← Chapters

အခန်း (၂၇၃-၂၇၄)

Vol. 20 Ch. 273-274

အခန်း (၂၇၃-၂၇၄)

Vol. 20 Ch. 273-274

အပိုင်း(၂၇၃)

စကိုင်းဆွန်း တပ်ဖွဲ့ဝင် နှစ်ဦးသည် လင်းတုန်းကို အတွင်းသို့ လမ်းပြခေါ်ဆောင်သွားခဲ့ကြသည်။ ထိုအခါ သူ အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်လေသည်။

သူ မှတ်ယူထားသည်မှာ ယခုအချိန်မှစ၍ တိုက်ပွဲက စတင်နေပြီ ဖြစ်သည်။ ဤအချိန်မှစ၍ သူ ရနိုင်သမျှ အခွင့်အရေးဟူသမျှကို အရယူရမည် ဖြစ်လေသည်။

"ကျွန်တော့်ရဲ့ အထွတ်အမြတ် သားရဲ ကရော ဘယ်လိုလုပ်မလဲ..."

လင်းတုန်း က သူတို့ကို မေးလိုက်သည်။

"ကျွန်တော့်မှာ စာချုပ်ချုပ်ဆိုထားတဲ့ လက်တွဲဖော် တစ်ကောင် ရှိတယ်၊ ကျွန်တော် မှားနေရင်လည်း ပြင်ပေးပါ၊ ကျင့်ကြံသူ တွေက သူတို့ရဲ့ လက်တွဲဖော်တွေနဲ့ အတူတူ တိုက်ပွဲဝင်ခွင့် ရှိတယ်လို့ ကျွန်တော် ယုံကြည်ထားတယ်..."

ပိုင်ရိုက အက်ရှရှအသံဖြင့် တစ်ချက်မျှ ရယ်မောလိုက်လေသည်။

"ရိုးရာအရတော့ စာချုပ်ချုပ်ဆိုထားတဲ့ လက်တွဲဖော်တွေကို တစ်သားတည်းအနေနဲ့ တိုက်ခိုက်ခွင့် ပြုထားပါတယ်..."

ရန်ဖေး က အတည်ပြုပြောကြားလိုက်သည်။

"ဒါပေမဲ့ အော်သို က မင်းထက် အများကြီး အဆင့်မြင့်လွန်းနေတယ်၊ အဲဒီလိုဆိုတော့ မင်းက သူ့ရဲ့ လက်တွဲဖော် ဖြစ်သွားလိမ့်မယ်၊ အကယ်၍ သူသာ ပါဝင်တိုက်ခိုက်မယ်ဆိုရင် ဒီပွဲကို ကျင်း ကလန် က ကျင်းလုံ နဲ့ အာရီလီယပ် မိသားစု ရဲ့ အစောင့်အရှောက် အော်သို တို့ရဲ့ တိုက်ပွဲဆိုပြီး တရားဝင် မှတ်တမ်းတင်ရလိမ့်မယ်၊ ဒါက ငါတို့ ခွင့်ပြုပေးနိုင်တဲ့ အရာလည်း မဟုတ်သလို နှစ်ဖက်စလုံးက လိုချင်တဲ့အရာလည်း မဟုတ်ဘူး..."

သူတို့သည် ဝင်ပေါက်မှတစ်ဆင့် ဖြတ်လျှောက်သွားကြသည်။ ဓားဖြင့် လှီးဖြတ်လိုက်သည့်အလား လေတိုက်ခတ်မှုများ ရပ်တန့်သွားပြီး လင်းတုန်း ချွေးပြန်လာခဲ့သည်။ အတွင်းဘက်တွင် အတော်လေး အေးမြနေသည်။ သို့သော် သူတို့ ငြင်းပယ်လိုက်သော ဖြစ်နိုင်ခြေတိုင်းက သူ၏ အနိုင်ရနိုင်ခြေကို လျော့ကျသွားစေလေသည်။

သို့သော်လည်း ဤအရာမှာ သူ၏ ကြိုတင်ခန့်မှန်းချက်များ အတွင်း၌ ရှိနေဆဲဖြစ်သည်။ အနည်းဆုံးတော့ သူတို့က သူ့အတွက် လက်နက်အချို့ကို ချန်ထားပေးခဲ့ကြသည် မဟုတ်ပါလား။

ထိုခန်းမကြီးသည် ကျယ်ဝန်းပြီး ဟာလာဟင်းလင်း ဖြစ်နေသည်။ တစ်နှစ်နေမှ ဧည့်သည်တစ်ယောက် ရောက်လာရန်ပင် ရှားပါးလှသည်ဟု လင်းတုန်း သံသယဝင်မိသည်။ ထောင့်များတွင် ဖုန်များ စုပုံနေပြီး ခေါင်မိုးပေါ်တွင် ပင့်ကူအိမ်များ ရှိနေသည်။ ကျောက်တုံးများသည်လည်း အချိန်ကာလ၏ ဖြတ်သန်းမှုနှင့်အတူ ပွန်းပဲ့ဟောင်းနွမ်းနေပြီ ဖြစ်သည်။ ထို့အပြင် စကိုင်းဆွန်း တပ်ဖွဲ့ဝင်များ ချန်ရစ်ခဲ့ပုံပေါ်သော ဖုန်မှုန့်များပေါ်ရှိ လတ်ဆတ်သည့် ဖိနပ်ရာများမှလွဲ၍ ဤနေရာတွင် နေထိုင်သူ မည်သူတစ်ဦးတစ်ယောက်၏ လက္ခဏာကိုမျှ မတွေ့ရပေ။

