အခန်း (၃၈၃-၃၈၄)
Vol. 20 Ch. 383-384
အခန်း (၃၈၃) ပဉ္စမအဆင့် ဆေးဖော်စပ်သူ
မကြာမီပင် ဆေးဖက်ဝင်ပစ္စည်းများအားလုံးကို သန့်စင်ပြီးစီးသွားခဲ့ရာ နောက်တစ်ဆင့်အနေဖြင့် ဆေးလုံးအဖြစ် စုစည်းရန်သာ ကျန်ရှိတော့ပေသည်။
သို့သော်လည်း ထိုအချိန်၌ပင် ပင်လယ်ရေအောက်၌ ဧရာမအရိပ်ကြီးတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့၏။
ပင်လယ်ပြင်သည် ပြင်းထန်သောလှိုင်းလုံးကြီးများနှင့်အတူ လှုပ်ခတ်သွားပြီး ဝိညာဉ်လင်းဓားကို ကောင်းကင်ယံထက်သို့ ချက်ချင်းပင် လွင့်စင်သွားစေခဲ့သည်။
ချင်ယွမ်ဖုန်းမှာ ထိတ်လန့်သွားခဲ့ရသော်လည်း သူ၏လှုပ်ရှားမှုများကိုမူ ရပ်တန့်ခြင်းမရှိပေ။
"ဆေးလုံးကို အတင်းအကျပ် စုစည်းစေမယ်"
ချင်ယွမ်ဖုန်းက ခပ်တိုးတိုးအော်ဟစ်လိုက်ပြီး သူ၏ကျယ်ပြောလှသော ဝိညာဉ်စွမ်းအားတို့ကို ဆေးမီးဖိုအတွင်းသို့ ဖိအားပေးထည့်သွင်းလိုက်ရာ သန့်စင်ထားသော အနှစ်သာရများအားလုံးမှာ လျင်မြန်စွာပင် တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားကြတော့သည်။
ဝိညာဉ်လင်းဓားနှင့် ချင်ယွမ်ဖုန်းတို့မှာ ကောင်းကင်ယံမှနေ၍ အတူတကွ ပြုတ်ကျလာခဲ့ကြ၏။
ထိုအခိုက်အတန့်၌ ပင်လယ်ပြင်ထက်တွင် ဟက်ဟက်ပက်ပက်ပွင့်အာနေသော ပါးစပ်ကြီးတစ်ခု ရုတ်တရက် ပေါ်ပေါက်လာပြီး အပေါ်နှင့်အောက် သွားတန်းများမှာလည်း အေးစက်သော အလင်းရောင်များဖြင့် တလက်လက် တောက်ပနေခဲ့ပေသည်။
၎င်းမှာ ဧရာမပင်လယ်နေမှော်သားရဲကြီးတစ်ကောင်ဖြစ်ပြီး ၎င်း၏ဟပြဲနေသော ပါးစပ်ကြီးတစ်ခုတည်းပင် သုံးလန်ကျော်မျှ ရှည်လျားလှသည်။
ချင်ယွမ်ဖုန်းနှင့် ဝိညာဉ်လင်းဓားတို့မှာ ထိုသားရဲကြီးနှင့် နှိုင်းယှဉ်ပါက မုန့်အသေးစားလေးများအလား ထင်မှတ်ရပေလိမ့်မည်။
သို့သော်လည်း ချင်ယွမ်ဖုန်းမှာမူ ပင်လယ်သားရဲကြီးကို အာရုံမစိုက်အားဘဲ သူ၏ဆေးဖော်စပ်ခြင်းကိုသာ ဆက်လက်လုပ်ဆောင်နေခဲ့၏။
နောက်တစ်ခဏတွင် ဆေးမီးဖိုအတွင်းမှ ထူးခြားသော ဆေးရနံ့တစ်ခု လွင့်ပျံ့လာခဲ့ရာ ထိုရနံ့ကို ရှူရှိုက်မိသည်နှင့်တစ်ပြိုင်နက် ချင်ယွမ်ဖုန်းမှာ တစ်ကိုယ်လုံး လန်းဆန်းသွားသလို ခံစားလိုက်ရပေသည်။
"အောင်မြင်ပြီ"
ချင်ယွမ်ဖုန်းက စိတ်လှုပ်ရှားစွာဖြင့် အာမေဍိတ်သံ ထွက်ပေါ်သွားခဲ့၏။ ဤပဉ္စမအဆင့်ဆေးလုံးကို ချင်ယွမ်ဖုန်းက အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့ပြီဖြစ်သည်။
ဤအချက်က ချင်ယွမ်ဖုန်းသည် ပဉ္စမအဆင့် ဆေးဖော်စပ်သူများ၏ အဆင့်အတန်းအတွင်းသို့ တရားဝင် ရောက်ရှိသွားပြီဖြစ်ကြောင်း သက်သေပြနေပေသည်။
ထိုအချိန်တွင် ဝိညာဉ်လင်းဓားမှာ ပင်လယ်သားရဲကြီး၏ ပါးစပ်အတွင်းသို့ ကျရောက်နေပြီဖြစ်ကာ ချင်ယွမ်ဖုန်းမှာလည်း နောက်မှကပ်လျက် ပါလာခဲ့ရာ ဧရာမပင်လယ်သားရဲကြီး၏ ပါးစပ်မှာလည်း ဖြည်းညှင်းစွာ ပိတ်လာနေခဲ့ပြီဖြစ်သည်။
ချင်ယွမ်ဖုန်းက ဝိညာဉ်လင်းဓားကို ခြေဖြင့်နင်း၍ တည်ငြိမ်အောင်ပြုလုပ်လိုက်ပြီး တစ်ချိန်တည်းမှာပင် ရှေ့သို့ လက်သီးဖြင့် ထိုးနှက်လိုက်၏။
