← Chapters

အခန်း (၃၇၅-၃၇၆)

Vol. 20 Ch. 375-376

အခန်း (၃၇၅-၃၇၆)

Vol. 20 Ch. 375-376

အခန်း (၃၇၅) မိုးကြိုးမီးလျှံ ဗုံးသီး

ကြီးမားလှသော အရှိန်အဝါတစ်ခုသည် ရုတ်တရက် အမှတ်တစ်ခုမှ ပေါက်ကွဲထွက်ပေါ်လာပြီး ရွှေရောင်နဂါးပုံရိပ်မှာ ချင်ယွမ်ဖုန်းဟူသော ပုရွက်ဆိတ်ငယ်၏ လက်ချက်ဖြင့် လူအများရှေ့မှောက်တွင် အမှန်တကယ်ပင် ကွဲကြေပျက်စီးသွားခဲ့ရသည်။

လုယွဲ့အင်ပါယာ၏ ဧကရာဇ် ရန်ယန်မှာ အသက်ရှူနှုန်း မြန်ဆန်လာပြီး ချင်ယွမ်ဖုန်းကို ကြောက်ရွံ့နေခဲ့သည့် မိမိ၏ ခံစားချက်မှာ အလွန်မှန်ကန်ကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားခဲ့လေသည်။

ရွှေရောင်နဂါးပုံရိပ်သည် ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်မှ ပြိုကျလာစဉ် ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်မှာ ထိုရွှေရောင်အလင်းတန်းများကြားမှ ဖြတ်ကျော်ဝင်ရောက်လာပြီး သူ၏ တုတ်ရှည်ကြီးမှာ ရန်ယန်၏ ခေါင်းပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။

ထိုအချိန်တွင် နန်းတော်၏ နေရာအနှံ့အပြားမှ မျက်စိကျိန်းလောက်အောင် တောက်ပသော ရွှေရောင်အလင်းများ ရုတ်တရက် ပန်းထွက်လာကာ မီးရှူးမီးပန်းများကဲ့သို့ အရပ်မျက်နှာပေါင်းစုံမှ အရှိန်ဖြင့် ရောက်ရှိလာပြီး ရန်ယန်၏ ခန္ဓာကိုယ်အတွင်းသို့ ချက်ချင်းဝင်ရောက်သွားသည်။

ရန်ယန်၏ ခန္ဓာကိုယ်ပတ်လည်တွင် ရွှေရောင်အကာအကွယ်တစ်ခု ပေါ်ပေါက်လာသည်။ ချင်ယွမ်ဖုန်း၏ တုတ်ရှည်မှာ ကျင်ချိန်ပေါင်းသောင်းချီသော အားဖြင့် ရိုက်ချလိုက်ခြင်းဖြစ်ရာ ချင်ယွမ်ဖုန်း၏ ရှေ့တွင် တောင်ကြီးတစ်ခုသာ ရှိနေပါက ထိုတောင်ပင်လျှင် ယခုအချိန်တွင် အမှုန့်ဖြစ်သွားလောက်ပြီ ဖြစ်သည်။

ချင်ယွမ်ဖုန်း အံ့အားသင့်သွားရသည်မှာ အားနည်းပုံပေါက်နေသည့် ရွှေရောင်အကာအကွယ်မှာ သူ၏ တုတ်ဖြင့် ရိုက်ချလိုက်သည့်တိုင် လုံးဝပျက်စီးသွားခြင်းမရှိပေ။

"ဟားဟားဟား၊ ဒါဟာ ငါ့ရဲ့ လုယွဲ့အင်ပါယာ တော်ဝင်မိသားစုရဲ့ ကံကြမ္မာပဲ၊ မင်း ဒါကို ဖျက်ဆီးနိုင်မှာမဟုတ်ဘူး။ "

ရန်ယန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ထိုအချိန်တွင် တော်ဝင်အစောင့်တပ်ဖွဲ့များလည်း အပြေးအလွှား ရောက်ရှိလာကြသည်။ ရန်ယန်မှာ ချင်ယွမ်ဖုန်း၏ ပြိုင်ဘက်မဟုတ်ကြောင်း သိလိုက်ရသဖြင့် သူတို့အားလုံး အလောတကြီး ဝင်ရောက်လာကြခြင်းဖြစ်သည်။

သူတို့၏ တာဝန်မှာ ရန်ယန်၏ လုံခြုံရေးကို ကာကွယ်ရန်ပင် ဖြစ်သည်။

ချင်ယွမ်ဖုန်း၏ မျက်လုံးများတွင် ဒေါသအမျက်တို့ တောက်လောင်နေသည်။ "မင်းရဲ့ ဒီလိပ်ခွံက မင်းကို ကာကွယ်ပေးနိုင်မယ်လို့ ထင်နေတာလား။"

ချင်ယွမ်ဖုန်းထံမှ ကြီးမားလှသော စွမ်းအားတစ်ခု ပန်းထွက်လာပြီး ပတ်ဝန်းကျင်ရှိ လေထုမှာပင် လောင်ကျွမ်းတော့မည့်အလား နေရာတစ်ခုလုံးကို ချက်ချင်းပင် မီးဖိုကြီးတစ်ခုအဖြစ် ပြောင်းလဲလိုက်သည်။

ရန်ယန်၏ မျက်လုံးများတွင် အာဃာတတို့ ပြည့်နှက်နေသည်။" ချင်ယွမ်ဖုန်း မင်း သေသင့်တယ် မင်း သေသင့်တယ် ငါက ကောင်းကင်ဘုံရဲ့ သားတော်ပဲ။

မင်းက လေပွတာလောက်ပဲ ရှိတာ။"

ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်မှာ ရုတ်တရက် မြင့်တက်သွားပြီး ခြေတစ်ချက် နင်းလိုက်သည်နှင့် ကောင်းကင်သို့ ခုန်ပျံတက်သွားသည်။

ထိုအချိန်တွင် အောက်ဘက်မှ မိုးရေစက်များကဲ့သို့ သေနတ်မြားများ အလုံးအရင်းဖြင့် ပစ်ခတ်လိုက်ကြသည်။

သို့သော် ချင်ယွမ်ဖုန်းမှာ မြားများ အားမရှိတော့ဘဲ ပြန်ကျသွားသည်အထိ ပိုမိုမြင့်မားစွာ ပျံတက်သွားပြီးနောက် ရပ်တန့်လိုက်သည်။

မိုးကြိုးဓာတ်စွမ်းအင်ကို ရရှိပြီးနောက်တွင် ချင်ယွမ်ဖုန်းမှာ ဤစွမ်းအားကို မည်သို့အသုံးပြုရမည်ကို တွေးတောနေခဲ့သည်။

သို့သော်လည်း ၎င်းကို သားရဲမီးလျှံနှင့် ရောနှော၍ ပိုမိုပြင်းထန်သော စွမ်းအားတစ်ခု ဖန်တီးရုံဖြင့် အသုံးပြုခြင်းမှာ အနည်းငယ် နှမြောစရာကောင်းနေသည်။

ယခုအချိန်တွင် ချင်ယွမ်ဖုန်း၏ စိတ်မှာ ဤကိစ္စအတွက် ရှင်းလင်းနေပြီဖြစ်သည်။ သူသည် အောက်ဘက်ရှိ မသဲကွဲတော့သော မြေပြင်ကို ငုံ့ကြည့်လိုက်ပြီးနောက် လက်သီးကို တင်းတင်းဆုပ်လိုက်သည်။

သားရဲမီးလျှံနှင့် ရွှေရောင်မိုးကြိုးတို့သည် ချင်ယွမ်ဖုန်း၏ လက်နှစ်ဖက်မှတစ်ဆင့် စီးဆင်းလာသည်။ ချင်ယွမ်ဖုန်းမှာ မျက်လုံးကို မှေးကျဉ်းလိုက်ပြီး သွားများကို ကြိတ်ကာ ထိုစွမ်းအားနှစ်ခုကို ဖြည်းညှင်းစွာ ပေါင်းစပ်လိုက်သည်။

စွမ်းအားနှစ်ခုလုံးမှာ လောက၏ အမြင့်ဆုံး ဖျက်ဆီးနိုင်သော စွမ်းအားများဖြစ်ပြီး အလွန်ပင် ရက်စက်ကြမ်းတမ်းလှသဖြင့် ပေါင်းစပ်ရန်မှာ အလွန်ခက်ခဲပေသည်။

ချင်ယွမ်ဖုန်းသည် မိုးကြိုးနှင့် မီးလျှံစွမ်းအားကို အသုံးပြုသည့်တိုင် စွမ်းအားနှစ်ခုကို တစ်ခုနှင့်တစ်ခု အထောက်အကူပြုစေရန်သာ ခွင့်ပြုခဲ့ပြီး ပေါင်းစပ်ရန်ကား မဝံ့ရဲခဲ့ပေ။

အကယ်၍ ပေါင်းစပ်မိပါက သူတစ်ပါးကို မထိခိုက်မီ မိမိကိုယ်တိုင်ပင် အရင်ဒဏ်ရာရသွားနိုင်ပေလိမ့်မည်။

သို့သော်လည်း ဆေးဖော်စပ်ရာတွင် ဆေးလုံးဖြစ်ပေါ်လာသည့် လုပ်ငန်းစဉ်ကဲ့သို့ပင် စွမ်းအားနှစ်ခုကြားရှိ ညီမျှသော အမှတ်ကို ရှာတွေ့ပါက ထိုစွမ်းအားနှစ်ခုကို ခေတ္တပေါင်းစပ်ထားနိုင်သည်။

"ငါနဲ့ ပေါင်းစပ်လိုက်။"

ချင်ယွမ်ဖုန်း အော်ဟစ်လိုက်ပြီး သူ၏ ကိုယ်တွင်းစွမ်းအင်များမှာ လက်ထဲသို့ ဆက်တိုက်စုစည်းလာကာ မီးလျှံများနှင့် ရွှေရောင်လျှပ်စီးကြောင်းတို့မှာ အမှန်တကယ်ပင် ဖြည်းညှင်းစွာ ပေါင်းစပ်သွားသည်။

သူ၏ ဝိညာဉ်စွမ်းအားများ တိုးဝင်လာသည်နှင့်အမျှ ချင်ယွမ်ဖုန်းမှာ ကြမ်းတမ်းသော စွမ်းအားနှစ်ခုကြားမှ ညီမျှမှုကို ရှာဖွေရန် ကြိုးပမ်းနေသည်။

နောက်ဆုံးတွင် ချင်ယွမ်ဖုန်း၏ ကိုယ်တွင်းစွမ်းအင်များ ကုန်ဆုံးသွားပြီးနောက် သူသည် စွမ်းအားနှစ်ခုကို ပြီးပြည့်စုံစွာ ပေါင်းစပ်နိုင်ခဲ့လေသည်။

ထိုအချိန်တွင် ထူးဆန်းသော အစိမ်းရောင်အလင်းတန်း ထွက်ပေါ်နေသော ဗုံးသီးတစ်လုံးသည် ချင်ယွမ်ဖုန်း၏ လက်ထဲတွင် ပေါ်လာသည်။

