← Chapters

အခန်း (၂၇၉-၂၈၀)

Vol. 20 Ch. 279-280

အခန်း (၂၇၉-၂၈၀)

Vol. 20 Ch. 279-280

အပိုင်း(၂၇၉)

ကျင်းလုံသည် လှံက စုပ်ယူလိုက်သည့် လင်းတုန်း၏ မာဒြာ များကို ပန်းထုတ်ခြင်း ပြီးဆုံးသွားခဲ့သည်။ သို့သော် တစ်စုံတစ်ခုက သူ၏ အာရုံကို ဖမ်းစားသွားခဲ့သည်။ လင်းတုန်း သည်လည်း မြင်ရစေရန် ဘေးဘက်သို့ ယိုင်ထိုးထွက်သွားခဲ့လေသည်။

အီသန်သည် မတ်တတ်ရပ်လျက် ရှိနေသည်။ သူသည် ဝိညာဉ်အမြင်အာရုံ ဖြင့်သာ မြင်နိုင်သော အစိမ်းရောင် လေ အော်ရာ သံကြိုးများဖြင့် ခြေလှမ်းတစ်ဝက်တွင် အေးခဲ တောင့်တင်းနေလေသည်။ သာမန် မျက်စိဖြင့် ကြည့်လျှင် သူသည် ဖန်ခွက်တစ်ခုထဲတွင် ပိတ်လှောင်ခံထားရသည့်အလား ငြိမ်သက်နေလေသည်။

၎င်းသည် အုပ်ချုပ်သူ နည်းစနစ် တစ်ခုဖြစ်သည်။ စကိုင်းဆွန်း ခေါင်းဆောင် သည် သူ့ကို နေရာ၌ ပိတ်လှောင်ထားရန် လေကို ထိန်းချုပ်ထားခဲ့ခြင်း ဖြစ်လေသည်။

"ငါတို့ ဒီနေရာကို မတော်တဆ ရွေးချယ်ခဲ့တာ မဟုတ်ဘူး အဆင့်နိမ့် အရှင်သခင် ..."

နာရူကွေ့ က သူ၏ သစ်ရွက်ကို ဝါးရင်း ပြောလိုက်သည်။

"ဆက်လုပ်ကြစမ်း ကောင်လေးတို့..."

ကျင်းလုံသည် ဘိုးဘေး လှံ ကို လက်တစ်ဖက်ဖြင့် ခပ်လျော့လျော့ ကိုင်ဆောင်လျက် ရပ်နေသည်။ လှံရိုးပေါ်မှ မဟူရာ မီးတောက် များ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်လေသည်။ သူသည် ချက်ချင်း မတိုက်ခိုက်ခဲ့ပေ။

"မင်းက သူရဲဘောကြောင်တယ်၊ ပြီးတော့ ရှက်တတ်တဲ့စိတ်လည်း မရှိဘူး... မင်းလောက်တောင် အသတ်ခံရဖို့ မထိုက်တန်တဲ့ လူတွေကို ငါ သတ်ခဲ့ဖူးတယ်၊ ပြီးတော့ ကောင်းကောင်းကြီး အိပ်ပျော်ခဲ့တယ်..."

အနီရောင် မျက်နှာဖုံးစွပ် ဘီလူးတစ်ကောင်ထံမှ ထွက်ပေါ်လာသော အေးစက်သည့် စကားလုံးများသည် ပို၍ပင် ကျောချမ်းဖွယ် ကောင်းလှသည်။ ထို့နောက် သူသည် သူ၏ ညီမဖြစ်သူကို နောက်ကြောင်းပြန် ကြည့်လိုက်သည်။

"...ဒါပေမဲ့ ငါ မင်းကို မသတ်ချင်သေးဘူး... မင်းရဲ့ လက်မောင်းကို ပေးလိုက်စမ်း..."

အခြား ဘာအကြောင်းမှ မရှိလျှင်တောင်မှ ကျင်းချန် ကို ကူညီပေးခဲ့ခြင်းက အကျိုးရှိခဲ့သည်ဟု လင်းတုန်း တွေးလိုက်မိသည်။

တကယ်တော့ သူသည် တိုက်ပွဲကို လုံးဝ ဖျက်သိမ်းနိုင်ရန် မျှော်လင့်လျက် ကျင်းလုံ နှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခု တည်ဆောက်ရန်အတွက် သူ ဆက်လက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်လေသည်။ ထိုအရာသည် သူ မျှော်လင့်ထားသလောက် အလုပ်မဖြစ်ခဲ့ပေ။ သို့သော် ကျင်းလုံ ၏ သနားညှာတာမှုသာ မပါဝင်ပါက သူ သေဆုံးနေပြီ ဖြစ်လေသည်။

စုတ်ပြတ်နေသော ညာဘက် လက်မောင်းကို ဆန့်ထုတ်လိုက်ချိန်တွင် လင်းတုန်း တုန်ယင်သွားခဲ့လေသည်။ အလွန်အမင်း နာကျင်လွန်းလှသဖြင့် တစ်လက်မချင်းစီ မြှောက်တင်လိုက်တိုင်း အသစ်တဖန် ထိုးဆွခံရသည့် ဆင်းရဲဒုက္ခတစ်ခု ဖြစ်လာခဲ့သည်။ သို့သော် ၎င်းကို လှုပ်ရှားနိုင်သေးသည်ဟူသော အချက်က သူ၏ သံမဏိအဆင့် ခန္ဓာကိုယ် ၏ စွမ်းအားကို သက်သေပြနေခြင်းပင် ဖြစ်လေသည်။

ကျင်းလုံ သည် အလုပ်ကိစ္စတစ်ခုအလား အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူ၏ လှံကို မှုန်ဝါးချောမွေ့စွာဖြင့် လှုပ်ရှားလိုက်လေသည်။

လင်းတုန်းသည် သူ၏ လက်ထဲမှ မဟူရာ မီးတောက် များကို ထုတ်လွှတ်လိုက်ပြီး လက်ကို လက်နက်နှင့် အဝေးသို့ ဆွဲယူလိုက်လေသည်။

၎င်းသည် စနစ်ကျသော တိုက်ခိုက်သူ နည်းစနစ် တစ်ခု မဟုတ်ပေ။ အစစ်အမှန် နည်းစနစ် မပါဝင်ဘဲ ခန္ဓာကိုယ်အပြင်ဘက်သို့ မာဒြာ များကို ထုတ်လွှတ်ခြင်းသည် အမြဲတမ်း ခက်ခဲပြီး အကျိုးသက်ရောက်မှုလည်း နည်းပါးလှသည်။ ယခုတစ်ကြိမ်တွင် မာဒြာ အစုအဝေးတစ်ခုသည် သူ၏ လက်သီးထဲမှ အရပ်မျက်နှာ အနှံ့သို့ ပေါက်ကွဲထွက်သွားခဲ့သည်။ ထို့နောက် ပူဖောင်းတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ ချက်ချင်းပင် ပျောက်ကွယ်သွားလေသည်။

ထို့ကြောင့် လှံသည် သူ၏ လက်အစား မဟူရာ မီးတောက် မာဒြာ တိမ်တိုက်တစ်ခုကိုသာ ဖြတ်သန်းသွားခဲ့လေသည်။

နောက်တစ်ချက် တိုက်ခိုက်မှုသည် မည်သည့်နေရာသို့ ကျရောက်မည်ကို အတိအကျ သိနေပါက ကျင်းလုံ ၏ သာလွန်သော အမြန်နှုန်းကို ရင်ဆိုင်ရန် များစွာ ပိုမို လွယ်ကူလှသည်။

