အခန်း (၃၈၅-၃၈၆)
Vol. 20 Ch. 385-386
အခန်း (၃၈၅) ပင်လယ်ပြင်မှ မုန်တိုင်း
“ပင်လယ်ပြင် မုန်တိုင်း ဟုတ်လား” ဤစကားရပ်ကို ချင်ယွမ်ဖုန်း တစ်ခါမျှ မကြားဖူးခဲ့ချေ။
ထို့ကြောင့် သူသည် သိလိုစိတ်ကို မထိန်းနိုင်ဘဲ ဖြစ်သွားရသည်။
“ဟုတ်တယ်၊ ဒီပင်လယ်ပြင် မုန်တိုင်းတွေက အရမ်းကို အားပြင်းတာ။ တစ်ခါတလေဆိုရင် နှစ်ပေါင်းများစွာကြာမှ တစ်ခါ ပေါ်လာတတ်တာမျိုးပါ။ မင်းလည်း အမြန်သွားပြီးကျွန်းရဲ့ အလယ်ဗဟိုမှာရှိတဲ့ အစီအရင်ထဲမှာ ခိုလှုံနေလိုက်တော့။ အဲ့ဒီမှာ အစီအရင်တစ်ခု ရှိတယ်” ဟု ဈေးသည်ဖြစ်သူ ရှာကောင်က စေတနာဖြင့် သတိပေးလေသည်။
ချင်ယွမ်ဖုန်းလည်း ခေါင်းညိတ်ပြကာ ဈေးသည်အား ပစ္စည်းများ သိမ်းဆည်းရန် ကူညီပေးပြီးနောက် ကျွန်း၏ အလယ်ဗဟိုရှိ အစီအရင်တည်ရှိရာသို့ အမြန်ပြေးလွှားသွားတော့သည်။
ထိုစဉ် အဝေးတစ်နေရာ၌ အလွန်ကြီးမားလှသော မုန်တိုင်းကြီးတစ်ခုမှာ စတင်ပေါ်ပေါက်လာချေပြီ။ ပင်လယ်ရေထု အမြောက်အမြားသည် ဝေဟင်ထက်သို့ လွင့်စင်တက်သွားပြီး မြင့်မားလှသော ပင်လယ်ရေဆင်နှာမောင်းကြီးအသွင် ဖန်တီးထားလေသည်။
ထိုမျှလောက် ကြီးမားထည်ဝါလှသော ပင်လယ်ပြင် မုန်တိုင်းကြီးကို မြင်လိုက်ရသောအခါ ချင်ယွမ်ဖုန်း၏ စိတ်ထဲ၌ မိမိကိုယ်မိမိ သေးငယ်သိမ်ဖျင်းလှသည်ဟု ခံစားလိုက်ရသည်။
သူသည် မည်မျှပင် စွမ်းအားကြီးမားသည်ဖြစ်စေ ထိုကဲ့သို့သော သဘာဝဘေးအန္တရာယ်ကြီးနှင့် ရင်ဆိုင်ရချိန်တွင်မူ မရှုမလှဖြစ်ရမည်မှာ အမှန်ပင်။
ကျွန်းပေါ်ရှိ လူအပေါင်းတို့သည် ကျွန်း၏အလယ်ဗဟိုသို့ ဦးတည်ပြေးလွှားနေကြသည်။
အဝေးမှကြည့်လျှင် ထိုနေရာ၌ အစီအရင်တစ်ခုသည် အမိုးအကာတစ်ခုကဲ့သို့ တဖြည်းဖြည်း ပွင့်ကားလာပြီး လူတိုင်းကို အတွင်း၌ ငုံ့အုပ်ကာကွယ်ပေးနေသည်ကို ချင်ယွမ်ဖုန်း မြင်တွေ့လိုက်ရသည်။
ချင်ယွမ်ဖုန်းလည်း သဘောကျစွာ ခေါင်းညိတ်လိုက်မိသည်။ ဤအစီအရင်သည် အနည်းဆုံး ပဉ္စမအဆင့်ခန့် ရှိပုံရသဖြင့် ယခုပင်လယ်ပြင် မုန်တိုင်း၏ စွမ်းအားကို ခုခံနိုင်စွမ်းရှိပေလိမ့်မည်။
ထိုစဉ် ချင်ယွမ်ဖုန်းသည် စုတ်ပြတ်နေသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် အဘိုးအို တစ်ဦးကို ရုတ်တရက် မြင်လိုက်ရသည်။
ထိုအဘိုးအိုသည် ပင်လယ်ပြင် မုန်တိုင်း၏ အရှိန်အဟုန်ကို သတိမမူမိသကဲ့သို့ အေးအေးဆေးဆေးပင် လမ်းလျှောက်နေ၏။
ချင်ယွမ်ဖုန်းသည် စေတနာရှေ့ထားကာ ရှေ့သို့ တိုးသွားပြီး “စီနီယာ၊ မြန်မြန်လာပါ၊ ပင်လယ်ပြင် မုန်တိုင်း လာနေပြီ” ဟု ဟစ်အော်ပြောဆိုလိုက်သည်။
အဘိုးအိုက ခေါင်းကို လှည့်ကြည့်လိုက်ရာ သူ၏ မျက်ဝန်းတို့မှာ မှုန်မှိုင်းနေပြီး “ငါက အိုလှပြီကွယ်၊ လမ်းမလျှောက်နိုင်တော့ဘူး” ဟု တုံ့ပြန်လေသည်။
ချင်ယွမ်ဖုန်း ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ လူအားလုံးနီးပါးမှာ အစီအရင်အတွင်းသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ အကယ်၍ အစီအရင်သာ ပိတ်သွားပါက အပြင်၌ ကျန်ရစ်သူတို့မှာ ပင်လယ်ပြင် မုန်တိုင်းနှင့် တိုက်ရိုက် ရင်ဆိုင်ရတော့မည် ဖြစ်သည်။
“ကျွန်တော် အဘိုးကို ခေါ်သွားပါ့မယ်”