ခန်းမ၏ အဆုံးတွင် လေးလံသော သစ်သားတံခါးကြီး တစ်ချပ်က စောင့်ကြိုနေလေသည်။ ပိုင်ရို က ထိုတံခါးကို တွန်းဖွင့်လိုက်သည်။ သူ၏ အဝါရောင် မျက်လုံးများ တောက်ပသွားပြီး လင်းတုန်း ကို အထဲသို့ ဝင်ရန် လမ်းပြလိုက်လေသည်။

သို့တည်းမဟုတ် အပြင်သို့ လမ်းပြလိုက်ခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

အခန်းသည် အတော်အတန် ကျယ်ဝန်းသော်လည်း အဝေးဆုံးရှိ နံရံမှာ ပွင့်ဟနေသည်။ တိုင်များကသာ ခေါင်မိုးကို ထောက်ခံထားလေသည်။ ၎င်းတို့ကြားရှိ ကွက်လပ်များမှနေ၍ ဆီးနှင်းများ ဖုံးလွှမ်းနေသော တောင်တန်းကြီးများကို လှမ်းမြင်နေရသည်။ ထိုမြင်ကွင်းက ရုတ်တရက်ဆိုသလို မျှော်လင့်မထားဘဲ အိမ်ကို လွမ်းဆွတ်သွားစေသည်။

လေများ ပြန်လည် ဝင်ရောက်လာခဲ့သည်။ သို့သော် ချောက်ကမ်းပါး အစွန်းတွင် တိုက်ခတ်ခဲ့သလောက်တော့ မပြင်းထန်လှပေ။ ဤအခန်းသည် ကိုက်တစ်ရာခန့် ကျယ်ဝန်းပြီး မည်သည့် ပရိဘောဂမှ မရှိချေ။ တံခါးတစ်ချပ်သာ ရှိသော လင်းတုန်း ၏ နောက်ကျောဘက် နံရံမှလွဲ၍ ကျန်အရာအားလုံးမှာ ကောင်းကင်ယံဆီသို့ ပွင့်ဟနေလေသည်။

အဆင့်နိမ့် အရှင်သခင် များက ထိုနေရာ၌ ကြိုတင်၍ စောင့်ဆိုင်းနေကြပြီ ဖြစ်လေသည်။

အီသန်သည် လင်းတုန်း ၏ ညာဘက်တွင် ရပ်နေသည်။ လင်းတုန်း ကို မြင်သောအခါ သူက ရွှင်လန်းစွာ လက်လှမ်းပြလိုက်လေသည်။ သူ၏ အပြုံးမှာ အမြဲတမ်းလိုလိုပင် တောက်ပနေလေသည်။

သူ၏ မျက်နှာချင်းဆိုင်တွင် ကျင်း ကလန် ၏ ခေါင်းဆောင်ကြီး ဖြစ်သော ကျင်းတိုင်ရှို့ ရှိနေသည်။ ထိုအဘိုးအိုသည် အပြာရောင် အစင်းအကွက်များ ပါဝင်သော အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ၏ ဆံပင်ဖြူများသည် ကျောပြင်ထက်တွင် မြစ်တစ်စင်းအလား ဖြောင့်တန်းစွာ ကျဆင်းနေလေသည်။ ကြယ်တာရာလှံ လမ်းစဉ် ၏ ရွှေအဆင့် အမှတ်အသား ကြောင့် သူ၏ ဆံပင်များသည် နေရောင်အောက်တွင် တောက်ပစွာ ရောင်ပြန်ဟပ်နေသော သတ္တုကြိုးမျှင်များ အစုအဝေး တစ်ခုဖြစ်နေသည်။ သူသည် ညာဘက်လက်တွင် အပြာရောင် ရိုးတံပါသော လှံတစ်လက်ကို ဆုပ်ကိုင်ထားပြီး လှံ၏ အောက်ခြေဖြင့် ကြမ်းပြင်ရှိ ကျောက်တုံးကို ပွတ်တိုက်နေလေသည်။

လင်းတုန်း သူ့ကို နောက်ဆုံးအကြိမ် မြင်တွေ့ခဲ့ပြီးချိန်မှစ၍ သူသည် များစွာ ယိုယွင်းပျက်စီးလာခဲ့လေသည်။

ပြီးခဲ့သည့် အကြိမ်က ကျင်းတိုင်ရှို့ သည် အသက်ရှစ်ဆယ်အရွယ် ကျန်းမာသန်စွမ်းသော အမျိုးသားတစ်ဦးနှင့် တူနေခဲ့သည်။ သူ၏ ကျောပြင်မှာ သူ၏ လှံကဲ့သို့ ဖြောင့်မတ်နေပြီး မျက်လုံးများကလည်း စူးရှနေခဲ့သည်။ ယခုအခါတွင်မူ သူ၏ ကျောပြင်သည် သစ်ပင်အိုကြီး တစ်ပင်၏ ကိုင်းခက်တစ်ခုအလား ကွေးညွတ်နေလေသည်။ မျက်လုံးများကို ဖွင့်ထားရသည်မှာပင် ပင်ပန်းနေသည့်အလား မျက်ခွံများက တစ်ဝက်ခန့် ပိတ်ကျနေသည်။ သူသည် လှံကို အသုံးပြုရန် အဆင်သင့် ဖြစ်နေသည့် ပုံစံမျိုးဖြင့် ကိုင်ဆောင်ထားခြင်း မဟုတ်ပေ။ ထိုလှံကသာ သူ့ကို မတ်တတ်ရပ်နိုင်ရန် ထောက်မပေးထားသည့် တစ်ခုတည်းသော အရာအဖြစ် ကိုင်ဆောင်ထားခြင်း ဖြစ်လေသည်။

