← Chapters

အခန်း (၁၁၇၅-၁၁၇၆)

Vol. 101 Ch. 1175-1176

အခန်း (၁၁၇၅-၁၁၇၆)

Vol. 101 Ch. 1175-1176

အခန်း ၁၁၇၅

မကြာမီ မော်တော်ယာဉ်အစီးလိုက် တပ်ဆင်ထားသော M134 အမြန်ပစ် စက်သေနတ်ကြီးများသည် အဝေးပြေးကုန်တင်လေယာဉ်ကြီး၏ ကာဘင်ခန်းအတွင်း၌ စီတန်းလျက် ပေါ်ထွက်လာခဲ့သည်။

ထိုစက်သေနတ်ကြီးများကို မြင်လျှင်မြင်ချင်း ကျန်းယွင်ထျန်းသည် သုံးရက်တိုင်တိုင် ထမင်းငတ်နေသော လူတစ်ယောက် အစားအစာကို မြင်လိုက်ရသည့်အလား ဝမ်းသာအားရ ပြေးကပ်သွားတော့သည်။

“ဒါ M134 အမြန်ပစ် စက်သေနတ်ကြီးပဲ။ လန်းလိုက်တာ။ ဒါနဲ့ဆိုရင် ငါတို့ ရှေ့တိုးရတာ အများကြီး ပိုလွယ်သွားပြီ။”

ကျန်းယွင်ထျန်းက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်ရေရွတ်လိုက်သည်။

“ကောင်းပြီ... အတန်းခေါင်းဆောင်ကြီး ဒီစက်သေနတ်အကြောင်းကို နည်းနည်းလောက် မိတ်ဆက်ပေးပါဦး။”

ရှောင်းယီက ဘေးမှနေ၍ ပြောလိုက်သည်။ ကျန်းယွင်ထျန်းသည် လျင်မြန်ပစ် စက်သေနတ်ကြီးကို ပွတ်သပ်ရင်း မိတ်ဆက်ပေးလိုက်သည်။

“အကယ်၍ M134 အမြန်ပစ် စက်သေနတ်ကြီးဆိုတဲ့ နာမည်က မင်းအတွက် စိမ်းနေရင် သူ့ရဲ့ နောက်ထပ် နာမည်တစ်ခုကို ငါ ပြောပြမယ်။ အဲ့ဒါက ‘ဂတ်တလင်’ ပဲ။”

ရှောင်းယီ အနည်းငယ် မှင်တက်သွား၏။ စနစ်၏ အသိပေးချက်တွင် အခြားသော အချက်အလက်များကို ဖော်ပြထားသော်လည်း ဤပစ္စည်းက ဂတ်တလင်စက်သေနတ်ကြီး ဖြစ်နေမှန်း သူ တကယ်မသိခဲ့ချေ။

“ဒါက ဂတ်တလင်သေနတ်ကြီးလား။”

ရှောင်းယီက အံ့ဩတကြီး မေးလိုက်သည်။ ကျန်းယွင်ထျန်းက ခေါင်းငြိမ့်ပြလိုက်သည်။

“ဒါက ပုံစံပြောင်းလဲမွမ်းမံထားတဲ့ ဂတ်တလင်စက်သေနတ်ပဲ။ သေနတ်ကိုယ်ထည်သက်သက်တင် ၁၅.၉ ကီလိုဂရမ် လေးပြီး မော်တာနဲ့ ကျည်ကျွေးစနစ်တွေပါ ပေါင်းလိုက်ရင် စုစုပေါင်း ၂၆ ကီလိုဂရမ် လေးတယ်။ သေနတ်ရဲ့ အလျားက...”

ကျန်းယွင်ထျန်းသည် ထိုစက်သေနတ်ကြီး၏ အချက်အလက်များကို အလွတ်ရနေသည့်အတိုင်း တစ်ခုချင်းစီ ရွတ်ပြနေတော့သည်။

“ဒီစက်သေနတ်ရဲ့ သီအိုရီအရ ပစ်ခတ်မှုနှုန်းက တစ်မိနစ်ကို ကျည်ဆန်အချက်ရေ ၆၀၀၀ တောင်ရှိပြီး ပစ်ခတ်နိုင်တဲ့ အကွာအဝေးကလည်း မီတာ ၂၀၀ ကနေ ၃၅၀၀ အထိ ရှိတယ်။”

ကျန်းယွပင်ထျန်းက အရေးကြီးဆုံး ကိန်းဂဏန်းနှစ်ခုကို နောက်ဆုံးတွင် ထုတ်ဖော်ပြောကြားလိုက်သည်။

“ဒါပေမဲ့ ဒီကမ္ဘာမှာတော့ ပစ်ခတ်မှုနှုန်းနဲ့ အကွာအဝေးက ပိုပြီး ကောင်းမွန်အောင် အဆင့်မြှင့်တင်ထားမှာ သေချာတယ်။ ဒါပေမဲ့ အနည်းဆုံးတော့ ဒီအခြေခံအချက်အလက်တွေက ကျန်ရှိနေဦးမှာပဲ။”

ကျန်းယွင်ထျန်းက ထပ်လောင်းပြောကြားလိုက်သည်။

“နောက်ဆုံးတော့ ဒါကို သတ္တုမုန်တိုင်း လို့ ခေါ်လို့ရပြီပေါ့။”

“ဒါဆို ငါတို့ ဘာကို စောင့်နေဦးမှာလဲ။ အခုချက်ချင်း ရှေ့တိုးကြစို့။”

ကျန်းယွင်ထျန်းသည် ထိုအမြန်ပစ် စက်သေနတ်ကြီးကို စစ်မြေပြင်တွင် အသုံးပြုရန် အလွန် စိတ်လောနေပြီ ဖြစ်သည်။

“မလောပါနဲ့ဦး။ ဧရာမဘီလူးကြီးတွေ ပြန်မရောက်သေးဘူး။”

