အခန်း ၂၁၂
Vol. 22 Ch. 212
အခန်း (၂၁၂) ကျားဖမ်းရန် တောင်ပေါ်တက်ခြင်း
လဲ့ချန်က ချက်ချင်း သဘောတူလိုက်သည်ကို မြင်သောအခါ သူ သက်ပြင်းချနိုင်သွား၏။
လဲ့ချန်က ချန်မင်ကျီ၏ ဒဏ်ရာများကို ပတ်တီးစည်းပေးလိုက်ပြီး အမောပြေစေရန် ရေနွေးတစ်ခွက် ငှဲ့ပေးလိုက်သည်။
"အသေးစိတ် ပြောပြပါဦး... အဲဒီကျားတွေက ဘယ်နေရာမှာ ကျက်စားနေတာလဲ..."
ချန်မင်ကျီက သူ၏ အိတ်ကပ်ထဲမှ တွန့်ကြေနေသော မြေပုံတစ်ခုကို ဆွဲထုတ်လိုက်ပြီး ၎င်းပေါ်တွင် မီးသွေးခဲဖြင့် ကြမ်းတမ်းစွာ ရေးဆွဲထားသည့် အမှတ်အသား အချို့ ပါရှိသည်။
"ဒီနေရာတွေက မကြာသေးခင်က ရွာသားတွေ ကျားတွေကို မကြာခဏ တွေ့နေရတဲ့ နေရာတွေပဲ..."
လဲ့ချန်က စားပွဲပေါ်တွင် စာရွက်ကို ဖြန့်ချလိုက်ပြီး မြေပုံကို သေချာ လေ့လာကြည့်လိုက်ရာ ကြည့်လေလေ သူ၏ မျက်ခုံးများက ပို၍ တွန့်ချိုးလာလေလေ ဖြစ်၏။
ဤနေရာများက ရှုပ်ထွေးသော မြေပြင်အနေအထားနှင့် ထူထပ်သော သစ်ပင်များရှိသဖြင့် ကျားများ ပုန်းအောင်းရန် အလွန်သင့်လျော်သော နေရာများဖြစ်သည်။
ဤပြိုင်ဘက်က ကိုင်တွယ်ရန် မလွယ်ကူကြောင်း ထင်ရှားနေ၏။
"ချန်ဇီ... ဒီကိစ္စက သေးငယ်တဲ့ ကိစ္စ မဟုတ်ဘူး... အဲဒီကျားက လူတော်တော်များများကို ဒဏ်ရာရစေခဲ့ပြီ... အမြန်ဆုံး မရှင်းလင်းရင် ခုထက်ပိုကြီးမားတဲ့ ကိစ္စတွေ ဖြစ်လာနိုင်တယ်..."
လဲ့ချန်၏ တုံ့ပြန်မှုကို မြင်သောအခါ ချန်မင်ကျီမှာ သူ စိတ်ပြောင်းသွားမည်ကို စိုးရိမ်သဖြင့် ကမန်းကတန်း ပြောလိုက်ခြင်း ဖြစ်သည်။
"ကျွန်တော် သိပါတယ် အစ်ကိုမင်ကျီ... စိတ်မပူပါနဲ့ ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ်..."
လဲ့ချန်က ချန်မင်ကျီ၏ ပခုံးကို ပုတ်၍ အားပေးစကား ပြောလိုက်၏။
ချီလန်ဘက်သို့ လှည့်၍ သူ ပြောလိုက်သည်။
"မိန်းမ... အချိန်လည်း လင့်နေပြီ... ရှောင်ရှော့င်ကို အရင်သိပ်လိုက်တော့..."
"မင်ကျီရဲ့ ကိစ္စကို အားကော်နဲ့ ထပ်ပြီး ဆွေးနွေးလိုက်ဦးမယ်..."
လဲ့ချန်က ကျားဖမ်းမည့် ကိစ္စနှင့် ပတ်သက်၍ ချီလန်နှင့် ကြိုတင်ဆွေးနွေးထားပြီးဖြစ်သဖြင့် ချီလန်က စကားများများစားစား မဆိုတော့ဘဲ ခေါင်းညိတ်၍ ပြောလိုက်၏။
"အရမ်းနောက်ကျတဲ့အထိ မနေနဲ့ဦး... အနားယူဦး..."