ယခုအခါ မိုးကြိုးမီးလျှံ စွမ်းအားတို့မှာ ရှည်လျားသော တိုင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားဟန်ရပြီး ရှေ့သို့ ရုတ်ချည်းပင် ထိုးထွက်သွားခဲ့ရာ ပြင်းထန်သော စွမ်းအင်များကြောင့် ပတ်ဝန်းကျင်မှ လေထုမှာပင် ပူပြင်းလာခဲ့ရသည်။
ရွှေရောင်မိုးကြိုးလျှပ်စီးတန်းများသည် ပင်လယ်သားရဲကြီး၏ ပါးစပ်အတွင်းရှိ ရေများနှင့် ထိတွေ့မိသောအခါ ရုတ်တရက် ပျံ့နှံ့သွားခဲ့ပြီး မီးလောင်ကျွမ်းသကဲ့သို့ အနံ့အသက်ဆိုးများ ချက်ချင်း ထွက်ပေါ်လာခဲ့ပေသည်။
ပင်လယ်သားရဲကြီး၏ ပါးစပ်အတွင်းပိုင်းမှာ လျှပ်စစ်ဓာတ်လိုက်သွားပြီး မည်းတူးသွားခဲ့ရ၏။
ပင်လယ်သားရဲကြီးမှာ ပြင်းထန်စွာ ရုန်းကန်နေခဲ့ရာ ပင်လယ်ပြင်ထက်တွင်လည်း ဧရာမလှိုင်းလုံးကြီးများ ချက်ချင်းပင် ထကြွလာတော့သည်။
သို့သော်လည်း မိုးကြိုးမီးလျှံစွမ်းအားတိုင်ကြီးမှာ ရှေ့သို့ တိုးဝင်သွားပြီး ပင်လယ်သားရဲကြီး၏ ပါးစပ်ကို ဖောက်ထွက်သွားခဲ့ရာ သွေးရဲရဲသံပါသော အပေါက်ကြီးတစ်ခု ဖြစ်ပေါ်သွားခဲ့လေသည်။
ချင်ယွမ်ဖုန်းက ဝိညာဉ်လင်းဓားကို ဆွဲကိုင်ကာ ရှေ့သို့ခုန်ကျော်လိုက်ပြီး ထိုသွေးအိုင်ပေါက်ကြီးမှတစ်ဆင့် အပြင်သို့ တိုက်ရိုက်ထွက်လာခဲ့၏။
ပင်လယ်သားရဲကြီးမှာ ခေတ္တမျှ ပြင်းထန်စွာ ရုန်းကန်နေပြီးနောက် ပင်လယ်ပြင်ထက်၌ သေဆုံးလျက် ပေါ်လာခဲ့တော့သည်။
၎င်းမှာ ပုံမှန်ထက် ပို၍ကြီးမားသော အလယ်အလတ်အဆင့် သားရဲတစ်ကောင်မျှသာ ဖြစ်ပေသည်။ ချင်ယွမ်ဖုန်းသည် ပင်လယ်ပြင်ထက်တွင် ဝိညာဉ်လင်းဓားကို နင်းလျက် ဆင်းသက်လိုက်ပြီး မတတ်သာသည့်ဟန်ဖြင့် ခေါင်းကို ခါယမ်းလိုက်ရင်း ဆိုလိုက်မိသည်။
"အင်းလေ၊ အစာက အိမ်ပေါက်ဝအထိ လာပို့နေမှတော့ ငါလည်း အလိုက်သင့်ပဲ လက်ခံလိုက်တော့မယ်"
သို့သော်လည်း ချင်ယွမ်ဖုန်းကို အပျော်ဆုံးဖြစ်စေသည့်အရာမှာ နဂါးဖမ်းဆေးမီးဖိုအတွင်းမှ ပဉ္စမအဆင့်ဆေးလုံးပင် ဖြစ်၏။
ဤသည်မှာ ချင်ယွမ်ဖုန်း ပထမဆုံးအကြိမ် အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့သော ပဉ္စမအဆင့်ဆေးလုံး ဖြစ်ပေသည်။ သူသည် ဆေးလုံးကို ဆေးမီးဖိုအတွင်းမှ ဖြည်းညှင်းစွာ ထုတ်ယူလိုက်၏။
၎င်းတွင် နတ်ဘုရားပုံရိပ် အမှတ်အသားများ မှိန်ပျပျပါရှိနေသေးရာ ဆေးလုံး၏ အရည်အသွေးကို နောက်ထပ်အဆင့်တစ်ခုသို့ မြှင့်တင်ပေးထားသကဲ့သို့ ရှိနေပေသည်။
"ဟားဟား၊ အောင်မြင်ပြီဟေ့" ချင်ယွမ်ဖုန်းက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
ရှောင်ဟေးမှာလည်း ထိုအချိန်တွင် ချင်ယွမ်ဖုန်း၏ ပုခုံးပေါ်သို့ တွားတက်လာခဲ့ပြီး သူ၏မျက်လုံးငယ်နှစ်လုံးမှာ ချင်ယွမ်ဖုန်းလက်ထဲမှ ဆေးလုံးကို စိုက်ကြည့်နေခဲ့၏။
ရှောင်ဟေးမှာ ပျက်စီးနေသော ဆေးလုံးများကို စားရရုံနှင့် မကျေနပ်နိုင်တော့ပေ။
"ကောင်းပြီလေ၊ ဒီနေ့ ငါစိတ်ကောင်းရှိနေတာမို့ ဒီဆေးလုံးကို မင်းအတွက်ပဲ ပေးလိုက်မယ်"