ရှောင်းယီက ဂတ်တလင်စက်သေနတ်ကြီးကို ပွေ့ပိုက်ပြီး အပြင်သို့ ပြေးထွက်ရန် ပြင်နေသော ကျန်းယွင်ထျန်းကို လှမ်းဆွဲကာ ပြောလိုက်သည်။

“ဟမ်... ဘီလူးကြီးတွေက ဘယ်သွားကြလို့လဲ။”

ကျန်းယွင်ထျန်းက ဝေခွဲမရစွာဖြင့် မေးလိုက်သည်။

“အဲ့ဒီနောက်ပိုင်း မသေမျိုးတွေ ထပ်လာပြီး တိုက်ခိုက်သေးလို့လား။”

“မဟုတ်ပါဘူး။ ငါတို့ မသေမျိုးတွေကို မောင်းထုတ်ပြီးတဲ့နောက်မှာ အခြား မျိုးနွယ်စုတွေအနေနဲ့ မသေမျိုးတွေရဲ့ ပုန်းလျှိုးကွယ်လျှိုး ခိုးဝင်တိုက်ခိုက်မှုကို ရင်ဆိုင်ဖို့ ခက်ခဲလိမ့်မယ်လို့ ဧရာမဘီလူးကြီးတွေက တွေးမိလို့ သွားပြီး စစ်ကူပေးကြတာ။ ငါ သူတို့နဲ့ ချိန်းထားတဲ့ အချိန်အရဆိုရင် အခုလောက်ဆို ပြန်ရောက်သင့်နေပြီ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။ ကျန်းယွင်ထျန်းက ခေါင်းငြိမ့်ကာ ဘေးတွင် ဝင်ထိုင်လိုက်ပြီး ဂတ်တလင်စက်သေနတ်ကြီးကို ပွတ်သပ်ကာ ထပ်တလဲလဲ ကြည့်ရှုနေတော့သည်။

“ငါကြည့်ရသလောက်တော့ မင်းရဲ့ အမူအရာက နည်းနည်း ကျပ်မပြည့်လိုပဲ။”

ရှောင်းယီက ကျန်းယွင်ထျန်း၏ လုပ်ရပ်ကို ကြည့်ကာ ပြောလိုက်သည်။

“စစ်မြေပြင်မှာဆိုရင် ငါ့ရဲ့ သေနတ်က ငါ့ရဲ့ အစစ်မှန်ဆုံး သူငယ်ချင်းပဲ။ ငါ အခု သူ့နဲ့ သံယောဇဉ် တည်ဆောက်နေတာ။”

ကျန်းယွင်ထျန်းက ခပ်တည်တည်ဖြင့် ပြန်ဖြေလိုက်သည်။ ရှောင်းယီ တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်း ထသွားခဲ့ပြီး အပြင်သို့ ထွက်လာခဲ့လိုက်တော့သည်။

“ဘီလူးကြီးတွေ အခုထိ ပြန်မရောက်သေးပါလား။ တစ်ခုခု ပြဿနာဖြစ်လို့များလား။”

ရှောင်းယီတစ်ယောက် အစီအရင်ကို ကြည့်ရင်း ရေရွတ်လိုက်သည်။

ထိုအချိန်မှာပင် အစီအရင်ပေါ်၌ အဖြူရောင်အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီး ဘီလူးကြီးများ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာခဲ့သည်။

ဟူကျဲက ရှောင်းယီ လျှောက်လာသည်ကို မြင်သောအခါ ပြောလိုက်သည်။

“ကျုပ်တို့ နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်။”

“ကိစ္စမရှိပါဘူး။ ပြဿနာတစ်ခုခု ကြုံခဲ့ရလို့လား။”

ရှောင်းယီက မေးလိုက်သည်။

“မဟုတ်ပါဘူး၊။ ကျုပ်တို့ ခံစစ်ကြောင်း အတော်များများကို ပတ်ပြီး ကူညီပေးခဲ့ရလို့ အချိန်နည်းနည်း ကြာသွားတာပါ။”

ဟူကျဲက ပြန်ဖြေလိုက်သည်။

“ဒါဆိုလည်း အဆင်ပြေပါတယ်။ အမြန်သွားပြီး မနက်စာ စားကြချေ။ မနက်စာစားပြီးတာနဲ့ ငါတို့ ချက်ချင်း ရှေ့တိုးရမယ်။”

ရှောင်းယီက ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ။”

ဟူကျဲသည် ဘီလူးကြီးများကို ခေါ်ဆောင်ကာ မနက်စာစားရန် ထွက်သွား၏။

ထိုအချိန်တွင် မသေမျိုးမျိုးနွယ်စု၏ အကြီးအကဲများသည် ဟင်းလင်းပြင်အက်ကွဲကြောင်း တည်ရှိရာနေရာနှင့် ပတ်သက်၍ ရှေ့တန်းမှ တုံ့ပြန်သတင်းပို့ချက်များကို လက်ခံရရှိထားကြပြီ ဖြစ်သည်။

“ဟမ်...။ ဧရာမဘီလူးကြီးတွေက ဘာလို့ အခြားခံစစ်ကြောင်းတွေဆီ သွားနေကြတာလဲ။”

“ဧရာမဘီလူးကြီးတွေ ရှေ့တန်းခံစစ်ကနေ ထွက်သွားတဲ့အချိန်ကို အခွင့်ကောင်းယူပြီး ငါတို့ ဝင်တိုက်သင့်တယ်။”

“အလကားပဲ...။ အရင်က တိုက်ခိုက်မှုတွေတုန်းကလည်း ဧရာမဘီလူးကြီးတွေ ဝင်မပါခဲ့ဘူး။ ဆိုလိုတာက ရှေ့တန်းမှာ ဧရာမဘီလူးကြီးတွေ မရှိရင်တောင် အဲ့ဒီ ကျူးကျော်သူတွေရဲ့ ခံစစ်ကို ငါတို့ မထိုးဖောက်နိုင်ဘူး။”

“ဟုတ်တယ်။ အဲ့ဒီအပြင်ကလူတွေရဲ့ စစ်လက်နက်စွမ်းအားက ပြင်းထန်လွန်းတယ်။”