ဗုံးသီးမှာ ကျည်ဆန်ပုံစံ ဖြစ်သော်လည်း အရွယ်အစားမှာ ၂၀၀ မီလီမီတာထက် ကျော်လွန်နေသဖြင့် ကြောက်မက်ဖွယ် ကောင်းလှသည်။

ကမ္ဘာမြေတွင် ရှိခဲ့သော ဤအစုလိုက်အပြုံလိုက် ဖျက်ဆီးနိုင်သည့် လက်နက်ကို ချင်ယွမ်ဖုန်းမှာ နောက်ဆုံးတွင် ရှန်းဝူ စကြဝဠာ တိုက်ကြီးသို့ သယ်ဆောင်လာနိုင်ခဲ့ပြီ ဖြစ်သည်။

မတူညီသောနည်းလမ်းဖြင့် ပြန်လည်ဖန်တီးထားသော်လည်း ၎င်း၏ စွမ်းအားမှာ ပိုမိုတိုးတက်လာခဲ့သည်။

ချင်ယွမ်ဖုန်း၏ လက်ထဲတွင် လွင့်မျောနေသော ဗုံးသီးကို ကြည့်၍ သူ စိတ်လှုပ်ရှားနေမိသည်။

"မင်းကို မိုးကြိုးမီးလျှံ ဗုံးသီး လို့ နာမည်ပေးမယ်" ချင်ယွမ်ဖုန်းက ပေါ့ပေါ့တန်တန် ပြောလိုက်သော်လည်း အမှန်တကယ်တွင် အမည်ပေးခြင်းနှင့် ပတ်သက်၍ သူ၌ အရည်အချင်း လုံးဝမရှိပေ။

ဗုံးသီး ဖြစ်ပေါ်လာပြီး ထူးဆန်းသော အစိမ်းရောင်အလင်းမှာ မကောင်းဆိုးဝါးဆန်လှသည်။

ချင်ယွမ်ဖုန်း၏ နှုတ်ခမ်းတွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာပြီး ၎င်းသည် ကောင်းကင်မှ ဆင်းသက်လာကာ သူ၏ ရှေ့တည့်တည့်သို့ ဒေါင်လိုက် ကျရောက်သွားသည်။

မြေပြင်ပေါ်ရှိ ရန်ယန်မှာ ချင်ယွမ်ဖုန်း ဘာလုပ်နေသည်ကို မသိသော်လည်း မကောင်းသော ခံစားချက်တစ်ခုကို ရရှိလိုက်သည်။ သို့သော် လုယွဲ့အင်ပါယာ တော်ဝင်မိသားစု၏ ကံကြမ္မာမှာ သူ့ကို ဤနေရာတွင်သာ ကာကွယ်ပေးနိုင်တော့မည် ဖြစ်သည်။

ယခုအခါ ရွေးချယ်စရာတစ်ခုတည်းမှာ လုယွဲ့အင်ပါယာ တော်ဝင်မိသားစု၏ ကံကြမ္မာသည် ချင်ယွမ်ဖုန်း၏ တိုက်ခိုက်မှုအားလုံးကို ခံနိုင်ရည်ရှိလိမ့်မည်ဟု မျှော်လင့်ခြင်းသာ ဖြစ်သည်။

တော်ဝင်အစောင့်တပ်ဖွဲ့များမှာ ရန်ယန်ကို ဝန်းရံထားလိုက်ကြပြီး သူတို့၏ ခန္ဓာကိုယ်ဖြင့်ပင် မြင့်မားသော တံတိုင်းတစ်ခု တည်ဆောက်ချင်နေကြသည်။

ထိုအချိန်တွင် ကောင်းကင်မှ လာသော စူးရှသည့် တရွှီရွှီ အသံကို ကြားလိုက်ရပြီး တဖြည်းဖြည်းနှင့် ပိုမိုစူးရှလာသည်။

သူတို့သည် ကောင်းကင်ကို မော့ကြည့်လိုက်ရာ အစိမ်းရောင်အလင်းတစ်ခု ကောင်းကင်ဘုံမှ ဆင်းသက်လာပြီး နောက်ဆုံးတွင် သူတို့၏ ရှေ့သို့ ရောက်ရှိလာသည်။

"သွားတော့ မိုးကြိုးမီးလျှံ ဗုံးသီး"

ချင်ယွမ်ဖုန်းက တိုးတိုးလေး ပြောလိုက်သည်။ ထိုအချိန်တွင် သူ၏ ကိုယ်တွင်းစွမ်းအင်များမှာ ကုန်ဆုံးသွားပြီ ဖြစ်သည်။

ထို့ကြောင့် သူသည် မိုးကြိုးမီးလျှံ ဗုံးသီးကို ညင်သာစွာ လွှတ်ပေးလိုက်ရာ ၎င်းသည် ဒုံးပျံခွဲထွက်သကဲ့သို့ အခြားတစ်ဖက်သို့ ကျဆင်းသွားသည်။

အစိမ်းရောင်အလင်းကို မြင်လိုက်ရသောအခါ ရန်ယန်မှာ ပြင်းထန်သော အန္တရာယ်ကို ခံစားလိုက်ရသည်။ သူသည် ထွက်ပြေးရန် ကြိုးစားသော်လည်း ဗုံးသီးတို့မှာ ကျဆင်းစပြုနေပြီ ဖြစ်သည်။

ဗြုန်း။

တစ်ခဏချင်းတွင်ပင် ကြီးမားလှသော အသံတစ်ခုသည် ကောင်းကင်ဘုံကို တုန်ခါသွားစေပြီး ပတ်ဝန်းကျင်ရှိ တော်ဝင်အစောင့်တပ်ဖွဲ့များ၏ နားထဲမှ သွေးများ ချက်ချင်း စီးကျလာသည်။ ရန်ယန်ပင်လျှင် နားကို အုပ်ထားရသည်။