ချင်ယွမ်ဖုန်းက ဆေးလုံးကို ရှောင်ဟေး၏ ပါးစပ်အတွင်းသို့ တိုက်ရိုက်ပစ်ထည့်ပေးလိုက်သည်။ သူသည် ပဉ္စမအဆင့် ဆေးဖော်စပ်သူ တစ်ဦး ဖြစ်လာခဲ့ပြီဖြစ်ရာ ပဉ္စမအဆင့်ဆေးလုံးများမှာ သူ၏အတွက် အချိန်မရွေး ဖော်စပ်နိုင်သည့်အရာများ ဖြစ်သွားသောကြောင့် အလွန်အမင်း တန်ဖိုးကြီးလှသည်ဟု မထင်မှတ်တော့ပေ။
ထို့နောက် ချင်ယွမ်ဖုန်းသည် သေဆုံးနေသော ပင်လယ်သားရဲကြီးကို ကြည့်လိုက်ပြီး အဆီအများဆုံး အစိတ်အပိုင်းကို ရှာဖွေကာ အသားတုံးကြီးတစ်တုံးကို လှီးဖြတ်ယူလိုက်၏။
ထို့နောက် သူနှင့် ရှောင်ဟေးတို့သည် မြိန်ရှက်စွာပင် စားသောက်လိုက်ကြတော့သည်။
ကောင်းမွန်စွာ စားသောက်ပြီးနောက်တွင် ညဥ့်နက်သွားခဲ့ပြီဖြစ်ရာ ကောင်းကင်ယံမှ ကြယ်တာရာတို့မှာ ကျယ်ပြောလှသော ပင်လယ်ပြင်ထက်တွင် အရောင်ပြန်ဟပ်နေပြီး လှပသော အလင်းစက်ကလေးများ ဖြစ်ပေါ်နေခဲ့ပေသည်။
ချင်ယွမ်ဖုန်းသည် သူ၏ခရီးကို ဆက်လက်ထွက်ခွာခဲ့၏။
ယခုအခါ ပဉ္စမအဆင့် ဆေးဖော်စပ်သူအဖြစ် တိုးတက်လာခဲ့ပြီဖြစ်ရာ ဆေးဖော်စပ်သူများ မဟာပြိုင်ပွဲတွင် ပါဝင်ဆင်နွှဲနိုင်ပြီ ဖြစ်သော်လည်း ချင်ယွမ်ဖုန်းတွင် အခြားသော စိုးရိမ်မှုတစ်ခု ရှိနေခဲ့သေးသည်။
ယင်းမှာ ယခုသွားနေသော အရှိန်ဖြင့်ဆိုလျှင် သုံးလအတွင်း ဆေးဖော်စပ်သူများအသင်း၏ ဌာနချုပ်သို့ ရောက်ရှိနိုင်ပါမည်လောဟူသည့် အချက်ပင် ဖြစ်၏။
ဤသည်မှာ ပြဿနာတစ်ခု ဖြစ်နေပေသည်။ ဆေးဖော်စပ်သူများအသင်းသည် မည်မျှအထိ ဝေးကွာသည်ကိုလည်း ချင်ယွမ်ဖုန်း မသိရှိပေ။
အကယ်၍ ဆေးဖော်စပ်သူများ မဟာပြိုင်ပွဲ မစတင်မီ ရောက်ရှိမသွားခဲ့ပါက ချင်ယွမ်ဖုန်းမှာ အလွန်ပင် စိတ်မကောင်းဖြစ်ရပေလိမ့်မည်။
"ဝိညာဉ်လင်းဓားကို ပိုပြီး မြန်အောင်လုပ်နိုင်မယ့် နည်းလမ်းရှိမလား"
ချင်ယွမ်ဖုန်းက ဝိညာဉ်လင်းဓားကို ငုံ့ကြည့်လိုက်ရာ သူ၏စိတ်ထဲတွင် အတွေးတစ်ခု လက်ခနဲ ပေါ်လာခဲ့၏။
သူသည် လက်ကိုဆန့်ထုတ်လိုက်ပြီး ဝိညာဉ်လင်းဓား၏ နောက်ဘက်တွင် တင်ထားလိုက်ရာ သူ၏လက်ဖဝါးမှ ပူပြင်းသော မီးလျှံများ ရုတ်တရက် ထွက်ပေါ်လာခဲ့တော့သည်။
မီးလျှံများသည် လှေ၏ပဲ့ပိုင်းတွင် ပေါက်ကွဲထွက်သွားသလို ဖြစ်သွားခဲ့ပြီး လှေကို တွန်းအားအကြီးအကျယ် ပေးလိုက်သကဲ့သို့ ဖြစ်သွားရာ ဝိညာဉ်လင်းဓားမှာ ခဏချင်းပင် အလွန်ဝေးကွာသော နေရာသို့ ရောက်ရှိသွားခဲ့ပြီး အရှိန်မှာလည်း ယခင်ကထက် များစွာ ပိုမိုမြန်ဆန်လာခဲ့ပေသည်။
ချင်ယွမ်ဖုန်းမှာ အလွန်ဝမ်းသာသွားခဲ့၏။ ဤနည်းလမ်းမှာ အမှန်တကယ်ပင် လုပ်ဆောင်နိုင်ပေသည်။ သို့သော်လည်း သူ၏လက်ကို ဤသို့အသုံးပြုနေရခြင်းမှာ အနည်းငယ် အဆင်မပြေလှရာ ချင်ယွမ်ဖုန်းမှာ အနည်းငယ် အခက်တွေ့သွားခဲ့ရသည်။
"အနန္တပုံရိပ်၊ ထွက်လာပြီး တစ်ချက်ကြည့်ပေးစမ်းပါဦး"
ချင်ယွမ်ဖုန်းက ခပ်တိုးတိုး ခေါ်လိုက်ရာ သူ၏သိုလှောင်အိတ်အတွင်းမှ အနန္တပုံရိပ် ထွက်ပေါ်လာခဲ့သည်။
အနန္တပုံရိပ်သည် လူငယ်လေးတစ်ဦး၏ ပုံစံရှိသော စက်ရုပ်အဖြစ် ပြောင်းလဲသွားပြီး ချင်ယွမ်ဖုန်း၏ ရှေ့သို့ ရောက်ရှိလာခဲ့၏။