ချင်ယွမ်ဖုန်းသည်အဘိုးအိုကို ချက်ချင်းပင် ပွေ့ချီလိုက်ပြီး အစီအရင်ရှိရာသို့ အပြင်းအထန် ပြေးလွှားသွားတော့သည်။
နောက်ဆုံးတွင် ပင်လယ်ပြင် မုန်တိုင်း အနားသို့ မရောက်မီ ချင်ယွမ်ဖုန်းသည် အစီအရင်အတွင်းသို့ ဝင်ရောက်နိုင်ခဲ့သည်။
“အပြင်မှာ ဘယ်သူကျန်သေးလဲ၊ အခု အစီအရင်ကို ပိတ်တော့မယ်၊ ပင်လယ်ပြင် မုန်တိုင်းက ရောက်လာပြီ”
အစီအရင်ကို ထိန်းသိမ်းနေသူက ထိုသို့ ဟစ်အော်ပြောဆိုပြီးနောက် အစီအရင်ကို ရုတ်ချည်း ပိတ်လိုက်လေသည်။ ယခုအခါ အပြင်ဘက်မှ မည်သည့်အရာမျှ အစီအရင်အတွင်းသို့ မဝင်နိုင်တော့ဘဲ အတွင်းရှိသူများသာ အပြင်သို့ ထွက်နိုင်တော့သည်။
ပင်လယ်ပြင် မုန်တိုင်းသည် ကျွန်း၏ အပြင်ဘက်သို့ ဆိုက်ရောက်လာချေပြီ။ ကြီးမားလှသော ပင်လယ်ရေဆင်နှာမောင်းကြီးသည် ပြင်းထန်သော စုပ်ယူအားကို ထုတ်လွှတ်နေပြီး ကျွန်းပေါ်ရှိ အရာခပ်သိမ်းကို ဝေဟင်ထက်သို့ ဆွဲတင်နေသည်။
ကျွန်းပေါ်ရှိ သစ်ပင်ကြီးများပင်လျှင် အမြစ်မှ ကျွတ်ထွက်ကုန်ကြရသည်။
ပင်လယ်ရေများမှာ ကောင်းကင်ယံမှ ဒလဟော စီးကျလာပြီး အစီအရင်ကို လာရောက် ရိုက်ခတ်နေသဖြင့် လူတိုင်း၏ စိတ်ထဲ၌ ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်ပေါ်နေတော့သည်။
နီးကပ်စွာ ရှိနေသဖြင့် ချင်ယွမ်ဖုန်းသည် ကြီးမားသော ပင်လယ်ရေဆင်နှာမောင်းကြီးကို ပိုမို ရှင်းလင်းစွာ မြင်တွေ့နေရပြီး သဘာဝဘေးအန္တရာယ်၏ စွမ်းအားကို ပို၍ ပြင်းထန်စွာ ခံစားနေရသည်။
ထိုစဉ် ချင်ယွမ်ဖုန်းသည် အစီအရင်၏ အပြင်ဘက်၌ လူရိပ်နှစ်ခုမှာ အပြေးအလွှား လာနေသည်ကို မြင်လိုက်ရပြန်သည်။
၎င်းတို့မှာ သားအမိနှစ်ယောက် ဖြစ်သည်။
အမျိုးသမီး၏ ခြေထောက်မှ သွေးများ ယိုစီးနေသဖြင့် အစီအရင် မပိတ်မီအတွင်းသို့ အချိန်မီ မရောက်ရှိနိုင်ခြင်း ဖြစ်ပေလိမ့်မည်။ သူ၏ လက်ထဲတွင်လည်း မိန်းကလေးငယ် တစ်ဦးကို ပွေ့ချီထားသည်။
အစီအရင်အတွင်းရှိ လူအပေါင်းတို့သည်လည်း ထိုသားအမိကို မြင်တွေ့သွားကြပြီး ရုတ်တရက် ထိတ်လန့်သွားကြရသည်။
“မြန်မြန်၊ အစီအရင်ကို ဖွင့်ပြီး သူတို့ကို အထဲပေးဝင်လိုက်ပါ” ချင်ယွမ်ဖုန်းသည် အစီအရင်ကို ထိန်းသိမ်းနေသူထံ သွားရောက်ကာ တိုက်တွန်းလေသည်။
ထိုသူက ချင်ယွမ်ဖုန်းကို တစ်ချက်ကြည့်ပြီး “မဖြစ်နိုင်ဘူး” ဟု ဆိုသည်။
“ဘာလို့ မဖြစ်ရမှာလဲ၊ အစီအရင်ကို ခဏလေး ဖွင့်ပေးပြီး သူတို့ကို အထဲဝင်ခိုင်းလိုက်ပါ”
ချင်ယွမ်ဖုန်း၏ မျက်လုံးများမှာ ချက်ချင်းပင် ပြူးကျယ်သွားရသည်။
“မင်းက ဒီသားအမိကြောင့် ငါတို့ လူသောင်းချီကို မြေမြှုပ်ပစ်ချင်နေတာလား” ဟု အစီအရင် ထိန်းသိမ်းသူက ခက်ထန်စွာ ဟစ်အော်လိုက်သည်။
ချင်ယွမ်ဖုန်းသည် အစီအရင်အတွင်းရှိ လူများကို ပြန်လည် ကြည့်ရှုလိုက်ရာ ဤကျဉ်းမြောင်းလှသော အစီအရင်အတွင်း၌ လူပေါင်းသောင်းနှင့်ချီ၍ စုပြုံနေကြသည်ကို တွေ့ရသည်။
လူအပေါင်းတို့သည် ထိုသားအမိအပေါ် များစွာ သနားကရုဏာ ဖြစ်မိကြသော်လည်း အစီအရင်ကိုမူ ဖွင့်ပေးရန် မလိုလားကြချေ။ သို့မဟုတ်ပါက အစီအရင်အတွင်းရှိ လူအားလုံးမှာ ထိုသားအမိနှင့်အတူ ပျက်စီးသွားနိုင်သောကြောင့် ဖြစ်သည်။