ထိုသို့ပြောပြီးနောက် သူမက ရှောင်ရှောင်၏ လက်လေးကိုဆွဲ၍ အတွင်းခန်းထဲသို့ ပြန်ဝင်သွားသည်။
မထွက်ခွာမီ ရှောင်ရှောင်က ချန်မင်ကျီကို လက်ပြ၍ ဗလုံးဗထွေး ပြောလိုက်၏။
"ကောင်းသောညပါ ဦးဦး..."
ချန်မင်ကျီက သူမကို ယဉ်ကျေးစွာ ပြုံးပြလိုက်သည်။
အခန်းထဲတွင် လဲ့ချန်၊ လဲ့အားကော်နှင့် ချန်မင်ကျီတို့သာ ကျန်ရစ်တော့၏။
ချန်မင်ကျီမှာ ယခုမှပင် သက်ပြင်းချနိုင်သွားပြီး ကိုက်ခဲနေသော သူ၏ လက်မောင်းကို ပွတ်သပ်လိုက်သည်။
“ချန်ဇီ... ဒီတစ်ကြိမ် မင်းကို ကျေးဇူးတင်ပါတယ်... မဟုတ်ရင် ငါ့လက်မောင်းက..."
"အစ်ကိုမင်ကျီ... ဘာတွေ ပြောနေတာလဲ... ညီအစ်ကိုတွေကြားမှာ ခုလို စကားမျိုး မပြောရဘူးလေ..."
လဲ့ချန်က သူ၏ ခွက်ထဲသို့ ရေနွေး ထပ်ဖြည့်ပေးလိုက်၏။
"အစ်ကို့ရဲ့ တခြားအဖွဲ့သားတွေကော အခု အဆင်ပြေရဲ့လား..."
ချန်မင်ကျီက ရေတစ်ဝက်ခန့်ကို တစ်ကျိုက်တည်း မော့သောက်လိုက်သည်။
"ကြီးကြီးမားမားတော့ မဟုတ်ပါဘူး... ငါကလွဲရင် ကျန်တဲ့သူတွေ အားလုံးက ပွန်းပဲ့ဒဏ်ရာလေးတွေပဲ ရထားကြတာပါ..."
"အချိန်တိုအတွင်း ကိုင်တွယ်လို့ မရနိုင်ဘူးဆိုတာ သဘောပေါက်လိုက်တာနဲ့ ငါတို့ ဆုတ်ခွာလာခဲ့ကြတာ..."
"သူတို့ အခုစခန်းမှာ အနားယူနေကြတယ်... တခြားရွေးချယ်စရာ မရှိတော့လို့သာ မင်းဆီ လာခဲ့ရတာပါ..."
၎င်းကို ကြားသောအခါ လဲ့အားကော်က ကျား မည်မျှ ကြောက်စရာ ကောင်းသည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ စားပွဲကို သူ၏ လက်ဖြင့် ဘုန်းခနဲ ရိုက်ချလိုက်၏။
“အစ်ကိုချန်... အဲ့ကျားက အရမ်း မောက်မာလွန်းတယ်..."
"မနက်ဖြန် ကျွန်တော်တို့ သွားပြီး ရွာ ပတ်ဝန်းကျင်ကို အရင် ရှင်းလင်းလိုက်ရင်ကော ဘယ်လိုလဲ..."
ဤတစ်ကြိမ်တွင်မူ လဲ့ချန်က ထူးထူးခြားခြား အားကော်ကို ငြင်းဆန်ခြင်း မပြုဘဲ ခေါင်းညိတ် ထောက်ခံလိုက်သည်။
“အားကော်ပြောတာ မှန်တယ်..."
"အစ်ကိုမင်ကျီ... အစ်ကို့လူတွေကို အဆင်အခြင်မဲ့ မလှုပ်ရှားကြဖို့ ပြောထားလိုက်ပါ... အစ်ကိုတို့ ဝိုင်းဝန်း တိုက်ခိုက်မခံရအောင် ငါတို့ရွာနားက ကျားကိစ္စကို အရင်ရှင်းကြတာပေါ့..."
၎င်းကို ကြားသည်နှင့် ချန်မင်ကျီမှာ ချက်ချင်း တက်ကြွသွား၏။
"ကောင်းပြီ... မင်း ရှိနေတော့ ငါ ပိုပြီး ယုံကြည်မှု ရှိသွားပြီ..."
"ကျားကို အမြန်ဆုံး ရှင်းလင်းပြီး ပြည်သူတွေအတွက် ဒီဘေးဆိုးကြီးကို ဖယ်ရှားပေးဖို့ ကြိုးစားကြတာပေါ့..."
