အခန်း (၂၂၄)
Vol. 23 Ch. 224
အခန်း(224)
စကားအနည်းငယ်လောက် ထပ်မံ၍ ပြောဆိုပြီးနောက် စုဝေ့ဟိုင်က ဖန်ထုံ၏ ခင်ပွန်းကို ဆွဲခေါ်ပြီး ထွက်ပြေးသွားလေတော့၏။
လီရှန်း : “..သူတို့ ပြေးတာ အတော်လေး မြန်တာပဲ”
“ဒါက ငါတို့ စကားဖျက်ပြီးငြင်းလိုက်မှာကို ကြောက်နေလို့ပဲ မဟုတ်ဘူးလား”
ဖန်ထုံက မျက်စောင်းထိုးလိုက်သည်။ သူမက သူမခင်ပွန်း၏ လုပ်ဆောင်ချက်ကို လုံးဝ မကျေမနပ် ဖြစ်နေခဲ့၏။
သူမ၏ ခင်ပွန်းကလည်း ထူးချွန်သူတစ်ဦးပင် ဖြစ်သော်လည်း စကားပြော ကောင်းမွန်လွန်းသော စုဝေ့ဟိုင်နှင့် နှိုင်းယှဉ်ပါက အနည်းငယ် အေးတိအေးစက် နိုင်လွန်းသည်။
သူမက လီရှန်းကို ခဏမျှ ညည်းတွားလိုက်မိသေး၏။
လီရှန်းက ချောင်းအနည်းငယ် ဆိုးလိုက်ပြီးဖျောင်းဖျလိုက်ရ၏။
“ရှင့်မိသားစုဝင်က ရိုးသားလွန်းလို့ပါ၊ သူတို့ စိတ်ထဲမှာ သုတေသနကလွဲလို့ တခြား ဘာမှ မရှိလို့ဖြစ်မယ်”
“ဒါဆိုရင် နင့်ခဲအိုကကျတော့ မရိုးသားဘူးလို့ ပြောတာလား”
ဖန်ထုံက ပြန်မေးလိုက်လေ၏။
လီရှန်းတစ်ယောက် ပြောစရာ စကားမဲ့သွားရသည်။
ဤကဲ့သို့သော ခက်ခဲသည့် မေးခွန်းမျိုးကို မမေးသင့်ပေ။
အကယ်၍ သူမသာ ခေါင်းကိုညိတ်ပြလိုက်ပါက ဖန်ထုံက ‘ဘာလို့ သူ့ရဲ့ရိုးသားတဲ့ခင်ပွန်းက မရိုးသားတဲ့ စုဝေ့ဟိုင်လောက် မတော်ရတာလဲ၊ အဲဒါက သူ့ခင်ပွန်းရဲ့ အရည်အချင်းက သာမန်ပဲဖြစ်နေလို့လား” စသည့် မေးခွန်းများကို ဆက်မေးနေပေလိမ့်မည်။
ထို့ကြောင့် လီရှန်းက ထိုနေရာတွင်ပင် စကားကို ရပ်လိုက်ရန် ဆုံးဖြတ်လိုက်လေ၏။
တချို့သော အကြောင်းအရာများကို အဝေးကြီးအထိ မပြောဆိုသင့်ပေ။
“ကျွန်မ ဒါရိုက်တာကို သွားရှာလိုက်ဦးမယ်”
လီရှန်းက စာရွက်စာတမ်းများကို ယူ၍ ထရပ်လိုက်လေ၏။
သုတေသနဌာနမှ အရေးတကြီး လိုအပ်နေချိန်တွင် မေ့လျော့နေမည်စိုးသောကြောင့် ထိုကိစ္စကို အမြန်ဆုံး အဆုံးသတ်ချင်နေခဲ့သည်။
ဒါရိုက်တာကျန်းက လက်ရှိတွင် တာဝန်မှခေတ္တရပ်စဲခြင်းကို ခံထားရရုံသာမက နေအိမ်၌သာ နေထိုင်စောင့်ကြည့်ခြင်းကို ခံနေရသောကြောင့် သုတေသနဌာနက ယခင်ထက်ပို၍ အခက်အခဲများနှင့် ရင်ဆိုင်နေရ၏။
