← Chapters

အခန်း (၂၂၉)

Vol. 23 Ch. 229

အခန်း (၂၂၉)

Vol. 23 Ch. 229

အခန်း(229)

ခေါက်ဆွဲ သုံးပန်းကန် ကုန်သွားပြီးနောက်တွင် ဥက္ကဋ္ဌယိုက ဆိုဖာပေါ်တွင် မှီလျက် ညည်းတွားလိုက်မိတော့၏။

“ဒီလောက် အရသာရှိတဲ့ ထမင်းကို မစားရတာ ကြာပြီ၊ ဝိုင်တောင် သိပ်မသောက်ရသေးဘူး၊

ဒီအဘိုးကြီးကတော့ ကံကောင်းလိုက်တာ၊ ငါ မင်းအတွက် မောက်ထိုင်အရက်ကို ချန်ထားပေးမယ်”

“အိုး၊ ဒါဆိုရင်တော့ နောက်ပိုင်း မင်းလာရင် ခေါက်ဆွဲပဲ ချက်ပေးရတော့မှာပေါ့၊ ငါ့ရဲ့ မောက်တိုင်အရက်ကိုတော့ အလကား မပေးနိုင်တော့ဘူး”

“မဖြစ်နိုင်တာ၊ ငါ အရက်လည်း သောက်ချင်သေးတယ်၊ ဒီဆီချက်ခေါက်ဆွဲကိုလည်း စားချင်သေးတာ၊ ငါ့ရဲ့ အစာအိမ်က ကြီးတော့ ဘာမဆို ဆံ့တယ်၊ တစ်နေ့ကျရင် မင်းတို့အိမ်က ကောင်းတာတွေကို အကုန်စားပစ်ဦးမှာ၊ မင်း ငိုဖို့တောင် အချိန်ရမှာ မဟုတ်ဘူး”

စုဝေ့မင်က ဘေးရှိ ဆိုဖာပေါ်တွင် မှီလျက် ဥက္ကဋ္ဌယိုနှင့် အပြန်အလှန် ငြင်းခုံနေခဲ့လေသည်။

သူတို့နှစ်ဦးက မိတ်ဟောင်းဆွေဟောင်းများ ဖြစ်ကြ၏။

ဆေးဝါးစက်ရုံသို့ တာဝန်မကျမီကတည်းက စစ်တပ်ထဲတွင် တစ်ဖွဲ့တည်း၌ ရဲဘော်ရဲဘက်များ ဖြစ်ခဲ့ကြသည်။

နောက်ပိုင်းတွင် ဆေးဝါးစက်ရုံသို့ အတူ ရောက်လာခဲ့ကြခြင်း ဖြစ်လေ၏။

လူပျိုဘဝ အိမ်ထောင်မရှိကတည်းကစ၍ ယခု သားသမီးမြေးမြစ်များဖြင့် အိမ်ပြည့်နေသည့်အချိန်အထိ သူတို့က အကောင်းဆုံး အဖော်များ ဖြစ်ခဲ့ကြသည်။

ထို့ကြောင့် သူတို့တွင် မည်သည့်အရာကိုမှဖုံးကွယ်စရာမလိုဘဲ အပြန်အလှန် စကားပြောနိုင်ကြပြီး တစ်ဦးကိုတစ်ဦး အပြည့်အဝ ယုံကြည်ကြ၏။

ဤကဲ့သို့သော ယုံကြည်မှုမျိုးက ဒါရိုက်တာရန်နှင့်ပင် မရှိနိုင်ပေ။

“အဲဒီဘက်က အခြေအနေ ဘယ်လိုရှိလဲ”

စုဝေ့မင်က မေးစေ့ဖြင့် ပြည်နယ်မြို့တော်ဘက်သို့ ညွှန်ပြလျက် မေးလိုက်လေ၏။

ရှုရှင်းလန်၏ကိစ္စက အတည်ဖြစ်သွားပြီးနောက်တွင် ပြည်နယ်မြို့တော်က လာရောက်လွှဲပြောင်းယူသွားခဲ့သည်။

