အခန်း (၁၁၇၇-၁၁၇၈)
Vol. 101 Ch. 1177-1178
အခန်း ၁၁၇၇
ကျန်းယွင်ထျန်းက ထိုစကားကို ကြားသောအခါ ခေါင်းအနည်းငယ် ငြိမ့်ပြလိုက်သည်။
“ဒီတစ်ကြိမ် သူတို့တွေ ဘယ်လိုပြဿနာမျိုး ထပ်ရှာဦးမလဲဆိုတာ တကယ်မသိနိုင်ဘူး။”
“သူတို့ ဘာပဲကြံစည်နေပါစေ ငါတို့ဘက်က ဟင်းလင်းပြင်အက်ကွဲကြောင်းနားအထိ အရင်ဆုံး ရောက်အောင် ချီတက်ရမယ်။”
ရှောင်းယီက လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
ဤအချိန်တွင် ရစ်စကီနှင့် သူ၏အဖွဲ့သည်လည်း ရှောင်းယီတို့ရှိရာဘက်သို့ လျင်မြန်စွာ ချဉ်းကပ်လာနေကြပြီ ဖြစ်သည်။
“ခေါင်းဆောင်... ကျုပ် သေနတ်သံတွေ ကြားလိုက်ရသလိုပဲ။”
သူတို့ထဲမှ တစ်ယောက်က မရေမရာဖြင့် ပြောလိုက်သည်။
“အားလုံး ရပ်ကြ။”
ရစ်စကေီက ချက်ချင်း လက်မြှောက်ပြကာ အမိန့်ပေးလိုက်သည်။ စစ်ကြောင်းတစ်ခုလုံး ချက်ချင်းပင် ရပ်တန့်သွားခဲ့သည်။
ထို့နောက် ရစ်စကီသည် ဘေးတစ်ထက်ရှိ ကုန်းမြင့်ငယ်လေးတစ်ခုပေါ်သို့ လျှောက်သွားပြီး သူ၏မှန်ပြောင်းကိုထုတ်ကာ အဝေးသို့ လှမ်းကြည့်လိုက်သည်။
“ဘုရားသခင်... ငါ ဘာတွေ မြင်နေရတာလဲ။”
ရစ်စကီတစ်ယောက် တီးတိုးရေရွတ်လိုက်မိ၏။ သူ့ဘေးမှ လက်အောက်ငယ်သားကလည်း မှန်ပြောင်းကိုထုတ်၍ အဝေးသို့ လှမ်းကြည့်လိုက်သည်။
“ဒါ... ယီရန်ပင်း မဟာမိတ်အဖွဲ့မှာ တကယ်ကြီး လေယာဉ်ပျံတွေ ရှိနေတာပဲ။”
“အဲ့ဒါက ပုံစံမတူတဲ့ လေယာဉ်အမျိုးအစား နှစ်မျိုးပဲ။ တစ်စီးက အရမ်းကြီးပြီး နောက်တစ်စီးက အများကြီး ပိုသေးတယ်။”
“သေးတဲ့တစ်စီးက တိုက်လေယာဉ်နဲ့ တူတယ်။ ကြီးတဲ့တစ်စီးက သာမန် ကုန်တင်လေယာဉ် ဖြစ်ပုံရတယ်။”
“ယီရန်ပင်းက တကယ်ပဲ အဲ့လောက်တောင် အစွမ်းထက်တာလား။”
“ခေါင်းဆောင်... ကျုပ်တို့ ယီရန်ပင်း မဟာမိတ်အဖွဲ့ကို တကယ်ကြီး သွားပြီး ရန်စတော့မှာလား။”
ယုံကြည်စိတ်ချရသော လက်အောက်ငယ်သားတစ်ဦးက သတိကြီးစွာဖြင့် မေးမြန်းလိုက်သည်။ ရစ်စကီသည်လည်း မျက်မှောင်ကြုတ်သွားခဲ့သည်။ သူသည် စွန့်စားရသည်ကို နှစ်သက်ပြီး အခွင့်အရေးသမားတစ်ဦး ဖြစ်သော်လည်း ငတုံးတော့ မဟုတ်ပေ။ ခဏကြာအောင် တွေးတောပြီးနောက် သူက ပြောလိုက်သည်။
“အခြေအနေ ဘယ်လိုရှိလဲဆိုတာ အရင် စောင့်ကြည့်ကြတာပေါ့။”
ဤအထိ ဒုက္ခခံကာ ရောက်လာခဲ့ပြီးတော့မီ ဘာမှမလုပ်ဘဲ လှည့်ပြန်ရမည်မှာ လုံးဝ မထိုက်တန်ပေ။
“ဟုတ်ကဲ့။”
လူတိုင်းက ပြန်လည်တုံ့ပြန်လိုက်ကြသည်။ ခေါင်းဆောင်ဖြစ်သူက စိတ်လျှော့လိုက်ပြီး ယီရန်ပင်း မဟာမိတ်အဖွဲ့ကို ပုန်းလျှိုးကွယ်လျှိုး ခိုးဝင်တိုက်ခိုက်ရန် မတွေးတောတော့ကြောင်း ကြားလိုက်ရသောအခါ သူတို့အားလုံး သက်ပြင်းချနိုင်သွားကြတော့သည်။
အကယ်၍ ရစ်စကီ၏ ဦးဆောင်မှုသာ မရှိပါက သူတို့သည် ယီရန်ပင်း မဟာမိတ်အဖွဲ့ကို လုံးဝ ရန်စရဲကြမည် မဟုတ်ပေ။
ရွေးချယ်ခွင့်သာ ရှိမည်ဆိုပါက ၎င်းတို့သည် ယီရန်ပင်း မဟာမိတ်အဖွဲ့ကဲ့သို့သော ထိပ်သီးအဖွဲ့အစည်းကြီးနှင့် လုံးဝ မျက်နှာချင်းမဆိုင်ချင်ကြပါချေ။
