အခန်း (၂၂၃)
Vol. 23 Ch. 223
“ဒါဆို ငါတို့ ဘာလုပ်သင့်လဲ၊ တကယ်လို့ သူတို့ဘက်က အရင်လျှောက်ထားလိုက်ရင် နောက်ပိုင်းကျရင် ငါတို့မှာ ရှင်းပြစရာ ရှိမှာမဟုတ်တော့ဘူး”
ဖန်ထုံလည်း စိုးရိမ်လာလေတော့၏။
“အဲဒါကြောင့် ကျွန်မတို့က အမြန်ဆုံး မူပိုင်ခွင့် လျှောက်ထားသင့်တာပေါ့၊ ကျွန်မတို့နိုင်ငံက အရင်လျှောက်ထားလိုက်ရင် ကျွန်မတို့မှာ သက်သေအထောက်အထား ခိုင်ခိုင်လုံလုံ ရှိသွားပြီလေ၊
နောင်တစ်ချိန် နိုင်ငံတကာတရားရုံးတွေအထိ သွားရရင်တောင် ကျွန်မတို့က ကြောက်စရာမလိုတော့ဘူး၊
ကျွန်မတို့ဘက်က အရင်ရောက်တာကိုး၊ ပြီးတော့ ရှေးဟောင်းဆေးနည်းတွေရဲ့ မူလအစကိုလည်း ကျွန်မတို့ ရှာဖွေနိုင်တယ်၊
ကျွန်မတို့မှာ သမိုင်းကြောင်း ခိုင်ခိုင်လုံလုံရှိပြီး ဘယ်သူတွေ ရေးခဲ့တယ်ဆိုတာ နာမည်နဲ့တကွ ရှိနေတာပဲ၊
အဲဒီအချိန်ကျရင်တော့ သူတို့ကို သူခိုးတွေလို့ လက်ညှိုးထိုးပြီး ပြောလို့ရပြီပေါ့”
လီရှန်း၏ စကားများကြောင့် ဖန်ထုံတစ်ယောက် အလွန်ပင် စိတ်လှုပ်ရှားသွားရ၏။
ဘေးတွင် ရှိနေသော စုဝေ့ဟိုင်ကလည်း အတွေးနက်နေဟန်ရှိသည်။
လီရှန်းက သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဖန်ထုံဘက်သို့ ပြန်လှည့်ပြီး ပြောလိုက်လေ၏။
“ဒီကိစ္စတွေကို ပြောဖို့ကတော့ အခု စောလွန်းပါသေးတယ်၊ အခုအချိန်မှာ ဒီကိစ္စတွေကို ဘယ်သူက အချိန်ပေးပြီး လုပ်မှာလဲ”
ယခုအချိန်က အစစအရာရာ ရှုပ်ထွေးနေဆဲ ဖြစ်သည်။
စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အလေးထားပြီး နိုင်ငံတကာ စံနှုန်းများနှင့်အညီ ဆောင်ရွက်မည့် ခေါင်းဆောင်တစ်ဦး ပေါ်ထွက်လာရန် နောက်ထပ် နှစ်အနည်းငယ် စောင့်ရဦးမည် ဖြစ်၏။
ထို့အပြင် မူရင်းစာအုပ်ထဲတွင်လည်း စုဝေ့ဟိုင်က မူပိုင်ခွင့်ကိစ္စအတွက် အားအင်များစွာ အသုံးပြုခဲ့ရသည်။
စုဝေ့ဟိုင်က ကာကွယ်ဆေးကို တီထွင်ပြီးနောက် မကြာမီမှာပင် နိုင်ငံခြားနိုင်ငံတချို့က သူတို့ဘာသာ တီထွင်ခဲ့သည်ဟု ပြောကြပြီး သူတို့၏ ဆေးနည်းစဉ်တချို့က စုဝေ့ဟိုင်၏ ဆေးနည်းများနှင့် တစ်ထပ်တည်း တူညီနေခဲ့လေ၏။
ထိုအချိန်မှသာ စုဝေ့ဟိုင်က သူ၏ သုတေသနရလဒ်များက ပေါက်ကြားသွားသည်ကို သိရှိခဲ့သည်။
ပေါက်ကြားမှုက များစွာမဟုတ်သော်လည်း ပြဿနာတစ်ရပ် ဖြစ်လာခဲ့ရ၏။
သူက ဒေါသတကြီးဖြင့် သုတေသနဌာနမှ ထွက်ခွာသွားပြီးနောက် မူပိုင်ခွင့်ကိစ္စများကိုလုပ်ဆောင်ခဲ့တော့သည်။
(၁၉၇၀) ခုနှစ်များနှောင်းပိုင်းသို့ ရောက်ရှိမှသာ နိုင်ငံ၌ မူပိုင်ခွင့်ဥပဒေနှင့် မူပိုင်ခွင့်ရုံးက ပေါ်ပေါက်လာခဲ့လေ၏။