စုဝေ့မင်အနေဖြင့် ရက်ပေါင်းများစွာကြာအောင် မည်သည့်သတင်းမျှ မကြားရသေးပေ။

ထို့ကြောင့် ဥက္ကဋ္ဌယိုက ယခုအချိန်တွင် ပြန်လာခြင်းက အတွင်းသတင်းများကို ရရှိထားခဲ့ခြင်းကြောင့် ဖြစ်ရပေလိမ့်မည်။

“သူမက လမ်းပျောက်ပြီးတော့ ကောက်ရိုးတစ်မျှင်ကို အတင်းဆွဲကိုင်နေတာ”

ရှုရှင်းလန်အကြောင်းကို ပြောမိသည့်အချိန်တွင် ဥက္ကဋ္ဌယိုက သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်လေသည်။

“လောင်ကျန်းကတော့ တစ်သက်လုံး လူကောင်းနဲ့ မတွေ့ခဲ့ရဘူးပဲ”

သူက တွေးလေ ကျန်းရိကော်က သူ၏ ကံကောင်းမှုအားလုံးကို ဉာဏ်ပညာပိုင်းတွင်သာ အသုံးပြုခဲ့ရပုံပေါ်သည်ဟု ခံစားရလေလေဖြစ်၏။

သူက ဒုက္ခပေါင်းစုံကို ဖြတ်ကျော်ပြီး တရုတ်နိုင်ငံသို့ ပြန်လာခဲ့ပြီး အဖွဲ့အစည်းက စိတ်တူကိုယ်တူ လက်တွဲဖော်များနှင့် မိတ်ဆက်ပေးခဲ့သည်။

သူက မိန်းကလေး ဆယ်ဂဏန်းကျော်ထဲမှ ရှုရှင်းလန်ကို ရွေးချယ်ခဲ့မိလေ၏။

ဇနီးမောင်နှံနှစ်ဦးက အလွန်ချစ်ခင်ခြင်းမရှိခဲ့ကြသော်လည်း အပြန်အလှန် လေးစားမှုတော့ ရှိခဲ့ကြသည်။

သူတို့တွင် ထက်မြက်ပြီး လိမ်မာသော သမီးတစ်ဦးကို ရရှိခဲ့ပြီး ငယ်စဉ်ကတည်းက အလွန်ချစ်မြတ်နိုးခဲ့ကြ၏။

သို့သော် သမီးဖြစ်သူက အိမ်ထောင်ရေးတွင် ဒုက္ခရောက်ခဲ့ရပြီး နောက်ဆုံး၌ အသက်ဆုံးရှုံးခဲ့ရကာ နာမကျန်းဖြစ်နေသော ကလေးတစ်ဦးကိုသာ ချန်ထားခဲ့ရသည်။

နောက်ဆုံး သူ၏ ကံကြမ္မာကို လက်ခံလိုက်ရသည့်အချိန်ကိုရောက်မှ သူ၏ဇနီးက မြေးဖြစ်သူ၏ ရောဂါကို အကြောင်းပြ၍ လူဆိုးများ၏ လှည့်စားခြင်းကို ခံလိုက်ရပြန်လေ၏။

အမှားတစ်ခုကို ပြုလုပ်မိသွားခဲ့သည့်အတွက် ကျန်းရိကော်အနေဖြင့် သုတေသနလုပ်ငန်းများကို ရပ်ဆိုင်းပြီး လက်ရှိတွင် ကလေးကို ပြုစုရန်အတွက်သာ အိမ်၌ နေထိုင်ခဲ့ရလေတော့၏။

“သူမက တကယ်ပဲ မူဝါဒပိုင်းဆိုင်ရာ အမှားတစ်ခုကို လုပ်မိသွားတာလား”

