အခန်း (၂၇၁-၂၇၂)
Vol. 20 Ch. 271-272
အပိုင်း(၂၇၁)
အီသန်၏ ခေါင်းပေါ်တွင် နားခိုနေသော ဝိညာဉ် လေးသည် ရန်ဖေး ၏ အသံကို ကြောက်လန့်သွားသည့်အလား နောက်သို့ တွန့်ဆုတ်သွားသည်။ သို့သော် အီသန် ၏ အပြုံးကမူ ပို၍ပင် တောက်ပလာခဲ့သည်။
"အာ... ခင်ဗျားတို့မှာ ပိုပြီး အရေးတကြီး လုပ်စရာရှိနေတယ် မဟုတ်လား၊ ကျွန်တော်နဲ့ စကားလာပြောဖို့ သက်သက်တော့ ဒီကို ရောက်နေတာ မဖြစ်နိုင်ဘူးလေ..."
လင်းတုန်းက ခေါင်းကို ရိုသေစွာ ငုံ့ထားခဲ့သော်လည်း ယခုအခါတွင် သူမဘက်သို့ လှည့်ကြည့်လာသည်။
"အချိန်ကျပြီလား..."
သူက မေးလိုက်သည်။
"ကျွန်တော့်ကို နောက်ထပ် နှစ်ရက်လောက် အချိန်ရဦးမယ် ထင်ထားတာ..."
ထိုအဖြေအတွက် လင်းတုန်း စိုးရိမ်နေမည်ဟု သူမ ထင်မှတ်ခဲ့သည်။ သို့သော် သူ၏ တင်းမာနေသော မေးရိုးများနှင့် ပြူးကျယ်နေသော မျက်လုံးများအရ သူသည် တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေသူ တစ်ယောက်နှင့် ပိုတူနေလေသည်။
"တခြားသူတွေထက် စောပြီး နင့်ကို ပြိုင်ဝင်းထဲ ခေါ်သွားရမယ်..."
သူမက ရှင်းပြလိုက်သည်။ သူမသည် အီသန် ဘက်မှ လှည့်ထွက်လာခဲ့ပြီး အဆင့်နိမ့် အရှင်သခင် အပေါ်ထားရှိသော သူမ၏ စိတ်ပျက်ဒေါသထွက်မှုများကို ဖုံးကွယ်ထားရန် ကြိုးစားလိုက်လေသည်။ အကယ်၍ သူသာ ပူးပေါင်းဆောင်ရွက်မည် ဆိုပါက သူမ၏ ဘဝကို ပိုမို လွယ်ကူသွားစေနိုင်မည် ဖြစ်သည်။ သို့သော် သူက ထိုသို့ မလုပ်ခဲ့ပေ။
ကလန် များ၏ အထက်တန်းလွှာများသည် သူတို့၏ လက်အောက်ငယ်သားများကို ဂရုမစိုက်ဘဲ သူတို့ဆန္ဒရှိသည့်အတိုင်းသာ လုပ်ဆောင်တတ်ကြသည်။ ထိုအချက်သည်ပင် သူမ ငယ်စဉ်က မိဘများက သူမကို တိမ်တိုက်တူ ဂိုဏ်းသို့ ဝင်ရောက်ရန် စေလွှတ်ခဲ့ရသည့် အဓိက အကြောင်းရင်းကြီး တစ်ရပ် ဖြစ်ခဲ့လေသည်။
သူမ၏ ခေါင်းပေါ်တွင် ဝဲပျံနေသော တိမ်တိုက်သည် ပွက်ပွက်ဆူနေပြီ ဖြစ်ကြောင်း သူမ သေချာပေါက် သိနေသည်။
"ကြိုတင် ကြံစည်မှုတွေ မဖြစ်အောင်လို့ ပြိုင်ပွဲကျင်းပမယ့် နေရာကို ကြိုပြီး ထုတ်ဖော်ပြောလို့ မရဘူး..."
သူမက ပြောလိုက်သည်။
"ပြိုင်ဝင်းကို ပြင်ဆင်ပြီးသွားတဲ့အခါ သက်ဆိုင်ရာ အဆင့်နိမ့် အရှင်သခင် တွေကို အကြောင်းကြားပေးမယ်၊ ပြီးရင် အဲဒီကို သွားဖို့ အချိန်ပေးလိမ့်မယ်..."
ဤအရာများသည် ကြီးမားသော ကလန် သို့မဟုတ် မိသားစု နှစ်ခုမှ ကိုယ်စားလှယ်များက အမှန်တကယ် အသက်လောင်းကြေးထပ်၍ တိုက်ခိုက်ကြချိန်တွင် လုပ်ဆောင်ရသော စံသတ်မှတ်ချက် လုပ်ငန်းစဉ်များ ဖြစ်သည်။ သို့သော် အဆင့်နိမ့် အရှင်သခင် နှစ်ပါးစလုံးတွင် ဤကိစ္စနှင့် ပတ်သက်၍ ကိုယ်ပိုင် ဂုဏ်သိက္ခာများ ရှိနေကြသည်။ ထို့ကြောင့် တရားမျှတမှု ရှိစေရန် စကိုင်းဆွန်း တပ်ဖွဲ့ဘက်မှလည်း ကိုယ်ပိုင် အဆင့်နိမ့် အရှင်သခင် တစ်ပါး ပါဝင်ရန် လိုအပ်ခဲ့လေသည်။ ထိုအချက်ကပင် သူမတို့၏ ခေါင်းဆောင် လတ်တလောတွင် အလွန်အမင်း ဒေါသထွက်နေရခြင်း၏ အဓိက အကြောင်းရင်းကြီး ဖြစ်လေသည်။ ကလေးနှစ်ယောက်ကြားရှိ တိုက်ပွဲတစ်ခုကို ကြီးကြပ်ပေးရန် သူ၏ အချိန်များကို ဖြုန်းတီးရခြင်းကို သူက အလွန်မုန်းတီးလေသည်။
ထို့အပြင် သူသည် အီသန် အာရီလီယပ် နှင့်လည်း ရင်ဆိုင်ဖြေရှင်းနေရသေးသည်။
လင်းတုန်းက အခြားသူများဘက်သို့ လှည့်ကြည့်လိုက်သည်။ သူ၏ တင်းမာနေသော မျက်နှာပေါ်တွင်ပင် မသေချာမရေရာသည့် အမူအရာတစ်ခု ရှိနေလေသည်။ ယီရင်က အနီးသို့ လျှောက်လာပြီး သူမ၏ လက်သီးဖြင့် သူ၏ ရင်ဘတ်ကို ခပ်ဖွဖွ ထုလိုက်သည်။
"နင့် လမ်းစဉ် က လမ်းကောင်းတစ်ခုလို ဖြောင့်တန်းနေပါတယ်..."