လှံသွားသည် မာဒြာ တိမ်တိုက်ကို စုပ်ယူလိုက်ချိန်တွင် လင်းလက်သွားခဲ့သည်။ သို့သော် လင်းတုန်း မျှော်လင့်ထားသည့်အတိုင်း ပြန့်ကျဲသွားသော မီးတောက်အချို့သည် လှံရိုးပေါ်သို့ ကျရောက်သွားခဲ့သည်။ ထို့နောက် သေးငယ်သော အနှစ်သာရ အငွေ့အသက်လေးတစ်ခု အထက်သို့ လောင်ကျွမ်းသွားလေသည်။

ထိုအရာက သိပ်တော့ မများပြားလှပေ။ ပျက်စီးသွားသော မာဒြာ များမှ ပုံမှန်အားဖြင့် ထွက်ပေါ်လေ့ရှိသည့် ဖုန်မှုန့်အရွယ် အမှုန်အမွှားလေးများ အစား စခန်းချမီးပုံမှ မြင်တွေ့ရတတ်သော မီးပွားလေးတစ်ခု သာသာမျှသာ ဖြစ်သည်။ သို့ရာတွင် ၎င်းက လင်းတုန်းကို အချက်တစ်ချက် သင်ခန်းစာ ပေးလိုက်လေသည်။ လှံကို ဖျက်ဆီးပစ်နိုင်သည် ဟူသောအချက် ဖြစ်သည်။ မဟူရာ မီးတောက် လမ်းစဉ် က ထိုသို့ လုပ်ဆောင်နိုင်စွမ်း ရှိလေသည်။

ကျင်းလုံက သူ၏ လက်ကို ရှေ့သို့ ထိုးသွင်းလိုက်ချိန်တွင် လင်းတုန်းသည် ဆုပ်ကိုင်ထားသော လက်ထဲသို့ မဟူရာ မီးတောက် များကို စုစည်းလိုက်လေသည်။ နောက်ထပ် အဖြူရောင် မြွေတစ်ကောင်သည် လေဟာပြင်ထဲမှ ထွက်ပေါ်လာပြီး လင်းတုန်း ထံသို့ ပြေးဝင်လာခဲ့သည်။

တစ်ချိန်တည်းတွင်ပင် မာဒြာ လှိုင်းလုံးတစ်ခုသည် ပတ်ဝန်းကျင် တစ်ခုလုံးကို ဖြတ်သန်း ရိုက်ခတ်သွားလေသည်။

ဘုန်း...

၎င်းသည် အေးမြသော ရေကုလားကာတစ်ခုအလား လင်းတုန်း ကို ဖြတ်သန်းသွားပြီး သူ၏ ဝိညာဉ် အတွင်းသို့ ချောမွေ့စွာ လှိုင်းထသွားလေသည်။ ဆံပင်တစ်မျှင်မျှ မထိခိုက်ခဲ့သလို ကျောက်စရစ်ခဲလေး တစ်လုံးမျှပင် လှုပ်ရှားသွားခြင်း မရှိခဲ့ပေ။ ထိုစွမ်းအား၏ အထိအတွေ့ကြောင့် ဝိညာဉ် သည်သာ တုန်ရီသွားခဲ့လေသည်။

သန့်စင်သော မာဒြာ ပင် ဖြစ်လေသည်။ ထိုတစ်ချက်သော ရိုက်ခတ်မှုသည်ပင် လင်းတုန်း ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ထိန်းသိမ်းထားနိုင်သော ပမာဏထက်ပင် ပိုမို များပြားနေလေသည်။

ကျင်းလုံ၏ မြွေသည် အန္တရာယ်မရှိသော အဖြူရောင် အမှုန်အမွှား တိမ်တိုက်တစ်ခုအဖြစ် ပြိုကွဲကာ ပျောက်ကွယ်သွားလေသည်။ လင်းတုန်း လက်သီးထဲရှိ မဟူရာ မီးတောက် သည်လည်း ဖယောင်းတိုင်မီးအလား တဖျပ်ဖျပ် လင်းကာ ငြိမ်းသတ်သွားခဲ့သည်။ သူ၏ မီးတောက်ခြုံလွှာ ပင်လျှင် လေပြင်းထဲမှ ဖုန်မှုန့်များအလား လွင့်စင် ပျောက်ကွယ်သွားခဲ့လေသည်။

ထို့နောက် အီသန် သည်လည်း လွတ်မြောက်သွားလေသည်။

အီသန်၏ သန့်စင်သော မာဒြာ လှိုင်းသည် လေ အော်ရာ ကို ထိန်းချုပ်ရန် နာရူကွေ့ အသုံးပြုထားသော မာဒြာ များကို နှောင့်ယှက်လိုက်ခြင်း ဖြစ်သည်။ ထိုထိန်းချုပ်မှုကို ဆုံးရှုံးသွားသည်နှင့် တစ်ပြိုင်နက် လေပြင်းများသည် နောက်တစ်ကြိမ် သာမန် လေထုသက်သက်မျှသာ ဖြစ်သွားလေတော့သည်။

အီသန် သည် မျက်စိတစ်မှိတ်အတွင်း နောက်ထပ် မြေပြင်ဆယ်ပေခန့်ကို ဖြတ်ကျော်သွားခဲ့သည်။ အမည်းရောင် ကတ်ကြေးသည် နေရောင်အောက်တွင် လင်းလက်သွားလေသည်။

ထို့နောက် သူသည် ထပ်မံ၍ အေးခဲ တောင့်တင်းသွားပြန်သည်။ သူ၏ မျက်နှာသည် တင်းမာခက်ထန်နေပြီး အပြုံးများအားလုံး ပျောက်ကွယ်သွားခဲ့လေပြီ။ သူ၏ ရွှေဝါရောင် ဆံပင်များသည် နောက်ကျောဘက်သို့ လွင့်မျောနေသည်။ ရေအောက်ရောက်နေသည့်အလား ဆံပင်မျှင် တစ်ခုချင်းစီသည် ဖြည်းညင်းစွာ လှိုင်းထနေလေသည်။

သူသည် ကတ်ကြေးကို လက်နှစ်ဖက်ဖြင့် ကိုင်ထားပြီး အသားထဲသို့ ထိုးသွင်းတော့မည့်အလား အရှေ့သို့ ကိုင်ဆောင်ထားလေသည်။ အရှိန်ပြင်းပြင်း ပြေးလွှားနေစဉ် ဖမ်းဆီးခံလိုက်ရသည့်အတွက် သူ၏ ကိုယ်နေဟန်ထားသည် နိမ့်ကျနေလေသည်။

အစိမ်းရောင် သံချပ်ကာ ဝတ်ဆင်ထားသော သူ၏ နှုတ်ခမ်းများကြားမှ သစ်ရွက်သည် ပြုတ်ကျသွားခဲ့လေပြီ။ ယခုအခါတွင် သူသည် အီသန် အပေါ်သို့ သူ၏ အာရုံအပြည့်အဝကို ပေးထားလေသည်။

ရွှေရောင်ဆံပင်နှင့် အဆင့်နိမ့် အရှင်သခင် ၏ မေးရိုးများ လှုပ်ရှားသွားပြီး စကားလုံးများကို အတင်းညှစ်ထုတ်လိုက်လေသည်။

"ဒီကိစ္စကို ငါ ခွင့်မပြုနိုင်ဘူး..."

