← Chapters

အခန်း (၃၈၇-၃၈၈)

Vol. 20 Ch. 387-388

အခန်း (၃၈၇-၃၈၈)

Vol. 20 Ch. 387-388

အခန်း (၃၈၇) နောက်ယောင်ခံလိုက်ခြင်း

ထိုပင်လယ်ကျွန်းပေါ်ရှိ လူအပေါင်းတို့သည် ချင်ယွမ်ဖုန်းအား ကြည်ညိုလေးစားသော မျက်လုံးများဖြင့် ဝိုင်းရံကြည့်ရှုနေကြကုန်၏။

ချင်ယွမ်ဖုန်းသည် သူ၏စွမ်းဆောင်ချက်များဖြင့် ဤကျွန်းပေါ်ရှိ လူတိုင်း၏ လေးစားမှုကို ရရှိခဲ့ခြင်းဖြစ်ပေသည်။ လူအများအပြားသည်လည်း ချင်ယွမ်ဖုန်းနှင့် စကားပြောဆိုခွင့်ရခြင်းကိုပင် ဂုဏ်ယူစရာကိစ္စတစ်ခုကဲ့သို့ မှတ်ယူကာ ရှေ့သို့တိုး၍ စကားလာရောက်ပြောဆိုကြလေသည်။

ချင်ယွမ်ဖုန်းသည်လည်း အလွန်အမင်း မောပန်းနွမ်းနယ်နေပြီဖြစ်ရာ အားနာခြင်းမရှိဘဲ ငါးကင်ကိုသာ မြိန်ယှက်စွာ စားသုံးနေတော့၏။

ပင်လယ်ငါး၏ ထူးခြားသော အရသာကြောင့် ယင်းငါးအချို့ကို မိမိနှင့်အတူ ပြန်လည်ယူဆောင်သွားရန်ပင် သူ စဉ်းစားမိသေးသည်။

ချင်ယွမ်ဖုန်း သတိလစ်နေစဉ်အတွင်း၌ သူသည် ယုံကြည်မှုတန်ဖိုး အမြောက်အမြားကိုလည်း ရရှိခဲ့ပေရာ ဝိညာဉ်ကျွန်းပေါ်ရှိ လူပေါင်းတစ်သောင်းကျော်က ပေးအပ်သော ယုံကြည်မှုတန်ဖိုး စုစုပေါင်းမှာ ခြောက်သိန်းမှ ခုနစ်သိန်းဝန်းကျင်ခန့် ရှိနေလေသည်။

ယင်းက ချင်ယွမ်ဖုန်းအား မိမိ၏ ကြိုးစားအားထုတ်မှုများ အလဟဿမဖြစ်ခဲ့ဟု ခံစားရစေသည်။ သူသည် သားအမိနှစ်ဦးကို ကယ်တင်နိုင်ခဲ့ရုံသာမက ယုံကြည်မှုတန်ဖိုးများစွာကိုလည်း ရရှိခဲ့သဖြင့် အမြတ်ထွက်သည့် ကိစ္စဟုပင် ဆိုရပေမည်။

ဝရဇိန်ခန္ဓာပညာရပ်ကို ကျင့်ကြံထားသူဖြစ်သဖြင့် ချင်ယွမ်ဖုန်း၏ ဒဏ်ရာများမှာ အပေါ်ယံမျှသာဖြစ်ပြီး သူ၏ အစွမ်းထက်သော ပြန်လည်ကုစားနိုင်စွမ်းကြောင့် ဒဏ်ရာများမှာ ပျောက်ကင်းလုနီးပါး ဖြစ်နေပြီဖြစ်သည်။

ငါးကင်အချို့ စားသုံးပြီးနောက်တွင် သူ၏အင်အားများ ပြန်လည်ပြည့်ဝလာပြီး ပြန်လည်ကုစားနိုင်စွမ်းကိုလည်း ပိုမိုကောင်းမွန်လာစေသည်။

"ဒါနဲ့ နေပါဦး... နောက်ဆုံးအချိန်တုန်းက ငါတို့ကို တစ်ယောက်ယောက်က ဆွဲခေါ်ခဲ့တာကို ငါမှတ်မိနေတယ်။ အဲဒါ ဘယ်သူလဲ" ဟု ချင်ယွမ်ဖုန်းက ရုတ်တရက် မေးမြန်းလိုက်သည်။

အနီးနားရှိ လူများသည် ချင်ယွမ်ဖုန်း၏ စကားကို ကြားသောအခါ လူအုပ်နှင့် ဝေးကွာသော တစ်နေရာတွင် တစ်ဦးတည်း ထိုင်နေသည့် အဘိုးအိုသူတောင်းစားထံသို့ လှည့်ကြည့်လိုက်ကြလေသည်။

"သူလား" ချင်ယွမ်ဖုန်း၏ မျက်လုံးများမှာ ရုတ်တရက် ပြူးကျယ်သွားရသည်။ သူကိုယ်တိုင်ပင် ထိုအဘိုးအိုသူတောင်းစားကို သာမန်လူတစ်ဦးဟုသာ ထင်မှတ်ခဲ့ခြင်းဖြစ်သည်။

"ဟုတ်တယ်။ ဒီအဘိုးအိုသူတောင်းစားက တကယ့်ကို လျှို့ဝှက် ဆရာသခင် တစ်ယောက်ဖြစ်လိမ့်မယ်လို့ ကျွန်တော်တို့ တစ်ခါမှ မတွေးမိခဲ့ဘူးဗျာ" ဟု အနီးရှိလူက စိတ်လှုပ်ရှားစွာ ပြောဆိုသည်။

