အခန်း (၂၆၉-၂၇၀)
Vol. 20 Ch. 269-270
အပိုင်း(၂၆၉)
တစ်မိနစ်ခန့်အကြာတွင် ရန်ဖေးနှင့် ပိုင်ရိုတို့သည် စင်္ကြံလမ်း၏ အဆုံးသို့ ရောက်ရှိသွားကြသည်။ သူတို့ရှေ့တွင် ရှိနေသည်က တံခါးတစ်ခုတော့ မဟုတ်ပေ။ နံရံတွင် မူလီများဖြင့် ကြပ်ထားသော အထူစား သတ္တုပြားကြီး တစ်ခုနှင့် ပို၍တူသည်။ ၎င်း၏ အလယ်ဗဟိုတွင် အစီအရင် တစ်ခုကို ရေးဆွဲထားသည်။
ဤ အစီအရင် သည် အခြားအရာများကဲ့သို့ စွန့်ပစ်ထားခြင်းမျိုး မဟုတ်ပေ။ အကျဉ်းထောင်၏ အစောင့်အကြပ်များသည် အမှန်တကယ် အရေးကြီးသော လုံခြုံရေးများကို ယိုယွင်းပျက်စီးခံမည် မဟုတ်ကြောင်း ကောင်းစွာ သိရှိကြသည်။
ရန်ဖေးသည် သူမ၏ ခါးပတ်ရှိ အိတ်ကပ်တစ်ခုထဲမှ သော့၏ တစ်ဝက်ကို ဆွဲထုတ်လိုက်သည်။ ၎င်းသည် အစီအရင် စက်ဝိုင်း၏ အစိတ်အပိုင်းတစ်ခုကို ထွင်းထုထားသော ကြွေထည် အပြားဝက်လေး တစ်ခု ဖြစ်သည်။ ပိုင်ရို က အခြားတစ်ဝက်ကို ကမ်းပေးလိုက်ပြီး သူမက အပြားဝက် နှစ်ခုကို အံဝင်ခွင်ကျ ဖြစ်အောင် တပ်ဆင်လိုက်သည်။
အစီအရင် ပြီးပြည့်စုံသွားချိန်တွင် သူမ၏ မာဒြာ များကို ထိုအထဲသို့ စီးဆင်းစေလိုက်သည်။ နောက်ထပ် လုံခြုံရေး အစီအမံတစ်ခုမှာ ဤသော့ကို အကျဉ်းထောင်မှူး အသစ်တစ်ဦးစီအတွက် အသစ်ဖန်တီးထားခြင်း ဖြစ်သည်။ အကယ်၍ မှားယွင်းသော လမ်းစဉ် မှ စွမ်းအင်များ စီးဆင်းလာပါက ၎င်းသည် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားမည် ဖြစ်သည်။
သူမသည် သတ္တုပြားပေါ်ရှိ စက်ဝိုင်းအပေါ်သို့ ထိုသော့ကို ဖိချလိုက်သည်။ ထိုအခါ တံခါးတစ်လျှောက် စွမ်းအင်များ လည်ပတ်သွားသည်။ ဖုံးကွယ်ထားသော အစီအရင် များ အသက်ဝင်လာသည်နှင့်အမျှ သတ္တုပြားပေါ်တွင် မျဉ်းကြောင်းများ လင်းလက်လာခဲ့သည်။
ကိုယ်ပိုင် အစီအရင် စက်ဝိုင်းများ အသီးသီး ပါရှိသော အစွန်းတစ်လျှောက်ရှိ မူလီများသည် သူတို့၏ နေရာများမှ လည်ထွက်လာကြသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းတို့သည် မြေကြီးပေါ်သို့ ပြုတ်ကျသွားကြသည်။ ထို့နောက် အထူစား သတ္တုပြားကြီးသည် အသံမမြည်ဘဲ ပွင့်ဟသွားလေသည်။
ရန်ဖေး သည် တံခါးပေါက်မှတစ်ဆင့် ဝင်ရောက်သွားပြီး ပိုင်ရို က သူမနောက်မှ ခေါင်းငုံ့ကာ လိုက်ပါသွားသည်။
လိမ်ယှက်နေသော မြူခိုးများရှိရာ အခန်းတစ်ခုအတွင်းသို့ သူတို့ ရောက်ရှိသွားကြသည်။ မြူခိုးများကြားတွင် ပုံရိပ်များသည် လှည့်ပတ်ကာ ပျောက်ကွယ်သွားသကဲ့သို့ ရှိနေသည်။ သူမ၏ ကြားသိနိုင်စွမ်း အစွန်းအဖျားတွင်လည်း အသံများက ခြောက်လှန့်နေသည်။ ကလေးငယ်များ၏ တီးတိုးစကားပြောသံများ၊ မောင်းခတ်သံ တစ်ခုနှင့် ငှက်တစ်ထောင်ခန့်၏ အော်မြည်သံများကဲ့သို့ အရာများကို သူမ ကြားနေရသည်။
သူမနှင့် ပိုင်ရို တို့သည် ဤဝင်္ကပါအတွက် အစောင့်အရှောက် သော့ များကို သယ်ဆောင်ထားကြသည့်အတွက် ထိုထင်ယောင်ထင်မှားဖြစ်မှုများကို လျစ်လျူရှုရန် လွယ်ကူလှသည်။ သူတို့နှစ်ဦးသည် မြူခိုးများကိုသာ မြင်တွေ့ရပြီး အဝေးမှ အသံများကိုသာ ကြားရသည်။ သို့သော် အစောင့်အရှောက် သော့ မရှိသော မည်သူမဆို ယုံကြည်လောက်ဖွယ် ကောင်းသော ထင်ယောင်ထင်မှား မြင်ကွင်းများထဲတွင် ကျော့ကွင်းမိသွားပေလိမ့်မည်။
သူတို့သည် လက်ရန်းမပါသော တံတားကျဉ်းလေး တစ်ခုကို ဖြတ်လျှောက်သွားကြသည်။ တံတား၏ တစ်ဖက်တစ်ချက်စီတွင် မတ်စောက်သော ချောက်ကမ်းပါးကြီး ရှိနေသည်။
အောက်ခြေမရှိသကဲ့သို့ ထင်ရသော်လည်း လေထုနှင့် အမှောင်ထုသက်သက်ထက် ပိုသောအရာများ အောက်ခြေ၌ စောင့်ကြိုနေကြောင်း ရန်ဖေး သိထားသည်။ ဤကမ္ဘာ၏ လှည့်စားမှုများတွင် ပိတ်မိနေသူ မည်သူမဆို အောက်ခြေသို့ ရောက်ရှိသွားမည့် အချိန်အထိသာ အသက်ရှင်နိုင်မည် ဖြစ်သည်။ ထိုနေရာသို့ ရောက်သည်နှင့် အသင့်စောင့်ကြိုနေသော အရာများ၏ ဝါးမြိုခြင်းကို ခံကြရပေလိမ့်မည်။
"ဒါကတော့ လွန်လွန်းနေပြီ..."
