အခန်း (၃၇၁-၃၇၂)
Vol. 20 Ch. 371-372
အခန်း (၃၇၁) ရဲရင့်သောစစ်သည်တို့ စွမ်းအားပြသခြင်း
ချင်ယွမ်ဖုန်း၏ ရင်ထဲ၌ ထိတ်ခနဲ ဖြစ်သွားချေသည်။ ထိုအရှိန်အဝါ စွမ်းပကားသည် သူ ဘယ်လိုမှ တောင့်ခံနိုင်မည့် အရာမဟုတ်ကြောင်း ကောင်းစွာ သိလိုက်ပေ၏။
ထိုရှာမိသားစုမှ အဘိုးအိုသည် ပထမအဆင့် ဘိုးဘေးနယ်ပယ် သိုင်းပညာရှင်မျှသာ ဖြစ်သော်လည်း ယင်းကျင့်စဉ်အဆင့်တွင် အချိန်လွန်စွာ ကြာမြင့်စွာ နားခိုခဲ့သူ ဖြစ်ပေရာ ပထမအဆင့် ဘိုးဘေးနယ်ပယ်ထက်ပင် သာလွန်သော စွမ်းအားကို ထုတ်ဖော်နိုင်ခြင်း ဖြစ်တန်ရာသည်။
ကြီးမားလှသော စွမ်းအင်များသည် ဥက္ကာခဲကြီးတစ်ခု ကျရောက်လာသကဲ့သို့ လက်သီးပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး မြေပြင်ကို နှစ်ပိုင်းခွဲလျက် ချင်ယွမ်ဖုန်းထံသို့ တဟုန်ထိုး ပြေးဝင်လာချေသည်။
ချန်ဒါချောင်နှင့် ချန်ရှောင်ချောင် ညီအစ်မနှစ်ယောက်သည် အဝေးတစ်နေရာမှ ရင်တထိတ်ထိတ်ဖြင့် ကြည့်နေကြပြီး အသက်ပင် မရှူဝံ့ကြချေ။
ထိုမျှလောက် ဝေးကွာသော အကွာအဝေးမှ ကြည့်လျှင်ပင် ချင်ယွမ်ဖုန်း၏ သေးငယ်လှသော ခန္ဓာကိုယ်နှင့် အဘိုးအို၏ ကြီးမားလှသော စွမ်းအားတို့သည် အလွန်အမင်း ကွာခြားလွန်းလှသည် မဟုတ်လော။
သို့သော် ထိုခဏ၌ပင် ပြင်းထန်လှသော မိစ္ဆာအရှိန်အဝါများ ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်မှ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာချေသည်။
စုန်းစုန်းတောက် နက်မှောင်လှသော မိစ္ဆာအရှိန်အဝါများ လှိမ့်တက်လာပြီး ၎င်း၏ ယုတ်မာလှသော စွမ်းအားကြောင့် လူတို့၏ နှလုံးသားကို တုန်လှုပ်ခြောက်ခြားသွားစေသည်။
“အဲဒါ... အဲဒါ ဘာကြီးလဲ...” ရှာမိသားစုမှ တပည့်တစ်ယောက်က အဝေးမှ ချင်ယွမ်ဖုန်းကို လက်ညှိုးထိုးကာ တုန်ရီနေသော အသံဖြင့် မေးလိုက်လေသည်။
ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့လည်း ဆွံ့အသွားကြရသည်။ ထိုသို့သော ယုတ်မာလှသည့် စွမ်းအားများ ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာလိမ့်မည်ဟု သူတို့ လုံးဝ မထင်မှတ်ထားခဲ့ကြပေ။
ထိုသို့သော အရေးကြုံလာသည့် အခြေအနေတွင် ချင်ယွမ်ဖုန်းသည် သူ၏ သိုလှောင်လက်စွပ်ထဲတွင် သိမ်းဆည်းထားသော ခက်ရင်းသုံးခွလှံကို ချက်ချင်း ထုတ်ယူလိုက်တော့သည်။
မိစ္ဆာနယ်မြေမှ ရောက်ရှိလာသော ထိုပြင်းထန်လှသည့် လက်နက်သည် အဆုံးမရှိသော မိစ္ဆာအရှိန်အဝါများကို သိုအောင်းထားသကဲ့သို့ ရှိပြီး ယင်းကို အသုံးပြုသူအား ကြီးမားလှသော စွမ်းပကားကို ပေးစွမ်းနိုင်ပေသည်။
သို့သော်လည်း ထိုစွမ်းအားသည် လွန်စွာ ယုတ်မာညစ်ထေးလှသဖြင့် အသုံးပြုသူ၏ စိတ်ဝိညာဉ်ကို ပြန်လည် ဝါးမြိုသွားနိုင်ချေသည်။
ထို့ကြောင့် ချင်ယွမ်ဖုန်းကိုယ်တိုင်ပင်လျှင် ထိုခက်ရင်းသုံးခွကို တိုက်ကွက်တစ်ကွက်သာ အသုံးပြုနိုင်ကြောင်း ကောင်းစွာ သတိပြုမိသည်။
သို့သော် ယခုကဲ့သို့သော အခြေအနေမျိုးတွင်မူ ဘေးဒုက္ခပေးနိုင်သည့် ထိုအန္တရာယ်ရှိသော လက်နက်ကို အသုံးပြုရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။
တစ်ခဏအတွင်း ပေါက်ကွဲထွက်လာသော မိစ္ဆာအရှိန်အဝါများသည် ရှာမိသားစု အကြီးအကဲချုပ်၏ စွမ်းအားကို လုံးဝ လွှမ်းမိုးသွားရာ ထိုအဘိုးအိုမှာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားရချေသည်။
လက်သီးပုံရိပ်သည် ချင်ယွမ်ဖုန်း၏ ရှေ့သို့ ရောက်ရှိလာသော်လည်း မိစ္ဆာအရှိန်အဝါများ ထွက်ပေါ်နေသော ခက်ရင်းသုံးခွလှံ၏ ခုတ်ပိုင်းမှုကြောင့် ပဲပြားကို ဓားဖြင့် မွှန်းလိုက်သကဲ့သို့ အလွယ်တကူပင် နှစ်ပိုင်းပြတ်သွားတော့သည်။
“ဒါ ဘာကြီးလဲ။ မင်းလို ကောင်က မိစ္ဆာကျင့်စဉ်ကို ကျင့်ကြံတဲ့ မိစ္ဆာကောင် ဖြစ်နေတာပေါ့လား” ဟု အဘိုးအိုက အေးစက်စွာ အော်ဟစ်လိုက်သည်။
သို့သော် ချင်ယွမ်ဖုန်းက ထိုအဘိုးအိုအား ဂရုပင်မစိုက်ချေ။ သူသည် ကျန်ရှိနေသေးသော မိမိ၏ အသိစိတ်လေးကို အသုံးချကာ ခက်ရင်းသုံးခွ၏ စွမ်းအားကို အမြင့်မားဆုံးအထိ ထုတ်ဖော်လိုနေသည်။
“သေပေတော့...”