ထို့နောက် သူ၏ သုတေသနရလဒ်အားလုံးကို မူပိုင်ခွင့် မှတ်ပုံတင်နိုင်ခဲ့ပြီး စိတ်အေးသွားရတော့သည်။
ထိုအတောအတွင်းတွင် သူက သုတေသနလုပ်ငန်းများတွင် မပါဝင်တော့ဘဲ သာမန်အမျိုးသားတစ်ဦးကဲ့သို့ မိသားစုထံသို့ ပြန်လာပြီး သားသမီးများကို ပြုစုစောင့်ရှောက်ခဲ့၏။
ထိုအချိန်တွင် စုချန်နှင့် စုကျွင့်တို့က ကြီးပြင်းနေပြီဖြစ်သော်လည်း သူနှင့် ဝူလီတို့၏ သားအငယ်ဆုံးဖြစ်သူ စုကောက ငယ်ရွယ်သေးသောကြောင့် ထိုသားငယ်လေးကိုသာ ပြုစုပျိုးထောင်ခဲ့ရ၏။
နောက်ပိုင်းတွင် (၁၉၈၀) ခုနှစ်များ၌ ဟိုင်မြို့တွင် အသည်းရောင်အသားဝါအေ ရောဂါက အကြီးအကျယ် ကူးစက်ပြန့်ပွားခဲ့သည်။
ပိုင်မားခရိုင် ဆေးဝါးစက်ရုံ၏ သုတေသနဌာန ဒါရိုက်တာကိုယ်တိုင် လာရောက်တောင်းပန်သောကြောင့် သူက စက်ရုံသို့ ပြန်လာခဲ့လေ၏။
သူက ထိရောက်သော ဆေးကို အလျှင်အမြန် တီထွင်နိုင်ခဲ့ပြီး တခြား ပုဂ္ဂလိက ဆေးဝါးစက်ရုံတစ်ခုမှ ထုတ်လုပ်သော ကာကွယ်ဆေးနှင့်အတူ ဟိုင်မြို့ထဲ၌သာ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ခဲ့၏။
ရောဂါကူးစက်မှုက အပြင်ဘက်သို့ တစ်စက်မျှ မပေါက်ကြားစေရန်အတွက် တားဆီးနိုင်ခဲ့သည်။
ထို့ကြောင့် ပတ်ဝန်းကျင် ပြည်နယ်များ၏ ဘေးကင်းလုံခြုံမှုကို အတတ်နိုင်ဆုံး အာမခံပေးနိုင်ခဲ့၏။
“ငါတို့ တစ်ချက်တော့ ကြိုးစားကြည့်သင့်တယ်”
စုဝေ့ဟိုင်က စဉ်းစားဟန်ဖြင့် ပြောလိုက်လေသည်။
သူတို့က မူပိုင်ခွင့် အကြောင်းကို ကြားသိလိုက်ရသောကြောင့် အလေးအနက်ထားသွားကြပုံရသည်။
သေချာပေသည်။
သူ အမှန်တကယ်ပင် စဉ်းစားသင့်သည်။
ဒါရိုက်တာ၏ ဇနီးပင်လျှင် စက်ရုံ၏ လျှို့ဝှက်ချက်များကို ပေါက်ကြားစေရန်အတွက် လှည့်စားခြင်းကို ခံခဲ့ရသည်ဆိုလျှင် ကျန်ရှိသော သူများကိုရော မည်သို့ယုံကြည်ရပါမည်နည်း။
လျှို့ဝှက်ချက်ကို ထိန်းသိမ်းရေး စည်းမျဉ်းဆိုသည်က အမှန်တကယ်ပင် ခိုင်မာပါရဲ့လား။
ဆန့်ကျင်ဘက်အားဖြင့် မူပိုင်ခွင့်က ခိုင်မာမှုရှိ၏။
သုတေသန ရလဒ်များကို နိုင်ငံတော်ထံသို့ အလျှင်အမြန် တင်ပြထားသရွေ့ နောက်ပိုင်းတွင် တစ်စုံတစ်ယောက်က ဆေးနည်းကို ခိုးယူသွားလျှင်ပင် မူပိုင်ခွင့်ပေါ် အခြေခံ၍ မူပိုင်ခွင့်ခများကို တောင်းဆိုနိုင်ပြီး နိုင်ငံတကာတွင်လည်း ပြောပိုင်ခွင့် ရှိလာပေလိမ့်မည်။
နိုင်ငံက ဆင်းရဲနေလို့ နိုင်ငံတကာမှာ ပြောပိုင်ခွင့် မရှိဘူးလား။
အဲဒါက ယာယီပဲ ဖြစ်ပါလိမ့်မယ်။
တစ်နေ့တွင် တရုတ်နိုင်ငံထံမှ ပစ္စည်းများကို လုယူသွားသော ဓားပြများအားလုံးကို ထိုပစ္စည်းများကို ပြန်လည်၍ ထွေးထုတ်ပေးရပေလိမ့်မည်။
ဒါပေါ့၊ အဲဒီလောက်ထိ အဝေးကြီးကိုတော့ အခု မပြောကြသေးပါဘူး။
အခု အရေးကြီးဆုံးကတော့..