ချင်ယွမ်ဖုန်းသည် ခေါင်းညိတ်ပြကာ မိမိ၏ ငါးကင်ကို ကိုင်လျက် မတ်တတ်ရပ်လိုက်ပြီး အဘိုးအိုသူတောင်းစားထံသို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားလေသည်။

အဘိုးအိုသူတောင်းစားသည် အခြားသူများနှင့် ရောနှောထိုင်လိုဟန် မရှိပေ။ သူသည် လူအုပ်နှင့် ဝေးရာတွင်သာ နေထိုင်ပြီး သူ၏ရှေ့၌ ကျွန်းသူကျွန်းသားများ လာရောက်ချထားပေးသော ငါးကင်နှင့် အရက်အိုးများ ရှိနေသည်။

"စီနီယာ... ကျွန်တော် ဒီမှာ ထိုင်လို့ရမလား" ဟု ချင်ယွမ်ဖုန်းက အနားသို့ ချဉ်းကပ်၍ မေးလိုက်သည်။

အဘိုးအိုသူတောင်းစားသည် ချင်ယွမ်ဖုန်းကို တစ်ချက်ကြည့်ကာ လက်ထဲရှိ ငါးကင်ကို ကိုက်စားရင်း ခေါင်းညိတ်ပြလိုက်ပြီး "ကောင်လေး.. ငါ ဒီလောက် အသက်ကြီးတဲ့အထိ နေလာတာ လို အသက်ကို ဖက်နဲ့ထုပ်ပြီး မိုက်ရူးရဲဆန်တဲ့သူမျိုး တစ်ခါမှ မတွေ့ဖူးသေးဘူး" ဟု ဆိုလေသည်

"ဟဲဟဲ" ချင်ယွမ်ဖုန်းက သူ၏ဦးခေါင်းကို ကုတ်လျက် "တကယ်တော့ ကျွန်တော် အများကြီး မစဉ်းစားမိဘဲ စိတ်လိုက်မာန်ပါ လုပ်မိသွားတာပါ" ဟု ပြန်လည်ပြောဆိုသည်။

အဘိုးအိုသူတောင်းစားက ချင်ယွမ်ဖုန်းကို ကြည့်၍ ခေါင်းညိတ်ကာ "မင်းရဲ့ ပြန်လည်ကုစားနိုင်စွမ်းက တကယ့်ကို အံ့မခန်းပဲ။ ဒဏ်ရာတွေက ပျောက်ကင်းနေပြီပဲ" ဟု ဆိုသည်။

ချင်ယွမ်ဖုန်းမှာ လန့်ဖျပ်သွားရပေသည်။ သူသည် ပတ်တီးအထပ်ထပ် စည်းနှောင်ထားသော်လည်း အဘိုးအိုသူတောင်းစားက တစ်ချက်ကြည့်ရုံဖြင့် အကဲခတ်မိနေခြင်း ဖြစ်သည်။ "စီနီယာက တကယ်ကို ပညာရှိအဘိုးအိုပဲ။ ဒါပေမဲ့ ကျွန်တော် မနားလည်တာက စီနီယာက ဒီလောက် မြင့်မားတဲ့ အဆင့်အတန်းမှာ ရှိနေပါလျက်နဲ့ ဘာလို့ သူတောင်းစားတစ်ယောက်အဖြစ် နေထိုင်နေရတာလဲ"

အဘိုးအိုသူတောင်းစားက ပြုံးလျက် "ကောင်လေး. ဟိုမှာ ဟိုတိုးဒီတိုးနဲ့ သွားလာနေကြတဲ့ လူတွေကို ကြည့်စမ်း။ သူတို့တွေကရော နေ့စဉ်ဘဝကို ဖြတ်သန်းနေကြတာ မဟုတ်ဘူးလား။ ငါလည်းပဲ ငါ့ဘဝကို ငါဖြတ်သန်းနေတာပါပဲ။ နည်းနည်းလေး ပိုပြီး ရိုးရှင်းသွားတာပဲ ရှိတာပါ" ဟု ပြောဆိုသည်။

ချင်ယွမ်ဖုန်းသည် ထိုစကားမှာ အဓိပ္ပာယ်ရှိသည်ဟု ခံစားရသော်လည်း တစ်ခုခု လွဲချော်နေသကဲ့သို့ ခံစားနေရဆဲ ဖြစ်သည်။

"ထားပါတော့လေ... ဘာပဲဖြစ်ဖြစ် ကျွန်တော့်အသက်ကို ကယ်ပေးခဲ့တဲ့အတွက် စီနီယာကို ကျေးဇူးအများကြီး တင်ပါတယ်" ချင်ယွမ်ဖုန်းသည် အရက်တစ်ခွက် ငှဲ့လိုက်ပြီး ပြုံးလျက် ပြောဆိုသည်။

အဘိုးအိုသူတောင်းစားက ခေါင်းခါပြကာ "မင်းက မုန်တိုင်း မပြီးမချင်း အရှုံးမပေးဘဲ တောင့်ခံမနေခဲ့ရင် ငါလည်း မင်းကို သွားကယ်မှာ မဟုတ်ဘူး" ဟု ဆိုလေသည်။

ထိုနှစ်ဦးသားသည် တစ်ဦးကိုတစ်ဦး ကြည့်ကာ ပြုံးလိုက်ကြပြီး ခွက်ချင်းတိုက်၍ အရက်ကို မော့ချလိုက်ကြကုန်၏။

"ဒါနဲ့ စီနီယာ... ကျွန်တော့်မှာ မေးစရာ တစ်ခုရှိတယ်။ ဒီကနေ ဆေးဖော်စပ်သူများအသင်း မဟာမိတ်အဖွဲ့ရဲ့ ဌာနချုပ်ကို သွားမယ်ဆိုရင် ဘယ်လောက်ထိ ဝေးသေးလဲ" ဟု ချင်ယွမ်ဖုန်းက မေးလိုက်သည်။