ပိုင်ရို က ပြောလိုက်သည်။ သူ၏ သြရှရှ အသံကြီးက တီးတိုးအသံများကို လွှမ်းမိုးသွားသည်။
"သူ့ကို လုံခြုံအောင် ထိန်းသိမ်းထားဖို့ကတော့ လွန်လွန်းနေပါတယ်..."
ရန်ဖေး က ပြန်ဖြေလိုက်သည်။
"ဒါပေမဲ့ သူ့ကို အထီးကျန်ဖြစ်အောင် လုပ်ထားဖို့တော့ မလုံလောက်သေးဘူး..."
"မလုံလောက်ဘူး ဟုတ်လား..."
သူမက သက်ပြင်းချလိုက်သည်။
"မလုံလောက်ဘူးဆိုတာ နင်လည်း သိသားပဲ...”
နောက်ထပ် တံခါးမှာ သစ်သားတံခါးဖြစ်ပြီး ရိုးရှင်းသော သော့ခလောက်နှင့် သော့တံကို အသုံးပြု၍ ဖွင့်ရလေသည်။ ထိုတံခါးကို သူမ ဖွင့်လိုက်သောအခါ မှောင်မိုက်နေသော ကျောက်တုံးအခန်း တစ်ခန်းအတွင်းသို့ ရောက်ရှိသွားသည်။ ထိုအခန်းသည် ထင်ယောင်ထင်မှား အခန်းထဲမှ စီးဆင်းလာသော အလင်းရောင်ဖြင့်သာ လင်းထိန်နေသည်။ အခန်း၏ အဆုံးတွင် သွေးရောင်ခြယ် ခြင်္သေ့တစ်စုံ စောင့်ကြိုနေလေသည်။ ၎င်းတို့၏ မျက်လုံးများထဲတွင် မီးခဲများ တောက်လောင်နေပြီး လည်ချောင်းများအတွင်း၌လည်း မီးတောက်များ စုစည်းနေကြသည်။ ၎င်းတို့မှာ ဤအခန်းကို ကာကွယ်ရန် ချိတ်ပိတ်ထားသော ဝိညာဉ်အကြွင်းအကျန် များပင် ဖြစ်သည်။
ထိုဝိညာဉ်အကြွင်းအကျန် များသည် ဤနေရာတွင် စတင် အကျဉ်းချခံရစဉ်က အစစ်အမှန် ရွှေအဆင့် တွင် ရှိနေခဲ့သည်။ သို့သော် ၎င်းတို့ကို ပိုမို ကြောက်မက်ဖွယ်ကောင်းလာစေရန် အပတ်စဉ် အစာကျွေးမွေးထားခဲ့သည်။ အကယ်၍ သူမနှင့် ပိုင်ရို တို့သာ ၎င်းတို့ကို တိုက်ခိုက်ဖြတ်ကျော်ရမည် ဆိုပါက သူတို့ လုပ်နိုင်ကောင်း လုပ်နိုင်ပေမည်။ သို့ရာတွင် သူတို့အနေဖြင့် ကြီးမားသော ပေးဆပ်မှုများကိုတော့ ပြုလုပ်ရပေလိမ့်မည်။
ကံကောင်းထောက်မစွာဖြင့် ဝိညာဉ်အကြွင်းအကျန် များက သူတို့ကို မှတ်မိသွားပြီး လမ်းဖယ်ပေးခဲ့သည်။ ထို့ကြောင့် သူတို့ ဖြတ်လျှောက်သွားခွင့် ရခဲ့သည်။ သို့တိုင်အောင် ထိုအရာက တင်းမာမှုကိုတော့ လျော့ကျမသွားစေခဲ့ပေ။ ၎င်းတို့ထံမှ အပူရှိန်က သူမကို မီးဖိုတစ်ခုထဲတွင် ပိတ်လှောင်ခံထားရသကဲ့သို့ ဖိစီးနေသည်။ ထို့ပြင် ၎င်းတို့၏ စူးရှပူလောင်သော အကြည့်များက ယဉ်ပါးနေသည့်ပုံစံ လုံးဝမပေါ်ပေ။ သူမ၏ လက်ချောင်းထိပ်များဖြင့် ခါးမှ တူ ကို အသာအယာ ထိတွေ့လိုက်သည်။
ဝိညာဉ်အကြွင်းအကျန် များကို ချည်နှောင်ထားနိုင်သော်လည်း ၎င်းတို့၏ အပြုအမူများကိုမူ ကြိုတင်ခန့်မှန်း၍ မရနိုင်ချေ။ ဤအရာများသည် လောကကြီးအပေါ်၌ တောက်ပသော အရောင်အသွေးများဖြင့် ရေးဆွဲထားသည့် ဝဲဂယက်များနှင့် တူညီနေသည်။ ၎င်းတို့၏ မျက်လုံးများမှာ မီးလုံးကြီးများအလား တောက်လောင်နေသည်။ ထိုခြင်္သေ့များက သူမကို စူးစူးရဲရဲ စိုက်ကြည့်နေကြသည်။ ထို့ကြောင့် နောက်ဆုံးတွင် သူတို့နှင့်များ တိုက်ခိုက်ရမလား ဟူ၍ သူမ တွေးတောနေမိသည်။
ရေနှင့် အိပ်မက်ဆိုးများသဖွယ် ဖြစ်နေသော ပိုင်ရို ၏ မာဒြာ များ သူမ၏ အနောက်ဘက်၌ စုစည်းလာသည်ကို သူမ ခံစားသိရှိနိုင်သည်။ သူမကိုယ်တိုင်လည်း တိမ်တိုက် တူ မာဒြာ များကို လှည့်ပတ်စုစည်းနေမိကြောင်း သတိပြုမိသွားသည်။ ထို့ကြောင့် သူမ၏ ခြေလှမ်းများကို ခပ်သွက်သွက် လျှောက်လိုက်လေသည်။