စုဝေ့မင်၏ မျက်လုံးများက ပြူးသွားရလေ၏။

“ငါကတော့ ငါ့ဘက်က နားလည်မှုလွဲပြီး လူမှားရွေးမိတာဖြစ်မှာစိုးလို့ စိုးရိမ်နေတာ၊ မရီးရှုက အဲဒီလို လူမျိုးနဲ့ လုံးဝ မတူဘူးလေ”

“သူမမှာ အသိစိတ်တော့ ရှိပါသေးတယ်၊ အမြဲတမ်း ရွေးချယ်စရာ နှစ်ခုကြားမှာ စိတ်ရှုပ်ထွေးနေပြီး သူ့ကိုယ်သူ ကယ်တင်ဖို့ ကြိုးစားခဲ့တာ၊ မဟုတ်ရင်လည်း ဒီလောက်အထိ အမြန် ပေါ်သွားမှာ မဟုတ်ဘူး”

“ဒါလည်း ဟုတ်တာပဲ၊ ဘာလို့လဲတော့ မသိဘူး၊ သူမက အမြဲတမ်း ငါ့ရဲ့ တတိယချွေးမက ဆေးပညာကို သိတယ်လို့ ထင်နေတာ၊

ငါ့ရဲ့ တတိယချွေးမက ငယ်ငယ်လေးပဲ ရှိသေးတာ၊ ဗိုက်ထဲကတည်းက စပြီး သင်ယူခဲ့ရင်တောင် အဲဒီလောက် အရည်အချင်းရှိမှာ မဟုတ်ပါဘူး”

ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် ဥက္ကဋ္ဌယိုက ချက်ချင်းပင် ထပ်မံ၍ မေးမြန်းတော့၏။

“ဒါဆိုရင် ရှုရှင်းလန်က ဘာလို့ နားလည်မှုလွဲရတာလဲ”

“လီရှန်းဆီက ကြားရတာကတော့၊သူမရဲ့ အထက်တန်းကျောင်းတုန်းက အတန်းဖော်က အလုပ်ခွင်မှာ ရုတ်တရက် မူးလဲသွားခဲ့ပုံရတယ်၊

သူမက အလုပ်ရုံဘက်ကို ဆင်းသွားတုန်း ကြုံလို့ တွေ့သွားတာနဲ့ အနားယူခန်းထဲကို လိုက်ပို့ပေးခဲ့တာလေ၊

ရှုရှင်းလန်က အဲဒီအတန်းဖော်ရဲ့ အဖွဲ့ခေါင်းဆောင် ဖြစ်နေတာကိုး၊ အဲဒီအတန်းဖော်နှစ်ယောက်က တိုးတိုး တိုးတိုးနဲ့ စကားနည်းနည်းပြောမိကြတာကို ရှုရှင်းလန်က ဘယ်လိုဖြစ်ပြီး စွဲလမ်းသွားလဲ မသိတော့ဘူး”

စုဝေ့မင်ကလည်း ဖြစ်ပျက်ခဲ့သည်များကို သိရှိရန်အတွက် လီလင်းထံသို့ ကိုယ်တိုင် သွားရောက်မေးမြန်းခဲ့ဖူး၏။

အမှန်စင်စစ်တွင် ထိုနေ့က လီရှန်း၏ အပြုအမူက စည်းကမ်းဖောက်ဖျက်ခြင်း လုံးဝမရှိခဲ့ပေ။

ရှုရှင်းလန်၏ တစ်ခဏတာ အတွေးမှားမှုကြောင့် လီရှန်းက မတရားသဖြင့် ဘေးဒုက္ခထဲတွင် ပါဝင်ပတ်သက်ခဲ့ရခြင်း ဖြစ်၏။

“သူမကတော့ တစ်ဝက်လောက် ရူးသွပ်နေပြီလို့ ကြားတယ်”