“ကောင်းပြီ”
ဖန်ထုံက ပြန်ဖြေလိုက်ပြီးနောက် အရှေ့ရှိစာရွက်စာတမ်းများကို ဆက်လက်၍ စီစဉ်နေလေ၏။ ထို့နောက် ပစ္စည်းတချို့ကို သိမ်းဆည်းလိုက်ရင်း ပြောလိုက်လေသည်။
“ငါ အလုပ်ရုံဘက်ကို ဆင်းပြီးတော့ ပစ္စည်းတချို့ကို သွားယူလိုက်ဦးမယ်၊ အလုပ်ဆင်းချိန်အထိ ငါပြန်မရောက်လာရင် ငါ့စားပွဲအံဆွဲကို သော့ခတ်ပေးခဲ့ဦးနော်”
“ရပါတယ်”
လီရှန်းက သူမကို လက်ပြနှုတ်ဆက်လိုက်ပြီး အမြန်သွားရန် အချက်ပြလိုက်လေ၏။
ဖန်ထုံကလည်း ပေါ့ပါးသော ခြေလှမ်းများဖြင့် ထွက်ခွာသွားတော့သည်။
လီရှန်းက တံခါး၏ အပြင်ဘက်တွင် ခဏမျှထိုင်၍ စိတ်ကို ပြင်ဆင်ပြီးနောက် ဒါရိုက်တာဝမ်၏ ရုံးခန်းတံခါးကို ခေါက်လိုက်လေ၏။
ချက်ချင်းပင် ဒါရိုက်တာဝမ်၏ အားနည်းလွန်းသော အသံကို ကြားလိုက်ရသည်။
“ ဝင်ခဲ့ပါ”
လီရှန်း : “...”
ရုတ်တရက် တံခါးကို တွန်းမဖွင့်ချင်တော့ပေ။
သို့သော် အလုပ်က အရေးကြီးသောကြောင့် တံခါးကို တွန်းဖွင့်၍ ဝင်လိုက်လေသည်။
ထိုင်ခုံပေါ်တွင် မှီလျက် ခေါင်းကိုအနောက်သို့လှန်ပြီး နဖူးပေါ်တွင် ရေစိုနေသည့်လက်ကိုင်ပဝါကို တင်ထားသော ဒါရိုက်တာဝမ်ကို တွေ့လိုက်ရလေ၏။
သူမက ခဏမျှ အံ့ဩသွားပြီးနောက် စိုးရိမ်တကြီးဖြင့် အနားသို့ တိုးသွားပြီး မေးလိုက်မိသည်။
“ဒါရိုက်တာ၊ နေမကောင်းလို့လား၊ ဆေးခန်းသွားပြီးတော့ ဆေးတစ်ချက်လောက် ထိုးဖို့ လိုမလား”
“မလိုပါဘူး”
ဒါရိုက်တာဝမ်က နဖူးပေါ်မှ ရေစိုလက်ကိုင်ပဝါကို ဖိလိုက်ရင်း ခန္ဓာကိုယ်ကို မတ်လိုက်လေ၏။
“ဘယ်နားမှာနေနေ နေလို့ကောင်းပါတယ်”
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တစ်ယောက်တည်း အလုပ်လုပ်နေရသောကြောင့် ဦးနှောက်ကို အလွန် အသုံးပြုလိုက်ရသည်။
ထို့ကြောင့်သာ ရေစိုနေသောလက်ကိုင်ပဝါဖြင့် အပူရှိန်ကိုလျှော့ချနေခြင်း ဖြစ်၏။
“သုတေသနဌာနက လူလွှတ်လိုက်တာလား”
“ဟုတ်ကဲ့၊ ဒါက သူတို့ပို့လိုက်တဲ့ စာရင်းပါ၊ ကျွန်မ ပစ္စည်းတချို့ကိုတော့ ပယ်ဖျက်ထားပါတယ်၊ ကျန်တာကိုတော့ ဒါရိုက်တာ လက်မှတ်ထိုးပေးပါဦး”