ထိုသူ ပြောသည်မှာလည်း မှန်ကန်လှသည်။ ယခုအချိန်တွင်မူ မည်သို့မျှ မတတ်နိုင်တော့ချေ။
ပင်လယ်ပြင် မုန်တိုင်းမှာ တဖြည်းဖြည်း နီးကပ်လာပြီဖြစ်ရာ ထိုသားအမိမှာ မြေပြင်ကို အသည်းအသန် ဖက်တွယ်ထားကြသော်လည်း သူတို့၏ ခန္ဓာကိုယ်များမှာ ကောင်းကင်ထက်သို့ လွင့်စင်သွားတော့မည့်အတိုင်း ဖြစ်နေသည်။
ချင်ယွမ်ဖုန်းသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး မျက်မှောင်ကြုတ်ထားမိသည်။
ထိုသားအမိမှာမူ မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် မြေပြင်ပေါ်၌ ထိုင်နေကြပြီး တစ်ကိုယ်လုံးလည်း ရေစိုရွှဲနေချေပြီ။
ထိုစဉ် မိန်းကလေးငယ်မှာ ကိုယ်အလေးချိန် ပေါ့ပါးသဖြင့် ရုတ်တရက် ဝေဟင်သို့ စုပ်ယူခြင်း ခံလိုက်ရသည်။ အမျိုးသမီးဖြစ်သူမှာ သမီးဖြစ်သူ၏ လက်ကို မြဲမြံစွာ ဆုပ်ကိုင်ထားပြီး အကူအညီတောင်းကာ ငိုယိုနေတော့သည်။
လူတိုင်း၏ ရင်ထဲ၌ နာကျင်စွာ ခံစားနေကြရသည်။ သူတို့သည် ဆက်လက် မကြည့်ရက်သဖြင့် ခေါင်းများကို ငုံ့ထားလိုက်ကြသည်။
အမျိုးသမီးဖြစ်သူမှာလည်း အားကုန်ခါနီး ဖြစ်နေပြီ။ စုပ်ယူအားမှာ အလွန် ပြင်းထန်လှသည်။ အကယ်၍ သူသာ သိုင်းပညာရှင် နယ်ပယ်မှ သိုင်းပညာရှင် တစ်ဦး မဟုတ်ပါက ဝေဟင်ထက်သို့ လွင့်စင်သွားသည်မှာ ကြာလှပေပြီ။
အကယ်၍သာ ပင်လယ်ရေဆင်နှာမောင်းအတွင်းသို့ စုပ်ယူခြင်း ခံလိုက်ရပါက သူတို့၏ ခန္ဓာကိုယ်များမှာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားမည်မှာ တွေးကြည့်ရုံနှင့်ပင် သိနိုင်ပေသည်။
“မဖြစ်ဘူး၊ ငါ သူတို့ကို သွားကယ်ရမယ်”
ချင်ယွမ်ဖုန်းသည် ထိုသားအမိကို ဒီအတိုင်း ကြည့်မနေနိုင်တော့သဖြင့် အစီအရင်အတွင်းမှ အပြင်သို့ ပြေးထွက်သွားတော့သည်။
“ဟေ့” အစီအရင် ထိန်းသိမ်းသူက ဟစ်အော်တားဆီးသော်လည်း နောက်ကျသွားချေပြီ။ သူသည် မတတ်သာဘဲ ခေါင်းကိုသာ ခါယမ်းလိုက်မိသည်။
ယခုကဲ့သို့ အချိန်မျိုးတွင် အပြင်သို့ ပြေးထွက်ခြင်းမှာ မိမိကိုယ်ကိုယ် သေကြောင်းကြံခြင်းပင် မဟုတ်လော။
အမှန်ပင် ချင်ယွမ်ဖုန်း အပြင်သို့ ရောက်သည်နှင့် ပြင်းထန်သော စုပ်ယူအားကို ခံစားလိုက်ရသည်။
ကံကောင်းသည်မှာ သူ၏ ကျင့်စဉ်အဆင့်မှာ နက်ရှိုင်းလှသဖြင့် မြေပြင်ပေါ်သို့ ခိုင်မြဲစွာ ဖိနင်းထားနိုင်ခြင်း ဖြစ်သည်။
ထိုစဉ် အမျိုးသမီးမှာ နောက်ဆုံးတွင် မထိန်းထားနိုင်တော့ဘဲ သူ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ဝေဟင်သို့ ပျံတက်သွားရသည်။ သူ၏ မျက်နှာထက်၌လည်း မျှော်လင့်ချက်မဲ့မှုများဖြင့် ပြည့်နှက်နေသည်။
သို့သော် ထိုအချိန်၌ပင် ချင်ယွမ်ဖုန်း ရောက်ရှိလာပြီး အမျိုးသမီး၏ လက်မောင်းကို ဖမ်းဆွဲကာ သားအမိနှစ်ယောက်လုံးကို ဝေဟင်ထက်မှ အမြန် ပြန်လည် ဆွဲချလိုက်သည်။
“ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်” အမျိုးသမီးက သမီးဖြစ်သူကို ရင်ခွင်ထဲ၌ တင်းကျပ်စွာ ပွေ့ဖက်ထားရင်း ကျေးဇူးတင်စကား ဆိုသည်။
မိန်းကလေးငယ်မှာမူ အလွန်အမင်း ထိတ်လန့်သွားပုံရပြီး မျက်လုံးများမှာ ကြောင်တောင်တောင် ဖြစ်နေကာ တရှုံ့ရှုံ့နှင့်သာ ငိုနေတော့သည်။