သူသည် အဆင့်နိမ့် အရှင်သခင် တစ်ပါး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူ၏ ခြေတစ်ဖက်က မရဏကမ္ဘာ သို့ ရောက်နေပြီ ဖြစ်သည်။ ဤတိုက်ပွဲ မတိုင်မီ သူ သေဆုံးသွားစေရန် လင်းတုန်းသည် အချိန်ကြာမြင့်စွာ မျှော်လင့်နေခဲ့မိသည်။ အကယ်၍ သူသာ သေဆုံးသွားပါက အာရီလီယပ် မိသားစု အနေဖြင့် ဤနေရာတွင် ဆုံးရှုံးရမည့်အရာ ဘာမျှရှိတော့မည် မဟုတ်ပေ။ ဤတိုက်ပွဲသည် လင်းတုန်း နှင့် ကျင်းလုံ တို့ကြားရှိ သီးသန့် တိုက်ပွဲတစ်ခုသာ ဖြစ်သွားပေလိမ့်မည်။

ထိုသို့ဆိုလျှင် စကိုင်းဆွန်း တပ်ဖွဲ့ဝင်များသည် ပတ်ဝန်းကျင်၌ ထောင်ချောက်များ ရှိမရှိ စစ်ဆေးခဲ့မည် မဟုတ်ပေ။ လင်းတုန်း အနေဖြင့် သူ အလိုရှိသလောက် စိတ်ကြိုက် လှည့်စားခွင့် ရရှိပေလိမ့်မည်။

သူတို့သည် ယခုလေးတင်မှ ရောက်ရှိလာခြင်း ဖြစ်ပေမည်။ အဘယ်ကြောင့်ဆိုသော် လင်းတုန်း အသံကြားရလောက်အောင် နီးကပ်လာသည့် အချိန်အထိ အီသန် သည် သူ၏ မျက်နှာချင်းဆိုင်ရှိ လူကို နှုတ်ဆက်ခြင်း မပြုခဲ့သောကြောင့် ဖြစ်သည်။

"ကျင်းတိုင်ရှို့၊ ခင်ဗျား ကျန်းမာရေး ကောင်းပုံရတယ်နော်၊ ကျွန်တော် နောက်ဆုံး မြင်ခဲ့ရတဲ့ အချိန်တုန်းကထက်တောင် ပိုကောင်းနေသေးတယ်..."

ကျင်းကလန် ၏ အဆင့်နိမ့် အရှင်သခင် ၏ လက်တစ်ဖက်သည် ရင်ဘတ်ပေါ်သို့ မြောက်တက်သွားပြီး အလယ်ဗဟိုကို ကုပ်ခြစ်လိုက်သည်။ ထိုအချိန်တွင် သူ၏ နှလုံး ရပ်တန့်သွားလုမတတ် ခံစားလိုက်ရသည့်အလား ပင်ဖြစ်သည်။ အရေပြားများ တွန့်လိပ်နေသော သူ၏ မျက်နှာသည် အမုန်းတရားများကြောင့် ရှုံ့မဲ့သွားခဲ့သည်။ သို့သော် သူ ပြန်လည် တုံ့ပြန်လိုက်သော အသံမှာမူ ရှင်းလင်းပြတ်သားနေလေသည်။

"ဒါက ငါ့အချိန်တွေကို ဖြုန်းတီးနေတာပဲ၊ မင်းရဲ့ လှည့်ကွက်တွေသာ မပါဘူးဆိုရင် ဒီတိုက်ပွဲက ပြီးနေလောက်ပြီ၊ ဒီကောင်လေးရဲ့ ခေါင်းကို လင်ပန်းတစ်ခုထဲ ထည့်ပြီး ငါ့ဆီကို ပို့ပေးခဲ့သင့်တာ၊ အဲဒီလိုဆိုရင် ငါတို့အားလုံး တစ်ရက်စာ ခရီးသွားရတဲ့ ဒုက္ခကနေ သက်သာသွားလိမ့်မယ်..."

"အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် သူ့ကို မေးကြည့်ခဲ့ပါသေးတယ်..."

အီသန် က ပြောလိုက်သည်။

"သူ့ခေါင်းကို ရှိနေတဲ့ နေရာမှာပဲ ထားချင်တယ်လို့ သူက ကျွန်တော့်ကို ပြောတယ်လေ..."

ထိုအရာက အမှန်တကယ် ဖြစ်ပျက်ခဲ့သော ဇာတ်လမ်းဖြစ်သည်။ လင်းတုန်း သည် ဖစ်ရှာ ဂီရှာ နှင့်အတူ လေ့ကျင့်နေစဉ်အတွင်း အီသန် သည် စာအုပ်ဖတ်နေရာမှ ခေါင်းမော့ကြည့်လာခဲ့သည်။ ထို့နောက် လင်းတုန်း၏ ပြတ်ကျနေသော ခေါင်းကို ရန်သူ့ထံသို့ ပို့ဆောင်လိုက်ရုံဖြင့် ဤကိစ္စအားလုံး ပြေလည်သွားနိုင်ကြောင်း အကြံပြုခဲ့လေသည်။ ထိုသို့ လုပ်ဆောင်ခြင်းက အာရီလီယပ် မိသားစု အတွက် အမြင်မတော်စရာ ဖြစ်သွားနိုင်ပေသည်။ သို့သော် တရားဝင် တိုက်ပွဲတစ်ခုတွင် ရှုံးနိမ့်ခြင်းက ပို၍ ဆိုးရွားမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ အရှက်ရမှုအတွက် လူသိရှင်ကြား မှတ်တမ်းတစ်ခု ကျန်ရစ်နေမည် ဖြစ်သောကြောင့်ပင်။

လင်းတုန်း သည် သူ၏ ခေါင်းကို နေရာတကျ ရှိနေခွင့်ပြုရန် ယဉ်ကျေးစွာဖြင့်ပင် တောင်းဆိုခဲ့ရလေသည်။

