အခန်း (၂၇၅-၂၇၆)
Vol. 20 Ch. 275-276
အပိုင်း(၂၇၅)
ကျင်းလုံသည် သူ၏ လှံကို တံတောင်ဆစ် ကွေးရာနေရာတွင် ညှပ်ထားရင်း လက်သီးနှစ်ဖက်ကို ဆုပ်ကာ အရိုအသေ ပေးလိုက်သည်။ သူ၏ မျက်လုံးများသည် လင်းတုန်း ထံမှ အဝေးသို့ မဖယ်ခွာသွားပေ။
လင်းတုန်း ၏ ခန္ဓာကိုယ်သည် အလိုအလျောက်ပင် ထိုအမူအရာကို ပြန်လည် တုံ့ပြန်လိုက်သည်။ သူ၏ စိတ်ထဲတွင်မူ မယုံကြည်နိုင်မှုများဖြင့် လွင့်မျောနေဆဲ ဖြစ်သည်။ သူ တကယ်ပဲ ဤနေရာသို့ ရောက်နေခဲ့ပြီလော။
"ငါ့ ညီမလေးကို ကုသပေးခဲ့တဲ့အတွက် မင်းကို ကျေးဇူးတင်ရမယ်... မင်းက ငါ့ ညီကို သတ်ခဲ့တယ်၊ ဒါပေမဲ့ ငါ့ ညီမလေးကို ငါ့ဆီ ပြန်ပေးခဲ့တယ်... ငါ့ဘက်က ပြောရရင်တော့ ငါတို့ ကျေသွားကြပြီ..."
ကျင်းလုံ က ပြောလိုက်သည်။
ထိုစကားက လင်းတုန်း ကို သတိဝင်လာစေပြီး အလျင်အမြန်ပင် ပြန်ပြောလိုက်သည်။
"ကျွန်တော်တို့ အခုပဲ လှည့်ပြန်သွားလို့ ရတယ်... ခင်ဗျားအပေါ် ကျွန်တော့်မှာ ဘာရန်ငြိုးမှ မရှိဘူး..."
"ငါ့ သဘောဆန္ဒအတိုင်းသာ ဆိုရင် ဒီပွဲကို ဖျက်သိမ်းလိုက်တာ ကြာပြီ... ကျင်း ကလန် အတွက် ငါ ဘယ်တော့မှ တိုက်ခိုက်ပေးမှာ မဟုတ်ဘူး..."
သူသည် လှံကို လှည့်ကာ လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ ထို့နောက် တိုက်ခိုက်ရန် အနေအထားဖြင့် ကိုယ်ကို နှိမ့်ချလိုက်ပြီး လှံသွားကို လင်းတုန်း ဘက်သို့ ချိန်ရွယ်လိုက်လေသည်။
"ဒါပေမဲ့ ဒါက ငါ ဆုံးဖြတ်ရမယ့် ကိစ္စ မဟုတ်ဘူး... ငါ တတ်နိုင်သမျှ အကြင်နာဆုံး ဖြစ်အောင်တော့ လုပ်ပေးပါ့မယ်..."
လင်းတုန်း၏ စိုးရိမ်စိတ်အချို့ လျော့ကျသွားခဲ့သည်။ အကယ်၍ ရန်သူက သူ့အပေါ် အလျှော့ပေးမည်ဆိုပါက သူ ထင်မှတ်ထားသည်ထက် ပိုကောင်းသော အခွင့်အရေး ရနိုင်ကောင်းပေသည်။
"အသင့်ပြင်ထားကြ..."
နာရူကွေ့ က ပြောလိုက်သည်။ လင်းတုန်း သည် ခြေဖျားထောက်ကာ ရှေ့သို့ ကိုင်းလိုက်ပြီး ပြေးရန် အဆင်သင့်ဖြစ်စေရန် ဒူးများကို ကွေးထားလိုက်သည်။ ကျင်းလုံ၏ လက်သီးများသည်လည်း သူ၏ လက်နက်ပေါ်တွင် တင်းကျပ်သွားလေသည်။ လေပြင်းများက ပြင်ပ၌ လှည့်ပတ် တိုက်ခတ်နေသလို မာဒြာ များသည်လည်း လင်းတုန်း ၏ သွေးကြောများအတွင်း၌ လှည့်ပတ်စီးဆင်းနေလေသည်။
သူ နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ အချိန်ကျရောက်လာပြီ ဖြစ်သည်။ ထို့ပြင် သူကိုယ်တိုင်လည်း အဆင်သင့် ဖြစ်နေပြီ ဖြစ်လေသည်။
"စတင်ပါ..."
စကိုင်းဆွန်း အဆင့်နိမ့် အရှင်သခင် က ပြောလိုက်သည်နှင့် တိုက်ခိုက်သူ နှစ်ဦးကြားရှိ လေထုကို ဆုတ်ဖြဲကာ မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
လင်းတုန်းသည် ရှေ့သို့ ပြေးထွက်သွားလေသည်။
‘သူ နင့် ကို မဟူရာ မီးတောက် တစ်ယောက်လိုမျိုးပဲ သဘောထားလိမ့်မယ်လို့ ငါ ထင်တယ်...’
ယီရင် က သူ့ကို ပြောခဲ့ဖူးသည်။
‘သူက နင့်ရဲ့ ပထမဆုံး နည်းစနစ်ကို တားဆီးကာကွယ်ချင်လိမ့်မယ်... အဲဒါကို ဖောက်ထွင်းပစ်လိုက်...’
