အခန်း (၂၂၇)
Vol. 23 Ch. 227
အခန်း(227)
ညစာစားပြီးနောက် မိသားစုဝင်များက လမ်းခွဲရန် ဝန်လေးနေကြသော်လည်း အဆုံးတွင်တော့နှုတ်ဆက်ကြရလေတော့မည်။
ဝူယွီနျန်က ဇနီးမောင်နှံနှစ်ဦးအတွက် သကြားလုံးများနှင့် ကောက်ညှင်းမုန့်များကို အများအပြားထုတ်ပေးလိုက်ပြီး ပြောလိုက်လေ၏။
“ငါတို့က သွားတွေမကောင်းတော့ဘူးဆိုတော့ ဒီမုန့်တွေက ငါတို့အတွက် အပိုတွေပဲ၊ နင်တို့ပဲ ယူသွားပြီးတော့ ပါးစပ်ချိုအောင် စားကြတော့၊ ဒီမုန့်တွေကို အရင် ရက်ပိုင်းက ကလေးတွေ လာတုန်းက ဝယ်ထားတာ၊
သူတို့ကလည်း စာတွေနဲ့ ရှုပ်နေတော့ ခဏခဏ မလာနိုင်ကြဘူးလေ၊ အိမ်မှာထားရင်လည်း ပုပ်သိုးကုန်မှာပဲ၊ နင်တို့ပဲ ယူသွားကြတော့၊ ကိုယ်တိုင်စားစား သူများကိုပဲ ပေးပေးပေါ့”
မိခင်ဘက်မှ အဘိုးအဘွားများက ပေးသည်ကို လီရှန်းအနေဖြင့် ငြင်းဆန်စရာ အကြောင်းမရှိပေ။
ထို့ကြောင့် သူမက လက်ခံလိုက်ပြီး ဝူယွီနျန်ကို သွားဖက်၍ ပြောလိုက်လေ၏။
“နောက်တစ်ခေါက် ကျွန်မတို့မှာ အဝတ်အထည်ကူပွန်တွေ ရလာရင် အဘွားတို့အတွက် အင်္ကျီအသစ်တွေ ချုပ်ပေးမယ်နော်”
“ဒီလောက် အသက်ကြီးနေပြီကို အင်္ကျီအသစ်တွေက ဘာလုပ်ဖို့လဲ”
ဝူယွီနျန်က စကားမပြောမီမှာပင် အိမ်ထဲမှ ကျန်းရူတုန်က လှမ်းအော်လိုက်လေသည်။
“ငါက အဲဒီလို ဟန်ပြဝတ်တတ်တဲ့လူမျိုး မဟုတ်ဘူး၊ မင်းတို့လည်း အရမ်း အသုံးအဖြုန်း မကြီးကြနဲ့၊
ငွေကို စုထားကြဦး၊ နောက်ပိုင်းကျရင် ငွေသုံးစရာတွေ အများကြီး ရှိလာဦးမှာ”
လီရှန်းကလည်း ချက်ချင်းပင် ပြန်အော်လိုက်လေသည်။
“အဘိုး မဝတ်ချင်လည်း နေပေါ့၊ အဘွားဝူကိုတော့ မဝတ်နဲ့လို့ မပြောပါနဲ့နဲ့”
ကျန်းရူတုန်တစ်ယောက် ချက်ချင်းပင် တိတ်ဆိတ်သွားလေတော့သည်။
အဘိုးနှင့် မြေးမဖြစ်သူတို့က အပြန်အလှန် စနောက်နေကြသည်ကို ကြည့်ပြီး ဝူယွီနျန်က ပါးစပ်ကိုပိတ်ပြီး ရယ်မောနေမိ၏။
ယခင်ကဆိုလျှင် ဤကဲ့သို့သော မြင်ကွင်းမျိုးကို တစ်ခေါက်မှ မမြင်ခဲ့ဖူးပေ။