"မင်းက အဲဒီကို သွားမှာလား" အဘိုးအိုသူတောင်းစားက ခေါင်းခါလျက် "အဝေးကြီးပဲ... ဒီကနေဆိုရင် ခရီးလမ်းက လီပေါင်း တစ်သိန်းကျော်လောက် ဝေးသေးတယ်" ဟု ဆိုသည်။

ချင်ယွမ်ဖုန်းမှာ တံတွေး တစ်ချက် မျိုချလိုက်မိပြီး "ဒီလောက်တောင် ဝေးသေးတာလား" ဟု ရေရွတ်မိသည်။

"ဟုတ်တယ်။ မင်းက ဆေးဖော်စပ်ခြင်း ပြိုင်ပွဲကြီးကို သွားပြိုင်မလို့ မဟုတ်လား။ ခရီးစတာ နောက်ကျသွားပြီ။ ဒါပေမဲ့ လုံလောက်တဲ့ အရှိန်နဲ့ သွားနိုင်မယ်ဆိုရင်တော့ အချိန်မီ ရောက်နိုင်ပါသေးတယ်" ဟု အဘိုးအိုသူတောင်းစားက အရက်တစ်ငုံ သောက်ရင်း ပြောသည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြသော်လည်း အလွန်အမင်းတော့ စိုးရိမ်မနေပေ။ အဘယ်ကြောင့်ဆိုသော် ဝိညာဉ်လင်းဓားကို အနန္တပုံရိပ်က ပြုပြင်ပေးထားပြီး သားရဲမီးလျှံကို အသုံးပြု၍ အရှိန်မြှင့်နိုင်သောကြောင့် ဖြစ်သည်။

ကီလိုမီတာ တစ်သိန်းခရီးကို သုံးလအတွင်း အရောက်သွားနိုင်မည်ဟု သူ ယုံကြည်ချက်ရှိသည်။

ထိုနှစ်ဦးသား ခဏမျှ အရက်သောက်ရင်း ထိုင်နေကြစဉ် ချင်ယွမ်ဖုန်းသည် သူ၏ သိုလှောင်အိတ်ထဲမှ ကြက်အချို့ကို ထုတ်ယူကာ ထိုနေရာ၌ပင် မီးဖိုလိုက်လေသည်။

"အရက်သောက်တဲ့အခါ ကြက်သားနဲ့မှ တကယ့်ကို အရသာရှိတာ" ဟု ချင်ယွမ်ဖုန်းက ပြုံးလျက် ဆိုသည်။

အဘိုးအိုသူတောင်းစား၏ မျက်လုံးများမှာ အရောင်တောက်သွားရသည်။ ဤကျွန်းသို့ ရောက်ကတည်းက သူသည် နေ့စဉ် ငါးသာ စားနေရပြီး အခြားအသားကို အလွန်နည်းပါးစွာ စားခဲ့ရသဖြင့် စိတ်ဝင်စားသွားခြင်း ဖြစ်ပေသည်။

ချင်ယွမ်ဖုန်းသည် သူ၏ ထူးကဲသော ကြက်ကင်အတတ်ပညာကို ထုတ်ဖော်လိုက်ရာ အဘိုးအိုသူတောင်းစားမှာ သွားရည်ကျလာရတော့သည်။

မကြာမီတွင် ကြက်ကင်များမှာ ရွှေအိုရောင်သန်းကာ ဆီများ တစိမ့်စိမ့်ထွက်လာပြီး အလွန်ပင် စားချင်စဖွယ် ဖြစ်လာလေသည်။

သူတို့နှစ်ဦးမှာ အရက်သောက်လိုက်၊ အသားစားလိုက်နှင့် အလွန်ပင် ပျော်ရွှင်နေကြကုန်၏။ အားပါးတရ စားသောက်ပြီးနောက် အဘိုးအိုသူတောင်းစားသည် ကျေနပ်စွာဖြင့် နောက်သို့ မှီထိုင်လိုက်ပြီး သူ၏လက်ချောင်းဖြင့် အရက်အိုးကို အသာအယာ တောက်လိုက်ရင်း ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။

"မင်းနောက်မှာ တစ်ယောက်ယောက် လိုက်လာသေးတာလား" ဟု အဘိုးအိုသူတောင်းစားက ရုတ်တရက် မေးလိုက်သည်။

ချင်ယွမ်ဖုန်းလည်း မျက်မှောင်ကြုတ်သွားကာ "ကျွန်တော့်နောက်မှာလား... မြေပြင်တိုက်ကြီးကနေ ဒီအထိလာတာ ကျွန်တော့်နောက်မှာ ဘယ်သူမှ ရှိနေတာကို သတိမထားမိပါဘူး" ဟု ပြန်ပြောသည်။

"သူတို့က မင်းနောက်ကို လိုက်လာတာ မဟုတ်ဘူးလား... ဒီပင်လယ်မုန်တိုင်းကို ဖြတ်ကျော်လာနိုင်တယ်ဆိုရင်တော့ သူတို့က သာမန်လူတွေတော့ မဟုတ်လောက်ဘူး" ဟု အဘိုးအိုသူတောင်းစားက အေးဆေးစွာ ပြောဆိုသည်။

ချင်ယွမ်ဖုန်း တွေးတောမိသည်မှာ အဘိုးအိုသူတောင်းစား၏ စကားအရ ကျွန်းပေါ်သို့ တစ်စုံတစ်ယောက် ရောက်ရှိလာပြီ ဖြစ်ပုံရသည်။