လင်းတုန်းသည် သူ၏ ညာဘက် လက်ကောက်ဝတ်တွင် ရစ်ပတ်ထားသော ခရမ်းရောင် လက်ကောက်ကို အသက်သွင်းလိုက်ပြီး လက်ကို ရှေ့သို့ ပစ်လွှဲလိုက်သည်။ တောက်ပသော ခရမ်းရောင် မျဉ်းကြောင်းတစ်ခုသည် ကြာပွတ်တစ်ခုအလား ရှေ့သို့ ထွက်ပေါ်လာ၏။ ၎င်း၏ ထိပ်ဖျားမှာ ပြာလဲ့လဲ့ အဖြူရောင် ဖြစ်နေလေသည်။
လူသူကင်းမဲ့သော တောရိုင်းမြေ တွင် ဖစ်ရှာ များ၌ ကျော့ကွင်း ဟု ခေါ်သော နည်းစနစ်တစ်ခု ရှိသည်။ ၎င်းသည် သားကောင်များအပေါ် တွယ်ကပ်ရန် သူတို့၏ ချိတ်ဆက်မှု မာဒြာ ကို အသုံးပြုပြီးနောက် ကြမ်းတမ်းသော ခွန်အားဖြင့် ပြန်လည် ဆွဲယူနိုင်လေသည်။ ဖစ်ရှာ ဂီရှာ သည် အိမ်မှ ဖစ်ရှာ ဝိညာဉ်အကြွင်းအကျန် တစ်ခုကို ယူဆောင်လာခဲ့သည်။ ထိုအရာကို သူမနှင့် လင်းတုန်း တို့ ခွဲစိတ်လေ့လာကြသောအခါ ကျော့ကွင်း အမြုတေကြိုး တစ်ခုကို တွေ့ရှိခဲ့ကြသည်။
၎င်းကို မှော်ပစ္စည်း တစ်ခုအဖြစ် ဖန်တီးသောအခါ သူတို့က ပြုပြင်မွမ်းမံမှု အချို့ကို ပြုလုပ်ခဲ့ကြသည်။ ယခုအခါ ခရမ်းရောင် လက်ကောက်အတွင်းရှိ ထိုနည်းစနစ်ကို ဟင်းလင်းပြင် ကျော့ကွင်း ဟု ခေါ်ဆိုလေသည်။
သေချာသည်က ကျင်းလုံတွင် ထိုနည်းစနစ်ကို ကြားဖြတ်တားဆီးနိုင်သော အမြန်နှုန်း ရှိနေသည်။ သူသည် အစစ်အမှန် ရွှေအဆင့် တစ်ပါး ဖြစ်လေသည်။ သူ၏ လှံဖြင့် ထိုအရာကို ခုတ်ပိုင်းလိုက်သော်လည်း သူ၏ လက်နက်သည် ဖစ်ရှာ မာဒြာ မျဉ်းကြောင်းကိုသာ ဖြတ်သန်းသွားပြီး တွယ်ကပ်သွားလေသည်။ ထိုကြိုးတွင် ရုပ်ပိုင်းဆိုင်ရာ ဒြပ်သား မရှိသော်လည်း အရာဝတ္ထုများကို လင်းတုန်း ထံသို့ ဆွဲငင်နိုင်စွမ်း ရှိသည်။
ထို့ပြင် ကြာပွတ်၏ ထိပ်ဖျားဖြစ်သော တောက်ပသည့် ပြာလဲ့လဲ့ အဖြူရောင် ထိပ်ဖျားလေးသည် ကျင်းလုံ ၏ ပခုံးကို ရိုက်ခတ်သွားလေသည်။
ပြိုင်ဘက်၏ ခန္ဓာကိုယ်အတွင်းသို့ သန့်စင်သော မာဒြာ များကို ထည့်သွင်းခြင်းက ဗလာ လက်ဝါး ကဲ့သို့ အတိအကျ အလုပ်လုပ်မည် မဟုတ်ပေ။ ထိုနည်းစနစ်သည် ရန်သူ၏ ခန္ဓာကိုယ်ကို ဖရိုဖရဲဖြစ်စေရန်နှင့် သူတို့၏ ဝိညာဉ် တစ်ခုလုံးအပေါ် ထိန်းချုပ်ထားနိုင်မှုကို အနှောင့်အယှက်ပေးရန် ဖန်တီးထားခြင်း ဖြစ်ပြီး အမြုတေ ပေါ်သို့ တိုက်ရိုက်ကျရောက်ရန် လိုအပ်လေသည်။
ယခုအရာမှာ ဓားဖြင့် ထိုးသွင်းခြင်းနှင့် နှိုင်းယှဉ်ပါက အပ်ဖြင့် စူးနစ်သွားခြင်းကဲ့သို့ နေရာကွက်၍ တုန်ခါသွားစေခြင်းမျိုး ဖြစ်သည်။ ကြာပွတ်၏ ထိပ်ဖျားက ကျင်းလုံ ၏ ပခုံးကို ရိုက်ခတ်သွားချိန်တွင် ၎င်းသယ်ဆောင်လာသော သန့်စင်သော မာဒြာ များကို ပေါက်ကွဲထွက်စေလိုက်လေသည်။
သူ၏ ပခုံးအတွင်းရှိ စွမ်းအင်များ ကမောက်ကမ ဖြစ်သွားလေသည်။ ထိုအရာက သူ၏ ကျင့်စဉ်များကို အသုံးမပြုနိုင်အောင် တားဆီးဖို့ မလုံလောက်ပေ။ သို့သော် ခဏတာမျှ ထိုကြိုးကို မဖြတ်တောက်နိုင်အောင် တားဆီးရန်အတွက်မူ လုံလောက်လေသည်။