“ဒီလိုသာဆိုရင် ဧရာမဘီလူးကြီးတွေက တခြားခံစစ်ကြောင်းတွေကို သွားပြီး စစ်ကူပေးဖို့ အင်အားပိုထွက်လာလိမ့်မယ်။ ဒါဆိုရင် ငါတို့တွေ အရမ်းမြန်မြန် ချေမှုန်းခံရလိမ့်မယ်။”

“ဒါက ငါတို့ဘက်က သူတို့ကို ပေးထားတဲ့ ဖိအားက မလုံလောက်သေးလို့ ဖြစ်ရမယ်။”

“မှန်တယ်။ ငါတို့တွေ အင်အားအလုံးအရင်း စုစည်းပြီး ရှေ့တန်းခံစစ်ကို အပြတ်ထိုးဖောက်ဖို့ အားလုံး ပြင်ဆင်ပြီးသားဆိုမှတော့ စပြီးလှုပ်ရှားကြတာပေါ့။”

မဟာအကြီးအကဲက နှာခေါင်းရှုံ့ရင်း အေးစက်စွာ ပြောလိုက်သည်။

“မနေ့ညက ငါတို့ဆင့်ခေါ်ထားတဲ့ ဓားနဲ့ဒိုင်းကိုင် အရိုးစုစစ်သည်တွေအားလုံးကို ရှေ့တန်းထုတ်လိုက်။ အဲ့ဒီအပြင်လူ ဘယ်လောက်အထိ အစွမ်းထက်လဲဆိုတာ ငါကြည့်ချင်သေးတယ်။”

“ဟုတ်ကဲ့။”

မဟာအကြီးအကဲ၏ အမိန့်အရ မသေမျိုးမျိုးနွယ်စုများ အားလုံး ချက်ချင်း လှုပ်ရှားလာကြပြီး ရှေ့တန်းစစ်မျက်နှာသို့ စုပေါင်းချီတက်လာကြတော့သည်။

ဧရာမဘီလူးကြီးများသည် မနက်စာကို အလျင်အမြန်စားသောက်ပြီးစီးသွားသော်လည်း ရှောင်းယီသည် ချက်ချင်း စစ်ထွက်ရန် အမိန့်မပေးသေးဘဲ မိနစ်နှစ်ဆယ်ခန့် ဆက်လက် စောင့်ဆိုင်းနေခဲ့သည်။

ရှောင်းယီ စစ်ချီရန် အမိန့်ပေးတော့မည့်အချိန်မှာပင် ကျန်းယွင်ထျန်းက ရုတ်တရက် ပြောလာ၏။

“ကျွန်းပိုင်ရှင် သူတို့ဘက်က အရင် စပြီးလှုပ်ရှားလာပြီ။”

ရှောင်းယီသည် သူ၏မှန်ပြောင်းကို ချက်ချင်းကောက်ကိုင်ကာ အဝေးရှိ အရိုးစုစစ်တပ်ကို လှမ်းကြည့်လိုက်သည်။ သေချာပေါက်ပင် ၎င်းတို့သည် ဤဘက်သို့ ဦးတည်ချီတက်လာနေကြခြင်း ဖြစ်သည်။

“အားလုံးပဲ တိုက်ပွဲအတွက် ပြင်ဆင်ကြ။”

ရှောင်းယီက လေးနက်သောအသံဖြင့် အော်ဟစ်လိုက်၏။

ရှေ့တန်းတွင် အသင့်ရှိနေကြသော ဧရာမဘီလူးကြီးများသည်လည်း မသေမျိုးစစ်တပ် အလုံးအရင်းနှင့် တိုးဝင်လာသည်ကို အဝေးကတည်းက မြင်တွေ့ထားကြပြီး ဖြစ်သည်။

“မနေ့က ငါတို့ တခြားခံစစ်ကြောင်းတွေကို သွားကူညီပေးခဲ့တာက မသေမျိုးတွေကို ဒေါသထွက်သွားစေပုံပဲ။”

ဟူကျဲက ပြုံးကာ ပြောလိုက်သည်။ ကျားကျန့်ကလည်း ခေါင်းငြိမ့်လိုက်သည်။

“သူတို့က ငါတို့ကို ဒီခံစစ်ကြောင်းကနေ ထွက်မသွားစေချင်တဲ့ပုံပဲ။ မဟုတ်ရင် သူတို့ရဲ့ တခြားခံစစ်ကြောင်းတွေက ပိုပြီး ဖိအားဒဏ် ခံရတော့မှာလေ။”

ဧရာမဘီလူးကြီးများမှာ အလွန်အမင်း အစွမ်းထက်သည်ဟု ဆိုရပေမည်။ ၎င်းတို့သည် မည်သည့်ခံစစ်ကြောင်းသို့မဆို ပူးပေါင်းလိုက်သည်နှင့် ထိုခံစစ်ကြောင်းက မသေမျိုးများကို အလျင်အမြန် မောင်းထုတ်နိုင်စွမ်း ရှိပေသည်။

၎င်းတို့သည် ကြီးမားလှသော အင်အားကို ပိုင်ဆိုင်ထားပြီး မည်သည့်သီအိုရီ နည်းဗျူဟာမျှ သုံးစွဲခြင်းမရှိဘဲ အကြွင်းမဲ့ အင်အားသက်သက်ဖြင့်တင် နည်းပညာရပ်ပေါင်းစုံကို လွှမ်းမိုးချေမှုန်းနိုင်ကြသူများ ဖြစ်ကြသည်။

အမည်းရောင် အရိုးစုများသည် ခံစစ်ကြောင်းနှင့် တစ်ကီလိုမီတာအကွာ၌ ရပ်တန့်သွားခဲ့ကြလေသည်။

