အခန်း (၂၃၀)
Vol. 23 Ch. 230
အခန်း(230)
ရာသီဥတုက ပိုမို၍ ပူလာသောကြောင့် စုဝေ့ချင်းအနေဖြင့် လီရှန်းတစ်ယောက် ရင်ပြည့်ရင်ကယ်ဖြစ်မည်ကို စိုးရိမ်နေမိသည်။
အကယ်၍ ညဘက်တွင် အစာအိမ်နဲ့ အူလမ်းကြောင်းရောင်ရမ်းခြင်း ဖြစ်လာပါက ပို၍ပင် စိုးရိမ်စရာ ကောင်းလိမ့်မည်။
စုဝေ့ချင်း၏ ပါးစပ်များက နီရဲနေပြီး မျက်လုံးများပင် နီနေသည်ကို လီရှန်း မြင်လိုက်ရလေ၏။ တစ်ဖက်လူက လော်ယွီရှို့ကို အပြင်းအထန်တွန်းမိကာ ထိခိုက်သွားမည်စိုးသောကြောင့် သူမ အမြန်ပင် အရှေ့သို့တိုးပြီး သူ့ကို တွဲပေးလိုက်သည်။
ရလဒ်အနေဖြင့် သူမက စုဝေ့ချင်း၏ ရင်ခွင်ထဲသို့ ရောက်ရှိသွားပြီး ပြင်းထန်သော အရက်နံ့က သူမထံသို့ တိုက်ရိုက် ရိုက်ခတ်လာတော့သည်။
တစ်ခဏအတွင်းမှာပင် သူမ၏ အစာအိမ်ထဲ၌ အရာအားလုံးကို မွှေနောက်သွားသကဲ့သို့ ခံစားလိုက်ရ၏။
“ဝေါ့...”
သူမက ပျို့အန်လိုက်မိသည်။
လီရှန်းက ချက်ချင်းပင် ပါးစပ်ကို ပိတ်လိုက်ပြီး သူမကို ဖက်ရန် ကြိုးစားနေသော စုဝေ့ချင်းကို တွန်းဖယ်ကာ တံခါးအပြင်ဘက်သို့ ပြေးထွက်ခဲ့တော့သည်။
ပြန်လည်၍ တည်ငြိမ်သွားသော လော်ယွီရှို့ : “?”
စိတ်ရှုပ်ထွေးနေသည့် စုဝေ့မင်: :“?”
စုဝေ့မင်တို့ ဇနီးမောင်နှံနှစ်ဦးက အကြည့်ချင်း ဆုံလိုက်ကြပြီး နှစ်ဦးလုံး၏ မျက်လုံးများထဲတွင် အံ့ဩတုန်လှုပ်မှုများကို တွေ့လိုက်ရ၏။
စုဝေ့မင်က အခြေအနေကို သဘောပေါက်သွားပြီးမေးလိုက်လေ၏။
“ယွီရှို့၊ ကြည့်ပါဦး၊ ရှောင်လီရဲ့ တုံ့ပြန်မှုက မင်း ဝေ့ချင်းကို ကိုယ်ဝန်ဆောင်တုန်းက ပုံစံနဲ့ မတူဘူးလား”
လော်ယွီရှို့က ချက်ချင်းပင် ခေါင်းကို ခါလိုက်ပြီး ပြောလိုက်လေသည်။
“ဝေ့ချင်းတုန်းကတော့ အတော်လေး ငြိမ်တာ၊ ဗိုက်ကြီးလာတဲ့အထိ ကျွန်မ ကိုယ်ဝန်ရှိမှန်းတောင် မသိဘူး၊ ဝေ့ယန်တုန်းကလည်း ဒီလိုပဲလေ”
သူမက စကားပြောပြီးသည်နှင့် သက်ကြီးရွယ်အို ဇနီးမောင်နှံနှစ်ဦးက အံ့အားသင့်သွားကြရ၏။
သူတို့က တစ်ဦးကိုတစ်ဦး ပြိုင်တူ မေးမြန်းလိုက်လေသည်။
“မင်း ဆိုလိုတာက”
ထို့နောက်တွင်မှ နားလည်မှုချင်း တူညီစွာဖြင့် တစ်ဦး၏ မျက်ဝန်းထဲတွင် တစ်ဦးက အဖြေကို တွေ့လိုက်ရသည်။
ကြည့်ရသည်က သူတို့က ထွက်ပေါက်တစ်ခုကို တွေးမိသွားကြခြင်း ဖြစ်၏။