ထိုခဏတာ အချိန်လေးကပင် လုံလောက်နေပြီ ဖြစ်သည်။ လင်းတုန်း သည် သူ၏ ခွန်အား အပြည့်ဖြင့် ဆွဲယူလိုက်လေသည်။
သူ၏ ခွန်အားသည် ကျင်းလုံ နှင့် ယှဉ်ပါက ဘာမျှ မဟုတ်ပေ။ သေချာသည်မှာ အစစ်အမှန် ရွှေအဆင့် တစ်ပါးက ရုန်းကန်ခုခံမည် ဖြစ်သည်။ သို့သော် လင်းတုန်း သည် ရန်သူကို သူ့ထံသို့ ဆွဲယူရန် ကြိုးစားနေခြင်း မဟုတ်ပေ။
လုံးဝ ဆန့်ကျင်ဘက်ပင် ဖြစ်လေသည်။
လင်းတုန်း သည် သူ့ကိုယ်သူ ရှေ့သို့ ဆွဲယူလိုက်ပြီး ပြိုင်ဘက်ရှိရာသို့ ပြေးဝင်သွားလေသည်။
ဟင်းလင်းပြင် ကျော့ကွင်း ၏ ရိုက်ခတ်မှုကို ခံလိုက်ရပြီးနောက် ကျင်းလုံ အနေဖြင့် သူ၏ မာဒြာ များကို စုစည်းကာ အဖြူရောင် အလင်းတန်းဖြင့် ခရမ်းရောင် ကြိုးကို ဖြတ်တောက်နိုင်ရန် ထွက်သက်တစ်ဝက်ခန့် အချိန်ယူလိုက်ရသည်။ သူ ထိုသို့ လုပ်ဆောင်နိုင်ပြီး နည်းစနစ်ကို ချိုးဖျက်လိုက်နိုင်ချိန်တွင် လင်းတုန်း သည် လှံဖြင့် တိုက်ခိုက်နိုင်သော အကွာအဝေး အတွင်းသို့ ရောက်ရှိနေပြီ ဖြစ်လေသည်။
"ကောင်းမွန်တဲ့ တိုက်ပွဲဆိုတာ တိုတောင်းတဲ့ တိုက်ပွဲပဲ..."
အော်သို က ပြောခဲ့ဖူးသည်။
"နဂါး တစ်ကောင်က သူတော်စင် နဲ့ပဲ တိုက်တိုက်၊ ကြွက် နဲ့ပဲ တိုက်တိုက် သူ့ရဲ့ အင်အား အပြည့်ကို သုံးတယ်..."
မြန်မြန် အဆုံးသတ်လိုက်...။
လင်းတုန်းသည် သူ၏ ခါးမှ ပစ်ခတ်နိုင်သော မှော်ပစ္စည်း ကို ဆွဲထုတ်လိုက်လေသည်။ ၎င်းမှာ တစ်ချိန်က ဝိညာဉ်အကြွင်းအကျန် တစ်ခု၏ လက်ကောက်ဝတ် အရိုးများဖြစ်ခဲ့ပြီး ယခုအခါ အသက်ဝင်နေသော လျှပ်စီးတန်း တစ်ခုအဖြစ် တဒိုင်းဒိုင်း မြည်နေလေသည်။ အတွင်းရှိ အမြုတေကြိုး သည် စွမ်းအင်များဖြင့် ပေါက်ကွဲထွက်နေသည်။ ၎င်းသည် လျှပ်စီးသက်သက် မဟုတ်ဘဲ ထိုထက်ပိုသော အရာများ ပါဝင်နေသည်။ သို့သော် လင်းတုန်း အနေဖြင့် ၎င်း၏ စွမ်းအားကို အသုံးပြုရန် ဤထူးဆန်းသော ဝိညာဉ်အကြွင်းအကျန် ၏ လမ်းစဉ် ကို နားလည်နေရန် မလိုအပ်ပေ။
သူသည် မှော်ပစ္စည်းကို အသက်သွင်းလိုက်သည်။ ထိုအခါ တချီချီ မြည်နေသော အလင်းမြှား တစ်စင်းသည် ကျင်းလုံ ထံသို့ ပစ်လွှတ်သွားလေသည်။
ဝှစ်...
ကျင်းလုံ ၏ လှုပ်ရှားမှုများသည် ဝေဝါးသွားခဲ့သည်။ သူသည် သူ၏ လှံကို နောက်သို့ ဆွဲယူကာ ရှေ့တွင် ဒေါင်လိုက် လွှဲယမ်းလိုက်သည်။ လေထဲတွင် အဖြူရောင် အလင်းတန်း လမ်းကြောင်းတစ်ခု ကျန်ရစ်ခဲ့လေသည်။ ထိုအဖြူရောင် အလင်းတန်းသည် လေမှုတ်သံပေးနေသော မြွေတစ်ကောင်အဖြစ် ပွင့်အာလာခဲ့သည်။ သို့သော် လင်းတုန်း ၏ မှော်ပစ္စည်း မှ ပစ်ခတ်လိုက်သော စွမ်းအင်ကြောင့် ချက်ချင်းပင် အပိုင်းပိုင်း ပြတ်တောက်သွားလေသည်။
လင်းတုန်းသည် အသုံးပြုလိုက်ချိန်တွင် ထိုမှော်ပစ္စည်း ကျိုးပဲ့သွားသည်ကို ခံစားလိုက်ရသည်။ ဒုတိယအကြိမ် ပစ်ခတ်ခွင့် ရတော့မည် မဟုတ်ပေ။ ၎င်းမှာ မှော်ပစ္စည်း၏ အနှစ်သာရများ ပျော်ဝင်သွားစေရန် အချိန်ကြာမြင့်စွာ အပြင်ထုတ်ထားပြီးမှ အသုံးပြုရခြင်း၏ အန္တရာယ်ပင် ဖြစ်လေသည်။