ထိုအချိန်က လီရှန်းက အေးအေးဆေးဆေးသာ နေတတ်ပြီး စကား အပြောနည်းသူဖြစ်သည်။
ကျန်းရူတုန်၏ အရှေ့တွင် ကြက်လေးတစ်ကောင်ကဲ့သို့ ကြောက်ရွံ့နေခဲ့သူ ဖြစ်လေ၏။
ကျန်းရူတုန်ကလည်း လီရှန်းက ထိုသို့ဖြစ်နေသည်ကိုမြင်လေလေ စိတ်တိုလေလေဖြစ်ခဲ့သည်။
ထို့ကြောင့် မျက်နှာအမူအရာက ပို၍ပင် တင်းမာလာတတ်ပြီး လီရှန်းကလည်း ပို၍ပင် ကြောက်လန့်သွားတတ်၏။
ထို့အကြောင်းအရာက ဆိုးရွားလွန်းသော သံသရာတစ်ခုပင် ဖြစ်၏။
ယခုအချိန်တွင်တော့ အစစအရာရာက ပိုမို၍ ကောင်းမွန်လာခဲ့လေပြီ။ အဘိုးနှင့် မြေးဖြစ်သူတို့က အပြန်အလှန် စနောက်နိုင်ကြပြီ မဟုတ်ပါလား။
ဒါပေါ့။ ဒီလိုပြောင်းလဲမှုတွေအားလုံးကတော့..
ဝူယွီနျန်က စုဝေ့ချင်းကို ကြည့်လိုက်လေသည်။
သူမ၏ အကြည့်က ပိုမို၍ ချိုသာလာခဲ့ပြီး ကောက်ညှင်းမုန့်များကို စုဝေ့ချင်း၏ လက်ထဲသို့ ထည့်ပေးလိုက်ပြီး ပြောလိုက်လေ၏။
“မင်းအဘိုးပြောတာ မှန်ပါတယ်၊ ငါတို့က အသက်ကြီးနေပြီဆိုတော့ အင်္ကျီတွေ အများကြီး မလိုတော့ပါဘူး၊
မင်းတို့ရဲ့ စေတနာကိုလည်း သိတယ်၊ ဒါပေမဲ့ အဝတ်အထည်ကူပွန်တွေနဲ့ နို့ကူပွန်တွေကိုတော့ မင်းတို့ပဲ သိမ်းထားကြပါ၊ နောက်ပိုင်းကျရင် ကလေးရလာတဲ့အချိန်ကျရင် အသုံးဝင်မှာပေါ”
စုဝေ့ချင်းက အပြုံးတစ်ခုနှင့် အထပ်ထပ် ပြန်ပြောလိုက်လေ၏။
“ကောင်းပါပြီ”
ထို့နောက်မှသာ ဝူယွီနျန်က သူတို့ကို ပြန်ခွင့်ပေးလိုက်တော့သည်။
ဇနီးမောင်နှံနှစ်ဦးက လမ်းကြားထဲမှ လမ်းမကြီးပေါ်သို့ ခြင်းတောင်းများကို သယ်ဆောင်လျက် ကားဂိတ်ဘက်သို့ လျှောက်လာခဲ့ကြလေ၏။
ကားဂိတ်သို့ ရောက်ရှိသည်နှင့် လီရှန်းက စုဝေ့ချင်း၏ ပုခုံးကို ပုတ်ပြီး မေးလိုက်လေ၏။
“တကယ်ပါပဲ၊ ရှင်က ဘာလို့ ဒီလောက်တောင် ကပ်စေးနှဲနေရတာလဲ”
“ကိုယ်က ကပ်စေးနှဲနေတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ လူကြီးတွေနဲ့ ငြင်းခုံနေလို့လည်း ထူးမှာမဟုတ်ဘူးလေ၊
အချိန်တန်ရင် ကိုယ်တို့က အင်္ကျီချုပ်ပြီးတော့ အိမ်အရောက် သွားပို့ပေးလိုက်ရုံပဲ၊