“မပြီးသေးဘူး” ချင်ယွမ်ဖုန်းက အံကြိတ်ကာ ပြောလိုက်သည်။ သူကိုယ်တိုင်ပင် ယခုအချိန်တွင် ခိုင်မြဲအောင် ထိန်းထားရန် အသည်းအသန် ကြိုးစားနေရသည်။
ပင်လယ်ပြင် မုန်တိုင်းမှာ ကျွန်းသို့ ဆိုက်ရောက်လာပြီဖြစ်ရာ မကြာမီ သူတို့ဆီသို့ ရောက်လာတော့မည် ဖြစ်သည်။
မြေပြင်အလွှာများမှာ ကွာကျကုန်ပြီး ဝေဟင်သို့ စုပ်ယူခြင်း ခံနေရသဖြင့် မြေပြင်ထက်၌ မည်သည့်အရာမျှ မကျန်တော့သလောက်ပင် ဖြစ်နေသည်။
“အနန္တပုံရိပ်”
ချင်ယွမ်ဖုန်းက ဟစ်အော်လိုက်ရာ သူ၏ သိုလှောင်အိတ်အတွင်းမှ အနန္တပုံရိပ်မှာ ရုတ်တရက် ထွက်ပေါ်လာပြီး ကြိုးရှည်တစ်ချောင်းအသွင် ပြောင်းလဲသွားကာ အစွန်းတစ်ဖက်မှာ ချင်ယွမ်ဖုန်းနှင့် ထိုသားအမိကို ပတ်ပတ်လည် ဝိုင်းပတ် ချည်နှောင်လိုက်သည်။
အခြား အစွန်းတစ်ဖက်မှာမူ အလွန် ထက်မြက်လာပြီး မြေပြင်အတွင်းသို့ နက်ရှိုင်းစွာ တိုးဝင်သွားတော့သည်။
အနန္တပုံရိပ်သည် မြေအောက်သို့ ပေပေါင်းရာချီ နက်ရှိုင်းစွာ တိုးဝင်သွားပြီး မြေအောက်ရှိ ကျောက်လွှာများအထိပင် ရောက်ရှိသွားသည်။
ထို့နောက် ၎င်း၏ အဖျားပိုင်းမှ ထက်မြက်သော ဆူးချွန်များစွာ ထွက်ပေါ်လာပြီး ကျောက်လွှာများအတွင်း ခိုင်မြဲစွာ တွယ်ကပ်လိုက်လေသည်။
ချင်ယွမ်ဖုန်းသည် လက်မောင်းများကို ဆန့်ထုတ်ကာ သားအမိနှစ်ယောက်ကို ရင်ခွင်ထဲ၌ တင်းကျပ်စွာ ပွေ့ပိုက်ထားသည်။ သူတို့ သုံးဦးစလုံးမှာ မြေပြင်ပေါ်၌ စုစုရုံးရုံးနှင့် ဆောင့်ကြောင့်ထိုင်နေကြသည်။
ထိုအချိန်၌ ပင်လယ်ရေဆင်နှာမောင်းမှာ နောက်ဆုံးတွင် ရောက်ရှိလာတော့သည်။ မြေပြင်မှာ ရုတ်တရက် ပွင့်ထွက်ကာ ဝေဟင်သို့ လွင့်စင်တက်သွားပြီး ချင်ယွမ်ဖုန်းနှင့် သားအမိနှစ်ယောက်မှာလည်း ဝေဟင်ထက်သို့ စုပ်ယူခြင်း ခံလိုက်ရသည်။
သို့သော် ကံကောင်းထောက်မစွာဖြင့် အနန္တပုံရိပ်မှာ ရှိနေဆဲပင်။ ထိုအချိန်တွင် အနန္တပုံရိပ်မှာ စွန်ကြိုးတစ်ချောင်းကဲ့သို့ တင်းကျပ်သွားတော့သည်။
ပင်လယ်ရေဆင်နှာမောင်းမှာ ထိုနေရာသို့ ရောက်ရှိနေပြီဖြစ်ရာ ချင်ယွမ်ဖုန်းနှင့် သားအမိနှစ်ယောက်မှာ ပင်လယ်ရေဆင်နှာမောင်းအတွင်းသို့ ရောက်ရှိသွားကြသည်။
ပြင်းထန်လှသော ဆွဲဖြဲအားကြီးမှာ သူတို့ကို တိုက်ခိုက်နေသဖြင့် ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်မှာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားတော့မည့်အတိုင်း ခံစားလိုက်ရသည်။
“ဟား၊ ငါ့ကို မြဲမြဲကိုင်ထားကြ” ချင်ယွမ်ဖုန်းက ဟစ်အော်လိုက်သည်။ များပြားလှသော ကိုယ်တွင်းစွမ်းအင်များမှာ သူ၏ ခန္ဓာကိုယ် ပတ်ပတ်လည်၌ ကာကွယ်ရေး အလွှာတစ်ခုအသွင် ဖန်တီးလိုက်ပြီး ပင်လယ်ရေဆင်နှာမောင်း၏ စွမ်းအားကို တိုက်ရိုက် ခုခံနေတော့သည်။
ဤပင်လယ်ပြင် မုန်တိုင်းနှင့် နှိုင်းယှဉ်လျှင် ချင်ယွမ်ဖုန်းမှာ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ပင် သေးငယ်လှပေတော့သည်။
အခန်း (၃၈၆) အသက်ရှင်လွတ်မြောက်ခြင်း
ကြီးမားလှသော အားအင်တစ်ခုက ရိုက်ခတ်လာရာ ချင်ယွမ်ဖုန်းသည် သွားကိုတင်းတင်းကြိတ်ကာ ကြိုးစားတောင့်ခံထားသော်လည်း ခန္ဓာကိုယ်အတွင်းရှိ ကိုယ်တွင်းစွမ်းအင်များ အလွန်အမင်း ကုန်ခမ်းနေသည့်အတွက် ဝေဒနာကို ခါးစည်းခံနေရချေပြီ။