“သူမမှာ ကိုယ်ဝန်ရှိနေတာလား”
လော်ယွီရှို့၏ လေသံက အနည်းငယ် မရေမရာ ဖြစ်နေပြီး မယုံကြည်နိုင်သေးသည်က ထင်ရှားလွန်းသည်။
လွန်ခဲ့သော ရက်ပိုင်းကတင် စုဝေ့ချင်းက လာမည့် နှစ်နှစ်အတွင်း ကလေးမယူသေးကြောင်းကို ယုံကြည်ချက်အပြည့်ဖြင့် ပြောဆိုခဲ့သည် မဟုတ်ပါလား။
ပြောရလျှင် လီရှန်းက အမှန်တကယ်ပင် ငယ်ရွယ်လွန်းသေးခြင်းကြောင့် ဖြစ်၏။
သူမက မြေးချီရရန်အတွက် နောက်ထပ် နှစ်နှစ်ခန့် စောင့်ဆိုင်းရမည်ဟု စိတ်ပိုင်းဖြတ်ထားခဲ့သည်။
သို့သော် ရက်အနည်းငယ်အကြာမှာပင် ကိုယ်ဝန်ဆောင်သည့် လက္ခဏာများက ပေါ်ထွက်လာလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။
“ဝေ့ချင်းက လာမယ့် နှစ်နှစ်အတွင်း ကလေးမယူသေးဘူးလို့ ပြောထားတာ မဟုတ်လား”
စုဝေ့မင်ကလည်း မျက်မှောင်ကြုတ်လိုက်လေ၏။
စုဝေ့ချင်းက လော်ယွီရှို့ကိုသာ ထိုသို့ ပြောပြထားခဲ့ခြင်း မဟုတ်ဘဲ စုဝေ့မင်ကိုပါ ကြိုတင်၍ သတိပေးထားခဲ့ကြောင်း ထင်ရှားသည်။
လီရှန်းက အိမ်ထဲမှ ပြေးထွက်လာခဲ့ပြီး လမ်းအဆုံးရှိ သန့်စင်ခန်းသို့ အပြေးသွားခဲ့တော့၏။
သူမက ရေပိုက်ခေါင်းကို ကိုင်လျက် အဆက်မပြတ် ပျို့အန်နေခဲ့သော်လည်း အစာအိမ်ထဲမှ အရာများကတော့ ထွက်မလာဘဲ တင်းခံနေခဲ့၏။
ထို့အပြင် သန့်စင်ခန်းထဲ၌ အနံ့အသက်က မကောင်းပေ။
လီရှန်းက အနည်းငယ် သက်သာခါစရှိသေးသော်လည်း ထိုအနံ့ကြောင့် ထပ်မံ၍ ပျို့အန်ချင်လာပြန်သည်။
သို့သော် သူမက အပြင်ဘက်သို့ ထွက်၍ အန်ရန် မဝံ့ရဲသောကြောင့် ဆိုးရွားလွန်းသော သံသရာတစ်ခု ဖြစ်နေခဲ့တော့၏။
ပို၍ ဆိုးသည်က တစ်စုံတစ်ယောက်ကတော့ မည်သည့်အရာကိုမှမသိဘဲ အရက်နံ့ တထောင်းထောင်းဖြင့် သူမကို လာရောက်နှစ်သိမ့်ပေးနေခြင်းပင် ဖြစ်သည်။
“မင်း ဘာမှမဖြစ်ဘူးမလား”
လီရှန်းက သူမကို မရှုပ်ရန်နှင့် အဝေးသို့ ပြေးရန်အတွက် သူ့ကို ပြောတော့မည့်ဆဲဆဲမှာပင် အရက်နံ့ကို ရရှိလိုက်ပြီး အော့အန်ချင်စိတ်က ထပ်မံ၍ အရှိန်ပြင်းလာခဲ့၏။
သူမက ချက်ချင်း ပြန်လှည့်ပြီး ရေပိုက်ခေါင်းကို ကိုင်လျက် ထပ်မံ၍ အဆက်မပြတ် ပျို့အန်တော့သည်။
အန်ရသည်က ပင်ပန်းလွန်းသကဲ့သို့ အစာမထွက်ဘဲ သက်သက်ပျို့အန်ရသည်ကလည်း အလွန်ပင် နာကျင်လွန်းကာ လီရှန်း၏ မျက်ဝန်းမှ မျက်ရည်များပင် စီးကျလာခဲ့ရ၏။