အခန်းထဲတွင် အခြား လူသုံးဦး ရှိနေသေးသည်။ သို့သော် လင်းတုန်း သည် ခေါင်းဆောင်ကြီး နှစ်ဦးကိုသာ ပထမဆုံး အာရုံစိုက်နေခဲ့မိသည်။

အလယ်ဗဟိုတွင် နောက်ထပ် အဘိုးအို တစ်ဦး ရပ်နေလေသည်။ သူသည် အဆင့်နိမ့် အရှင်သခင် နှစ်ပါးစလုံးနှင့် အကွာအဝေး တူညီစွာ ရှိနေသည်။ သူသည် စကိုင်းဆွန်း တပ်ဖွဲ့၏ အစိမ်းရောင် သံချပ်ကာကို ဝတ်ဆင်ထားသည်။ သို့သော် သူ၏ နောက်ကျောဘက် ပခုံးထက်တွင် ငေါထွက်နေသော အရာတစ်ခု ရှိနေလေသည်။ သူသည် ကျောပိုးအိတ် တစ်လုံးကို လွယ်ထားခြင်းလော။

သူသည် ကျင်းတိုင်ရှို့ ကဲ့သို့ အလွန်အမင်း အိုမင်းနေပုံ မရပေ။ သို့တိုင်အောင် လင်းတုန်း ၏ အဘိုးအရွယ်ခန့် ရှိနိုင်သည်ဟု ထင်ရသည်။ သူ၏ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံမှာ အားကောင်းနေဆဲ ဖြစ်သည်။ ထို့ပြင် သူသည် ရန်ဖေး သို့မဟုတ် ပိုင်ရို တို့ထက် အစိမ်းရောင် စကိုင်းဆွန်း သံချပ်ကာကို ပို၍ သဘာဝကျကျ ဝတ်ဆင်ထားလေသည်။ ထိုသံချပ်ကာထဲတွင် မွေးဖွားလာခဲ့သည့်အလား ပင်ဖြစ်သည်။ သံချပ်ကာ အပြားများသည် များစွာ ပွန်းပဲ့ပြီး ချိုင့်ခွက်နေသည့်အတွက် ထိုအရာက သူ၏ အသက်အရွယ်ခန့်ပင် ဟောင်းနွမ်းနေမည်မှာ သေချာလှသည်။

သူ၏ မီးခိုးရောင် ဆံပင်များသည် ရှည်လျားပြီး ကြပ်ခဲနေသည်။ လိမ်ယှက်နေသော ကုလားကာများအလား တွဲလောင်းကျနေလေသည်။ သူ၏ မျက်နှာပေါ်ရှိ ကြီးမားသော အစိတ်အပိုင်း တစ်ခုသည် မီးလောင်ခံထားရသည့်အလား အမာရွတ်များ ထင်ကျန်ကာ ရှုံ့မဲ့နေသည်။ ထို့ပြင် သူသည် ကျောဘက်တွင် ဓားကြီးတစ်လက်ကို လွယ်ထားလေသည်။

ခြစ်ရာများ ထင်နေသော သံချပ်ကာ၊ ညစ်ပတ်နေသော ဆံပင်များနှင့် မီးလောင်ထားသော မျက်နှာတို့က သူ့ကို အားနည်းနေသည့်ပုံ ပေါ်မနေစေကြောင်း လင်းတုန်း ခံစားရသည်။ သူသည် စစ်မြေပြင်နှင့်သာ သင့်တော်မည့် လူတစ်ယောက်နှင့် တူနေလေသည်။

ထိုအဘိုးအိုသည် ပါးစပ်ထဲမှ တစ်ဝက်ခန့် ထွက်နေသော သစ်ရွက်တစ်ရွက်ကို ဝါးနေသည်။ သူက လင်းတုန်း ကို ပင်ပန်းနွမ်းနယ်နေသော အမူအရာဖြင့် ကြည့်လိုက်သည်။

"ကောင်းပြီ၊ ကောင်းပြီလေ၊ မဟူရာ မီးတောက် အင်ပါယာ ကိုယ်စား ကျင်း ကလန် က ကျင်းတိုင်ရှို့ နဲ့ အာရီလီယပ် မိသားစု က အီသန် တို့ ကြားက ဒီတိုက်ပွဲကို ငါ သက်သေအဖြစ် မှတ်တမ်းတင်တယ်၊ အဆင့်နိမ့် အရှင်သခင် တစ်ပါးနဲ့ စကိုင်းဆွန်း တပ်ဖွဲ့ရဲ့ ခေါင်းဆောင် တစ်ယောက်အနေနဲ့ ငါ နာရူကွေ့ က ငါ့ရဲ့ ဂုဏ်သိက္ခာကို အရင်းတည်ပြီး အာမခံတယ်၊ ငါ မရောက်ခင်အချိန်အထိ ပြိုင်ဝင်းထဲမှာ ဘာကြိုတင်ကြံစည်မှုမှ မရှိခဲ့ပါဘူး၊ တိုက်ပွဲ ဖြစ်နေချိန်အတွင်းမှာလည်း ပြင်ပကနေ ဝင်ရောက်စွက်ဖက်တာမျိုးကို ငါ လုံးဝ သည်းခံမှာ မဟုတ်ဘူး..."

