← Chapters

အခန်း (၁၁၇၃-၁၁၇၄)

Vol. 101 Ch. 1173-1174

အခန်း (၁၁၇၃-၁၁၇၄)

Vol. 101 Ch. 1173-1174

အခန်း ၁၁၇၃

“မဟာမိတ်ခေါင်းဆောင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်က လူတိုင်း သတင်းပို့လာတဲ့ အချက်အလက်တွေအရဆိုရင် ယီရန်ပင်းရဲ့ စစ်ချီနှုန်းက အရမ်းမြန်နေတယ်။”

သူ့လက်အောက်ငယ်သားများ၏ တုံ့ပြန်ပြောကြားချက်ကို ကြားသောအခါ ရစ်စကီတစ်ယောက် နှာခေါင်းရှုံ့ကာ လှောင်ပြုံးပြုံးလိုက်၏။

“သူ ရှေ့တိုးတာ မြန်လေလေ သူ့ဆီမှာ ပစ္စည်းကောင်းတွေ ပိုရှိလေလေပဲ။ ငါတို့က သူ့နောက်ကနေ ကပ်လိုက်သွားရင် တစ်ချိန်ချိန်မှာ ပစ္စည်းကောင်းတချို့ ရရှိနိုင်လိမ့်မယ်။”

ဤနေရာတွင် ရစ်စကီက ခဏရပ်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။

“ဒါ့အပြင် သူတို့ ဘယ်လောက်ပဲ မြန်မြန် စစ်ချီနေပါစေ...ငါတို့ကိုတော့ အရမ်းကြီးကျော်သွားနိုင်မှာ မဟုတ်ဘူး။ အနည်းဆုံးတော့ သူတို့ရှေ့မှာ ပိတ်ဆို့နေတဲ့ မသေမျိုးတွေ ရှိနေသေးတာပဲ။ ငါတို့ သူတို့ကို သေချာပေါက် လိုက်မီသွားလိမ့်မယ်။”

အားလုံးကလည်း သဘောတူသည့်အနေဖြင့် ခေါင်းငြိမ့်လိုက်ကြသည်။

ဤအချိန်တွင် ရှေ့တန်းစစ်မျက်နှာရှိ မျိုးနွယ်ခြား အတော်များများမှာ ရှောင်းယီ ပံ့ပိုးပေးထားသော ဟင်းလင်းပြင် တည်ငြိမ်မှုထိန်းချုပ်ခြင်းစက်ကိရိယာများကို ရရှိထားကြပြီး ဖြစ်ကာ တည်နေရာကူးပြောင်းခြင်း အစီအရင်များကိုလည်း အောင်မြင်စွာ တည်ဆောက်ပြီးစီးသွားကြပြီ ဖြစ်ပြီး မျိုးနွယ်စု အချင်းချင်းကြား ဆက်သွယ်မှုမှာလည်း ပိုမိုနီးကပ်လာခဲ့သည်။

“ခေါင်းဆောင်ကျား အခြားမျိုးနွယ်စုတွေဆီကို လူလွှတ်ပြီး သူတို့အနေနဲ့ ခံစစ်ကို ကြံ့ကြံ့ခံထားဖို့နဲ့ အခြေအနေပေးရင် ရှေ့တိုးဖို့ အကြောင်းကြားပေးပါ။ အကယ်၍ သူတို့ဘက်က စစ်ကူလိုတယ်ဆိုရင်လည်း ကျုပ်တို့ကို ချက်ချင်း ပြောနိုင်ပါတယ်။ ကျုပ်တို့မဟာမိတ်အဖွဲ့မှာ စစ်သည်အင်အား အလုံအလောက် ရှိပါသေးတယ်။”

ရှောင်းယီက ကျားကျန့် ကို ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ။ ငါ ဟူကျဲကို အခြားမျိုးနွယ်စုတွေရဲ့ ခံစစ်ကြောင်းဆီ ချက်ချင်းသွားခိုင်းလိုက်ပါ့မယ်။”

ကျားကျန့်က ပြန်ဖြေလိုက်သည်။ ဟူကျဲသည် တာဝန်ကို လက်ခံရရှိပြီးနောက် တည်နေရာကူးပြောင်းခြင်း အစီအရင်မှတစ်ဆင့် ချက်ချင်း ထွက်ခွာသွားတော့သည်။

တစ်ချိန်တည်းမှာပင် ရှောင်းယီသည်လည်း ဆက်လက်၍ စစ်ချီနေခဲ့၏။ မသေမျိုးများသည် ဧရာမဘီလူးကြီးများနှင့် ယီရန်ပင်း မဟာမိတ်အဖွဲ့တို့၏ ပူးပေါင်းတိုက်ခိုက်မှုကို မယှဉ်နိုင်မှန်း သိထားပုံရပြီး ခုခံမှုကို ရိုးရိုးရှင်းရှင်းပင် စွန့်လွှတ်ကာ နောက်သို့သာ ဆုတ်ခွာသွားကြသည်။

ဤနေ့တွင် ရှောင်းယီနှင့် သူ၏အဖွဲ့သည် ဟင်းလင်းပြင်အက်ကွဲကြောင်းနှင့် ၁၅၀၀ ကီလိုမီတာသာ ကွာဝေးသော နေရာအထိ တိုက်ရိုက် ရှေ့တိုးနိုင်ခဲ့ကြလေသည်။

ယခုအချိန်အထိ သူတို့သည် ကြီးမားသော ခုခံမှုတစ်စုံတစ်ရာနှင့်မျှ မကြုံတွေ့ရသေးချေ။

ဟူကျဲသည်လည်း အခြားမျိုးနွယ်စုများထံမှ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်ကာ အခြားမျိုးနွယ်စုများမှာလည်း တိုးတက်မှုများစွာ ရှိနေကြပြီဖြစ်သည်။ သူတို့၏ စစ်ချီနှုန်းမှာ ရှောင်းယီလောက် မမြန်သော်လည်း ဟင်းလင်းပြင်အက်ကွဲကြောင်းနှင့် နှစ်ထောင်ကီလိုမီတာခန့်အကွာသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။