“ခေါင်းဆောင်... ဒါဆို ကျုပ်တို့ နောက်ထပ် ဘာဆက်လုပ်ကြမလဲ။”
ထိုလက်အောက်ငယ်သားက မေးလိုက်၏။
“မနီးမဝေးအကွာအဝေးအထိ ဆက်ပြီး ချီတက်မယ်။ ပြီးရင် စခန်းချဖို့ ပြင်ဆင်ကြ။”
ရစ်စကီက လေးနက်သောအသံဖြင့် ပြောလိုက်သည်။ လူတိုင်းက သဘောတူလိုက်ကြပြီးနောက် သတိကြီးစွာဖြင့် ရှေ့သို့ အလျင်အမြန်ချီတက်ခဲ့ကြသည်။
သူတို့ သတိမထားမိလိုက်သည်မှာ အလွန်သေးငယ်သော ကင်းထောက်ဒရုန်းတစ်စီးက သူတို့၏အပေါ်စီးမှနေ၍ ဗီဒီယိုရိုက်ကူးနေခြင်းကိုပင် ဖြစ်သည်။
ဓာတ်ပုံများနှင့် ဗီဒီယိုများ ရိုက်ကူးပြီးနောက် ထိုကင်းထောက်ဒရုန်းသည် ချက်ချင်းပင် ရှေ့တန်းစစ်မျက်နှာပြင်သို့ ပြန်လည်ပျံသန်းသွားခဲ့သည်။
ရှောင်းယီသည် ဧရာမဘီလူးကြီးများ၏ စခန်းဟောင်းသို့ သွားရောက်စဉ်က ထိုမသေမျိုး ပိုးကောင်ကြီးများနှင့် ကြုံတွေ့ခဲ့ရပြီးနောက် ကင်းထောက်မှု တာဝန်ယူထားသော စစ်သည်များကို သူတို့၏ နောက်ကွယ်တွင် ဘာတွေဖြစ်ပျက်နေသလဲဆိုသည်ကို အထူးဂရုပြု စောင့်ကြည့်ရန် ချက်ချင်း အမိန့်ပေးခဲ့သည်။
မိမိတို့ အရှေ့သို့ ဆက်တိုက်ချီတက်နေရုံမျှဖြင့် မိမိတို့၏ အနောက်တွင် ရှိနေသောအရာများကို လျစ်လျူရှုထား၍မရပေ။
ဧရာမဘီလူးကြီးများ၏ စခန်းဟောင်းသည် နောက်တွင် ကျန်ရှိနေခဲ့ပြီး ရှောင်းယီတို့အဖွဲ့အနေဖြင့်လည်း ထိုမသေမျိုး ပိုးကောင်ကြီးများကို အပြတ်အသတ် သုတ်သင်နိုင်ခဲ့ခြင်း မရှိသေးသဖြင့် ၎င်းတို့ကို သေချာပေါက် သတိထား ကာကွယ်နေရခြင်း ဖြစ်သည်။
မမျှော်လင့်ဘဲ မသေမျိုး ပိုးကောင်ကြီးများအတွက် ပြင်ဆင်ထားသော ကင်းထောက်ဒရုန်းက မထင်မှတ်ထားသော ရလဒ်ကောင်းတစ်ခုကို ပေးစွမ်းနိုင်ခဲ့ခြင်း ဖြစ်ပေသည်။
ကင်းထောက်ဒရုန်းသည် ရှေ့တန်းသို့ လျင်မြန်စွာ ပြန်လည်ရောက်ရှိလာပြီး ၎င်းရှာဖွေတွေ့ရှိသမျှ အချက်အလက်အားလုံးကို ကွန်ပျူတာထဲသို့ လွှဲပြောင်းပေးလိုက်၏။
ရစ်စကီနှင့် သူ့အဖွဲ့ အခြေအနေကို မြင်လိုက်ရသောအခါ အနီးနားရှိ ကင်းထောက်စစ်သည်သည် ချက်ချင်း ထိုင်ရာမှထကာ ရှောင်းယီရှိရာသို့ ပြေးလာခဲ့တော့သည်။
“ကျွန်းပိုင်ရှင်နဲ့ နည်းပြကို သတင်းပို့အပ်ပါတယ်။ ကျွန်တော်တို့ရဲ့ အနောက်မှာ လူစုတစ်စုကို ရှာဖွေတွေ့ရှိထားပါတယ်။ အကဲခတ်ချက်အရဆိုရင် သူတို့က အသက်ရှင်ကျန်ရစ်သူ အဖွဲ့တစ်ဖွဲ့ ဖြစ်ပုံရပါတယ်။”
ကင်းထောက်စစ်သည်က သတင်းပို့လိုက်သည်။ ၎င်းကိုကြားလိုက်ရသောအခါ ရှောင်းယီတစ်ယောက် အနည်းငယ် မှင်တက်သွားခဲ့သည်။
“ဒီနေရာမှာ တကယ်ပဲ အသက်ရှင်ကျန်ရစ်သူအဖွဲ့တစ်ခု ရှိနေတာလား။ ကွန်ပျူတာကို ဒီဘက် ယူခဲ့စမ်း။”
“ဟုတ်ကဲ့ပါ။”
ကင်းထောက်စစ်သည်က ပြန်ဖြေပြီး လက်တော့ပ်ကို ရှောင်းယီထံသို့ ချက်ချင်း ကမ်းပေးလိုက်လေသည်။
ရှောင်းယီ ကွန်ပျူတာကို ဖွင့်ကြည့်လိုက်သောအခါ ကင်းထောက်ဒရုန်းမှ ရိုက်ကူးထားသော ဗီဒီယိုမှတ်တမ်းကို မြင်လိုက်ရတော့သည်။
“ရစ်စကီ (S။အဆင့်) - ရစ်စကီမဟာမိတ်အဖွဲ့၏ ခေါင်းဆောင်၊ သူ၏ ယာဉ်တန်းတွင် အဖွဲ့ဝင် ငါးဆယ်ဦး ပါဝင်သည်...”