အီသန် က ပြောလိုက်သည်။ သူ၏ အသံသည် သင်္ချိုင်းကုန်းတစ်ခုအလား အေးစက်နေလေသည်။

"မင်း ခွင့်ပြုရမယ့် ကိစ္စ မဟုတ်ဘူး..."

နာရူကွေ့ က ပြောလိုက်သည်။ သို့သော် သူသည် အိပ်ရာမှ နိုးလာသည့်ပုံစံ ပေါက်နေလေသည်။

"ငါက စည်းမျဉ်းတွေကို လိုက်နာတယ် အာရီလီယပ်... ငါတို့ရဲ့ ဥပဒေတွေက သံမဏိပေါ်မှာ ထွင်းထုထားတာကွ..."

အီသန်ကို ချည်နှောင်ထားသော အော်ရာ သံကြိုးများသည် ယခုအခါ လင်းတုန်း ၏ ဝိညာဉ်အမြင်အာရုံ တွင် ပို၍ တောက်ပနေလေသည်။ ၎င်းတို့သည် အဆင့်နိမ့် အရှင်သခင် ကို ရစ်ပတ်ထားသော အစိမ်းရောင် သံမဏိကြိုးခွေ အထူကြီးများနှင့် တူနေလေသည်။ စကိုင်းဆွန်း ခေါင်းဆောင်သည် သူ တတ်နိုင်သမျှ အရာအားလုံးကို ထိုအထဲသို့ ထည့်သွင်း အသုံးပြုထားကြောင်း ထင်ရှားလှပေသည်။

အခြားသော ကျင့်ကြံသူ တစ်ဦးဆိုပါက သူတို့၏ ကိုယ်ပိုင် အုပ်ချုပ်သူ နည်းစနစ် ဖြင့် တုံ့ပြန်နိုင်ပေလိမ့်မည်။ သို့သော် သန့်စင်သော အော်ရာ ဟူသည် လောက၌ မရှိပေ။ အီသန်သည် ရုပ်ပိုင်းဆိုင်ရာ ခွန်အားဖြင့် ရုန်းထွက်ရမည် ဖြစ်သည်။ ...သို့မဟုတ်ပါက ယခင်က လုပ်ဆောင်ခဲ့သကဲ့သို့ စကိုင်းဆွန်း ၏ ထိန်းချုပ်မှုကို ထပ်မံ နှောင့်ယှက်ရပေလိမ့်မည်။

သို့သော်... သူ နာရူကွေ့ ထံသို့ ရောက်ရှိသွားခဲ့လျှင်ပင် လင်းတုန်း ကို ကူညီရန် အချိန်မီပါဦးမည်လား။

လင်းတုန်းသည် ကျင်းလုံ ထံသို့ သူ၏ အာရုံအပြည့်အဝကို ပြန်လည် လှည့်ပတ်လိုက်ပြီး သူ၏ လက်ဝါးထဲသို့ မဟူရာ မီးတောက် များကို နောက်တစ်ကြိမ် စုစည်းလိုက်လေသည်။ သူသည် မိမိတစ်ယောက်တည်းသာ ရှိနေသကဲ့သို့ အားထားရာမဲ့စွာ တိုက်ခိုက်ရတော့မည် ဖြစ်လေသည်။

ကျင်းလုံသည် အာရုံလွင့်ပါးနေပုံ ရသည်။ သူ၏ နောက်ကွယ်တွင် ကျင်း အဆင့်နိမ့် အရှင်သခင် သည် လှံကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ရှေ့သို့ မှန်မှန် လျှောက်လာခဲ့သည်။ အကူအညီမဲ့နေသော အီသန် ကို မြင်လိုက်ရသည့်အတွက် သူသည် ဆယ်နှစ်ခန့် ပြန်လည် နုပျိုသွားသည့်အလား ပေါ်နေလေသည်။

"ကျေးဇူးပြုပြီး ခေါင်းဆောင်ကြီးကို ကျွန်တော် ကူညီခွင့်ပြုပါ..."

"နောက်ဆုတ်နေစမ်း ကျင်း..."

နာရူကွေ့ က ဟိန်းဟောက်လိုက်သည်။ ကျင်းတိုင်ရှို့ သည် ဇဝေဇဝါဖြင့် ရပ်တန့်သွားလေသည်။

"ဒီကိစ္စကို မင်းအတွက် မျက်နှာသာပေးတယ်လို့ အထင်မမှားလိုက်နဲ့... အာရီလီယပ် အဆင့်နိမ့် အရှင်သခင်က သူဟာ စည်းမျဉ်းအားလုံးအတွက် ကင်းလွတ်ခွင့် ရထားတဲ့သူလို့ ထင်နေတာ... သူက အင်ပါယာ နန်းတော် ကို ကျူးကျော်ဝင်ရောက်ခဲ့ပြီး ဘာအပြစ်ပေးခံရမှုမှ မရှိဘဲ လွတ်မြောက်သွားခဲ့တယ်... သူက အင်ပါယာရဲ့ နောက်ကွယ်မှာ လှုပ်ရှားနေပြီး ကြိုးကိုင်ခြယ်လှယ်နေတယ်၊ ဘာကိုမှ မကြောက်ဘဲ နိုင်ငံရဲ့ ဥပဒေတွေကို ချိုးဖောက်နေတယ်... သူက မဟူရာ မီးတောက် တစ်ယောက်ကို မွေးမြူထားပြီး အဲဒီကိစ္စကနေ အလွတ်ရုန်းထွက်နိုင်မယ်လို့ မျှော်လင့်နေတာ... ဘာလို့လဲဆိုတော့ သူက အမြဲတမ်း အဲဒီလို လုပ်နေကျမို့လို့ပဲ..."

နာရူကွေ့သည် အစိမ်းရောင် သံချပ်ကာ ဝတ်ဆင်ထားသော လက်နှစ်ဖက်ကို ရှေ့သို့ ထိုးထုတ်လိုက်သည်။ ထိုအခါ သာမန်မျက်စိဖြင့်ပင် မြင်တွေ့နိုင်သော အစိမ်းရောင် မာဒြာ လေပြင်းတစ်ခုသည် အီသန် ထံသို့ တိုက်ခတ်သွားလေသည်။ ၎င်းသည် အစိမ်းရောင် ဆေးဆိုးထားသော လေပြင်းနှင့် တူလေသည်။ ထိုလေပြင်းသည် အီသန် ၏ ပခုံးများကို စက်ဝိုင်းပုံစံ ရစ်ပတ်လိုက်ပြီး သူ၏ လက်များကို ဘေးဘက်သို့ ဆွဲကပ်ထားလိုက်လေသည်။

ယခုအခါ အီသန် သည် မာဒြာ နှင့် သဘာဝ လေပြင်း နှစ်မျိုးစလုံး၏ ဖမ်းဆီးချုပ်နှောင်မှုကို ခံထားရလေပြီ။ သို့တိုင်အောင် စကိုင်းဆွန်း ခေါင်းဆောင် သည် သူ့အပေါ်သို့သာ ဆက်လက် အာရုံစိုက်ထားလေသည်။

"ငါက ဒီအင်ပါယာရဲ့ ဥပဒေတွေကို ထိန်းသိမ်းစောင့်ရှောက်မယ်..."

နာရူကွေ့ က ပြောလိုက်သည်။

"တကယ်လို့ မင်းကလည်း ဥပဒေတွေကို ချိုးဖောက်မယ်ဆိုရင် မင်းလည်း သူ့လိုပဲ အချုပ်ခံရလိမ့်မယ်...”

