလည်း ဟန်းဂရီးအုပ်စုက ဒီလိုမျိုး ကြာကြာ မခံနိုင်တော့ဘူးလို့ ပြောနေကြတယ်...။”

ဤစကားကို ကြားသောအခါ အခြား ပို့ဆောင်သူများမှာ နှစ်စက္ကန့်ခန့် တိတ်ဆိတ်သွားပြီးနောက် ပြန်လည် တုံ့ပြန် လိုက်လေသည်။

“အဲ့ဒီ ကျွမ်းကျင်သူတွေက ဘာမှ မသိဘူး…၊ သူတို့ ပါးစပ်က ဘာမှ အဓိပ္ပာယ်ရှိတာ ထွက်မလာဘူး…။”

“ဟုတ်တယ်၊ ကျွန်တော်တို့ကို လစာနည်းနည်းပေးတာက လေ့ကျင့်ပေးတာတဲ့၊ လစာများများပေးတာက အဆိပ် သင့်စေတာတဲ့၊ ဒါတွေက လုံးဝ အဓိပ္ပာယ်မရှိတဲ့ စကားတွေပဲ…။”

“ဘယ်သူကများ သူတို့ရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားထောင်မှာလဲ။ ဘာကြောင့်များ လစာကောင်းတဲ့ အလုပ်ကို စွန့်ပြီး လစာနည်းတဲ့ အလုပ်ကို လုပ်ပြီး သူတို့အတွက် အလှူလုပ်ပေးရမှာလဲ။ သူတို့က ကျွန်တော်တို့ ကို လူမိုက်တွေလို့ ထင်နေတာလား...။”

“လွန်ခဲ့တဲ့ နှစ်အနည်းငယ်က နိုင်ငံခြားစက်ရုံတစ်ခုက ကျွန်တော်တို့ဆီ လာလုပ်တုန်းက လစာနည်းနည်း ပိုပေး တာကိုတောင် အဲ့ဒီ အရင်းရှင်တွေက ပစ်မှတ်ထားခဲ့တာ မှတ်မိလား...။”

“ဒါပေမဲ့ တူညီတဲ့ လစာနဲ့ အကျိုးခံစားခွင့်တွေကို D နိုင်ငံမှာ စက်ရုံဖွင့်တဲ့သူကျတော့ ချွေးတပ်စခန်းလို့ ခေါ်ပြီး လူမဆန်ဘူးလို့ တံဆိပ်ကပ်ပြန်ရော...။”

“ဟားဟား၊ ဟုတ်တယ်၊ တစ်ခြားနေရာမှာ အနည်းဆုံး စံနှုန်းဖြစ်တာက ဒီရောက်တော့ အများဆုံး စံနှုန်း ဖြစ်သွား တယ်။ ဒါက အရမ်းကို ရယ်စရာကောင်းတဲ့ ပြဇာတ်တစ်ခု မဟုတ်လား...။”

စိုးရိမ်မှုများကို စတင်ပြောဆိုခဲ့သော ပို့ဆောင်သူက ရှင်းပြလိုက်သည်။

“ကျွန်တော် ဘာမှ ဆိုလိုတာ မဟုတ်ပါဘူး။ ကျွန်တော် စိုးရိမ်တာက အရင်းအနှီးတွေက ဟန်းဂရီးအုပ်စုကို ဒီ လောက် ပစ်မှတ်ထားနေတာ၊ အဲ့ဒီ အစုရှယ်ယာရှင် အဓိကပုဂ္ဂိုလ်က နောက်ဆုံးမှာ အလျှော့ပေးလိုက်ရမလား၊ ဒါမှမဟုတ် ရှုံးနိမ့်သွားမလားလို့ပါ...။”

သူ ပြောပြီးသောအခါ ပို့ဆောင်သူများမှာ ငါးစက္ကန့်ကြာ တိတ်ဆိတ်သွားသည်။ ထို့နောက် ပို့ဆောင်သူတစ်ဦးက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

“ဟန်းဂရီးအုပ်စုက ဘယ်လောက်ပဲ ခံနိုင်ရည်ရှိရှိ၊ သူ အသက်ရှင်နေသရွေ့ ကျွန်တော်တို့လည်း အသက်ရှင်နေ မှာပါ...။”