လဲ့ချန်က ပြုံး၍ ပြောလိုက်သည်။
"စိတ်မပူပါနဲ့ အစ်ကိုမင်ကျီ... ဒီကိစ္စကို ကျွန်တော် တာဝန်ယူပါတယ်..."
"အားကော်... သွားပြီး ပြင်ဆင်ထားလိုက်တော့... ငါတို့ မနက်ဖြန် ထွက်ခွာကြမယ်..."
ထိုညက မည်သည့် စကားမှ ထပ်မပြောဖြစ်ကြတော့ချေ။
မိုးလင်းစ အချိန်တွင် လဲ့ချန် နိုးလာ၏။
အိပ်မောကျနေသော သူ၏ ဇနီးနှင့် သမီးဖြစ်သူတို့ နိုးသွားမည်ကို စိုးရိမ်သဖြင့် သူက ကုတင်ပေါ်မှ တိတ်တဆိတ် ဆင်းလာခဲ့သည်။
ပြတင်းပေါက် အပြင်ဘက်၌ အလင်းရောင် ရေးရေးမျှ ပေါ်လာသည်နှင့် ကြက်ဖတွန်သံ အချို့က နံနက်ခင်း၏ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။
သူ ခြံဝင်းထဲသို့ လျှောက်သွားပြီး မြေနံ့သင်းနေသော လေကို တစ်ဝကြီး ရှူရှိုက်လိုက်ရာ သူ၏ စိတ်များ သိသိသာသာ ကြည်လင်သွားသလို ခံစားလိုက်ရသည်။
"အစ်ကိုချန်... စောစောစီးစီး ထနေတာလား..."
လဲ့အားကော်၏ အသံက သူ၏ အနောက်ဘက်မှ ထွက်ပေါ်လာ၏။ နံနက်ခင်း၏ အအေးဒဏ်ကို ကာကွယ်ရန် သူ၏ လက်မောင်းများကို ပွတ်သပ်နေသည်။
"အေး... သွားပြီး ချန်မင်ကျီကို နှိုးလိုက်ချေ... ငါတို့ စောစော ထွက်ကြတာပေါ့..."
လဲ့ချန်က ညွှန်ကြားလိုက်ရင်း သူ၏ ခြေလက်များကို ဆန့်ထုတ်လိုက်၏။
"ဟုတ်ကဲ့..."
လဲ့အားကော်က တုံ့ပြန်လိုက်ပြီး အိမ်ထဲသို့ ခပ်သုတ်သုတ် ပြေးဝင်သွားသည်။
အတန်ကြာပြီးနောက် ချန်မင်ကျီလည်း ထွက်လာခဲ့ပြီး သူက အားကော်ထက်စာလျှင် ပို၍ လန်းဆန်းနေပုံရသဖြင့် နိုးနေသည်မှာ အတန်ကြာပြီ ဖြစ်ကြောင်း သိသာနေ၏။
"ချန်ဇီ... ငါတို့ ဒီလောက်စောစော ထွက်ကြမလို့လား..."
"စောစော ရှင်းနိုင်လေ စောစော စိတ်အေးရလေပဲ..."
လဲ့ချန်က ပြုံး၍ ပြောလိုက်သည်။
"အစ်ကိုလည်း ခြေလက်တွေ ဆန့်ထုတ်ထားလိုက်ဦး... ခဏနေရင် တောင်ပေါ်တက်ကြမယ်..."
သူတို့သုံးယောက်စလုံး ရိုးရှင်းသော နံနက်စာကို စားသုံးပြီးနောက် ခရီးဆောင်အိတ်များကို စတင်ပြင်ဆင်ကြ၏။
လဲ့ချန်က ယမန်နေ့ညက သွေးထားသော ဓားမြှောင်ကို သူ၏ ခါးပတ်ကြားထဲသို့ ဂရုတစိုက် ထိုးသွင်းလိုက်ပြီး အားလုံး အဆင်သင့် ဖြစ်စေရန် ကြိုးနှင့် မီးခြစ်ခဲကို ထပ်မံ စစ်ဆေးလိုက်သည်။
"ချန်ဇီ... မင်းမိန်းမရဲ့ မုန့်ပေါင်းတွေက မွှေးနေတာပဲ..."
ချန်မင်ကျီက မုန့်ပေါင်းကို တစ်ကိုက် ကိုက်စားလိုက်ပြီး ချက်ချင်းပင် ချီးကျူးစကား ဆိုလိုက်၏။
သူတို့သုံးယောက်စလုံးက ဧည့်ခန်းရှိ ထမင်းစားစားပွဲတွင် ထိုင်ကာ ချီလန် ကြိုတင် ပြင်ဆင်ပေးထားသော နံနက်စာကို စားသောက်နေကြသည်။
"ဒါပေါ့... ငါ့မိန်းမရဲ့ ဟင်းချက်လက်ရာက မိုင်ပေါင်းများစွာအထိ နာမည်ကြီးတာ..."