စကားလုံးတိုင်းကို သံမှိုတစ်ချောင်း ရိုက်သွင်းလိုက်သည့်အလား ပြတ်သားစွာ ပြောဆိုလိုက်လေသည်။ သူသည် အခြား တစ်နေရာရာသို့ ထွက်ပြေးသွားချင်စိတ်ကို အပြင်းအထန် အောင့်အည်းထားရင်း တစ်စုံတစ်ရာကို ရွတ်ဆိုနေရသည့်အလား ပင်ဖြစ်သည်။

***

အပိုင်း(၂၇၄)

"ခင်ဗျား ဒီကို ရောက်နေတာ တကယ့်ကို ဝမ်းသာစရာပဲ ကွေ့ ရေ..."

အီသန် က ပျော်ရွှင်စွာ ပြောလိုက်သည်။

"အင်ပါယာ တစ်ခုလုံးမှာရှိတဲ့ တိုက်ပွဲ ဒိုင်လူကြီး တွေထဲမှာ ခင်ဗျားက အဆင့်အမြင့်ဆုံး ဖြစ်နေတုန်းပဲ မဟုတ်လား၊ ဒီလောက် လေးစားရတဲ့ သူတစ်ယောက်ကို ရထားတာ တကယ့်ကို ဝမ်းသာစရာပါ၊ ရိုးရိုးသားသား ပြောရရင် ဝမ်းသာလွန်းလို့ပါ..."

"အီသန်၊ မင်း ပါးစပ်ကနေ နောက်တစ်ခွန်း ထပ်ထွက်လာရင် ငါ ကိုယ်တိုင် မင်းကို ဒီတောင်ကြီးရဲ့ အလယ်ဗဟိုအထိ ရောက်အောင် ရိုက်သွင်းပစ်မယ်..."

နာရူကွေ့ သည် စကားပြောနေစဉ် သူ၏ သစ်ရွက်ကို ကိုက်ဝါးနေလေသည်။ သူသည် ကုတင်ပေါ်၌သာ အိပ်နေချင်သည့် ရုပ်သွင်မျိုး ပေါ်နေဆဲဖြစ်သည်။

"ငါက ကျင်း ကလန် အပေါ်မှာ ဘာမေတ္တာမှ မရှိပါဘူး၊ ဒါပေမဲ့ မင်းကိုသာ မီးလောင်နေတာ မြင်ရရင်တော့ မိုးရွာပြီး မီးမငြိမ်းသွားအောင် ငါကိုယ်တိုင် ထီးမိုးပေးထားမယ်..."

"အဲဒီလောက်ကြီးတော့ ဖြစ်စရာ မလိုပါဘူးဗျာ..."

တိုက်ပွဲက မိမိ အပေါ် မိုးကျလာတော့မည် ဖြစ်သောကြောင့် လင်းတုန်း ၏ နှလုံးသားမှာ ဒိန်းဒိန်းခါအောင် ခုန်နေပြီ ဖြစ်သည်။ ကျင်းတိုင်ရှို့ ၏ အနောက်ဘက်တွင် ရပ်နေသော အနီရောင် မျက်နှာဖုံးစွပ် အမျိုးသားကို မကြည့်မိစေရန် သူ ကြိုးစားနေခဲ့သည်။ သို့သော် အီသန် သည် ဒိုင်လူကြီးကို ရန်စလိုက်ကြောင်း သူ နားလည်သွားချိန်တွင် သူ၏ နှလုံးခုန်နှုန်းများ ပိုမို မြန်ဆန်လာပြီး ဗိုက်ထဲတွင် ဟာလာဟင်းလင်း ဖြစ်သွားသလို ခံစားလိုက်ရလေသည်။

အီသန် ဘာတွေ လုပ်လိုက်သနည်း။ နာရူကွေ့ က ကျင်းလုံ ဘက်မှနေ၍ ဝင်ရောက် စွက်ဖက်လေမည်လား။

"ဝေ့ရှီလင်းတုန်း အာရီလီယပ်..."

စကိုင်းဆွန်း ခေါင်းဆောင် က ခေါ်လိုက်သည်။

"မင်းရဲ့ အဆင့်နိမ့် အရှင်သခင် ဘေးမှာ သွားရပ်ပြီး မင်းရဲ့ ပြိုင်ဘက်ကို မျက်နှာချင်းဆိုင်လိုက်၊ မင်း မျက်နှာပေါ်က အဲဒီအပြုံးကို ဖျောက်ပစ်စမ်း အီသန်၊ ကောင်းကင်ဘုံ ကို တိုင်တည်ရဲတယ်၊ မင်းကို ကြည့်ရတာ ငါ့မှာ ပျို့တက်လာလို့ပဲ..."

လင်းတုန်းက အီသန် နှင့် ပခုံးချင်းယှဉ်ကာ ရပ်လိုက်သည်။ ...သို့သော် အနည်းငယ် နောက်သို့ ဆုတ်ခွာသွားခဲ့သည်။ ဒိုင်လူကြီး၏ စိတ်ထဲတွင် သူ့ကိုယ်သူ အီသန် နှင့် အနည်းဆုံး ဆက်စပ်မှု ရှိအောင် နေနိုင်လေ ပိုကောင်းလေ ဖြစ်သည်။ အီသန်ကတော့ အလွန်အမင်း ပျော်ရွှင်ကြည်နူးနေသည့်ပုံ ပေါ်နေလေသည်။

အခြား ရွေးချယ်စရာ မရှိတော့သဖြင့် လင်းတုန်း သည် ကျင်းတိုင်ရှို့ ၏ နောက်ကွယ်တွင် ရပ်နေသော လူနှစ်ဦးကို နောက်ဆုံး၌ ကြည့်လိုက်လေသည်။