ကျန်းယွင်ထျန်းက သူတို့ ဘာကြောင့် ရပ်တန့်သွားသည်ကို မေးမနေတော့ပေ။ ၎င်းတို့သည် သူ၏ တင့်ကားတပ်ဖွဲ့၏ တိုက်ခိုက်မှုအကွာအဝေးအတွင်းသို့ ရောက်ရှိနေပြီဖြစ်သဖြင့် အမည်းရောင်အရိုးစုများကို ချက်ချင်း ဗုံးကြဲတိုက်ခိုက်ရန် တင့်ကားများကို အမိန့်ပေးလိုက်တော့သည်။

“ဝုန်း၊ ဝုန်း၊ ဝုန်း”

အမြောက်ကျည်ဆန်များသည် အမည်းရောင် အရိုးစုစစ်တပ်အတွင်းသို့ ပျံသန်းဝင်ရောက်သွားခဲ့၏။

ထိုအချိန်မှာပင် အမည်းရောင် အရိုးစုစစ်တပ်၏ အနောက်မှ ဒိုင်းနှင့် ဓားရှည်ကြီးများကို ကိုင်ဆောင်ထားသော အရိုးစုစစ်သည်တစ်စု ထွက်ပေါ်လာပြီး အရှေ့ဆုံးတွင် ပိတ်ဆို့ရပ်တန့်လိုက်ကြသည်။

၎င်းတို့သည် တင့်ကားအမြောက်ကျည်များကို ကာကွယ်ရန် သူတို့၏ အရိုးဒိုင်းများကို အမှန်တကယ် အသုံးပြုလိုက်ကြခြင်း ဖြစ်လေသည်။

“ဝုန်း၊ ဝုန်း၊ ဝုန်း”

အမြောက်ကျည်ဆန်များသည် ဓားနဲ့ဒိုင်းကိုင် အရိုးစုစစ်သည်များ၏ ဒိုင်းများပေါ်သို့ ကျရောက်ကာ ပေါက်ကွဲသွား၏။

အရိုးဒိုင်းများသည် ချက်ချင်း တစ်စစီ ကြေမွသွားသော်လည်း အမြောက်ကျည်၏ ပြင်းထန်သော စွမ်းအားအများစုကိုမူ တားဆီးပေးနိုင်ခဲ့လေသည်။ ကျန်ရှိနေသော ပေါက်ကွဲမှုအရှိန်အဟုန်လှိုင်းများမှာမူ အမည်းရောင် အရိုးစုများကို ထိမှန်သော်လည်း ထိခိုက်ဒဏ်ရာရရှိမှု အနည်းငယ်မျှသာ ရှိခဲ့သည်။

ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော အတွင်းပိုင်းထိခိုက်ဒဏ်ရာများနှင့် ပတ်သက်၍မူ ဤအရိုးစုစစ်သည်များတွင် ကလီစာများ မရှိသဖြင့် အတွင်းဒဏ်ရာရရှိခြင်းမျိုး လုံးဝ မရှိနိုင်ပေ။

“သေစမ်း... ဒါက ဘယ်လို ဒိုင်းမျိုးမို့လို့ ဒီလောက်တောင် မာနေရတာလဲ။”

တင့်ကားအမြောက်ကျည်များကိုပင် အရိုးဒိုင်းများက တားဆီးနိုင်သည်ကို မြင်သောအခါ ကျန်းယွင်ထျန်းတစ်ယောက် မနေနိုင်ဘဲ ဆဲရေးလိုက်မိသည်။

ရှောင်းယီသည်လည်း ဓားနဲ့ဒိုင်းကိုင် အရိုးစုစစ်သည်များကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။

“ဓားနဲ့ဒိုင်းကိုင် အရိုးစုစစ်သည် (SSS အဆင့်) - ဓားနှင့်ဒိုင်းကို ကိုင်ဆောင်ထားသော မသေမျိုးမျိုးနွယ်စု။ အရိုးဒိုင်းသည် ခံစစ်စွမ်းအား အလွန်မြင့်မားပြီး အရိုးဓားသည်လည်း ထူးခြားစွာ ထက်မြက်လှသည်။ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားပြီးနောက် အချိန်ကာလတစ်ခု ကြာမြင့်ပါက အရိုးဒိုင်းအသစ်နှင့် အရိုးဓားအသစ်ကို ပြန်လည်ဖြစ်ပေါ်စေနိုင်သည်...”

ထိုစနစ်၏ သတိပေးချက်ကို မြင်လိုက်ရသောအခါ ရှောင်းယီတစ်ယောက် ချက်ချင်း အော်ဟစ်လိုက်၏။

“ဆက်ပြီး တိုက်ခိုက်ကြ။ မရပ်နဲ့။ ဒီဓားနဲ့ဒိုင်းကိုင် အရိုးစုစစ်သည်တွေက ဒိုင်းအသစ်တွေကို ပြန်ပြီး ဖြစ်ပေါ်စေနိုင်တယ်။”

ရှောင်းယီ၏ စကားကို ကြားလိုက်ရသောအခါ ကျန်းယွင်ထျန်းသည် တင့်ကားများကို မပြတ်မကွက် ဆက်တိုက် တိုက်ခိုက်ရန် ချက်ချင်း အမိန့်ပေးလိုက်၏။

သို့သော်လည်း အရှေ့တွင် ဓားနဲ့ဒိုင်းကိုင် အရိုးစုစစ်သည် အမြောက်အမြား ရှိနေသဖြင့် ၎င်းတို့က တစ်လှည့်စီ ကာကွယ်ထားနိုင်ကြပေသည်။

ရှေ့မှ မြင်ကွင်းကို ကြည့်ရင်း ကျန်းယွင်ထျန်းက ပြောလိုက်သည်။

“ကျွန်းပိုင်ရှင် အခု ဂတ်တလင်စက်သေနတ်ကို စသုံးလိုက်တော့မယ်။”

“ကောင်းပြီ။”

ရှောင်းယီလည်း ခေါင်းငြိမ့်ပြလိုက်တော့သည်။

အခန်း ၁၁၇၆

ရှောင်းယီ ခေါင်းငြိမ့်ပြသည်ကို မြင်လျှင်မြင်ချင်း ကျန်းယွင်ထျန်းသည် အဝေးပြေးကုန်တင်လေယာဉ်ကြီးပေါ်မှ M134 အမြန်ပစ် စက်သေနတ်ကြီးများကို အမြန်ချရန် စစ်သည်များကို ချက်ချင်း အမိန့်ပေးလိုက်တော့သည်။