"အနန္တပုံရိပ်၊ မင်းက အရည်အချင်းရှိတဲ့သူပဲ၊ ဒီဝိညာဉ်လင်းဓားကို မွမ်းမံပေးနိုင်မလား" ချင်ယွမ်ဖုန်းက မေးလိုက်သည်။
အမှန်စင်စစ် သူသည် ကံစမ်းသည့်အနေဖြင့်သာ မေးကြည့်ခြင်းဖြစ်ပြီး အနန္တပုံရိပ်က အမှန်တကယ် လုပ်ဆောင်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားပေ။
သို့သော်လည်း သူမျှော်လင့်မထားဘဲ အနန္တပုံရိပ်က ခေါင်းညိတ်ပြလိုက်၏။
"ဟုတ်ကဲ့၊ ကျွန်တော့်ရဲ့ အရင်သခင်က ကျွန်တော့်ကို ဖန်တီးခဲ့တုန်းက အသိဉာဏ်စွမ်းအားတွေ အများကြီး ထည့်ပေးထားခဲ့တာပါ"
ချင်ယွမ်ဖုန်းမှာ မျက်လုံးအပြူးသားဖြစ်သွားပြီး အနန္တပုံရိပ်ကို မယုံကြည်နိုင်သလို ကြည့်လိုက်မိသည်။
အနန္တပုံရိပ်မှာ ပုံစံအမျိုးမျိုးပြောင်းနိုင်သော မှော်ရတနာတစ်ခုမျှသာဟု သူ အမြဲတွေးထားခဲ့သော်လည်း ယခုအခါတွင်မူ လူရီသည် အနန္တပုံရိပ်ကို ထိုထက်မကသော အစွမ်းများ ပေးအပ်ထားခဲ့ကြောင်း သိလိုက်ရပေသည်။
"သခင်က ဘယ်လိုမျိုး မွမ်းမံချင်တာလဲ"
အနန္တပုံရိပ်သည် ဝိညာဉ်လင်းဓား၏ တည်ဆောက်ပုံကိုလည်းကောင်း၊ ၎င်းတွင် အလုပ်လုပ်နေသော အစီအရင်များနှင့် ဝိညာဉ်အဆောင်ပုံရိပ်များကိုလည်းကောင်း စစ်ဆေးကြည့်ရှုနေပြီ ဖြစ်သည်။
"အင်း၊ ငါ့ရဲ့ သားရဲမီးလျှံကို သုံးပြီး ဝိညာဉ်လင်းဓားရဲ့ အရှိန်ကို မြှင့်ပေးနိုင်မယ့် ကိရိယာတစ်ခု ထပ်ဖြည့်ချင်တာ" ချင်ယွမ်ဖုန်းက သူ၏စိတ်ကူးကို အနန္တပုံရိပ်အား ပြောပြလိုက်ပြီး လက်တွေ့ပြသပေးလိုက်၏။
အနန္တပုံရိပ်က ခေါင်းညိတ်လိုက်ပြီး "ဟုတ်ကဲ့၊ ပြောင်းလဲခြင်းအစီအရင်တစ်ခုနဲ့ တခြားသော စွမ်းအင်ကုန်ဆုံးမှုကို လျှော့ချပေးမယ့် အစီအရင်တွေ ထပ်ဖြည့်လိုက်ရင် ဖြစ်နိုင်ပါတယ်။ အရှိန်ကို နှစ်ဆထက်မက ပိုမြန်အောင် လုပ်ပေးနိုင်မယ်လို့ ကျွန်တော် ခန့်မှန်းပါတယ်"
"ကောင်းလိုက်တာ" ချင်ယွမ်ဖုန်းက အော်ဟစ်လိုက်ပြီး "အနန္တပုံရိပ်၊ မင်း နောက်ထပ် ဘာတွေလုပ်နိုင်သေးလဲ"
အနန္တပုံရိပ်က ခေတ္တမျှ စဉ်းစားလိုက်ပြီး "ကျွန်တော် လက်နက်သွန်းလုပ်ခြင်းမှာ တော်တော်လေး ကျွမ်းကျင်ပါတယ်။ သခင်က လက်နက်သွန်းလုပ်ခြင်းဆိုင်ရာ ဗဟုသုတတွေကို ကျွန်တော့်ဆီမှာ အဓိက ထည့်သွင်းပေးထားခဲ့တာပါ"
ချင်ယွမ်ဖုန်းက ခေါင်းညိတ်လိုက်သည်။
အနန္တပုံရိပ်တွင် ဤကဲ့သို့သော လုပ်ဆောင်ချက်မျိုး ရှိလိမ့်မည်ဟု သူ လုံးဝမမျှော်လင့်ထားခဲ့ပေ။ ၎င်းမှာ အမှန်တကယ်ပင် အံ့ဩစရာ ကောင်းလှပေသည်။
မွမ်းမံပြင်ဆင်ခြင်းနှင့် ထိုသို့သော လုပ်ငန်းဆောင်တာများအားလုံးမှာ လက်နက်သွန်းလုပ်ခြင်း ဗဟုသုတအောက်တွင် အကျုံးဝင်နေသဖြင့် အနန္တပုံရိပ်မှာ အလွန်ပင် ယုံကြည်မှု ရှိနေခြင်းဖြစ်သည်။
အနန္တပုံရိပ်၏ ကိုယ်ထည်အတွင်းမှ တန်ဆာပလာ အမြောက်အမြား ထွက်ပေါ်လာခဲ့ရာ ၎င်းတို့မှာ အဆင့်မြင့်ကျွမ်းကျင်သူသုံး ကိရိယာများဖြစ်ကြောင်း သိသာလှပေသည်။
ထို့နောက် အနန္တပုံရိပ်သည် လှေ၏ပဲ့ပိုင်းကို စတင်မွမ်းမံတော့ရာ သူ၏အလေးအနက်ထားနေသော ပုံစံမှာ စက်ရုပ်တစ်ရုပ်နှင့် လုံးဝမတူလှပေ။