စနစ်၏ အသိပေးစာ ထွက်ပေါ်လာသောအခါ ရှောင်းယီ အနည်းငယ် ကြောင်အသွား၏။
“ဒါ... အရင်တုန်းက ငါတို့ ဘီလူးကြီးတွေကို သူတို့ဆီကနေ လွှဲပြောင်းယူဖို့ ကြိုးစားခဲ့ဖူးတဲ့ မဟာမိတ်အဖွဲ့မလား။”
“ဒါက အဲ့ဒီ ရစ်စကီဆိုတဲ့လူလား။”
ကျန်းယွင်ထျန်းသည်လည်း အလားတူပင် အံ့ဩသွားခဲ့သည်။
“ဟုတ်တယ်။ ဒါပေမဲ့ သူတို့ရဲ့ လှုပ်ရှားမှုတွေကို ကြည့်ရသလောက်တော့ ငါတို့ကို လာကူညီတဲ့ပုံစံမျိုး လုံးဝ မဟုတ်ဘူး။”
ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။ ကျန်းယွင်ထျန်းက ခေါင်းငြိမ့်လိုက်သည်။
“သူတို့တွေ ညဘက် ကြက်ခိုးဖို့ ကြံနေတာ ရှင်းနေတာပဲ။ သူတို့ကို ရှင်းပစ်ဖို့ ငါ အဖွဲ့တစ်ဖွဲ့ လွှတ်လိုက်ရမလား။”
“လောလောဆယ်တော့ မလိုသေးပါဘူး။ သူတို့ရဲ့ အင်အားက ငါတို့ကို ခြိမ်းခြောက်နိုင်လောက်တဲ့အထိ မဟုတ်ဘူး။ သူတို့ အနားရောက်လာလို့ တကယ်ပဲ အကောင်းအဆိုး မခွဲခြားတတ်ဘူးဆိုရင်တော့ အပြတ်ရှင်းပစ်ပြီး ငါတို့ရဲ့ ခရီးစဉ်ကို ဆက်ကြတာပေါ့။”
ရှောင်းယီက ခေါင်းခါပြလိုက်သည်။
ဤအဖွဲ့တွင် အဆင့်အမြင့်ဆုံးလူက ရစ်စကီ ဖြစ်ပြီး S အဆင့်သာ ရှိကာ ကျန်လူများမှာမူ သာမန်မျှသာ ဖြစ်သည်။
သူတို့၏ လက်နက်တပ်ဆင်မှုမှာလည်း ယီရန်ပင်း မဟာမိတ်အဖွဲ့နှင့် ယှဉ်လျှင် အလွန်အမင်း ကွာခြားလှပြီး အသေးစားစက်သေနတ် တစ်လက်သာ ရှိကာ ကျန်အရာများမှာ ကာဘိုင်ရိုင်ဖယ်များသာ ဖြစ်သည်။
အကယ်၍ ၎င်းတို့က ပုန်းလျှိုးကွယ်လျှိုး ခိုးဝင်တိုက်ခိုက်ခဲ့လျှင်ပင် သူတို့အဖွဲ့မှ အဖွဲ့ဝင်အချို့ကို ဒဏ်ရာရအောင်လုပ်နိုင်ရုံမျှသာ ရှိလိမ့်မည်။ ယခုမူ ရှောင်းယီတို့အဖွဲ့က ကြိုတင်ရိပ်မိထားပြီးဖြစ်သဖြင့် သူတို့ ဘာမှလုပ်နိုင်တော့မည် မဟုတ်ပေ။
“ဟုတ်ကဲ့ပါ။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။ သူသည် ယခုကဲ့သို့သော တတိယတန်းစားအဖွဲ့ကို စိတ်ထဲပင် လုံးဝ မထားပါချေ။
ရစ်စကီနှင့် သူ့လူများမှာ ရှေ့တန်းစစ်မျက်နှာသို့ သတိကြီးစွာဖြင့် ချဉ်းကပ်နေကြဆဲပင်။ သူတို့သည် မိမိတို့၏ လှုပ်ရှားမှုများကို အလွန်အမင်း ကောင်းမွန်စွာ ဖုံးကွယ်ထားနိုင်သည်ဟု ထင်မှတ်နေကြပြီး ရှောင်းယီတို့ဘက်က အရာအားလုံးကို သိရှိနေပြီဖြစ်ကြောင်း လုံးဝ ရိပ်မိခြင်း မရှိကြချေ။
“မဟာမိတ်ခေါင်းဆောင်... ကျုပ်တို့ အခု ယီရန်ပင်း မဟာမိတ်အဖွဲ့ရဲ့ စစ်ကြောင်းနဲ့ ၈ ကီလိုမီတာပဲ ဝေးတော့တယ်။ ရှေ့ကို ဆက်သွားဦးမှာလား။”
“လောလောဆယ်တော့ မသွားတော့ဘူး။”
ရစ်စကီက ပြန်ဖြေလိုက်သည်။
“ငါတို့ ဒီနေရာကနေပဲ သူတို့ကို မျက်ခြေမပြတ် စောင့်ကြည့်ကြမယ်။”
“ဟုတ်ကဲ့ပါ။”
သူတို့နှင့် မနီးမဝေးရှိ တောအုပ်အတွင်း၌ အလွန်သေးငယ်သော ကင်းထောက်ဒရုန်းတစ်စီးသည် ဝဲပျံနေပြီး သူတို့၏ လှုပ်ရှားမှုများကို ကင်းထောက်စစ်သည်၏ ကွန်ပျူတာထံသို့ အချိန်နှင့်တပြေးညီ ပေးပို့နေခဲ့သည်။
ယခင်က အကွာအဝေး အလွန်ဝေးကွာလှသဖြင့် ကင်းထောက်ဗီဒီယိုများကို အချိန်နှင့်တပြေးညီ မပေးပို့နိုင်ခဲ့သော်လည်း ယခုအခါတွင်မူ အကွာအဝေးက အလွန်နီးကပ်သွားပြီဖြစ်ရာ အချိန်နှင့်တပြေးညီ ပေးပို့နိုင်ခြင်း ဖြစ်သည်။