ကျင်းတိုင်ရှို့သည် သံပရာသီးတစ်လုံးကို မျိုချထားရသည့်အလား မျက်နှာရှုံ့မဲ့နေသည်။ သို့သော် ကျင်းလုံ ကို လှည့်ကြည့်လိုက်ချိန်တွင် သူ၏ မျက်နှာသည် ပြန်လည် လင်းလက်သွားလေသည်။ သူ၏ တိုက်ခိုက်ရေးသမားမှာ ပွန်းပဲ့ဒဏ်ရာမျှသာ ရရှိထားသော်လည်း လင်းတုန်း မှာမူ မတ်တတ်ပင် ရပ်နိုင်တော့မည့်ပုံ မပေါ်ပေ။

လင်းတုန်း ကိုယ်တိုင်ပင် သူ မတ်တတ်ရပ်နိုင်သေးသည်ကို အံ့သြနေမိသည်။ သူ၏ ခြေသလုံးသည် တဖြည်းဖြည်း စတင် သက်သာလာခဲ့သည်။ သို့သော် နာကျင်မှုက သူ၏ အတွေးတိုင်းကို ကူးစက်နေပြီး အာရုံစူးစိုက်မှုကို ထိခိုက်စေလေသည်။ သူ၏ လက်ဝါးထဲသို့ မာဒြာ များကို စုစည်းရသည်မှာ ပုံမှန်ထက် နှစ်ဆခန့် ပို၍ ခက်ခဲနေလေသည်။

အဆင့်နိမ့် အရှင်သခင် သည် စကားတစ်ခွန်းမျှ မဆိုဘဲ ကျင်းချန် ၏ ဘေးရှိ သူ၏ နေရာသို့ ပြန်လည် လျှောက်သွားခဲ့သည်။ ထိုမိန်းကလေးသည် ဖြူရော်နေသော်လည်း တိုက်ပွဲအပေါ် အာရုံစိုက်မနေတော့ပေ။ သူမသည် လက်ဝါးနှစ်ဖက်ကို လက်မအနည်းငယ်ခန့် ခွာထားပြီး ၎င်းတို့ကြားသို့ အာရုံစိုက်နေသည်။ နည်းစနစ် တစ်ခုကို အသုံးပြုရန် ခက်ခဲစွာ ကြိုးစားနေသည့်အလား ပင်ဖြစ်သည်။

ကျင်းတိုင်ရှို့ သူ၏ နေရာသို့ ပြန်မရောက်မီမှာပင် လင်းတုန်းသည် ရေတစ်ဆုပ်ကို ပက်လွှင့်လိုက်သည့်အလား သူ၏ လက်ကို ရှေ့သို့ ပစ်ထုတ်လိုက်လေသည်။ မဟူရာ မီးတောက် မာဒြာ သည် ကျင်းလုံ ကို ထိခိုက်စေနိုင်လောက်အောင် စုစည်းမှု မရှိပေ။ ၎င်းသည် သူ၏ အဝတ်အစားများတွင် အပေါက်အနည်းငယ်ကို လောင်ကျွမ်းသွားစေသော်လည်း သူ၏ အရေပြားပေါ်၌ စီးဆင်းနေသော အစစ်အမှန် ရွှေအဆင့် မာဒြာ နှင့် ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် ပျောက်ကွယ်သွားလေသည်။

သို့သော် ထိုဖရိုဖရဲ နည်းစနစ်သည် သူ့ အလုပ်ကို သူ လုပ်ဆောင်သွားခဲ့သည်။ လှံသွားသည် စွမ်းအင်တစ်စိတ်တစ်ပိုင်းကို ဘေးကင်းစွာ စုပ်ယူသွားခဲ့သော်လည်း ဘိုးဘေး လှံ ၏ လှံရိုးထံမှ မီးပွားများ ပိုမို ထွက်ပေါ်လာခဲ့လေသည်။ ထို မာဒြာ များသည် လက်နက်၏ အစီအရင် တစ်လျှောက် အောက်သို့ လှည့်ပတ်ဆင်းသွားပြီး ကျင်းလုံ ပြန်လည် ပန်းထုတ်လိုက်သည့် အချိန်အထိ လှံ၏ အောက်ခြေတွင် စုစည်းနေလေသည်။

ကျင်းလုံသည် သူ၏ တိုက်ခိုက်မှုကို ဆက်လက် လုပ်ဆောင်လိုက်ပြီး ရှေ့သို့ တိုးကာ ထိုးသွင်းလိုက်သည်။ သို့သော် လင်းတုန်း သည် အံ့သြဖွယ်ကောင်းလောက်အောင် လွယ်ကူစွာဖြင့် နောက်သို့ တစ်လှမ်းဆုတ်လိုက်လေသည်။

၎င်းသည် ယခုအချိန်အထိ ရှောင်တိမ်းရန် အလွယ်ကူဆုံး လှုပ်ရှားမှုပင် ဖြစ်လေသည်။ သူ ပင်ပန်းနေသကဲ့သို့ ကျင်းလုံ လည်း ပင်ပန်းလာခဲ့ပြီ ဖြစ်နိုင်သည်။

လင်းတုန်း အနေဖြင့် ထိုအရာ လာမည်ကို ကြိုတင် မြင်တွေ့ခဲ့သင့်ပေသည်။

'ကျရှုံးသွားသော' တိုက်ခိုက်မှုနှင့် တစ်ဆက်တည်းမှာပင် ကျင်းလုံ သည် လှံကို အထက်သို့ လွှဲယူကာ လှံ၏ အောက်ခြေက လင်းတုန်း ဘက်သို့ ချိန်ရွယ်မိသည်အထိ နောက်သို့ ဆွဲယူလိုက်လေသည်။

ထို့နောက် လင်းတုန်း ၏ မျက်နှာဆီသို့ မဟူရာ မီးတောက် များကို ပန်းထုတ်လိုက်လေတော့သည်။

လင်းတုန်းသည် ခေါင်းရှေ့တွင် လက်နှစ်ဖက်ကို ကြက်ခြေခတ်ကာကွယ်လိုက်ပြီး မဟူရာ မီးတောက် လမ်းစဉ် ကို လှည့်ပတ်လိုက်လေသည်။ ဘာကို မျှော်လင့်ရမည်ကို သိရှိရန်အတွက် အော်သို နှင့် တိုက်ခိုက်ရာတွင် သူ အချိန်လုံလောက်စွာ ကုန်ဆုံးခဲ့ပြီး ဖြစ်သည်။

မဟူရာ မီးတောက် ကျင့်ကြံသူ တစ်ဦးအနေဖြင့် သူသည် မိမိ၏ ကိုယ်ပိုင် မာဒြာ ဖြင့် ထို မာဒြာ ကို တွန်းလှန်နိုင်စွမ်း ရှိသည်။ သို့သော် လောင်ကျွမ်းမှုတော့ ရှိနေဆဲပင် ဖြစ်သည်။ မည်သည့် နည်းစနစ်မျှ မပါဝင်ဘဲ ထုတ်လွှတ်လိုက်သော ဤမျှ နည်းပါးလှသည့် မာဒြာ ပမာဏက သူ့ကို မသတ်နိုင်ပေ။

သို့သော် ၎င်းက သူ၏ အမြုတေ အပေါ်သို့ နောက်ထပ် ဝန်ထုပ်ဝန်ပိုး တစ်ခုကို တင်ပေးလိုက်လေသည်။ တွန်းလှန်ရန် သူ အသုံးပြုလိုက်သော မာဒြာ များသည် သူ၏ မဟူရာ မီးတောက် အမြုတေ မှ လာခြင်းဖြစ်သည်။ ထို့ပြင် လောင်ကျွမ်းသွားသော နေရာများအတွက် သူ၏ သွေးရည်ကြို သံမဏိအဆင့် ခန္ဓာကိုယ် က အသက်ဝင်လာခဲ့ပြီး... စွမ်းအင်များကို ပို၍ပင် စုပ်ယူသွားလေသည်။