ကံကောင်းထောက်မစွာဖြင့် ဒုတိယအကြိမ် ပစ်ခတ်ရန် မလိုအပ်တော့ပေ။ ထိုမှော်ပစ္စည်းမှာ ကျင်းလုံ ကို ခံစစ်အနေအထားတွင်သာ ရှိနေစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။ အကယ်၍ သူသာ ထိုအမြန်နှုန်းကို အသုံးပြု၍ နောက်သို့ တစ်လှမ်းဆုတ်ကာ ပြန်လည် တိုက်ခိုက်ခဲ့မည်ဆိုပါက ယခုအချိန်တွင် လင်းတုန်း ၏ ဗိုက်ကို ဖောက်ထွင်းသွားပြီ ဖြစ်လေသည်။
ထိုသို့လုပ်မည့်အစား သူသည် မဟူရာ မီးတောက် ၏ တိုက်ခိုက်မှုကိုသာ ရင်ဆိုင်ရန် ကြိုတင်ပြင်ဆင်ထားခဲ့လေသည်။ သူသည် မျှော်လင့်မထားသော ထောင့်များမှ အမည်မသိ တိုက်ခိုက်မှုများ၏ ရိုက်ခတ်ခြင်းကို ခံခဲ့ရသည်။ ထို့ပြင် သူက လင်းတုန်း အပေါ် အကြင်နာဆုံး ဖြစ်အောင် ဆက်ဆံရန် ကြိုးစားနေခဲ့လေသည်။
သူသည် သတ်ဖြတ်လိုသော ဆန္ဒဖြင့် ဤတိုက်ပွဲသို့ ဝင်ရောက်လာခဲ့ခြင်း မဟုတ်ပေ။
သို့သော်လည်း... ထိုအရာက အခြေအနေပေးလာပါက သို့မဟုတ် အရာရာ မှားယွင်းသွားပါက လင်းတုန်း ကို သတ်ဖြတ်မည် မဟုတ်ဟု ဆိုလိုခြင်း မဟုတ်ပေ။ သို့သော် လင်းတုန်း သည် ကျင်းလုံ အား တိုက်ခိုက်မည့်အစား ကာကွယ်ရန် ဆုံးဖြတ်စေမည့် ထိုတွန့်ဆုတ်နေသော အချိန်လေးကို တွက်ဆထားခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ လင်းတုန်း အနိုင်ရနိုင်သော အခွင့်အရေး ဖြစ်ပြီး ထိုအခွင့်အရေးကို ဆုပ်ကိုင်လိုက်လေသည်။
လင်းတုန်း နောက်ထပ် လှုပ်ရှားမှုအတွက် သူ ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်လေသည်။
သူ၏ ညာဘက်လက်က ပျက်စီးသွားသော မှော်ပစ္စည်း ကို ဘေးသို့ ပစ်ချလိုက်စဉ်မှာပင် ဘယ်ဘက်လက်က အိတ်ကပ်ထဲမှ အရာဝတ္ထုတစ်ခုကို ဆွဲထုတ်ပြီး ဖြစ်လေသည်။ ၎င်းသည် သူ၏ လက်သီးဆုပ်ခန့်ရှိသော အဝိုင်းပုံစံ ဦးခေါင်းခွံ တစ်ခု ဖြစ်သည်။ ထိုအရာသည် ဟောင်းနွမ်းနေသော စာအုပ်ညိုရောင် ရှိပြီး ကိုင်လိုက်လျှင် အဆီပြန်နေသကဲ့သို့ ခံစားရသည်။ တစ်ခါသုံး ရိုးရှင်းသော မှော်ပစ္စည်း တစ်ခု ဖြစ်လေသည်။
"စစ်သည်တော် တွေက လက်နက်တွေ အပေါ်မှာ အရမ်း အာရုံစိုက်ကြတယ်လေ..."
ဂီရှာ က သူ့ကို သင်ပေးခဲ့ဖူးသည်။
"စွမ်းအားကြီးတဲ့ ရတနာတွေ၊ ဒဏ္ဍာရီလာ ဓားတွေ၊ ဟုတ်တယ်မလား... တိုက်ပွဲ တစ်ခုမှာ အနိုင်ရတဲ့သူ ဆိုတာ အစွမ်းအထက်ဆုံး လက်နက် ကိုင်ထားတဲ့သူ မဟုတ်ဘူးကွ..."
လင်းတုန်းသည် ထို မရဏ စုပ်ယူ ရွှံ့နွံ မှော်ပစ္စည်း ကို ကျင်းလုံ ၏ ခြေရင်းသို့ ပစ်ချလိုက်လေသည်။ လင်းတုန်း၏ မာဒြာ များ ပြည့်နှက်နေသော ဦးခေါင်းခွံသည် မြေကြီးနှင့် ထိခိုက်မိချိန်တွင် တကျွိကျွိ အသံထွက်လာခဲ့သည်။ ယခုအခါ ကန့်သတ်ချက်များမှ လွတ်ကင်းသွားပြီ ဖြစ်သော ထို ဝိညာဉ်အကြွင်းအကျန် ဦးခေါင်းခွံသည် ၎င်း၏ သဘာဝအတိုင်း လုပ်ဆောင်လေတော့သည်။ ၎င်းသည် နည်းစနစ် တစ်ခုအဖြစ် ပေါက်ကွဲထွက်သွားလေသည်။
***
အပိုင်း(၂၇၆)
ဘုန်း...