ကျင်းချန် ကို မြင်ရသည်မှာ သူ စိတ်အနှောင့်အယှက် မဖြစ်မိပေ။ သူနှင့် အသက်အရွယ်ခန့်တူညီသော သူမသည် သေးသွယ်ပြီး အသားအရေ ဖြူရော်နေလေသည်။ ပျော့ပျောင်းသော အနက်ရောင် ဆံပင်များက ပခုံးအောက်အထိ ကျဆင်းနေသည်။ သူမ၏ ပြူးကျယ်နေသော မျက်လုံးများသည် စိုးရိမ်ပူပန်နေသော အမူအရာဖြင့် ဒိုင်လူကြီးကိုသာ စိုက်ကြည့်နေခဲ့သည်။

သို့သော် လင်းတုန်း သူမကို ကြည့်နေသည်ကို မြင်သောအခါ သူ့ဘက်သို့ လှည့်ကြည့်လာခဲ့သည်။ သူမသည် ရိုးရာ ကျင့်ကြံသူ ဝတ်ရုံများထက် ပို၍ရှည်လျားပြီး ပွယောင်းသော အပြာနုရောင် ဝတ်ရုံကို ဝတ်ဆင်ထားလေသည်။ သူ့ဘက်သို့ လက်မပြမီ အချိန်အထိ သူမ၏ လက်များကို အင်္ကျီလက်ရှည်များဖြင့် ဖုံးကွယ်ထားခဲ့သည်။

သူမက ပြုံးမပြခဲ့ပေ။ သူမသည် စိုးရိမ်နေဆဲပုံ ပေါ်သည်။ သို့သော် အနည်းဆုံးတော့ သူမက သူ့ကို အသိအမှတ်ပြု နှုတ်ဆက်ခဲ့သည် မဟုတ်ပါလား။ ၎င်းသည် ခင်မင်ရင်းနှီးသော အမူအရာတစ်ခု ဖြစ်လိမ့်မည်ဟု ထင်သည်။ မဟူရာ မီးတောက် အင်ပါယာ တွင် ရန်သူများကို လက်ဝှေ့ယမ်း၍ နှုတ်ဆက်တတ်သော သမိုင်းကြောင်း မရှိပါစေနှင့်ဟု သူ ဆုတောင်းနေမိသည်။

သူ၏ ဗိုက်ထဲတွင် လှိုင်းထနေသော်လည်း သူ တတ်နိုင်သမျှ အခင်မင်ရဆုံး အမူအရာဖြင့် တင်းကြပ်စွာ ပြုံးပြလိုက်သည်။ ထို့နောက် သူမကို ခေါင်းညိတ်ပြလိုက်လေသည်။

ထို့နောက် ဤနေရာသို့ ဝင်ရောက်လာပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် သူ၏ ပြိုင်ဘက်ကို နောက်ဆုံး၌ တည့်တည့် စိုက်ကြည့်လိုက်လေသည်။

ကျင်းလုံ သည် သူ့ကို ကြည့်နှင့်နေပြီ ဖြစ်သည်။

သူ၏ ခေါင်းတစ်ခုလုံးကို ရစ်ပတ်ထားသော အနီရောင် အဝတ်စများကြားရှိ ဟာကွက်တစ်ခုမှတစ်ဆင့် သူ၏ မှောင်မိုက်နေသော မျက်လုံးများက အရောင်လက်နေလေသည်။ သူသည် အရပ်ရှည်ပြီး သွယ်လျကာ အပြာရင့်ရောင် ဝတ်ရုံများကို ဝတ်ဆင်ထားသည်။ သူ၏ လှံကိုလည်း ဘေးဘက်တွင် ကိုင်ဆောင်ထားလေသည်။

ထိုလှံကို မြင်လိုက်ရချိန်တွင် လင်းတုန်း ဝမ်းသာသွားခဲ့သည်။ ၎င်းသည် ကျင်းဘိုးဘေး လှံ၏ ဝိသေသ လက္ခဏာ ဖြစ်သော အဖြူရောင် လှံရိုး မရှိချေ။ ယခုလှံမှာမူ သစ်သားနှင့် သတ္တုတို့ဖြင့် ပြုလုပ်ထားသော သာမန် လက်နက်တစ်ခုသာ ဖြစ်လေသည်။

ကျင်းလုံသည် လင်းတုန်း ထံသို့ သူ၏ လက်ကို မြှောက်ပြလိုက်သည်။ ထိုလုပ်ရပ်က ဤအမူအရာသည် ရန်သူတစ်ဦးကို လေးစားမှုပြသရန် ရည်ရွယ်ထားခြင်း ဖြစ်နိုင်သည်ဟူသော စိုးရိမ်မှုများကို ပြန်လည်ပေါ်ပေါက်လာစေသည်။ မျက်နှာဖုံးအောက်ရှိ ပြိုင်ဘက်၏ အမူအရာကို သူ ဘာတစ်ခုမျှ မမြင်နိုင်ပေ။ သို့သော် ထိုအမူအရာကို ခင်မင်ရင်းနှီးမှုအဖြစ်သာ ယူဆရန် ဆုံးဖြတ်လိုက်ပြီး သူ၏ ညာဘက်လက်ကို မြှောက်ပြလိုက်လေသည်။

နာရူကွေ့ သည် လင်းတုန်း မှသည် ကျင်းလုံ ဆီသို့ အကဲခတ်လိုက်သည်။ သူတို့၏ အာရုံစိုက်မှုက သူ့ထံတွင် ရှိနေကြောင်း သေချာစေပြီးနောက် သူ၏ ပါးစပ်ထဲမှ သစ်ရွက်ကို ထုတ်ကာ စကားပြောလိုက်လေသည်။

"ဒါက ဂုဏ်သိက္ခာအတွက် တိုက်ပွဲပဲ၊ အဲဒီလိုပဲ ပြိုင်ဘက်တွေက သေတဲ့အထိ ဒါမှမဟုတ် မလှုပ်ရှားနိုင်တဲ့အထိ တိုက်ခိုက်ကြရမယ်... ငါက ဒီမှာ အဆင့်နိမ့် အရှင်သခင် တွေ ဝင်မစွက်ဖက်နိုင်အောင် သေချာဖို့ ရောက်နေတာဆိုတော့ အားမနာတမ်း တိုက်ခိုက်ကြပေတော့... မင်းတို့ရဲ့ တိုက်ပွဲ နယ်နိမိတ်က ဒီအခန်းထဲမှာပဲ ကန့်သတ်ထားတယ်၊ အကယ်၍ မင်းတို့က အဲဒီနယ်နိမိတ်ကို ကျော်လွန်သွားမယ်ဆိုရင် ငါ ကိုယ်တိုင် အင်အားသုံးပြီး ပြန်ခေါ်လာခဲ့မယ်..."