နောက်ထပ် တံခါးမှာ အလေးချိန်စီးသော ကျောက်တုံးဖြင့် ပြုလုပ်ထားပြီး ကြမ်းတမ်းသော ခွန်အားကို သုံး၍သာ ရွှေ့နိုင်ပေသည်။ ဤတံခါးမှာ လုံခြုံရေး အားအနည်းဆုံး ဝင်ပေါက်ဖြစ်နိုင်သော်လည်း ဖြည်းဖြည်းချင်းသာ ဖွင့်နိုင်ရန် ဖန်တီးထားခြင်း ဖြစ်သည်။ ခြင်္သေ့များကို လျစ်လျူရှုကာ ထိုတံခါးကို ဖွင့်ရန် ကြိုးစားသူ မည်သူမဆို ထိုနေရာတွင် ပိတ်မိပြီး အချိန်ကြန့်ကြာသွားမည် ဖြစ်သည်။
ဤအခန်းသည် ရေ အော်ရာ များဖြင့် ပြည့်နှက်နေသည်။ စိမ်းဖျော့ဖျော့ ရေတံခွန်တစ်ခုက ခန်းမကို နှစ်ခြမ်း ခွဲခြားထားလေသည်။ ၎င်းသည် အမှန်တကယ်တော့ ရေ မဟုတ်ပေ။ အရည်အသွေးပြောင်းနေသော မာဒြာ များသာ ဖြစ်သည်။ သေမင်းနှင့် အဆိပ်အနှစ်သာရများ ပေါင်းစပ်ထားသော ရေပင် ဖြစ်လေသည်။ အလွန်တရာ ဆိုးရွားယုတ်မာသော ပေါင်းစပ်မှုပင် ဖြစ်သည်။
အကျဉ်းထောင်မှ ထောက်ပံ့ပေးထားသော မှော်ပစ္စည်း တစ်ခုက သူတို့ကို ဤနေရာမှ ဖြတ်သန်းခွင့် ပြုထားသည်။ ၎င်းသည် ထိုတိကျသော မာဒြာ လမ်းစဉ် ကို တွန်းလှန်ပေးနိုင်သည့် ကိုယ်ပိုင် အကာအကွယ် တစ်ခုဖြစ်သည်။ အကာအကွယ်ကို အပြည့်အဝ ခံစားနေရသော်လည်း အစိမ်းရောင် ရေတံခွန်ကို ဖြတ်လျှောက်သွားချိန်တွင် ရန်ဖေး မှာ စိုးရိမ်ထိတ်လန့်နေဆဲ ဖြစ်သည်။ ပိုင်ရို အနေဖြင့် ဤအရည်နှင့် ထိတွေ့မိပါက အသက်ရှင်ကျန်ရစ်နိုင်ပေသည်။ သို့ရာတွင် သူမဆိုပါက သေချာပေါက် သေဆုံးသွားမည် ဖြစ်သည်။
နောက်ထပ် အခန်းတွင်မူ လုံခြုံရေး မှော်ပစ္စည်း များဖြင့် ပြည့်နှက်နေလေသည်။ ကြမ်းပြင်သည် ရေးထွင်းထားသော စက်ဝိုင်းများဖြင့် ပင့်ကူအိမ်သဖွယ် ဖြစ်နေသည်။ ဝိညာဉ်အကြွင်းအကျန် အစိတ်အပိုင်းများဖြင့် ပြုလုပ်ထားသော တောက်ပသည့် ကိရိယာများကို နံရံတိုင်းနှင့် ခေါင်မိုးပေါ်တွင် ကပ်ထားသည်။ နံရံတစ်ခုတွင် ကပ်နေသော ကြွက်သားကဲ့သို့ မာဒြာ အစုအဝေးများထဲမှ ခရမ်းရောင် ရိုးတံများပေါ်ရှိ မျက်လုံးများ ထွက်ပေါ်လာကာ သူတို့ကို စစ်ဆေးကြည့်ရှုနေကြသည်။ ခေါင်မိုးပေါ်တွင် ဆူးချွန်ပါသော အမြီးများ၊ ဆုပ်ကိုင်ထားသော လက်သည်းများ၊ မီးပွားများ ထွက်နေသော အစွယ်များနှင့် သူမ ခွဲခြားမသိနိုင်သော အစိတ်အပိုင်းများက ပြည့်နှက်နေသည်။ သို့ရာတွင် ၎င်းတို့အားလုံးထဲရှိ တိုက်ခိုက်သူ အမြုတေကြိုး များ၏ စွမ်းအင်ကိုမူ သူမ ကောင်းစွာ အာရုံခံသိရှိနေသည်။
အကယ်၍ သူတို့အောက်ရှိ အစီအရင် များသာ အသက်ဝင်သွားပါက ထို မှော်ပစ္စည်း များသည် အဆင့်နိမ့် အရှင်သခင် တစ်ပါးကိုပင် ပြာကျသွားစေနိုင်လောက်သည့် စွမ်းအင်များကို ထုတ်လွှတ်ပေးမည် ဖြစ်သည်။
အချိန်တိုင်းတွင် သူမ၏ နှလုံးခုန်နှုန်းများ မြန်ဆန်လာခဲ့သော်လည်း သူတို့သည် နောက်တစ်ကြိမ် ထပ်မံ၍ ဖြတ်သန်းခွင့် ရခဲ့ပြန်သည်။
"ကျူးကျော်ဝင်ရောက်ထားတဲ့ လက္ခဏာ မတွေ့ရဘူး..."
သူတို့ နောက်ဆုံး တံခါးဆီသို့ ချဉ်းကပ်သွားချိန်တွင် ပိုင်ရို က မှတ်ချက်ချလိုက်သည်။
"ပြီးခဲ့တဲ့ အကြိမ်တုန်းကလည်း ဘာလက္ခဏာမှ မရှိခဲ့ပါဘူး..."