ညမှောင်ရီပျိုးစပြုလာသောအခါ ရှောင်းယီသည် အဝေးမှ အကွာအဝေးတစ်ခုကို ထိန်းထားဆဲဖြစ်သော မသေမျိုးမျိုးနွယ်စုဝင်များကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိလေသည်။

“ကျွန်းပိုင်ရှင် မင် အိမ်ပြန်ပြီး အနားယူသင့်ပြီ။ ဒီဘက်ကို ငါ စောင့်ကြည့်ထားလိုက်ပါ့မယ်။ ပြဿနာတစ်ခုခု ရှိရင် ငါ မင်းကို ချက်ချင်း ဖုန်းခေါ်လိုက်မယ်။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။ ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်သည်။

“အလှည့်ကျစနစ်နဲ့ သေသေချာချာ အနားယူကြဖို့ မှာထားလိုက်ပါ။ တာဝန်ကျတဲ့သူတွေလည်း အမြဲတမ်း သတိရှိနေကြပါစေ။”

“ဟုတ်ကဲ့။”

ကျန်းယွင်ထျန်းက အလေးပြုလိုက်သည်။

ထို့နောက် ရှောင်းယီသည် မြို့ပြန်ကျောက်ကို အသုံးပြုကာ ဗီလာသို့ ပြန်လာခဲ့သည်။ ထို့နောက် အခြား အသက်ရှင်ကျန်ရစ်သူ မဟာမိတ်အဖွဲ့ဝင်များ၏ အခြေအနေကို စစ်ဆေးရန် သူ့ဖုန်းကို ဖွင့်ကြည့်လိုက်သည်။

“ငါတို့မဟာမိတ်အဖွဲ့ ရှေးဦးဧရာမသားရဲကြီးရဲ့ လက်ချက်နဲ့ တစ်ဖွဲ့လုံး နီးပါး သုတ်သင်ခံရတော့မလို့ပဲ။”

“ဘာကြီး...။ မင်းတို့တွေ ရှေးဦးသားရဲကြီးရဲ့ တိုက်ခိုက်တာကို ခံလိုက်ရတာလား။ မင်းတို့မဟာမိတ်အဖွဲ့ထဲမှာ SSS အဆင့်ကို တက်သွားတဲ့သူ ရှိလို့လား။”

“အေး...မနေ့ကတင် အဆင့်တက်သွားတာ။ ငါတို့ကို အသက်ရှူခွင့်တောင် မပေးဘူး။”

“မင်းတို့တွေက ဘာလို့ ဒီလောက်တောင် အဆင့်တက်တာ မြန်နေကြတာလဲ။”

“ ယီရန်ပင်းသူဌေး ထောက်ပံ့ပေးထားတဲ့ အဆင့်မြင့်အစားအစာတွေက ဈေးအရမ်းချထာတယ်လေ။ နေ့တိုင်းစားနေရင်တော့ တစ်နေ့နေ့ အဆင့်တက်လာမှာပဲ။”

“စကားနဲ့ကတော့ ဟုတ်ပါရဲ့။ ငါလည်း အမြဲတမ်း စားနေတာပဲ။ ဒါပေမဲ့ အခုမှ S အဆင့်ပဲ ရှိသေးတယ်။ SSS အဆင့် ရောက်ဖို့ဆိုတာ အဝေးကြီးလိုသေးတယ်။”

“SSS အဆင့် မဖြစ်သေးတာကလည်း အားသာချက်တစ်ခုပါပဲ။ အခြားမဟာမိတ်အဖွဲ့တွေဆီက ကြားတာကတော့ အစွမ်းထက်တဲ့ ကစားသမားတစ်ယောက်က တော်ပီဒိုတွေ ပံ့ပိုးပေးထားသရွေ့ အဲ့ဒီ ရှေးဦးသားရဲကြီးကို သေချာပေါက် ဖြေရှင်းနိုင်တယ်တဲ့။ ဒါပေမဲ့ ဒီတစ်ခါတော့ ငါတို့မဟာမိတ်အဖွဲ့က အဲ့ဒီ သားရဲကြီးကြောင့် တစ်ဖွဲ့လုံး နီးပါး ပျက်စီးသွားမလို ဖြစ်ခဲ့တာ။”

“ဒီလောက်အထိလည်း ပုံကြီးချဲ့မနေစမ်းပါနဲ့။ မင်းတို့ တော်ပီဒိုတွေကို လုံးဝ အသုံးမပြုခဲ့ရင်တော့ တစ်မျိုးပေါ့။”

“သုံးတော့ သုံးတာပဲ။ ဒါပေမဲ့ အဲ့ကောင်က အရမ်းမြန်နေလိမ့်မယ်လို့ မထင်ထားမိဘူးလေ။ ဖိုရမ်ထဲမှာ ဖော်ပြထားတာတွေနဲ့ လုံးဝ တခြားစီပဲ။”

“မဖြစ်နိုင်တာ။”

“တကယ်ကို တခြားစီပဲ။ ပြီးတော့ သူ့ရဲ့ အရေခွံကလည်း အများကြီး ပိုထူတယ်။ အနည်းဆုံး တော်ပီဒို ငါးစင်းလောက်နဲ့တော့ အဲ့ကောင်ကို ဖြိုလှဲဖို့ မလုံလောက်ဘူး။”

“အဲ့လောက်တောင် သန်မာတာလား။”