ထိုနည်းစနစ်သည် မျက်စိတစ်မှိတ်အတွင်း မြေကြီးပေါ်၌ အညိုရောင် ဆေးရည်များအလား ဖုံးလွှမ်းသွားသည်။ လင်းတုန်း ၏ ခြေထောက်များပေါ်သို့လည်း စင်လာခဲ့သည်။ သို့သော် ကျင်းလုံ ကိုမူ ခြေကျင်းဝတ်အထိ ဖုံးလွှမ်းသွားလေသည်။ ဆေးရည်များသည် ကြမ်းပြင်၌ ကော်ကဲ့သို့ ကပ်နေသည်။ သို့သော် လင်းတုန်း သည် ၎င်းကို ကြိုတင် မျှော်လင့်ထားပြီး ဖြစ်သည်။ သူ၏ ကိုယ်ပေါ်သို့ စင်လာသော ဆေးစက်အနည်းငယ်မှ သူ အတင်း ရုန်းထွက်လိုက်လေသည်။
ကျင်းလုံ သည် သတိလက်လွတ် ဖြစ်သွားရုံသာမက ထိုနည်းစနစ်က သူ၏ ခြေထောက်နှစ်ဖက်ကြားမှ စတင် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ သူသည် မြန်ဆန်စွာ ပိတ်မိသွားခဲ့သည်။ အနည်းဆုံးတော့ ထိုဆေးရည်များက အကြေးခွံများ ပါရှိသော အညိုရောင် လက်တစ်ထောင်အဖြစ် ပြောင်းလဲသွားပြီး သူ၏ ခြေထောက်များကို ဆုပ်ကိုင်ကာ အောက်သို့ ဆွဲမချမီ အချိန်လေးအထိပင် ဖြစ်လေသည်။
သူ ခေါင်းကို အောက်သို့ ငုံ့ကြည့်လိုက်ချိန်တွင် သူ၏ မျက်လုံးများသည် လင်းတုန်း ထံမှ အဝေးသို့ ရောက်ရှိသွားလေသည်။ ယခုအခါ သူ ပိတ်မိနေရုံသာမက ထိုလက်များက သူ၏ ခြေထောက်များကို ဆွဲယူနေသည်။ ထိုအရာက သူ၏ ဟန်ချက်ကို ပျက်ယွင်းစေပြီး သူ၏ အာရုံကို ဖမ်းစားထားလေသည်။
"ငါ့မှာ ရွှေအဆင့် အမှတ်အသား မရှိတာကို မင်း သတိထားမိမှာပါ..."
အီသန် က ပြောခဲ့ဖူးသည်။
"ဝိညာဉ်အကြွင်းအကျန် မရှိဘူးလေ..."
ကျင်းလုံ၏ အမြုတေ မှာ ဟင်းလင်းပြင် ဖြစ်နေသည်။ သူသည် လင်းတုန်း ၏ ခေါင်းကို ရိုက်ခွဲရန် ရည်ရွယ်ချက်ဖြင့် လှံ၏ အောက်ခြေကို အထက်သို့ လွှဲယမ်းလိုက်သည်။ သို့သော် လင်းတုန်း သည် အလွန် နီးကပ်နေပြီ ဖြစ်လေသည်။
"ငါက စုဆောင်းထားတဲ့ စွမ်းအင် သက်သက်နဲ့ပဲ ရွှေအဆင့် ကို ရောက်လာခဲ့တာ... မင်း သဘောကျရင် မင်းအတွက်လည်း အတူတူပဲ ငါတို့ လုပ်ပေးနိုင်တယ်..."
အတွေးတစ်ချက်ဖြင့်ပင် လင်းတုန်းသည် သူ၏ အဆင့်နိမ့် ရွှေအဆင့် သန့်စင်သော အမြုတေ ပတ်လည်ရှိ ဖုံးကွယ်ထားမှုကို ဖယ်ရှားလိုက်လေသည်။
သူသည် ကျင်းလုံကို အပြည့်အဝ အစွမ်းမဲ့သွားအောင် မလုပ်နိုင်ပေ။ သူ၏ အစစ်အမှန် ရွှေအဆင့် မာဒြာ သည် လင်းတုန်း ၏ ပိုမို အားနည်းသော ဝိညာဉ် ဖြင့် နှောင့်ယှက်ရန် အလွန် ခက်ခဲလှသည်။ သို့သော် လင်းတုန်း သည် များစွာ ပိုမို အားနည်းနေသော ပြိုင်ဘက် တစ်ဦးထံမှ မျက်စိတစ်မှိတ်စာ အချိန်ကို ရယူနိုင်လေသည်။ အကယ်၍ သူသာ ကျောက်စိမ်းအဆင့် တွင်သာ ရှိနေသေးပါက သူ၏ နည်းစနစ်သည် ကျင်းလုံ ၏ ဝိညာဉ် ပေါ်မှ ဘေးအန္တရာယ်ကင်းစွာ လျှောကျသွားမည်သာ ဖြစ်သည်။
လှံ၏ အောက်ခြေက သူ့ထံ မရောက်လာမီမှာပင် လင်းတုန်း သည် သူ၏ ဗလာ လက်ဝါး ဖြင့် ကျင်းလုံ ၏ အမြုတေ အတွင်းသို့ အရှိန်ပြင်းစွာ ရိုက်သွင်းလိုက်လေသည်။
ဘုန်း...