ချင်ယွမ်ဖုန်းမှာ မိမိကိုယ်ကိုယ်လည်း ပြန်လည်စဉ်းစားမိသွားခဲ့၏။ သူသည် လူရီကဲ့သို့ပင် ကမ္ဘာမြေမှ အရာဝတ္ထုများကို ရှန်းဝူစကြဝဠာ တိုက်ကြီးသို့ ယူဆောင်လာချင်ခဲ့သည်။
ဥပမာအားဖြင့် လူရီ တည်ဆောက်ခဲ့သော ရှန်းဝူမျှော်စင်နှင့် အနန္တပုံရိပ်၊ ချင်ယွမ်ဖုန်းက အနန္တပုံရိပ်ကို အသုံးပြု၍ တိုက်ခိုက်ရန် ဘဇူကာအဖြစ် ပြောင်းလဲခြင်းနှင့် မိုးကြိုးမီးလျှံ ဗုံးသီးများကို အသုံးပြုခြင်းတို့မှာ ကမ္ဘာမြေ၏ အရိပ်အယောင်များပင် ဖြစ်ပေတော့သည်။
အပိုင်း (၃၈၄) ကျွန်းစုများ
အဆုံးစွန်၌ သူတို့သည် အတိတ်ကို လွမ်းဆွတ်တတ်ကြသူများ ဖြစ်ပေရာ ဖြစ်နိုင်လျှင် ကမ္ဘာမြေသို့သာ ပြန်သွားချင်ကြသည်မှာ ဓမ္မတာပင် ဖြစ်ချေသည်။
ချင်ယွမ်ဖုန်း စဉ်းစားခန်း ဝင်နေစဉ်အတွင်း အနန္တပုံရိပ်သည် ဝိညာဉ်လင်းဓားကို ပြုပြင်မွမ်းမံပြီးစီးသွားခဲ့ပြီ ဖြစ်သည်။ သူသည် ဓား၏ ကိုယ်ထည်အတွင်း၌ အစီအရင်ငယ် နှစ်ခုကို ထည့်သွင်းပေးလိုက်၏။
တစ်ချိန်တည်းမှာပင် ဓား၏အောက်ခြေ၌ အိတ်ဇောပိုက်တစ်ခုသဖွယ် အပေါက်ကြီးတစ်ခု ပွင့်ထွက်လာရာ ယင်းမှာ ကမ္ဘာမြေရှိ မော်တော်ကားများ၏ အခိုးအထွက်ပိုက်နှင့် အလွန်တူနေသဖြင့် ချင်ယွမ်ဖုန်းအတွက် ရင်းနှီးကျွမ်းဝင်မှု ရှိလှပေသည်။
ဓားဦးပိုင်းရှိ ထိန်းချုပ်မောင်းတံအောက်တွင် အနန္တပုံရိပ်က စက်ဝိုင်းပုံ အမှတ်အသားတစ်ခုကို ထွင်းထုထားပြီး ဓားမြီးပိုင်းရှိ အစီအရင်နှစ်ခုနှင့် မြင်းကြောင်းတစ်ခုဖြင့် ဆက်သွယ်ပေးထား၏။
ချင်ယွမ်ဖုန်းအနေဖြင့် ထိုစက်ဝိုင်းအတွင်း ရပ်၍ သားရဲမီးလျှံ၏ စွမ်းအင်ကို အသုံးပြုလိုက်ရုံဖြင့် ထိုစွမ်းအားသည် ဓားမြီးပိုင်းသို့ စီးဆင်းသွားမည် ဖြစ်ပေသည်။
ချင်ယွမ်ဖုန်းသည် စိတ်ကျေနပ်မှုအပြည့်ဖြင့် အနန္တပုံရိပ်၏ ခေါင်းကို ပုတ်ပေးလိုက်ပြီးနောက် စိတ်အားထက်သန်စွာဖြင့် စက်ဝိုင်းထဲသို့ လှမ်းဝင်လိုက်၏။
သူသည် ထိန်းချုပ်မောင်းတံကို ဆုပ်ကိုင်လိုက်သည်နှင့် သူ၏ ခြေဖဝါးအောက်မှ ကြီးမားလှသော သားရဲမီးလျှံများ ပေါက်ကွဲထွက်လာတော့သည်။
အစီအရင်၏ အစွမ်းကြောင့် သားရဲမီးလျှံများသည် ဓားမြီးပိုင်းသို့ စီးဆင်းသွားပြီး စက်ဝိုင်းပုံ အပေါက်ဝမှ မီးလျှံများစွာ မှုတ်ထုတ်လိုက်လေသည်။
ထိုခဏ၌ပင် ဝိညာဉ်လင်းဓားသည် ကြီးမားသော တွန်းအားကို ရရှိသွားပြီး ရှေ့သို့ ဒုံးကျည်ကဲ့သို့ ပြေးထွက်သွားတော့၏။
ပြင်းထန်သော လေတိုးသံများက နားထဲသို့ တိုးဝင်လာပြီး ဘေးတစ်ဖက်တစ်ချက်ရှိ ပင်လယ်ရေပြင်မှာလည်း နောက်သို့ အရှိန်အဟုန်ဖြင့် ကျန်ရစ်ခဲ့သည်ကို ချင်ယွမ်ဖုန်း ခံစားလိုက်ရပေသည်။
အရှိန်မှာ ယခင်ကထက် နှစ်ဆမက ပို၍ မြန်ဆန်နေချေပြီ။
အနန္တပုံရိပ်မှာ လေတိုက်၍ လွင့်ပါသွားမည်ကို စိုးရိမ်သဖြင့် ချင်ယွမ်ဖုန်း၏ ပေါင်ကို အတင်းဖက်ထားရရှာ၏။
"ဟေး"
ချင်ယွမ်ဖုန်းသည် ကျယ်လောင်စွာ ဟစ်ကြွေးလိုက်မိသည်။ ထိုကဲ့သို့သော အရှိန်အဟုန်က ယောကျ်ားတစ်ယောက်၏ ရင်ထဲမှ စိတ်လှုပ်ရှားမှုကို အမှန်တကယ်ပင် နိုးကြွစေကာ အစွမ်းကုန်မြန်ဆန်လှသော အရှိန်ကြောင့် ချင်ယွမ်ဖုန်းမှာ အလွန်တရာ ကျေနပ်အားရနေတော့သည်။