သူသည် သစ်ရွက်ကို ပါးစပ်ထဲသို့ ပြန်သွင်းလိုက်ပြီး ဆက်ပြောလိုက်သည်။ ယခုတစ်ကြိမ်တွင်မူ သူသည် အလွတ်ရွတ်ဆိုနေသည့် အသံမျိုး မဟုတ်တော့ပေ။

"ဒါက ဒုတိယမြောက် ပိုအားနည်းတဲ့ အမြုတေ ပါတဲ့ အဆင့်နိမ့် ရွှေအဆင့် တစ်ယောက်နဲ့ အစစ်အမှန် ရွှေအဆင့် တစ်ယောက်ကြားက တိုက်ပွဲ ဖြစ်နေရင်တောင်မှ ကြီးမားတဲ့ မိသားစု နှစ်ခုကြားက တိုက်ပွဲပဲ... အဲဒါက တရားဝင် အဆင့်သတ်မှတ်ချက်တွေသာမက အင်အားစု နှစ်ခုစလုံးရဲ့ ဂုဏ်သတင်းကိုပါ ရောင်ပြန်ဟပ်စေလိမ့်မယ်... မင်းတို့ရဲ့ သဘောထားကွဲလွဲမှုတွေကို ဖြေရှင်းနိုင်မယ်ဆိုရင် အခုပဲ ဖြေရှင်းလိုက်ကြ..."

သူ၏ လေသံက ထိုသို့ဖြစ်လာမည်ကို များစွာ မျှော်လင့်ထားသည့်ပုံ မပေါ်ပေ။

လင်းတုန်း သည် သူ အကျဉ်းကျနေစဉ် လပေါင်းများစွာအတွင်း အခြားသူများထံမှ ကြားသိခဲ့ရသည့် အရာများကို ပြန်လည် စဉ်းစားလိုက်သည်။ ကျင်း ကလန် ၏ တိုက်ခိုက်မှုအပြီးတွင် အာရီလီယပ် မိသားစု သည် အန္တရာယ်ရှိလောက်အောင် ရန်ပုံငွေ ပြတ်လပ်နေခဲ့သည်။ သို့သော် ကျင်း ကလန် ၏ ဂုဏ်သတင်းသည်လည်း အချိန်တိုင်းတွင် အနိမ့်ဆုံး အခြေအနေသို့ ရောက်ရှိနေလေသည်။ အချို့သော ကုန်သည် အဖွဲ့အစည်းများသည် ကျင်း ကလန် နှင့် ဆက်လက် အရောင်းအဝယ် ပြုလုပ်ရန် ငြင်းဆန်လာခဲ့ကြသည်။ ထိုသို့ ငြင်းဆန်ရခြင်းမှာ သူတို့၏ အားနည်းမှုကြောင့် သော်လည်းကောင်း အာရီလီယပ် မိသားစု ၏ အလုပ်သမားများကို ရုတ်တရက် တိုက်ခိုက်ခဲ့သော သူတို့၏ ယုတ်မာသည့် လုပ်ရပ်ကြောင့် သော်လည်းကောင်း ဖြစ်နိုင်သည်။

လင်းတုန်း နားလည်ထားသည့်အတိုင်း တိုက်ခိုက်ပြီးနောက် မအောင်မြင်ခဲ့ခြင်းကသာ အစစ်အမှန် အပြစ်ကြီး ဖြစ်လေသည်။ အကယ်၍ ကျင်းတိုင်ရှို့ သည် အီသန် ကို အောင်မြင်စွာ သတ်ဖြတ်နိုင်ခဲ့ပြီး သူ၏ ကျန်ရှိနေသော တိုက်ခိုက်ရေးသမားများက အာရီလီယပ် မိသားစု ၏ လုပ်ငန်းခွင် အင်အားစုကို ချည့်နဲ့သွားအောင် လုပ်ဆောင်နိုင်ခဲ့မည်ဆိုပါက မဟူရာ မီးတောက် အင်ပါယာ မှ အခြား အဆင့်နိမ့် အရှင်သခင် များသည် ၎င်းကို ဉာဏ်ကောင်းသော လှုပ်ရှားမှုတစ်ခုအဖြစ် မှတ်ယူကြပေလိမ့်မည်။

ထိုအရာများ အပြင် သူတို့၏ အဆင့်နိမ့် အရှင်သခင် သည် အသက်ရှင်ရန် အချိန်များများ မကျန်တော့ချေ။ ဤအခြေအနေမျိုးတွင် သူတို့ကို မြေမြှုပ်ပစ်မည့် နှင်းမြေပြိုကျမှုကြီးကို စတင်ရန်အတွက် ကျောက်စရစ်ခဲလေး တစ်လုံးသာ လိုအပ်တော့လေသည်။

သို့သော် ထိုကျောက်စရစ်ခဲလေး ဖြစ်လာရန် တာဝန်မှာ လင်းတုန်း အပေါ်သို့ ကျရောက်နေလေပြီ။