လဲ့ချန်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ခေါင်းကို မော့လိုက်ပြီး မုန့်ပေါင်းတစ်လုံးကို လှမ်းယူလိုက်၏။
"အစ်ကိုချန်... မရီး ချုပ်ပေးထားတဲ့ အဝတ်အစားတွေကလည်း အရမ်းလှတယ်..."
လဲ့အားကော်က ဝင်ပြောလိုက်သည်။
"ကျွန်တော် ဝတ်ထားတဲ့ ဒီအင်္ကျီက အရမ်း နွေးတာပဲ..."
သူတို့ စကားပြောနေစဉ်မှာပင် ချီလန်နှင့် လဲ့ချင်းတို့လည်း အိမ်ထဲမှ ထွက်လာကြ၏။
ချီလန်က သူမ၏ လက်ထဲတွင် အထုပ်တစ်ထုပ်ကို ကိုင်ထားပြီး လဲ့ချန်ထံသို့ ကမ်းပေးလိုက်သည်။
“ချန်ဇီ... ဒီအင်္ကျီက ရှင့်အတွက် တစ်ညလုံး ထိုင်ချုပ်ထားတဲ့ အင်္ကျီအသစ်လေး... ဝတ်ကြည့်လိုက်ဦး..."
လဲ့ချန်က အထုပ်ကို ယူ၍ ဖွင့်ကြည့်လိုက်ရာ သေသပ်လှပသော အပ်ချုပ်ရိုးများနှင့် အနက်ရောင်သန်းနေသော အပြာရောင် အကြမ်းထည် အင်္ကျီတစ်ထည်ကို တွေ့လိုက်ရပြီး ဂရုတစိုက် ချုပ်လုပ်ထားကြောင်း သိသာနေ၏။
"မိန်းမ... မင်း အပင်ပန်းခံလိုက်ရပြီ..."
"ပေါက်ကရတွေ ပြောမနေနဲ့... ငါတို့က မိသားစုတွေပဲ... သူစိမ်းတွေလို ပြောနေစရာ မလိုပါဘူး..."
ချီလန်က သူ့ကို အပြစ်တင်သည့် အကြည့်ဖြင့် ကြည့်လိုက်ပြီး လဲ့အားကော်နှင့် ချန်မင်ကျီတို့ဘက်သို့ လှည့်ကာ ပြောလိုက်၏။
"အားကော်... အစ်ကိုမင်ကျီ... နင်တို့လည်း ဂရုစိုက်ကြဦးနော်... ပြီးတော့ အမြန် ပြန်လာခဲ့ကြ..."
"စိတ်မပူပါနဲ့ မရီး... ကျွန်တော်တို့ အစ်ကိုချန်ကို သေချာပေါက် ကာကွယ်ပေးမှာပါ..."
လဲ့အားကော်က ပါးစပ်ထဲမှ အစားအစာများကို မြိုချလိုက်ပြီး ခေါင်းကို အဆက်မပြတ် ညိတ်ပြလိုက်သည်။
"စိတ်မပူပါနဲ့ ချန်ဇီရဲ့ ဇနီး... လဲ့ချန်ကို ဘေးကင်းကင်းနဲ့ မင်းဆီ ပြန်ခေါ်လာခဲ့ဖို့ ငါ သေချာပေါက် တာဝန်ယူပါတယ်..."
ချန်မင်ကျီက နောက်ပြောင် ပြောဆိုလိုက်၏။
လဲ့ချင်းက လဲ့ချန်၏ အနီးသို့ လျှောက်လာသည်။ သူမက နောက်ကျမှ သိခဲ့ရသဖြင့် ယခု သူ့ကို မတားဆီးနိုင်တော့ဘဲ အကြံပေး စကားအချို့သာ ပြောနိုင်တော့၏။
"အစ်ကို... အစ်ကို ဂရုစိုက်ရမယ်နော်... အဲဒီကျားက နောက်နေစရာ မဟုတ်ဘူး..."
"စိတ်မပူပါနဲ့ ကောင်မလေးရာ... ငါ အကုန် မြင်ဖူးပါတယ်... ကျားဆိုတာ ငါ့အတွက်တော့ ဘာမှမဟုတ်ပါဘူး..."