ချက်ချင်းဆိုသလိုပင် အလင်းတန်းတစ်ခု ကောင်းကင်သို့ ပစ်တက်သွားပြီး ပေါက်ကွဲမှုမှာ နေရာအနှံ့ ပျံ့နှံ့သွားသည်။

မီးလျှံနှင့် လျှပ်စီးတို့ ပေါင်းစပ်ခြင်းကြောင့် ဖြစ်ပေါ်လာသော စွမ်းအားမှာ အလွန်ပင် ရက်စက်ကြမ်းတမ်းသည်။

တော်ဝင်အစောင့်တပ်ဖွဲ့များမှာ ပေါက်ကွဲမှုနှင့် ထိမိရုံမျှဖြင့် သူတို့၏ ခန္ဓာကိုယ်များမှာ ချက်ချင်းပင် အစိတ်အစိတ် အမွှာမွှာ ဖြစ်သွားကြပြီး နာကျင်မှုကိုပင် မခံစားလိုက်ရပေ။

တစ်ခဏအတွင်းမှာပင် တော်ဝင်အစောင့်တပ်ဖွဲ့ ထောင်ပေါင်းများစွာမှာ လေထဲသို့ ပျောက်ကွယ်သွားပြီး ရန်ယန်တစ်ဦးသာ ကျန်ရှိနေကာ ဆက်လက်၍ ခံနိုင်ရည်ရှိစေရန် ရုန်းကန်နေရသည်။

တော်ဝင်မိသားစု၏ ကံကြမ္မာဖြင့် ဖြစ်ပေါ်လာသော ရွှေရောင်အကာအကွယ်မှာ ယခုအခါ ပြိုလဲလုနီးပါး ဖြစ်နေသည်။

ခေတ္တမျှ ကြံ့ကြံ့ခံပြီးနောက် ရုတ်တရက် ပျက်သုဉ်းသွားကာ ကျန်ရှိနေသော မိုးကြိုးမီးလျှံ ဗုံးသီး၏ စွမ်းအားတို့မှာ ရန်ယန်၏ ခန္ဓာကိုယ်သို့ ပြင်းထန်စွာ ရိုက်ခတ်သွားသည်။

နန်းတော်ဝင်းအတွင်းရှိ မြေပြင်မှာ မီးလောင်ကျွမ်းသဖြင့် အမည်းရောင် ဖြစ်သွားပြီး တော်ဝင်စာကြည့်တိုက်နှင့် ပတ်ဝန်းကျင်ရှိ အဆောက်အအုံများမှာ မြေပြင်နှင့် တစ်သားတည်း ဖြစ်သွားသည်။ သဘာဝဘေးအန္တရာယ်နှင့် တူညီသော စွမ်းအားမှာ နေရာတစ်ခုလုံးကို မီးပင်လယ်အဖြစ် ပြောင်းလဲလိုက်သည်။

ချင်ယွမ်ဖုန်းမှာ သက်ပြင်းတစ်ချက် ချလိုက်သော်လည်း ရုတ်တရက် မီးလျှံများထဲမှ ပုံရိပ်တစ်ခု ဖြည်းညှင်းစွာ ထလာသည်ကို မြင်လိုက်ရသည်။

"ဟားဟားဟား၊ ချင်ယွမ်ဖုန်း မင်း ငါ့ကို သတ်လို့ မရဘူး။"

ရန်ယန်၏ အသံ ထွက်ပေါ်လာသည်။ ထိုအချိန်တွင် သူ၏ ဆံပင်များမှာ ဖွာလန်ကြဲနေပြီး သူ၏ ရှေ့ရှိ နဂါးဝတ်ရုံတွင် သွေးများ စွန်းထင်းနေသည်။ သူသည် ဧကရာဇ်တစ်ပါးနှင့် လုံးဝမတူတော့ပေ။

"မဖြစ်နိုင်ဘူး။' ချင်ယွမ်ဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ရန်ယန်မှာ ပေါက်ကွဲမှုကြောင့် မသေဆုံးခဲ့လျှင်ပင် ယခုအချိန်တွင် မတ်တပ်ရပ်နိုင်လိမ့်မည် မဟုတ်ပေ။

ရုတ်တရက် ချင်ယွမ်ဖုန်းသည် ရန်ယန်၏ ခန္ဓာကိုယ်ပေါ်ရှိ နဂါးဝတ်ရုံကို သတိပြုမိသွားသည်။ ပေါက်ကွဲမှု၏ စွမ်းအားကို တိုက်ရိုက်ခံစားခဲ့ရသော်လည်း ၎င်းမှာ ပျက်စီးခြင်းမရှိဘဲ ရွှေရောင်အလင်းတန်းကိုပင် ထုတ်လွှတ်နေသေးသည်။

"ကာကွယ်ရေး ရတနာလက်နက်တစ်ခုလား။" ချင်ယွမ်ဖုန်း အံ့အားသင့်သွားရသည်။ လုယွဲ့အင်ပါယာ၏ ဧကရာဇ်ဖြစ်သူ ရန်ယန်တွင် အမှန်ပင် လှည့်ကွက်အချို့ ရှိနေခဲ့သည်။

အခန်း (၃၇၆)ရှာလန်

ချင်ယွမ်ဖုန်းသည် ရှေ့သို့တိုးကာ ရန်ယန်အား သတ်ဖြတ်ရန် ကြံရွယ်လိုက်သော်လည်း ထိုခဏ၌ပင် ကြီးမားလှသော စွမ်းအားတစ်ခု မိမိထံသို့ ဒုန်းစိုင်းပြေးဝင်လာသည်ကို ခံစားလိုက်ရပေသည်။