ထိုအချက်က စုဝေ့ချင်းကို ထိတ်လန့်သွားစေခဲ့သည်။
သူက အရက်နှစ်ခွက်မျှသာ သောက်ခဲ့ခြင်းဖြစ်၍ သူ့ကို မြင်ရုံမျှဖြင့် ဤမျှအထိ အန်ရုံတင်မက ငိုပါငိုရလိမ့်မည်ဟု သူက ထင်မထားခဲ့ပေ။
“ကျွန်မအနားကို မလာနဲ့ဦး”
လီရှန်းက လက်တစ်ဖက်ဖြင့် စုဝေ့ချင်း၏ ရင်ဘတ်ကို တွန်းဖယ်လျက် နှာခေါင်းနှင့် ပါးစပ်ကို ပိတ်ပြီး ပြောလိုက်လေသည်။
“ရှင်က အနံ့ဆိုးကြီး ထွက်နေတာပဲ”
စုဝေ့ချင်းက ခဏမျှ ကြောင်အန်း သွားပြီးနောက် ခေါင်းကို ငုံ့ကြည့်လိုင်ပြီး သူ၏ အင်္ကျီကော်လံကို မတင်၍ အနံ့ခံကြည့်လိုက်လေသည်။
“ကိုယ့်ဆီက အနံ့ဆိုး ထွက်နေလို့လား၊ အဲဒီလောက်လည်း မဆိုးနိုင်ပါဘူး၊
ကိုယ် အရက်နှစ်ခွက်ပဲ သောက်ခဲ့တာကို၊ အရက်နံ့ကလည်း အဲဒီလောက် မပြင်းပါဘူး”
သူ့ကိုယ်သူ ပြန်မေးနေမိသည်။
စုဝေ့ချင်း အနည်းငယ် မတရား ခံစားလိုက်ရ၏။
သူက အိမ်တံခါးဝတွင် အကြာကြီး ရပ်နေခဲ့သည် မဟုတ်ပါလား။
“မဟုတ်ဘူး၊ ကျွန်မကတော့ အနံ့ဆိုး ထွက်နေတုန်းပဲလို့ ထင်တာပဲ၊ ရှင် ရေချိုးခန်းသွားပြီး ရေသွားချိုးလိုက်ပါလား”
လီရှန်းက အလေးအနက် အကြံပြုလိုက်လေသည်။ စုဝေ့ချင်းထံမှ ပြင်းထန်သော အရက်နံ့ထွက်နေသည်ဟု သူမက အမှန်တကယ် ခံစားနေရသည်။
အကယ်၍ စုဝေ့ချင်းသာ ယနေ့ည ထိုအနံ့ကို မဖျောက်ပါက သူမ အိပ်ပျော်လိမ့်မည် မဟုတ်ပေ။
“ကောင်းပြီ၊ ကိုယ်ရေသွားချိုးပါ့မယ်”
အမှန်စင်စစ် အရက်သောက်ပြီးစအချိန်တွင် ရေချိုးရန် မသင့်တော်ပေ။
သို့သော် သူက ဝိုင်နှစ်ခွက်သာ သောက်ခဲ့ခြင်းဖြစ်ပြီး မူးလည်းမမူးနေခဲ့ပေ။
သူက လေဝင်လေထွက်ကောင်းသော တံခါးအနီးရှိ ရေပိုက်ခေါင်းကို ရွေးချယ်လိုက်ပြီး အမြန်ဆုံး ရေချိုးရန် ပြင်ဆင်တော့သည်။
သို့သော် သူက လီရှန်းအတွက် အမှန်တကယ်ပင် စိုးရိမ်နေမိဆဲ ဖြစ်၏။
“မင်း တကယ်ပဲ ဘာမှမဖြစ်ဘူးလား၊ မင်းရဲ့ မျက်နှာအမူအရာက လုံးဝ အဆင်မပြေဘူး၊
ကိုယ်တို့တွေ ဆေးခန်းသွားပြီး စစ်ဆေးကြည့်ရအောင်လား၊ တကယ်လို့ မရရင် အစ်မလျို့ကို ကူညီပေးဖို့ သွားတောင်းပန်ရမလား”
“မလိုပါဘူး၊ တကယ့်ကို မလိုပါဘူး”
လီရှန်းက ယခုအချိန်တွင် အနည်းငယ် ပြန်လည်၍ တည်ငြိမ်သွားခဲ့လေပြီ။