ထိုဆွဲအားသည် တစ်စတစ်စ ပိုမိုပြင်းထန်လာ၏။ ထိုစဉ် ပင်လယ်ရေဆင်နှာမောင်းကြီးသည် တရွေ့ရွေ့ရွေ့လျားလာရာ သူတို့တစ်စုသည် ရေဆင်နှာမောင်း၏ ဗဟိုချက်တည့်တည့်သို့ ရောက်ရှိသွားကြတော့သည်။
ဤနေရာရှိ အားအင်သည် အပြင်းထန်ဆုံးဖြစ်ရာ ချင်ယွမ်ဖုန်း၏ ကိုယ်တွင်းစွမ်းအင် အကာအကွယ်သည်လည်း ဆက်လက်တောင့်မခံနိုင်တော့ဘဲ ကျကွဲသွားရလေသည်။
ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်သည် ပင်လယ်ရေဆင်နှာမောင်းကြီးနှင့် တိုက်ရိုက်ထိတွေ့သွားရ၏။
ထိုအချိန်တွင် သားအမိနှစ်ဦးသည် ချင်ယွမ်ဖုန်း၏ ရင်ခွင်ထဲ၌ တင်းတင်းကျပ်ကျပ် ပုန်းအောင်းနေကြပြီး ချင်ယွမ်ဖုန်းကမူ ပြင်းထန်သော ထိုအားအင်ကို တစ်ကိုယ်တည်း ကြံ့ကြံ့ခံနေရသည်။
"အား..."
ချင်ယွမ်ဖုန်းသည် အံကြိတ်ကာ ဟစ်အော်လိုက်သော်လည်း တင်းတင်းဆုပ်ကိုင်ထားသော သူ၏လက်နှစ်ဖက်သည် ဖြည်းဖြည်းချင်း ကွာဟလာချေပြီ။
သူ၏ အပေါ်ပိုင်းအဝတ်အစားများသည် ရုတ်ချည်းပင် ဆွဲဖြဲခြင်းခံလိုက်ရကာ လေထဲသို့ လွင့်စင်သွားပြီး ခဏချင်းအတွင်း အစုတ်အပြတ်များ ဖြစ်သွားရလေသည်။
ချင်ယွမ်ဖုန်း၏ အရေပြားပေါ်တွင်ပင် အက်ကွဲရာများ ပေါ်လာပြီး သွေးစက်များသည် ပြင်းထန်လှသော ဆွဲအားကြောင့် အပြင်သို့ ပန်းထွက်လာတော့သည်။
ချင်ယွမ်ဖုန်း၏ စိတ်ထဲတွင် အားတင်းထားရမည်ဟူသော အတွေးတစ်ခုသာ ရှိတော့၏။ သို့သော်လည်း ဤအချိန်၌ အရာခပ်သိမ်းသည်ပင် ကြံ့ကြံ့မခံနိုင်တော့ပေ။
ချင်ယွမ်ဖုန်း၏ ကိုယ်တွင်းစွမ်းအင် ကုန်ဆုံးမှုသည် အလွန်တရာ ကြီးမားလှပြီး ကျန်ရှိသမျှကိုလည်း သူ၏ရင်ခွင်ထဲမှ သားအမိနှစ်ဦးအား ကာကွယ်ရန် အသုံးပြုထားရသဖြင့် အနန္တပုံရိပ်အတွင်းသို့ စွမ်းအင်များ ထပ်မံလွှဲပြောင်းပေးနိုင်စွမ်း မရှိတော့ချေ။
ကျောက်လွှာများအတွင်း စိုက်ဝင်နေသော အနန္တပုံရိပ်သည်လည်း ဆက်လက်မမြဲနိုင်တော့ဘဲ ပင်လယ်ရေဆင်နှာမောင်း၏ ဆွဲအားကြောင့် လက်မအလိုက် အပြင်သို့ ကျွတ်ထွက်လာနေပြီ ဖြစ်သည်။
ချင်ယွမ်ဖုန်းနှင့် ကျန်နှစ်ဦးတို့သည် မြေပြင်နှင့် တစ်စတစ်စ ဝေးကွာလာကြရာ သူတို့၏နှလုံးသားထဲတွင် မျှော်လင့်ချက်မဲ့ခြင်းများဖြင့် ပြည့်နှက်လာရတော့သည်။
သို့သော်လည်း ထိုသို့သော အခြေအနေမျိုးတွင်ပင် ချင်ယွမ်ဖုန်းသည် လင်းနို့အသွင်ပြောင်းလဲခြင်း ပညာရပ်ကို အသုံးမပြုခဲ့ပေ။ အကယ်၍သာ သူသည် ထိုပညာရပ်ကို အသုံးပြုလိုက်ပါက သူ၏ရင်ခွင်ထဲမှ သားအမိနှစ်ဦးမှာ အသက်ဆုံးရှုံးသွားရမည် မလွဲပေ။
အစီအရင်အတွင်းမှ လူတိုင်းသည်လည်း ပြင်ပမှ မြင်ကွင်းကို စိုးရိမ်တကြီး ကြည့်ရှုနေကြပြီး သူတို့၏ စိတ်နှလုံးထဲ၌လည်း မျှော်လင့်ချက်များ ကုန်ဆုံးနေကြချေပြီ။
ချင်ယွမ်ဖုန်းကို အလွန်အမင်း လေးစားမိကြသော်လည်း ဤသုံးယောက်မှာ အသက်ရှင်နိုင်ရန် လမ်းစမရှိတော့ဟုပင် တွေးထင်နေကြသည်။