သူမက ပြောလိုက်သည်။
"တတ်နိုင်ရင် သူ့ကို သတ်ပစ်လိုက်၊ နင် မသေအောင်လည်း ကြိုးစားဦး..."
ထိုစကားများသည် ပေါ့ပေါ့ပါးပါး ပြောလိုက်သကဲ့သို့ ထင်ရသည်။ သို့သော် ရန်ဖေးသည် ယီရင် ၏ ဝိညာဉ် အတွင်းမှ တုန်လှုပ်မှုတစ်ခုကို သတိပြုမိလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း သူမ၏ မာဒြာ စီးဆင်းမှုများ အနှောင့်အယှက် ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။
ယီရင်ကို ကြည့်ရင်း လင်းတုန်း ၏ နှုတ်ခမ်းများတွင် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။ သို့သော် စက္ကန့်အနည်းငယ်အကြာတွင် အော်သို က ဝင်ရောက်လာခဲ့သည်။
"သူ့ကို ဖျက်ဆီးပစ်လိုက်..."
ထိုလိပ်ကြီးက ပါးစပ်ထဲရှိ ကျောက်စရစ်ခဲများကို ဝါးလျက် ပြောလိုက်သည်။
"သူ့ရဲ့ ပြာတွေကို ပြိုင်ဝင်းထဲမှာ ကြဲဖြန့်ပစ်လိုက်၊ မင်းရဲ့ ရန်သူကို ချေမှုန်းပစ်၊ မင်းရှေ့ကနေ မောင်းထုတ်ပစ်၊ သူ့ရဲ့ ငိုကြွေးမြည်တမ်းသံတွေကို နားထောင်လိုက်..."
"ကျွန်တော် တတ်နိုင်သမျှ လုပ်ပါ့မယ် အော်သို..."
လင်းတုန်း က လိပ်ကြီး၏ ခေါင်းပေါ်သို့ လက်ကို တင်ထားရင်း ပြောလိုက်သည်။
ထို အထွတ်အမြတ် သားရဲကြီးက နောက်သို့ ဆုတ်ကာ နှာမှုတ်လိုက်သည်။
"မဟူရာ မီးတောက်ကို လှည့်ပတ်ပြီး ငါ့ကို အဲဒီစကား ထပ်ပြောစမ်းပါဦး..."
လင်းတုန်းက အလိုတူစွာ လုပ်ဆောင်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ ဝိညာဉ် သည် ငြိမ်သက်နေသော ရေအိုင်တစ်ခုမှ လိမ့်တက်နေသော အမည်းရောင် မီးတောက်များ၏ ကမောက်ကမ အခြေအနေသို့ ပြောင်းလဲသွားလေသည်။ ရန်ဖေး သည် သူမ၏ အာရုံကို အနည်းငယ် နောက်ဆုတ်လိုက်သည်။ ဖျက်ဆီးခြင်း စွမ်းအင်သည် အလွန်နီးကပ်စွာ အာရုံခံရန် ခက်ခဲလှသည်။ ၎င်းသည် သူမကို သားကောင်အပေါ် အုံခဲနေသော အင်းဆက်များကို အမြဲတမ်း သတိရစေပြီး ခေါင်းကိုက်လာစေသည်။
ယခုအခါ လင်းတုန်း၏ မျက်လုံးများသည် အော်သို ၏ မျက်လုံးများနှင့် တူညီနေပြီး သူ၏ အသွင်အပြင်ကို ကြောက်မက်ဖွယ်ကောင်းစေသည်။ သူသည် အလွန်တောင့်တင်းသော ခန္ဓာကိုယ် ရှိသည့်အတွက် သူ၏ အမှန်တကယ် အသက်ထက် ပို၍ ကြီးရင့်ပုံပေါ်သည်။ ထို့ပြင် ထိုမျက်လုံးများက သူ့ကို ပိုမို ခြိမ်းခြောက်နိုင်သော အသွင်အပြင်ကို ပေးစွမ်းနေလေသည်။
"ကျွန်တော် တတ်နိုင်သမျှ လုပ်ပါ့မယ်..."
လင်းတုန်း က ထပ်မံ၍ ပြောလိုက်သည်။ သို့သော် အော်သို က သူတို့နှစ်ဦးကြားရှိ လေဟာပြင်ကို ဟပ်ခနဲ ကိုက်ဟပ်လိုက်လေသည်။
"မရဘူး၊ နဂါး ဆိုတာ ဖျက်ဆီးပစ်ရတယ်၊ အနိုင်ရတာလောက်နဲ့ မလုံလောက်ဘူး၊ မင်း သူ့ကို အဆုံးသတ်ပစ်ရမယ်..."
လင်းတုန်းသည် ကိုယ်ကို မတ်လိုက်သည်။ သူ၏ မဟူရာ မီးတောက် မာဒြာ များသည် ရုတ်တရက် ပွက်ပွက်ဆူလာခဲ့သည်။
"သူ့ရဲ့ ပြာတွေကို အိုးတစ်လုံးထဲ ထည့်ပြီး ကျင်း ကလန် ဆီကို ပြန်ပို့ပေးလိုက်မယ်..."