သူမက ပြန်ပြောလိုက်သည်။
"ဒီတစ်ခါတော့ မတူဘူးလေ..."
ဤကာကွယ်ရေး အစီအမံများကို ဖောက်ထွင်းဝင်ရောက်နိုင်မည်ဟု သူမ တွေးပင်မတွေးဝံ့ကြောင်း ရန်ဖေး ဝန်ခံရမည် ဖြစ်သည်။ သူတို့၏ အကျဉ်းသားသည် ကိုယ်တိုင်က သိပ်ပြီး အန္တရာယ်ရှိလှသည်တော့ မဟုတ်ပေ။ သူ့ထံမှ အခြားသူများကို ကာကွယ်ရန်ထက် နိုင်ငံရေးအရ သတိပေးသည့်အနေဖြင့် သူ့ကို ချုပ်နှောင်ထားခြင်းက ပို၍ များသည်။
စကိုင်းဆွန်း တပ်ဖွဲ့သည် သူ့ကို သီးသန့်ခွဲထားရန် အမိန့်ရရှိထားသော်လည်း ထိုကိစ္စမှာ သူတို့ထင်မှတ်ထားသည်ထက် ပို၍ ခက်ခဲကြောင်း သက်သေပြခဲ့ပြီးဖြစ်သည်။ သူတို့ သူ့ကို မည်သည့်နေရာတွင် ထားရှိပါစေ မည်မျှပင် လျှို့ဝှက်စွာ ကာကွယ်ထားပါစေ ရက်ပိုင်းအတွင်းမှာပင် ဖောက်ထွင်းဝင်ရောက်ခြင်း ခံခဲ့ရသည်။
ဤတစ်ကြိမ်တွင်မူ သူတို့၏ အဆင့်နိမ့် အရှင်သခင် ၏ ခွင့်ပြုချက်ဖြင့် သူ့ကို မသေစေဘဲ ထိန်းသိမ်းထားနိုင်မည့် အထီးကျန်ဆုံး နေရာ၌ ထားရှိခဲ့သည်။ သူမကိုယ်တိုင် လုံခြုံရေးများကို ဖြတ်သန်းလာခဲ့ရပြီးနောက်တွင် သော့များ မပါဝင်ဘဲ မည်သူတစ်ဦးတစ်ယောက်ကမျှ ထိုအစီအမံ တစ်ခုချင်းစီကို ဖြတ်သန်းသွားနိုင်မည်ဟု သူမ မတွေးတောတတ်တော့ကြောင်း ဝန်ခံရပေမည်။ သို့မဟုတ်ပါကလည်း နံရံတစ်ခုချင်းစီတိုင်းကို အစဉ်လိုက် ဖောက်ထွင်းဖျက်ဆီးပစ်မှသာ ရနိုင်ပေလိမ့်မည်။
ဒီတစ်ကြိမ်တော့ မတူလောက်တော့ဘူးဟု သူမ တွေးလိုက်မိသည်။
သို့သော် သူမ ထင်သကဲ့သို့ ဖြစ်မလာခဲ့ပေ။
***
အပိုင်း(၂၇၀)
ဤအကျဉ်းခန်းသည် သာမန်နည်းလမ်းများဖြင့် ကွပ်မျက်၍မရနိုင်သော အမြင့်ဆုံးအဆင့်ရှိ လုံခြုံရေးအရ အန္တရာယ်ဖြစ်စေသူများအတွက် မူလက ရည်ရွယ်တည်ဆောက်ထားခြင်း ဖြစ်သည်။ ၎င်း၏ တံခါးတွင် ငွေတစ်ဝက် သတ္တုကြောများ စီးဆင်းနေသည်။ အခန်းကိုယ်နှိုက်ကလည်း ကျယ်ဝန်းပြီး လင်းထိန်နေလေသည်။ အခန်း၏ အလယ်ဗဟို၌ သီးခြား အကျဉ်းထောင်တစ်ခု ရှိနေသည်။ ၎င်းမှာ သံတိုင်များဖြင့် ပြုလုပ်ထားသော လှောင်ချိုင့်တစ်ခုဖြစ်ပြီး နံရံတစ်ခုစီမှ အနည်းဆုံး ပေနှစ်ဆယ်ခန့် ကွာဝေးသည်။
ထိုလှောင်ချိုင့်သည် အကျဉ်းသားတစ်ဦးအတွက် အတော်အသင့် ကျယ်ဝန်းသည်။ အထဲတွင် ကုတင်တစ်လုံး၊ ကုလားထိုင်တစ်လုံး ပါရှိသည်။ ထို့ပြင် တစ်နေ့လျှင် နှစ်ကြိမ် သူ၏ အညစ်အကြေးများကို ဆေးကြောဖယ်ရှားပေးသည့် ရေ မှော်ပစ္စည်း ပါဝင်သော တွင်းတစ်တွင်းလည်း ရှိလေသည်။ အကျဉ်းသားတစ်ဦးအတွက် မရှိနိုင်သောအရာမှာ သီးသန့်လွတ်လပ်ခွင့်ပင် ဖြစ်သည်။ အခန်းထဲသို့ ဝင်လာသူ မည်သူမဆို သံတိုင်များ၏ ဟာကွက်များမှတစ်ဆင့် အရာအားလုံးကို ထောင့်စုံမှ မြင်တွေ့နိုင်မည် ဖြစ်သည်။
သံတိုင်များတွင်ပင် ငွေတစ်ဝက် အစက်အပြောက်များ ပါဝင်နေသည်။ အင်ပါယာသည် ဤနေရာကို တည်ဆောက်ရန်အတွက် ငွေကြေးမြောက်မြားစွာ အကုန်အကျခံခဲ့ရသည်။ ၎င်းကို စွမ်းအင်ပေးရန်နှင့် ပြုပြင်ထိန်းသိမ်းရန်အတွက်လည်း ငွေကြေးအမြောက်အမြား ထပ်မံ သုံးစွဲခဲ့ရလေသည်။
ဝေ့ရှီလင်းတုန်း အာရီလီယပ် သည် ထိုသံတိုင်များ၏ အပြင်ဘက်တွင် ရပ်နေသည်။ သူ၏ အဖြူရောင် ကျင့်ကြံသူ ဝတ်ရုံ မှာ စုတ်ပြဲပြီး ပွန်းပဲ့နေလေသည်။ သူသည် ခြေဖျားထောက်ကာ ရပ်နေပြီး ကာကွယ်သူ နည်းစနစ် တစ်ခုဖြင့် သူ၏ ခန္ဓာကိုယ်အတွင်း မာဒြာ များကို စီးဆင်းစေထားသည်။ ကွဲနေသော နှုတ်ခမ်းဆီမှလည်း သွေးများ စီးကျနေလေသည်။