၎င်းကို မြင်လိုက်ရသောအခါ ရှောင်းယီသည်လည်း ဂရုချက်ထဲသို့ မက်ဆေ့ခ်ျပို့လိုက်သည်။

“ဒါက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ပြောခဲ့တဲ့ အခြား စမ်းသပ်မှုတွေကို အရှိန်မြှင့်တင် အားဖြည့်လိုက်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ အားလုံးပဲ သတိထားကြပါ။”

“ဪ... ဒါကြောင့်ကိုး။ ငါတို့မဟာမိတ်အဖွဲ့ အရင်က ကြုံခဲ့ရတဲ့ ရှေးဦးသားရဲကြီးတွေက ဘာလို့ ဒီလောက်အထိ ကြောက်စရာမကောင်းခဲ့တာလဲလို့ စဉ်းစားနေတာ။ သူတို့ကို စွမ်းအားတိုးမြှင့်ပေးလိုက်တာကိုး။”

ရှောင်းယီက ဆက်ပြောလိုက်သည်။

“အားလုံးပဲ သတိထားရမယ်။ အရင်က ကျုပ်တို့ကြုံတွေ့ခဲ့ဖူးတဲ့ အခြားစမ်းသပ်မှုတွေလည်း ရှိလာနိုင်တယ်။ တကယ်လို့ ရှိလာခဲ့ရင်လည်း အဲ့ဒါတွေက ပိုမို အဆင့်မြှင့်တင်ထားတဲ့ ဗားရှင်းတွေ ဖြစ်နေလိမ့်မယ်။”

“သဘောပေါက်ပြီ။ ဒီနှစ်ရဲ့ အသက်ရှင်ကျန်ရစ်သူတွေကတော့ သမိုင်းတစ်လျှောက် အကြံ့ခိုင်အသန်မာဆုံး ဖြစ်ရတော့မယ် ထင်တယ်။”

“ဟုတ်ပါ့။ ငါတို့တွေ ခဏခဏ စွမ်းအားတိုးမြှင့်တာ ခံနေရတယ်။ ဒါပေမဲ့ ငါတို့က အရမ်းသန်မာနေတာဆိုတော့လည်း ဒီလိုပဲ ဖြစ်မှာပေါ့။”

“ငါကတော့ ပိုပြီး ပြင်းထန်လာတဲ့ မိုးသက်မုန်တိုင်းနဲ့ ကြုံနေရသလိုပဲ။”

“ငါတော့ ငိုချင်နေပြီ။ လေဆင်နှာမောင်းတစ်ခုက ငါတို့ကျွန်းတွေထဲက တစ်ခုကို အခုလေးတင် ဝင်တိုက်သွားတယ်။”

ထိုသတင်သကို မြင်လိုက်ရသောအခါ ရှောင်းယီသည် အန်းယွဲ့ထံသို့ ချက်ချင်း ဖုန်းခေါ်လိုက်၏။

“ဝေ... ဦးလေးအန်း ဂရုချက်ထဲက မက်ဆေ့ခ်ျတွေကို ခင်ဗျား သတိထားမိတယ်မလား။ ကျွန်းအသီးသီးမှာ ဖြစ်ပေါ်လာနိုင်တဲ့ သဘာဝဘေးအန္တရာယ်တွေကို ဂရုစိုက်ပြီး စောင့်ကြည့်ထားပေးပါ။”

“အင်း ငါ ကျွန်းခွဲအားလုံးကို သတိပေးထားပြီးပါပြီ။ အခုအချိန်အထိတော့ ချက်ထဲမှာ ပြောနေကြတဲ့ အခြေအနေမျိုးတွေနဲ့ တစ်ခုမှ မကြုံရသေးပါဘူး။”

အန်းယွဲ့က ပြန်ဖြေလိုက်သည်။ ရှောင်းယီသည် သူ၏ဘေးတွင်ရှိသော ရွှမ်းယွမ်ဓားနှင့် ကုတင်ပေါ်တွင် လှဲလျောင်းနေသော ချီလင် သားရဲလေးကို လှမ်းကြည့်လိုက်မိ၏။

ယီရန်ပင်း မဟာမိတ်အဖွဲ့အနေဖြင့် ဤကဲ့သို့ ကောင်းမွန်သော ရာသီဥတုနှင့် ငြိမ်းချမ်းမှုကို ခံစားနေရခြင်းမှာ ဤဓားနှင့် နတ်သားရဲတို့နှင့် တိုက်ရိုက် သက်ဆိုင်နေပေလိမ့်မည်။

ရှောင်းယီသည် ကုတင်ပေါ်တွင် တစ်စောင်းလှဲရင်း ဂရုချက်ထဲက မက်ဆေ့ခ်ျများကို ဆက်လက်ကြည့်ရှုနေလိုက်သည်။

“ဟားဟား...ငါ မင်းတို့ကို အကြီးကြီးတစ်ခု ပြမယ်။”

“တော်စမ်းပါ....အရမ်း မလုပ်နဲ့။ ငါတို့က တရားဝင်အဖွဲ့အစည်းနော်။ ဆိုင်ဘာရဲတွေ လာပိတ်အောင် မလုပ်နဲ့။”

“ချီး... ငါက ဒီဧရာမပစ္စည်းကြီးအကြောင်း ပြောနေတာကွ။”

ကျည်အိမ်အရှည်ကြီးပါသော လက်နက်တစ်ခု၏ ဓာတ်ပုံတစ်ပုံ ဂရုချက်ထဲသို့ ဝင်လာ၏။

“ဒါက... MP18 စက်သေနတ် မဟုတ်ဘူးလား။”