စစ်သည်များသည် ထိုလက်နက်အသစ်များကို မြင်သောအခါ သိသိသာသာပင် မှင်တက်သွားကြ၏။ သူတို့သည် ပစ္စတို၊ ရိုင်ဖယ်နှင့် စက်သေနတ်များကို မြင်ဖူးကြသော်လည်း ပြောင်းဝအမြောက်အမြားဖြင့် ဖွဲ့စည်းထားသော သေနတ်မျိုးကိုမူ တစ်ခါမျှ မမြင်ဖူးကြချေ။

“နည်းပြ ဒါက ဘာသေနတ်လဲ။”

စစ်သည်တစ်ဦးက မမေးဘဲ မနေနိုင် ဖြစ်သွားခဲ့၏။

“ဒါက M134 အမြန်ပစ် စက်သေနတ်ကြီးပဲ။ မင်းတို့ ဂတ်တလင်လို့ ခေါ်လို့ရတယ်။”

ကျန်းယွင်ထျန်းက ပြန်ဖြေသည်။

“ဂတ်တလင်သေနတ်ကြီးလား။”

စစ်သည်တစ်ဦးက ရုတ်တရက် အော်ဟစ်လိုက်၏။

“ဒါက သာမန်စက်သေနတ်တွေထက် ပစ်ခတ်မှုနှုန်း အဆမတန် ပိုမြန်တဲ့ စက်သေနတ်မျိုး မဟုတ်ဘူးလား။”

ထိုစစ်သည်သည် မဟာမိတ်အဖွဲ့အတွင်းရှိ ရုပ်မြင်သံကြားမှတစ်ဆင့် စစ်ကားအချို့ကို ကြည့်ဖူးပုံရပြီး ဂတ်တလင်စက်သေနတ်နှင့် ပတ်သက်၍ အမှတ်သညာ အနည်းငယ် ရှိနေပုံရသည်။

“ဟုတ်တယ် အမှန်ပဲ။ ဂတ်တလင်သေနတ်ရဲ့ ပစ်ခတ်မှုနှုန်းက တကယ်ကို အလွန်အမင်း မြန်ဆန်လွန်းတယ်။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

ကျန်းယွင်ထျန်းသည် သူ့အဖွဲ့ကို ဦးဆောင်ကာ အမြန်ဆုံး ရှေ့တန်းသို့ လျှောက်သွားပြီး ဂတ်တလင်စက်သေနတ်ကြီးကို တပ်ဆင်လိုက်တော့သည်။

မသေမျိုးများသည် ဧရာမဘီလူးကြီးများ၏ ခံစစ်ကြောင်းနှင့် မီတာ ၅၀၀ အကွာအဝေးအတွင်းသို့ တိုးဝင်လာကြပြီ ဖြစ်သည်။ ဓားနှင့်ဒိုင်းကိုင် အရိုးစုစစ်သည်များ၏ အကာအကွယ်ကြောင့် အချို့သော မသေမျိုးများမှာ အမြောက်ကျည်ထိမှန်၍ သေဆုံးနေကြဆဲ ဖြစ်သော်လည်း အမြောက်အမြားမှာမူ ခံစစ်ကြောင်းအနီးသို့ ချဉ်းကပ်လာနိုင်ခဲ့ကြပြီ ဖြစ်သည်။

သာမန် အသေးစားစက်သေနတ်များ၏ ပစ်ခတ်မှုမှာမူ အလုံးအရင်းနှင့် ပြေးဝင်လာသော ဓားနှင့် ဒိုင်းကိုင် အရိုးစုစစ်သည်များအပေါ် လုံးဝ သက်ရောက်မှု မရှိချေ။

“ငါတို့ ဝင်ပါရတော့မယ့်ပုံပဲ။”

ဟူကျဲက အရိုးစုစစ်သည်များ ခံစစ်ကြောင်းအနီးသို့ ချဉ်းကပ်လာသည်ကို မြင်သောအခါ လက်နှစ်ဖက်ကို ပွတ်သပ်ရင်း ပြောလိုက်၏။

ကျားကျန့်က ခေါင်းခါပြပြီး ကျန်းယွင်ထျန်းတို့ ရှိရာဘက်သို့ လက်ညှိုးထိုးပြကာ ပြောလိုက်သည်။

“ဟိုမှာ ကြည့်လိုက်ဦး။ သူတို့ လက်နက်အသစ်တွေ ထပ်ထုတ်လာပြန်ပြီ။ ငါတို့ ဝင်ပါဖို့ မလိုလောက်သေးဘူး။”

ဟူကျဲသည် ကျားကျန့် ညွှန်ပြရာဘက်သို့ လှမ်းကြည့်လိုက်ရာ သူတို့ လက်နက်အသစ်များကို အမှန်တကယ် တပ်ဆင်နေကြသည်ကို မြင်တွေ့လိုက်ရသည်။

“တကယ်ကြီးလား။ ဒီကျွန်းပိုင်ရှင်ကတော့ နေ့တိုင်း ကွက်ဆန်းတွေ ထုတ်ပြနေတော့တာပဲ။ ငါတို့ကတော့ လက်ချောင်းလေးတစ်ချောင်းတောင် မလှုပ်ရတော့ဘူးလား။”

ဟူကျဲက မျှော်လင့်ချက်ကင်းမဲ့စွာ ပြောလိုက်သည်။

“စိတ်မပူပါနဲ့။ ငါတို့က ဟင်းလင်းပြင်အက်ကွဲကြောင်းနဲ့ ကီလိုမီတာ တစ်ထောင်ကျော် ဝေးနေသေးတဲ့ အခြေအနေမှာတင် ဒီလောက် ပြင်းထန်တဲ့ ခုခံမှုနဲ့ ရင်ဆိုင်နေရတာ။ နောက်ပိုင်းကျရင် ပိုပြီးတော့တောင် အင်အားတောင့်တင်းလာဦးမှာဆိုတော့ ငါတို့ ဝင်ပါဖို့ အခွင့်အရေး ရဦးမှာပါ။”