ညချမ်းအချိန်သို့ ရောက်ရှိလာသောအခါ ရှောင်းယီနှင့် သူ့အဖွဲ့သည် နောက်ထပ် ကီလိုမီတာ ၈၀၀ ခန့်အထိ ရှေ့သို့ ဆက်လက်ချီတက်နိုင်ခဲ့ပြီ ဖြစ်သည်။
လမ်းခရီးတစ်လျှောက်တွင် ရေတွက်၍မရနိုင်လောက်အောင် များပြားလှသော အမြောက်ကျည်များကို အသုံးပြုခဲ့ရပြီး မြေပြင်တစ်ခုလုံးတွင် ဖြူဖွေးနေသော အရိုးစု အပိုင်းအစများ စုပုံနေခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ယခုအခါတွင် ယီရန်ပင်း မဟာမိတ်အဖွဲ့၏ သတ္တုတွင်းထွက်ပစ္စည်းများမှာ အလွန်အမင်း ကြွယ်ဝနေပြီး အလိုအလျောက် သတ္တုတူးဖော်ရေးစက် အမြောက်အမြား ရှိနေသဖြင့် ကျည်ဆန်ပြတ်လပ်မှုအတွက် စိုးရိမ်စရာ မရှိချေ။
၎င်းပြင် သတ္တုတွင်းအသစ်များကိုလည်း အဆက်မပြတ် ရှာဖွေတွေ့ရှိနေခဲ့သည်။
အလားတူပင် ကောင်းကင်မိုးကြိုးမင်းဆက်နှင့် လေပြာအင်ပါယာမှ လူများ ရွှေ့ပြောင်းအခြေချလာကြသဖြင့် သူတို့၏ လုပ်သားအင်အားမှာလည်း စဉ်ဆက်မပြတ် တိုးပွားနေခဲ့သည်။
အန်းယွဲ့သည်လည်း လော့လင်တန် နှင့် လန်ယုံတို့ကို သူတို့၏ ပိုင်နက်အတွင်းရှိ သတ္တုအရင်းအမြစ်များကို တူးဖော်ရန် ညွှန်ကြားထားပြီး ဖြစ်သည်။ ထိုအရင်းအမြစ်များကို လွှဲပြောင်းပေးအပ်ပြီးသည်နှင့် ၎င်းတို့ကို ပိုင်နက်တစ်ခုချင်းစီအတွက် ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေအဖြစ် ပြောင်းလဲပေးမည် ဖြစ်သည်။
သို့သော်လည်း ရှောင်းယီသည် စစ်သည်များကို အမြောက်ကျည်ခွံများနှင့် ကျည်ဆန်ခွံများကို ပြန်လည်သိမ်းဆည်းရန် စီစဉ်ပေးခဲ့သေးသည်။
အခြားသော အသက်ရှင်ကျန်ရစ်သူများအတွက်မူ ဤအရာများသည် အမှိုက်များ ဖြစ်နေနိုင်သော်လည်း ရှောင်းယီအတွက်မူ ၎င်းတို့အားလုံးမှာ အဖိုးတန် အရင်းအမြစ်များ ဖြစ်ကြသည်။
စူပါအစိတ်အပိုင်းဖြုတ်စက်၏ အကူအညီဖြင့် ဤအမှိုက်များကို အဖိုးတန်ရတနာများအဖြစ် ပြောင်းလဲပစ်နိုင်ပေသည်။
ရှေ့တန်းရှိ အရိုးစုစစ်တပ်သည် လှိုင်းလုံးများကဲ့သို့ တစ်သုတ်ပြီးတစ်သုတ် ဆက်တိုက် တိုးဝင်လာနေဆဲဖြစ်ပြီး ယီရန်ပင်း မဟာမိတ်အဖွဲ့အတွင်းရှိ စက်သေနတ်များနှင့် အမြောက်များမှာလည်း ပစ်ခတ်မှုကို တစ်ခါမျှ ရပ်နားခြင်း မရှိခဲ့ချေ။
“ငါတို့ ဒီည ရှေ့ဆက် တိုးကြဦးမလား။”
ကျန်းယွင်ထျန်းက မေးလိုက်သည်။ ရှောင်းယီက ခေါင်းခါပြလိုက်၏။
“ဟင့်အင်း။ ဒီည ငါတို့ နားကြမယ်။ အရိုးစုစစ်တပ်က ငါတို့ရဲ့ ခံစစ်ကို လာတိုက်ရင် ငါတို့ ကိုယ့်နေရာကိုပဲ မြဲမြဲခုခံထားမယ်။ ရှေ့ကို ဆက်တိုးစရာ မလိုဘူး။”
“ဟုတ်ကဲ့ပါ။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
“ငါ အရင် ပြန်နှင့်တော့မယ်။”
ရှောင်းယီက ပြောလိုက်သည်။
“အင်း။”
ရှောင်းယီသည် မြို့ပြန်ကျောက်ကို အသုံးပြုကာ ဗီလာသို့ ပြန်လာခဲ့ပြီး သူြဖုန်းကို ဖွင့်လိုက်သောအခါ ဂရုချက်အတွင်း၌ အလွန်အမင်း စည်ကားလှုပ်ရှားနေဆဲ ဖြစ်သည်ကို မြင်တွေ့လိုက်ရသည်။
“ဒီနေ့ ဘာဖြစ်နေတာလဲ မသိဘူး။ မသေမျိုးတွေ ပုန်းနေကြသလိုပဲ။”
“ဟုတ်တယ်။ အရင်ကဆိုရင် အဲ့ဒီ အမည်းရောင် အရိုးစုတွေ ငါတို့ကို လာတိုက်နေကျပါ။ ဒါပေမဲ့ အခုကျတော့ ခံစစ်အားနည်းတဲ့ အဖြူရောင် အရိုးစုတွေပဲ ကျန်တော့တယ်။”