“အခု စက်ပစ္စည်းစီမံကိန်းတွေအကြောင်းကို ပြောပြီးပြီဆိုတော့၊ စာရင်းထဲက တခြားပစ္စည်းတွေကိုလည်းပေးမှာမလား၊ ငါတို့ သုတေသနကို ဒီအတိုင်း ရပ်ထားလို့မှ မရတာ”
လီရှန်း : “...”
အကြာကြီး ပြောလိုက်ရတာကို ထိုလူက အခုထိ ဒါကိုပဲ မှတ်မိနေသေးတာလား။
ဆေးဘက်ဝင်ပစ္စည်း အခြောက်ခံစက်ကို တီထွင်ရန်အတွင် စက်မှုယန္တယားစက်ရုံနှင့် ပူးပေါင်းလုပ်ဆောင်ရပေလိမ့်မည်။
မူပိုင်ခွင့်ရုံးကို တည်ထောင်ရန်အတွက် စက်ရုံခေါင်းဆောင်များကို အကြံပြုတင်ပြရမည်ပင်။
သို့သော် အရေးအကြီးဆုံး တာဝန်က စာရင်းထဲရှိ ပစ္စည်းများကို ရရှိရန်ပင်။
အဘယ်ကြောင့်ဆိုသော်...
“ဆန်မရှိရင် ဘယ်လောက်တော်တဲ့ အိမ်ရှင်မဖြစ်ဖြစ် ထမင်းချက်လို့ မရဘူးလေ”
ဖန်ထုံ၏ ခင်ပွန်းက လက်ကာပြလိုက်သည်။ သူ၏ပုံစံက သွားကိုက်နေသကဲ့သို့ပင်။
သူတို့၏ သုတေသနဌာနက ဆင်းရဲလွန်း၏။ ဆေးဝါးစက်ရုံကြီးက သူတို့ကို ထောက်ပံ့ပေးထားသော်လည်း စက်ရုံနှင့် သုတေသနဌာနက အမှန်တကယ်တွင် သီးခြားစီ ဖြစ်၏။
ဆေးဝါးစက်ရုံ၏ လုပ်ငန်းလည်ပတ်မှုကို စုဝေ့မင်က စီမံခန့်ခွဲပြီး သုတေသနဌာနကို ဒါရိုက်တာရန်က တာဝန်ယူလေသည်။
ထက်မြက်လွန်းသော စုဝေ့မင်နှင့် မတူဘဲ ဒါရိုက်တာရန်က စာပေသမား ပိုဆန်သောကြောင့် ရန်ပုံငွေပိုင်းတွင်၊ သူတို့က မချမ်းသာကြပေ။
သို့မဟုတ်လျှင် သူတို့က နည်းပညာဌာနသို့ လာရောက်ပြီး အရင်းအမြစ်များကို တောင်းခံနေစရာ အကြောင်းမရှိပေ။
“တကယ်ပဲ အဲဒီလောက်အထိ ခက်ခဲနေလို့လား”
လီရှန်းက မျက်မှောင်ကြုတ်လိုက်လေ၏။
တခြားလူများက မသိသော်လည်း သူမက သိထားသည်။ အကြောင်းက စုဝေ့မင်က သူမ၏ ယောက္ခမ ဖြစ်သည်မဟုတ်ပါလား။
ပြီးခဲ့သည့်နှစ်က သုတေသနဌာနက ချောင်းဆိုးခြင်းနှင့် အဆုတ်ရောင်ခြင်းများအတွက် ထိုးဆေးအခြေခံ ဆေးဝါးနှစ်မျိုးကို ထုတ်လုပ်ခဲ့သည်။
အထူးသဖြင့် အဆုတ်ပူခြင်းကြောင့်ဖြစ်သော ချောင်းဆိုးခြင်းများအတွက် အလွန်ထိရောက်လွန်း၏။