ချင်ယွမ်ဖုန်းသည် အက်ကွဲရှတော အသံတစ်ခုကို ထုတ်ဖော်လိုက်ပြီး သူ၏ ခက်ရင်းသုံးခွလှံကို ရုတ်တရက် လွှဲယမ်းကာ ခုတ်ချလိုက်လေသည်။
မိုးကောင်းကင်တစ်ခုလုံးကို ပြည့်နှက်သွားသော မိစ္ဆာအရှိန်အဝါများသည် ယခုအခါ လှုပ်ခတ်သွားပြီး အဘိုးအိုထံသို့ ရုတ်တရက် တိုက်ခိုက်သွားတော့သည်။
ထိုမိစ္ဆာအရှိန်အဝါများသည် တစ်ခွင်တစ်ပြင်လုံးကို လွှမ်းခြုံသွားသဖြင့် လူကို အသက်ရှူကျပ်မတတ် ခံစားရစေသည်။
အဘိုးအိုသည် လျင်မြန်စွာ လှုပ်ရှားလိုက်သော်လည်း မည်သို့မျှ ရှောင်တိမ်း၍ မရနိုင်ကြောင်း သိလိုက်ရချေသည်။ ထို့ကြောင့် သူက ခြေလှမ်းကို ရပ်တန့်ကာ အသက်ကို ပြင်းပြင်းရှူသွင်းပြီး လက်နှစ်ဖက်ကို ပူးကပ်လျက် ဓားကဲ့သို့ ပြုလုပ်ကာ ရှေ့သို့ စောင်းလျက် ခုတ်ချလိုက်တော့သည်။
ကြီးမားလှသော အလင်းဓားသွားကြီးတစ်ခု ထွက်ပေါ်လာပြီး မိုးကောင်းကင်တွင် ပြည့်နှက်နေသော မိစ္ဆာအရှိန်အဝါများကို ပြင်းထန်စွာ ခွဲပစ်လိုက်ရာ ၎င်းတို့သည် အချိန်အတော်ကြာသည်အထိ ပြန်လည် မစုစည်းနိုင်တော့ချေ။
သို့သော် အဘိုးအို အသက်ပင် ဝဝမရှူရသေးခင်မှာပင် မိစ္ဆာအရှိန်အဝါများထဲမှ လူရိပ်တစ်ခု ရုတ်တရက် တိုးထွက်လာပြီး လက်ထဲ၌ ကိုင်ဆောင်ထားသော ခက်ရင်းသုံးခွလှံကို ဝေ့ယမ်းလျက် အဘိုးအို၏ ရင်ဘတ်ထဲသို့ ပြင်းထန်စွာ ထိုးစိုက်လိုက်ချေသည်။
အဘိုးအို၏ ရင်ဘတ်တွင် ငွေရောင်ဒိုင်းလွှားတစ်ခု ပေါ်လာသည်။ ယင်းက ရှားပါးလှသော ကာကွယ်ရေး မှော်လက်နက်တစ်ခု ဖြစ်ပြီး ပဉ္စမအဆင့် မှော်လက်နက်အဆင့်ရှိသဖြင့် လွန်စွာ တန်ဖိုးကြီးမားလှသော ရတနာတစ်ပါး ဖြစ်ပေသည်။
သို့သော် ထိုဒိုင်းလွှားဖြင့် ကာကွယ်ထားသည့်တိုင်အောင် ခက်ရင်းသုံးခွလှံသည် မည်သည့်တားဆီးမှုမျှမရှိဘဲ ဒိုင်းလွှားကို တိုက်ရိုက် ထိုးဖောက်လျက် အဘိုးအို၏ ရင်ဘတ်ထဲသို့ စိုက်ဝင်သွားတော့သည်။
နီမြန်းနေသော မျက်လုံးများဖြင့် ချင်ယွမ်ဖုန်းသည် ငရဲမှ ပြန်လာသော မိစ္ဆာတစ်ကောင်ကဲ့သို့ ရှိနေချေသည်။
သူက ခက်ရင်းသုံးခွကို ရှေ့သို့ ဆက်၍ ထိုးစိုက်လိုက်ရာ ခက်ရင်းသုံးခွသည် အဘိုးအို၏ ရင်ဘတ်ကို ချင်းချင်းထွင်းအောင် ဖောက်ထွက်သွားလေသည်။
အကာအကွယ် ချီစွမ်းအင်များ ဖြစ်စေ၊ ကာကွယ်ရေး မှော်လက်နက်များ ဖြစ်စေ ထိုခက်ရင်းသုံးခွလှံ၏ ရှေ့တွင်မူ လုံးဝ အသုံးမဝင်တော့ချေ။
အဘိုးအိုသည် မိမိ၏ ရင်ဘတ်ကို မယုံကြည်နိုင်လောက်အောင် စိုက်ကြည့်နေမိသည်။ ကြီးမားလှသော ခက်ရင်းသုံးခွလှံ၏ သွားသုံးချောင်းသည် သူ၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားပြီး မိစ္ဆာအရှိန်အဝါများက သူ၏ ခန္ဓာကိုယ်ကို လျင်မြန်စွာ တိုက်စားဖျက်ဆီးနေပြီ မဟုတ်လော။
ချင်ယွမ်ဖုန်းသည် အသိစိတ် လွတ်မြောက်လုမတတ် ဖြစ်နေပြီး သူ၏ မျက်လုံးများထဲတွင် သွေးဆာနေသော အလင်းတန်းများ လက်လှုပ်နေကာ မိစ္ဆာအရှိန်အဝါများသည် မြွေနက်များကဲ့သို့ သူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်နေကြသည်။
“ဖုန်းအစ်ကို”
ထိုခဏ၌ မိစ္ဆာအရှိန်အဝါများ၏ ပြင်ပမှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာရာ ချင်ယွမ်ဖုန်း၏ နှလုံးသားကို တုန်ခါသွားစေပြီး လက်ထဲမှ ခက်ရင်းသုံးခွလှံကို ချက်ချင်းပင် လွှတ်လိုက်မိတော့သည်။