“ဟားဟားဟား...အကြောင်းသိတဲ့လူ ရှိလိမ့်မယ်ဆိုတာ ငါသိသားပဲ။ ဒါက စက်သေနတ် စစ်စစ်ပဲ။ A အဆင့်ရှိတယ်။”

“A အဆင့် စက်သေနတ်ကြီးလား။ အစ်ကိုကြီး...မင်းဆီမှာ အပိုရှိလား။ ငါ့ကို နည်းနည်းလောက် ရောင်းပေးပါဦး။”

“စိတ်မကောင်းပါဘူး။ ငါတို့က ထုတ်လုပ်မှုပုံစံသုံးစောင်ပဲ ရခဲ့တာ။ ပုံစံခွက် မဟုတ်တော့ ဘာမှလုပ်လို့မရဘူး။”

“ထုတ်လုပ်မှုပုံစံ သုံးခုတောင်လား။ ကံကောင်းလိုက်တာ။”

“ဒါက ဘာဆန်းလို့လဲ။ ငါတို့မဟာမိတ်အဖွဲ့မှာဆိုရင် AK ထုတ်လုပ်မှုပုံစံ ငါးခုတောင် ရထားတယ်။”

“မဖြစ်နိုင်တာ...။ မင်းတို့အားလုံးက အဲ့လောက်တောင် ကံကောင်းနေကြတာလား။”

“သူတို့က ကံကောင်းတာ မဟုတ်ဘူး။ မင်းကိုက ကံဆိုးနေတာ။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က မသေမျိုးတွေရဲ့ စွမ်းအားကို မြှင့်တင်ပေးထားကတည်းက ငါတို့ကို လက်နက်ကောင်းတွေ ရနိုင်မယ့် အခွင့်အရေးကိုလည်း တိုးပေးထားမှာပဲ။ မဟုတ်ရင် ဒီတိုက်ပွဲကို ငါတို့ လုံးဝ တိုက်နိုင်မှာ မဟုတ်တော့ဘူးလေ။”

“ဒါဆို အခွင့်အရေးတွေ တိုးလာတာတောင် ငါက လက်နက်ကောင်းတစ်ခုမှ မရသေးဘူးဆိုတော့ ငါ တကယ်ပဲ ကံဆိုးနေတာ ထင်တယ်။”

အသက်ရှင်ကျန်ရစ်သူ အများစု လက်နက်ကောင်းများ ရရှိထားကြသည်ကို မြင်သောအခါ ရှောင်းယီသည် အန်းယွဲ့ထံသို့ မက်ဆေ့ခ်ျတစ်စောင် မပို့ဘဲ မနေနိုင်ဖြစ်သွားခဲ့ရ၏။

“ဦးလေးအန်း ကျုပ်တို့ ထောက်ပံ့ရေးသေတ္တာတွေထဲက ဘာလက်နက်တွေ ရခဲ့သေးလဲ။”

“တကယ်လို့ ငါ ဘာမှမရဘူးလို့ ပြောရင် မင်း ယုံမလား။”

အန်းယွဲ့က ထိုသို့ပြန်ဖြေရာတွင် သူ၏ စိတ်ပျက်လက်ပျက်ဖြစ်မှုများက စကားလုံးများထဲ၌ပင် ထင်ဟပ်နေခဲ့သည်။

“ယုံတာပေါ့။ ဘာလို့ မယုံရမှာလဲ။ ဒီကိစ္စရဲ့ နောက်ကွယ်ကလူက ကျုပ်တို့ရဲ့ လက်နက်တွေက အတော်လေး အားကောင်းနေပြီဆိုတာ သိလို့ ကျုပ်တို့ကို လက်နက်တွေ ထပ်မပေးဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ပုံပဲ။”

ရှောင်းယီက ခေါင်းခါရင်း စာပြန်ပို့လိုက်သည်။

“ဟုတ်တယ်။ အခြားမဟာမိတ်အဖွဲ့တွေ လက်နက်ပုံစံတွေ ဆက်တိုက်ရနေတာကို ကြည့်ပြီး ငါ အရမ်းအားကျမိတယ်။ ဒါပေမဲ့ ဘာမှတတ်နိုင်ဘူး။ ငါတို့ကတော့ လုံးဝကို ရမလာဘူး။”

အန်းယွဲ့က ဆက်ပြောလိုက်၏။ ရှောင်းယီ အနည်းငယ် စဉ်းစားလိုက်ပြီးနောက် မက်ဆေ့ခ်ျကို ဆက်ပို့လိုက်သည်။

“ရပါတယ်။ ကျုပ်တို့တွေ စောဒကတက်လို့ မဖြစ်ဘူးလေ။ ကျုပ်တို့ အခုရှိနေတဲ့ လက်နက်တွေနဲ့တင် တကယ်ကို ကံကောင်းနေပါပြီ။”

“အင်း။”

“အနားယူလိုက်ပါဦး။ မနက်ဖြန်ကျရင် ထောက်ပံ့ရေးသေတ္တာကနေ ကျုပ်တို့ကို အံ့ဩစရာအကြီးကြီးတစ်ခု ပေးချင်ပေးမှာပေါ့။”

ဂရုချက်ထဲတွင်မူ သူတို့ရရှိထားသော အဆင့်မြင့်လက်နက်များအကြောင်းကို ဆက်လက်ပြောဆိုနေကြဆဲဖြစ်ပြီး ထိုလက်နက်များသည်လည်း ပိုမိုခေတ်မီပြီး အဆင့်မြင့်လာသည်ဟု ဆိုကြသည်။

ရှောင်းယီသည် ဖုန်းပိတ်ကာ အနားယူရန် ပြင်ဆင်လိုက်ပြီး ယနေ့ညတွင် မသေမျိုးများ လာရောက်တိုက်ခိုက်ခြင်း ရှိ၊ မရှိကို ခဏကြာအောင် တွေးတောနေမိရင်း အိပ်ပျော်သွားခဲ့သည်။

“ဒေါက်...ဒေါက်...ဒေါက်..”