သူသည် နေ့ခင်းကမှ ရောက်ရှိလာခြင်းဖြစ်ပြီး ယခုအချိန်တွင် ထိုသူများကလည်း တစ်လမ်းတည်းမှ ရောက်ရှိလာခြင်းဖြစ်ရာ သူ၏နောက်သို့ လိုက်လာခြင်းမဟုတ်ဟု ငြင်းပယ်ရန် ခက်ခဲလှပေသည်။

"တကယ်ပဲ တစ်ယောက်ယောက်က ကျွန်တော့်နောက်ကို လိုက်နေတာလား"

"ဟားဟား... သူတို့က မိတ်ဆွေတွေ မဟုတ်တာတော့ သေချာတယ်။ ရန်လိုတဲ့ အရှိန်အဝါတွေနဲ့ လာနေကြတာ" အဘိုးအိုသူတောင်းစားက ရယ်မောလျက် ဆိုသည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြပြီး "စီနီယာ... အဲဒီလူတွေက ကျွန်းပေါ်က လူတွေကို အန္တရာယ်ပြုကြမလား" ဟု မေးသည်။

"မင်းက ဘယ်လိုထင်လဲ... ငါ့ကို တကယ်ပဲ အိုကြီးအိုမ အသုံးမကျတဲ့သူလို့ ထင်နေတာလား" ဟု အဘိုးအိုသူတောင်းစားက ပြုံးလျက် ဆိုလေသည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြကာ "ဒါဆိုရင်တော့ စီနီယာ... ကျွန်တော် လစ်တော့မယ်နော်" ဟု ပြောသည်။

သူသည် ထိုလူများကို ကြောက်ရွံ့နေခြင်း မဟုတ်ဘဲ သူ၏အချိန်များကို ဖြုန်းတီးပစ်မည်ကိုသာ စိုးရိမ်ခြင်း ဖြစ်ပေသည်။

ဤကျွန်းပေါ်တွင် တစ်ရက်မျှ အချိန်ကုန်ဆုံးသွားပြီဖြစ်ရာ ထပ်မံ၍ မနေလိုတော့ပေ။

"သွားတော့ ကောင်လေး ငါ မင်းကို သဘောကျတယ်" ဟု အဘိုးအိုသူတောင်းစားက ချီးကျူးစကား ဆိုသည်။

"ကျေးဇူးတင်ပါတယ် စီနီယာ" ချင်ယွမ်ဖုန်းသည် ပြုံးပြလိုက်ပြီး မည်သူမှ သတိမထားမိခင်မှာပင် ပင်လယ်ပြင်သို့ တစ်ဦးတည်း ထွက်ခွာခဲ့လေသည်။

အခြားအကြောင်းပြချက်တစ်ခုမှာ ချင်ယွမ်ဖုန်းသည် ခွဲခွာရခြင်း၏ ဝမ်းနည်းဖွယ် ခံစားချက်များကို မခံစားနိုင်သဖြင့် တိတ်တဆိတ် ထွက်ခွာသွားခြင်းက အကောင်းဆုံးရွေးချယ်မှု ဖြစ်သည်။

လမ်းလျှောက်နေစဉ်အတွင်း ချင်ယွမ်ဖုန်းသည် သူ၏ကိုယ်ပေါ်ရှိ ပတ်တီးများကို ဆွဲခွာလိုက်ရာ အသစ်ပြန်လည် ပျောက်ကင်းစပြုနေသော နီမြန်းမြန်း အသားနုလေးများကို မြင်တွေ့ရလေသည်။

ပင်လယ်ကမ်းစပ်သို့ ရောက်သောအခါ ချင်ယွမ်ဖုန်းသည် ဝိညာဉ်လင်းဓားကို ပင်လယ်ထဲသို့ တိုက်ရိုက်ချလိုက်ပြီး ဦးတည်ချက်ကို သတ်မှတ်ကာ မတ်တတ်ရပ်လိုက်သည်။

ဓားမြှီး နောက်ပိုင်းမှ မီးလျှံများ ပေါက်ကွဲထွက်လာပြီး အရှိန်အဟုန်ပြင်းစွာဖြင့် ရှေ့သို့ ပြေးထွက်သွားတော့၏။

အဘိုးအိုသူတောင်းစားမှာ ခေါင်းကို ခါယမ်းရင်း အရက်အိုးကို တစ်ဖက်မှ ကိုင်ကာ ယိမ်းထိုးလျက် မတ်တတ်ရပ်လိုက်ပြီး "မင်းရဲ့ ကြက်သားကို ငါ အလကားတော့ မစားနိုင်ပါဘူး... ငါ သွားပြီးတော့ အဲဒီလူတွေကို တားပေးလိုက်ပါ့မယ်" ဟု ရေရွတ်လိုက်လေသည်။

ထိုအချိန်တွင် ဝတ်ရုံနက်ဝတ်ဆင်ထားသော လူတစ်ဒါဇင်ခန့်သည် ကျွန်းပေါ်သို့ ရောက်ရှိလာကြသည်။ သူတို့အားလုံးမှာ ရေစိုရွှဲနေကြပြီး ပင်လယ်မုန်တိုင်းကို ခက်ခဲစွာ ဖြတ်ကျော်လာခဲ့ကြပုံရသည်။