အနန္တပုံရိပ်၏ ခန္ဓာကိုယ်မှာ လေထဲတွင် လွင့်မျောနေပြီး ချင်ယွမ်ဖုန်းကိုသာ လက်နှစ်ဖက်ဖြင့် အတင်းဆွဲကိုင်ထားရသည်။
ချင်ယွမ်ဖုန်း၏ ရင်ခွင်ထဲရှိ ရှောင်ဟေးမှာလည်း လေတိုးလွန်းသဖြင့် ခေါင်းပင် မဖော်နိုင်ရှာပေ
ထိုအချိန်တွင် ချင်ယွမ်ဖုန်းနှင့် အလှမ်းဝေးသော ပင်လယ်ပြင်ထက်၌ လူအချို့သည် သင်္ဘောတစ်စင်းပေါ်တွင် ရပ်နေကြ၏။
သူတို့သည် တစ်ပုံစံတည်းဖြစ်သော ဝတ်ရုံနက်များကို ဆင်မြန်းထားကြပြီး သူတို့စီးနင်းလာသော သင်္ဘောမှာ ချင်ယွမ်ဖုန်း၏ ဝိညာဉ်လင်းဓားနှင့် ပုံစံတူသော်လည်း ပို၍ ကြီးမားကာ ပို၍လည်း မြန်ဆန်ပေသည်။
"ရုတ်တရက်ကြီး အရှိန်မြန်လာပါလား" ဟု သင်္ဘောဦးပိုင်းတွင် ရပ်နေသော ဝတ်ရုံနက်ဝတ် လူတစ်ယောက်က ရုတ်တရက် ပြောလိုက်၏။
"အရှိန်တက်လာတာလား" အခြား ဝတ်ရုံနက်ဝတ်လူများက အံ့အားသင့်သွားကြပြီး "အဲဒီလောက်တောင် မြန်သွားတာလား" ဟု မေးကြပြန်သည်။
"မြန်မှ အတော်မြန်တာဗျ၊ ခုနကထက် နှစ်ဆလောက် ပိုမြန်သွားတာ၊ တကယ့်ကို ထူးဆန်းတယ်" ဟု သင်္ဘောဦးပိုင်းမှ လူက မျက်မှောင်ကြုတ်လျက် ဆိုလေသည်။
သူတို့သည်လည်း သူတို့၏ သင်္ဘောကို အရှိန်မြှင့်၍ ရှေ့သို့ အပြင်းနှင်လိုက်ကြတော့သည်။
အတန်ကြာသောအခါ ချင်ယွမ်ဖုန်းသည် ခရီးနားလိုက်ပေသည်။
သူ၏ ဆံပင်များမှာ လေတိုက်သဖြင့် ရှုပ်ထွေးနေသော်လည်း မျက်နှာတွင်မူ တောက်ပသော အပြုံးများ ဝေဆာနေ၏။
"ဟားဟားဟား... အနန္တပုံရိပ်၊ မင်းကတော့ တကယ့်ကို အံ့သြဖို့ကောင်းတာပဲကွာ" ချင်ယွမ်ဖုန်းသည် ရယ်မောရင်း အနန္တပုံရိပ်ကို ပွေ့ဖက်လိုက်သည်။
"သခင်... ကျွန်တော် အန်တော့မယ်" အနန္တပုံရိပ်မှာ အတော်ပင် နေရထိုင်ရ ခက်ခဲနေပုံရပေသည်။
ချင်ယွမ်ဖုန်းမှာ အနည်းငယ် အံ့အားသင့်သွားပြီး
"မင်းက အန်တတ်လို့လား" ဟု မေးလိုက်၏။
"ဒါက တင်စားပြီး ပြောတာပါ၊ ကျွန်တော် အတော်လေး နေလို့မကောင်းဘူးလို့ ဆိုလိုတာပါ" ဟု အနန္တပုံရိပ်က လေးလေးနက်နက် ရှင်းပြလေသည်။
ချင်ယွမ်ဖုန်းသည် အားရပါးရ ရယ်မောလိုက်မိသည်။ ယခုအချိန်တွင် အနန္တပုံရိပ်ကို ကြည့်ရသည်မှာ ပို၍ပင် ခန့်ညားလာသည်ဟု ထင်ရပေသည်။
"မင်းက လက်နက်သွန်းလုပ်ခြင်း ပညာကို တတ်တယ်ဆိုတော့ မှော်လက်နက်တွေကို သွန်းလုပ်နိုင်လား" ဟု ချင်ယွမ်ဖုန်းက မေးမြန်းလိုက်၏။
"ဒါပေါ့" အနန္တပုံရိပ်က သူ၏ ရင်ဘတ်ကို ပုတ်လိုက်ပြီး "ဒါက ကျွန်တော့်ရဲ့ အထူးကျွမ်းကျင်တဲ့ ပညာပဲ" ဟု ဆိုသည်။
"ကောင်းပြီလေ၊ မင်းအားတဲ့အခါကျရင် ငါ့အတွက် အဆင်ပြေမယ့် လက်နက်တစ်ခုလောက် သွန်းလုပ်ပေးပါဦး" ဟု ချင်ယွမ်ဖုန်းက ပြုံးလျက် ပြောလိုက်သည်။
အနန္တပုံရိပ်က သဘောတူလိုက်၏။ ချင်ယွမ်ဖုန်းက သိုလှောင်အိတ်ထဲမှ အသုံးဝင်မည့်အရာမှန်သမျှကို စိတ်ကြိုက်ယူသုံးရန် ပြောလိုက်ပြီးနောက် အနန္တပုံရိပ်ကို သိုလှောင်အိတ်ထဲသို့ ပြန်ပို့၍ အနားယူစေလိုက်ပေသည်။