သူ၏ မှောင်မိုက်နေသော မျက်လုံးများ မှေးမှိန်သွားပြီးနောက် သူက ရှက်ကိုးရှက်ကန်းဖြင့် ပြုံးလိုက်သည်။
"...ကျွန်တော်သာ တတ်နိုင်မယ်ဆိုရင်ပေါ့လေ..."
အော်သို က နှာမှုတ်လိုက်သည်။
"မင်းအတွက် ကျောရိုးတစ်ခု လုပ်ပေးဖို့ ဝိညာဉ်ပန်းပဲဆရာ တစ်ယောက်ကို ရှာရတော့မယ် ထင်တယ်..."
သူသည် မိမိဘာသာ တီးတိုးရေရွတ်ရင်း အဝေးသို့ ထွက်သွားလေသည်။ ထို့နောက် ဖစ်ရှာ ဂီရှာ က အနီးသို့ ချဉ်းကပ်လာခဲ့သည်။
"ကဲပါ..."
သူမက လက်ခုပ်တီးလိုက်ရင်း ပြောလိုက်သည်။
"အလုပ်စကြရအောင်နော်၊ မင်း ဘယ်ဟာ ယူသွားချင်သလဲ..."
ရန်ဖေးအား အံ့သြသွားစေသည့် အရာမှာ သူမသည် လင်းတုန်း ကို သူ၏ အကျဉ်းခန်း ထောင့်ရှိ သေတ္တာကြီး တစ်လုံးဆီသို့ ခေါ်ဆောင်သွားခြင်း ဖြစ်သည်။ ရန်ဖေး သည် ထိုအရာကို ယခင်က သတိမထားမိခဲ့ပေ။ သူမသည် လူများကိုသာ အကဲခတ်နေရန် အလွန်အမင်း အာရုံစိုက်နေခဲ့မိသည်။ ၎င်းသည် အမှားတစ်ခု ဖြစ်ပြီး သူမကိုယ်သူမ ပြန်လည် အပြစ်တင်မိလေသည်။ သူမသည် စကိုင်းဆွန်း တပ်ဖွဲ့အတွက် အချိန်ကြာမြင့်စွာ အလုပ်လုပ်လာခဲ့သူ ဖြစ်သည်။ ထို့ကြောင့် မိမိ လွတ်ဟင်းသွားသော အသေးစိတ် အချက်အလက်များကသာ မိမိကို သေစေနိုင်ကြောင်း ကောင်းစွာ သိရှိထားလေသည်။
ဖစ်ရှာ အဘွားအိုသည် သေတ္တာကို ဖွင့်ချလိုက်ပြီး တောက်ပသော အရောင်အသွေးရှိသည့် ကိရိယာများကို ဆွဲထုတ်လိုက်သည်။ ၎င်းတို့မှာ မှော်ပစ္စည်း များနှင့် လက်နက်များ ဖြစ်ကြသည်။ ဝိညာဉ်ပန်းပဲဆရာ တစ်ဦး၏ ဖန်တီးမှု လက်ရာများပင် ဖြစ်လေသည်။
"ကဲ... မြန်မြန်လုပ်စမ်းပါ..."
သူမက ပြောလိုက်သည်။
"မင်း ဘာလိုချင်လဲဆိုတာ ပြော..."
"အားလုံးပဲ..."
လင်းတုန်း က ပြောလိုက်သည်။ သူ၏ အသံသည် အော်သို နှင့် စကားပြောခဲ့စဉ်ကထက် များစွာ ပိုမို ပြတ်သားသေချာနေလေသည်။
ဖစ်ရှာ ဂီရှာ ၏ မျက်ခုံးများ ပင့်တက်သွားသည်။
"အားလုံး ဟုတ်လား၊ ဖြူကောင်ရဲ့ ပါးစောင်လို မင်းရဲ့ အိတ်ကပ်တွေကို ဖောင်းကားနေအောင် ထည့်ပြီးတော့ တိုက်ခိုက်ချင်လို့လား..."
"အားလုံးပါ..."
သူက ထပ်ပြောလိုက်လေသည်။
နောက်ဆုံး ထွက်ခွာရန် အဆင်သင့် ဖြစ်သွားချိန်၌ လင်းတုန်းသည် စကိုင်းဆွန်း တပ်ဖွဲ့ဝင်များဘက်သို့ လှည့်လာခဲ့သည်။ သူ၏ ခေါင်းတွင် တောက်ပသော အပြာရောင် ခေါင်းစည်းကို စည်းထားသည်။ လက်တစ်ဖက်တွင် တစ်ဖက်တွင် ခရမ်းရောင် လက်ကောက်ကို ဝတ်ဆင်ထားပြီး အခြားတစ်ဖက်တွင် အမည်းရောင် လက်လက်စွပ်ကို ဝတ်ဆင်ထားသည်။ သူ၏ ခါးတွင် အရောင်နှင့် အရှည် မတူညီသော တုတ်သုံးချောင်းကို ချိတ်ဆွဲထားသည်။ နှလုံးသားတစ်ခုအလား ခုန်ပေါက်နေသော အနီရောင် ဂျယ်လီတုံး တစ်ခုကို သူ၏ ရင်ဘတ်တွင် ကပ်ထားသည်။ ခြေကျင်းဝတ်ရှိ ဓားအိမ်ထဲတွင် တောက်ပသော အစိမ်းရောင် ဓားမြှောင်တစ်လက် ရှိနေသည်။ ထို့အပြင် သေချာသည်မှာ သူ၏ အိတ်ကပ်များသည် ဖောင်းကားနေပြီး အရောင်စုံ အလင်းတန်းများ လေထဲသို့ ထွက်ပေါ်နေလေသည်။
သူသည် လူရွှင်တော် တစ်ယောက်နှင့် တူနေလေသည်။ လက်နက်များ ပိုမို များပြားနေခြင်းက ပို၍ ကြိုတင်ပြင်ဆင်ထားသော စစ်သည်တော် တစ်ဦးဟု မဆိုလိုပေ။ ဤနေရာတွင် ရှိနေသူတိုင်း ထိုအချက်ကို သိထားရမည် ဖြစ်သည်။
သူတို့က သူ့ကို တားဆီးလိမ့်မည်ဟု ထင်မှတ်ကာ ဖစ်ရှာဂီရှာက အခြားသူများကို လှည့်ကြည့်လိုက်သည်။ သို့သော် ယီရင် ပင်လျှင် လက်လျှော့ထားသည့်ပုံ ပေါ်နေသည်။ အီသန် ကမူ ကျင့်ကြံသူ ကျောင်းတော် သို့ ပထမဆုံးနေ့အဖြစ် တက်ရောက်မည့် မိမိ၏ ဂုဏ်ယူဖွယ် သားဖြစ်သူကို ကြည့်နေရသည့်အလား ပြုံးရွှင်နေလေသည်။
"ပြိုင်ပွဲစဖို့ အဆင်သင့်ဖြစ်တဲ့အခါ ရှင်တို့ကို ဆက်သွယ်ဖို့ တမန်တစ်ယောက် လွှတ်လိုက်ပါ့မယ်..."