မဟူရာ မီးတောက်များက သူ့ကို လွှမ်းခြုံသွားချိန်တွင် သူ၏ အမြုတေ သည် တဖျပ်ဖျပ် ဖြစ်သွားလေသည်။ သူ့ထံတွင် မဟူရာ မီးတောက် မီးပွားလေး တစ်ခုစာမျှသာ ကျန်ရှိတော့သည်။

ကျင်းလုံ ၏ မျက်နှာဖုံးတွင် လက်သီးဆုပ်ခန့်ရှိသော အပေါက်တစ်ပေါက် လောင်ကျွမ်းသွားခဲ့ပြီး သူ၏ ပါးစပ် ထောင့်တစ်ဖက်ကို ဖော်ပြနေလေသည်။ သူ၏ နှုတ်ခမ်းများသည် နားရွက်များအထိ ရောက်လုမတတ် လူသားဆန်မှု ကင်းမဲ့စွာ ပြဲကျယ်နေသောအပြုံးအဖြစ် ဆွဲဆန့်သွားလေသည်။ ...သို့သော် ၎င်းသည် အစစ်အမှန် အပြုံးတစ်ခု မဟုတ်ပေ။ လူသားတစ်ဦး၏ အပြုံးမျိုး မဟုတ်ချေ။

၎င်းသည် မိကျောင်းတစ်ကောင်၏ အပြုံးမျိုး ဖြစ်သည်။ အစွယ်များကို ဖြဲပြနေခြင်းပင် ဖြစ်သည်။ ထို့ပြင် သူ၏ ပါးစပ်ထဲတွင် မြင်တွေ့နေရသည်မှာ အစစ်အမှန် အစွယ်များဖြစ်ပြီး ငါးမန်းတစ်ကောင်၏ သွားများအလား ပြာလဲ့၍ ချွန်ထက်နေလေသည်။ သူ၏ မျက်နှာဖုံးအောက်တွင် မြင်တွေ့ခဲ့ရသည့်အရာကို ယီရင် က ယခင်က ဖော်ပြခဲ့ဖူးသည်။ သို့သော် ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်ရသည်မှာ ကွာခြားလှကြောင်း လင်းတုန်း တွေ့ရှိလိုက်ရသည်။

ကျင်းလုံ ၏ ဝတ်ရုံများပေါ်ရှိ လောင်ကျွမ်းနေသော အပေါက်ငယ်များမှတစ်ဆင့် အရေပြား အကွက်အချို့ကို မြင်တွေ့နေရသည်။ သူ ရှေ့သို့ တိုးလာသည်နှင့်အမျှ သူ၏ အရေပြားပေါ်တွင် အဖြူရောင် လိုင်းများက မြွေတစ်ကောင်အလား လှည့်ပတ်နေလေသည်။

"အဲဒါက ငါ့ရဲ့ ဘိုးဘေး ဒီလှံကို သုံးခဲ့တဲ့ နည်းလမ်းပဲ..."

သူက ပြောရင်း ရှေ့သို့ တည်ငြိမ်စွာ လျှောက်လာခဲ့သည်။

"မှန်ကန်တဲ့ နည်းလမ်းကို မင်းကို ငါ ပြမယ်..."

ထိုအခိုက်တွင်ပင်... နောက်ထပ် သန့်စင်သော မာဒြာ လှိုင်းလုံးတစ်ခုက အခန်းကို ရိုက်ခတ်သွားပြန်သည်။

ဤတစ်ကြိမ်တွင်မူ လင်းတုန်း သည် အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူသည် သူ၏ သန့်စင်သော အမြုတေ သို့ ချက်ချင်း ပြောင်းလဲလိုက်လေသည်။

ကျင်းလုံ သည် ထိုလှိုင်းကြောင့် အစွမ်းမဲ့သွားခြင်းမျိုး မဖြစ်ခဲ့သော်လည်း သူ၏ ကာကွယ်သူ နည်းစနစ် သည် ပျောက်ကွယ်သွားခဲ့သည်။ ထို့ကြောင့် သူ၏ အမြန်နှုန်း အားသာချက်ကို ဆုံးရှုံးသွားလေသည်။

လင်းတုန်း သည် ရှေ့သို့ ခုန်ဝင်သွားပြီး ဗလာ လက်ဝါး ဖြင့် ကျင်းလုံ ၏ အမြုတေ အတွင်းသို့ အရှိန်ပြင်းစွာ ရိုက်သွင်းလိုက်လေသည်။

ဒုတိယအကြိမ်အဖြစ် ၎င်းသည် ထိမှန်သွားခဲ့သည်။

***

အပိုင်း(၂၈၀)

ဘုတ်...

ရုတ်တရက်... မြင်ကွင်းကွယ်နေသော တစ်နေရာရာမှ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ကျောကို ခေါင်းအုံးဖြင့် ရိုက်ခံလိုက်ရသကဲ့သို့ တစ်စုံတစ်ခုက သူ့ကို နောက်ကျောဘက်မှ တွန်းလိုက်လေသည်။ သို့သော် ထိုအရာက သူ၏ ခန္ဓာကိုယ်ကို ကျင်းလုံ ထံသို့ ပို၍ ပစ်ဝင်သွားစေရုံသာ ရှိလေသည်။

ကျင်းလုံသည် သူ့ကို တွန်းထုတ်ရန် ဖမ်းဆုပ်လိုက်သည်။ လက်တစ်ဖက်က ဘိုးဘေး လှံ ကို ကိုင်ဆောင်ထားဆဲ ဖြစ်လေသည်။

ထိုအခါ လင်းတုန်းသည် မဟူရာ မီးတောက် သို့ ပြောင်းလဲလိုက်လေသည်။

သူသည် ပြိုင်ဘက်ကို သတ်ဖြတ်နိုင်လောက်အောင် အလွန် နီးကပ်နေခဲ့ပြီ ဖြစ်သည်။ သို့သော် ထိုအချိန်တွင် သူသည် ထိုကိစ္စကို စဉ်းစားပင် မစဉ်းစားခဲ့ပေ။

သူသည် သူ၏ ပစ်မှတ်ကို သတ်မှတ်ထားပြီး ဖြစ်လေသည်။ လင်းတုန်း သည် ဘိုးဘေး လှံ ၏ အဖြူရောင် လှံရိုးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး မဟူရာ မီးတောက် များကို စီးဆင်းသွားစေလိုက်လေသည်။

ဖျစ်... ဖျစ်...ဖျစ်...