“ဒါ ဘယ်သူလဲ” ချင်းယွမ်ဖုန်း မျက်မှောင်ကြုတ်မိသွားသည်။ ထိုစွမ်းအားသည် အလွန်အမင်း ပြင်းထန်လှပြီး မဟာဆရာနယ်ပယ်ထက်ပင် ကျော်လွန်နေပေသည်။

မိုးကုပ်စက်ဝိုင်းဆီမှ ပုံရိပ်တစ်ခု ဖြတ်သန်းလာပြီး ရန်ယန်၏ ရှေ့မှောက်သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာကာ မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်တော့သည်။

“အရှင်မင်းကြီး... ကျွန်တော်မျိုး နောက်ကျသွားပါတယ်”

“ဟားဟားဟား... ရှာလန် မင်း လာတာ အချိန်ကိုက်ပါပဲကွာ၊ နည်းနည်းမှ မနောက်ကျပါဘူး” ရန်ယန်သည် သုံးကြိမ်မျှ ကျယ်လောင်စွာ ရယ်မောလိုက်ပြီးနောက် ရုတ်တရက် နောက်သို့ လဲကျသွားတော့သည်။

ရှာလန်ဟု ခေါ်သော ထိုသူသည် အပြေးအလွှား ရှေ့သို့တိုးကာ ရန်ယန်အား ဖမ်းထိန်းလိုက်ပြီး မြေပြင်ပေါ်သို့ အသာအယာ ချထားပေးလိုက်၏။

သူသည် ရန်ယန်၏ ခန္ဓာကိုယ်အား စစ်ဆေးကြည့်ရာ ဒဏ်ရာများ ပြင်းထန်သော်လည်း အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိလိုက်ရပေသည်။

ချင်ယွမ်ဖုန်းသည် ရှာလန်ဟူသောအမည်ကို ကြားလိုက်ရသောအခါ လန့်ဖျတ်သွားမိသည်။

“မင်းက ရှာမိသားစုကလား” ချင်ယွမ်ဖုန်းက အေးစက်စွာ မေးမြန်းလိုက်၏။

“ငါက ရှာမိသားစုရဲ့ အရှင်သခင်အစစ်အမှန်ပေါ့။ မူလကတော့ မင်းကို ငါ အာရုံမစိုက်ချင်ဘူး။ ဒါပေမဲ့ မင်းက ဒီနေရာကို တစ်ယောက်တည်း လာရဲလိမ့်မယ်လို့ မထင်ထားမိဘူး”

ရှာလန်သည် အသိပြန်ဝင်လာပြီးနောက် သူ၏မျက်လုံးများ ရုတ်တရက် ပြူးထွက်လာတော့သည်။

ရှာလန်၏ ထွားကျိုင်းလှသော အရပ်အမောင်းသည်ပင် ခြောက်ခြားဖွယ် ကောင်းနေပြီဖြစ်ရာ ယခုအခါတွင် သူ၏ ခက်ထန်လှသော မျက်နှာပေါ်၌ မျက်လုံးများ ပြူးထွက်နေသည်မှာ ပို၍ ဆိုးဝါးလှပေသည်။

လူအများစုသာ မြင်တွေ့ရပါက ထိုညတွင် အိမ်ပြန်ရောက်လျှင် အိပ်မက်ဆိုးများပင် မုချမတ်တတ် မက်ကြပေလိမ့်မည်။

“ချင်မိသားစုကို ဖျက်ဆီးခဲ့တာ မင်းတို့မလား” ချင်ယွမ်ဖုန်းက အံကြိတ်ကာ ပြောဆိုလိုက်၏။

“ဟုတ်တယ်... ချင်းယွမ်ဖုန်း။ ဒီနေ့တော့ ငါက မင်းကို ချင်မိသားစုရဲ့ ကျန်တဲ့လူတွေဆီ အဖော်လုပ်ဖို့ လွှတ်ပေးရမှာပေါ့” ရှာလန်က ဟိန်းဟောက်လိုက်ရာ ကြီးမားလှသော အရှိန်အဝါတစ်ခုသည် ချင်ယွမ်ဖုန်းထံသို့ ဖိနှိပ်ကျရောက်လာတော့သည်။

ချင်ယွမ်ဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားရသည်။ ထိုပြင်းထန်လှသော အရှိန်အဝါသည် သူ့အား နောက်သို့ မီတာ ဒါဇင်ပေါင်းများစွာ ဆုတ်ခွာသွားစေပြီး မြေပြင်ပေါ်တွင် နက်ရှိုင်းသော အမှတ်အသား နှစ်ခု ထင်ကျန်ရစ်စေပေသည်။

“ငါ သူ့ကို အရင်သတ်မယ်... ပြီးရင် မင်းတို့ အားလုံးကို သတ်ပစ်မယ်”

ချင်ယွမ်ဖုန်းသည် အံကို ကြိတ်လိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်မှ အေးစက်သော အလင်းတန်း သုံးခု ရုတ်တရက် လျှပ်စီးကဲ့သို့ လျင်မြန်စွာ ပြေးထွက်သွားတော့သည်။

၎င်းတို့သည် မျက်စိတစ်မှိတ်အတွင်း ရှာလန်၏ ခန္ဓာကိုယ်ကို ဖြတ်သန်းကာ မြေပြင်ပေါ်တွင် လဲလျောင်းနေသော ရန်ယန်ထံသို့ တည့်တည့်မတ်မတ် ဦးတည်သွားပေသည်။