သူ၏ မျက်လုံးများသည် ရန်ဖေး ပထမဆုံး မြင်တွေ့ခဲ့ရစဉ်ကကဲ့သို့ အမည်းနှင့် အနီရောင်များ ရောယှက်မနေတော့ပေ။ ယခုအချိန်တွင် သူသည် ထိုမျှလောက် ကြောက်မက်ဖွယ် မကောင်းတော့ချေ။ သို့သော် သူမအနေဖြင့် ဥပဒေချိုးဖောက်သူများနှင့်သာ ဆက်စပ်တွေးတောမိသော ကြမ်းတမ်းသည့် အသွင်အပြင်မျိုး သူ့ထံတွင် ရှိနေဆဲဖြစ်သည်။ သူသည် ပျော်ရွှင်မှုအတွက် ပြဿနာရှာ တိုက်ခိုက်တတ်သော လူငယ်တစ်ဦးနှင့် တူနေလေသည်။
ပြီးခဲ့သည့် လအနည်းငယ်အတွင်း သူနှင့် ဆက်ဆံခဲ့ရမှုများအပေါ် မူတည်၍ သူသည် လက်တွေ့တွင် လုံးဝဆန့်ကျင်ဘက်ဖြစ်ကြောင်း သူမ တဖြည်းဖြည်း နားလည်လာခဲ့သည်။ သူသည် ပြဿနာကောင် တစ်ယောက်ဆိုသည်မှာတော့ သေချာသည်။ သို့ရာတွင် အလွန်ကွဲပြားခြားနားသော အမျိုးအစား တစ်ခုသာ ဖြစ်လေသည်။
သူသည် လှောင်ချိုင့်ထဲတွင် ရှိနေရမည့်သူ ဖြစ်သည်။ သို့သော် သူ မည်သို့ အပြင်ရောက်နေသနည်း ဆိုသည်ကို သူမ မအံ့သြမိတော့ပေ။ ထိုအစား အခြားလူများအားလုံး မည်သို့ ဝင်ရောက်လာကြသနည်း ဟူ၍သာ သူမ တွေးတောနေမိသည်။ ဤသို့ တွေးမိခြင်းမှာလည်း ပထမဆုံးအကြိမ် မဟုတ်တော့ချေ။
ယီရင် အာရီလီယပ် သည် လင်းတုန်း ၏ မျက်နှာချင်းဆိုင်တွင် ရပ်နေသည်။ သူမ၏ လက်တစ်ဖက်တွင် ဖြူဖျော့သော ဓားတစ်လက်ကို ပေါ့ပေါ့ပါးပါး ကိုင်ဆောင်ထားသည်။ စကိုင်းဆွန်း တပ်ဖွဲ့သည် သူတို့နှစ်ဦးကြားရှိ လေ့ကျင့်ရေး အစီအစဉ်ကို နှောင့်ယှက်လိုက်မိသည်မှာ သေချာလှသည်။ သူတို့သည် တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင်နေကြသည်။ လင်းတုန်း တွင် နှုတ်ခမ်းကွဲနေရုံသာမက အခြားသော ပြတ်ရှဒဏ်ရာ အနည်းငယ်လည်း ရှိနေသေးသည်။
ရန်ဖေး မြင်နိုင်သလောက်တော့ သူမတွင် ဒဏ်ရာတစ်ချက်မျှ မရထားပေ။ အနည်းဆုံးတော့ ဤတိုက်ခိုက်မှုတွင် ဖြစ်သည်။ ယီရင် ၏ အသွင်အပြင် တစ်ခုလုံးသည် အရှုံးနှင့် အနိုင် တိုက်ပွဲများ၏ မြေပုံတစ်ခုအလား ဖြစ်နေသည်။ သူမ၏ အရေပြားပေါ်တွင် ပါးလျသော အမာရွတ်များက ကြက်ခြေခတ် ယှက်နွယ်နေသည်။ အမည်းရောင် ဝတ်ရုံမှာလည်း ပြတ်ရှကာ စုတ်ပြဲနေပြီး ဆံပင်များကို မျက်လုံးအထက်တွင် ဖြောင့်တန်းစွာ ညှပ်ထားလေသည်။
ငွေရောင် လက်တံတစ်စုံက သူမ၏ အနောက်ဘက်မှ ဆန့်ထွက်လာပြီး ပခုံးတစ်ဖက်စီ၏ အထက်တွင် ဓားသွားများအဖြစ် ပြားချပ်နေသည်။ ၎င်းမှာ သူမ၏ ရွှေအဆင့် အမှတ်အသား ပင်ဖြစ်သည်။ သက်ဝင်လှုပ်ရှားနေသော အနီရောင် မာဒြာ ကြိုးတစ်ချောင်းကို သူမ၏ ခါးတွင် ရစ်ပတ်ထားသည်။ ကျောဘက်တွင်တော့ ရှုပ်ထွေးသော အထုံးတစ်ခုကို ပြုလုပ်ထားလေသည်။
ရန်ဖေးသည် သူမ၏ ဝိညာဉ်အာရုံကို အလိုအလျောက်ပင် အဝေးသို့ ဖယ်ရှားထားလိုက်သည်။ ထိုကြိုးသည် သွေး အော်ရာ များဖြင့် ပြည့်နှက်နေသောကြောင့် ဖြစ်သည်။
အခန်း၏ အနောက်ဘက်တွင် အမည်းရောင် လိပ်ကြီးတစ်ကောင် စောင့်ဆိုင်းနေသည်။ ၎င်းသည် ခေါင်းမှ အမြီးအထိ မြင်းတစ်ကောင်စာခန့် ရှည်လျားသည်။ အခွံ၏ အမြင့်ဆုံးနေရာသည် လူတစ်ရပ်ခန့် မြင့်မားလေသည်။ အော်သို သည် အနီရောင် စက်ဝိုင်းများ တောက်လောင်နေသော အမည်းရောင် မျက်လုံးများဖြင့် သူမကို ကြည့်လိုက်သည်။ ထို့နောက် မီးခိုးများ မှုတ်ထုတ်လိုက်ပြီး သူမကို လျစ်လျူရှုထားလိုက်သည်။