ကျားကျန့်က ပြုံးကာ ပြောလိုက်သည်။

“ကျွန်းပိုင်ရှင်ရဲ့ ဒီလက်နက်အသစ်က ဘယ်လောက်အထိ အစွမ်းထက်လဲဆိုတာ အရင်ကြည့်ရအောင်။”

ရှေ့တန်းရှိ ဧရာမဘီလူးကြီးများအားလုံးသည် ကျန်းယွင်ထျန်းတစ်ယောက် အနောက်ဘက်မှ ဂတ်တလင်စက်သေနတ်ကြီးအား ဆွဲထုတ်လာသည်ကို အလွန်အမင်း စိတ်ဝင်တစားဖြင့် စောင့်ကြည့်နေကြ၏။

“ဒီပစ္စည်းက တင့်ကားတစ်စီးလောက်တော့ အစွမ်းမထက်လောက်ဘူးမလား။”

“ကြည့်ရတာ သေးသေးလေးဆိုတော့ အားသိပ်ရှိမှာ မဟုတ်ဘူး။”

“တင့်ကားတွေတောင် အလုပ်မဖြစ်ရင် ဒီလိုမျိုး ပစ္စည်းက လုံလောက်မှာ မဟုတ်ဘူး။”

ကျန်းယွင်ထျန်းသည် အားလုံးကို ညွှန်ကြား၍ ဂတ်တလင်စက်သေနတ်ကြီးကို အသင့်ပြင်ဆင်ပြီးနောက် ပြောလိုက်သည်။

“ဒီပစ္စည်းက သာမန်စက်သေနတ်တွေလိုပဲ အလုပ်လုပ်တယ်။ ကဲ... စကြစို့။”

ထိုသို့ပြောပြီးနောက် ကျန်းယွင်ထျန်းသည် အနီးဆုံးတွင် ရှိနေသော ဓားနှင့်ဒိုင်းကိုင် အရိုးစုစစ်သည်တစ်ဦးထံသို့ ချက်ချင်း စတင်ပစ်ခတ်လိုက်တော့သည်။

“ဒိုင်း၊ ဒိုင်း၊ ဒိုင်း”

အမြောက်ကျည်ဆန်များကပင် အရိုးဒိုင်းကို တစ်ချက်တည်းဖြင့် မဖြိုခွင်းနိုင်သဖြင့် ဂတ်တလင်စက်သေနတ်၏ ကျည်ဆန်တစ်တောင့်တည်းဖြင့်လည်း သေချာပေါက် အလုပ်ဖြစ်မည် မဟုတ်ပေ။ သို့သော်လည်း ဂတ်တလင်စက်သေနတ်သည် တစ်မိနစ်လျှင် ကျည်ဆန်အချက်ရေ ၆၀၀၀ အထိ ပစ်ခတ်နိုင်ပေသည်။

ကျန်းယွင်ထျန်း ပစ်မှတ်ထားလိုက်သော ဓားနှင့်ဒိုင်းကိုင် အရိုးစုစစ်သည်သည် ဂတ်တလင်စက်သေနတ် ကျည်ဆန်များ၏ အရှိန်အဟုန်ပြင်းစွာ ထိမှန်မှုကြောင့် မမျှော်လင့်ဘဲ နောက်သို့ လဲကျသွားခဲ့၏။

၎င်းမြေပြင်ပေါ်သို့ လဲကျသွားပြီးနောက် ခံစစ်တွင် ဟာကွက်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။ ကျန်းယွင်ထျန်း၏ ပစ်ခတ်မှုသည် လုံးဝ ရပ်တန့်သွားခြင်းမရှိဘဲ ပစ်မှတ်ကို အနည်းငယ် ချိန်ညှိလိုက်ရာ ကျည်ဆန်များသည် ထိုဟာကွက်အတွင်းသို့ စွေစောင်း၍ တိုးဝင်သွားခဲ့တော့လေသည်။

ဓားနှင့်ဒိုင်းကိုင် အရိုးစုစစ်သည်၏ အနောက်တွင် ကာကွယ်ထားသော အမည်းရောင် အရိုးစုသည်လည်း ချက်ချင်းပင် အမှုန့်ဖြစ်အောင် သုတ်သင်ခြင်း ခံလိုက်ရတော့သည်။

အရှေ့မှ ဓားနှင့် ဒိုင်းကိုင် အရိုးစုစစ်သည်သည် ရုန်းကန်၍ ပြန်ထရန် ကြိုးစားလိုက်သော်လည်း ဂတ်တလင်စက်သေနတ်၏ ပစ်ခတ်မှုကြောင့် ချက်ချင်း ပြန်လည်လဲကျသွားပြီး နောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်ခွာသွားခဲ့ရသည်။

သူတို့၏အနောက်မှ အမည်းရောင် အရိုးစုများသည်လည်း နောက်သို့ တွန်းပို့ခြင်း ခံလိုက်ရပြီး ကောင်းကင်ယံမှ အမြောက်ကျည်များကလည်း အဆက်မပြတ် ပျံသန်းကျရောက်နေသဖြင့် မသေမျိုးများသည် မျက်စိတစ်မှိတ်အတွင်းမှာပင် အရေးနိမ့်သည့် အခြေအနေသို့ ရောက်ရှိသွားခဲ့တော့သည်။

ထိုအရိုးစုစစ်သည်များသည် အဆင့်မြှင့်တင်ခြင်း ခံထားရပြီးနောက် ၎င်းတို့၏ အရိုးစုများသည် အမှန်တကယ်ပင် ထူးခြားစွာ မာကျောလှသည်ဟု ဆိုရပေမည်။