လွှမ်းခြုံထားသော မိစ္ဆာအရှိန်အဝါများသည် ဒီရေကဲ့သို့ ခက်ရင်းသုံးခွလှံထဲသို့ ပြန်လည် လိပ်ဝင်သွားကြသည်။
ချင်ယွမ်ဖုန်းသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် နောက်သို့ နှစ်လှမ်းခန့် ဆုတ်လိုက်မိ၏။ ခုနကတင် သူ၏ အသိစိတ်သည် ထိုခက်ရင်းသုံးခွလှံ၏ ဝါးမြိုခြင်းကို ခံရလုနီးပါး ဖြစ်ခဲ့ရသည် မဟုတ်လော။
ကံကောင်းထောက်မစွာဖြင့် ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့၏ အသံက သူ့ကို နှိုးဆော်ပေးခဲ့၍သာ ဖြစ်ပေရာ။ သို့မဟုတ်ပါက အကျိုးဆက်ကို တွေးဝံ့စရာပင် ရှိတော့မည် မဟုတ်ချေ။
ရှာမိသားစု၏ အကြီးအကဲချုပ်သည် ထိုနေရာ၌ပင် ကြောင်အမ်းအမ်းဖြင့် ရပ်နေရှာသည်။ သူသည် မဟာဆရာနယ်ပယ် သိုင်းပညာရှင်တစ်ယောက်၏ လက်ချက်ဖြင့် ကွယ်လွန်ရလိမ့်မည်ဟု ဘယ်တုန်းကမှ တွေးထင်မထားခဲ့မိပေ။
ချင်ယွမ်ဖုန်းသည် ရှေ့သို့ လှမ်းသွားပြီး သူ၏ အဝတ်အစားများကို ချွတ်ကာ ခက်ရင်းသုံးခွကို ပတ်လိုက်ပြီးနောက် ၎င်းကို ဆွဲနုတ်လျက် သူ၏ သိုလှောင်လက်စွပ်ထဲသို့ ပြန်လည် ထည့်သွင်းလိုက်သည်။
အဘိုးအိုသည် သွေးတစ်လုပ် အန်ထုတ်လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် ကြီးမားလှသော ခြောက်ခြားမှုများ ပြည့်နှက်နေသည်။ “ငါ... ငါ မသေချင်သေးဘူး...”
ချင်ယွမ်ဖုန်းသည် ဖြည်းညှင်းစွာ လျှောက်သွားရင်း “ဒါဆို ချင်မိသားစုဝင်တွေကျတော့ သေချင်ကြလို့လား” ဟု မေးလိုက်သည်။
အဘိုးအိုသည် သူ၏ ရင်ဘတ်ကို ဖိထားရင်း နောက်ဆုံးထွက်သက်ကို မစွန့်လွှတ်နိုင်ဘဲ ရုန်းကန်နေချေသည်။
ချင်ယွမ်ဖုန်းက ရှေ့သို့ တစ်လှမ်းတိုးကာ အဘိုးအို၏ ဦးခေါင်းပေါ်သို့ လက်တစ်ဖက် တင်လိုက်ပြီး စွမ်းအင်စုပ်ယူခြင်း မဟာပညာရပ်ကို အရူးအမူး လှုံ့ဆော်လိုက်တော့သည်။
ပြင်းထန်လှသော စုပ်ယူမှုအားကြောင့် အဘိုးအို၏ ကျင့်စဉ်စွမ်းအား အားလုံးသည် ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်ထဲသို့ တဟုန်ထိုး စီးဝင်သွားလေသည်။
နောက်တစ်ခဏတွင် ချင်ယွမ်ဖုန်းသည် သူ၏ ခန္ဓာကိုယ်က မည်သည့်အချုပ်အနှောင်မှမဆို လွတ်မြောက်သွားသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ အရိုးအဆစ်များထံမှ သာယာနာပျော်ဖွယ်ကောင်းသော မြည်ဟီးသံများ ထွက်ပေါ်လာသည်။
“ငါ ကျင့်စဉ်အဆင့် တက်သွားတာလား” ချင်ယွမ်ဖုန်းသည် မိမိ၏ လက်နှစ်ဖက်ကို ကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်မိသည်။
“ဖုန်းအစ်ကို”
မျက်နှာပေါ်တွင် မျက်ရည်များ စိုရွှဲနေဆဲဖြစ်သော ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့သည် ပြေးဝင်လာကြပြီး ချင်ယွမ်ဖုန်း၏ လက်မောင်းကို ဆွဲကိုင်လိုက်ကြသည်။
ချင်ယွမ်ဖုန်းက အတင်းအကျပ် ပြုံးပြလိုက်ရင်း “မစိုးရိမ်ပါနဲ့၊ အဆင်ပြေသွားပါပြီ။ သူ သေသွားပါပြီ” ဟု နှစ်သိမ့်လိုက်သည်။
ရှာမိသားစု၏ အကြီးအကဲချုပ်ဖြစ်သော ဘိုးဘေးနယ်ပယ် သိုင်းပညာရှင်ကြီးသည် ထိုနေရာ၌ပင် ဒူးထောက်လျက် နာကျည်းမှု ပြည့်နှက်နေသော မျက်လုံးများ ပြူးကျယ်ကာ ခန္ဓာကိုယ်မှာ ဖြည်းညှင်းစွာ အေးစက်သွားတော့သည်။