ယခုအကြိမ်တွင်မူ မြေပြင်ပေါ်၌ သတိလစ်နေပြီဖြစ်သော ရန်ယန်သည် မည်သို့မျှ မခုခံနိုင်တော့ပေ။

သို့သော် ထိုခဏ၌ပင် ရှာလန်၏ ခန္ဓာကိုယ်သည် ဟင်းလင်းပြင်ကြီး တစ်ခုလုံး ပုံပျက်သွားသကဲ့သို့ ရုတ်တရက် ဝေဝါးသွားတော့သည်။

ချင်ယွမ်ဖုန်း ထိတ်လန့်သွားရ၏။ သူ ထုတ်လွှတ်လိုက်သော အသံတိတ် ပျံလွှားဓားမြှောင် သုံးစင်းမှာ အမှန်တကယ်ပင် ပယ်ဖျက်ခြင်း ခံလိုက်ရလေသည်။

အလင်းမဲ့ ပျံလွှားဓားမြှောင်၏ အရှိန်အဟုန်ကို လိုက်ပါနိုင်သူ ယခင်က တစ်ဦးမျှ မရှိခဲ့ဖူးရာ ချင်ယွမ်ဖုန်းအား အလွန်အမင်း အံ့အားသင့်သွားစေပေသည်။

“သေဖို့ ပြင်ပေတော့”

ရှာလန်၏ ခန္ဓာကိုယ်သည် တစ်ဖန်ပြန်၍ ဝေဝါးသွားပြီး ချင်ယွမ်ဖုန်း၏ ရှေ့မှောက်၌ ရှာလန် အသွင်ထင်ရှားမလာမီမှာပင် ချင်ယွမ်ဖုန်းသည် မိမိ၏ ရင်ဘတ်ထံ၌ ကြီးမားလှသော စွမ်းအားတစ်ခု ထိမှန်မှုကို ခံစားလိုက်ရတော့သည်။

“မြန်လွန်းတယ်...” ယင်းက ချင်းယွမ်ဖုန်း၏ စိတ်ထဲ၌ တွေးတောလိုက်မိသော အချက်ဖြစ်ပေသည်။

သူ၏ ခန္ဓာကိုယ်သည် ရုတ်တရက် လင်းနို့နက် အုပ်စုကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဝေးကွာရာသို့ လျင်မြန်စွာ ပျံသန်းသွားတော့သည်။

“ဒါ ဘာပညာရပ်လဲ” ရှာလန် မျက်မှောင်ကြုတ်လိုက်မိ၏။ သူသည် ထိုကဲ့သို့သော လျှို့ဝှက်ပညာရပ်မျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့သည်မှာ ထင်ရှားလှပေရာ လင်းနို့တစ်ကောင်ကို ဖမ်းယူရန် လက်လှမ်းလိုက်တော့သည်။

သို့သော် ထိုလင်းနို့သည် ရှာလန်၏ လက်ထဲ၌ပင် ကြေမွသွားပြီး စိမ်းလန်းသော မီးခိုးငွေ့တစ်ချက်အဖြစ် ပျောက်ကွယ်သွားခဲ့လေသည်။

ချင်းယွမ်ဖုန်း၏ ခန္ဓာကိုယ်သည် ဝေးကွာသော အရပ်၌ ပြန်လည် စုစည်းမိသွားပြီး နောက်သို့ လှည့်မကြည့်ဘဲ ထွက်ပြေးလွတ်မြောက်သွားတော့သည်။

ရှာလန်သည် နောက်မှ လိုက်လံဖမ်းဆီးရန် ကြံရွယ်လိုက်သော်လည်း ပယ်ဖျက်ခြင်း ခံခဲ့ရသော အသံတိတ် ပျံလွှားဓားမြှောင် သုံးစင်းမှာ ရန်ယန်ထံသို့ တစ်ဖန်ပြန်၍ ဒုန်းစိုင်းပြေးဝင်နေသည်ကို သတိပြုမိသွားသဖြင့် ရန်ယန်အား ကယ်ဆယ်ရန် နောက်သို့ ပြန်လှည့်ရုံမှတစ်ပါး အခြားမရှိတော့ပေ။

ထိုသို့ အချိန်ကြန့်ကြာသွားသည့် အတောအတွင်းမှာပင် ချင်းယွမ်ဖုန်းသည် နန်းတော်ပြင်ပသို့ ပျံသန်းသွားခဲ့ပြီး ညမှောင်မှောင်အတွင်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပေသည်။

တစ်ဖန်ပြန်၍ ပယ်ဖျက်ခြင်း ခံလိုက်ရပြီးနောက် ထိုအသံတိတ် ပျံလွှားဓားမြှောင် သုံးစင်းလုံးသည် ကောင်းကင်ယံသို့ ပျံတက်သွားကြပြီး မိုးကောင်ကင်ထဲ၌ ပျောက်ကွယ်သွားကြတော့သည်။

ထိုအချိန်တွင် ရန်ယန်သည်လည်း နိုးသွားပြီး သူ၏ ရင်ဘတ်ကို ဖိကာ မြေပြင်ပေါ်မှ ထထိုင်လိုက်ပေသည်။

“အရှင်မင်းကြီး...” ရှာလန်သည် ရန်ယန်အား ထူမပေးရန် အလျင်အမြန် ရှေ့သို့ တိုးလာခဲ့သည်။

ရန်ယန်က ခေါင်းခါလိုက်ပြီး “ချင်းယွမ်ဖုန်း ဘယ်မှာလဲ” ဟု မေးလိုက်၏။

“သူ လွတ်သွားပြီ။ အဲဒီကောင်က ထွက်ပြေးတဲ့နေရာမှာ တော်တော်လေး အရည်အချင်း ရှိတာပဲ” ရှာလန်က ခါးခါးသီးသီး ပြောဆိုလိုက်သည်။