လီရှန်းက လျှောက်လွှာကို ဒါရိုက်တာဝမ်၏အရှေ့သို့ တိုးပေးလိုက်ပြီးနောက် အနည်းငယ် နောက်ဆုတ်ပြီး ငြိမ်သက်စွာ စောင့်ဆိုင်းနေလေ၏။
ဒါရိုက်တာဝမ်က လက်ကိုင်ပဝါကို အံဆွဲလက်ကိုင်တွင် ချိတ်လိုက်ပြီး နောက် လက်ကို အဝတ်ခြောက်ဖြင့် သုတ်ကာ စာရင်းကို ယူကြည့်လိုက်လေသည်။
ပယ်ဖျက်ထားသော ပစ္စည်းများကို မြင်ရသည့်အချိန်တွင် သူက အနည်းငယ် သိချင်စိတ် ဖြစ်သွားရ၏။
“အခြောက်ခံစက်ကို ဘာလို့ ပယ်ဖျက်ထားတာလဲ”
ပုတီလန် ဆေးလုံးလေးများက အလွန်ထိရောက်လွန်းသည်။
လက်ရှိတွင် လူသုံးအများဆုံးဆေး မဟုတ်သေးသော်လည်း အာနိသင်က အမှန်တကယ်ပင် ပြင်းထန်လွန်း၏။
မကြာသေးမီကပင် လူတချို့က ဂိုဒေါင်ထဲရှိ ထိုဆေးများကို အဆက်အသွယ်များသုံး၍ ဝယ်ယူစုဆောင်းရန် ကြိုးစားနေကြသည်။
ထို့ကြောင့် တခြားသော ဆေးလုံးဖော်စပ်မှုများကိုလည်း တိုးမြှင့်လုပ်ဆောင်နေကြ၍ အခြောက်ခံစက်က အလွန်အရေးကြီး၏။
စမ်းသပ်မှုတိုင်းအတွက် မီးဖိုနှင့် သံဒယ်အိုးကို သုံး၍ လှော်နေရန် မဖြစ်နိုင်ပေ။
ထိုအချိန်တွင် လီရှန်းက သူမ၏ ယခင်က အကြံပြုချက်ကို ဒါရိုက်တာဝမ်ကို ထပ်မံ၍ ရှင်းပြလိုက်လေသည်။ ဒါရိုက်တာဝမ်ကလည်း အတွေးနက်သွားဟန် ရှိ၏။
“ပူးပေါင်းသုတေသနလုပ်ဖို့က ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ မင်းလည်း သိတဲ့အတိုင်း သုတေသနဌာနမှာ အခု လူအင်အား မလုံလောက်ဘူးလေ၊
ပြီးတော့ ဘယ်သူက စက်မှုယန္တယားစက်ရုံက နည်းပညာရှင်တွေနဲ့ သွားပြီး ပူးပေါင်းမှာလဲ”
“ဒါပေမဲ့ အခု ဈေးကွက်ထဲမှာရှိတဲ့ အခြောက်ခံစက်တွေက အပူချိန် အရမ်းများလွန်းတော့ ဆေးအာနိသင်တွေ အများကြီး ပျက်စီးသွားရတယ်၊ အဲဒါက ဖြုန်းတီးရာ ရောက်နေတာပဲလေ”
တခြားအရာများကို ထားလိုက်ဦး၊ ပုတီလန် ဆေးလုံးလေးများ၏ အာနိသင်က သူမက သံဒယ်အိုးဖြင့် လှော်ထားသည်လောက်ပင် မကောင်းပေ။
အကယ်၍ အပူချိန်နိမ့်သည့် အခြောက်ခံစက်ကိုသာ အသုံးပြုနိုင်ပါက ဆေးအာနိသင်ကို ပိုမို၍ ထိန်းသိမ်းနိုင်မည်ဖြစ်ပြီး မူပိုင်ခွင့်လည်း လျှောက်ထားနိုင်ပေလိမ့်မည်။