"ဒီကျွန်းပေါ်မှာပဲ... အမှားမရှိဘူး" ဟု ဝတ်ရုံနက်ဝတ်ဆင်ထားသူ တစ်ဦးက ပြောလိုက်သည်။

ကျန်ရှိသူများက ခေါင်းညိတ်ပြကာ ဝိညာဉ်ကျွန်း၏ အလယ်ဗဟိုသို့ လျှောက်လှမ်းသွားကြကုန်၏။ ဝိညာဉ်ကျွန်းသည် ပင်လယ်မုန်တိုင်းဒဏ်ကို ခုလေးတင် ခံစားထားရသဖြင့် မြေပြင်မှာ တစ်စုံတစ်ရာ မကျန်ရှိတော့ဘဲ ပြောင်သလင်းခါနေပြီး ကျွန်း၏ အလယ်ဗဟိုမှ ထွက်ပေါ်လာသော မီးရောင်ကိုသာ မြင်တွေ့နေရလေတော့သည်။

အခန်း (၃၈၈) ပင်လယ်ပြင်ထက်မှ မျောပါလာသူများ

ဝတ်ရုံနက်ဝတ်ဆင်ထားသည့် လူတစ်စုသည် ကျွန်း၏ အလယ်ဗဟိုဆီသို့ ဦးတည်လျှောက်လှမ်းနေကြသော်လည်း ခြေလှမ်းအနည်းငယ်မျှသာ လှမ်းရသေးချိန်တွင် တစ်ဦးက ရုတ်တရက် ရပ်တန့်လိုက်လေသည်။

“မဟုတ်သေးဘူး၊ သူ ထွက်သွားပြီ” ဟု ဝတ်ရုံနက်နှင့်လူက အနည်းငယ် အံ့အားသင့်စွာဖြင့် ဆို၏။

ကျန်ရှိသူများကလည်း မျက်မှောင်ကြုတ်သွားကြကာ “ငါတို့ကို ရိပ်မိသွားတာလား” ဟု မေးမြန်းကြသည်။

“ဒါမဖြစ်နိုင်တာ။ ငါတို့က သူနဲ့ အဝေးကြီးမှာ ရှိနေတာလေ၊ အခုမှပဲ အမှီလိုက်နိုင်တာကို။ သူက ဘယ်လိုလုပ်ပြီး ငါတို့ကို သတိထားမိမှာလဲ”

“ဒါ တကယ် ထူးဆန်းတာပဲ။ ဘာလို့ ဒီလောက် တိုက်ဆိုင်နေရတာလဲ။ ငါတို့ ရောက်လာမှပဲ သူက ထွက်သွားရတယ်လို့” ဟု အခြား ဝတ်ရုံနက်နှင့်လူတစ်ဦးက မကျေမနပ် ပြောဆိုလေသည်။

“ကဲပါ... ညည်းညူမနေကြနဲ့တော့။ တကယ်လို့သာ ငါတို့ အဲဒီအရာကို ရှာတွေ့ခဲ့မယ်ဆိုရင် အခုလို ပင်ပန်းရကျိုး နပ်သွားမှာပါ” ဟု ဝတ်ရုံနက်ဝတ်ဆင်ထားသူများထဲမှ တစ်ဦးက ရှေ့သို့တက်၍ ဆိုလိုက်သည်။

၎င်းတို့သည် ကျွန်း၏ အလယ်ဗဟိုသို့ သွားမည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီး ပင်လယ်ပြင်ဘက်သို့ တိုက်ရိုက် လှည့်ပြန်သွားကြလေတော့သည်။

ထိုအချိန်တွင် အဘိုးအိုသူတောင်းစားသည် လူအုပ်ကြားထဲသို့ ယိုင်တိုင်တိုင်ဖြင့် လျှောက်လာရာ လူတိုင်းက သူ့ကို အံ့ဩတကြီး ကြည့်နေကြသည်။

“စီနီယာ... ဟိုလူငယ်လေးကော ဘယ်မှာလဲ” ချင်ယွမ်ဖုန်း၏ အရိပ်အယောင်မျှပင် မတွေ့ရတော့သဖြင့် သူတို့က မေးမြန်းကြခြင်းဖြစ်သည်။

“သူ ထွက်သွားပြီ” ဟု အဘိုးအိုသူတောင်းစားက လက်ယမ်းပြရင်း ပြောလိုက်သည်။

“ထွက်သွားပြီ ဟုတ်လား” လူတိုင်းမှာ အလွန်အမင်း အံ့အားသင့်သွားကြပြီး “ဘာဖြစ်လို့ နှုတ်တောင် မဆက်ဘဲ သွားရတာလဲ” ဟု မေးကြပြန်သည်။

“မင်းတို့က သိပ်ပြီး ဖော်ဖော်ရွေရွေ ရှိလွန်းနေလို့ သူက ကြောက်ပြီး ထွက်ပြေးသွားတာပါ” ဟု အဘိုးအိုသူတောင်းစားက ပြုံးလျက် ဆို၏။

“စိတ်မပူကြပါနဲ့၊ သူ ငါတို့ကို ပြန်လာတွေ့မယ်လို့ ပြောသွားပါတယ်”

လူတိုင်းကလည်း ပြုံးရွှင်သွားကြပြီး မိမိတို့၏ စိတ်အစဉ်ထဲ၌ ချင်ယွမ်ဖုန်းကို တိတ်တဆိတ် နှုတ်ဆက်လိုက်ကြလေသည်။

ဝတ်ရုံနက်ဝတ်ဆင်ထားသူ အများအပြားမှာ အလယ်အလတ်အဆင့်ရှိသော ဝိညာဉ်လင်းဓားပေါ်တွင် ရပ်လျက် ချင်ယွမ်ဖုန်း၏ နောက်သို့ လိုက်လံ လိုက်ပါလာကြသည်။

၎င်းတို့သည် ကျွန်းကို တစ်ပတ်ဝက်ခန့် ပတ်မိသွားပြီးနောက် ယခုအခါ ကျွန်းနှင့် ဝေးရာသို့ စတင် ထွက်ခွာလာကြပြီ ဖြစ်သည်။