အနန္တပုံရိပ် ဖန်တီးပေးလိုက်သော ကိရိယာကြောင့် ချင်ယွမ်ဖုန်း၏ ယုံကြည်မှုမှာ အဆမတန် တိုးလာခဲ့သည်။ ဆေးဖော်စပ်သူများ မဟာပြိုင်ပွဲ မတိုင်မီ ဆေးဖော်စပ်သူများအသင်း ဌာနချုပ်သို့ အမှန်တကယ် ရောက်ရှိနိုင်မည်ဟု သူ အသေအချာ ယုံကြည်သွားချေပြီ။
ထို့ကြောင့် ချင်ယွမ်ဖုန်းသည် ညစဉ် နာရီအနည်းငယ်ကြာ ကျင့်ကြံခြင်းကို ပြုလုပ်ပြီး ဆေးဖော်စပ်ခြင်းနှင့် ဟင်းလင်းပြင်ဆိုင်ရာ စွမ်းအားတို့ကိုလည်း လေ့ကျင့်ကာ ဝိညာဉ်လင်းဓားကိုမူ ကိုယ်တွင်းစွမ်းအင် အသုံးပြု၍ ရှေ့သို့ ဆက်လက် ရွေ့လျားစေသည်။
နေ့ဘက်တွင်မူ ချင်ယွမ်ဖုန်းသည် သားရဲမီးလျှံကို အသုံးပြု၍ ခရီးကို အရှိန်အဟုန်ဖြင့် နှင်လေသည်။
ပင်လယ်ပြင်တွင် ခြောက်ရက်တိုင်တိုင် ခရီးနှင်ပြီးနောက် ချင်ယွမ်ဖုန်းသည် ပင်လယ်ထဲသို့ ရောက်ရှိလာကတည်းက ပထမဦးဆုံးသော ကျွန်းကို မြင်တွေ့လိုက်ရပေပြီ။
ယင်းမှာ အလွန်ကျယ်ပြောသော ကျွန်းကြီးတစ်ကျွန်း ဖြစ်ပြီး လူရိပ်လူယောင်အချို့ကိုလည်း မှိန်ပျပျ မြင်နေရသဖြင့် လူနေထိုင်သော ကျွန်းဖြစ်ကြောင်း သိသာလှပေသည်။
"ကောင်းပြီ၊ လူတွေရှိနေတာပဲ" ချင်ယွမ်ဖုန်းသည် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီး ကျွန်းဆီသို့ ဦးတည်ပြေးဝင်လိုက်တော့သည်။
ဆယ်ရက်တိုင်တိုင် ပင်လယ်ထဲတွင် ခရီးနှင်ခဲ့ရာ၌ များစွာသော ပင်လယ်သားရဲများမှလွဲ၍ လူသားတစ်ဦးတစ်ယောက်ကိုမျှ မတွေ့ခဲ့ရသဖြင့် ချင်ယွမ်ဖုန်းမှာ အလွန်ပင် အထီးကျန်နေခဲ့ရ၏။
ယခုအခါ ကျွန်းကို မြင်လိုက်ရသဖြင့် ချင်ယွမ်ဖုန်းသည် သဘာဝအတိုင်း အတိုင်းထက်အလွန် ဝမ်းသာသွားပြီး ကျွန်းပေါ်သို့ ချက်ချင်းပင် ဆင်းသက်လိုက်ပေသည်။
ထိုကျွန်းမှာ ပုံသဏ္ဌာန်မမှန်သော စက်ဝိုင်းပုံစံရှိပြီး အချင်း ကီလိုမီတာ တစ်ရာခန့် ရှိပေသည်။ ကုန်းမြေပေါ်မှ ကြည့်လျှင် ကမ်းခြေကိုပင် မမြင်နိုင်လောက်အောင် ကြီးမားလှသော ကျွန်းကြီးတစ်ကျွန်း ဖြစ်၏။
ကျွန်းပေါ်တွင် လူအတော်များများရှိပြီး ပင်လယ်ထွက် ပစ္စည်းများကို ရောင်းချနေသော ဈေးသည်များလည်း များစွာရှိပေသည်
ချင်ယွမ်ဖုန်းသည် ကျွန်းအတွင်းသို့ လမ်းလျှောက်ဝင်သွားခဲ့သည်။
လူသားများနှင့် ဝေးကွာနေသည်မှာ ရက်အတော်ကြာပြီ ဖြစ်ရာ ချင်ယွမ်ဖုန်းမှာ ရင်းနှီးကျွမ်းဝင်မှုကို ခံစားရပြီး ဈေးဆိုင်များကိုလည်း အသေးစိတ် လိုက်ကြည့်နေမိ၏။
ပင်လယ်ပြင်တွင် ကုန်းပေါ်၌ မရှိသော အရာများစွာ ရှိပေသည်။ ဥပမာအားဖြင့် ပင်လယ်အောက်ခြေ၌ ပေါက်ရောက်သော ဝိညာဉ်ဆေးပင်များ၊ ပင်လယ်သားရဲများနှင့် အခြားသော ငါးမျိုးစိတ်များစွာ ရှိနေချေသည်။
ချင်ယွမ်ဖုန်းသည် ပစ္စည်းအများအပြားကို ဝယ်ယူခဲ့ရာ အများစုမှာ ပင်လယ်ထွက် ဝိညာဉ်ဆေးပင်များ ဖြစ်ကြ၏။ ထိုအပင်များမှာ အဆင့်မမြင့်လှသော်လည်း ကုန်းပေါ်တွင် မတွေ့နိုင်သဖြင့် ထူးခြားနေပေသည်။
ပြန်ရောက်သည့်အခါ သဘာဝ နတ်စမ်းရေဖြင့် စိုက်ပျိုးနိုင်မည်ဟု သူ တွေးလိုက်မိသည်။
ကျွန်းပေါ်တွင် ဆိုင်ခန်းများစွာကိုလည်း မြင်တွေ့ရသဖြင့် သူ ဝင်ကြည့်လိုက်ရာ ကုန်ပစ္စည်းများမှာ မျက်စိပသာဒ ဖြစ်လောက်အောင် စုံလင်လှပေသည်။