ထို့ကြောင့် လီရှန်းက မူပိုင်ခွင့်အကြောင်းကိုပါ ထပ်မံ၍ တင်ပြလိုက်လေ၏။ ဒါရိုက်တာဝမ်က ယခုမှ အမှန်တကယ်ပင် စိတ်ဝင်စားသွားတော့သည်။
သူက အခြောက်ခံစက်အတွက်သာမက ဆေးလုံးဖော်စပ်မှု အတွက်ပါ မူပိုင်ခွင့်ကို စဉ်းစားလိုက်ခြင်း ဖြစ်၏။
နည်းပညာဌာန၏ အကြီးအကဲတစ်ဦးအနေဖြင့် သူက အစည်းအဝေးများသို့ မကြာခဏ သွားရောက်ရပြီး တခြားဆေးဝါးစက်ရုံများမှ လုပ်ဖော်ကိုင်ဖက်များနှင့် အယူအဆများကို ဖလှယ်ရလေ့ရှိသည်။
ထို့ကြောင့် လက်ရှိတွင် သူတို့၏ စက်ရုံ၌သာ ဤဆေးလုံးဖော်စပ်မှုက ရှိသည်ကို သူက သိရှိထား၏။
အကယ်၍ မူပိုင်ခွင့်သာ ရှိခဲ့ပါက ဆေးလုံးဖော်စပ်သည့် နည်းလမ်းကိုပါ မူပိုင်ခွင့် လျှောက်ထားနိုင်ပေလိမ့်မည်။
အဆိုးဆုံးအခြေအနေတွင်ပင် တစ်နိုင်ငံလုံးရှိ ဆေးဝါးစက်ရုံများကို အခမဲ့ သုံးစွဲခွင့် ပေးနိုင်သည်။
သို့သော် နောင်တစ်ချိန်တွင် နိုင်ငံခြားသားများက ဤနည်းပညာကို လိုချင်ပါက သူတို့ထံမှ မူပိုင်ခွင့်ခကို တောင်းဆိုနိုင်ပေလိမ့်မည်။
အဆုံးတွင် တရုတ်နိုင်ငံက တစ်နေ့၌ ကမ္ဘာ့စင်မြင့်ထက်သို့ တက်လှမ်းပြီး ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် ယှဉ်ပြိုင်လာနိုင်လိမ့်မည်။
သူက ဤလူငယ်လေး၏ ထက်မြက်လွန်းသော အကြံဥာဏ်များကို နားထောင်ရန် အသင့်ဖြစ်နေသော်လည်း လီရှန်းက လက်ကာပြလျက် ပြောလိုက်လေသည်။
“ကျွန်မ မကြာသေးမီက အစ်မလျို့ရဲ့ မှတ်စုတွေကို ဖတ်ကြည့်မိရင်း နိုင်ငံခြားက မူပိုင်ခွင့်ရဆေးဝါးတွေအကြောင်းကို တွေ့ခဲ့လို့ပါ၊
သူတို့တောင် မူပိုင်ခွင့်ရနိုင်ရင် ကျွန်မတို့လည်း ရနိုင်မှာပဲလို့ တွေးမိတာ၊ ဒါပေမဲ့ ဒါက ကျွန်မရဲ့ အတွေးသက်သက်ပါပဲ၊
အသေးစိတ် လုပ်ထုံးလုပ်နည်းတွေကိုတော့ ကျွန်မ တကယ် မသိပါဘူး”
အဲဒါလည်း ဖြစ်နိုင်တာပဲ။
အစ်မလျို့ဟူသော နာမည်ကို ကြားလိုက်ရချိန်တွင် ဒါရိုက်တာဝမ်၏ မျက်နှာက ညှိုးငယ်သွားပြီး စိတ်အခြေအနေကလည်း ရုတ်တရက် ပျက်စီးသွားရ၏။
မကြာသေးမီက အစ်မလျို့က စက်ရုံဆေးရုံတွင်သာ နေထိုင်နေခဲ့လေသည်။