“ဒီလောက်တောင် အလောတကြီး သွားနေရတာ... ခဏလောက် ထိုင်ပြီး နားသွားပါဦးလား”

ဝတ်ရုံနက်ဝတ်ဆင်ထားသူများ၏ နောက်ကွယ်မှ အသံတစ်သံသည် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဟိန်းထွက်လာလေသည်။

ဝတ်ရုံနက်နှင့်လူများမှာ အလျင်အမြန်ပင် နောက်သို့ လှည့်ကြည့်လိုက်ကြ၏။ မည်သည့်အချိန်ကတည်းက ရောက်နေသည်မသိသော မူးယစ်နေသည့် ပုံစံရှိသည့် အဘိုးအိုတစ်ဦးမှာ သူတို့၏ ဝိညာဉ်လင်းဓားပေါ်သို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။

“အဘိုးကြီး... တော်ကြာ ကိုယ့်အလုပ်မဟုတ်တာ ဝင်မရှုပ်တာ ကောင်းမယ်နော်” ဟု ဝတ်ရုံနက်နှင့်လူတစ်ဦးက ရှေ့သို့တက်ကာ အေးစက်စက် ပြောဆိုလိုက်သည်။

အဘိုးအို ၎င်းတို့၏ ဝိညာဉ်လင်းဓားပေါ်သို့ တက်လာသည်ကို မည်သူမျှ သတိမထားမိခဲ့ကြသဖြင့် ထိုအဘိုးအိုသည် မိမိ၏ စွမ်းရည်အစစ်အမှန်ကို ဖုံးကွယ်ထားသော လျှို့ဝှက် ဆရာသခင် တစ်ဦး ဖြစ်နိုင်ကြောင်း သူတို့ သိရှိလိုက်ကြသည်။

အဘိုးအိုသူတောင်းစားက ဝတ်ရုံနက်နှင့်လူကို မော့ကြည့်ရင်း အကူအညီမဲ့စွာ ပြုံးလိုက်ကာ “မင်းတို့က တကယ်ပဲ... ဘာတွေများ လုပ်နေကြတာလဲ။ ဘာဖြစ်လို့ လူမြင်ခံရမှာကို ဒီလောက်တောင် ကြောက်နေရတာလဲ” ဟု မေးလိုက်သည်။

“မင်းကတော့...” ဝတ်ရုံနက်နှင့်လူတစ်ဦးမှာ လက်ကို မြှောက်လိုက်ပြီး အဘိုးအိုသူတောင်းစားကို တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။

သို့သော် ခေါင်းဆောင်ဖြစ်သူ ဝတ်ရုံနက်နှင့်လူက သူ့ကို တားဆီးလိုက်၏။

“စီနီယာ... ကျွန်တော်တို့က ကျွန်တော်တို့အလုပ်ကို လုပ်နေတာပါ။ စီနီယာက ဘာဖြစ်လို့ ကျွန်တော်တို့ကို လာရှာနေရတာလဲ”

“ဘာမှ ထွေထွေထူးထူး မရှိပါဘူး။ ငါက သူဆီက နှင်းကြက် နှစ်ကောင် စားထားမိလို့ အဲဒါလေး ပြန်ပေးဆပ်ရမယ် မဟုတ်လား” ဟု အဘိုးအိုသူတောင်းစားက ပြုံးလျက် ဆိုသည်။

ဝတ်ရုံနက်နှင့်လူများမှာ အဘိုးအို ဘာကို ဆိုလိုနေသည်ကို မသိသဖြင့် သံသယများဖြင့် ပြည့်နှက်သွားကြသည်။

“ဆရာကြီး... ကျွန်တော် ထင်တာတော့ ဒီအဘိုးကြီးက သက်သက် လာပြဿနာရှာနေတာပဲ” ဟု အခြား ဝတ်ရုံနက်နှင့်လူတစ်ဦးက ဒေါသတကြီး ပြောလိုက်၏။

“ကျေးဇူးပြုပြီး စီနီယာ ဒီကနေ ထွက်သွားပေးပါ။ ဒါမှမဟုတ်ရင်တော့ ကျွန်တော်တို့ ယဉ်ကျေးပျူငှာနေမှာ မဟုတ်ဘူးလို့ အပြစ်မတင်ပါနဲ့...”

သူ စကားပင် မဆုံးသေးမီမှာပင် အဘိုးအိုသူတောင်းစားက ရုတ်တရက် လှုပ်ရှားလိုက်လေသည်။ သူသည် ဝတ်ရုံနက်နှင့်လူတစ်ဦးကို ဖမ်းဆွဲလိုက်ရာ သူ၏ လှုပ်ရှားမှုမှာ တစ္ဆေတစ်ကောင်ကဲ့သို့ လျင်မြန်လွန်းလှသဖြင့် ဝတ်ရုံနက်နှင့်လူများထဲမှ တစ်ဦးမျှပင် တုံ့ပြန်နိုင်စွမ်း မရှိကြချေ။

“ကြည့်ရတာ... မင်းတို့က လူသားတွေ မဟုတ်ကြဘူးပဲ” အဘိုးအိုသူတောင်းစားက အေးစက်စွာ ရယ်မောလိုက်ပြီး ဝတ်ရုံနက်နှင့်လူ၏ ခေါင်းစွပ်ကို တိုက်ရိုက် ဆွဲချွတ်လိုက်လေတော့သည်။

မှောင်မည်းနေသော ညဉ့်နက်သန်းခေါင်ယံတွင် တည်ငြိမ်လှသော အဘိုးအိုသူတောင်းစားပင်လျှင် မြင်တွေ့လိုက်ရသည့် အရာကြောင့် အသက်ပင် မှားသွားရလေသည်။