သူတို့ တကယ်မဝတ်ဘဲ နေမလားဆိုတာ ကြည့်ကြသေးတာပေါ့”
ဤသည်မှာ လွန်ခဲ့သော နှစ်ပေါင်းများစွာအတွင်း စုဝေ့ချင်းတစ်ယောက်လော်ယွီရှို့ထံမှ သင်ယူခဲ့သော သင်ခန်းစာတစ်ခုပင်ဖြစ်သည်။
မိဘများမှာ သားသမီးများထံမှ လက်ဆောင်ပေးမည်ဟု ပြောတိုင်း မယူပါဟု အမြဲ ငြင်းတတ်ကြလေ၏။
သို့သော် အမှန်တကယ် ဝယ်ပေးလိုက်လျှင် နှုတ်ကသာ ညည်းတွားနေသော်လည်း အင်္ကျီအသစ်ကို ဝတ်လျက် အပြင်ထွက်ပြီး လူတိုင်းကို ကြွားဝံ့ကြသည်။
ထို့ကြောင့် သူ ပြောလိုက်လေ၏။
“အချိန်တန်ရင် အဝတ်အစားတွေ ဝယ်မယ်၊ ပြီးရင် လူတစ်ယောက်ကို ချုပ်ခိုင်းပြီး သွားပို့လိုက်မယ်”
“အတိုင်းအတာကတော့ မင်းအပေါ်မှာပဲ မူတည်တယ်နော်”
လီရှန်းက ရင်ဘတ်ကို ပုတ်လျက် ပြောလိုက်လေ၏။
“ကျွန်မကိုပဲ လွှဲထားလိုက်ပါ”
ထိုအချိန်တွင် ဘတ်စ်ကား ရောက်လာသောကြောင့် ဇနီးမောင်နှံနှစ်ဦးက ကားပေါ်သို့ အမြန်တက်ပြီး စက်ရုံဘက်သို့ ပြန်ခဲ့ကြသည်။
ရာသီဥတုက ပိုမို၍ ပူလာပြီးနောက် မိုးချုပ်ချိန်ကလည်း ပို၍ နောက်ကျလာခဲ့၏။
သူတို့က ကားပေါ်မှ ဆင်းလိုက်ချိန်တွင် အနောက်ဘက် မိုးကုပ်စက်ဝိုင်း၌ နေဝင်ဆည်းဆာ၏ အလင်းရောင်များက ကျန်ရှိနေသေးသည်။
မနက်ဖြန်တွင်လည်း သာယာသော နေ့တစ်နေ့ ဖြစ်ဦးမည်ပင်။
ဇနီးမောင်နှံနှစ်ဦးက ပစ္စည်းများကို သယ်ဆောင်လျက် အိမ်သို့ ပြန်လာခဲ့ကြသည်။
အိမ်ရှေ့သို့ ရောက်ရှိလာချိန်တွင် တစ်စုံတစ်ယောက်က သူတို့၏ အိမ်သို့ ရောက်နေသည်ကို သိလိုက်ရလေ၏။
ဇနီးမောင်နှံနှစ်ဦးက အကြည့်ချင်း ဆုံလိုက်ကြပြီးနောက် နှစ်ဦးလုံး၏ မျက်လုံးများထဲတွင် သံသယများက ပြည့်နှက်နေခဲ့၏။
သူတို့က အိမ်တံခါးဝသို့ ခြေဖျားထောက်၍ လျှောက်သွားကြပြီး အခြေအနေကို သိရှိရန် နားစွင့်နေခဲ့ကြသည်။
မမျှော်လင့်ဘဲ အရပ်ရှည်ရှည် ပိန်ပါးသည့် လူငယ်တစ်ဦးက တံခါးဝတွင် ရုတ်တရက် ပေါ်လာလေ၏။