ထိုအချိန်တွင် မီတာတစ်ရာ ပတ်လည်အတွင်းရှိ နေရာအားလုံးသည် အပျက်အစီးပုံဘဝသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ မြေပြင်မှာ အပိုင်းပိုင်း ကွဲအက်နေပြီး ပတ်ဝန်းကျင်ရှိ အဆောက်အအုံများလည်း ပြိုကျပျက်စီးကုန်ကာ ရှာမိသားစု၏ တည်းခိုခန်းမှာမူ အစအနပင် မကျန်တော့ချေ။
ချင်ယွမ်ဖုန်းသည် ကျင့်စဉ်အဆင့် တက်လှမ်းနိုင်ခဲ့သော်လည်း ခုနက တိုက်ပွဲကြောင့် သူ၏ ခန္ဓာကိုယ်စွမ်းအင်များ အကုန်အစင် ကုန်ခမ်းသွားခဲ့ရသည်။
အထူးသဖြင့် နောက်ဆုံးတွင် ခက်ရင်းသုံးခွလှံကို အသုံးပြုလိုက်ခြင်းကြောင့် သူ၏ ခွန်အားအားလုံးကို ထိုလက်နက်က စုပ်ယူသွားသကဲ့သို့ ဖြစ်နေချေသည်။
သူသည် ရှာမိသားစုဝင်တစ်ဦးထံသို့ ယိမ်းထိုးလျက် လျှောက်လှမ်းသွားပြီး မူလက တည်းခိုခန်း ရှိခဲ့သော နေရာသို့ လက်ညှိုးထိုးပြလိုက်သည်။
“အဲဒီနေရာမှာ ချင်မိသားစုရဲ့ ဘိုးဘွားစင်္ကြံကျောင်းတော်တစ်ခု ဆောက်လုပ်လိုက်။ မဟုတ်ရင် နောက်တစ်ယောက်က မင်းပဲ ဖြစ်ရမယ်”
ချင်ယွမ်ဖုန်းက အေးစက်စွာ ပြောဆိုပြီးနောက် လှည့်ထွက်ခဲ့လေသည်။
ဝမ်ချိုင် ရှိနေသဖြင့် ချင်ယွမ်ဖုန်းသည် ရှာမိသားစုဝင်များက ယခုအချိန်တွင် ပြန်လည် တိုက်ခိုက်လာမည်ကို စိုးရိမ်ခြင်း မရှိချေ။
ရှာမိသားစုဝင်များတွင်လည်း ထိုသို့သော စိတ်ကူးမျိုး လုံးဝ မရှိကြသည်မှာ ထင်ရှားလှပေသည်။ သူတို့၏ စိတ်နှလုံးထဲတွင် တောင်ကြီးတစ်မျှ မှီခိုအားထားရသော အကြီးအကဲချုပ်ကြီးမှာ ကွယ်လွန်သွားခဲ့ပြီ မဟုတ်လော။
ရှာမိသားစုမှ လူတိုင်းသည် ကြောင်အမ်းအမ်း ဖြစ်နေကြပြီး နောက်ထပ် ဘာဆက်လုပ်ရမည်ကို မသိကြတော့ချေ။
ချင်ယွမ်ဖုန်းကဲ့သို့သော ကြောက်မက်ဖွယ်ကောင်းသည့် ရန်သူတော်ကြီး ရှိနေသရွေ့ သူတို့ ရှာမိသားစုသည် မည်သို့လျှင် အေးချမ်းစွာ နေထိုင်နိုင်ပါတော့မည်နည်း။
ချင်ယွမ်ဖုန်းသည် လမ်းလျှောက်ရာတွင် ယိမ်းထိုးနေပြီး လွန်စွာ အားနည်းနေပုံ ပေါက်နေသော်လည်း သူတို့သည် သူ့ကို တစ်ဖန် ပြန်လည် တိုက်ခိုက်ရန် လုံးဝ မဝံ့ရဲကြတော့ချေ
ခုနကတင် သူတို့ မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသော လွှမ်းခြုံလာသည့် မိစ္ဆာအရှိန်အဝါများသည် သူတို့အား ကြီးစွာသော ခြောက်ခြားမှုကို ပေးစွမ်းခဲ့ပြီး အသက်ရှူကျပ်မတတ် ခံစားခဲ့ရသော ထိုရသကို ယခုတိုင် ကောင်းစွာ မှတ်မိနေကြဆဲ ဖြစ်ပေ၏။
အကယ်၍ အဋ္ဌမအဆင့် မဟာဆရာနယ်ပယ် သိုင်းပညာရှင်တစ်ယောက်က ပထမအဆင့် ဘိုးဘေးနယ်ပယ် သိုင်းပညာရှင်တစ်ယောက်ကို အောင်နိုင်ခဲ့သည်ဟူသော သတင်းသာ ပျံ့နှံ့သွားပါက ချင်ယွမ်ဖုန်း၏ ကျော်စောသတင်းသည် ယခုထက်ပင် ပိုမို၍ မြင့်မားတောက်ပသွားမည်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်ချေတော့သည်။
အခန်း (၃၇၂)ကျန်းဇီဖုန်း
ဘေးမှကြည့်ရှုသူများမှာ ချင်ယွမ်ဖုန်းအတွက် လမ်းဖယ်ပေးကြလေရာ ယင်းက ပတ်ဝန်းကျင်ကို ပေါ့ပေါ့ပါးပါးပင် ဝေ့ဝဲကြည့်ရှုလိုက်သော်လည်း ၎င်း၏အကြည့်မှာ လူတစ်ဦးထံ၌ ရုတ်တရက် ရပ်တန့်သွားခဲ့ချေသည်။