ရှောင်းယီတစ်ယောက် တံခါးခေါက်သံကြောင့် လန့်နိုးလာ၏။ သူ မည်မျှလောက် အိပ်ပျော်သွားသည်ကိုပင် မသိလိုက်ချေ။

“ကျွန်းပိုင်ရှင် မသေမျိုးတွေ ရှေ့တန်းကနေ စတင်တိုက်ခိုက်လာပါပြီ။”

တံခါးအပြင်ဘက်မှ ဆုဝမ်၏အသံ ထွက်ပေါ်လာခဲ့သည်။

အခန်း ၁၁၇၄

“ကောင်းပြီ။ ငါ အခုချက်ချင်း လာခဲ့မယ်။”

ရှောင်းယီက ချက်ချင်း ပြန်ဖြေလိုက်ပြီးနောက် မြို့ပြန်ကျောက်ကို အသုံးပြုကာ အိပ်ခန်းထဲမှ ပျောက်ကွယ်သွားခဲ့သည်။

ရှေ့တန်းစစ်မျက်နှာပြင်သို့ ရောက်ရှိလာသောအခါ အမြောက်သံများ မြည်ဟိန်းနေပြီး လေထုထဲတွင် ဖုံးလွှမ်းနေခဲ့သည်။

ရှောင်းယီသည် ကျန်းယွင်ထျန်းနားသို့ လျှောက်သွားပြီး မေးလိုက်သည်။

“အခြေအနေ ဘယ်လိုရှိလဲ။”

“မသေမျိုးတွေက အခုလေးတင်မှ စတင်တိုက်ခိုက်လာတာ။ ဒါပေမဲ့ အခုအချိန်အထိတော့ သူတို့ကို တားဆီးထားနိုင်ဆဲပဲ။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။ ရှောင်းယီ ခေါင်းငြိမ့်လိုက်ပြီး မှန်ပြောင်းကို ကောက်ကိုင်ကာ ရှေ့သို့ လှမ်းကြည့်လိုက်သည်။

ယခုအချိန်သည် မနက် တစ်နာရီ ရှိနေပြီဖြစ်သည်။ ထူထပ်လှသော တိမ်တိုက်များက လမင်းကို ဖုံးကွယ်ထားသဖြင့် အမည်းရောင်အရိုးစုများကို ခွဲခြားရန် အလွန်ခက်ခဲနေပြီး ၎င်းတို့သည် မှောင်မိုက်၍ ဖိနှိပ်ချုပ်ချယ်မှု ပေးစွမ်းနိုင်သော အမည်းရောင် ပုံသဏ္ဌာန်ကြီးတစ်ခုအသွင် ဖြစ်ပေါ်နေခဲ့သည်။

သို့သော် ရှေ့တန်းခံစစ်တွင် ရှာဖွေရေးမီးမောင်းကြီးများ တပ်ဆင်ထားသဖြင့် လရောင်မရှိသော်လည်း ထိုအမည်းရောင်အရိုးစုများသည် ခံစစ်ကြောင်း၏ တစ်ကီလိုမီတာအတွင်းသို့ ရောက်ရှိလာသည်နှင့် ချက်ချင်း သိရှိနိုင်ပေသည်။

မသေမျိုးများ၏ တိုက်ခိုက်မှုမှာ တစ်နာရီခန့်သာ ကြာမြင့်ခဲ့၏။ ယီရန်ပင်း မဟာမိတ်အဖွဲ့၏ ခံစစ်ကို မဖောက်ထွင်းနိုင်မှန်း သူတို့ သဘောပေါက်သွားပုံရပြီး နောက်သို့ ဆုတ်ခွာသွားကြတော့သည်။

“သူတို့တွေ ညဘက်မှာ ခိုးဝင်တိုက်ခိုက်ဖို့ ကြံစည်ထားပုံပဲ။”

ကျန်းယွင်ထျန်းက ပြုံးကာ ပြောလိုက်၏။ ရှောင်းယီသည်လည်း ခေါင်းအနည်းငယ် ငြိမ့်လိုက်မိသည်။

“ကောင်းပြီ။ မင်း ပြန်နားလိုက်တော့။ ဒီဘက်ကို ငါ စောင့်ကြည့်ထားလိုက်မယ်။”

“ကောင်းပြီ။”

ကျန်းယွင်ထျန်းသည်လည်း အားနာမနေတော့ဘဲ မြို့ပြန်ကျောက်ကို အသုံးပြုကာ ဗီလာသို့ ပြန်သွားလိုက်တော့သည်။

ထိုအချိန်တွင် ဟူကျဲသည် ရှေ့တန်းမှ ပြေးဝင်လာပြီး ရှောင်းယီ ရှိနေသည်ကို မြင်သောအခါ မေးလိုက်သည်။

“ကျွန်းပိုင်ရှင် ဘာကိစ္စရှိလို့ ဒီကို ရောက်လာတာလဲ။”

“ဘာလဲ...ငါက ဒီကို လာလို့မရဘူးလား။”

ရှောင်းယီက ပြုံးကာ ပြန်မေးလိုက်၏။

“မဟုတ်ပါဘူး။ ကျုပ်ဆိုလိုတာက ကျွန်းပိုင်ရှင်အနေနဲ့ ဒီမှာ စောင့်ကြည့်နေဖို့ လုံးဝမလိုအပ်ပါလေ။ အိမ်ပြန်ပြီး သေသေချာချာ အနားယူသင့်တယ်။”