သူမက လက်ရှိတွင် ကိုယ်ဝန်ရှိခြင်းအကြောင်းကို ထည့်မစဉ်းစားသေးသော်လည်း သူမ၏ ခန္ဓာကိုယ်အခြေအနေကို သူမက သိရှိနေသည်။
သူမ၏ အစာအိမ်က မည်သည့် စိတ်မသက်မသာဖြစ်မှုမျှ မရှိဘဲ ရင်ဘတ်ထဲ၌သာ မအီမသာ ဖြစ်နေခြင်း ဖြစ်၏။
သူမက ရေပိုက်ခေါင်းကိုဖွင့်၍ ရေအေးအေးဖြင့် မျက်နှာသစ်လိုက်လေသည်။
ထို့နောက် လက်ကိုင်ပဝါဖြင့် မျက်နှာကို သုတ်လိုက်ရင်း တခြားလက်တစ်ဖက်ဖြင့် စုဝေ့ချင်းကို တွန်းပြီး ပြောလိုက်လေသည်။
“ရှင် ရေသွားချိုးတော့လေ”
သူမက အကြိမ်အနည်းငယ် ပျို့အန်ခဲ့သော်လည်း သုမ၏ မျက်နှာလေးက နီရဲလျက် ပုံမှန်အတိုင်း အဆင်ပြေနေသည်ကို မြင်ရသည့်အချိန်မှ စုဝေ့ချင်းက အနည်းငယ် ယုံကြည်သွားတော့၏။
သို့သော် သူက စိုးရိမ်နေဆဲဖြစ်သောကြောင့် သူမကို တွဲပေးရန် ကြိုးစားသော်လည်း သူ၏ ခန္ဓာကိုယ်ပေါ်မှ အရက်နံ့က သူမကို ဒုက္ခပေးနေသည်ကို သတိရသွားသောကြောင့် သူက သန့်စင်ခန်းထဲမှ လှည့်ထွက်ခဲ့တော့၏။
သူက အဝေးကြီးသို့ မသွားဘဲ အိမ်အဝင်တံခါးဝသို့ လှမ်း၍လှမ်းခေါ်လိုက်လေသည်။
“အမေ၊ ဒီဘက်ကို ခဏလောက် လာပါဦး”
လော်ယွီရှို့က အစကတည်းက သူတို့နှင့်အတူ လိုက်သွားချင်ခဲ့သည်။
သို့သော် စုဝေ့မင်က စုဝေ့ချင်း သွားပြီဖြစ်သောကြောင့် သူမအနေဖြင့် လိုက်သွားပြီး လူရှုပ်မခံရန် တားမြစ်ထားခဲ့၏။
သို့သော် တတိယသား၏ လှမ်းအော်သံကို ကြားလိုက်ရချိန်တွင် သူမက ချက်ချင်းပင် ပြေးထွက်ခဲ့တော့သည်။
စုဝေ့မင်လည်း အနောက်မှ လိုက်လာခဲ့သော်လည်း ခြေလှမ်းအနည်းငယ်အတွင်း သူမကို မမီတော့ပေ။
လော်ယွီရှို့က သန့်စင်ခန်းသို့ ရောက်ရှိလာချိန်တွင် လီရှန်းက ရေကန်ကို မှီထားပြီး စုဝေ့ချင်းက အဝေးတွင် ရပ်နေသည်ကို တွေ့လိုက်ရ၏။
ထိုသူတို့ ရပ်နေသည့် အနေအထားက သူမကို ခဏမျှ ကြောင်အန်းသွားစေခဲ့သည်။
အကျိုးဆက်က မည်သို့ပင်ဖြစ်စေ၊ သားဖြစ်သူကို အရင်ဆုံး အပြစ်တင်ခြင်းက အမြဲတစေ မှန်ကန်သောအရာ ဖြစ်၏။
ထို့ကြောင့် သူမက စုဝေ့ချင်း၏ လက်မောင်းကို ရိုက်လိုက်ပြီး ဆဲဆိုတော့သည်။
“ရှန်းရှန်းက ကောင်းကောင်းတောင် မရပ်နိုင်တော့တာကို မင်းမမြင်ဘူးလား၊ ဘာလို့ သူမကို ဂရုမစိုက်ဘဲ ဒီအတိုင်း နေနေရတာလဲ”