ထိုသူသည်လည်း ချင်ယွမ်ဖုန်း မိမိအား စိုက်ကြည့်နေသည်ကို မြင်လျှင် မြန်ဆန်စွာပင် ခေါင်းငုံ့လျက် လူအုပ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။
ချင်ယွမ်ဖုန်းသည် ထိုသူအား မျက်ခြေပြတ်သွားသဖြင့် ဝမ်ချိုင်၏ ကျောပေါ်သို့ တက်ထိုင်လိုက်ချေသည်။
ဒါချောင်နှင့် ရှောင်ချောင်တို့သည်လည်း ဝမ်ချိုင်၏ကျောပေါ်သို့ လွှားခနဲ ခုန်တက်ကြပြီး ရှောင်ဟေးပင်လျှင် ချင်ယွမ်ဖုန်း၏ ရင်ခွင်ထဲသို့ တိုးဝင်လာခဲ့သည်။
ဝမ်ချိုင်သည် လေပြင်းကဲ့သို့ အဟုန်ဖြင့် ပြေးထွက်သွားရာ ခဏချင်းအတွင်းပင် လူတိုင်း၏ အမြင်အာရုံမှ ပျောက်ကွယ်သွားတော့၏။
ထိုအခါမှသာ ရှာမိသားစုသည် ကျယ်လောင်စွာ ငိုကြွေးဝံ့ကြတော့သည်။ ယင်းတို့သည် ဂိုဏ်းကြီးကြပ်သူ အကြီးအကဲ၏ ရုပ်အလောင်းရှေ့တွင် ဒူးထောက်လျက် ပူဆွေးသောကရောက်စွာ ငိုကြွေးမြည်တမ်းကြလေသည်။
သို့သော် ယင်းတို့ မသိရှိကြသည်မှာ ထိုစဉ်က ချင်မိသားစု၏ ပူဆွေးသောကရောက်စွာ ငိုကြွေးသံများမှာ ယင်းတို့ထက် ဆယ်ဆမျှ ပိုမိုရင်နာစရာကောင်းခဲ့ကြောင်းပင် ဖြစ်ချေသည်။
ချင်ယွမ်ဖုန်း ထွက်ခွာသွားပြီးနောက် အချိန်အတော်ကြာသည့်တိုင်အောင် ဤနေရာရှိ လူများမှာ လူစုမခွဲကြသေးပေ။
ယင်းတို့သည် သေဆုံးသွားသော ရှာမိသားစု၏ ဂိုဏ်းကြီးကြပ်သူ အကြီးအကဲအား ကြည့်ရှုရင်း ရှေးဦးစွာက ပေါ်ထွက်လာခဲ့သည့် ကောင်းကင်ဖုံးလွှမ်းမတတ် စိတ်အာဃာတမိစ္ဆာ အရှိန်အဝါကို တွေးတောကာ ချင်ယွမ်ဖုန်းမှာ အမှန်တကယ် မည်သူဖြစ်ကြောင်း သိလိုစိတ် ပြင်းပြနေကြသည်။
ယခင်က ယင်းတို့သည် ချင်ယွမ်ဖုန်းအကြောင်း ကြားဖူးရခြင်းမှာ ၎င်းသည် ချင်မိသားစုမှ အလေးအနက် ပျိုးထောင်ပေးနေသည့် အလားအလာရှိသော ပါရမီရှင် လူငယ်တစ်ဦး ဖြစ်သောကြောင့်ပင် ဖြစ်သည်။
နောင်တွင်မူ ချင်ယွမ်ဖုန်းသည် ချင်မိသားစု၏ ရင်းမြစ်များကို နှစ်ပေါင်းများစွာ ဖြုန်းတီးခဲ့သော အမှိုက်ကောင်တစ်ဦး ဖြစ်သည်ဟု ကြားသိခဲ့ကြရပြန်သည်။
ထို့နောက်တွင်မူ ချင်ယွမ်ဖုန်းသည် ဂိုဏ်းတွင်းပြိုင်ပွဲ၌ အနိုင်ရရှိကာ ကျောင်းသားသစ်များအကြား ထူးချွန်ထွက်မြောက်ခဲ့ပြီး ဘေးဒုက္ခကြုံတွေ့ရချိန်တွင်ပင် ရှေ့ထွက်မားမားမတ်မတ် ရပ်တည်ပေးခဲ့သဖြင့် သူရဲကောင်းတစ်ဦး ဖြစ်လာခဲ့သည်ဟု ကြားသိခဲ့ရပြန်ချေသည်။
ယခုမူ ထိုသို့သော ကောင်းကင်ဖုံးလွှမ်းမတတ် စိတ်အာဃာတမိစ္ဆာ အရှိန်အဝါမျိုးမှာ သာမန်မိစ္ဆာကျင့်ကြံသူများ ပိုင်ဆိုင်နိုင်သည့် အရာမဟုတ်သည်ကို ယင်းတို့ ကိုယ်တိုင် မြင်တွေ့ခဲ့ကြရပြီ ဖြစ်သည်။
ဤသူသည် အမှန်တကယ်ပင် မည်သူနည်း။ ဤမြင်ကွင်းကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတိုင်းမှာ ဝေခွဲမရနိုင်သော သံသယများဖြင့် ပြည့်နှက်နေကြတော့သည်။
သို့သော် ထိုအချိန်တွင် ချင်ယွမ်ဖုန်းမှာ ထွက်ခွာသွားခဲ့ပြီ ဖြစ်ချေသည်။ ဝမ်ချိုင်သည် ယင်းတို့အား ခေါ်ဆောင်လျက် ထျန်းတူးပြည်နယ်မြို့တော်မှ ထွက်ခွာလာပြီး ကြယ်ကြွေကန္တာရ အစွန်အဖျားရှိ တောအုပ်တစ်ခုအတွင်းသို့ ဝင်ရောက်လာခဲ့သည်။
ချင်ယွမ်ဖုန်းသည် နတ်သက်ကြွေဆေးမြက်၏ အရွက်တစ်ရွက်ကို စားသုံးပြီး ဖြစ်သဖြင့် ၎င်း၏ ဒဏ်ရာများမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ကာ ကိုယ်တွင်းဒဏ်ရာများမှာလည်း အနည်းငယ် အနားယူရုံမျှဖြင့် သက်သာသွားမည် ဖြစ်ချေသည်။