လဲ့ချန်က လဲ့ချင်း၏ ဆံပင်များကို ဖွလိုက်သည်။
"အစ်ကို... အစ်ကို ပြန်လာရမယ်နော်..."
လဲ့ချင်း၏ အသံက စိတ်လှုပ်ရှားမှုကြောင့် ဆို့နင့်နေ၏။
"အရူးမလေး... ဘာတွေ ပြောနေတာလဲ... ဘာဖြစ်လို့ တစ်ခုခု ဆိုးဆိုးရွားရွားဖြစ်တော့မယ့်အသံပေါက်နေရတာလဲ..."
လဲ့ချန်က သူ၏ လက်မောင်းများကို ပိုပိုသာသာ ပွတ်သပ်ပြလိုက်ရာ လဲ့ချင်းက သူ့ကို ခပ်နာနာ တစ်ချက် ထိုးလိုက်သဖြင့် သူ နာကျင်စွာ တွန့်သွားသည်။
"ကျွန်မက အစ်ကို့ကို တကယ် စိတ်ပူနေတာပါဆို..."
"ကောင်းပါပြီ... ကောင်းပါပြီ... ငါ နောက်မနေတော့ပါဘူး... ငါ ဘေးကင်းကင်းနဲ့ သေချာပေါက် ပြန်လာခဲ့မယ်လို့ မင်းကို ကတိပေးပါတယ်..."
လဲ့ချန်က သူမကို စိတ်အေးစေရန်အတွက် လဲ့ချင်းကို တင်းကြပ်စွာ ဖက်ထားလိုက်၏။
လဲ့ချန်နှင့် သူ၏ အဖွဲ့ကို လိုက်ပို့ပြီးနောက် ချီလန်မှာ ဟာတာတာ ဖြစ်သွားသလို ခံစားလိုက်ရသည်။
လဲ့ချန်က ပေါ့ပေါ့ပါးပါး ပြောသွားသော်လည်း သူမကမူ ဤစိုးရိမ်ပူပန်မှုကို မည်သို့မျှ လွှတ်ချထား၍ မရနိုင်ပေ။
“ကျားတွေက အရမ်းကြမ်းတမ်းတာ... တကယ်လို့ တစ်ခုခု ဖြစ်ခဲ့ရင်…*
သူမ ထပ်မတွေးဝံ့တော့ဘဲ ဤမနှစ်မြို့ဖွယ် အတွေးများကို စိတ်ထဲမှ မောင်းထုတ်ရန် သူမ၏ ခေါင်းကို အမြန် ခါရမ်းလိုက်၏။
"အမေ... သမီး ဗိုက်ဆာပြီ..."
ရှောင်ရှောင်က သူမ၏ အင်္ကျီလက်ကို ဆွဲလိုက်သဖြင့် ချီလန်မှာ လက်တွေ့ဘဝသို့ ပြန်ရောက်လာသည်။
သူမ ချက်ချင်း လန်းဆန်းသွားပြီး ရှောင်ရှောင်ကို ပြုံး၍ ပြောလိုက်၏။
“ဟုတ်ပြီ.. အမေ အခု ထမင်းသွားချက်လိုက်မယ်နော်..."
လဲ့ချင်းက သူမ၏ စိုးရိမ်ပူပန်နေသော စိတ်ကို ငြိမ်သက်စေရန် မျှော်လင့်လျက် အိမ်မှုကိစ္စများ ကူညီလုပ်ပေးရန် ချီလန်၏ နောက်မှ မီးဖိုချောင်ထဲသို့ လိုက်သွားသည်။
သူမက ချီလန်ကို နှစ်သိမ့်ပေးရန်လည်း မမေ့လျော့ပေ။
“ယောင်းမ…. စိတ်မပူပါနဲ့... ကျွန်မအစ်ကိုက အရမ်းတော်တာပဲဟာ.. သူ သေချာပေါက် အဆင်ပြေမှာပါ..."
ချီလန်က သက်ပြင်းချလိုက်၏။
“ချင်းအာ... ဒီတစ်ကြိမ် နင့်အစ်ကို ဘယ်တော့ ပြန်လာမလဲ မသိဘူးနော်..."
တစ်ချိန်တည်းမှာပင် မြင့်မားသော နံရံများနှင့် သံတံခါးကြီးများက တဖြည်းဖြည်း ပွင့်လာပြီး လူရိပ်နှစ်ခုက တစ်ယောက်နောက် တစ်ယောက် ထွက်လာကြသည်။