“ဟုတ်တယ်။ အဲ့ဒီ အမည်းရောင် အရိုးစုတွေကို အနိုင်ယူပြီးတဲ့နောက်မှာ ဒီအဖြူရောင် အရိုးမိစ္ဆာတွေကို တိုက်ရတာ အရမ်းကို လွယ်ကူသွားသလိုပဲ။”
“ဒါပေါ့...မင်းတို့ စောင့်ကြည့်နေလိုက်...။ ငါ အဲ့ဒီ အဖြူရောင် အရိုးမိစ္ဆာတွေကို သုံးကြိမ်တိုင်တိုင် အပြတ်အသတ် နှိမ်နင်းပြမယ်။”
“ငါက သူတို့ရဲ့ တိုက်ခိုက်မှုကို ငါးကြိမ် ခြောက်ကြိမ်မကတောင် မောင်းထုတ်ပြီးပြီ။ သုံးကြိမ်တောင် မကဘူး။”
အခန်း ၁၁၇၈
“သူဌေး ခင်ဗျား ရှိနေလား။ ရှေ့တန်းက အခြေအနေကို မေးကြည့်ချင်လို့ပါ။”
“ဘာမေးနေစရာ လိုသေးလို့လဲ။ သူဌေးက အဲ့ဒီ အမည်းရောင် အရိုးစုတွေကို နှိမ်နင်းနေရတာနဲ့ အလုပ်ရှုပ်နေမှာပေါ့။ ငါတို့ဘက်မှာ အဲ့ဒီကောင်တွေ လုံးဝမရှိဘူးဆိုကတည်းက သူဌေးဘက်မှာ အလုံးအရင်းနဲ့ ရင်ဆိုင်နေရလို့ပဲ ဖြစ်ရမယ်။”
“ဟုတ်တယ်။ ငါတို့အတွက် ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးပေးထားတဲ့ ထိပ်သီးလူကြီးမင်းတွေကိုပဲ ကျေးဇူးတင်ရမယ်။ မဟုတ်ရင် ငါတို့တွေ ဒီလောက်အထိ သက်သောင့်သက်သာ နေရမှာ မဟုတ်ဘူး။”
ဂရုချက်ထဲရှိ စကားဝိုင်းကို ကြည့်ရင်း ရှောင်းယီသည် သူတို့၏ ချီးမွမ်းစကားများကြောင့် အနည်းငယ် အားနာမိသွား၏။
“တကယ်တော့ ရှေ့တန်းစစ်မျက်နှာက မနက်ပိုင်းတုန်းကပဲ နည်းနည်း အခြေအနေ ခက်ခဲခဲ့တာပါ။ ငါတို့ဘက်က မသေမျိုးစစ်တပ်အသစ်တွေကို မောင်းထုတ်လိုက်ပြီးတဲ့နောက်မှာ သူတို့ နောက်ဆုတ်သွားကြပါပြီ။ အခု ခံစစ်ကြောင်းကို တိုက်ခိုက်ဖို့ အဲ့ဒီ အဖြူရောင် အရိုးမိစ္ဆာတွေကိုပဲ အမြောက်စာအဖြစ် လွှတ်ထားတယ်။ အခု ကျုပ်တို့ ကီလိုမီတာ ၈၀၀ လောက်အထိ ရှေ့တိုးထားပြီးပြီ။ ဟင်းလင်းပြင်အက်ကွဲကြောင်းနဲ့ ကီလိုမီတာ ၇၀၀ လောက်ပဲ ဝေးတော့တယ်။”
“သူဌေး ရောက်လာပြီပဲ။ ဪ... ဒါဆို ရှေ့တန်းမှာ အခြေအနေတွေက အများကြီး ပိုပြီး လွယ်ကူသွားပြီပေါ့။”
“လွယ်ကူသွားပြီဆိုတာ ဘာကိုပြောတာလဲ။ သူဌေး ပြောတာကို မင်း မကြားလိုက်ဘူးလား။ မသေမျိုးတွေက စစ်တပ်အသစ်တွေ ချေမှုန်းခံရပြီးမှ နောက်ဆုတ်သွားတာပဲ။ အခု ဒီအရိုးစုမိစ္ဆာတွေကို အမြောက်စာအဖြစ် သုံးနေတာ။”
“မှန်တယ်။ တကယ်လို့ ငါတို့သာ အဲ့ဒီ မသေမျိုးစစ်တပ်အသစ်တွေကို မမောင်းထုတ်နိုင်ခဲ့ရင် အခုလိုမျိုး လွယ်ကူနေမှာ မဟုတ်ဘူး။”
“ဟိုလေ သူဌေး... ကျုပ် တကယ် စိတ်ဝင်စားလို့ပါ။ အဲ့ဒီ မသေမျိုးစစ်တပ်အသစ်က ဘာကောင်လဲဆိုတာ နည်းနည်းလောက် ပြောပြလို့ရမလား။ ဒါမှ နောက်ပိုင်း ကြုံလာရင် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားလို့ ရမှာ။”
“ဟုတ်တယ်၊ ဟုတ်တယ်၊ ကျုပ်တို့ကို ပြောပြပါဦး။”
ထိုအခါ ရှောင်းယီက ချက်ချင်း ပြန်ဖြေလိုက်သည်။
“အခုအချိန်အထိ ငါတို့ ကြုံတွေ့ခဲ့ရတဲ့ မသေမျိုးတွေထဲမှာ ဇွန်ဘီး၊ ဂူးလ်၊ လစ်ချ်၊ အဖြူရောင်အရိုးစု၊ အမည်းရောင် အရိုးစု၊ အရိုးစုမြင်းစီးစစ်သည်၊ ဓားနဲ့ဒိုင်းကိုင် အရိုးစုစစ်သည်၊ အရိုးနဂါး၊ မသေမျိုးပိုးကောင်ကြီးတွေနဲ့ တချို့ လေကြောင်းပျံသန်းရေး မသေမျိုးတွေ ပါဝင်ပါတယ်။”
“သေစမ်း... အများကြီးပါလားဟ။ ကျုပ်တို့ဘက်မှာတော့ အဖြူရောင်အရိုးစုတွေနဲ့ ဇွန်ဘီးတွေကိုပဲ တွေ့ဖူးသေးတယ်။ တခြားဟာတော့ လုံးဝမတွေ့ဖူးသေးဘူး။”