ဥက္ကဋ္ဌယိုက သက်ပြင်းချလိုက်လေ၏။

“သူမက ဘယ်အချိန်ကတည်းက ရူးသွားလဲတော့ မသိဘူး”

“ဒီအကြောင်းကို လောင်ကျန်းကို ပြောပြပြီးပြီလား”

စုဝေ့မင်ကလည်း သက်ပြင်းချလိုက်မိပြီး ကျန်းရိကော်အတွက် စိုးရိမ်လာမိ၏။

ရှုရှင်းလန်တွင် ပြဿနာများ ရှိနေသည်က အမှန်ပင်ဖြစ်သော်လည်း အဖွဲ့အစည်းက ကျန်းရိကော်ကို ယခုထိ ယုံကြည်နေဆဲဖြစ်သည်။

အထူးသဖြင့် သုတေသနဌာနအနေဖြင့် အခြေအနေအရပ်ရပ်ကို တာဝန်ယူရန်အတွက် ကျန်းရိကော်ကို လိုအပ်နေခြင်းကြောင့်ပင်။

ဤကိစ္စကို ဤအတိုင်း ဆက်လက်၍ အဟန့်အတား မဖြစ်စေသင့်ပေ။

“ဒါကြောင့်ပဲ ငါပြန်လာတာပေါ့”

ဥက္ကဋ္ဌယိုက စုဝေ့မင်ကို မျက်စောင်းထိုးလိုက်လေ၏။

စုဝေ့မင်ကတော့ ချောင်းအနည်းငယ် ဆိုးလိုက်လေသည်။

သူက ရှုရှင်းလန် ကိစ္စကြောင့်နှင့် အပြေးအလွှား ပြန်လာခြင်းကိုး။

ဤအဘိုးကြီးက စက်ရုံအတွက် စိုးရိမ်ပြီး အလုပ်သမားသမဂ္ဂကို ကိုယ်တိုင် ပြန်လည်၍ ဖွဲ့စည်းရန်အတွက် ပြန်လာခြင်း ဖြစ်မည်ဟု သူ ထင်မှတ်နေခဲ့သည်။

ပြောရလျှင် အလုပ်သမားသမဂ္ဂက အမှန်တကယ်ပင် အနည်းငယ် လျော့ရဲနေခဲ့သည် မဟုတ်ပါလား။

“မင်း အလုပ်သမားသမဂ္ဂဘက်ကို သွားမကြည့်တော့ဘူးလား”

“သွားကြည့်ရဦးမှာပေါ့”

ကျားမရှိရင် မျောက်မင်းသမီး ဖြစ်လာတတ်သည် မဟုတ်ပါလား။

အလုပ်သမားသမဂ္ဂကို လက်ရှိတွင် ဒုတိယဥက္ကဋ္ဌက အပြည့်အဝ ထိန်းချုပ်ထားသော်လည်း ကံမကောင်းစွာဖြင့် ထိုဒုတိယဥက္ကဋ္ဌက ငယ်ရွယ်လွန်းသောကြောင့် လူများကို မထိန်းနိုင်ပေ။

လော်ယွီရှို့က အလုပ်သမားသမဂ္ဂအတွင်း လျှောက်သွားရင်း အော်ဟစ်ဆဲဆိုနေသည်ကို မကြာခဏ ကြားရလေ့ရှိသည်။

ထိုသို့ဖြစ်ရခြင်းကလည်း အမျိုးသမီးအဖွဲ့ချုပ်နှင့် အလုပ်သမားသမဂ္ဂ ရုံးခန်းများက အိမ်နီးနားချင်းများ ဖြစ်နေခြင်းကြောင့်ဖြစ်ကာ မည်သည့်အရာမှလည်းမလုပ်နိုင်ပေ။