ရန်ဖေး က ပြောလိုက်သည်။
"အဆင့်နိမ့် အရှင်သခင် တိုင်းကို အခြွေအရံတွေ ခေါ်ဆောင်ခွင့် ပြုထားပါတယ်၊ ဒါပေမဲ့ ရှင့်ရဲ့ လေးစားရတဲ့ ရာထူး အဆင့်အတန်းနဲ့ လိုက်ဖက်အောင် ဂုဏ်သိက္ခာရှိရှိ ပြုမူနေထိုင်လိမ့်မယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်..."
အီသန်သည် သူ၏ ပန်းချီကားချပ်ဆီသို့ ပြန်လှည့်သွားခဲ့သည်။ ထိုပန်းချီကားထဲတွင် မြင့်မား၍ အထီးကျန်ဆန်သော တောင်တစ်လုံး ရှိနေသည်။ ထိုတောင်သည် ပတ်ဝန်းကျင် ရှုခင်းများကြားမှ မီးခိုးရောင် လှံတစ်ချောင်းအလား ငေါထွက်နေသည်။ တောင်ထိပ်ပိုင်းကို လှီးဖြတ်ထားသည့်အလား ပြားချပ်နေသည်။ ထိုတောင်ထိပ်ပေါ်တွင် ကျောက်တိုင်များဖြင့် ထောက်ခံထားသော ရှေးဟောင်း ကျောက်ဆောက်အအုံ တစ်ခု ရှိနေလေသည်။
ရန်ဖေးသည် ထိုပန်းချီကားကို စိုက်ကြည့်နေမိသည်။ သူမ၏ ပါးစပ် အဟောင်းသား ဖြစ်သွားမည်ကိုပင် သူမ စိုးရိမ်နေမိသည်။
"အဲဒီမှာ တွေ့ကြတာပေါ့ဗျာ..."
အီသန် က ပြောလိုက်သည်။
***
အပိုင်း(၂၇၂)
မီးခိုးရောင် တောင်ထိပ်တစ်ခုပေါ်တွင် လင်းတုန်း စောင့်ဆိုင်းနေလေသည်။ သူသည် အဆက်မပြတ် တိုက်ခတ်နေသော လေပြင်း၏ အအေးဒဏ်ကို တွန်းလှန်ရန် မဟူရာ မီးတောက် မာဒြာ များကို လှည့်ပတ်ကျင့်ကြံနေခဲ့သည်။ လေပြင်းများက သူ့ကို တွန်းတိုက်နေပြီး သူထင်မှတ်ထားသည်ထက် ပို၍ ပြင်းထန်လှသည်။ အဆင့်နိမ့် ရွှေအဆင့် မာဒြာ ဖြင့် အားဖြည့်ထားသော သူ၏ သံမဏိအဆင့် ခန္ဓာကိုယ်ဖြင့်ပင် နေရာ၌ မြဲမြံစွာ ရပ်တည်နိုင်ရန် အနီးရှိ ကျောက်တုံးကြီးတစ်ခု၏ အစွန်းကို ကိုယ်ကိုကိုင်းကာ ဆုပ်ကိုင်ထားရလေသည်။
ဤနေရာတွင် လေ၏ စွမ်းအားက အလွန်အားကောင်းလှသည်။ အစိမ်းရောင် ဝဲဂယက်များက သူ၏ ဝိညာဉ်အမြင်အာရုံကို ဖုံးလွှမ်းထားလေသည်။ ဤသို့သော အခြေအနေမျိုးအောက်တွင် ကျောက်စိမ်းအဆင့် တစ်ဦးအနေဖြင့် တစ်ယောက်တည်း အသက်ရှင်ရပ်တည်နိုင်မည် မဟုတ်ပေ။ လေပြင်းကို တွန်းလှန်ရင်းဖြင့် နောက်ဆုံးတွင် သူတို့၏ မာဒြာ များ ကုန်ခန်းသွားပေလိမ့်မည်။ ထို့နောက် အနီးရှိ မတ်စောက်သော ချောက်ကမ်းပါး အစွန်းမှနေ၍ လွင့်စဉ်ကျသွားမည် ဖြစ်သည်။
လင်းတုန်းသည် တောင်တန်းများ ဝန်းရံထားသော အထွတ်အမြတ် တောင်ကြား တွင် ကြီးပြင်းလာခဲ့သူ ဖြစ်သည်။ သို့သော် ဤတောင်မှာမူ ထူးဆန်းလှပေသည်။ ၎င်း၏ တောင်ထိပ်သည် ဓားဖြင့် လှီးဖြတ်ခံထားရသည့်အလား ပြားချပ်နေလေသည်။ အလယ်ဗဟို၌ ကျောက်စိမ်းတိုင်များဖြင့် ထောက်ခံထားသော ရှေးဟောင်း ကျောက်ဆောက်အအုံကြီး တစ်ခုကို တည်ဆောက်ထားသည်။
ပျံသန်းခြင်း မရှိဘဲ ဤနေရာသို့ ရောက်ရှိရန်မှာ မဖြစ်နိုင်ပေ။ သူတို့ကို မိုင်တစ်ထောင် တိမ်တိုက် ပေါ်တွင် တင်ဆောင်ကာ ဤနေရာသို့ ခေါ်ဆောင်လာခဲ့သော စကိုင်းဆွန်း တပ်ဖွဲ့ဝင်များပင်လျှင် အပေါ်သို့ ရောက်ရန် အတော်လေး တိုက်ခိုက်ခဲ့ရသည်။ မြစိမ်းရောင် လက်သည်းများရှိသော အထွတ်အမြတ် လင်းယုန်ငှက်များက သူတို့ကို လမ်းတစ်လျှောက်လုံး နှောင့်ယှက် တိုက်ခိုက်ခဲ့ကြသည်။