သို့သော် ချင်ယွမ်ဖုန်းသည် ယခုအချိန်တွင် အခြားသော အကြောင်းအရာတစ်ခုကို တွေးတောနေမိသည်။
ဒါချောင်က အစားအစာများကို ပြင်ဆင်နေစဉ် ရှောင်ချောင်က “ဖုန်းအစ်ကို... ဘာတွေ တွေးနေတာလဲ” ဟု မေးမြန်းလိုက်သည်။
ချင်ယွမ်ဖုန်းက ပြုံးလျက် “ဘာမှမဟုတ်ပါဘူး... ဒါနဲ့ မင်းတို့လည်း ငါ့ဆီကနေ အဲဒီလောက်ပြင်းထန်တဲ့ စိတ်အာဃာတမိစ္ဆာ အရှိန်အဝါတွေ ထွက်လာတာ မြင်ခဲ့ရတာပဲ... ဘာမှ ပြောစရာမရှိဘူးလား” ဟု ဆိုလိုက်ချေသည်။
ဒါချောင်သည် အလုပ်ကို ရပ်နားကာ ချင်ယွမ်ဖုန်း၏ ဘေးသို့ လျှောက်လှမ်းလာခဲ့သည်။
“ဖုန်းအစ်ကိုပဲ ကိုယ်တိုင်ပြောခဲ့တယ်လေ... ငါတို့တွေက မိသားစုဝင်တွေပါလို့... အမေက သားဖြစ်သူက မိစ္ဆာတစ်ကောင် ဖြစ်နေရုံနဲ့ စွန့်ပစ်သွားမှာမို့လို့လဲ... ဒါချောင်တို့တွေလည်း ထို့အတူပဲ ဖုန်းအစ်ကို့ကို စွန့်ပစ်မှာ မဟုတ်ပါဘူး” ဟု ဒါချောင်က လေးနက်စွာ ပြောကြားလိုက်သည်။
ရှောင်ချောင်ကလည်း မြန်ဆန်စွာ ခေါင်းညိတ်လျက် “ဟုတ်ပါတယ် ဖုန်းအစ်ကို... ဖုန်းအစ်ကိုက ဘယ်သူပဲဖြစ်ဖြစ် ရှောင်ချောင်တွေအတွက်တော့ အမြဲတမ်း ဖုန်းအစ်ကိုပဲ... ဒါက ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး” ဟု ဆိုလေသည်။
ချင်ယွမ်ဖုန်းသည် အလွန်ပင် စိတ်လှုပ်ရှား သွားရချေသည်။ ယင်းက “စိတ်ချပါ... ငါက မိစ္ဆာတစ်ကောင် မဟုတ်ပါဘူး... အဲဒီ စိတ်အာဃာတမိစ္ဆာ အရှိန်အဝါက ငါ့ဆီက ထွက်တာ မဟုတ်ဘူး... ငါ ကံကောင်းလို့ ရခဲ့တဲ့ ရက်စက်ပြင်းထန်တဲ့ နတ်လက်နက်တစ်ခုကြောင့်ပါ... ဒီအကြောင်းက ပြောရရင်တော့ တော်တော် ရှည်လျားတယ်” ဟု ရှင်းပြလိုက်သည်။
“ပြောပြပါဦး” ရှောင်ချောင်သည် ပုံပြင်နားထောင်ခြင်းကို အလွန်နှစ်သက်သူ ဖြစ်သဖြင့် ချင်ယွမ်ဖုန်း၏ လက်မောင်းကို ဆွဲကိုင်ကာ ပူဆာလေတော့သည်။
ချင်ယွမ်ဖုန်းသည် ခေါင်းညိတ်လျက် တစ်ပါးကျွန်းသား မိစ္ဆာများအကြောင်းကို ပြောပြရာ ယင်းတို့သည် အလွန်ပင် စိတ်ဝင်တစား နားထောင်ကြလေသည်။
မကြာမီပင် မှောင်ရီပျိုးစပြုလာပြီး ချင်ယွမ်ဖုန်း၏ ပြောစကားလည်း ဆုံးခန်းတိုင်သွားခဲ့ချေသည်။
“တစ်ပါးကျွန်းသား မိစ္ဆာများလို့ ခေါ်တဲ့ သတ္တဝါတွေ တောင် ရှိနေတာလား... တကယ်ကို မယုံနိုင်စရာပဲ” ဟု ရှောင်ချောင်က အံ့အားသင့်စွာ ပြောဆိုလိုက်သည်။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်လျက် “ဟုတ်တယ်... ငါလည်း ဒါမျိုး ရှိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး... ပြီးတော့ တစ်နေ့ကျရင် ငါကိုယ်တိုင် ဒီကိစ္စတွေထဲ ပါဝင်ပတ်သက်လာလိမ့်မယ်လို့လည်း မထင်ထားခဲ့မိဘူး” ဟု ဆိုချေသည်။
အမှန်စင်စစ် ချင်ယွမ်ဖုန်း မထင်မှတ်ထားခဲ့သော အရာများစွာ ရှိနေသေးသည်။ ဥပမာအားဖြင့် ထိုသို့သော တစ်ပါးကျွန်းသား မိစ္ဆာများအကြောင်းကို ဤစကြဝဠာတိုက်ကြီးတွင် လူအများစုက မေ့လျော့နေကြပြီ ဖြစ်သော်လည်း ၎င်း၏ နောက်ခံသမိုင်းကြောင်းမှာမူ တစ်ပါးကျွန်းသား မိစ္ဆာများနှင့် ခွဲခြား၍မရအောင် ပတ်သက် ဆက်နွှယ်နေခြင်းမျိုး ဖြစ်ချေသည်။