ဟူကျဲက ပြုံးကာ ပြန်ဖြေလိုက်သည်။ ရှောင်းယီက ခေါင်းခါပြီး စကားလမ်းကြောင်းလွှဲလိုက်သည်။

“မင်း ကိစ္စရှိတစ်ခုခုလို့ ရောက်လာတာလား။”

“ဟုတ်တယ်။ အခြားမျိုးနွယ်စုတွေရဲ့ ခံစစ်ကြောင်းတွေက ပိုပြီး ခက်ခဲတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရလောက်တယ်။ ကျုပ် သူတို့ကို သွားပြီး စစ်ကူပေးချင်လို့ပါ။ အခု မသေမျိုးတွေကို မောင်းထုတ်လိုက်နိုင်ပြီဆိုတော့ သူတို့ ခဏတဖြုတ်တော့ ပြန်လာဦးမှာ မဟုတ်ဘူး။ တကယ်လို့ လာရင်တောင် ကျုပ်တို့ ဧရာမဘီလူးကြီးတွေ ဝင်ပါဖို့ လိုမှာမဟုတ်တော့ အခြားခံစစ်ကြောင်းတွေကို သွားကူညီဖို့ အခွင့်အရေး ရှိပါတယ်။”

ဟူကျဲက သုံးသပ်ပြလိုက်သည်။

“ကောင်းပြီ။ ငါ သဘောတူတယ်။ မင်း သွားလိုက်ပါ။ ဒါပေမဲ့ မနက်ဖြန် မနက် ၇ နာရီ တိတိမှာ မနက်စာစားဖို့ အရောက်ပြန်လာခဲ့။ ပြီးရင် ငါတို့ ဆက်ပြီးရိတ်သိမ်းကြမယ်။”

“ဟုတ်ကဲ့။”

“သတိထားပါ။ ဘေးကင်းလုံခြုံရေးက ပထမပဲ။”

ထိုစကားကိုကြားသောအခါ ဟူကျဲ၏ ကိုယ်ထည်ကြီးသည် အနည်းငယ် တောင့်တင်းသွားပြီးနောက် ပြုံးကာ ပြောလိုက်သည်။

“စိတ်မပူပါနဲ့။ ကျုပ်တို့ ဝတ်ထားတဲ့ ကာကွယ်ရေးဝတ်စုံတွေနဲ့ဆိုရင် ဘယ်မသေမျိုးကမှ ကျုပ်တို့ကို ဒဏ်ရာရအောင် မလုပ်နိုင်ပါဘူး။”

ထို့နောက် ဟူကျဲသည် ဘီလူးကြီးများကို ဦးဆောင်ကာ ထွက်ခွာသွားခဲ့တော့သည်။

ရှောင်းယီသည်လည်း အဝေးပြေးကုန်တင်လေယာဉ်ကြီး အတွင်းရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် ထိုင်ချလိုက်၏။ ဤနေရာတွင် ဖုန်းလိုင်းမမိသဖြင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့်သာ မက်ဆေ့ခ်ျများကို လက်ခံရရှိနိုင်ပေသည်။

ထိုအချိန်တွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိ ယီထျန်းဂရုထဲတွင် တစ်ယောက်ယောက်က စကားစပြောလာခဲ့သည်။

“မသေမျိုးတွေက ညဘက် မတိုက်ခိုက်လောက်ဘူးလို့ ထင်နေတာ။ ဒါပေမဲ့ ရုတ်တရက်ကြီး လှိုင်းလုံးတွေလို အလုံးအရင်းနဲ့ ဝင်တိုက်လာလို့ ငါတောင် မနည်း ခုခံလိုက်ရတယ်။”

“အားလုံးပဲ သတိထားကြပါ။ မသေမျိုးတွေ ဘယ်လို တိုက်ခိုက်လာမလဲဆိုတာ ဘယ်သူမှ ကြိုမသိနိုင်ဘူး။ အရာရာမှာ သတိရှိတာ အကောင်းဆုံးပဲ။”

“ဟုတ်တယ်။ ဒါနဲ့ ခင်ဗျားတို့က ဘာလို့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်မှာ စကားပြောနေကြတာလဲ။ ဖုန်းတွေက ပိုပြီး အဆင်မပြေဘူးလား။”

“ဖုန်းက သုံးလို့ကောင်းတာတော့ မှန်ပါတယ်။ ဒါပေမဲ့ အားသွင်းဖို့ လိုတယ်လေ။ အခုလောလောဆယ်တော့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်နဲ့ပဲ အဆင်ပြေအောင် လုပ်နေရတာပေါ့။”

ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ ယီထျန်းဂရု၏ စကားဝိုင်းမက်ဆေ့ခ်ျအချို့ကို လှမ်းကြည့်လိုက်ပြီးနောက် စိတ်ထဲမှ ရေရွတ်လိုက်သည်။

“စနစ် လက်မှတ်ထိုးဝင်မယ်။”

“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသည့်ဆုလာဘ် - M134 အမြန်ပစ် စက်သေနတ်ကြီး ပုံစံခွက် (SSS အဆင့်) ၁။”

ရှောင်းယီ အနည်းငယ် မှင်တက်သွားခဲ့၏။

“စက်သေနတ် ပုံစံခွက်တစ်ခု ထပ်ထွက်လာပြန်ပြီပဲ။ ဒါပေမဲ့ နာမည်မှာ ‘အမြန်ပစ်’ လို့ ပါနေတာကို ကြည့်ရင် သူ့ရဲ့ ပစ်ခတ်မှုနှုန်းက သာမန် စက်သေနတ်တွေထက် ပိုပြီး မြန်ဆန်ရမယ်။”

ထိုသို့ တွေးတောရင်း ရှောင်းယီသည် ထိုပုံစံခွက်ကို စနစ်သိုလှောင်ခန်းထဲမှ တိုက်ရိုက်ထုတ်ယူကာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် အသုံးပြုလိုက်တော့သည်။