မဟူရာ မီးတောက် အင်ပါယာ ၏ မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို လင်းတုန်း ကိုယ်တိုင်ပင် မသိပေ။ တောင်ဘက်ဟု သူတို့က ပြောခဲ့ကြသော်လည်း သူ အတိအကျ ပြောနိုင်ရန် အကြောင်းပြချက် မရှိချေ။
သူသည် စကိုင်းဆွန်း တပ်ဖွဲ့နှင့်အတူ တစ်ရက်တိတိ ခရီးနှင်ခဲ့ရသည်။ ညဘက်တွင် တောင်ကြားငယ်လေးတစ်ခု၌ ကွေးကွေးလေး အိပ်ခဲ့ရပြီး နောက်တစ်နေ့ အရုဏ်တက်ချိန်တွင် ထပ်မံ ထွက်ခွာလာခဲ့ကြသည်။ နောက်ဆုံးတွင် ဤသစ်ပင်ကင်းမဲ့သော တောင်ထိပ်သို့ ရောက်ရှိလာသောအခါ အစိမ်းရောင် သံချပ်ကာ ဝတ်ဆင်ထားသော အစစ်အမှန် ရွှေအဆင့် နှစ်ဦးက သူ့ကို တောင်ခြေ၌ ထွင်းထုထားသော အခန်းတစ်ခန်းထဲသို့ ထည့်သွင်းကာ နှစ်ညတိတိ အကျဉ်းချထားခဲ့ကြသည်။ ထိုနေရာတွင် သူ့ကို စိုးရိမ်စိတ်များဖြင့် နစ်မွန်းနေစေခဲ့သည်။
ထိုနေ့ရက်များထဲမှ ယနေ့တွင်မှ သူ့ကို အပြင်သို့ ထုတ်လာခဲ့ကြသည်။ ထို့နောက် သူတို့က "သန့်ရှင်းသော နေရာ" ဟု ခေါ်ဆိုသည့် အဆောက်အအုံ အတွင်း၌ ကြိုတင်ကြံစည်မှု တစ်ခုခု ရှိမရှိကို ဝင်ရောက်စစ်ဆေးနေစဉ် သူ့ကို ချောက်ကမ်းပါး အစွန်းတွင် ပစ်ထားခဲ့ကြသည်။
မဟူရာ မီးတောက် မာဒြာ သည် သူ၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို နွေးထွေးစေပြီး လေပြင်း၏ အအေးဒဏ်မှ ကာကွယ်ပေးထားသည်။ သို့တိုင်အောင် သူ တုန်ယင်နေမိသည်။
နောက်ဆုံးတော့ ထိုနေ့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
မဟူရာ မီးတောက် တစ်ဦးအဖြစ် သူ၏ မည်သူမည်ဝါဖြစ်မှုကို သိရှိသွားပါက အထိတ်တလန့် ဖြစ်သွားမည်ကို ကာကွယ်ရန် စကိုင်းဆွန်း တပ်ဖွဲ့က သူ့ကို ခေါ်ဆောင်သွားကတည်းက သူသည် ကျင်းလုံ ကို လပေါင်းများစွာ မတွေ့ရတော့ပေ။ အစပိုင်းတွင်မူ သူ၏ အကျဉ်းကျခံရမှုသည် တိုက်ပွဲကို ဖျက်သိမ်းလိုက်ပြီဟု ထင်မှတ်ကာ သူ အနည်းငယ် သက်သာရာရခဲ့သေးသည်။
ထို့နောက် အီသန် ပေါ်လာပြီး ထိုသို့မဟုတ်ကြောင်း သူ့ကို ပြောပြခဲ့လေသည်။
အီသန်သည် ယီရင် နှင့် အခြားသူများကို သူရှိရာသို့ ဆယ်ကြိမ်ထက်မက ခေါ်ဆောင်လာခဲ့သည်။ ထိုသို့ လာတိုင်းတွင် စကိုင်းဆွန်း တပ်ဖွဲ့က သူ့ကို နေရာရွှေ့ပြောင်းခြင်း သို့မဟုတ် လုံခြုံရေး တိုးမြှင့်ခြင်းများ ပြုလုပ်ခဲ့သည်။ သို့သော် ထိုအရာများက အရေးပါသည့်ပုံ မပေါ်ပေ။
လင်းတုန်းသည် ကျောက်တိုင်များကို မော့ကြည့်နေလေသည်။ လေပြင်းများက သူ၏ ဆံပင်နှင့် အပြင်ဘက် ဝတ်ရုံကို ရိုက်ခတ်နေသည်။ သူ ရင်တွေခုန်နေပြီး အသက်ရှူနှုန်းများ မြန်ဆန်နေသော်လည်း ထူးဆန်းသော တည်ငြိမ်မှုတစ်ခုကို သူ ခံစားနေရသည်။
အခြားသူများ၊ အထူးသဖြင့် ယီရင် နှင့် ဖစ်ရှာ ဂီရှာ တို့သည် ဤနေ့အတွက် သူ့ကို ပြင်ဆင်ပေးရန် သူတို့ တတ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ပေးခဲ့ကြသည်။ သူသည် တတ်နိုင်သမျှ အပြည့်အဝ အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။
သေချာသည်မှာ အာမခံချက်တော့ မရှိသေးပေ။ သို့သော် ၎င်းသည် သူ ကျော်လွှားရမည့် နောက်ထပ် အတားအဆီး တစ်ခုသာ ဖြစ်သည်။ နောက်ထပ် ခြေလှမ်းတစ်လှမ်းသာ ဖြစ်လေသည်။