ပင်လယ်မုန်တိုင်းကြီးသည် ကျွန်း၏ တစ်ဖက်မှ အခြားတစ်ဖက်သို့ ဖြည်းညင်းစွာ ရွေ့လျားသွား၏။ အစီအရင်နံဘေးမှ ဖြတ်သန်းသွားချိန်တွင် အစီအရင်ကြီးမှာ ပြင်းထန်စွာ တုန်ခါသွားရာ လူတိုင်းကို စိုးရိမ်ပူပန်စေခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် အစီအရင်မှာ ယုံကြည်စိတ်ချရသည့်အတိုင်း ပင်လယ်မုန်တိုင်း၏ အားအင်ကို တောင့်ခံနိုင်ခဲ့ပေသည်။
သို့သော်လည်း ချင်ယွမ်ဖုန်းတို့မှာမူ ထိုအချိန်အထိ လေထဲတွင် ဝဲပျံနေဆဲပင်။ အနန္တပုံရိပ်ဖြင့် ဖန်တီးထားသော ကြိုးတန်းကြီးမှာလည်း မီတာတစ်ရာကျော်ခန့်အထိ ဆွဲဆန့်ခြင်းခံထားရပြီး ပင်လယ်မုန်တိုင်းထဲသို့ စောင်းလျက်တန်းနေချေပြီ။
ချင်ယွမ်ဖုန်းသည် ပင်လယ်မုန်တိုင်းအတွင်းသို့ တင်းတင်းကျပ်ကျပ် စုပ်ယူခြင်းခံထားရကာ အနန္တပုံရိပ်သည်လည်း မြေပြင်အောက်မှ လျင်မြန်စွာ ကျွတ်ထွက်လာနေသဖြင့် အားလျော့တော့မည့်ပုံ ပေါ်နေသည်။
အတိအကျပင် ထိုစဉ်၌ လူတိုင်းသည် သက်ပြင်းချသံတစ်ခုကို ကြားလိုက်ရပြီး အခြားသော လူရိပ်တစ်ခုသည် အစီအရင်အပြင်ဘက်သို့ ပြေးထွက်သွားပြန်လေသည်။
"ဒီတစ်ခါတော့ အကုန်လုံး ရူးကုန်ကြပြီလား" ဟု အစီအရင်ကို ထိန်းသိမ်းနေသော အမျိုးသားက အော်ဟစ်လိုက်မိသည်။
ထိုအခါမှသာ အပြင်သို့ ပြေးထွက်သွားသူမှာ အဘိုးအိုသူတောင်းစားဖြစ်ကြောင်း လူတိုင်း အထင်အရှား မြင်လိုက်ရတော့သည်။
အဘိုးအိုသူတောင်းစားသည် ကျွန်းပေါ်သို့ ကုန်တင်သင်္ဘောဖြင့် ရောက်ရှိလာခဲ့သည်မှာ ကြာပြီဖြစ်သည်။ သူသည် ပုံမှန်အားဖြင့် အားအင်ချိနဲ့လှသည်ဟု ထင်ရသော်လည်း ယခုပြေးသွားပုံမှာမူ ယခင်က ပုံရိပ်မျိုး လုံးဝမရှိတော့ချေ။
လူများကို ကယ်တင်ရန်အတွက် အစီအရင်အပြင်ဘက်သို့ ပြေးထွက်သွားသူများမှာကျွန်းသို့ အခုလေးတင်မှ ရောက်ရှိလာသော လူငယ်တစ်ဦးနှင့် မည်သူ့ကိုမျှ ခုခံနိုင်စွမ်းမရှိဟု ထင်ရသော အဘိုးအိုသူတောင်းစားတစ်ဦး ဖြစ်နေလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။
အဘိုးအိုသူတောင်းစားသည် အနန္တပုံရိပ်ရှိရာသို့ ပြေးသွားကာ အနန္တပုံရိပ် မြေပြင်မှ လုံးဝကွာကျသွားချိန်တွင် လှမ်း၍ ဖမ်းဆုပ်လိုက်လေသည်။
သူသည် အနန္တပုံရိပ်ကို လက်တစ်ဖက်ဖြင့် မြဲမြံစွာ ကိုင်ထားပြီး သူ၏ မှုန်ဝါးနေသော မျက်လုံးအစုံမှာလည်း ယခုအခါ၌ စူးရှလှသော အလင်းတန်းများ ထွက်ပေါ်နေကာ အရှိန်အဝါ တစ်မျိုးဖြင့် ကြောက်မက်ဖွယ် ကောင်းနေတော့သည်။
သူသည် ဖြည်းညင်းစွာ လှည့်ကြည့်လိုက်ပြီး အနန္တပုံရိပ်ကို ပခုံးပေါ်တွင် တင်ကာ တင်းတင်းကျပ်ကျပ် ဆွဲလျက် တစ်လှမ်းချင်း ရှေ့သို့ တိုးလှမ်းသွားတော့သည်။
ဤသည်မှာ ပင်လယ်မုန်တိုင်းနှင့် လွန်ဆွဲနေသကဲ့သို့ပင် ဖြစ်ရာ လောကနိယာမကိုပင် ဆန့်ကျင်နေသကဲ့သို့ ရှိချေသည်။ သို့သော်လည်း အဘိုးအိုသူတောင်းစားမှာ အလွန်ပင် တည်ငြိမ်စွာ လမ်းလျှောက်နေ၏။
သူသည် ချင်ယွမ်ဖုန်း ယခင်က မြင်တွေ့ခဲ့ဖူးသည့်အတိုင်းပင် မမြန်မနှေးဘဲ တစ်လှမ်းချင်း တစ်လှမ်းချင်း ရှေ့သို့ တက်လှမ်းနေခြင်း ဖြစ်သည်။
ပင်လယ်မုန်တိုင်းမှာ အဝေးသို့ ရွေ့လျားသွားပြီး အဘိုးအိုသူတောင်းစားမှာ ဆန့်ကျင်ဘက်သို့ မီတာတစ်ရာခန့်အထိ လျှောက်လှမ်းသွားပြီးနောက် ပခုံးပေါ်မှ ဆွဲအားမှာ ရုတ်တရက် လျော့ကျသွားသည်ကို ခံစားလိုက်ရသည်။