အမှန်စင်စစ် ၎င်းကို ဤကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် ချက်ချင်း ထုတ်လုပ်၍မရနိုင်ပေ။ အကြောင်းမှာ မဟာမိတ်အဖွဲ့အတွင်းမှ ကုန်ကြမ်းများကို လဲလှယ်ယူခြင်းမပြုပါက ရှေ့တန်းစစ်မျက်နှာပြင်တွင် ကြိုတင်ပြင်ဆင်ထားသော ကုန်ကြမ်းပစ္စည်းများ မရှိသောကြောင့်ပင်။

ရှောင်းယီသည် ထိုင်ရာမှထကာ အပြင်သို့ထွက်သွားပြီး မှန်ပြောင်းကိုထုတ်၍ အဝေးရှိ မသေမျိုးများကို ဆက်လက်အကဲခတ်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ငါးနာရီခန့် ကုန်ဆုံးသွားခဲ့သည်။ အဖြူရောင်အလင်းတန်းတစ်ခု လက်ခနဲဖြစ်သွားပြီး ကျန်းယွင်ထျန်းတစ်ယောက် ပါးစပ်ထဲတွင် ပေါင်မုန့်တစ်ချပ်ကို ကိုက်လျက် အဝေးပြေးကုန်တင်လေယာဉ်ကြီးအတွင်း၌ ပေါ်လာခဲ့လေသည်။

“မင်းကတော့ စောစောစီးစီး ရောက်လာတော့တာပဲ။”

ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။

“ကျွန်းပိုင်ရှင်ကကော ရှေ့တန်းကအခြေအနေကို စိတ်မပူဘူးလား။”

ကျန်းယွင်ထျန်းက ပြန်ပြောလိုက်သည်။ ရှောင်းယီက သူ့ကို အထက်အောက် စုန်ဆန်ကြည့်လိုက်၏။

“မင်း မနက်ခင်း စာဖတ်ရမှာကို ရှောင်ချင်လို့ ရောက်လာတာလို့ ငါတော့ ထင်တာပဲ။”

ထိုစကားကို ကြားရသောအခါ ကျန်းယွင်ထျန်းတစ်ယောက် ရှုံ့မဲ့သွားနော့သည်။

“ကျွန်းသခင်ပိုင်ရှင်ရာ...ငါ တကယ် စာမဖတ်နိုင်ဘူး။ ငါ စာအုပ် ဖွင့်လိုက်တာနဲ့ ချက်ချင်း အိပ်ငိုက်လာတာပဲ။”

“ဒါလည်း မရဘူး။ မင်း စားပြီးရင် ဒီမှာပဲ စာထိုင်ဖတ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ငါတို့ ဒီကိစ္စကို ညှိနှိုင်းလို့မရတော့ဘူးလား။”

ကျန်းယွင်ထျန်းတစ်ယောက် ဈေးစစ်ရန် ကြိုးစားကြည့်လိုက်၏။

“ညှိနှိုင်းချင်ရင် အဲ့ဒီ လက်နက်အသစ်ကို လုံးဝ မကိုင်ရဘူး။”

ရှောင်းယီက မျက်လုံးတစ်ချက်ဝှေ့ကာ ပြောလိုက်သည်။

“လက်နက်အသစ် နောက်တစ်ခု ရှိလာပြန်ပြီလား။ အဲ့ဒါ ဘာလဲ။ ငါကို ပြပါဦး။”

ကျန်းယွင်ထျန်းတစ်ယောက် ချက်ချင်း စိတ်ဝင်စားသွား၏။

“မင်း စာမဖတ်ဘူးဆိုရင် လက်နက်အသစ်ကို မြင်ရဖို့ ဆုတောင်းလိုက်တော့။”

“မဟုတ်တာ ကျွန်းပိုင်ရှင်... ငါ ဖတ်ပါ့မယ်။ ငါ ဖတ်ပါ့မယ်ကွာ...ရပြီလား။”

ကျန်းယွင်ထျန်းတစ်ယောက် မျှော်လင့်ချက်ကင်းမဲ့စွာ ပြောလိုက်၏။

“ငါ နေ့တိုင်း နာရီဝက် စာဖတ်မယ်လို့ ကတိပေးတယ်...။”

ရှောင်းယီက မျက်ခုံးတစ်ချက် ပင့်ပြလိုက်သည်။ ကျန်းယွင်ထျန်းက ချက်ချင်း စကားပြင်ပြောလိုက်ရသည်။

“တစ်နာရီ...ဆိုရင် အဆင်ပြေလား။”

“အင်း... အဲ့ဒါမှ ဟုတ်သေးတယ်။ မနက်တိုင်း ဒီမှာ တစ်နာရီ မပျက်မကွက် စာဖတ်ရမယ်။”

ရှောင်းယီက ပြောလိုက်သည်။

“အခု ငါ မနက်စာသွားစားလိုက်ဦးမယ်။”

“ကောင်းပါပြီ။ လက်နက်အသစ်ကို မမေ့နဲ့ဦးနော်။”

ကျန်းယွင်ထျန်းက လှမ်းသတိပေးလိုက်၏။

ရှောင်းယီသည်မူ အဖြူရောင်အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး ထိုနေရာမှ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ကျန်းယွင်ထျန်းသည် ၎င်း၏အိတ်ကပ်ထဲမှ စာအုပ်တစ်အုပ်ကို ထုတ်လိုက်ရာ အမူအရာမှာ သူရဲကောင်းတစ်ယောက် စစ်မြေပြင်တွင် အသက်စွန့်ရတော့မည့်အတိုင်း ဖြစ်နေပြီး ပထမဆုံး စာမျက်နှာကို လှန်လိုက်တော့သည်။