ထိုဆေးနှစ်မျိုးက ထွက်ရှိလာသည်နှင့် ဆေးရုံကြီးများနှင့် ဆေးပေးခန်းများစွာက အော်ဒါများမှာယူခဲ့ကြလေသည်။
ပြောရလျှင် ယခုနှစ်ပထမနှစ်ဝက်အတွင်း လုပ်ဆောင်ခဲ့သော စီမံကိန်း တစ်ဝက်ကျော်က ထိုဆေးနှစ်မျိုးနှင့် သက်ဆိုင်နေခဲ့၏။
ထို့အပြင် တခြားသော နေ့စဉ်သုံး ဆေးဝါးများလည်း ရှိသေးသောကြောင့် နှစ်စဉ်ထုတ်လုပ်နေကြဖြစ်ပြီး စံနှုန်းများနှင့်လည်း ကိုက်ညီနေခဲ့သည်။
တခြားအရာများကို ထားလိုက်ပြီး ထိုအခြေခံဆေးနှစ်မျိုးတည်းနှင့်ပင် ပြီးခဲ့သည့်နှစ်က ဝင်ငွေများစွာ ရရှိခဲ့၏။
သုတေသနဌာနတွင် လုံလောက်သော ရန်ပုံငွေ ရှိသင့်သည်။
“ငါတို့မှာ စီမံကိန်း ဆယ်ခုကျော် ရှိနေတာလေ”
ထိုစကားကို ကြားလိုက်ရချိန်တွင် လူတိုင်းက တိတ်ဆိတ်သွားကြရ၏။
သူတို့က ပြည်နယ်အဆင့် ဆေးဝါးစက်ရုံ ဖြစ်သည်။
သီးခြားဆေးဝါးများကိုသာ အဓိကထားသော သုတေသနဌာနများနှင့် မတူဘဲ သူတို့က တစ်ပြည်နယ်လုံးအတွက် ဆေးဝါးထုတ်လုပ်မှုကို တာဝန်ယူထားကြရ၏။
သူတို့က အခြေခံနှင့် လူသုံးများသော ဆေးဝါးများကိုသာ အဓိကထား၍ သုတေသနလုပ်ဆောင်ကြရသောကြောင့် လုပ်ဆောင်ရသည့် အမျိုးအစားက များပြားလွန်းပြီး လိုအပ်ချက်ကလည်း မြင့်မားလွန်းသည်။
အသည်းရောင်အသားဝါ ကာကွယ်ဆေး တီထွင်ထုတ်လုပ်မှုတွင် ပါဝင်ရခြင်းက ယခုအကြိမ်က ပထမဆုံး ဖြစ်၏။
ထို့ကြောင့် သူတို့က တစ်ခုခုတော့ အောင်မြင်အောင် လုပ်ကြရမည် ဖြစ်၏။
နိုင်ငံတော်နှင့် ပြည်သူများက သူတို့ကို အလွန် ယုံကြည်ထားကြသောကြောင့် သူတို့အနေဖြင့် စိတ်ပျက်စေ၍ မရပေ။
ထို့အပြင် အသည်းရောင်အသားဝါ ရောဂါက အန္တရာယ်ရှိပြီး ပြင်းထန်သော ရောဂါဖြစ်ရုံသာမက ကူးစက်မှု မြန်ဆန်ပြီး ကုသရန်လည်း ခက်ခဲလွန်းသည်။
အကယ်၍ ကာကွယ်ဆေးသာ ရှိခဲ့ပါက လူပေါင်းများစွာ၏ အသက်ကို ကယ်တင်နိုင်ပေလိမ့်မည်။
ထိုအချက်ကို တွေးတောမိသည့်အချိန်တွင် သူတို့၌ အားအင်များက ပြည့်နှက်လာကြပြီး နေ့ညမနား အလုပ်လုပ်၍ ကာကွယ်ဆေးကို အမြန်ဆုံး တီထွင်ချင်နေကြ၏။
သို့သော်..