“ငါလည်း ဒီလောက်အထိ စုံလင်တဲ့ မသေမျိုးအမျိုးအစားတွေကို တစ်ခါမှ မမြင်ဖူးဘူး။”
“သူဌေး... အဲ့ဒီ မသေမျိုးတွေကို ဘယ်လိုမျိုး တန်ပြန်နှိမ်နင်းခဲ့လဲဆိုတာ ကျုပ်တို့ကို လမ်းညွှန်ပေးလို့ ရမလား။”
“တကယ်တော့ အထူးတလည် ကောင်းမွန်တဲ့ နည်းလမ်းရယ်လို့တော့ မရှိပါဘူး။ ပြင်းထန်တဲ့ စစ်လက်နက်စွမ်းအားကို သုံးပြီး သူတို့ကို အပြတ်သုတ်သင်လိုက်ရုံပါပဲ။ ဒါပေမဲ့ ထူးခြားတဲ့ မသေမျိုးအချို့ကိုတော့ အထူးသတိထားရမယ်။ အမည်းရောင် အရိုးစုတွေက ခံစစ်စွမ်းအား အလွန်မြင့်မားပြီး အရိုးစုမြင်းစီးစစ်သည်တွေက အရှိန်အဟုန်နဲ့ တိုးဝင်တိုက်ခိုက်မှုမှာ အလွန်ပြင်းထန်တယ်။ သူတို့ကို နှိမ်နင်းဖို့ ခြေထိုးကြိုးတွေကို သုံးလို့ရတယ်။ ဓားနဲ့ဒိုင်းကိုင် အရိုးစုစစ်သည်တွေရဲ့ အရိုးဒိုင်းက ခံစစ်အရမ်းကြမ်းတယ်။ အနည်းဆုံးတော့ အမြောက်ကျည်တစ်ချက်တည်းနဲ့ သူတို့ရဲ့ ခံစစ်ကို မဖောက်ထွင်းနိုင်ဘူး။”
ရှောင်းယီက ဂရုချက်ထဲ၌ ရှင်းပြလိုက်သည်။
“ဘာလဲ။ အမြောက်ကျည်ဆန်ကတောင် အဲ့ဒီ အရိုးဒိုင်းရဲ့ ခံစစ်ကို မထိုးဖောက်နိုင်ဘူး ဟုတ်လား။”
“အဲ့လောက်တောင် မာတာလား။ ဒါဆို သူဌေးက အဲ့ဒီ မသေမျိုးတွေကို ဘယ်လိုများ နှိမ်နင်းလိုက်တာလဲ။”
“ဟုတ်တယ်။ ဒါက အရမ်း ခက်ခဲလွန်းတယ်။”
ရှောင်းယီက ပြုံးလိုက်၏။
“တစ်ချက်တည်းနဲ့ မရရင် နောက်ထပ် အချက်အနည်းငယ် ထပ်ပစ်ရုံပေါ့။ နောက်ဆုံးမှာ သူတို့ရဲ့ ခံစစ်က ပျက်စီးသွားမှာပဲ။ ဒါပေမဲ့ အဲ့ဒါက ပြင်းထန်တဲ့ စစ်လက်နက်စွမ်းအား ရှိဖို့တော့ လိုလိမ့်မယ်။”
“အခုမှပဲ သဘောပေါက်တော့တယ်။ တကယ်လို့ ယီရန်ပင်း မဟာမိတ်အဖွဲ့သာ အဲ့ဒီ ဓားနဲ့ဒိုင်းကိုင် အရိုးစုစစ်သည်တွေနဲ့ မရင်ဆိုင်ခဲ့ရင် တခြားဘယ်မဟာမိတ်အဖွဲ့မှ အဲ့လို စစ်တပ်မျိုးကို ယှဉ်နိုင်မှာ မဟုတ်ဘူး။”
“ဟုတ်တယ်။ အဲ့ဒီလူက တကယ်ကို အံ့ဩစရာပဲ။”
ရှောင်းယီက အနည်းငယ် တွေးတောပြီးနောက် ပြောလိုက်သည်။
“ကျုပ်တို့ မသေမျိုးတွေကို နှိမ်နင်းဖို့ တစ်ပတ်အချိန် ရထားတယ်ဆိုတော့ အားလုံးပဲ အတူတူ အားစိုက်ထုတ်ကြရအောင်။ ကျုပ် တတ်နိုင်သမျှ မသေမျိုးတွေရဲ့ အမာခံစခန်းဖြစ်တဲ့ ဟင်းလင်းပြင်အက်ကွဲကြောင်းနားအထိ ရောက်အောင် တိုးသွားမယ်။ အဲ့ဒီအချိန်ကျရင် တည်နေရာကူးပြောင်းခြင်း အစီအရင်ကို အားလုံးအတွက် ဖွင့်ပေးမယ်။ တကယ်လို့ မသေမျိုးတွေရဲ့ ဂူထဲကို အတူတူ ဝင်ရောက်စီးနင်းချင်တဲ့သူ ရှိရင် မိမိတို့ရဲ့ အဖွဲ့တွေကို ခေါ်ပြီး လာခဲ့လို့ရပါတယ်။”
ရှောင်းယီ၏ မက်ဆေ့ခ်ျကို မြင်လိုက်ရသောအခါ ယီထျန်းအဖွဲ့တစ်ခုလုံး ရင်ခုန်စိတ်လှုပ်ရှားသွားကြတော့သည်။
“ဝိုး... ဒါက ငါတို့ကို ရှေ့တန်းမှာ လာပြီး လက်စွမ်းပြဖို့ အခွင့်အရေး ပေးလိုက်တာပဲ။”
“ဒါပေမဲ့ ငါ့စိတ်ထင်တော့ မသွားတာက ပိုကောင်းလိမ့်မယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီမှာ ပိုပြီး အစွမ်းထက်တဲ့ မသေမျိုး မျိုးစုံနဲ့ သေချာပေါက် ရင်ဆိုင်ရမှာမို့လို့ပဲ။”
“အဲ့ဒါလည်း ဟုတ်တာပဲ။ ဒါပေမဲ့ သားသမီးကို မစွန့်စားရင် အသားစားကျားကို မဖမ်းနိုင်ဘူး။ ငါတို့ သေချာပေါက် စွန့်စားရမယ်။”