ဗီလာသို့ ပြန်ရောက်၍ မနက်စာစားပြီးနောက် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် M134 အမြန်ပစ် စက်သေနတ်ကြီးကို ချက်ချင်း စတင်ထုတ်လုပ်လိုက်တော့သည်။

အမြန်ပစ် စက်သေနတ်ကြီး အလက်တစ်ရာ ထုတ်လုပ်ပြီးနောက် ရှောင်းယီသည် ရပ်နားလိုက်ပြီး ရှေ့တန်းစစ်မျက်နှာပြင်သို့ ပြန်လာခဲ့လိုက်သည်။

ရှောင်းယီ ပေါ်လာသည်ကို မြင်လျှင်မြင်ချင်း ကျန်းယွင်ထျန်းတစ်ယောက် အနားသို့ ချက်ချင်းတိုးလာပြီး မေးတော့သည်။

“ကျွန်းပိုင်ရှင် လက်နက်အသစ် ဘယ်မှာလဲ။”

“ဘာလက်နက်အသစ်လဲ။ မင်း စာဖတ်လို့ ပြီးပြီလား။”

ရှောင်းယီက ပြန်မေးလိုက်၏။ ကျန်းယွင်ထျန်းက သူ့ဖုန်းကို ချက်ချင်းထုတ်ပြကာ ပြောလိုက်သည်။

“ငါ ၆ နာရီ တိတိကတည်းက စဖတ်တာ။ အခု ၇ နာရီ ၁ မိနစ် ရှိနေပြီ။ ဆိုလိုတာက အပိုအလိုမရှိ တစ်နာရီ တိတိ ပြည့်သွားပြီ။”

ရှောင်းယီ ခေါင်းငြိမ့်ပြလိုက်သည်။

“ဒါဆိုရင် မင်း တကယ် စာဖတ်၊ မဖတ် သိရအောင် ငါ မင်းကို မေးခွန်းအချို့ မေးရမယ်။”

“အား...ကျွန်းပိုင်ရှင် ဒါကြီးက မလိုအပ်ဘူးမလား။”

ကျန်းယွင်ထျန်းက ရှုံ့မဲ့ကာ ပြောလိုက်သည်။

“သေချာပေါက် လိုအပ်တာပေါ့။”

ရှောင်းယီက ပြောပြောဆိုဆိုဖြင့် မေးခွန်းများကို အမှန်တကယ် စတင်မေးမြန်းတော့လေသည်။

ကျန်းယွင်ထျန်းသည် စာဖတ်ခြင်းနှင့် စာလေ့လာခြင်းကို မုန်းတီးသော်လည်း SSS အဆင့် ကစားသမားတစ်ဦးဖြစ်သဖြင့် သူ၏ မှတ်ဉာဏ်စွမ်းရည်မှာ အထူးကောင်းမွန်လှပေသည်။

သူသည် ရှောင်းယီမေးသော မေးခွန်းများကို ချောချောမွေ့မွေ့ ပြန်လည်ဖြေကြားနိုင်ခဲ့သည်။

“ဘယ်လိုလဲ ကျွန်းပိုင်ရှင်။ မဆိုးဘူး မဟုတ်လား။”

ကျန်းယွင်ထျန်းက ဝမ်းသာအားရ ပြောလိုက်၏။ ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်ပါသည်။

“အဆင်ပြေပါတယ်။ ဒါပေမဲ့ နောက်တစ်ကြိမ်ကျရင် မင်းရဲ့ နားလည်သဘောပေါက်မှုကို ငါ စမ်းသပ်မယ်။ အလွတ်ကျက်မှတ်ရုံသက်သက်ကတော့ မင်းအတွက် လွယ်လွန်းတယ်။”

“မလုပ်ပါနဲ့ ကျွန်းပိုင်ရှင် ငါ့လို ဘိတ်ချီးကျောင်းသားတစ်ယောက်အတွက် အလွတ်ကျက်ရတာက ကောင်းကင်ပေါ်တက်ရသလို ခက်ခဲတယ်ဆိုတာ နားလည်ပေးပါ။ ဒါ့အပြင် ဒီစာတွေက အရမ်းဆန်းကြယ်ပြီး နားလည်ရခက်လွန်းတယ်။”

ကျန်းယွင်ထျန်းတစ်ယောက် ညည်းတွားတော့လေသည်။ ရှောင်းယီ မျက်ခုံးပင့်လိုက်သည်။

“မင်း လက်နက်သုံးစွဲပုံတွေကို လေ့လာတုန်းက စိုက်ထုတ်ခဲ့တဲ့ ကြိုးစားအားထုတ်မှုရဲ့ တစ်သောင်းပုံ တစ်ပုံလောက်ပဲ စိုက်ထုတ်ရင်တောင် ဒါကို နားလည်သွားလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် ကန့်သတ်မထားစမ်းပါနဲ့။”

“ဟုတ်ကဲ့ပါ...။”

ကျန်းယွင်ထျန်းတစ်ယောက် မျှော်လင့်ချက်ကင်းမဲ့သွားတော့သည်။ ထို့နောက် သူသည် ချက်ချင်းပင် ပြန်လည်စိတ်လှုပ်ရှားလာ၏။

“လက်နက်အသစ်က ဘယ်မှာလဲ။ ငါ့ကို ပြပါဦး။”

“မင်း စိတ်လောနေလိုက်တာကို ကြည့်စမ်း။”

ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ လျှောက်သွားပြီး သူ ခုနကတင် ထုတ်လုပ်ထားသော အမြန်ပစ် စက်သေနတ်ကြီးများကို လဲလှယ်ထုတ်ယူလိုက်တော့သည်။

All Chapters