“ဒါဆိုရင် ငါတို့ရဲ့ အစီအစဉ်တွေကို အချိန်စောပြီး လုပ်ရလိမ့်မယ်။ မဟုတ်ရင် ချင်ယွမ်ဖုန်းက ငါတို့ အစီအစဉ်တွေကို ဖျက်ဆီးပစ်လိမ့်မယ်” ရန်ယန်က အလေးအနက် ပြောကြားလိုက်ပေသည်။

ရှာလန်က ခေါင်းညိတ်လိုက်ပြီးနောက် ရန်ယန်အား စိုးရိမ်ပူပန်စွာဖြင့် ကြည့်ရှုကာ “အရှင်မင်းကြီး... ခန္ဓာကိုယ် အခြေအနေ ဘယ်လိုလဲ” ဟု မေးမြန်းလိုက်၏။

“ငါ ဘာမှမဖြစ်ပါဘူး။ ကံကောင်းလို့ ငါတို့ တော်ဝင်မိသားစုရဲ့ မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်းလာခဲ့တဲ့ နဂါးဝတ်ရုံ ရှိနေလို့ပေါ့။ မဟုတ်ရင် ဒီနေ့ ဒီနေရာမှာ ငါ အမှန်တကယ် သေဆုံးသွားနိုင်တယ်။”

ရန်ယန်သည် ယခုတိုင် စိတ်မအေးနိုင်သေးပေ။

ချင်ယွမ်ဖုန်း၏ စွမ်းအားက သူ၏ စိတ်ကူးထင်မြင်ချက်ထက် ကျော်လွန်နေခဲ့ပေသည်။ သူနှင့် ချင်ယွမ်ဖုန်း နှစ်ဦးစလုံးသည် ကိုးဆင့်မြောက် သိုင်းပညာရှင် အဆင့်တွင် ရှိနေကြသော်လည်း သူသည် ချင်ယွမ်ဖုန်းကို မယှဉ်နိုင်ခဲ့ချေ။

“ဒီကောင်လေးက နောင်တစ်ချိန်မှာ ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခု မုချဖြစ်လာလိမ့်မယ်” ရှာလန်က အေးစက်စွာ ပြောဆိုလိုက်တော့သည်။

ချင်ယွမ်ဖုန်းသည် နန်းတော်ပြင်ပသို့ ပျံသန်းသွားပြီးနောက် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ကာ လူအုပ်ကြီးထဲသို့ ရောနှောဝင်ရောက်သွားခဲ့ပေသည်။

နန်းတော်အတွင်းမှ ဆူညံသံများကြောင့် ထျန်းတူး ပြည်နယ်မြို့တော် တစ်ခုလုံးရှိ လူတိုင်း လန့်နိုးကုန်ကြပြီး အလွန်အမင်း အံ့အားသင့်သွားကြပေသည်။

နန်းတော်ကို မည်သူက လာရောက် တိုက်ခိုက်သနည်း။

ထိုဆူညံသံများကို ကြည့်ခြင်းအားဖြင့် နန်းတော်သို့ ရောက်ရှိလာသူမှာ အလွန်အမင်း အစွမ်းထက်သော ဆရာသခင် ဖြစ်တန်ရာသည်။

ဧကရာဇ်သည် မည်သည့် အစွမ်းထက်သော သိုင်းပညာရှင်ကိုမဆို စော်ကားမိလားမသိချေ။

ထင်မြင်ချက် အမျိုးမျိုး ကွဲပြားနေကြသော်လည်း အကြောင်းအရင်းကို ဖန်တီးခဲ့သူ ချင်ယွမ်ဖုန်းမှာမူ ယိုင်တိုင်တိုင် ဖြစ်နေရှာပေသည်။

ယနေ့ည၏ တိုက်ပွဲသည် ရန်ယန်၏ အစီအစဉ်နှင့် သူ၏ စွမ်းအားဖြစ်သော ကိုးဆင့်မြောက် သိုင်းပညာရှင် အဆင့်ကို ဖော်ထုတ်ပေးခဲ့ပေသည်။

မိမိ၏ အစွမ်းကုန် ကြိုးစားအားထုတ်မှုဖြင့်ပင် သူသည် ရန်ယန်အား မသတ်ဖြတ်နိုင်ခဲ့ချေ။ ရှာလန်သည် အချိန်ကိုက် ရောက်ရှိလာပြီး ချင်ယွမ်ဖုန်း၏ အစီအစဉ်ကို ဖျက်ဆီးခဲ့ပေသည်။

“ရှာမိသားစုက ပိုပြီး အစွမ်းထက်တဲ့ စွမ်းအားတွေကို အမှန်တကယ် ဖုံးကွယ်ထားတာပဲ။ အဲဒီ ဂိုဏ်းကြီးကြပ်သူ အကြီးအကဲက သာမန် အကြီးအကဲတစ်ယောက်ပဲ ဖြစ်နိုင်တယ်”

ချင်ယွမ်ဖုန်းက ကြီးမားသော စိုးရိမ်တုန်လှုပ်မှုဖြင့် တွေးတောလိုက်မိသည်။

ချင်ယွမ်ဖုန်းသည် ရှာလန် တစ်ဦးတည်း၏ စွမ်းအားပင်လျှင် ဒုန်ဖန်းရှန့်မင်နှင့် ယှဉ်နိုင်သည်ဟု ခံစားလိုက်ရပေသည်။