ခြောက်သွေ့နေသော သစ်တုံးတစ်တုံးကို ဖြတ်သန်းသွားသည့်အလား မီးတောက်များသည် လက်နက်တစ်လျှောက် ပျံ့နှံ့သွားလေသည်။ ပြတ်တောက်သွားသော သွေးလွှတ်ကြောမှ သွေးများ ပန်းထွက်လာသည့်အလား မီးပွားများသည် လေထဲသို့ လွင့်စင်ထွက်ပေါ်လာခဲ့သည်။ ကျင်းလုံ သည် နီရဲပူလောင်နေသော လက်နက်ကို ဘေးသို့ ပစ်ချလိုက်ပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်လေသည်။

လင်းတုန်းသည် အမောတကော အသက်ရှူရင်း မတ်တတ်ရပ်နေခဲ့သည်။ နာကျင်မှုက သူ၏ ခံစားချက်များကို ထုံထိုင်းသွားစေလေသည်။

အဖြူရောင် လှံသည် ရေခဲတစ်ခုအလား အရည်ပျော်ကျသွားပြီး အစီအရင် များ ကျိုးပဲ့ပျက်စီးသွားသည်နှင့်အမျှ ၎င်း၏ အလင်းရောင်များ တဖြည်းဖြည်း မှေးမှိန်သွားသည်ကို သူ ငေးမောကြည့်နေမိလေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဘိုးဘေး လှံ သည် အဖြူရောင် ဖုန်မှုန့်ပုံကြီး တစ်ပုံ ဖြစ်သွားခဲ့သည်။ ထိုဖုန်မှုန့်များသည်ပင် စက္ကန့်နှင့်အမျှ ပြိုကွဲပျက်စီးနေလေသည်။ အဖြူရောင်ဖြင့် လင်းလက်နေသော လှံသွားတစ်ခုတည်းသာ ကျန်ရစ်တော့သည်။ ၎င်း၏ မျက်နှာပြင်ပေါ်ရှိ အစီအရင် တစ်ခုတည်းကသာ တောက်ပနေဆဲ ဖြစ်လေသည်။

လင်းတုန်းသည် ၎င်း၏ တည်နေရာကို မှတ်သားထားလိုက်သည်။ အကယ်၍ ထိုအရာနှင့်အတူ ဤနေရာမှ ထွက်ပြေးနိုင်မည့် နည်းလမ်းတစ်ခုခု ရှိမည်ဆိုပါက သူ ကြိုးစားသင့်ပေသည်။ ၎င်းသည် ဝိညာဉ်ပန်းပဲ ပညာ အတွက် အလွန်တန်ဖိုးကြီးမားသော ပစ္စည်းတစ်ခု ဖြစ်လာပေလိမ့်မည်။

“ဘာလဲကွာ...”

ကျင်းတိုင်ရှို့က ဟိန်းဟောက်လိုက်သည်။ သူ၏ မျက်နှာသည် အမှန်တကယ်ပင် နီမြန်းနေပြီး သူ၏ နှုတ်ခမ်းများထက်ရှိ အစက်အပြောက်များက သွေးများ ဖြစ်ကောင်း ဖြစ်နိုင်သည်။

သူသည် သူ၏ လှံကို ဆွဲထုတ်လိုက်၏။ သူ၏ အရေပြားမှ အဖြူရောင် အလင်းတန်းများ တောက်ပလာခဲ့သည်။ ကျင်းချန် သည် သူ့ကို စိုးရိမ်တကြီး လှမ်းကြည့်လိုက်သည်။ သို့သော် သူမသည် လက်နှစ်ဖက်ကြားရှိ နေရာလွတ်တစ်ခုကိုသာ အာရုံစိုက်နေဆဲ ဖြစ်သည်။ ထိုနေရာတွင် ကျင်းလုံ၏ မြွေတစ်ကောင်ကဲ့သို့ အရာတစ်ခု လှည့်ပတ်နေလေသည်။ သို့သော် ၎င်းသည် ပိုမို သေးငယ်ပြီး အရောင်လွင့်လွန်းသဖြင့် သဲသဲကွဲကွဲပင် မမြင်ရချေ။

သူမ၏ ခေါင်းဆောင်ကြီးသည် သူမကို တစ်ချက်မျှပင် လှည့်မကြည့်ခဲ့ပေ။ သူသည် လင်းတုန်း ထံသို့ ပစ်လွှတ်ရန် ပြင်ဆင်လျက် လှံကို ပခုံးအထက်တွင် နောက်သို့ ဆွဲယူလိုက်လေသည်။

ရုတ်တရက် အသက်ရှူရ ခက်ခဲလာခဲ့သည်။

အစပိုင်းတွင် ၎င်းမှာ ကြောက်ရွံ့မှုနှင့် သွေးထွက်လွန်ခြင်းကြောင့်ဟု လင်းတုန်း ထင်မှတ်ခဲ့သည်။ မိမိ၏ ခန္ဓာကိုယ်သည် မျှော်လင့်မထားသော နည်းလမ်းများဖြင့် မိမိကို သစ္စာဖောက်နိုင်ကြောင်း သိရှိရန်အတွက် သူသည် သေမင်းနှင့် အကြိမ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ဖူးပြီး ဖြစ်လေသည်။

သို့သော် ၎င်းသည် အသက်ရှူရ ခက်ခဲခြင်း သက်သက် မဟုတ်ပေ။ တစ်စုံတစ်ယောက်က သူ့ကို အဝတ်တစ်ခုဖြင့် ရစ်ပတ်ကာ တင်းကျပ်အောင် ဆွဲထားသည့်အလား သူ၏ အရေပြား လက်မတိုင်းအပေါ်တွင် ဖိအားတစ်ခု ရှိနေလေသည်။ ရွှံ့နွံများထဲတွင် အတင်းတိုးထွက်နေရသည့်အလား လှုပ်ရှားမှုတိုင်းသည် ခက်ခဲနေလေသည်။

ကျင်းလုံ ၏ တောင့်တင်းနေသော ကိုယ်နေဟန်ထားကို ကြည့်ခြင်းအားဖြင့် လင်းတုန်း တစ်ယောက်တည်းသာ သက်ရောက်မှု ခံနေရခြင်း မဟုတ်ကြောင်း သိနိုင်သည်။

ကျင်းတိုင်ရှို့ သည် ပို၍ပင် ဆိုးရွားသည့်ပုံ ပေါ်သည်။ ရုတ်တရက် အားလျော့သွားသော သူ၏ ဆုပ်ကိုင်ထားမှုမှ လှံသည် ပြုတ်ကျသွားပြီး လေထဲတွင် လွင့်မျောကာ ငှက်မွေးတစ်ခုအလား ကျဆင်းသွားလေသည်။ ကျင်းချန်သည် အနည်းဆုံး သက်ရောက်မှု ခံရသည့်ပုံ ပေါ်သည်။ သူမ၏ ဆံပင်များ လွင့်တက်နေသော်လည်း ကိုယ်နေဟန်ထားမှာမူ လုံးဝ ပြောင်းလဲသွားခြင်း မရှိပေ။

လင်းတုန်းသည် စကိုင်းဆွန်း အဆင့်နိမ့် အရှင်သခင် ထံသို့ လှမ်းကြည့်လိုက်သည်။

သူသည် လက်နှစ်ဖက်စလုံးကို ဘေးဘက်သို့ ဆန့်ထုတ်ထားပြီး သူ၏ လက်များထဲမှ အစိမ်းရောင် မာဒြာ များသည် ဓာတ်ငွေ့တစ်ခုအလား လျှံကျနေလေသည်။ ထိုစွမ်းအားသည် မျက်စိဖြင့် မမြင်နိုင်သော အခြေအနေသို့ မှေးမှိန်သွားသည်။ ထို့နောက် လေ အော်ရာ ကို သက်ရောက်စေပြီး လေထုကို သူ၏ အမိန့်နာခံရန် စေခိုင်းလိုက်လေသည်။

၎င်းသည် အုပ်ချုပ်သူ နည်းစနစ် တစ်ခုဖြစ်သည်။ သူသည် လူတိုင်းကို နေရာ၌ ပိတ်လှောင်ထားလိုက်သည်။ သို့သော် ယခင်က အီသန် အပေါ် အသုံးပြုခဲ့သလောက် ပြည့်စုံလုံလောက်သည့်ပုံ မပေါ်ပေ။ လင်းတုန်း သည် ခက်ခဲစွာဖြင့်ပင် လှုပ်ရှားနိုင်သေးသည်။ အခြားသူများလည်း နေရာအနည်းငယ် ရွှေ့ပြောင်းနိုင်သည်ကို သူ မြင်တွေ့ရလေသည်။