သေချာတာပေါ့လေ၊ သူက လက်နက်များကို အပြည့်အစုံ တပ်ဆင်ထားဆဲပင် ဖြစ်သည်။
ထို မှော်ပစ္စည်း များကို အရေပြားနှင့် ထိတွေ့ထားရသည်မှာ ထူးဆန်းလှသည်။ အပြာရောင် ခေါင်းစည်းက ယားကျိကျိ ဖြစ်စေပြီး လက်ကောက်ဝတ်ရှိ ခရမ်းရောင် လက်ကောက်က တင်းကျပ်နေသည်။ ရင်ဘတ်ပေါ်ရှိ ဂျယ်လီတုံးက သူ၏ နှလုံးခုန်သံနှင့် အတူ စည်းချက်ကျကျ ခုန်ပေါက်နေလေသည်။ ဤ မှော်ပစ္စည်း တစ်ခုချင်းစီကို ဖန်တီးရာတွင် ဖစ်ရှာ ဂီရှာ ကို သူ ကူညီပေးခဲ့သည်။ ...သို့သော် "ကူညီသည်" ဟူသော စကားလုံးမှာ အနည်းငယ် လွန်ကဲကောင်း လွန်ကဲနေပေမည်။ မှော်ပစ္စည်း များ ပြုလုပ်ရန် အမြုတေကြိုး များနှင့် အသက်မဲ့ ဒြပ်ဝတ္ထု များကို သူမက ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်သည်။ သူကတော့ သူမကို အကူအညီ ပေးခဲ့ရုံနှင့် ထို့နောက်တွင် ၎င်းတို့ကို ထိန်းသိမ်းစောင့်ရှောက်ပေးခဲ့ခြင်းသာ ဖြစ်သည်။
၎င်းတို့၏ အနှစ်သာရများသည် လေထဲသို့ စိမ့်ထွက်နေလေသည်။ မာဒြာ များ ပျော်ဝင်သွားသည်နှင့်အမျှ မှော်ပစ္စည်း များ၏ မျက်နှာပြင်မှ တက်လာသော သေးငယ်သည့် အရောင်အသွေးစုံ အလင်းမှုန်လေးများနှင့် တူလေသည်။ ထိုအရာကို မြင်လိုက်ရချိန်တွင် လင်းတုန်း သည် စိုးရိမ်ပူပန်မှုကို မတားဆီးနိုင်ခဲ့ပေ။ ၎င်းတို့သည် အချိန်ကြာလာသည်နှင့်အမျှ အရည်အသွေး ကျဆင်းသွားမည် ဖြစ်ပြီး ဤတိုက်ပွဲအပြီး နောက်ပိုင်း တိုက်ပွဲများတွင် အသုံးဝင်နိုင်တော့မည် မဟုတ်ပေ။ သို့သော် အနည်းဆုံးတော့ ထိုအချိန်အထိတော့ ခံနိုင်ရည် ရှိသင့်ပေသည်။ သို့တိုင်အောင် ထိုအရာများသည် အချိန်မရွေး ပြိုကျပျက်စီးသွားမည်ကို သူ မတွေးဘဲ မနေနိုင်ခဲ့ချေ။
သန့်ရှင်းသော နေရာ ၏ ကြီးမားကျယ်ဝန်းသော ဝင်ပေါက်မှ ပုံရိပ်နှစ်ခု ထွက်ပေါ်လာချိန်တွင် သူ မော့ကြည့်လိုက်သည်။ ပိုင်ရို သည် သူ၏ မြင့်မားလှသော အရပ်နှင့် လုပ်ဖော်ကိုင်ဖက်ကို မိုးထားလေသည်။ သူ၏ အစိမ်းရောင် သံချပ်ကာက သူ့ကို ရုပ်တုတစ်ခုအလား ခိုင်မာတည်ငြိမ်နေစေသည်။ ဦးထုပ်၏ အရိပ်အောက်မှ တောက်ပနေသော အဝါရောင် မျက်လုံးများမှာမူ စူးရှပြီး ကြောက်မက်ဖွယ် ကောင်းလှသည်။ သူ၏ ကိုယ်ပေါ်မှ အန္တရာယ်ရှိသော အငွေ့အသက်များ ဖြာထွက်နေသကဲ့သို့ ရှိသည်။
သူသည် ဖိအားပေးလွှမ်းမိုးနိုင်လွန်းသော်လည်း လင်းတုန်းသည် ရန်ဖေး ပေးစွမ်းသော အငွေ့အသက်ကို ပို၍ သဘောကျလေသည်။ သူမသည် တည်ငြိမ်အေးဆေးပြီး အချိန်မရွေး လှုပ်ရှားရန် အဆင်သင့် ဖြစ်နေသည်။ သူမသည် အမည်းရောင် ဆံပင်များကို နောက်သို့ဆွဲကာ ဆံမြီးစည်းထားသည်။ ခေါင်းအထက် လက်မအနည်းငယ် အကွာတွင် မီးခိုးရောင် တိမ်တိုက် တစ်ခု ဝဲပျံနေပြီး ခါးတွင်လည်း တူ တစ်လက်က လှုပ်ခါနေလေသည်။ သူမသည် ခြိမ်းခြောက်နေသည့်ပုံ မပေါ်ဘဲ အရာအားလုံးကို ထိန်းချုပ်ထားနိုင်သည့်ပုံစံသာ ရှိလေသည်။
ထိုသို့သော ခံစားချက်မျိုးကို လင်းတုန်း ကိုယ်တိုင်လည်း ခံစားလိုလှသည်။
သူမသည် သူ့ကို မျက်တောင်မခတ်ဘဲ တိုက်ရိုက် စိုက်ကြည့်လာခဲ့သည်။
"မင်းရဲ့ လက်နက်တွေကို ငါတို့ သိမ်းဆည်းရမယ်..."