အနန္တပုံရိပ်သည် လျင်မြန်စွာ ပြန်လည်ကျုံ့ဝင်သွားကာ ချင်ယွမ်ဖုန်းနှင့် သားအမိနှစ်ဦးတို့မှာလည်း အမြန်ပင် ပြန်လည်ဆွဲယူခြင်း ခံလိုက်ရသည်။
သူတို့သည် ပင်လယ်ရေဆင်နှာမောင်းအတွင်းမှ အံ့ဖွယ်နည်းဖြင့် လွတ်မြောက်လာခဲ့ကြပြီ ဖြစ်သည်။
ပင်လယ်မုန်တိုင်းမှာ ကျွန်းမှ ထွက်ခွာသွားပြီ ဖြစ်သည်။
ကောင်းကင်ယံ၌ မိုးသည်းထန်စွာ ရွာသွန်းလျက် လေပြင်းများ တိုက်ခတ်နေဆဲဖြစ်သော်လည်း အစီအရင်အတွင်းမှ လူတိုင်းသည် အပြင်သို့ ပြေးထွက်လာကြချေပြီ။
ချင်ယွမ်ဖုန်းသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းလာသော်လည်း သူ၏ရင်ခွင်ထဲမှ သားအမိနှစ်ဦးမှာမူ ဘေးကင်းလုံခြုံစွာ ရှိနေသည်။
လူတိုင်းသည် ရှေ့သို့တိုးကာ သားအမိနှစ်ဦးကို ထူမပေးကြပြီးနောက် မြေပြင်ပေါ်၌ သတိမေ့မြောနေသော ချင်ယွမ်ဖုန်းကို တွေ့လိုက်ရလေသည်။
ဤအချိန်၌ ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်မှာ ဖြူဖျော့နေပြီး တစ်ကိုယ်လုံးတွင် ပင့်ကူအိမ်ကဲ့သို့ အက်ကွဲရာများစွာ ပေါ်ပေါက်နေသည်။ ၎င်းတို့မှာ မုန်တိုင်း၏ ဆွဲဖြဲခြင်းကို ခံထားရသော ဒဏ်ရာများပင် ဖြစ်သည်။
ထိုအက်ကွဲရာများမှ သွေးများသည် အပြင်သို့ စုပ်ယူခြင်း ခံထားရသဖြင့် ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်အတွင်းရှိ သွေးများမှာ ကုန်ခမ်းလုနီးပါးပင် ဖြစ်နေချေပြီ။
ကံကောင်းထောက်မစွာဖြင့် နောက်ဆုံးအချိန်၌ အဘိုးအိုသူတောင်းစားသည် ရှေ့သို့တက်လှမ်းကာ ချင်ယွမ်ဖုန်းကို မုန်တိုင်းအတွင်းမှ ဆွဲထုတ်နိုင်ခဲ့ခြင်းပင်။
လူတိုင်းသည် ချင်ယွမ်ဖုန်းကို သူရဲကောင်းတစ်ဦးကဲ့သို့ မကာ အစီအရင်အတွင်းသို့ ခေါ်ဆောင်သွားပြီး ဒဏ်ရာများကို စတင်ကုသပေးကြတော့သည်။
သေဘေးမှ သီသီလေး လွတ်မြောက်လာသော သားအမိနှစ်ဦးမှာမူ မြေပြင်ပေါ်တွင် ထိုင်ကာ မရပ်မနား ငိုကြွေးနေကြပြီး ဘေးနားရှိ လူများကလည်း သူတို့ကို အမြဲမပြတ် နှစ်သိမ့်ပေးနေကြသည်။
အခြေအနေကို နောက်ဆုံး၌ ပြောင်းလဲပေးနိုင်ခဲ့သော အဘိုးအိုသူတောင်းစားမှာမူ ရှေ့သို့ မသွားခဲ့ပေ။ သူသည် လူအုပ်နှင့် ဝေးရာနေရာတစ်ခု၌ ထိုင်နေလေသည်။
ပင်လယ်ကျွန်းမှာမူ ပရမ်းပတာ ဖြစ်နေချေပြီ။ ပင်လယ်မုန်တိုင်းမှာ ဖြတ်သန်းသွားပြီဖြစ်ရာ ကုန်းမြေမကြီးသို့ အလွန်ပြင်းထန်သော တိုင်ဖွန်းမုန်တိုင်းတစ်ခုကို ယူဆောင်သွားတော့မည်မှာ ဧကန်မလွဲပင်။
သို့သော်လည်း ပင်လယ်ကျွန်းပေါ်ရှိ လူများမှာမူ အလွန်ပင် ပျော်ရွှင်နေကြသည်။ သူတို့သည် မိမိတို့၏ ပိုင်ဆိုင်မှု အားလုံးကို ယူဆောင်လာနိုင်ခဲ့ကြပြီး ထိုသားအမိနှစ်ဦးပင် အသက်ရှင်လွတ်မြောက်ခဲ့သောကြောင့် ဖြစ်သည်။
ချင်ယွမ်ဖုန်းသည် ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်ရာ ကြယ်တာရာများဖြင့် ပြည့်နှက်နေသော ကောင်းကင်ယံကို မြင်တွေ့လိုက်ရသည်။
ပင်လယ်မုန်တိုင်း ဖြတ်သန်းသွားပြီးနောက် ကောင်းကင်ယံမှာ ဆေးကြောထားသည့်အလား သန့်စင်နေပြီး ကောင်းကင်ယံ၌ ထွန်းလင်းနေသော လမင်းကြီးမှာလည်း ကြည်လင်ပြတ်သားစွာ ရှိနေချေပြီ။
"ငါ ဘယ်ရောက်နေတာလဲ..."