ခဏမျှ အနားယူပြီးနောက် ဥက္ကဋ္ဌယိုက နှုတ်ဆက်၍ ပြန်ရန် ထလိုက်တော့၏။

စုဝေ့မင်တို့ဇနီးမောင်နှံနှင့် စုဝေ့ချင်းတို့က ထိုလူကို တံခါးဝအထိ လိုက်လံ၍ ပို့ဆောင်ပေးခဲ့ပြီးနောက်မှသာ အခန်းထဲသို့ ပြန်လာခဲ့ကြ၏။

စုဝေ့ချင်းက ဥက္ကဋ္ဌယိုနှင့်အတူ ဝိုင်နှစ်ခွက်ကို သောက်ခဲ့ရလေသည်။

နောက်ပိုင်းတွင် ဥက္ကဋ္ဌယို၏ အာရုံက ဆီချက်ခေါက်ဆွဲဘက်သို့ ရောက်ရှိသွားခဲ့သော်လည်း သူ့ထံတွင် အရက်နံ့များက ကျန်ရှိနေသေး၏။

သူက မူလကတည်းက အရက်အလွန် သောက်တတ်သူမဟုတ်၍ ယခုအချိန်တွင် စိတ်လက်ပေါ့ပါးသွားချိန်တွင် အနည်းငယ် ခေါင်းမူးလာခဲ့သည်။

“သွားပြီး ရေချိုးလိုက်ဦးမလား”

စုဝေ့မင်က စုဝေ့ချင်းက တံခါးဘောင်ကို မှီလျက် ခေါင်းကိုခါနေသည်ကို မြင်ရသောကြောင့် ထိုကောင်လေး အရက်မူးနေပြီဖြစ်ကြောင်းကို သိလိုက်လေ၏။

“မလောပါနဲ့ဦးအဖေ၊ ကျွန်တော် ရှန်းရှန်းကို အရင်သွားကြည့်လိုက်ဦးမယ်၊

မီးဖိုချောင်ထဲမှာတုန်းက သူမရဲ့ မျက်နှာက နည်းနည်း ဖြူဖျော့နေတာကို သတိထားမိတယ်”

စုဝေ့ချင်းက လီရှန်းအတွက် စိုးရိမ်နေဆဲဖြစ်သောကြောင့် ရေမချိုးသေးသော်လည်း လှုပ်ရှားခြင်းတော့ မရှိပေ။

သူက အရက်နံ့များ ပျယ်လွင့်သွားစေရန်အတွက် တံခါးဝတွင်သာ ရပ်နေခဲ့ပြီး ပြောလိုက်လေသည်။

“ကျွန်တော် အရက်နံ့တွေ ပျောက်အောင် ခဏလောက် နေလိုက်ဦးမယ်”

လော်ယွီရှို့ကလည်း စုဝေ့ချင်း ပြောသည်ကို ကြားရသည့်အချိန်တွင် အနည်းငယ် စိုးရိမ်သွားရပြီး ပြောလိုက်လေ၏။

“ငါလည်း ရှန်းရှန်းတစ်ယောက် နေလို့မကောင်းဘူးလို့ ထင်နေတာ”

သူမက စဉ်းစားလိုက်ပြီးနောက် လီရှန်း၏ တံခါးကို သွားခေါက်လိုက်ပြီး လှမ်းခေါ်လိုက်လေသည်။

“ရှန်းရှန်း”

လီရှန်းက ခုတင်၏ ခေါင်းရင်းတွင် မှီလျက် စာဖတ်နေခဲ့သော်လည်း ခဏအကြာတွင် ငိုက်မြည်းလာခဲ့သည်။

သူမ၏စာအုပ်က လက်မှလွတ်သွားခဲ့ပြီး စောင်ပေါ်သို့ ကျသွားခဲ့လေ၏။

လော်ယွီရှို့၏ တံခါးခေါက်လိုက်သံကြောင့်သာ သူမ လန့်နိုးသွားရတော့သည်။

နှစ်ခြိုက်စွာ အိပ်ပျော်နေချိန်တွင် ရုတ်တရက် လန့်နိုးလာရသော ခံစားချက်က အလွန်ပင် စိတ်မသက်မသာ ဖြစ်ရ၏။