စုဝေ့ချင်းကလည်း မတရား ခံစားလိုက်ရသောကြောင့် သူ၏လက်မောင်းကို ပွတ်သပ်ရင်း ပြောလိုက်လေ၏။
“ကျွန်တော် သူမကို မတွဲပေးချင်တာ မဟုတ်ပါဘူးအမေ၊ သူမက ကျွန်တော့်ဆီက အနံ့ဆိုးထွက်နေလို့ အနားကပ်လာရင် ပျို့အန်ချင်တယ်လို့ ပြောတာလေ၊ ကျွန်တော်လည်း ဘာမှမတတ်နိုင်လို့ပါ”
“အိုး၊ အဲဒီလို တုံ့ပြန်မှုက ပုံမှန်ပါပဲ”
လော်ယွီရှို့က စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးဖြစ်၍ စုဝေ့ချင်းက ထိုသို့ပြောသည်ကို ကြားလိုက်ရချိန်တွင် ချက်ချင်းပင် သဘောပေါက်သွားတော့၏။
ထို့နောက် သူမက ဒေါသထွက်ဟန်ဖြင့်ပြောလိုက်လေသည်။
“ဒါဆိုလည်း မင်းက ဒီမှာ ဘာရပ်လုပ်နေသေးတာလဲ၊ အမြန် အဝတ်အစားယူပြီး ရေသွားချိုးတော့လေ၊
အော်၊ ဒါနဲ့ ငါဝယ်ထားတဲ့ ဆပ်ပြာအသစ်ကိုပါ ယူသွားဦး၊ ကိုယ်ကိုယ်ကို သေသေချာချာ သန့်စင်အောင် တိုက်ချွတ်ခဲ့နော်”
ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး၏ နှာခေါင်းက အနံ့အသက်များကို အလွန်ပင် အာရုံခံလွယ်တတ်၏။
စုဝေ့ချင်းက လော်ယွီရှို့၏ တွန်းထုတ်လိုက်ခြင်းအပေါ် စိတ်မဆိုးသော်လည်း အနည်းငယ် စိတ်ရှုပ်ထွေးသွားရသည်။
“အမေ၊ ရှန်းရှန်းက ဘာဖြစ်လို့လဲ”
အရက်နဲ့ ဓာတ်မတည့်တာမျိုးလား၊ အဲဒါကြောင့်ပဲ အရက်နံ့ရရင် နေမကောင်းဖြစ်တာလား
သူက တွေးမိသည်။
“မမေးစမ်းပါနဲ့၊ သွားပြီးတော့ ရေချိုးလိုက်ရုံပဲ၊ ဘာပဲဖြစ်ဖြစ် ဒါက မကောင်းတဲ့ကိစ္စမှ မဟုတ်တာ”
လော်ယွီရှို့က ဝမ်းသာနေမိသော်လည်း တစ်စုံတစ်ယောက်က ကြားသွားမည်ကို စိုးရိမ်သောကြောင့် စုဝေ့ချင်းကို အမြန် ထွက်သွားရန် တိုက်တွန်းလိုက်လေ၏။
ထို့နောက် သူမက လီရှန်း၏ လက်မောင်းကို တွဲပေးလိုက်ပြီး ပြောလိုက်လေသည်။
“ရှန်းရှန်း၊ ငါတို့ ပြန်ကြရအောင်၊ သန့်စင်ခန်းထဲက အနံ့အသက်ကလည်း မကောင်းဘူး၊ ခဏနေရင် ထပ်ပြီး အန်နေဦးမယ်”
လီရှန်း : “...”
ဤကဲ့သို့သော တုံ့ပြန်မှုက ထူးဆန်းလွန်းသည်။
ပျို့အန်မှုကြောင့် ခဏမျှ ရပ်ဆိုင်းသွားခဲ့သော သူမ၏ ဦးနှောက်က ပြန်လည်၍ အလုပ်လုပ်လာခဲ့ပြီ ဖြစ်၏။
သူမကိုယ်တိုင်၏ တုံ့ပြန်မှု၊ သူမ ယောက္ခမ၏ တုံ့ပြန်မှု...
လီရှန်းက တစ်စုံတစ်ရာသော အသိစိတ်ကို ခံစားလိုက်ရသည်။
သူမတွင် ကိုယ်ဝန်ရှိနေတာများလား။
မဖြစ်နိုင်တာ။
*