၎င်းတို့သည် အဆက်မပြတ် လဲကျနေကြသော်လည်း ပြန်လည်ရုန်းထကာ ရှေ့သို့ ဆက်လက်တိုးဝင်ရန် အဖန်ဖန် ကြိုးစားနေကြဆဲပင်။ သို့သော်လည်း ဂတ်တလင်စက်သေနတ်၏ အရှိန်အဟုန်ပြင်းလှသော ကျည်ဆန်မုန်တိုင်းဒဏ်ကိုမူ သူတို့ လုံးဝ တောင့်ခံနိုင်ခြင်း မရှိကြချေ။

မည်မျှပင် မာကျောလှသည်ဆိုသော အရိုးစုများဖြစ်ပါစေ ဂတ်တလင်စက်သေနတ်၏ တစ်နေရာတည်းသို့ စုပြုံကျရောက်လာသော ပြင်းထန်လှသည့် ပစ်ခတ်မှုအကြိမ်ရေနှင့် မြန်နှုန်းဒဏ်ကို မခံနိုင်ကြပါချေ။

“ဒိုင်း၊ ဒိုင်း၊ ဒိုင်း...”

“ဂျွတ်...”

နောက်ဆုံးတွင် အရိုးစုဦးခေါင်းတစ်ခု ဖောက်ခနဲ ကြေမွသွားခဲ့ပြီး ထိုအသံသည် စနက်တံတစ်ခုကဲ့သို့ပင် ဖြစ်သွားကာ ၎င်းနောက်တွင် စစ်မြေပြင်တစ်ခုလုံး၌ အရိုးကျိုးကြေသံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာတော့သည်။ တစ်ဖက်မှ မသေမျိုးများသည်လည်း အဆက်မပြတ် သေကြေပျက်စီးလာကြတော့သည်။

မသေမျိုးများသည် ဧရာမဘီလူးကြီးများ၏ ခံစစ်ကြောင်းနှင့် မီတာ ၅၀၀ အကွာအဝေးအတွင်းသို့ ချဉ်းကပ်မိနေပြီဖြစ်သော်လည်း ယခုအခါတွင်မူ ဂတ်တလင်စက်သေနတ်ကြောင့် နောက်ထပ် မီတာ ၅၀၀ ခန့်အထိ လန်ထွက်သွားခဲ့ရ၏။

ခံစစ်ကြောင်းနှင့် ပိုမိုနီးကပ်လေလေ။ဂတ်တလင်စက်သေနတ်၏ ဖိနှိပ်ချုပ်ချယ်နိုင်စွမ်းက ပိုမိုပြင်းထန်လေလေ ဖြစ်သည်။

ရှေ့တန်းမှ ဧရာမဘီလူးကြီးများသည်လည်း ဂတ်တလင်စက်သေနတ်၏ စွမ်းပကားကို ကိုယ်တိုင်မျက်မြင်တွေ့ရှိသွားကြပြီးနောက် အချင်းချင်း ဝေဖန်ပြောဆိုလာကြတော့သည်။

“ဒီသေနတ်က တကယ် အံ့ဩစရာပဲ။ ဘာမှထောက်မနေဘဲ အရမ်းမြန်မြန် ပစ်နိုင်တာ။”

“ဒါကို သေချာပေါက် ရှေ့တန်းအထိ ရွှေ့လို့ရတယ်။”

“တကယ်တော့ ငါတို့ တခြားနေရာတွေကို သွားပြီး စစ်ကူပေးလို့ ရနေပြီပဲ။ ဒီမှာ နေနေဖို့ လုံးဝ မလိုတော့ဘူး။”

ရှောင်းယီသည်လည်း အနောက်မှနေ၍ ဂတ်တလင်စက်သေနတ်၏ အစွမ်းကို လှမ်းမြင်လိုက်ရသည်။

“ဂတ်တလင်စက်သေနတ်မှာ ဒီလောက်အထိ ပြင်းထန်တဲ့ ဖိနှိပ်ချုပ်ချယ်မှု စွမ်းအားရှိလိမ့်မယ်လို့ ငါ တကယ်မထင်ထားမိဘူး။”

နောက်သို့ မီတာ ၅၀၀ ခန့် တွန်းပို့ခြင်းခံလိုက်ရသော မသေမျိုးများမှာ ထပ်မံ၍ နောက်ဆုတ်သွားကြပြန်သည်။

ဤနေရာမှ စစ်မြေပြင်အခြေအနေသည် မသေမျိုးမျိုးနွယ်စု၏ နောက်တန်းစစ်ဌာနချုပ်ထံသို့ ချက်ချင်း ရောက်ရှိသွားခဲ့ရာ အကြီးအကဲများအားလုံးမှာ လုံးဝ ဆွံ့အသွားကြတော့သည်။

သူတို့ဘက်က အစွမ်းထက်သည့် စစ်သည်များကို ဆင့်ခေါ်လိုက်တိုင်း ထိုအပြင်လူက သူတို့ကို တန်ပြန်ချေမှုန်းဖို့ လက်နက်အသစ်များကို အမြဲတမ်း ထုတ်ပြနိုင်နေသည် မဟုတ်ပါလော။

ထိုအချိန်တွင် သူတို့၏ စိတ်ထဲ၌ အတွေးတစ်ခုသာ ရှိတော့သည်။

“ဒီကောင်က ငါတို့ကို သက်သက်မဲ့ လာပြီး သိက္ခာချနေတာပဲ ဖြစ်ရမယ်။”

အချိန်အကြာကြီး တိတ်ဆိတ်နေပြီးနောက် မဟာအကြီးအကဲက စကားစပြောလိုက်သည်။

“ငါတို့ ဒီအတိုင်း ဆက်ပြီး တိုက်ခိုက်နေလို့ မဖြစ်တော့ဘူး။”