ချင်ယွမ်ဖုန်းသည် ကျွန်းကို အဝေးတွင် ထားခဲ့ကာ ထွက်ခွာလာခဲ့သည်။ မျက်နှာကို လာရောက်ထိမှန်နေသော စိုစွတ်သည့် ပင်လယ်လေပြေကြောင့် သူ၏ မူးယစ်မှုမှာ အနည်းငယ် ပြယ်လွင့်သွားရသည်။

ဤနေရာမှ တောင်ဘက်သို့ ကီလိုမီတာ တစ်သိန်းခရီးမှာ ချင်ယွမ်ဖုန်း၏ ဝိညာဉ်လင်းဓား အရှိန်ကို နှစ်ဆမြှင့်ထားလျှင်ပင် ရက်ပေါင်း ငါးဆယ်ကျော် ကြာမြင့်ဦးမည် ဖြစ်သည်။

နားခိုရန် အချိန်၊ မမျှော်လင့်ထားသည့် အဖြစ်အပျက်များ စသည်တို့ကို ထည့်တွက်မည်ဆိုပါက ထို့ထက် ပိုမို ကြာမြင့်နိုင်သဖြင့် ချင်ယွမ်ဖုန်းမှာ အချိန်ကို ထပ်မံ မဖြုန်းတီးလိုတော့ပေ။

ဝိညာဉ်လင်းဓား၏ နောက်ပိုင်းမှ ထွက်ပေါ်နေသော မီးလျှံများသည် မှောင်မည်းနေသော ညဉ့်နက်တွင် သိသိသာသာ ထင်ရှားနေသည်။ ချင်ယွမ်ဖုန်းသည် လှေပေါ်တွင် မတ်တတ်ရပ်ကာ သူ၏ ခြေဖဝါးအောက်မှ တွန်းကန်အားရရှိစေရန် သားရဲမီးလျှံကို အဆက်မပြတ် အသုံးပြုနေလေသည်။

“ဘယ်သူက ငါ့နောက်ကို လိုက်နေတာပါလိမ့်” ချင်ယွမ်ဖုန်းမှာ အဘိုးအိုသူတောင်းစား၏ စကားကို ပြန်လည် စဉ်းစားရင်း မျက်မှောင်ကြုတ်မိသွားသည်။

တစ်လမ်းလုံးတွင် တုန်ယွမ် တစ်ယောက်သာ သူ့နောက်သို့ လိုက်ခဲ့ပြီး ၎င်းကိုလည်း သူကိုယ်တိုင် သတ်ဖြတ်ခဲ့ပြီးပြီ ဖြစ်သည်။ ထိုနောက်ပိုင်းတွင် အခြားသူ မည်သူ့ကိုမျှ သူ မတွေ့ရှိခဲ့ရပေ။

သို့သော် အဘိုးအိုသူတောင်းစားမှာ သူ့ကို သက်သက် လိမ်ညာပြောဆိုနေမည့်သူမျိုး မဟုတ်ရာ ချင်ယွမ်ဖုန်းမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်နေရသည်။

ထိုအချိန်တွင် ချင်ယွမ်ဖုန်းသည် အရှေ့ဘက်တွင် တစ်စုံတစ်ခု မျောပါနေသည်ကို ရုတ်တရက် တွေ့လိုက်ရသဖြင့် သေဆုံးနေသော ရေနေမှော်သားရဲ တစ်ကောင် ရေပေါ်ပေါ်လာသည်ဟု ထင်မှတ်လိုက်မိသည်။

သို့သော် အနီးကပ် ကြည့်လိုက်သောအခါ ချင်ယွမ်ဖုန်း၏ မျက်လုံးများမှာ ပြူးကျယ်သွားရလေသည်။

ပင်လယ်ရေပြင်ပေါ်တွင် ပေါ်နေသောအရာမှာ တကယ်တမ်းတွင် လူတစ်ယောက် ဖြစ်နေသောကြောင့်ပင်။

ထိုသူ့ထံမှ သွေးများသည် အဆက်မပြတ် စီးထွက်နေဆဲဖြစ်ကာ သူမ၏ နောက်ကွယ်တွင် မြေပြင်ပေါ်၌ ပြန့်ကျဲနေသော အနီရောင် ပန်းပွင့်များကဲ့သို့ ရှည်လျားစွာ တန်းနေလေသည်။

ပင်လယ်ထဲတွင် သွေးထွက်ကာ ရေထဲသို့ ကျသွားခြင်းမှာ အလွန်တရာ အန္တရာယ်ကြီးမားလှသည်။

အကြောင်းမှာ ပင်လယ်ထဲတွင် ရေနေမှော်သားရဲ များစွာရှိပြီး ၎င်းတို့သည် သွေးနံ့ကို အလွန်အမင်း အာရုံခံနိုင်သောကြောင့် ဖြစ်သည်။ ၎င်းတို့အတွက် သွေးနံ့ရခြင်းမှာ စားစရာရှိသည်ဟု ဆိုလိုခြင်းပင်။

ထင်သည့်အတိုင်းပင် ချင်ယွမ်ဖုန်း ထိုသူ၏ နောက်ဘက်သို့ ကြည့်လိုက်ရာ ခွေးဘုရင်နှင့်တူသော ရေနေမှော်သားရဲ နှစ်ကောင်သည် သွေးကြောင်းအတိုင်း လိုက်ပါ ကူးခတ်လာသည်ကို တွေ့လိုက်ရသည်။

၎င်းတို့၏ အရှိန်မှာ လျှပ်စီးကဲ့သို့ လျင်မြန်လှပြီး ဟစိစိဖြစ်နေသော ပါးစပ်ကြီးနှစ်ခုကို ရုတ်တရက် ဟလိုက်ကြ၏။