သူမက တစ်စုံတစ်ရာသော တာဝန်ကို ရရှိထားပုံရပြီး အပြုအမူများကလည်း ထူးဆန်းနေလေ၏။
ရုံးသို့လည်း ပြန်မလာသောကြောင့် ဒါရိုက်တာဝမ်က ဌာနထဲတွင် တစ်ယောက်တည်း အလုပ်လုပ်နေရသည်။
လက်ရှိတွင် သူက လူနှစ်ယောက်စာ အလုပ်ကို လုပ်ကိုင်နေရသောကြောင့် အလွန်ပင် ပင်ပန်းနေခဲ့ရ၏။
“ကောင်းပါပြီ၊ ငါ လက်မှတ်ထိုးပေးပါ့မယ်”
ဒါရိုက်တာဝမ်က စာရင်းပေါ်တွင် လက်မှတ်ထိုးပေးလိုက်လေသည်။
လီရှန်းအနေဖြင့် နောက်ထပ်လုပ်ဆောင်ရမည်က ဝယ်ယူရေးဌာနသို့ ဆက်သွယ်ရန်သာ ဖြစ်၏။
ဝယ်ယူရေးဌာနက ဥက္ကဋ္ဌယို၏ နယ်ပယ်အသီးသီးမှ ဝန်ထမ်းများကို အသုံးပြု၍ တစ်နိုင်ငံလုံးရှိ စက်ရုံများမှ အရင်းအမြစ်များကို ခွဲဝေရယူပေးလိမ့်မည်ဖြစ်၍ လီရှန်းအနေဖြင့် စိုးရိမ်စရာ မလိုတော့ပေ။
လီရှန်းတစ်ယောက် ဝယ်ယူရေးဌာနမှ ပြန်လာချိန်တွင် အလုပ်ဆင်းချိန်ပင် ကျော်လွန်နေခဲ့ပြီ ဖြစ်၏။
ဖန်ထုံကလည်း ပြန်ရောက်မလာသေးပေ။
လီရှန်းက ဖန်ထုံ၏ အံဆွဲကို အရင်သော့ခတ်ပေးလိုက်ပြီးနောက် ထိုင်ခုံကို စားပွဲအောက်သို့ သေသေချာချာ ထည့်ကာ ရုံးခန်းထဲမှ အမြန်ထွက်လာခဲ့တော့သည်။
စုဝေ့ချင်းက ပစ္စည်းများကို ကိုင်ဆောင်လျက် နည်းပညာဌာန ၏ အပြင်ဘက်တွင် စောင့်ဆိုင်းနေခဲ့လေ၏။
လီရှန်းက ထွက်လာသည်ကို မြင်သည့်အချိန်တွင် သူက အနားသို့ အပြေးလေး ရောက်ရှိလာပြီး ပြောလိုက်လေသည်။
“အမြန် သွားကြရအောင်၊ အဖိုးက ခဏခဏ မေးနေတာ၊ မင်းသာ အမြန်ပြန်မလာရင် သူကိုယ်တိုင် ဆေးဝါးစက်ရုံအထိ လိုက်လာတော့မှာ”
“ကျွန်မမှာလည်း ရွေးချယ်စရာ မရှိလို့ပါ”
လီရှန်းက သက်ပြင်းချလိုက်ပြီးနောက် သူ့ကို မျက်စောင်းထိုးလျက် မေးလိုက်လေသည်။
“ဒါနဲ့၊ ရှင်ရော အပတ်တိုင်း သူ့ဆီ သွားကြည့်ပေးနေတာ မဟုတ်ဘူးလား”
“ကိုယ် ဘယ်လောက်ပဲ ကောင်းကောင်း၊ မင်းနဲ့တော့ မတူဘူးလေ၊ အဘိုးရဲ့ စရိုက်က အတော်လေး ပေါင်းသင်းရခက်တာ၊
တစ်ခဏအတွင်းမှာပဲ စိတ်ကောက်သွားတတ်တယ်၊ကိုယ်ကတော့ ဖျောင်းဖျရလွန်းလို့ နှုတ်ခမ်းတွေတောင် ပေါက်ထွက်နေပြီ၊ ဒါပေမဲ့ သူက ကိုယ်ကို ပြုံးမပြချင်သေးဘူး”