‘သူက ငါတို့ တစ်ယောက်ချင်းစီအပေါ်ကို မတူညီတဲ့ ပမာဏနဲ့ အာရုံစိုက်ထားတာ ဖြစ်ရမယ်’

လင်းတုန်း တွေးလိုက်သည်။ အကယ်၍ သူသာ သူတို့၏ ခြိမ်းခြောက်နိုင်စွမ်း အဆင့်အပေါ် မူတည်၍ ချည်နှောင်ထားခြင်း ဖြစ်ပါက လင်းတုန်း နှင့် ကျင်းချန် တို့ အဘယ်ကြောင့် အနည်းဆုံး အနှောင့်အယှက် ဖြစ်ရသနည်း ဆိုသည်ကို ရှင်းပြနိုင်လေသည်။

သေချာသည်က အဓိက ပစ်မှတ်မှာ အီသန် ပင်ဖြစ်သည်။

လင်းတုန်း ၏ ဝိညာဉ်အမြင်အာရုံ တွင် အီသန် သည် အစိမ်းရောင် လေ အော်ရာ နေမင်းတစ်ခုအတွင်း၌ တောက်ပနေလေသည်။ အဆောက်အအုံ၏ ပွင့်ဟနေသော ဘက်ပေါင်းစုံမှ လေပြင်းများ တိုက်ခတ်ဝင်ရောက်လာပြီး သူ့ကို တွန်းတိုက်ကာ လေအကျဉ်းထောင်တစ်ခုကို တည်ဆောက်နေကြလေသည်။

သူသည် စကိုင်းဆွန်း ခေါင်းဆောင် နှင့် တစ်လှမ်းအကွာတွင်သာ ရှိပြီး သူ၏ ကတ်ကြေးကို အသင့်အနေအထား ကိုင်ဆောင်ထားလေသည်။

နာရူကွေ့၏ ညစ်ပတ်နေသော မီးခိုးရောင် ဆံပင်များသည် လေထဲတွင် ရိုက်ခတ်နေသည်။ သူ၏ မျက်လုံးများသည် ရိုင်းစိုင်းကြမ်းတမ်းနေပြီး မျက်နှာပေါ်ရှိ မီးလောင်ထားသော အမာရွတ်များသည် တွန့်လိပ်ကာ နီမြန်းနေလေသည်။ သူသည် အော်ဟစ်လိုက်ပြီး သူ၏ ကျောဘက်မှ ဧရာမ မြစိမ်းရောင် အတောင်ပံကြီး နှစ်ခု ဖြန့်ကျက်ထွက်ပေါ်လာခဲ့သည်။

၎င်းတို့သည် ကျောက်မျက်ရတနာများအလား လင်းလက်နေပြီး အတည်ငြိမ်ဆုံး ဝိညာဉ်အကြွင်းအကျန် များကဲ့သို့ တောက်ပနေလေသည်။ သို့သော် အမွေးအတောင် တစ်ခုချင်းစီတွင် အစစ်အမှန် ငှက်တစ်ကောင်၏ အတောင်ပံများကဲ့သို့ အသေးစိတ် အချက်အလက်များ ပါဝင်နေသည်။ သူ၏ ရွှေအဆင့် အမှတ်အသား ပင်ဖြစ်သည်။

"စကိုင်းဆွန်း တစ်ယောက် တာဝန်ထမ်းဆောင်နေတာကို နှောင့်ယှက်တယ်ပေါ့လေ..."

နာရူကွေ့ က ကြေညာလိုက်သည်။

"မင်းရဲ့ နောက်ခံက ဘယ်လိုပဲ ဖြစ်နေပါစေ မင်းတောင်မှ ဒီလို လုပ်လို့ မရဘူး..."

မာဒြာ လှိုင်းတစ်ခုသည် အီသန် ထံမှ ပေါက်ကွဲထွက်လာခဲ့သည်။

အပူလှိုင်းတစ်ခုအလား လေထုကို လိမ်ယှက်သွားစေသည်ကို လင်းတုန်း မြင်တွေ့နိုင်သည်။ ပြေးလွှားနေသော မြင်းတစ်ကောင်စာခန့် အရွယ်အစားရှိ ထိုလှိုင်းသည် အီသန် ၏ ရင်ဘတ်မှ ပေါက်ကွဲထွက်လာပြီး နာရူကွေ့ ကို မျက်စိတစ်မှိတ်အတွင်း တိုက်ခတ်သွားလေသည်။ ထိုနည်းစနစ်က ကွေ့ ၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသည်နှင့် တစ်ပြိုင်နက် အီသန် ပတ်လည်ရှိ လှောင်ချိုင့်သည် ပျောက်ကွယ်သွားခဲ့လေသည်။

သို့သော် ၎င်းသည် သူ၏ အတောင်ပံများကိုမူ ဖြတ်သန်းသွားခြင်း မရှိခဲ့ပေ။

ဖြန့်ကျက်ထားသော ရွှေအဆင့် အမှတ်အသား သည် ဟာရီကိန်းလေပြင်း၏ အင်အားအပြည့်ကို ဖမ်းယူလိုက်သော ရွက်လွှင့်စတစ်ခုအလား သန့်စင်သော မာဒြာ ၏ ပေါက်ကွဲမှုကို ဖမ်းယူလိုက်လေသည်။ အဆင့်နိမ့် အရှင်သခင် သည် သူ၏ ကိုယ်ပိုင် အတောင်ပံများကြောင့် နောက်သို့ လွင့်စဉ်သွားပြီး ချောက်ကမ်းပါးကြီးပေါ်သို့ ကျော်လွန်လွင့်ထွက်သွားလေသည်။

ထို့နောက် ပြုတ်ကျသွားလေသည်။

လွန်ခဲ့သော ခဏက သူ ရပ်နေခဲ့သော နေရာတွင် ယခုအခါ ဆီးနှင်းများ ဖုံးလွှမ်းနေသော ခံ့ညားထည်ဝါသည့် တောင်တန်းကြီးများကိုသာ မြင်တွေ့နေရလေသည်။ အခန်းထဲရှိ လူတိုင်းသည် ပြူးပြဲစိုက်ကြည့်နေကြလေသည်။

လင်းတုန်းသည် တစ်စုံတစ်ရာကို ပြောချင်ခဲ့သော်လည်း သတိမလစ်သွားစေရန် ခက်ခဲစွာ ကြိုးစားနေရလေသည်။ သူသည် ဘိုးဘေး လှံ ၏ လှံသွားရှိရာသို့ တရွတ်တိုက် လျှောက်သွားလိုက်သည်။ ယခုအခါ စကိုင်းဆွန်း ၏ ကန့်သတ်ချုပ်နှောင်မှုများ ပျောက်ကွယ်သွားပြီ ဖြစ်၍ သူသည် မိမိ၏ ကိုယ်ပိုင် ခွန်အားဖြင့် ပြန်လည် လှုပ်ရှားနိုင်ပြီ ဖြစ်သည်။ သို့သော် ထိုသို့ လုပ်ဆောင်ရန်အတွက် သူ့ထံတွင် ခွန်အားအနည်းငယ်မျှသာ ကျန်ရှိတော့လေသည်။