သူတို့၏ သုတေသန ဦးတည်ချက်က မှားယွင်းနေခဲ့သည်။
လီရှန်းက စိတ်ထဲမှ သက်ပြင်းချလိုက်မိ၏။
အသည်းရောင်အသားဝါ ရောဂါဆိုသည်က ယေဘုယျဆန်သော အခေါ်အဝေါ်သာဖြစ်ပြီး အမှန်တကယ်တွင် အသေးစိတ် ထပ်မံ၍ ခွဲခြားနိုင်ကြောင်းကို သူမက ပြောချင်သော်လည်း ပြော၍ မရပေ။
သူမက နည်းပညာဌာနမှ သာမန်ဝန်ထမ်းတစ်ဦးသာ ဖြစ်ပြီး အထက်တန်းအောင်ပြီးကာစ စက်ရုံသို့ ဝင်ရောက်လာသူတစ်ဦးသာ ဖြစ်သည်။
သူမ၌ နိုင်ငံခြား သတင်းအချက်အလက်များကို ရယူနိုင်စွမ်းမရှိသကဲ့သို့ ကိုယ်ပိုင် သုတေသနလုပ်ငန်းများကိုလည်း လုပ်ဆောင်နိုင်စွမ်း မရှိသောကြောင့် ပြော၍ မရနိုင်ပေ။
ဆန့်ကျင်ဘက်အားဖြင့် သူမက ပြောခွင့်မရှိရုံသာမက သူတို့အတွက် လိုအပ်သော ပစ္စည်းများကိုပါ ပြင်ဆင်ပေးရသေးပြီး ထိုအဖိုးတန် ပစ္စည်းများကို သူတို့က အလဟဿ အသုံးပြုနေကြသည်ကို ကြည့်ပြီး စိတ်မကောင်းဖြစ်နေရရုံသာ တတ်နိုင်တော့၏။
သူမက ရင်ဘတ်ကို ထုလိုက်မိ၏။
စိတ်မကောင်းလိုက်တာ။
“ကောင်းပါပြီ၊ သိပါပြီ၊ ရှင်တို့ အခု ပြန်ကြတော့လေ”
လီရှန်းက စာရင်းကိုယူ၍ လက်မှတ်ထိုးလိုက်ပြီးနောက် ဖန်ထုံကို ထပ်မံ၍ စစ်ဆေးခိုင်းလိုက်လေသည်။
ဖန်ထုံက နှုတ်ခမ်းဆူလျက် သူမ၏ ခင်ပွန်းကို မကြာခဏ မျက်စောင်းထိုးရင်း မလိုလားသော်လည်း လက်မှတ်ထိုးပေးလိုက်ရလေ၏။
သူတို့နှစ်ဦးလုံးက လက်မှတ်ထိုးပြီးသည်ကို မြင်သည့်အချိန်တွင် အမျိုးသားနှစ်ဦးက ချက်ချင်းပင် ပျော်ရွှင်သွားကြလေတော့သည်။
အထူးသဖြင့် စုဝေ့ဟိုင်က သူ၏ ပုံမှန် ပျော်ပျော်နေတတ်သော စရိုက်အတိုင်းပင် သူ၏ ရင်ဘတ်ကို ပုတ်လျက် အာမခံလိုက်လေ၏။
“နောက်ပိုင်းကျရင် ငါ ကူညီပေးနိုင်တာရှိရင်သာ ပြောလိုက်၊ ငါ့မှာ တခြားအရည်အချင်းတော့ မရှိဘူး၊ အားတော့ အတော်လေး သန်တယ်”
လီရှန်းက သူတို့၏ မင်္ဂလာဆောင်နေ့က စုဝေ့ဟိုင်က တစ်ယောက်တည်းဖြင့် မှန်တင်ခုံကို အပေါ်ထပ်အထိ သယ်သွားခဲ့သည့် မြင်ကွင်းကို သတိရသွားမိ၏။
ထိုခဲအိုဖြစ်သူက အမှန်တကယ်ပင် အားကောင်းလွန်းသည်။
“ဒါဆိုရင်တော့ နောက်ပိုင်းကျရင် အားနာနေမှာ မဟုတ်တော့ဘူးနော်၊ ပစ္စည်းတွေ သယ်စရာရှိရင် ရှင်တို့ရဲ့ရုံးခန်းကိုပဲ ဖုန်းဆက်လိုက်မယ်”
ဖန်ထုံကလည်း အားမနာဘဲ ခေါင်းညိတ် သဘောတူလိုက်လေသည်။
စုဝေ့ဟိုင် : “ပြဿနာမရှိပါဘူး”
*