သူမက ပြောလိုက်သည်။
လင်းတုန်း ၏ လက်များသည် အိတ်ကပ်များကို ဖုံးအုပ်ရန် အလိုအလျောက် ရွေ့လျားသွားခဲ့သည်။ စကိုင်းဆွန်း တပ်ဖွဲ့က သူ့ကို ပထမဆုံး ဖမ်းဆီးခဲ့စဉ်က သူ၏ ကျောပိုးအိတ်ကို သိမ်းယူသွားခဲ့ပြီး ယခုအချိန်အထိ ပြန်မပေးသေးပေ။ ထိုအိတ် မရှိဘဲနှင့် သူသည် အကူအညီမဲ့နေသကဲ့သို့ ခံစားရသည်။ သို့သော် ထို မှော်ပစ္စည်း များက ထိုထိန်းချုပ်နိုင်စွမ်း အချို့ကို ပြန်လည် ပေးစွမ်းထားလေသည်။
"ကျင်းလုံ မှာလည်း လက်နက် ပါမှာပဲလေ..."
သူက အကြောင်းပြချက် ပေးလိုက်သည်။
"ဒီတိုက်ပွဲကို ကြည့်ကောင်းစေချင်သေးတယ် ဆိုရင်တော့ ကျွန်တော့်ရဲ့ လက်နက်တွေကို ခင်ဗျားတို့ သေချာပေါက် ငြင်းပယ်မှာ မဟုတ်ပါဘူး..."
ကျင်းလုံ ကို တိုက်ခိုက်ရန် သူ အသုံးပြုနိုင်သော ဗျူဟာအချို့ ရှိနေသည်။ အီသန် က လင်းတုန်း ၏ အနိုင်ရနိုင်ခြေကို သုံးဆယ် သို့မဟုတ် လေးဆယ် ရာခိုင်နှုန်းဟု သတ်မှတ်ထားသည်။
"အဲဒါက ငါ လောင်းကြေးထပ်ဖူးသမျှ အရာတွေထဲမှာ အဆိုးရွားဆုံး အခြေအနေတော့ မဟုတ်သေးပါဘူးကွာ..."
သူက ပြောခဲ့ဖူးသည်။
သို့သော် လင်းတုန်း အနေဖြင့် လက်နက်မဲ့ ဝင်ရောက်ရမည် ဆိုပါက သူ၏ အခွင့်အရေးများ သိသိသာသာ လျော့ကျသွားမည် ဖြစ်သည်။ တိုက်ပွဲကို လှည့်စားရန် သူ စဉ်းစားထားသော အကြံဉာဏ်များအားလုံးတွင် ပြိုင်ဝင်းကို တစ်နည်းနည်းဖြင့် ပြောင်းလဲခြင်းများ ပါဝင်နေသည်။ သို့သော် စကိုင်းဆွန်း တပ်ဖွဲ့က သူ့ကို ကြိုတင်ခန့်မှန်းထားခဲ့သည့်ပုံ ပေါ်သည်။ အကယ်၍ သူ ပြိုင်ဝင်းထဲတွင် တစ်ယောက်တည်း အချိန်အနည်းငယ် ရနိုင်ဦးမည် ဆိုပါက….
"နင့်ရဲ့ ကျင့်ကြံခြင်း အဆင့်နဲ့ ကိုက်ညီတဲ့ လက်နက်တွေကိုပဲ ငါတို့ ပြန်ပေးမယ်..."
ရန်ဖေး က ပြောလိုက်သည်။
"ရွှေအဆင့် တွေကြားက တိုက်ပွဲမှာ အဆင့်နိမ့် အရှင်သခင် အဆင့် လက်နက်တွေ ယူသွားခွင့် မပေးနိုင်ဘူး..."