မည်သူတစ်ဦးတစ်ယောက်မျှ တုံ့ပြန်ရန် အခွင့်အရေး မရမီမှာပင် လေထဲတွင် အလံတစ်ခု ရိုက်ခတ်သွားသည့်အလား အသံတစ်ခု ထွက်ပေါ်လာပြီး ဧရာမ မြစိမ်းရောင် အတောင်ပံကြီးများ ပြန်လည် ထွက်ပေါ်လာခဲ့သည်။ အစိမ်းရောင် သံချပ်ကာ ဝတ်ဆင်ထားသော စကိုင်းဆွန်း သည် အဆောက်အအုံ၏ အမြင့်အထိ ပျံတက်လာပြီး အတောင်ပံ တစ်ချက်ခတ်တိုင်း အထက်အောက် လှုပ်ရှားနေလေသည်။

သူ၏ လက်ထဲတွင် အမည်းရောင်သန်းနေသော မီးခိုးရောင် ဓားတစ်လက် ရှိနေပြီး ၎င်း၏ ဓားသွားမှာ ရှည်လျားပြီး ထူထဲလေသည်။ ၎င်း၏ မျက်နှာပြင်မှာ အဆင့်နိမ့် အရှင်သခင် ၏ သံချပ်ကာကဲ့သို့ပင် ချိုင့်ခွက်ပြီး မှေးမှိန်နေသည်။ သို့သော် ၎င်း၏ အစွန်းမှာမူ သန့်စင်ပြီး ချွန်ထက်နေလေသည်။

အီသန်၏ အပြုံးများက နှုတ်ခမ်းထက်သို့ ပြန်လည်ရောက်ရှိလာပြီး နာရူကွေ့ ကို လက်ပိုက်ကာ စောင့်ကြည့်နေလေသည်။ အစောပိုင်းက အေးစက်ခက်ထန်သော အမူအရာမှာ လိမ်လည်မှုတစ်ခုသာ ဖြစ်ခဲ့သည့်အလား သူသည် ပုံမှန် ပျော်ရွှင်နေကျ အသွင်အပြင်မျိုး ပေါက်နေလေသည်။

"ခင်ဗျား တကယ်ပဲ ခင်ဗျားရဲ့ ရွှေအဆင့် အမှတ်အသား ကို သုံးပြီး ပျံသန်းချင်နေတာလား... တကယ်လို့ ကျွန်တော်သာ အဲဒါတွေကို ယူပစ်လိုက်မယ် ဆိုရင် ခင်ဗျား ပေသုံးရာ အောက်ကို ပြုတ်ကျသွားလိမ့်မယ်..."

စကိုင်းဆွန်း ၏ မျက်နှာသည် တင်းမာသွားလေသည်။

"ငါ့ကို တိုက်ခိုက်ပြီး အင်ပါယာ တစ်ခုလုံးရဲ့ ရန်သူ အဖြစ်ခံဖို့ မင်း တကယ်ပဲ လိုချင်နေတာလား... ငါက ဒီကမ်းခြေမှာ ဒုတိယ အဆင့်ရှိတဲ့ အဆင့်နိမ့် အရှင်သခင် ပဲ အာရီလီယပ်... မင်း အခုပဲ ဧကရာဇ် ကြီးရဲ့ ဒေါသကနေ လွတ်မြောက်ခဲ့တာ ကံကောင်းလို့ မှတ်ပါ..."

"ခင်ဗျားက... ကျွန်တော့်ကို ဒေါသထွက်လုနီးပါး ဖြစ်အောင် လုပ်ခဲ့တယ် ဆိုတာကိုတော့ ကျွန်တော် ဝန်ခံရလိမ့်မယ်..."

အီသန် က ပြောလိုက်သည်။

"ဒါပေမဲ့ ဘာအန္တရာယ်မှ မဖြစ်ခဲ့ပါဘူး... မဟုတ်ဘူး၊ ကျွန်တော်က ခင်ဗျားကို တိုက်ခိုက်ဖို့ ဒီကို ရောက်နေတာ မဟုတ်ပါဘူး... ကျွန်တော်က ခင်ဗျားကို အချိန်ဆွဲထားချင်ရုံ သက်သက်ပါ..."

သူ၏ အသံထဲသို့ ထိုအေးစက်မှု အနည်းငယ် ပြန်လည် ရောက်ရှိလာခဲ့သည်။

"ကျွန်တော့်မှာ တခြား ပစ်မှတ် တစ်ခု ရှိတယ်..."

ခြေတစ်လှမ်းလှမ်းလိုက်ပြီး၊ သူ၏ လက်ကောက်ဝတ်ကို တစ်ချက်လှည့်ကာ လက်သီးတစ်ချက် ထိုးချလိုက်လေသည်။

သန့်စင်သော မာဒြာ များသည် သူ၏ လက်သီးထဲမှ လှိုင်းထွက်လာခဲ့ပြီး သာမန်မျက်စိဖြင့် မြင်နိုင်လောက်အောင် သိပ်သည်းနေလေသည်။ ၎င်းသည် နာရူကွေ့ ၏ ရင်ဘတ် အလယ်တည့်တည့်သို့ ထိမှန်သွားခဲ့ပြီး သူသည် အုတ်ခဲတစ်လုံးအလား အောက်သို့ ပြုတ်ကျသွားလေတော့သည်။

ကျင်းတိုင်ရှို့သည် အသက်အန္တရာယ် ကျရောက်နေသည့်အလား လှံကို ဆွဲယူကာ ကြမ်းပြင်ပေါ်တွင် အသည်းအသန် ရုန်းကန်ထသွားလေသည်။ သူ၏ အဖြူရောင် သတ္တုဆံပင်များသည် သူ၏ မျက်နှာတစ်ဝိုက်တွင် ဖရိုဖရဲ ကျဆင်းနေပြီး အီသန် ကို ထိတ်လန့်တကြား ကြည့်နေလေသည်။ သူ၏ လှံထိပ်မှနေ၍ အဖြူရောင် အလင်းတန်းများ စတင် တောက်ပလာခဲ့သည်။ သို့သော် ထိုအလင်းရောင်မှာ တဖျပ်ဖျပ် ဖြစ်နေပြီး အားနည်းလှသည်။

အီသန် သည် သူ့ဘက်သို့ လှည့်လာခဲ့သည်။ မြန်မြန်ဆန်ဆန် မဟုတ်သလို နှေးနှေးကွေးကွေးလည်း မဟုတ်ပေ။ အရာအားလုံးကို ထိန်းချုပ်ထားနိုင်သော လူတစ်ယောက်၏ ပုံရိပ်ပင် ဖြစ်လေသည်။

"လူတစ်ယောက်ကို နှစ်ကြိမ် သတ်ရတဲ့ အဖြစ်မျိုး ငါ့မှာ အတော်လေး ရှားတယ်..."

သူက ပြောလိုက်သည်။

"တတိယ အကြိမ် ဟုတ်လား... ဘယ်တော့မှ မရှိစေရဘူး..."

ကျင်းလုံသည် လင်းတုန်း ကို တွန်းဖယ်လိုက်ပြီး ခေါင်းဆောင်ကြီး ရှိရာသို့ ပြေးသွားလေသည်။ ...ထို့နောက် သူသည် ညီမဖြစ်သူကို ပွေ့ချီကာ နောက်သို့ ဆုတ်ခွာသွားလေသည်။

သူသည် ကျင်းတိုင်ရှို့ ကို တစ်ယောက်တည်း ချန်ရစ်ထားခဲ့ခြင်း ဖြစ်လေတော့သည်။

***

All Chapters