သူက ဇနီးမောင်နှံနှစ်ဦးကို မြင်လိုက်ရချိန်တွင် ခဏမျှ အံ့ဩသွားပြီးနောက် အပြုံးတစ်ခုနှင့် ခေါင်းညိတ်ပြပြီး အိမ်တံခါးကို သေသေချာချာ ပိတ်လိုက်လေ၏။
ထို့နောက်မှသာ သူတို့နှစ်ယောက်ကို နှုတ်ဆက်လိုက်လေသည်။
“မင်္ဂလာပါ၊ မင်းတို့က ဒုတိယစက်ရုံမှူးစုရဲ့ မိသားစုဝင်တွေလား”
“အိုး၊ ဟုတ်ပါတယ်၊ ကျွန်တော်က သူ့ရဲ့ တတိယသားပါ၊ ခင်ဗျားက ဘယ်သူလဲဆိုတာ သိပါရစေ”
စုဝေ့ချင်းက ထိုလူနှင့် လက်ဆွဲနှုတ်ဆက်လိုက်ပြီးနောက် ထိုလူလှမ်းပေးသော စီးကရက်ကိုတော့ ယဉ်ကျေးစွာ ငြင်းဆန်လိုက်လေသည်။
ထိုလူက သူ့ကိုယ်သူ မိတ်ဆက်လိုက်လေသည်။
“ကျွန်တော်က ဥက္ကဋ္ဌယိုရဲ့ အတွင်းရေးမှူးပါ၊ ကျွန်တော့်နာမည်ကတော့ ရှုဝမ်ချန်လို့ ခေါ်ပါတယ်၊
တာဝန်ထမ်းဆောင်တာတော့ မကြာသေးပါဘူး၊ ဒါက ကျွန်တော်တို့ ပထမဆုံးအကြိမ် တွေ့ဖူးတာဆိုပေမဲ့ အခုတော့ သိသွားကြပြီပေါ့၊ ဒါက ခင်ဗျားရဲ့ ဇနီးဖြစ်မယ်”
လီရှန်းက အမြန်ပင် ခေါင်းညိတ်ပြလိုက်ပြီး နှုတ်ဆက်လိုက်လေ၏။
“မင်္ဂလာပါ အတွင်းရေးမှူးရှု”
“အိုး၊ ကျွန်တော့်ကို ရှောင်ရှုလို့ပဲ ခေါ်ပါ”
လီရှန်း : “...”
ဤအတွင်းရေးမှူးရှုက ဥက္ကဋ္ဌယိုနှင့် အတော်လေး ပုံစံတူလွန်းသည်။
ပြောရလျှင် သူက ထက်မြက်လွန်းသော ဥက္ကဋ္ဌယို၏ လက်အောက်တွင် သင်ယူထားသူပီသပေ၏။
“ဘယ်လိုများဖြစ်နိုင်မှာလဲ၊ ခင်ဗျားက ကျွန်တော်တို့ထက် အသက်ကြီးပုံရပါတယ်၊ နောက်ပိုင်းကျရင် ခင်ဗျားကို အစ်ကိုရှုလို့ပဲ ခေါ်ပါ့မယ်၊
ဒါနဲ့ ခင်ဗျား ဘယ်လိုလုပ်ပြီးတော့ ဦးလေးယိုရဲ့ အတွင်းရေးမှူး ဖြစ်လာတာလဲ၊
အရင်ကဆိုရင် အတွင်းရေးမှူးရုံးက လူတွေပဲ ပြည်နယ်မြို့တော်ကို အလှည့်ကျ သွားနေကြတာလေ”
စုဝေ့ချင်းက လက်ထဲမှ ခြင်းတောင်းကို လီရှန်းထံသို့ လှမ်းပေးလိုက်ပြီး ရှုဝမ်ချန်၏ ပုခုံးကို ဖက်ပြီး ဘေးသို့ လျှောက်သွားတော့၏။
သူက လီရှန်းကို အခြေအနေမှ ဖယ်ရှားပေးချင်သကဲ့သို့ ထိုကိစ္စကိုလည်း သိချင်နေခဲ့ခြင်း ဖြစ်လေ၏။
ဥက္ကဋ္ဌယိုက အပြင်ပန်းတွင် သဘောကောင်းပုံရသော်လည်း အမှန်စင်စစ်တွင် အလွန်ပင် ဇီဇာကြောင်သူ ဖြစ်လေသည်။