လှုပ်ရှားမှုနှင့်အတူ တွန်းပို့လိုက်သော သူ၏ သန့်စင်သည့် မာဒြာ များသည် ကျင်းလုံ ၏ ဝိညာဉ် အလယ်ဗဟို နှလုံးသားထဲသို့ သံမှိုတစ်ချောင်းအလား စူးနစ်ဝင်ရောက်သွားလေသည်။ မာဒြာများသည် သူ၏ သွေးကြောများအတွင်း ဖြတ်သန်းစီးဆင်းသွားပြီး သူ၏ ဝိညာဉ် ၏ သဘာဝ စည်းချက်ကို ကမောက်ကမ ဖြစ်စေကာ သူ၏ နည်းစနစ်များကို လည်ပင်းညှစ် တားဆီးလိုက်လေသည်။ ပုံစံတကျ ထိန်းချုပ်၍ မရသော မာဒြာ များသည် အသုံးမဝင်တော့ချေ။
လှံသည် လင်းတုန်း ၏ နဖူးကို ရိုက်ခတ်သွား၏။ သူ၏ ကမ္ဘာကြီးသည် ကြယ်ရောင်လရောင်များနှင့် တောက်ပသွားသည်။ အကယ်၍ ကျင်းလုံ သာ သူ၏ တိုက်ခိုက်မှု သို့မဟုတ် လက်နက်ပေါ်တွင် ကာကွယ်သူ နည်းစနစ်ကို အသုံးပြုထားခဲ့ပါက ၎င်းသည် အသက်အန္တရာယ်ရှိသော တိုက်ခိုက်မှုတစ်ခု ဖြစ်သွားနိုင်ပေသည်။ သို့သော် ဗလာ လက်ဝါး က သူ၏ ကာကွယ်သူ နည်းစနစ်များကို ချိုးဖျက်ပစ်ခဲ့လေပြီ။
လင်းတုန်း သည် နောက်သို့ ယိုင်ထွက်သွားခဲ့သည်။ ပြင်းထန်သော နာကျင်မှုက သူ၏ ခေါင်းထဲသို့ ထိုးဖောက်ဝင်ရောက်လာပြီး နာကျင်မှုနှင့် မျက်ရည်များကြောင့် သူ၏ မျက်လုံးများ ပြာဝေသွားခဲ့သည်။ သူ၏ ဗလာ လက်ဝါး ၏ အကျိုးသက်ရောက်မှုက ဆက်လက် တည်ရှိနေသေးသလား သို့မဟုတ် ကျင်းလုံ က ၎င်းကို ချက်ချင်း ဖယ်ရှားပစ်လိုက်သလား ဆိုသည်ကိုပင် သူ သေချာ မသိနိုင်တော့ပေ။
ထိုနည်းစနစ် အလုပ်လုပ်သွားသည်ဟုသာ သူ မှတ်ယူရမည် ဖြစ်သည်။ ထို့ကြောင့် သူ၏ အသက်ရှူနှုန်းကို အမြုတေ ထံသို့ အာရုံစိုက်လိုက်လေသည်။ ဦးခေါင်းခွံအတွင်းမှ နာကျင်မှုက အာရုံစိုက်ရန် ခက်ခဲစေသည်။ သို့သော် ဗလာ လက်ဝါး အလုပ်လုပ်ခဲ့မည်ဆိုလျှင်ပင် အချိန်အတိုင်းအတာ တစ်ခုအထိသာ ခံနိုင်မည် ဖြစ်လေသည်။
ထို့ကြောင့် သူ ထိုအချိန်ကို အကျိုးရှိရှိ အသုံးချရပေမည်။
တစ်ချက် အသက်ရှူသွင်းလိုက်ချိန်တွင် သူ၏ သန့်စင်သော မာဒြာ များကို သူ၏ အမြုတေ တစ်ခုဆီသို့ ပြန်လည် ရုပ်သိမ်းလိုက်သည်။ ထို အမြုတေ သည် သူ၏ ဝိညာဉ်အမြင်အာရုံတွင် ပြာလဲ့လဲ့ အဖြူရောင်ဖြင့် နူးညံ့စွာ တောက်ပနေလေသည်။
နောက်တစ်ကြိမ် အသက်ရှူသွင်းချိန်တွင် အခြား အမြုတေ ထံမှ စွမ်းအင်များကို ဆွဲယူလိုက်လေသည်။
အမည်းရောင် မီးတောက်များသည် သူ၏ မာဒြာ သွေးကြောများ တစ်လျှောက် စီးဆင်းသွားလေသည်။ သူ၏ မျက်လုံးများ အရောင်ပြောင်းသွားသည်နှင့်အမျှ နွေးထွေးလာပြီး လင်းတုန်းသည် အာရုံစူးစိုက်လိုက်လေသည်။ သူသည် မိမိနှင့် ကျင်းလုံ ကြားတွင် အကွာအဝေး များစွာ ခြားထားနိုင်ခဲ့မည် မဟုတ်ပေ။ သို့သော် ထို အစစ်အမှန် ရွှေအဆင့် သည် ဝိညာဉ်ရေးရာ ကမောက်ကမဖြစ်မှုကြောင့် ဟန်ချက်ပျက်နေဆဲ ဖြစ်ရပေမည်။ သို့မဟုတ်ပါက တိုက်ပွဲသည် ပြီးဆုံးနေလောက်ပြီ ဖြစ်သည်။
လင်းတုန်း၏ ညွှန်ကြားမှုအောက်တွင် မဟူရာ မီးတောက် မာဒြာ များသည် သူ၏ ခန္ဓာကိုယ် ထောင့်စုံသို့ သစ်မြစ်များအလား တွားသွား ရောက်ရှိသွားလေသည်။ ရှေးဟောင်း ကာကွယ်သူ နည်းစနစ်အရ ၎င်းတို့သည် သူ၏ အရေပြားထဲသို့ စီးဝင်သွားသည်။ ကြွက်သားများကို ထိုးဖောက်ဝင်ရောက်ကာ အရိုးများကို လောင်ကျွမ်းစေလေသည်။ သူ၏ ခန္ဓာကိုယ်သည် အတွင်းမှနေ၍ အပြင်သို့ စတင် ပျော်ဆင်းသွားသကဲ့သို့ ခံစားရပြီး အပူရှိန်က သက်တောင့်သက်သာ မရှိလှပေ။