လီရှန်းက သူမ၏ နှလုံးသားက ပါးစပ်ထဲမှ ထွက်ကျတော့မတတ် ခံစားလိုက်ရသည်။

“ရှန်းရှန်း”

လော်ယွီရှို့၏ အသံက တံခါးအပြင်ဘက်မှ ထပ်မံ၍ ထွက်ပေါ်လာပြန်သည်။

လီရှန်းက သူမ၏ မျက်နှာကို ပုတ်လိုက်ပြီး ခုတင်ပေါ်မှဆင်းပြီး တံခါးကို သွားဖွင့်ပေးလိုက်လေ၏။

တံခါးကို ဖွင့်လိုက်သည်နှင့် လော်ယွီရှို့က သူမကို စိုးရိမ်သော အမူအရာဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရပြီး မေးလိုက်လေသည်။

“အထဲမှာ ဘာလုပ်နေတာလဲ၊ ငါ တံခါးခေါက်နေတာကြာပြီကို .. နေလို့မကောင်းလို့လား”

“ကျွန်မလည်း အမေ့ရဲ့အသံကိုကြားတာနဲ့ ချက်ချင်း တံခါးလာဖွင့်တာပါ”

လီရှန်းက လော်ယွီရှို့ကို အနည်းငယ် နားမလည် သည့်အမူအရာဖြင့် ကြည့်လိုက်လေ၏။

“မင်းအမေက မင်းတံခါးဖွင့်ဖို့ ခေါ်နေတာကြာပြီ၊ ကောင်းပြီ တကယ်လို့ နေလို့မကောင်းဘူးဆိုရင် ငါတို့တွေ အခု စက်ရုံဆေးရုံကို သွားကြမယ်၊ အချိန်မဆွဲနဲ့တော့”

စုဝေ့မင်က မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ လေသံက အနည်းငယ် လေးနက်နေခဲ့သည်။

လီရှန်း နေမကောင်းဖြစ်နေလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။

ယနေ့ညက လီရှန်းကို ညစာချက်ခိုင်းမိခြင်းအတွက် သူက အနည်းငယ် နောင်တရမိနေခဲ့သည်။

“ကျွန်မ ဘာမှမဖြစ်ပါဘူး”

လီရှန်းက မည်သည့် စိတ်မသက်မသာဖြစ်မှုမျှမရှိသောကြောင့် ရယ်ရမလို ငိုရမလိုပင် ဖြစ်သွားရပြီးပြောလိုက်လေသည်။

“ကျွန်မ အသံကြားတာနဲ့ ချက်ချင်း တံခါးလာဖွင့်တာပါ”

သူမက ထိုသို့ မပြောလျှင် ပိုကောင်းပေလိမ့်မည်။ သူမ၏ စကားကြောင့် လော်ယွီရှို့က ပို၍ပင် စိုးရိမ်သွားရလေတော့၏။

လော်ယွီရှို့က လီရှန်းကို မဖျောင်းဖျနိုင်သည်ကို မြင်သည့်အချိန်တွင် စုဝေ့ချင်းက လော်ယွီရှို့ကို အနည်းငယ် တွန်းဖယ်လိုက်ပြီး သူကိုယ်တိုင်ပင် ဆောင်ရွက်ရန် ပြင်ဆင်တော့သည်။

သူက သူ၏ ဇွဲကြီးစွာဖြင့် အဆက်မပြတ်ပြောဆိုတတ်သော နည်းလမ်းကို အသုံးပြု၍ လီရှန်းကို ဆေးရုံသို့ သွားရောက် စစ်ဆေးရန်အတွက် ဖျောင်းဖျရန် တွေးလိုက်သည်။

*

All Chapters