အတွင်းရေးမှူးရုံးတွင် အတွင်းရေးမှူးများစွာ ရှိနေပါသော်လည်း ဥက္ကဋ္ဌယိုက မည်သူ့ကိုမျှ သူ၏ ကိုယ်ရေးအတွင်းရေးမှူးအဖြစ် အတည်မပြုသေးပေ။
ထို့ကြောင့် ထိုအတွင်းရေးမှူးများက လတိုင်း အလှည့်ကျ တာဝန်ထမ်းဆောင်နေကြရခြင်း ဖြစ်လေ၏။
စုဝေ့ချင်း၏ အလှည့်ကလည်း မည်သည့်အချိန်တွင် ရောက်ရှိလာမည်ကို မသိနိုင်ပေ။
စုဝေ့ချင်းက ခရိုင်မြို့လေးမှာသာ နေနိုင်ရန်အတွက် အကြောင်းပြချက် ရှာဖွေနေခဲ့ရ၏။
ယခု သူ၏အလှည့်သို့ မရောက်မီမှာပင် ဥက္ကဋ္ဌယိုက စက်ရုံအတွင်းရေးမှူးရုံးမှ မဟုတ်သော အတွင်းရေးမှူးတစ်ဦးကို ရှာဖွေတွေ့ရှိထားပြီဖြစ်၍ စုဝေ့ချင်းအနေဖြင့် အလွန် သိချင်နေခဲ့သည်။
ရှုဝမ်ချန်ကလည်း စကားပြော ကောင်းမွန်သူတစ်ဦးဖြစ်၍ သူကလည်း စုဝေ့ချင်း၏ ပုခုံးကို ပြန်ဖက်လိုက်ပြီး ပြောလိုက်လေ၏။
“ကျွန်တော်က အတွင်းရေးမှူးလုပ်ငန်းကို ဘာမှမသိပါဘူး၊ အရင်ကတော့ နယ်ဆင်းဝန်ထမ်းတစ်ယောက်ပါပဲ၊
ဥက္ကဋ္ဌယိုက ကျွန်တော့်ကို အတွင်းရေးမှူးလုပ်ဖို့ ရုတ်တရက် ခိုင်းလိုက်တော့ ကျွန်တော်လည်း ဘာလုပ်ရမှန်း မသိဖြစ်နေတာ၊
ဒုတိယစက်ရုံမှူးစုဆီက ကြားရတာကတော့ ခင်ဗျားက အတွင်းရေးမှူးရုံးမှာဆိုတော့ ကျွန်တော့်ကို အတွင်းရေးမှူးလုပ်နည်းတွေ သင်ပေးရမယ်နော်”
“အဲဒါ ဘာခက်လို့လဲ၊ အတွင်းရေးမှူးအလုပ်က အလွယ်ဆုံးပါ၊ ကျွန်တော် သင်ပေးပါ့မယ်”
“ဪ၊ ကျေးဇူးအများကြီးတင်ပါတယ် အစ်ကိုစု၊ နောက်ပိုင်းကျရင် ကောင်းတာလေးတွေရှိရင် ကျွန်တော် သေချာပေါက် ကူညီပေးပါ့မယ်”
“မလိုပါဘူး၊ ကျွန်တော့်မှာ ငွေလည်းရှိတယ်၊ ကူပွန်တွေလည်း ရှိတယ်၊
ဒါပေမဲ့ ဟိုင်မြို့မှာ စိတ်ဝင်စားစရာတွေ အများကြီးရှိတယ်လို့ ကြားဖူးတယ်၊ ခင်ဗျား အရင်က နယ်ဆင်းတုန်းက ဟိုင်မြို့ကို ရောက်ဖူးလား”
“ဒါဆိုရင်တော့ ခင်ဗျား လူမှန်ကို ရှာမိပြီပဲ၊ ကျွန်တော် အရင်က ရှန်ဟိုင်းတို့ ပေကျင်းတို့အထိ ရောက်ဖူးတယ်လေ”
လီရှန်း : “...”