ချင်ယွမ်ဖုန်းသည် ထိုင်လိုက်ရာ ထိုလှုပ်ရှားမှုကြောင့် ဒဏ်ရာများမှ နာကျင်မှုကို ခံစားလိုက်ရသဖြင့် မျက်နှာပျက်သွားရသည်။
မိမိ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ပတ်တီးများ အထပ်ထပ် စည်းနှောင်ထားသည်ကို သူ တွေ့လိုက်ရ၏။
"ငါ အသက်ရှင်သေးတာပဲ"
ချင်ယွမ်ဖုန်းသည် စောစောက ဖြစ်ပျက်ခဲ့သမျှကို ပြန်လည်စဉ်းစားကြည့်ရာ နောက်ဆုံးအချိန်၌ အားအင်တစ်ခုက အနန္တပုံရိပ်ကို ဆွဲယူထားသဖြင့် ပင်လယ်မုန်တိုင်း၏ လွင့်စင်ခြင်းမှ လွတ်မြောက်ခဲ့ရသည်ကိုသာ မှတ်မိတော့သည်။
မိန်းကလေးငယ်လေးတစ်ဦးမှာ ပြေးလာပြီး ချင်ယွမ်ဖုန်းကို ကြည့်ကာ မျက်တောင်တဖျတ်ဖျတ် ခတ်လျက် "အကိုကြီး... ကျေးဇူးတင်ပါတယ်" ဟု ပြောလိုက်သည်။
ချင်ယွမ်ဖုန်းလည်း သူမကို မှတ်မိလိုက်၏။ ဤမိန်းကလေးငယ်လေးမှာ အစီအရင်အပြင်ဘက်၌ ကျန်ခဲ့သော သားအမိနှစ်ဦးထဲမှ သမီးဖြစ်သူပင်။
ချင်ယွမ်ဖုန်း နိုးလာသည်ကို မြင်သောအခါ သူမသည် ကျေးဇူးတင်စကား ပြောရန် အမြန်ပြေးလာခဲ့ခြင်း ဖြစ်သည်။
ထိုနည်းတူစွာပင် မိခင်ဖြစ်သူသည်လည်း ချင်ယွမ်ဖုန်း နိုးလာသည်ကို မြင်သောအခါ အမြန်ပြေးလာပြီး သမီးဖြစ်သူကို ဆွဲကာ ချင်ယွမ်ဖုန်းရှေ့တွင် ဒူးထောက်လိုက်လေသည်။
"ကျေးဇူးရှင်ကြီး... ကျေးဇူးတင်ပါတယ်ရှင်။ မဟုတ်ရင် ဒီနေ့ ကျွန်မတို့ သားအမိနှစ်ယောက် အသက်ရှင်မှာ မဟုတ်တော့ဘူး..."
သားအမိနှစ်ဦးသည် မြေပြင်ပေါ်၌ ဒူးထောက်ကာ ချင်ယွမ်ဖုန်းအား အဆက်မပြတ် ဦးချနေကြတော့သည်။
ချင်ယွမ်ဖုန်းသည် သူတို့နှစ်ဦးလုံးကို အမြန်ထူမပေးလိုက်ပြီး "အစ်မကြီး... ဒီလို မလုပ်ပါနဲ့။ မဟုတ်ရင် ကျွန်တော် အခုပဲကျွန်းက ထွက်သွားမှာနော်" ဟု ပြောလိုက်သည်။
ချင်ယွမ်ဖုန်း၏ စကားကို ကြားသောအခါမှ အမျိုးသမီးသည် ခေါင်းညိတ်ပြပြီး "ကျေးဇူးရှင်ကြီး... ကျေးဇူးပြုပြီး ကျန်နေပေးပါဦးရှင်။ ဒီဘေးဒုက္ခကြီးကနေ လွတ်မြောက်ပြီးတဲ့နောက်မှာ ကျွန်မတို့ ကျွန်းပေါ်က လူတွေအားလုံး ပျော်ပွဲရွှင်ပွဲ လုပ်ကြမှာမို့လို့ပါ" ဟု ဆိုသည်။
ထိုစဉ် ချင်ယွမ်ဖုန်းသည် အဝေးသို့ လှမ်းကြည့်လိုက်သည်။ ဝိညာဉ်ကျွန်းပေါ်ရှိ လူအားလုံးမှာ ကျွန်း၏ ဗဟို၌ မီးပုံကြီးတစ်ခုကို ထွန်းညှိထားကြပြီး ပင်လယ်ငါး အမြောက်အမြားကိုလည်း ကင်နေကြချေပြီ။
ကျွန်းသားများသည် မီးပုံဘေး၌ ကခုန်နေကြပြီး အလွန်ပင် ပျော်ရွှင်နေကြသည်။
ချင်ယွမ်ဖုန်း အနီးသို့ လာသည်ကို မြင်သောအခါ လူတိုင်းသည် သူ၏အတွက် နေရာတစ်ခုကို ဖယ်ပေးကြပြီး ချင်ယွမ်ဖုန်းကို ထိုင်ခိုင်းကာ ငါးကင်တစ်ပန်းကန်ကိုလည်း လာရောက်ပေးကမ်းကြတော့သည်။