“တစ်ချက်လောက် လောင်းကြေးထပ်လိုက်ရင် မင်းရဲ့ စက်ဘီးကနေ မော်တော်ဆိုင်ကယ် ဖြစ်သွားနိုင်တာပဲ။”
“ကျုပ်က လူတိုင်းကို ကြိုတင်အသိပေးထားရုံသက်သက်ပါ။ လာတာမလာတာကတော့ လူတိုင်းရဲ့ သဘောဆန္ဒအတိုင်းပါပဲ။ ဒါပေမဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှု S အဆင့်နဲ့ အဲ့ထက်မြင့်တဲ့သူတွေပဲ လာခွင့်ရလိမ့်မယ်။ အဲ့အဆင့်ထက် နိမ့်တဲ့သူတွေကတော့ လာဖို့ မကြိုးစားကြပါနဲ့။”
ရှောင်းယီက ထပ်လောင်းပြောလိုက်ပြီးနောက် ဖုန်းကိုပိတ်ကာ အနားယူရန် ပြင်ဆင်လိုက်တော့သည်။
“ဪ... အဆင့်သတ်မှတ်ချက် လိုတာပဲ။”
“ဒါပေါ့။ မင်းရဲ့အဆင့်က မမြင့်ဘဲနဲ့ ဟိုရောက်မှ ကျည်ဆန်အလွဲမှန်ပြီး အလကား သေသွားရင် ဘယ်လိုလုပ်မလဲ။”
“အမှန်ပဲ။ ငါတို့ ဟိုမှာ S အဆင့်နဲ့ အဲ့ဒီထက်မြင့်တဲ့ မသေမျိုးတွေ ဘယ်လောက်တောင် ကြုံရမလဲ မသိဘူး။ အဆင့်နိမ့်တဲ့လူတွေ သွားပြီး အသေမခံသင့်ဘူး။”
“ဒါဆိုရင် ငါတို့ အမြန်ဆုံး အဆင့်မြှင့်တင်ဖို့ လိုနေပြီ။ ပြီးမှ သွားပြီး လက်စွမ်းပြရမယ်။ တကယ်လို့ သူဌေးက သဘောကျသွားပြီး ဆုလာဘ်တွေ ဘာတွေ ပေးရင် တစ်သက်လုံး ထိုင်စားလို့ ရပြီပဲ။”
“ကျိုးကြောင်းဆီလျော်တယ်။ ဒါဆိုရင် အမြန်ဆုံး အဆင့်တက်အောင် လုပ်ရမယ်။”
“ဒီအဆင့်တက်ဖို့က သိပ်ပြီး ခက်ခဲပုံမပေါ်ပါဘူး။ ယီရန်ပင်း သူဌေးက အဆင့်မြင့် အစားအစာတွေ စပြီး ရောင်းကတည်းက လူတိုင်း အဆင့်မြင့် အစားအစာတွေကို လွယ်လွယ်ကူကူ ဝယ်စားနိုင်ကြတာပဲ။ အခု အချိန်တော်တော်ကြာနေပြီဆိုတော့ အားလုံးလည်း အဆင့်တွေ တော်တော် မြင့်နေလောက်ပါပြီ။”
“တော်စမ်းပါ။ ငါအတွက်တော့ ဒီအတိုင်း အသက်ရှင်နေတာက အရင်းအမြစ်တွေနဲ့ လေထုကိုပဲ ဖြုန်းတီးနေသလို ခံစားရတယ်။ နေ့တိုင်း အကောင်းစားတွေ စားနေတာတောင် အခုထိ A. အဆင့်တောင် မရောက်သေးဘူး။”
“ဝေ့... အပေါ်က ညီအစ်ကို မင်း အစာအိမ် အားနည်းနေတာလား။ စားသမျှ အာဟာရတွေက ကိုယ်ခန္ဓာထဲ လုံးဝ မစုပ်ယူနိုင်တာလား။”
“ငါလည်း စုပ်ယူချင်တာပေါ့ကွာ။”
“ညီအစ်ကိုတို့... ငါ့ရဲ့ အစာအိမ်အားဖြည့်ဆေးလုံးတွေကို စမ်းကြည့်လိုက်ပါ။ အစာအိမ်ရောဂါ ခံစားနေရသူတွေအတွက် အထူး အစွမ်းထက်တဲ့ ဆေးတစ်လက်နော်။”
စကားမပြောသည်မှာ ကြာပြီဖြစ်သော စွန်းယောင်တစ်ယောက် ရုတ်တရက် ခုန်ထွက်လာခဲ့သည်။
“ဟေး... ဒါ ဆေးအတုရောင်းတဲ့သူ မဟုတ်လား။ သူတို့ ဘာလို့ လျိုဝေ့တိဟွမ်း ဆေးလုံးတွေ မရောင်းတော့တာလဲ။”
“ဒါပေါ့။ ငါ့ရဲ့ ID ကို မြင်လား။ ဆေးသည်လေ။ ဆေးမရောင်းလို့ ဖြစ်မလား။ အခုဆို ယီရန်ပင်း မဟာမိတ်အဖွဲ့ ဆေးရုံရဲ့ တရုတ်တိုင်းရင်းဆေးခန်းက အများကြီး ပိုပြီး ကောင်းမွန်နေပြီ။ အားလုံးပဲ မကြာခဏ လာရောက်ပြသဖို့ ဖိတ်ခေါ်ပါတယ်။”
စွန်းယောင်က သူ၏ ဆေးကုသရေးဌာနကို စတင် ကြော်ငြာတော့သည်။
“ချီး... ငါက နေမကောင်းဖြစ်ပြီး ဆေးရုံမှာ သွားထိုင်နေရမှာလား။”
“ဟုတ်တယ်လေ။ တကယ်လို့ ခင်ဗျားမှာ ရောဂါရှိရင် ဆေးရုံကို လာပြသင့်တာပေါ့။”
စွန်းယောင်က အတည်အပေါက် ပြန်ဖြေလိုက်သည်။
“ဟုတ်ပြီ... မင်းတို့ဌာနက ဘယ်နားမှာလဲ။ ငါ အစာအိမ်နဲ့ အူလမ်းကြောင်းဌာနကို တကယ်ကြီး သွားပြဖို့ လိုနေပြီ။ ဘာလို့ တခြားလူတွေကျ အဆင့်တွေ တရိပ်ရိပ် တက်နေပြီး ငါ့ကျမှ ခရုထက်တောင် နှေးနေရတာလဲ။”