သူတို့နှစ်ဦးက သူငယ်ချင်းများကဲ့သို့ ဖြစ်သွားသည်ကို မြင်ရသည့်အချိန်တွင် လီရှန်းတစ်ယောက် စုဝေ့ချင်း၏ မိတ်ဆွေဖွဲ့နိုင်စွမ်းကို အံ့ဩမိသွားရ၏။
ထိုသူမှာ ယခင်က လူရှေ့သို့ထွက်ရလျှင် ရှက်တတ်ပြီး မျက်နှာနီရဲတတ်သော သူတစ်ဦး မဟုတ်ပါလား။
ယခုကျမှ အဘယ်ကြောင့် ဤမျှအထိ လူမှုဆက်ဆံရေး ကောင်းမွန်နေရပါသနည်း။
အကယ်၍ စုဝေ့ချင်းသာ ဤမေးခွန်းကို သိခဲ့မည်ဆိုပါက သူက လေးနက်စွာဖြင့် ‘ဇနီးကို လိုက်တာနဲ့ မိတ်ဆွေဖွဲ့တာက တူလို့လား’ဟု ပြန်ပြောပေလိမ့်မည်။
မည်သူက သူစိမ်းတစ်ယောက်ကို မြင်ရုံမျှဖြင့် ရင်ခုန်ပြီး အသက်ရှူမမှန်ဖြစ်ပါမည်နည်း။
အိမ်ထဲတွင်တော့ စုဝေ့မင်နှင့် ဥက္ကဋ္ဌယိုတို့က စကားပြောနေဆဲ ဖြစ်၏။ သူတို့က လျှို့ဝှက်ကိစ္စများကို ဆွေးနွေးနေခြင်း ဖြစ်နိုင်သောကြောင့် ရှုဝမ်ချန်က သူတို့ကို မဝင်စေရန်အတွက် တားဆီးခဲ့ခြင်း ဖြစ်၏။
ထို့ကြောင့် လီရှန်းသည်လည်း လုမိသားစု၏ တံခါးဝတွင် ရပ်လျက် တခြားသူများက ချောင်းနားမထောင်နိုင်ရန် ပတ်ဝန်းကျင်ကို အကဲခတ်နေခဲ့လေသည်။
ဒါနဲ့ ဥက္ကဋ္ဌယိုရဲ့ အတွင်းရေးမှူး နာမည်က ရှုဝမ်ချန်တဲ့လား။
လီရှန်းတစ်ယောက် နောက်ထပ် ဆယ်နှစ်အကြာတွင် တစ်နိုင်ငံလုံး၌ လူကြိုက်များမည့် ရုပ်သံဇာတ်လမ်းတွဲ ထွက်ရှိလာချိန်၌ ‘ချန်ချန် ဘယ်ရောက်သွားလဲ’ ဟု အမေးခံရမည့် အခြေအနေကိုပင် မြင်ယောင်နေမိ၏။
(မှတ်ချက် : ရှုဝမ်ချန်နှင့် ချန်ချန်မှာ နာမည်ကျော် ‘ရှန်ဟိုင်းကမ်းခြေ’ ဇာတ်လမ်းတွဲမှ ဇာတ်ကောင်များ ဖြစ်သည်)
သို့သော် ထိုအချိန်ကျလျှင် အတွင်းရေးမှူးရှုကလည်း အသက်ကြီးနေပြီဖြစ်၍ မည်သူကမျှ သူ့ကို မျက်နှာချင်းဆိုင်၍ စနောက်ကြမည်တော့ မဟုတ်ပေ။
*