အခြားသော အကြီးအကဲများအားလုံး မဟာအကြီးအကဲကို လှမ်းကြည့်လိုက်ကြ၏။

“ငါတို့တွေ အချို့အဝက်ကိုပဲ ဆင့်ခေါ်ပြီး ရှေ့တန်းကို ပို့နေလို့ မရဘူး။ အဲ့ဒါက သူတို့ကို တစ်ယောက်ချင်းစီ သွားပြီး အသေခံခိုင်းနေသလိုပဲ ဖြစ်နေလိမ့်မယ်။ ငါတို့ ဆင့်ခေါ်ရမယ့် စစ်သည်တွေအားလုံးကို တစ်ခါတည်း ဆင့်ခေါ်ပြီး သူတို့ကို စုစည်းပြီးမှ နောက်ဆုံး အဆုံးသတ်တိုက်ပွဲ ဆင်နွှဲရမယ်။”

အကြီးအကဲက ပြောလိုက်သည်။။အားလုံးကလည်း သဘောတူသည့်အနေဖြင့် ခေါင်းငြိမ့်ပြလိုက်ကြသည်။

အခုအချိန်တွင်မူ ထိုသို့လုပ်ဆောင်ခြင်းက သေချာပေါက် အမှန်ကန်ဆုံးပင် ဖြစ်သည်။ သူတို့သည် အစွမ်းထက်သော မသေမျိုးတစ်ဦးကို ဆင့်ခေါ်နိုင်ရုံမျှဖြင့် တစ်ဖက်လူကို အနိုင်ယူနိုင်လိမ့်မည်ဟု အမြဲတမ်း ထင်မှတ်ခဲ့ကြသော်လည်း ယခုကြည့်ရသလောက်တော့ အခြေအနေက ထိုမျှ မရိုးရှင်းကြောင်း သဘောပေါက်သွားကြပြီ ဖြစ်သည်။

“တကယ်လို့ ကျုပ်တို့ ဒီလိုမျိုး အင်အားစုစည်းနေမယ်ဆိုရင် သူတို့ကို ဟင်းလင်းပြင်အက်ကွဲကြောင်း အနီးအနားအထိ တိုးဝင်လာနိုင်အောင် ခွင့်ပြုပေးလိုက်သလို ဖြစ်မသွားဘူးလား။”

“သူတို့ကို တားဆီးဖို့နဲ့ သူတို့ရဲ့ ချီတက်မှုကို နှောင့်နှေးသွားစေဖို့အတွက် စစ်တပ်တစ်ခုကိုတော့ သေချာပေါက် စေလွှတ်ရလိမ့်မယ်။”

“ဟုတ်တယ်။ အဲ့ဒီ အမြောက်စာတွေကိုပဲ ရှေ့တန်းကို လွှတ်ထားလိုက်။ ဘာမှ နှမြောမနေနဲ့။ ငါတို့ဘက်ကလည်း အစွမ်းထက်တဲ့ စစ်သည်အားလုံးကို တစ်ခါတည်း ဆင့်ခေါ်ကြတာပေါ့။”

အခြားသူများ၏ ဆွေးနွေးချက်ကို ကြားလိုကါရသောအခါ မဟာအကြီးအကဲက ခေါင်းအနည်းငယ် ငြိမ့်လိုက်သည်။

“ကောင်းပြီ။ အဲ့ဒီအမြောက်စာတွေကို သုံးပြီး သူတို့ကို သုံးရက်လောက် ထိန်းထားလိုက်။ ငါတို့ဘက်က တိုက်ပွဲမှာ အသေအလဲ တိုက်ခိုက်နိုင်မယ့် အစွမ်းထက် စစ်တပ်အားလုံးကို အမြန်ဆုံး ဆင့်ခေါ်ကြမယ်။”

“ဟုတ်ကဲ့။”

မသေမျိုးအကြီးအကဲ၏ ဆုံးဖြတ်ချက်သည် အမိန့်တစ်ခုအသွင်ဖြင့် ရှေ့တန်းစစ်မျက်နှာပြင်သို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့သည်။

အမည်းရောင် အရိုးစုများ၊ ဓားနှင့် ဒိုင်းကိုင် အရိုးစုစစ်သည်များနှင့် အချို့သော မသေမျိုး လေကြောင်းတပ်ဖွဲ့များသည် ချက်ချင်းပင် နောက်တန်းသို့ အမြန်ဆုံး ဆုတ်ခွာသွားကြတော့သည်။

ကျန်းယွင်ထျန်းသည်လည်း ရှေ့တန်းမှ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ မသေမျိုးမျိုးနွယ်စု၏ လှုပ်ရှားမှုကို မြင်သောအခါ သူ မျက်မှောင်ကြုတ်လိုက်မိသည်။

“သူတို့ ငါတို့ကို ဆက်ပြီး မတိုက်တော့ဘဲ ရှောင်ပြေးဖို့ ကြံနေတာလား။”

ရှောင်းယီက ခေါင်းခါပြလိုက်၏။

“မဟုတ်ဘူး။ ဟိုမှာကြည့်...အဲ့ဒီ အရိုးစုစစ်တပ်တွေ ပြန်လာနေပြီ။”

မှန်ပြောင်းမှတစ်ဆင့် ကြည့်လိုက်ရာ ထိုအဖြူရောင် အရိုးစုများမှာ ရှေ့သို့ ထပ်မံတိုးဝင်လာကြပြန်သည်။ သို့သော်လည်း ၎င်းတို့၏ ခံစစ်စွမ်းအားက အလွန်အမင်း အားနည်းလှသဖြင့် သာမန် စက်သေနတ်ငယ်များဖြင့်တင် လွယ်ကူစွာ တားဆီးနှိမ်နင်းနိုင်ပေသည်။

“ဒီလိုလုပ်တာက ငါတို့ရဲ့ ခရီးစဉ်ကို အနည်းငယ် နှောင့်နှေးသွားအောင်ပဲ လုပ်နိုင်လိမ့်မယ်။”

စက်သေနတ်များ၏ အဆက်မပြတ် ပစ်ခတ်မှုကြောင့် လဲကျနေသော အရိုးစုများကို ကြည့်ရင်း ကျန်းယွင်ထျန်းက ပြောလိုက်သည်။

“ဒါကပဲ သူတို့ရဲ့ ရည်ရွယ်ချက် ဖြစ်လိမ့်မယ်။”

ရှောင်းယီက လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

All Chapters