ထိုအချက်ကပင် ချင်ယွမ်ဖုန်းအား အခြားသူများနှင့် ခြားနားစေခြင်း ဖြစ်တန်ရာသည်။
ယင်းတို့ သုံးဦးသည် ခဏမျှ ဆက်လက် စကားစမြည် ပြောဆိုကြပြီးနောက် ဒါချောင်နှင့် ရှောင်ချောင်တို့သည် ကျင့်ကြံခြင်းကို စတင်ကြလေသည်။
ယင်းတို့သည် မြေပြင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်လျက် ကောင်းကင်နှင့် မြေကမ္ဘာအကြားရှိ ဝိညာဉ်စွမ်းအင်များကို စုပ်ယူနေကြသော်လည်း ချင်ယွမ်ဖုန်းမှာမူ စိတ်တည်ငြိမ်အောင် မလုပ်နိုင်သေးပေ။
နေ့ခင်းဘက်က ထွက်ခွာလာချိန်တွင် ၎င်းတွေ့ဆုံခဲ့ရသော လူတစ်ဦးကြောင့် ပြန်လည်ရောက်ရှိလာပြီးနောက်ပိုင်း ကြုံတွေ့ခဲ့ရသမျှ အချိန်များကို ပြန်လည်တွေးတောနေမိခြင်း ဖြစ်ချေသည်။
ချင်ယွမ်ဖုန်းသည် ထျန်းတူးပြည်နယ်သို့ ပြန်လည်ရောက်ရှိစဉ်က မြို့တံခါးဝတွင် ချင်မင်ယန်နှင့် ရင်းနှီးကျွမ်းဝင်ပုံရသော တပ်မှူးတစ်ဦးနှင့် ဆုံတွေ့ခဲ့သည်။
သို့သော် ထိုတပ်မှူးသည် နောင်တွင် ချင်ယွမ်ဖုန်းအား အဆိပ်ခတ်ခဲ့ချေသည်။
ချင်မင်ယန်ကလည်း ထိုသူအား အပြစ်ပေးရန် ဧကရာဇ်ထံသို့ သွားရောက်တောင်းဆိုမည်ဟု ပြောကြားခဲ့ဖူးသဖြင့် ကျန်းဇီဖုန်း အမည်ရှိသော ထိုတပ်မှူး၏ ကံကြမ္မာကို ခန့်မှန်း၍ ရနိုင်ပေသည်။
ယင်းသည် အသက်မဆုံးရှုံးခဲ့လျှင်ပင် အခြေအနေ ကောင်းမွန်နေမည် မဟုတ်သည်မှာ သေချာသလောက်ပင် ဖြစ်ချေသည်။
သို့သော် ယနေ့တွင် ချင်ယွမ်ဖုန်း မြင်တွေ့ခဲ့ရသောသူမှာ ကျန်းဇီဖုန်း ဖြစ်နေချေသည်။
ယခင်ကထက်ပင် ပိုမို၍ ဖြူစင်သန့်ရှင်းနေပြီး မိမိကိုယ်ကိုယ် အလွန်အမင်း ဂရုစိုက် စောင့်ရှောက်ထားကြောင်း သိသာလှပေသည်။
ဤအချက်က ချင်ယွမ်ဖုန်းအား တစ်စုံတစ်ရာ မတင်မကျ ဖြစ်စေချေသည်၊ အကြောင်းမူကား ဤလူသည် မိမိအား အဆိပ်ခတ်ခဲ့ဖူးသူ ဖြစ်သဖြင့် ကောင်းမွန်သော အခြေအနေတွင် ရှိမနေသင့်သောကြောင့်ပင် ဖြစ်သည်။
ချင်မင်ယန်သည် ဤကိစ္စနှင့် ပတ်သက်၍ ချင်ယွမ်ဖုန်းအား လိမ်လည်လှည့်ဖြားရန် ကြိုးပမ်းမည် မဟုတ်သော်လည်း ယခုအချိန်တွင် ကျန်းဇီဖုန်းမှာ လုံးဝအဆင်ပြေရုံမျှမက ဝတ်ဆင်ထားသော အဝတ်အစားများမှာလည်း အလွန်ပင် ဇိမ်ခံအဆင့်မြင့်လှပေသည်။
ချင်ယွမ်ဖုန်းသည် တွေးတောလေလေ တစ်ခုခု မှားယွင်းနေသည်ဟု ခံစားရလေလေ ဖြစ်သဖြင့် မတ်တပ်ရပ်လိုက်တော့သည်။
ဝမ်ချိုင်က ခေါင်းမော့၍ ချင်ယွမ်ဖုန်းအား ကြည့်ရှုရာ ယင်းက ပြုံးပြလိုက်သည်။
“ဝမ်ချိုင်... မင်း ဒီမှာနေပြီး ဒါချောင်နဲ့ ရှောင်ချောင်တို့ကို စောင့်ရှောက်ပေးထားပါ... ငါ အပြင်ခဏသွားပြီး ကိစ္စတစ်ခု သွားရှင်းလိုက်ဦးမယ်” ချင်ယွမ်ဖုန်းက ဝမ်ချိုင်၏ ခေါင်းကို ပုတ်လျက် ပြောလိုက်ချေသည်။
ဝမ်ချိုင်က ခပ်တိုးတိုး ဟောင်လိုက်ပြီး မိမိ နားလည်ကြောင်း အသိပေးလေသည်။
ချင်ယွမ်ဖုန်းသည် လျင်မြန်စွာ ထွက်ခွာခဲ့ပြီး ထျန်းတူးပြည်နယ်မြို့တော်ဘက်သို့ ဦးတည်လိုက်သည်။
၎င်းအနေဖြင့် ထျန်းတူးမြို့တွင် မနေထိုင်ခဲ့ခြင်းမှာ မမျှော်လင့်သော အဖြစ်အပျက်များ ကြုံတွေ့ရမည်ကို စိုးရိမ်သောကြောင့် ဖြစ်သော်လည်း ယခုအခါတွင်မူ ထျန်းတူးမြို့သည် ၎င်းစိတ်ကူးထားသလောက် ရိုးရှင်းပုံမရတော့ပေ။