သူသည် မိမိကိုယ်ကိုယ် ပြန်လည် စုစည်းလိုက်ပြီး သိမ်းဆည်းခွင့် ရရှိခဲ့သော မှော်ပစ္စည်း လက်နက်လေးခုကို စိတ်ထဲ၌ ပြန်လည် စဉ်းစားသုံးသပ်လိုက်လေသည်။ ၎င်းတို့သည် ငြင်းပယ်ခံခဲ့ရသော လက်နက်များနှင့် နှိုင်းယှဉ်ပါက အသုံးဝင်မှု အကန့်အသတ် ရှိပေလိမ့်မည်။ သို့ရာတွင် သူ၏ အစီအစဉ်များကို ထိုအရာများနှင့် အကောင်အထည်ဖော်နိုင်ဦးမည် ဖြစ်သည်။ ထိုသို့ပင် သူ မျှော်လင့်မိလေသည်။

"အခန်းရဲ့ အလယ်ဗဟိုကို လာပြီး မင်းတို့ရဲ့ ရန်သူကို မျက်နှာချင်းဆိုင်လိုက်ကြ..."

နာရူကွေ့ က အခန်း၏ ပွင့်ဟနေသော ဘက်သို့ လျှောက်သွားရင်း ပြောလိုက်သည်။ သူသည် လက်ပိုက်ထားပြီး ပခုံးတစ်ဖက်ကို ကျောက်တိုင်၌ မှီထားလိုက်သည်။ သူ၏ နောက်ကျောဘက်ရှိ မတ်စောက်သော ချောက်ကမ်းပါးကြီးကို ဂရုစိုက်သည့်ပုံ မပေါ်ပေ။

"ကျန်တဲ့သူတွေ အားလုံး နောက်ဆုတ်နေကြ... မင်းတို့ တိုက်ပွဲကို မနှောင့်ယှက်နိုင်အောင် ငါက ကာကွယ်ပေးမှာ၊ တိုက်ပွဲကြောင့် မင်းတို့ မထိခိုက်အောင် ကာကွယ်ပေးမှာ မဟုတ်ဘူး..."

အီသန်သည် နောက်ဆုတ်သွားရုံသာမက အောက်သို့ပါ ထိုင်ချလိုက်သည်။ သူသည် ကျောကို နံရံ၌ မှီထားပြီး ခြေထောက်များကို အရှေ့သို့ ဆန့်ထုတ်ထားလေသည်။ ထို့နောက် ခြေကျင်းဝတ် တစ်ဖက်ပေါ်သို့ အခြားတစ်ဖက်ကို တင်ထားလိုက်သည်။ သူသည် ပျော်ပွဲစားထွက်လာချိန်တွင် အပန်းဖြေနေသည့်အလား သက်တောင့်သက်သာ ရှိနေပုံရလေသည်။

ကျင်းချန်သည် ပြိုင်ပွဲဝင်များကို စိုးရိမ်တကြီး လှမ်းကြည့်လိုက်သည်။ ထို့နောက် အခန်း၏ အခြားတစ်ဖက်စွန်းဆီသို့ ဖြည်းညင်းစွာ လျှောက်သွားသော ကျင်းတိုင်ရှို့ နောက်သို့ လိုက်ပါသွားလေသည်။

သူတို့သည် ကျင်းလုံ နှင့် လင်းတုန်း တို့၏ ပတ်ဝန်းကျင်၌ ကျယ်ဝန်းသော နေရာလွတ်တစ်ခုကို ချန်ထားခဲ့ကြသည်။ ယခုအခါ တစ်ဦးကိုတစ်ဦး ကြည့်ရန်မှလွဲ၍ အခြား ဘာမျှမရှိတော့ပေ။ လင်းတုန်း အဖို့မူ သူ၏ ရန်သူသည် ကမ္ဘာကြီး တစ်ခုလုံးကို ဖုံးလွှမ်းသွားလုမတတ် ကြီးမားလာသည်ဟု ထင်ရလေသည်။

အရာအားလုံးသည် အလွန် မြန်ဆန်လွန်းနေသည်ဟု သူ ခံစားရသည်။

သူ ထူးကဲသော ရှေးဟောင်း အပျက်အစီး ၏ အထွတ်အထိပ်တွင် ရပ်နေခဲ့သည်မှာ တစ်နှစ်၊ တစ်နှစ်တိတိ ရှိခဲ့ပြီဖြစ်သည်။ သို့သော် ထိုအရာသည် အစစ်အမှန်ဟု မခံစားရပေ။ အချိန်တွေ ဘယ်ဆီကို ရောက်သွားခဲ့သနည်း။ တစ်နှစ်ဆိုသည့် အချိန်ကာလ ဖြစ်နိုင်စရာ အကြောင်းမရှိပေ။ သူသည် လှည့်စားခံလိုက်ရသည်ဟု ခံစားနေရသည်။

ရုတ်တရက်ဆိုသလို အီသန် ထံသို့ ပြေးသွားကာ ဤပွဲမှ နုတ်ထွက်ခွင့်ပြုရန် တောင်းပန်ချင်စိတ်များ ပေါ်ပေါက်လာခဲ့သည်။ တစ်စုံတစ်ယောက်က အမှားတစ်ခုခု လုပ်ခဲ့မိသည်မှာ သေချာသည်။ သူ အဆင်သင့် မဖြစ်သေးပေ။ သူ့အတွက် အချိန်ပို လိုအပ်နေပါသေးသည်။

"အချင်းချင်း နှုတ်ဆက်လိုက်ကြ..."

ထိုအချိန်တွင်ပင် နာရူကွေ့ က အမိန့်ပေးလိုက်လေသည်။

***

All Chapters