စုဝေ့ချင်းက အားကိုးရာမဲ့စွာ ဆိုလေသည်။
ကျန်းရူတုန်က မွေးကတည်းကပင် တင်းမာသော မျက်နှာအမူအရာရှိသူ ဖြစ်သောကြောင့် စုဝေ့ချင်းလည်း အနည်းငယ် ကြောက်လန့်နေခဲ့ရ၏။
ထို့အပြင် လီရှန်းလည်း ရက်သတ္တပတ် အနည်းငယ်ကြာအောင် လာမတွေ့သောကြောင့် အဘိုးဖြစ်သူ၏ မျက်နှာက ပို၍ပင် တင်းမာလာခဲ့ကာ စုဝေ့ချင်းတစ်ယောက် လာတွေ့ရန်ပင် ဝန်လေးနေခဲ့ရသည်။
သို့သော် သူက လာမတွေ့ပြန်လျှင်လည်း အဘိုးဖြစ်သူက ပို၍ပင် စိတ်မကောင်း ဖြစ်နေပြန်၏။
မြေးသမက်ဖြစ်ရသည်က အဘယ်ကြောင့်ဤမျှအထိ ခက်ခဲနေရပါသနည်း။
“ကောင်းပါပြီ၊ တော်ပါတော့.. ညည်းတွားမနေနဲ့တော့၊ အဘိုး စိတ်မရှည်ဖြစ်မနေအောင်လို့ အမြန်ပြန်ကြရအောင်၊
အိုး.. ဒါနဲ့ ကျွန်မ ပြင်ဆင်ထားတဲ့ ပစ္စည်းတွေရော အကုန်ယူလာရဲ့လား”
“ယူလာခဲ့ပါတယ်၊ ယူလာပါတယ်၊ မင်း ခိုင်းထားတာကို ကိုယ် ဘယ်လိုလုပ် မလုပ်ဘဲ နေမှာလဲ”
စုဝေ့ချင်းက စိတ်လှုပ်ရှားနေခဲ့သည်။ အဘိုးထံသို့ သွားခဲ့သည့် ယခင်အကြိမ်များကို ပြန်စဉ်းစားကြည့်လျှင် သူက အမြဲတစေ ငြိုငြင်ခြင်းကို ခံခဲ့ရသည်မဟုတ်ပါလား။
ယခုအချိန်တွင် လီရှန်းကို အဘိုးဖြစ်သူထံသို့ ခေါ်ဆောင်သွားပြီး သူက လီရှန်းကို နှိပ်စက်နေခြင်း မဟုတ်ကြောင်းကို သက်သေပြချင်နေခဲ့၏။
လီရှန်းက သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် အနည်းငယ် စိုးရိမ်နေသော်လည်း နောက်ဆုံးတွင် စိတ်အေးသွားပြီး ပြောလိုက်လေသည်။
“ဒါဆိုရင်လည်း အမြန် သွားကြရအောင်လေ”
ဇနီးမောင်နှံနှစ်ဦးက စကားတပြောပြောဖြင့် ဆေးဝါးစက်ရုံ၏ အဝင်ဝသို့ လျှောက်လာခဲ့ကြ၏။
ထိုအချိန်က အလုပ်ဆင်းချိန်ဖြစ်သောကြောင့် အလုပ်သမားများစွာက အလုပ်ရုံများမှ ထွက်လာနေကြ၏။
လီရှန်းက အဝေးမှပင် ဗိုက်လေး ထွက်နေသော လီလင်းကို မြင်တွေ့လိုက်ရသည်။
သူမကို နောက်ဆုံးတွေ့ခဲ့သည်က နှစ်လခန့်သာ ရှိသေးသော်လည်း လီလင်း၏ ဗိုက်က ငါးလခန့်ရှိနေပြီဖြစ်၍ အလုပ်ရုံရှိ လူများစွာက လီလင်းတွင် အမြွှာကိုယ်ဝန် ရှိနေသည်ဟုပင် ခန့်မှန်းနေကြ၏။
*