သူ၏ လိပ်ခွံအကွက်များအတွင်း၌ မှိုင်းညို့နေသော အနီရောင် အလင်းတန်းများ လင်းလက်နေသည်။ သေလုဆဲဆဲ မီးတောက်တစ်ခုမှကဲ့သို့ မီးခိုးငွေ့များက သူ၏ ကိုယ်ပေါ်မှ လွင့်ပျံနေလေသည်။ သူမ ကြည့်နေစဉ်မှာပင် ၎င်းသည် လည်ပင်းကို ဆန့်ထုတ်ကာ အနီးနားရှိ ကျောက်တုံးကို ကိုက်စားလိုက်လေသည်။
ဖစ်ရှာဂီရှာသည်သာ စကိုင်းဆွန်း တပ်ဖွဲ့ကို ရိုသေလေးစားစွာ နှုတ်ဆက်သော တစ်ဦးတည်းသော သူဖြစ်သည်။ သူမသည် မတ်တတ်ရပ်ကာ လက်သီးများကို ဆုပ်၍ အရိုအသေပေးလိုက်လေသည်။ ထိုအဘွားအိုသည် သေးကွေးပြီး အလွန်အမင်း အရေပြားများ တွန့်လိပ်နေသည်။ ဆံပင်များကိုတော့ တင်းကျပ်သော ဆံထုံးတစ်ခုအဖြစ် ထုံးဖွဲ့ထားလေသည်။
သူမသည် ကျောဘက်တွင် ချွန်ထက်သော ရွှေမဏိ ချိတ်တစ်ခုကို လွယ်ထားသည်။ ထိုလက်နက်သည် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးနီးပါးခန့် ကြီးမားလေသည်။ သူမ၏ ဝတ်ရုံအောက်ခြေမှ ရှည်လျားသော ခရမ်းရောင် ပင့်ကူခြေထောက်များ ဆန့်ထွက်နေသည်။ ၎င်းမှာ သူမ၏ အကူ ယန္တရား ရှိနေခြင်း၏ သက်သေပင်ဖြစ်သည်။ ဖစ်ရှာ ရွှေအဆင့် အမှတ်အသား ဖြစ်သော သူမ၏ လက်ချောင်းများကြားရှိ မာဒြာ ပင့်ကူအိမ်များကိုမူ ဤအကွာအဝေးမှနေ၍ သဲသဲကွဲကွဲ မြင်ရရန် ခက်ခဲလှသည်။ ထိုအရာက လက်ချောင်းများကို ဘဲခြေကဲ့သို့ တဖြည်းဖြည်း ဖြစ်လာစေသည်။
ရန်ဖေးသည် သူမကို လင်းတုန်း နှင့် ပထမဆုံးအကြိမ် တွေ့ရှိပြီးနောက် ဂီရှာ ၏ နောက်ခံရာဇဝင်ကို စစ်ဆေးခဲ့ဖူးသည်။ ထိုအမျိုးသမီးသည် သာမန် အဆင့်မြင့် ရွှေအဆင့် ဝိညာဉ်ပန်းပဲဆရာ တစ်ဦးဖြစ်သည်။ အနောက်ဘက်ရှိ အလှမ်းဝေးသော လူသူကင်းမဲ့သော တောရိုင်းမြေ တွင် သူမ၏ ဘဝတစ်သက်တာလုံးကို ကုန်ဆုံးခဲ့သူ ဖြစ်သည်။ သူမနှင့် ပတ်သက်၍ ထူးဆန်းသောအရာ တစ်ခုခုရှိနေပါက ၎င်းသည် အင်ပါယာ၏ အလယ်ဗဟို၌ သူမကို တွေ့ရှိရခြင်းပင် ဖြစ်သည်။
အလွန်တောက်ပလွန်းသဖြင့် အစစ်အမှန်မဟုတ်ဟု ထင်ရသော တောက်ပသည့် အရောင်အသွေးရှိသည့် ခန္ဓာကိုယ် အစိတ်အပိုင်းများကို ဖစ်ရှာ ဂီရှာ ၏ အနောက်ဘက် ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲထားလေသည်။
ရန်ဖေး ဝင်လာချိန်တွင် နှုတ်ဆက်ရန် အတွက် ထိုဝိညာဉ်အကြွင်းအကျန် အစိတ်အပိုင်းများကို သူမက ပစ်ချထားခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ကို ပစ်ထားလိုက်ချိန်တွင် အစိတ်အပိုင်းများသည် ထူးဆန်းစွာ ပြုမူလာကြသည်။ လက်သည်းတစ်ခုသည် စက်ဝိုင်းပုံစံ လျှောက်သွားနေပြီး နီလာရောင် ဆံပင်တစ်စုသည် ပျောက်ကွယ်သွားလုမတတ် မှေးမှိန်လာသည်။ လိမ်ယှက်နေသော ခရမ်းရောင် အူကလီစာ အခွေတစ်ခုမှာမူ လွတ်မြောက်ရန် ကြိုးစားနေသည့်အလား ၎င်း၏ အာရုံခံနှာမောင်းတစ်ခုကို ဆန့်ထုတ်လာလေသည်။
သူမသည် ဝိညာဉ်ပန်းပဲဆရာ တစ်ဦးအဖြစ် အလုပ်လုပ်ရန် ဤနေရာသို့ ရောက်နေခြင်းလော။ သို့တည်းမဟုတ် အချိန်ဖြုန်းရန်အတွက် သူမ၏ ကျွမ်းကျင်ရာကို လုပ်ဆောင်နေခြင်းသာလော။