“ပိတ်ထားစမ်း”

ချင်ယွမ်ဖုန်းသည် ထိုသူကို ရေထဲမှ ချက်ချင်း ဆွဲတင်လိုက်ပြီး တစ်ချိန်တည်းမှာပင် ကိုယ်ရံစွမ်းအင် နှစ်ခုကို ထုတ်လွှတ်ကာ နောက်ကွယ်မှ ရေနေမှော်သားရဲ နှစ်ကောင်ကို ပြင်းထန်စွာ ရိုက်နှက်လိုက်လေသည်။

ရေနေမှော်သားရဲများမှာ နာကျင်စွာ အော်ဟစ်မြည်တမ်းရင်း ရေအောက်သို့ ငုပ်လျှိုးသွားကြတော့သည်။

ချင်ယွမ်ဖုန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။ ပင်လယ်ပြင်သည် အမှန်တကယ်ပင် ဘေးအန္တရာယ်များဖြင့် ပြည့်နှက်နေပြီး နေရာအနှံ့ရှိနေသော ဤသို့သော ရေနေမှော်သားရဲများမှာပင် လူကို ခေါင်းခဲစေရန် လုံလောက်လှသည်။

ဒဏ္ဍာရီများအရ ပင်လယ်ထဲသို့ ပိုမို နက်ရှိုင်းစွာ သွားလေလေ ရေနေမှော်သားရဲများမှာ ပိုမို စွမ်းအားကြီးမားလေလေ ဖြစ်သည်ဟု ဆိုကြသော်လည်း ထိုကောလာဟလမှာ မည်သို့ စတင်ခဲ့သည်ကိုမူ ချင်ယွမ်ဖုန်း မသိရှိပေ။

သူသည် ထိုသူကို ဝိညာဉ်လင်းဓားပေါ်သို့ အမြန်တင်လိုက်ပြီး ဂရုတစိုက် စစ်ဆေးကြည့်လိုက်သည်။

ထိုသူ့ထံမှ သွေးများမှာ အဆက်မပြတ် စီးကျနေဆဲ ဖြစ်သည်ကို သူ မြင်တွေ့ရ၏။

နောက်တစ်ခဏတွင်မူ ဤသူမှာ အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း ချင်ယွမ်ဖုန်း ရုတ်တရက် သတိပြုမိသွားသည်။

ချင်ယွမ်ဖုန်းသည် မိမိ၏လက်ကို အလျင်အမြန် ပြန်ရုပ်လိုက်ကာ ပင်လယ်ထဲမှ မျောပါလာသော ထိုသူကို အံ့ဩတကြီး ကြည့်ရင်း ရင်ထဲတွင် တုန်လှုပ်သွားရသည်။

ထိုသူမှာ ပင်လယ်ထဲတွင် ကြာမြင့်စွာ မျောပါနေခဲ့ပုံရပြီး သူမ၏ ခန္ဓာကိုယ်မှာ အနည်းငယ် ဖောယောင်နေသဖြင့် ချင်ယွမ်ဖုန်းမှာ ပထမတစ်ချက် ကြည့်ရုံဖြင့် အမျိုးသမီးဖြစ်ကြောင်း မသိရှိခဲ့ခြင်း ဖြစ်သည်။

ယခု သူ အသေအချာ သိရှိရသည်မှာ ဤအမျိုးသမီးသည် အသက်ရှိနေသေးသော်လည်း သေလုမျောပါး ဖြစ်နေပြီဟူသော အချက်ပင်။

“ကဲ... စိတ်မရှိပါနဲ့။ စိတ်မရှိပါနဲ့။ ငါက မင်းကို ကယ်ဖို့အတွက် လုပ်ရတာပါ” ချင်ယွမ်ဖုန်းမှာ လက်အုပ်ချီ၍ တောင်းပန်လိုက်ပြီးနောက် စိတ်ကို တင်းကာ အမျိုးသမီး၏ အကျီကြယ်သီးများကို ဖြုတ်လိုက်လေသည်။

အဝတ်အစားများ၏ အောက်တွင်မူ သွေးချင်းချင်းနီနေသော ဒဏ်ရာတစ်ခု ရှိနေပြီး ၎င်းမှာ ချင်ယွမ်ဖုန်းကို ထိတ်လန့်သွားစေသည်။ ဒဏ်ရာမှာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသည် မဟုတ်လော။

သူမ၏ ဝမ်းဗိုက်ပေါ်တွင် ကန့်လန့်ဖြတ် ဒဏ်ရာ သုံးခုရှိနေပြီး အမျိုးသမီးကို အပိုင်းပိုင်း ပြတ်လုနီးပါး ဖြစ်စေခဲ့သည်။

သူမမှာ ပင်လယ်ရေထဲတွင် စိမ်နေခဲ့ရသဖြင့် ဒဏ်ရာပေါ်ရှိ အသားများမှာ ဖြူလျော်နေပြီ ဖြစ်သည်။

“ မင်း ဘာတွေ လုပ်ခဲ့တာလဲ။ အခု ငါ ဘာလုပ်ရမလဲ” ချင်ယွမ်ဖုန်းမှာ အနည်းငယ် ပျာယာခတ်သွားရသည်။ ပုံမှန်အားဖြင့် မိမိ၏ ဒဏ်ရာများကို ကြည့်လျှင် သူ ဘာမှမဖြစ်သော်လည်း ယခုကဲ့သို့ အခြားသူတစ်ဦး၏ ဒဏ်ရာကို မြင်တွေ့ရသောအခါတွင်မူ ချင်ယွမ်ဖုန်းမှာ တစ်မျိုးကြီး ခံစားနေရလေတော့သည်။

All Chapters