လင်းတုန်း သည် သူ၏ ရင်ဘတ်တွင် ကပ်နေသော ခုန်ပေါက်နေသည့် အရာကို အပြင်ဘက် ဝတ်ရုံဖြင့် ဖုံးကွယ်နိုင်ရန် ကိုယ်ကို ရွှေ့လိုက်သည်။ မည်သို့ပင်ဖြစ်စေ စမ်းကြည့်ရသည်က တန်လှပေသည်။
သူတို့သည် သူ့ကိုယ်ပေါ်မှ မှော်ပစ္စည်း များကို တစ်ခုပြီးတစ်ခု ခွာယူလိုက်ကြသည်။ သူသည် စိတ်မပါတပါဖြင့် အလျှော့အတင်းလုပ်ရန် အကြိမ်အနည်းငယ် ကြိုးစားခဲ့သော်လည်း အတင်းအကျပ်တော့ ရုန်းကန်ခြင်း မပြုခဲ့ပေ။ သူ မည်မျှပင် ဖုံးကွယ်ရန် ကြိုးစားစေကာမူ သူ၏ ကိုယ်ပေါ်ရှိ မည်သည့် စွမ်းအားပါသော အရာဝတ္ထုကိုမဆို သူတို့က အာရုံခံသိရှိနိုင်မည် ဖြစ်သည်။
ဤအရာသည် သူ၏ မျှော်လင့်ထားမှုများ အတွင်း၌ပင် ရှိနေခဲ့သည်။ သူတို့ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်စဉ်အတွင်း အလွန်စွမ်းအားကြီးမားသော အရာမှန်သမျှကို သိမ်းဆည်းခံရနိုင်ကြောင်း အီသန် က သူ့ကို သတိပေးခဲ့ဖူးသည်။ သို့သော် သူ၏ လက်နက်များကို ပြိုင်ဘက်၏ အဆင့်နှင့် ကိုက်ညီအောင် ခွင့်ပြုပေးလိမ့်မည်ဟု သူ မျှော်လင့်ထားခဲ့မိသည်။ ထိုသို့သာဆိုလျှင် လင်းတုန်း အနေဖြင့် အဆင့်မြင့် ရွှေအဆင့် နှင့် အစစ်အမှန် ရွှေအဆင့် မှော်ပစ္စည်း များကိုပါ ချန်ထားခွင့် ရရှိပေလိမ့်မည်။
သူ၏ ပစ်ခတ်ခြင်း မှော်ပစ္စည်း တစ်ခုသည် အဆင့်နိမ့် အရှင်သခင် အဆင့် အစိတ်အပိုင်းများဖြင့် ပြုလုပ်ထားကြောင်း တွေ့ရှိသွားချိန်တွင် ရန်ဖေး သည် သူ့ကို အပြစ်တင်ချင်သော အကြည့်ဖြင့် ကြည့်လာခဲ့သည်။ သူ၏ ရင်ဘတ်ပေါ်ရှိ တုပထားသော နှလုံးသားကလည်း ထိုနည်းတူပင် ဖြစ်သည်။ သူ၏ နဖူးရှိ ခေါင်းစည်းသည်လည်း ထိုအဆင့်ပင် ဖြစ်နေလေသည်။
သူ၏ နောက်ထပ် မှော်ပစ္စည်း နှစ်ခုမှာ အစစ်အမှန် ရွှေအဆင့် ဖြစ်ပြီး လေးခုမှာ အဆင့်မြင့် ရွှေအဆင့် ဖြစ်ကြသည်။ ပိုင်ရို ထုတ်ပေးသော အစီအရင် များ ရေးဆွဲထားသည့် သေတ္တာတစ်လုံးထဲသို့ ထိုအရာအားလုံးကို သူတို့ ချိတ်ပိတ်သိမ်းဆည်းလိုက်ကြသည်။ သို့သော် အဆင့်နိမ့် ရွှေအဆင့် ကိရိယာများကိုမူ အိတ်တစ်လုံးထဲတွင် ထည့်ထားကြသည်။ ထိုအရာများကို သူ့ထံ အမြန်ပြန်ပေးလိမ့်မည်ဟု သူ ယူဆထားသည်။ ထိုသို့သာ မျှော်လင့်မိလေသည်။
"မင်းရဲ့ ပထမ အမြုတေ က..."
ရန်ဖေးက သူမ၏ ဝိညာဉ်အာရုံကို လင်းတုန်း ၏ ကိုယ်အတွင်းသို့ ဖြတ်သန်းစေလိုက်သည်။ သူ၏ လျှို့ဝှက်ချက်များကို သူမ မြင်သွားမည်လားဟု တွေးတောကာ သူ အေးခဲတောင့်တင်းသွားသည်။ သို့သော် သူမက... "...ကျောက်စိမ်းအဆင့် ပဲ..." ဟု ပြောလိုက်သောအခါ သူ စိတ်အေးသွားလေသည်။
"မင်းရဲ့ ဒုတိယ အမြုတေ က အဆင့်နိမ့် ရွှေအဆင့် ဆိုတော့ မင်းကို အဆင့်နိမ့် ရွှေအဆင့် အနေနဲ့ မှတ်တမ်းတင်ထားတယ်၊ မင်းရဲ့ အဆင့်နဲ့ ကိုက်ညီတဲ့ လက်နက်တွေကို ယူသွားခွင့် ရှိတယ်..."
မျှော်လင့်ထားသည့်အတိုင်း ဆူရီရယ် ၏ စကျင်ကျောက်လုံးလေးကိုတော့ သူတို့ မမြင်တွေ့ခဲ့ကြပေ။ ထို ဖန်သီးလေးသည် သူ၏ အိတ်ကပ်ထဲတွင် ရှိနေပြီး တည်ငြိမ်သော အပြာရောင် ဖယောင်းတိုင်မီးအလား တောက်လောင်နေလေသည်။ သူတို့သာ အတွင်းဘက်သို့ လက်ဖြင့် နှိုက်ရှာခဲ့မည်ဆိုလျှင် ထိုအရာကို မြင်တွေ့နိုင်မည် ဖြစ်သည်။ သို့သော် သူတို့သည် သူတို့၏ ဝိညာဉ် အာရုံခံစားမှုဖြင့်သာ ရှာဖွေမှု အားလုံးကို ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
သူတို့သည် သူ၏ ရင်ဘတ်ပေါ်၌ လေးလံအေးစက်နေသော ရင်ထိုးကိုလည်း ချန်ထားခဲ့ကြသည်။ ၎င်းကို ရွှေဖြင့် ပြုလုပ်ထားပြီး တူ ပုံစံတစ်ခု ထွင်းထုထား၏။ ထိုအရာက သူ့ကို အိမ်အလွမ်းပြေစေသည်။ သူသည် အထွတ်အမြတ် တောင်ကြား မှ ကျင့်ကြံသူ တစ်ယောက်ဖြစ်ကြောင်း ထိုရင်ထိုးလောက် အခြားမည်သည့်အရာကမျှ သတိမရစေနိုင်ပေ။
***