တစ်ချိန်တည်း၌... အမျိုးသားတစ်ဦးသည် ပန်းချီကားချပ်စင်နှင့် ဆွဲလက်စ အရောင်အသွေးများရှေ့မှ နောက်သို့ မှီချလိုက်သည်။ သူ၏ လက်တစ်ဖက်တွင် စုတ်တံကို ကိုင်ထားပြီး အခြားတစ်ဖက်တွင်မူ ဆေးရောင်များပါသော မြေစေးပန်းကန်လုံး အတိမ်တစ်ခုကို ကိုင်ဆောင်ထားလေသည်။ လင်းလက်တောက်ပသော အပြုံးတစ်ခုနှင့်အတူ သူသည် သူမဘက်သို့ လှည့်လာခဲ့သည်။
အသက်ရှူနှုန်းနှင့် မာဒြာ စီးဆင်းမှုများကို တည်ငြိမ်စေရင်း ရန်ဖေး သည် သူ၏ မျက်လုံးများကို ဆုံကြည့်လိုက်လေသည်။
အီသန် အာရီလီယပ်သည် တောက်ပသော အပြာရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သို့သော် ဆေးရောင်များ စင်လာခြင်းမှ ကာကွယ်ရန် သူ၏ ကော်လာအတွင်းသို့ ရှည်လျားသော တဘက်တစ်ထည်ကို ထည့်သွင်းထားလေသည်။ သူ၏ ရွှေရောင် ဆံပင်များသည် ကျောပြင်ထက်တွင် လွတ်လပ်စွာ ကျဆင်းနေသည်။ သူ၏ အပြုံးသည်လည်း တောက်ပနေပြီး ကာလရှည်ကြာ ကွဲကွာနေသော သူငယ်ချင်းဟောင်း တစ်ယောက်ကို ပြန်တွေ့လိုက်ရသည့်အလား မျက်လုံးများကလည်း အရောင်လက်နေလေသည်။
သေးငယ်သော အပြာရောင် ဝိညာဉ် လေးတစ်ခုက သူ၏ ခေါင်းပေါ်တွင် တွယ်ကပ်နေသည်။ ၎င်းသည် ရန်ဖေး နှင့် ပိုင်ရို တို့ကို ကလေးဆန်သော စပ်စုမှုဖြင့် ခေါင်းစောင်းကာ ကြည့်ရှုနေလေသည်။ ၎င်းသည် သမုဒ္ဒရာရေပြင်ကဲ့သို့ ပြာလဲ့နေပြီး လက်တစ်ဖက်စာ အရွယ်အစားခန့်ရှိသော မိန်းကလေး တစ်ဦးနှင့် တူလေသည်။ ဝတ်စုံတစ်ခုကဲ့သို့ ဖြစ်နေသော ခြေထောက်များမှလွဲ၍ သူမ၏ အသေးစိတ် အသွင်အပြင်များမှာ လူသားတစ်ဦးနှင့် တူညီနေသည်။
"အာ... စကိုင်းဆွန်း တွေပါလား၊ ဒီနေ့ ကျွန်တော်တို့နဲ့ လာပူးပေါင်းပေးလို့ ဝမ်းသာလိုက်တာဗျာ..."
"ဘယ်လိုလုပ်ပြီး..."
ပိုင်ရို က အံ့သြတကြီး မေးလိုက်သည်။
အီသန် က သူ၏ စုတ်တံကို ဝှေ့ယမ်းလိုက်သည်။
"ငယ်ငယ်တုန်းက ပန်းချီသင်တန်း တက်ခဲ့ဖူးတယ်လေ၊ ဒါပေမဲ့ ကျွန်တော် မျှော်လင့်ထားသလောက်တော့ မြန်မြန်ဆန်ဆန် ပြန်မမှတ်မိသေးဘူးဆိုတာ ဝန်ခံရပါလိမ့်မယ်..."
"ဒီနေရာကို ဘယ်လိုရောက်နေတာလဲ..."
ရန်ဖေးက သူမ၏ မူလ မေးခွန်းကို ပြန်လည်၍ ဦးတည်လိုက်သည်။ ဤမေးခွန်းမှ သူ့ကို ရှောင်ထွက်သွားခွင့် သူမ မပေးနိုင်ပေ။
အလွန် သာမန်ဖြစ်သော မြေအောက်အကျဉ်းထောင်မှသည် အဆင့်နိမ့် အရှင်သခင် ကိုယ်တိုင်၏ ဘေးကင်းရာ နေအိမ်အထိ... လင်းတုန်း ကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားပါစေ အီသန် အာရီလီယပ် နှင့် အခြားသူများက သူတို့ကို အမြဲတမ်း စောင့်ကြိုနေသည်ကို တွေ့ခဲ့ရသည်။ မည်သည့် လုံခြုံရေး အစီအမံကိုမျှ နှောင့်ယှက်ဖျက်ဆီးထားခြင်း မရှိပေ။ ထို့ပြင် သူတို့အတွက် မည်သည့် ကြိုးစားအားထုတ်မှုမျှ ပြုလုပ်ခဲ့ရသည့် လက္ခဏာမျိုးလည်း မတွေ့ရချေ။
အာရီလီယပ်တို့၏ သွေးမျိုးဆက် စွမ်းအားများက အစကတည်းက သူတို့ကို မည်သို့ ရှာဖွေတွေ့ရှိခဲ့သနည်း ဆိုသည်ကို ရှင်းပြနိုင်ကောင်း ရှင်းပြနိုင်ပေမည်။ သို့သော် ထိုရှင်းပြချက်ကပင် ယုံကြည်နိုင်ရန် ခက်ခဲလှသည်။ တစ်ခါတစ်ရံတွင် လင်းတုန်း ကို ကွဲပြားခြားနားသော မြို့များဆီသို့ သူတို့ ပြောင်းရွှေ့ခဲ့ကြသည်။ အီသန်သည် အချိန်တိုင်း သူတို့ကို ရိုးရှင်းစွာ အာရုံခံကာ လိုက်လာနိုင်သည်ဟု ယူဆလျှင်တောင်မှ အဆင့်နိမ့် အရှင်သခင် တစ်ပါး အနေဖြင့် ဤနေရာ၏ လုံခြုံရေးကိုတော့ ဖောက်ဖျက်နိုင်စွမ်း မရှိသင့်ပေ။ ၎င်းသည် အဆင့်လတ် အရှင်သခင် များကို ချုပ်နှောင်ထားရန် တည်ဆောက်ထားခြင်း ဖြစ်သည်။