စင်ပေါ်တွင် ခင်းကျင်းထားသော ရတနာလက်နက် အများစုမှာ ပင်လယ်သားရဲများ၏ အရိုးများဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပြီး ထူးခြားသော ဝိသေသများ ရှိကြ၏။
ထို့အပြင် ချင်ယွမ်ဖုန်းသည် သူစီးလာသော ဝိညာဉ်လင်းဓားနှင့် ဆင်တူသည့် ပစ္စည်းများကိုလည်း ဆိုင်တွင် ရောင်းချနေသည်ကို တွေ့လိုက်ရသည်။
ထို့ကြောင့် ဤပစ္စည်းမှာ တန်ဖိုးမကြီးလှပါဟု လင်ဇီအာ ပြောခဲ့သည်မှာ မမှားကြောင်း၊ အနည်းဆုံးတော့ ပင်လယ်ပြင်တွင် အလွန်ပင် ပေါများလှကြောင်း သူ သိလိုက်ရပေသည်။
ဤဝိညာဉ်လင်းဓားများမှာ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ရာဂဏန်းမှ သောင်းဂဏန်းအထိ တန်ဖိုးရှိကြ၏။
အကြီးဆုံး အမျိုးအစားမှာ 'ဝိညာဉ်ကျွန်း' ဟု ခေါ်ပြီး ပင်လယ်ပေါ်တွင် ဖြန့်ခင်းလိုက်ပါက ကျွန်းတစ်ကျွန်းစာလောက်ပင် ကြီးမားလှပေသည်။
ချင်ယွမ်ဖုန်းမှာမူ ယင်းတို့ကို ရှောင်လွှဲလိုက်၏။ ထိုမျှလောက် များပြားလှသော ဝိညာဉ်ကျောက်တုံးများမှာ သူ၏ အသက်ကို နှုတ်ယူသကဲ့သို့ပင် ဖြစ်ပေလိမ့်မည်။
သူ၏ လက်ထဲရှိ ဝိညာဉ်လင်းဓားမှာလည်း အနန္တပုံရိပ်က သူ့အတွက် အကောင်းဆုံး ပြုပြင်မွမ်းမံပေးထားပြီး ဖြစ်ရာ အသစ်လဲရန် မလိုအပ်တော့ပေ။
ထိုမျှမက ချင်ယွမ်ဖုန်းသည် စီးပွားရေး အခွင့်အလမ်းတစ်ခုကိုလည်း ရှာဖွေတွေ့ရှိခဲ့သေး၏။ ကုန်းပေါ်တွင် တန်ဖိုးမရှိသော အရာများမှာ ပင်လယ်ပြင်တွင် ဈေးကြီးပေးရပြီး ပင်လယ်ပြင်တွင် ပေါများလှသော အရာများမှာလည်း ကုန်းပေါ်တွင် ဈေးကောင်းရနိုင်ပေသည်။
အကယ်၍ ကုန်တင်သင်္ဘောတစ်စင်း ပိုင်ဆိုင်ထားပါက ပင်လယ်နှင့် ကုန်းမြေအကြား ကုန်စည်များ ကူးသန်းရောင်းဝယ်ခြင်းဖြင့် အကျိုးအမြတ်များစွာ ရနိုင်ပေလိမ့်မည်။
ကျွန်းပေါ်တွင် တစ်ပတ်ပတ်ကြည့်ပြီးနောက် နာရီအနည်းငယ် ကုန်ဆုံးသွားခဲ့ပြီး မှောင်လုနီးနီး ဖြစ်လာချေပြီ။ ချင်ယွမ်ဖုန်းသည် ကျွန်းမှ ထွက်ခွာ၍ ညဘက်တွင် ခရီးဆက်ချင်နေမိသည်။
သို့သော် ထိုအချိန်၌ပင် မိုးကုတ်စက်ဝိုင်း တစ်ခုလုံး ရုတ်တရက် မှောင်အတိ ကျလာတော့သည်။ ကြီးမားလှသော တိမ်တိုက်မည်းကြီး တစ်ခုက နေမင်းကို ဖုံးလွှမ်းသွားသကဲ့သို့ပင်။
ထိုအမှောင်ထုသည် ပြင်းထန်သော ပင်လယ်မုန်တိုင်းနှင့်အတူ ကျွန်းဆီသို့ လျင်မြန်စွာ ပျံ့နှံ့လာ၏။
ကျွန်းပေါ်ရှိ လူများသည် သူတို့၏ ပစ္စည်းများကို အလျင်အမြန် သိမ်းဆည်းကြပြီး ကျွန်း၏ အလယ်ဗဟိုဆီသို့ ပြေးလွှားသွားကြရာ မြင်ကွင်းမှာ ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။
ချင်ယွမ်ဖုန်းသည် အလွန်အံ့အားသင့်သွားပြီး ပစ္စည်းသိမ်းနေသော ဈေးဆိုင်ပိုင်ရှင် တစ်ဦးကို တားကာ မေးလိုက်၏။
"ဦးလေး... ဘာတွေ ဖြစ်နေတာလဲ"
ဆိုင်ရှင်က ချင်ယွမ်ဖုန်းကို ကြည့်လိုက်ပြီး ချင်ယွမ်ဖုန်းမှာ ပင်လယ်ပြင်သို့ အခုမှ ရောက်ဖူးသည့် လူသစ်မှန်း သိလိုက်သည်။
"ပင်လယ်မုန်တိုင်း လာနေပြီကွ"