သူသည် မာဒြာ များကို တောက်လောင်စေကာ နည်းစနစ်ကို အသက်သွင်းလိုက်လေသည်။
မီးတောက် ခြုံလွှာ သည် သူ၏ ပတ်လည်တွင် အသက်ဝင်လာခဲ့သည်။ မှိုင်းညို့၍ အလင်းဖောက်ထွင်းနိုင်သော အမည်းနှင့် အနီရောင် မီးတောက် အခွံတစ်ခုဖြင့် လေထုက တဟုန်းဟုန်း တောက်လောင်နေလေသည်။
ခြုံလွှာ ကို အသက်သွင်းထားပါက သူ၏ မာဒြာ များသည် လျင်မြန်စွာ ကုန်ခမ်းသွားပေလိမ့်မည်။ ကာကွယ်သူ နည်းစနစ်သည် သူ၏ ကြွက်သားများကို လောင်ကျွမ်းစေပြီး သွေးရည်ကြို သံမဏိအဆင့် ခန္ဓာကိုယ်က သူ့ကို ပြန်လည် ကုစားရန် အသက်ဝင်လာခဲ့သည်။ ပေါင်းစပ်လိုက်သော အကျိုးသက်ရောက်မှုက သူ၏ ခြေလက်များကို အဆက်မပြတ် တချီချီ လောင်ကျွမ်းနေသကဲ့သို့ ခံစားရစေသည်။ ထို့ပြင် နည်းစနစ်ရော သံမဏိအဆင့် ခန္ဓာကိုယ် ကပါ မာဒြာ ကို လိုအပ်လေသည်။
သူသည် ဤအခြေအနေကို အချိန်ကြာမြင့်စွာ ထိန်းထားနိုင်မည် မဟုတ်ပေ။ သို့သော် ထိုသို့ ထိန်းထားရန်လည်း မလိုအပ်ချေ။ သူ၏ လက်ရှိအချိန်တွင် ကာကွယ်သူ နည်းစနစ်တစ်ခု ရှိနေပြီး ကျင်းလုံ တွင်မူ မရှိသေးပေ။
မီးတောက်ခြုံလွှာ ၏ စွမ်းအားအောက်တွင် လင်းတုန်း သည် ကျောက်တုံးကို ကန်ထွက်လိုက်လေသည်။ သူသည် လှုပ်ရှားမှုနှင့်အတူ ပေါက်ကွဲထွက်သွားပြီး သူနှင့် ကျင်းလုံ ကြားရှိ အကွာအဝေးကို မျက်စိတစ်မှိတ်အတွင်း ဖြတ်သန်းသွားခဲ့သည်။
လင်းတုန်း ၏ မျက်လုံးများနှင့် ပြိုင်ဘက်၏ မျက်လုံးများ ဆုံတွေ့သွားချိန်တွင် အချိန်များ ရပ်တန့်သွားသကဲ့သို့ ရှည်လျားသော အခိုက်အတန့်တစ်ခု ရှိနေခဲ့သည်။
ထို့နောက် လင်းတုန်း သည် သူ့ကို ထိုးသွင်းလိုက်လေသည်။
၎င်းမှာ သူ့ကို ကိုင်ဆောင်ခွင့် ပြုထားသော စတုတ္ထမြောက်နှင့် နောက်ဆုံး မှော်ပစ္စည်း ပင် ဖြစ်လေသည်။ ဝိညာဉ်အကြွင်းအကျန် တစ်ခု၏ လက်သည်းတစ်ခုတည်းဖြင့်သာ ပြုလုပ်ထားပြီး မည်သည့် အမြုတေကြိုး မျှ ပါဝင်ခြင်း မရှိပေ။ ၎င်းကို သူမက "အသက်မဲ့ မှော်ပစ္စည်း" ဟု ခေါ်ဆိုခဲ့သည်။ ၎င်းကို ပြုလုပ်ထားသော မာဒြာ၏ ဂုဏ်သတ္တိများနှင့် ၎င်းပေါ်တွင် ထွင်းထုထားသော အစီအရင် များမှလွဲ၍ အခြား မည်သည့် စွမ်းရည်မျှ မရှိချေ။
ဤဓားမြှောင်နှင့် ပတ်သက်၍မူ မည်သည့် အစီအရင် မျှ မရှိပေ။ ၎င်း၏ တည်ဆောက်ပုံသည် ထွင်းထုရန်အတွက် လုံလောက်အောင် ခိုင်မာမှု မရှိချေ။ အကယ်၍ ခိုင်မာခဲ့မည် ဆိုလျှင်တောင်မှ အစီအရင် တစ်ခု၏ ဖိအားက ၎င်းကို ချက်ချင်း အပိုင်းပိုင်း ပြတ်တောက်သွားစေမည် ဖြစ်သည်။
၎င်းသည် မင်ရည်ကဲ့သို့ မည်းနက်နေပြီး လင်းတုန်း ၏ လက်တစ်ဖက်စာ အရှည်ရှိသည်။ ထို့ပြင် ရှည်လျားသော အစွယ်တစ်ခု၏ ပုံစံရှိလေသည်။ ထိပ်ဖျားမှလွဲ၍ ကျန်သည့်အရာအားလုံးက ပျော့ပျောင်းနေသည့်အတွက် လင်းတုန်း ၏ လက်ချောင်းများကြားတွင် ဆန့်ထွက်နေပြီး တီကောင်များ ပြည့်နေသော ရေဘူးတစ်ဘူးနှင့် တူလေသည်။ ထိပ်ဖျားမှာမူ လှံသွားတစ်ခုအလား ချွန်ထက်နေပြီး ၎င်းသည် ကျင်းလုံ ၏ ရင်ဘတ်ရှိ ဝတ်ရုံများကို ဖောက်ထွင်းဝင်ရောက်သွားလေသည်။