ဒုန်ဖန်းရှန့်မင်သည် လုယွဲ့အင်ပါယာ၏ ပထမဆုံးသော ဂိုဏ်းဖြစ်သည့် ဆေးနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သလို လုယွဲ့အင်ပါယာတွင် အစွမ်းအထက်ဆုံး သိုင်းပညာရှင်လည်း ဖြစ်ကြောင်း သိထားရမည် ဖြစ်ပေသည်။

သို့ဆိုလျှင် ရှာမိသားစု တစ်ခုလုံးသည် ယခုအခါတွင် ပထမတန်းစား အင်အားစုတစ်ခု ဖြစ်နေပြီဟု ဆိုလိုခြင်းလော။

ရှာမိသားစုအနေဖြင့် နောက်ထပ် မည်သည်ကို လုပ်ဆောင်မည်နည်းဟူသည်ကို ချင်ယွမ်ဖုန်း စိတ်ကူးမယဉ်နိုင်တော့သော်လည်း ၎င်းတို့သည် ထိုဂိုဏ်းအငယ်စားလေးများကို ပစ်မှတ်ထားတော့မည်မှာ သေချာလှပေသည်။

အညံ့ခံမလား သို့မဟုတ် အပြတ်ရှင်းခံမလားဟူ၍ နှစ်လမ်းတွင် တစ်လမ်းသာ ရှိပေလိမ့်မည်။

ချင်ယွမ်ဖုန်းသည် ယခုအခါတွင် ထိုအရာများကို ဂရုမစိုက်နိုင်တော့ချေ။

ရန်ယန်အား သတ်ဖြတ်ရန်မှာ လက်တွေ့မကျသော ရည်မှန်းချက် ဖြစ်သွားခဲ့ပြီဖြစ်ပေသည်။ ချင်ယွမ်ဖုန်းအနေဖြင့် ဤကိစ္စသည် ဆေးနတ်ဘုရားဂိုဏ်းနှင့် နီးကပ်စွာ ဆက်စပ်နေသည့်အတွက် ဆေးနတ်ဘုရားဂိုဏ်းသို့ ပြန်လည်သွားရောက်ကာ သတင်းပို့ပြီး ဖြေရှင်းနည်းတစ်ခုကို ရှာဖွေခိုင်းရုံသာ ရှိတော့သည်။

သူ၏ ကိုယ်တွင်းစွမ်းအင်များ ကုန်ခမ်းသွားခဲ့သော်လည်း ချင်ယွမ်ဖုန်းသည် ပြင်းထန်သော ဒဏ်ရာ မရရှိခဲ့ချေ။

သူသည် ထျန်းတူး ပြည်နယ်မြို့တော်မှ လျင်မြန်စွာ ထွက်ခွာခဲ့ပြီး တောအုပ်ဆီသို့ ပြန်လာခဲ့တော့သည်။

ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့သည် တောအုပ်ထဲတွင် ချင်းယွမ်ဖုန်းအား စိုးရိမ်ပူပန်စွာဖြင့် စောင့်ဆိုင်းနေကြပေသည်။

၎င်းတို့သည် နန်းတော်ဆီမှ ခုနတင်က ထွက်ပေါ်လာသော ကြီးမားလှသည့် အသံများနှင့် မီးတောက်များကို ကြားရ၊ မြင်ရပြီး ဖြစ်ပေသည်။

၎င်းတို့ နိုးလာသောအခါ ချင်ယွမ်ဖုန်း မရှိတော့သည်ကို တွေ့ရသဖြင့် ချင်းယွမ်ဖုန်းသည် ကလဲ့စားချေရန် ရှာမိသားစုထံသို့ တစ်ယောက်တည်း သွားရောက်ခဲ့ပြီလားဟု တွေးတောကာ ပူပန်သွားကြတော့သည်။

သို့သော်လည်း ဝမ်ချိုင်က ၎င်းတို့ သွားရောက်ခြင်းကို ပိတ်ဆို့ထားခဲ့ရာ ယင်းက ချင်ယွမ်ဖုန်းက ဝမ်ချိုင်အား ကြိုတင်၍ ညွှန်ကြားထားခဲ့သော အရာဖြစ်ပေသည်။

ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့ စိုးရိမ်တကြီးဖြင့် ဂယောက်ဂယက် ဖြစ်နေကြစဉ်မှာပင် ချင်ယွမ်ဖုန်းသည် နောက်ဆုံး၌ ၎င်းတို့၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့တော့သည်။

“ဖုန်းအစ်ကို...” ချန်ရှောင်ချောင်သည် ချင်ယွမ်ဖုန်းထံသို့ ပြေးဝင်သွားပြီး စိုးရိမ်ပူပန်သော မျက်နှာအမူအရာဖြင့် ကြည့်ရှုလိုက်ပေသည်။

ချင်ယွမ်ဖုန်းက ပြုံးလိုက်ပြီး “စိတ်မပူပါနဲ့၊ အဆင်ပြေပါတယ်။ ဒါပေမဲ့ ငါတို့ ဆေးနတ်ဘုရားဂိုဏ်းကို အမြန်ဆုံး ပြန်သွားဖို့ လိုအပ်တယ်” ဟု ပြောဆိုလိုက်၏။

“ဘာဖြစ်ခဲ့တာလဲ ဖုန်းအစ်ကို။ အဲဒီ မီးလောင်တာတွေနဲ့ ပေါက်ကွဲသံတွေအားလုံးက ဖုန်းအစ်ကို လုပ်ခဲ့တာလား” ချန်ဒါချောင်က ရှေ့သို့ တိုးလာရင်း စိုးရိမ်တကြီး မေးမြန်းလိုက်သည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလိုက်ပြီး “သွားကြစို့၊ လမ်းမှာ ပြောပြမယ်” ဟု ဆိုလိုက်လေတော့သည်။

All Chapters