ချင်ယွမ်ဖုန်းသည် မိုးတိမ်လွင့် ပညာရပ်ကို အစွမ်းကုန် အသုံးပြုလိုက်ရာ ကောင်းကင်ယံတွင် ဖြူဖွေးသော မျဉ်းကြောင်းတစ်ကြောင်းသာ ကျန်ရစ်ခဲ့ပြီး ထျန်းတူးပြည်နယ်မြို့တော် အစွန်အဖျားသို့ လျင်မြန်စွာ ပြန်လည်ရောက်ရှိလာခဲ့ချေသည်။
ထျန်းတူးမြို့သည် ညဘက်တွင် မြို့တံခါး ပိတ်လေ့မရှိဘဲ လူများဖြင့် စည်ကား သိုက်မြိုက်နေဆဲ ဖြစ်သည်။
ချင်ယွမ်ဖုန်းသည် ဝတ်ရုံရှည်တစ်ခုကို ထုတ်ယူကာ ဆင်မြန်းလျက် မြို့ထဲသို့ လျှောက်လှမ်းဝင်ရောက်ခဲ့သည်။
ချင်ယွမ်ဖုန်းနှင့် ရှာမိသားစု၏ ဂိုဏ်းကြီးကြပ်သူ အကြီးအကဲတို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် ဂယက်ရိုက်ခတ်မှုမှာ ငြိမ်သက်သွားခြင်း မရှိသေးပေ။
ညအချိန် ဖြစ်သော်လည်း ချင်ယွမ်ဖုန်း ရောက်ရှိသွားသည့် နေရာတိုင်းတွင် နေ့ခင်းဘက်က တိုက်ပွဲအကြောင်းကို ဆွေးနွေးငြင်းခုံနေကြသည်ကို ကြားနေရဆဲ ဖြစ်ချေသည်။
လက်ဖက်ရည်ဆိုင် ပြိုကျပျက်စီးသွားခြင်းမှာ အရေးမကြီးသော်လည်း ရှာမိသားစုအနေဖြင့် လက်ခံနိုင်ခြင်း မရှိသည်မှာ ယင်းတို့အား ဤနေရာ၌ ချင်မိသားစု၏ ဘိုးဘေးဘုရားကျောင်းတစ်ခုကို တည်ဆောက်ခိုင်းခြင်းပင် ဖြစ်သည်။
ချင်ယွမ်ဖုန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ ရှာမိသားစုအနေဖြင့် ဤဘိုးဘေးခန်းမကို မဖြစ်မနေ တည်ဆောက်ရမည် ဖြစ်ကာ ထိုသို့မဟုတ်ပါက ၎င်းအနေဖြင့် ရှာမိသားစုထံသို့ နောက်တစ်ကြိမ် ထပ်မံသွားရောက်ရန် ဝန်လေးလိမ့်မည် မဟုတ်ပေ။
သို့သော် ၎င်းပြန်လာခြင်းမှာ ရှာမိသားစုအတွက် မဟုတ်ဘဲ မြို့ထဲရှိ နန်းတော်ဆီသို့ ဦးတည်ရန် ဖြစ်ချေသည်။
နန်းတော်အတွင်း၌ ကာကွယ်ရေးအစောင့်များ အထပ်ထပ် ချထားသော်လည်း စောင့်ကြပ်နေသည့် သိုင်းပညာရှင်များ၏ အရည်အချင်းမှာမူ ထူးချွန်လှသည်မဟုတ်ပေ။
ဒါက သိုင်းပညာရှင်များနှင့် နိုင်ငံတော် စည်းလုံးညီညွတ်မှု မရှိသော လုယွဲ့အင်ပါယာ၏ အားနည်းချက်တစ်ခု ဖြစ်ပေရာ ထိုသို့သော နိုင်ငံမျိုးတွင် ဧကရာဇ်သည် အင်အားကြီး ပုဂ္ဂိုလ်တစ်ဦးဦးအား အမျက်ဒေါသထွက်အောင် ပြုလုပ်မိပါက အချိန်မရွေး အသက်ပျောက်သွားနိုင်ချေသည်။
ချင်ယွမ်ဖုန်းသည် နန်းတော်သို့ ရောက်ရှိလာပြီး မိုးတိမ်လွင့် ပညာရပ်ကို အသုံးပြုကာ အသံတိတ် ဆိတ်ငြိမ်စွာပင် အတွင်းသို့ ဝင်ရောက်ခဲ့သည်။
ဤနေရာရှိ နန်းတော်၏ ဖွဲ့စည်းပုံမှာ ကျန့်ဂီအင်ပါယာ၏ နန်းတော်ပုံစံနှင့် ဆင်တူလှပေသည်။
ချင်ယွမ်ဖုန်းသည် ရှေ့ပိုင်းရှိ အရေးမပါသော အဆောက်အအုံများကို လျင်မြန်စွာ ဖြတ်ကျော်ပြီး ညီလာခံခန်းမကို ကျော်တက်ကာ အနောက်ဘက် အဆောင်များသို့ ရောက်ရှိလာခဲ့ချေသည်။
ညဉ့်နက်သန်းခေါင် ယံအချိန် ဖြစ်သော်လည်း နန်းတော်တွင်းရှိ ဧကရာဇ်၏ စာကြည့်ဆောင်၌ မီးရောင်များ လင်းထိန်နေဆဲ ဖြစ်ရာ လုယွဲ့အင်ပါယာ၏ ဧကရာဇ်သည် ဝီရိယကောင်းသော သူတစ်ဦး ဖြစ်ကြောင်း သိသာလှပေသည်။
သို့သော် ချင်ယွမ်ဖုန်းသည် ကျန်းဇီဖုန်း၏ ကိစ္စကို တွေးတောလေလေ စိတ်မအေး ဖြစ်ရလေလေ ဖြစ်သဖြင့် ခန္ဓာကိုယ်ကို အမှောင်ထုထဲတွင် ဖျောက်ကွယ်လျက် စာကြည့်ဆောင်၏ ပြတင်းပေါက်အနီးသို့ တိတ်တဆိတ် ကပ်သွားကာ အတွင်းသို့ ချောင်းမြောင်း နားစွန့်လိုက်တော့သည်။