“ကြိုဆိုပါတယ်။ မဟာမိတ်ဆေးရုံကို လာပြီး စုံစမ်းရေးကောင်တာမှာ မေးလိုက်ရုံနဲ့ ငါတို့ကို လွယ်လွယ်ကူကူ ရှာတွေ့နိုင်မှာပါ။”
စွန်းယောင်က ပြုံးကာ ပြောလိုက်သည်။
“ဒါဆို ငါလည်း သွားပြီး ပြကြည့်ရမလား။ ငါက အပေါ်က အဆင့် B သမားထက် နည်းနည်း ပိုမြန်တယ်ဆိုပေမဲ့ သိပ်တော့ မထူးပါဘူး။ ဆေးသည်ရဲ့ တရုတ်တိုင်းရင်းဆေး ပညာရပ် ဘယ်လောက်စွမ်းလဲဆိုတာ စမ်းသပ်ကြည့်ရတာပေါ့။”
“ငါလည်း သွားမယ်။ ဒီနောက်ဆုံး ရက်အနည်းငယ်ကို အမိအရ အသုံးချရမယ်။”
လူအများအပြား လာရောက်လိုကြသည်ကို မြင်သောအခါ စွန်းယောင်တစ်ယောက် ဝမ်းသာအားရဖြစ်သွား၏။
“ကြိုဆိုပါတယ်၊ ကြိုဆိုပါတယ်။ ငါ့ဆီမှာပဲ လာပြီး စာရင်းပေးသွင်းလိုက်ပါ။ ခင်ဗျားတို့အားလုံး SSS အဆင့်ကို အမြန်ဆုံး ရောက်ရှိနိုင်ဖို့ ခန္ဓာကိုယ် ကြံ့ခိုင်လာအောင် သေချာပေါက် ကူညီပေးပါ့မယ်။”
“ထိပ်ဆုံးအဆင့်အထိတော့ အိပ်မက်တောင် မမက်ရဲပါဘူး။ အရင်ဆုံး S အဆင့် ရောက်ဖို့ပဲ ကြိုးစားရအောင်။”
“ဟုတ်တယ်။ ဟင်းလင်းပြင်အက်ကွဲကြောင်းနဲ့ မသေမျိုးတွေရဲ့ အစွမ်းထက် တပ်ဖွဲ့တွေကို သွားပြီး မြင်တွေ့နိုင်ဖို့ လက်မှတ်တစ်စောင် အရင်ရအောင် လုပ်ရမယ်။”
“ဆေးသည်အဘိုးကြီး... မင်းတို့ တရုတ်တိုင်းရင်းဆေးခန်းက ညဘက် ဘယ်အချိန် ပိတ်လဲ။”
“ည ၁၀ နာရီပါ။ ၁၀ နာရီနောက်ပိုင်းကျရင်တော့ ဆေးပညာသင် တပည့်တွေ ဂျူတီစောင့်မှာ ဖြစ်ပါတယ်။”
စွန်းယောင်က ပြန်ဖြေလိုက်သည်။
“ငါ အခုချက်ချင်း စာရင်းသွားသွင်းလိုက်မယ်။ စောင့်နေပေးပါဦး။”
စွန်းယောင်တစ်ယောက် အနည်းငယ် မှင်တက်သွား၏။
“အဲ့လောက်တောင် စိတ်လောနေတာလား။ ကောင်းပြီ။ တရုတ်တိုင်းရင်းဆေးခန်းမှာ ငါ မင်းကို စောင့်နေမယ်။”
မကြာမီ ထိုလူသည် မဟာမိတ်ဆေးရုံ၏ တရုတ်တိုင်းရင်းဆေး ပြင်ပလူနာဌာနသို့ ရောက်ရှိလာပြီး စွန်းယောင်ထံတွင် ဆေးစစ်မှု ခံယူလိုက်တော့သည်။
ကြည့်ရှုခြင်း၊ နားထောင်ခြင်း၊ မေးမြန်းခြင်းနှင့် စမ်းသပ်ခြင်း ဟူသော ရိုးရာရောဂါရှာဖွေနည်းများဖြင့် သေသေချာချာ စစ်ဆေးပြီးနောက် စွန်းယောင်သည် သူ၏ ခန္ဓာကိုယ်အတွင်း ကွယ်ပျောက်နေသော အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါအခံကို အမှန်တကယ် ရှာဖွေတွေ့ရှိသွားပြီး သောက်သုံးရန် တရုတ်တိုင်းရင်းဆေး အချို့ကို ချိန်စပ်ပေးလိုက်သည်။
“ပြန်သွားပြီး ကိုယ့်ကိုယ်ကိုယ် သေသေချာချာ ဂရုစိုက်ပါ။ ဒါက ပြဿနာအကြီးကြီး မဟုတ်ပါဘူး။”
စွန်းယောင်က ပြုံးကာ ပြောလိုက်သည်။
“ကောင်းပြီ။ တကယ်လို့ ခင်ဗျားရဲ့ ဆေးက တကယ် အစွမ်းထက်တယ်ဆိုရင် ငါ ခင်ဗျားအတွက် အလကား ကြော်ငြာပေးမယ်။”
ထိုလူက လေးလေးနက်နက် ပြောလိုက်သည်။
အိမ်သို့ ပြန်ရောက်ပြီးနောက် ထိုလူသည် စွန်းယောင် ညွှန်ကြားထားသည့်အတိုင်း ဆေးဘက်ဝင်အပင်များကို သေသေချာချာ ကျိုချက်၍ သောက်သုံးလိုက်၏။
တစ်နာရီခန့် ကြာပြီးနောက် ထိုလူသည် သူ၏ ခန္ဓာကိုယ်အခြေအနေမှာ A အဆင့်သို့ ရုတ်တရက် ရောက်ရှိသွားကြောင်း အံ့ဩတုန်လှုပ်စွာဖြင့် ရှာဖွေတွေ့ရှိလိုက်ရတော့လေသည်။