ဤနေရာတွင် လှည့်ကွက်တစ်ခု ရှိနေသည်။ အီသန် က ထိုအရာကို သူတို့အား မျှဝေပေးလိမ့်မည်ဟု ရန်ဖေး မျှော်လင့်ရန်ပင် မရဲပေ။
အကယ်၍ သူက မည်သို့ လုပ်ဆောင်ခဲ့သည်ကို သဘောထားကြီးစွာဖြင့် သူတို့ကို ပြောပြခဲ့မည်ဆိုပါက ခေါင်းဆောင်ဖြစ်သူ၏ ဒေါသမှ ကင်းလွတ်ခွင့်ရရန် စကိုင်းဆွန်း တပ်ဖွဲ့အတွက် ဆင်ခြေတစ်ခု ရရှိသွားနိုင်ပေလိမ့်မည်။ သူတို့ ခေါင်းဆောင်မှာ အီသန် အာရီလီယပ် တစ်ယောက် မည်သည့်အချိန်၊ မည်သည့်နေရာကိုမဆို သူ အလိုရှိသလို ဝင်ထွက်သွားလာနိုင်သည်ကို သဘောကျနေခြင်း မရှိပေ။
"ကျွန်တော်တို့ အနီးအနားမှာ ရောက်နေတုန်း လင်းတုန်း တစ်ယောက် အဖော်လိုနေတာကို အမှတ်မထင် သတိထားမိသွားလို့ပါ၊ ကျွန်တော့် မိသားစုရဲ့ အနိမ့်ကျဆုံး သူတစ်ယောက်ကိုတောင် ဒီလိုမျိုး အလုပ်အကျွေး မပြုနိုင်ဘူးဆိုရင် ကျွန်တော်က ဘယ်လို ခေါင်းဆောင်ကြီး မျိုး ဖြစ်နေတော့မလဲ..."
ရန်ဖေး သိသလောက်တော့ အဆင့်နိမ့် အရှင်သခင် အာရီလီယပသည် သူ၏ မိသားစုတွင် အနိမ့်ကျဆုံး သူများကို လုံးဝ အလုပ်အကျွေးပြုလေ့မရှိပေ။ သူသည် လူအနည်းငယ်ကိုသာ အာရုံစိုက်လေ့ရှိပြီး လတ်တလောတွင်မူ လင်းတုန်း သည် သူ အထူးအလေးပေးနေသော သူတစ်ဦး ဖြစ်နေသည်။ မဟူရာ မီးတောက် လမ်းစဉ် တွင် အဆင့်နိမ့် ရွှေအဆင့် သို့ ရောက်ရှိရန် သူ့အတွက် အချိန်နှင့် အရင်းအမြစ်များကို များစွာ ရင်းနှီးမြှုပ်နှံခဲ့ရမည်မှာ သေချာလှသည်။ ထို့ပြင် လအနည်းငယ် အကြာမှာပင် ယီရင် သည်လည်း အဆင့်မြင့် ရွှေအဆင့် သို့ တက်လှမ်းနိုင်ခဲ့သည်။ ၎င်းမှာ အလွန်စောစီးသော အဆင့်တက်မှုပင် ဖြစ်သည်။ သူမသည် အသက်ဆယ့်ရှစ်နှစ်ထက် ပိုမကြီးနိုင်သေးချေ။
အီသန် သူမကို မတွေ့ရှိမီက သူမသည် သူတော်စင် တစ်ပါး၏ တပည့်ဖြစ်ခဲ့သည်ဟု ဆိုကြသည်။ သို့သော် ထိုကောလာဟလအပေါ် ရန်ဖေး က သံသယမျက်လုံးများဖြင့်သာ ကြည့်ခဲ့သည်။ သူမ သိထားသလောက်တော့ တိုက်ကြီးတစ်ခုလုံးတွင် သူတော်စင် သုံးပါးသာ ရှိပြီး ထို သူတော်စင် များသည် မည်သည့်အခါမျှ တပည့်လက်ခံလေ့ မရှိပေ။ ဤအချက်ကို လူတိုင်း သိကြသည်။
မည်သို့ပင်ဆိုစေကာမူ ယီရင် နှင့် အီသန် တို့သည် လျှို့ဝှက်ကြံစည်မှု တစ်ခုခု၏ အစိတ်အပိုင်းများ ဖြစ်နေကြသည်။ ထို့ပြင် အီသန် ကြိုတင် စီစဉ်ထားသည့်အတိုင်း သူမနှင့် စကိုင်းဆွန်း တပ်ဖွဲ့တို့က သူတို့၏ အခန်းကဏ္ဍများကို ကပြနေရသကဲ့သို့ သူမ စိတ်ပျက်ဖွယ်ရာ ခံစားနေရသည်။
"ကျွန်မတို့ရဲ့ လုံခြုံရေးကို ရှင် ဘယ်လိုများ ရှောင်ကွင်းခဲ့သလဲ ဆိုတာ ပြောစမ်းပါ..."
ရန်ဖေး က အေးစက်စွာ ပြောလိုက်သည်။ သူ့ကို ရှောင်ထွက်သွားခွင့် မပေးနိုင်ပေ။ သူမ၏ ရာထူးအာဏာဖြင့်ပင် ဤလူကို ခြိမ်းခြောက်နိုင်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် အဆင့်နိမ့် အရှင်သခင် များသည် ကြီးမားသော ပြစ်မှုကျူးလွန်ထားခြင်းမှလွဲ၍ သူတို့၏ လွတ်လပ်ခွင့်ကို ကန့်သတ်ရန် အင်ပါယာအတွက် အလွန်တန်ဖိုးကြီးမားလွန်းလှသည်။ သို့သော် သူ့ထံမှ အဖြေတစ်ခုခုကို ရရှိရန် တတ်နိုင်သမျှ ဖိအားပေးလိုက်လေသည်။
***