“ဘာပဲဖြစ်ဖြစ်၊ ကျွန်တော် အဲ့ဒီ ယုတ်မာတဲ့ အရင်းရှင်တွေဆီမှာ ပြန်မလုပ်ချင်တော့ဘူး။ “အလုပ်” ဆိုတဲ့ စကားလုံးက ဘယ်တော့မှ အောင်မြင်မှုကို မပေးဘူး။ အကယ်၍သာ အောင်မြင်သွားရင်လည်း အဲ့ဒါက မြေကြီးထဲကို ပြန်ရောက်သွားတာပဲ…။”

အခြား ပို့ဆောင်သူများလည်း ဝိုင်းထောက်ခံကြသည်။

“ဟုတ်တယ်၊ ကျွန်တော်တို့က သေတဲ့အထိ အလုပ်မလုပ်ချင်ဘူး။ အထူးသဖြင့် အခု အငြိမ်းစားယူမယ့် အသက် ကို တိုးလိုက်တာ၊ ကျွန်တော် အငြိမ်းစားယူတဲ့ အသက်အထိတောင် အသက်ရှင်ပါ့မလား မသိဘူး...။”

“အခွင့်အရေးကို လက်ဆုပ်လက်ကိုင် ပြုပါ။ ပို့ဆောင်ရေးအလုပ်ကို လုပ်ပြီး ငွေအနည်းငယ် ရှာပါ။ ပြီးရင် ကိုယ်ပိုင်ဆိုင်လေး ဖွင့်ပြီး ကိုယ်တိုင် သူဌေးလုပ်မယ်။ အခု အစားအသောက် ပို့ဆောင်ခက နည်းပြီး အမြတ် အစွန်းလည်း ရှိတာမို့ ငွေရှာလို့ ရတယ်...။”

“ပြောရရင် ပို့ဆောင်ရေးအလုပ်က ငွေရှာလို့ရလို့ ကျွန်တော်တို့မှာ ဒီလို လုပ်ဖို့ ယုံကြည်ချက် ရှိတာပါ။ အယ်လာမာရဲ့ လက်ရှိ အစုရှယ်ယာရှင်တွေ ဘေးကင်းပါစေ၊ အသက်ရှည်ပါစေလို့ ဆုတောင်းပေးပါတယ်...။”

ထိုအရင်းရှင်များနှင့် လုံးဝ ဆန့်ကျင်ဘက်အနေဖြင့် ပို့ဆောင်ရေးဝန်ထမ်း သန်းပေါင်းများစွာမှာ လက်ရှိ အစု ရှယ်ယာရှင် အဆင်ပြေစေရန် ဆုတောင်းပေးနေကြသည်။ သို့သော် အရင်းအနှီးနှင့် ရင်ဆိုင်ရသောအခါ ၎င်းတို့ ၏ တစ်ဦးချင်း စွမ်းရည်မှာ အလွန်သေးငယ်နေသည်။ သို့သော် ၎င်းတို့အားလုံး စုပေါင်းပြီး ဟန်းဂရီးအုပ်စုကို ထောက်ပံ့ပေးရန် ကြိုးစားပါက ၎င်းတို့မှာ အင်အားကြီးမားသော တွန်းအားတစ်ခု ဖြစ်လာပေလိမ့်မည်။

နောက်ဆုံးတွင် ဟန်းဂရီးအုပ်စု၏ အဓိက အဖွဲ့ဝင်များမှာ နေ့စဉ် ကြိုးစားလုပ်ကိုင်နေသော လူများပင် မဟုတ် ပါလော။

လျန်ထျန်းမှာ အနီးနားရှိ စားပွဲတစ်ခုတွင် ထိုင်စားနေရင်း ဤစကားများကို ကြားလိုက်ရသည်။ သူသည် လက်သီး ကို တင်းတင်းဆုပ်ကာ ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်လေသည်။

*အရင်းရှင်များဘက်မှ မည်မျှပင် တိုက်ခိုက်ပါစေ၊ ကျွန်တော် အမှန်တကယ်ကို ဆက်လက် ကြိုးစားသွားပါမယ်။ အမှန်တကယ်ကိုပါ...။*

All Chapters