ကာကွယ်ရန် ကာကွယ်သူ နည်းစနစ် မရှိသည့်အတွက် ထို အစစ်အမှန် ရွှေအဆင့် သည် မခုခံနိုင်ခဲ့ပေ။ အရေပြား ပေါက်ပြဲသွားသည်နှင့်အမျှ သူ့ထံမှ သွေးများ ပန်းထွက်လာခဲ့သည်။
ဓားမြှောင်သည် ထိုထက်ပို၍ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်နိုင်လောက်အောင် မခိုင်မာပေ။ သို့သော် ထိုမျှဖြင့်ပင် လုံလောက်နေပြီ ဖြစ်လေသည်။ ကျင်းလုံ ၏ သွေးကို မြည်းစမ်းလိုက်ရသည်နှင့်တစ်ပြိုင်နက် ဓားမြှောင်သည် လင်းတုန်း ၏ ဆုပ်ကိုင်ထားမှုကြားမှ တက်ကြွစွာ လူးလွန့်လာခဲ့သည်။ ထို့နောက် ဒဏ်ရာထဲသို့ တီကောင်တစ်ကောင်အလား တိုးဝင်သွားပြီး ကျင်းလုံ ၏ သွေးကြောထဲသို့ တွားသွား ဝင်ရောက်သွားလေတော့သည်။
လင်းတုန်း သည် နောက်သို့ ခုန်ဆုတ်လိုက်သည်။ ထို့နောက် မီးတောက်ခြုံလွှာ ကို ငြိမ်းသတ်လိုက်လေသည်။
ကျင်းလုံသည် ညည်းတွားသံ တစ်ချက် ပြုလိုက်သော်လည်း လင်းတုန်း မျှော်လင့်ထားသကဲ့သို့ အော်ဟစ်ခြင်း မရှိခဲ့ပေ။ ထိုအစား သူသည် သူ၏ အတွင်းပိုင်းရှိ သူစိမ်း မာဒြာ များကို တိုက်ထုတ်ရင်း လှံကို ဆုပ်ကိုင်ကာ မတ်တတ်ရပ်နေလေသည်။
အကယ်၍ လင်းတုန်းသာ သူ၏ ကာကွယ်မှုကို ဗလာ လက်ဝါး ဖြင့် ဦးစွာ မချိုးဖျက်ခဲ့ပါက ဤအရာသည် မည်သည့်အခါမျှ အလုပ်လုပ်မည် မဟုတ်ပေ။ ကျင်းလုံ ၏ ဝိညာဉ် မှ သန့်စင်သော စွမ်းအားက ထိုဓားမြှောင်ကို အတွင်းသို့ ဝင်ခွင့်ပြုမည် မဟုတ်ပေ။
ယခုအခါ လိမ်ယှက်နေသော သွေး လမ်းစဉ် က စတင် အလုပ်လုပ်နေပြီ ဖြစ်လေသည်။ ထိုမာဒြာ သည် အသက်၊ အရိပ်နှင့် သွေး အော်ရာ တို့မှ အဓိကအားဖြင့် ရယူထားခြင်း ဖြစ်ကြောင်း ဖစ်ရှာ ဂီရှာ က ဆုံးဖြတ်ချက်ချခဲ့သည်။ သို့သော် ၎င်းကို ထိုလမ်းစဉ်၏ ကျင့်ကြံသူက ပိုမို၍ လိမ်ယှက်ထားခဲ့ခြင်း ဖြစ်သည်။ သူမ လက်သည်းကို ယူဆောင်လာခဲ့သော ထိုဝိညာဉ်အကြွင်းအကျန် သည် တိရစ္ဆာန်များ၏ သွေးကြောများအတွင်းသို့ လျှောဝင်ကာ အတွင်းမှနေ၍ အပြင်သို့ လိမ်ယှက်ပစ်ပြီး သူတို့ ခန္ဓာကိုယ်ရှိ အရိုးအားလုံးကို တစ်ပြိုင်နက်တည်း ချိုးဖဲ့ပစ်လေ့ရှိလေသည်။
၎င်းက အဘယ်ကြောင့် ထိုသို့ လုပ်ဆောင်သည်ကို သူမ အတိအကျ မဆုံးဖြတ်နိုင်ခဲ့ပေ။ ဝိညာဉ်အကြွင်းအကျန်များသည် သွေး သို့မဟုတ် အသားကို စားသုံးလေ့မရှိဘဲ မာဒြာ ကိုသာ စားသုံးကြသည်။ ထို့ကြောင့် သတ်ဖြတ်ခြင်းက ၎င်း၏ စွမ်းအင်ကို ကုန်ကျစေရုံသာ ဖြစ်လေသည်။ သို့တိုင်အောင် ၎င်းက လုပ်ဆောင်ခဲ့သည်။ ဤ ဝိညာဉ်အကြွင်းအကျန် ၏ အဓိက ရည်ရွယ်ချက်မှာ သတ်ဖြတ်ရန်ပင် ဖြစ်လေသည်။
၎င်း၏ လက်သည်းအတွက်လည်း ထိုနည်းတူပင် ဖြစ်လေသည်။
ခဏအကြာတွင် ကျင်းလုံ ၏ လက်နှစ်ဖက်စလုံးသည် နောက်ဘက်သို့ လိမ်ကောက်သွားလေသည်။ သူသည် ကလေးတစ်ယောက် ဖျက်ဆီးရန် ဆုံးဖြတ်လိုက်သော အရုပ်တစ်ရုပ်နှင့် တူနေလေသည်။ သူ ပြင်းပြင်းထန်ထန် ရုန်းကန်နေသည့်တိုင် သူ၏ လည်ပင်းသည် ညာဘက်သို့ လျှောကျသွားလေသည်။ သူ၏ ခြေထောက်များသည် ရွှံ့နွံထဲမှ ထွက်ပေါ်လာသော အညိုရောင် လက်များ၏ ဖမ်းဆုပ်ထားခြင်းကို ခံနေရဆဲဖြစ်သည်။ သို့သော် သူ၏ ကျန်ရှိသော ခန္ဓာကိုယ် အစိတ်အပိုင်းများမှာ စတင်၍ ပုံပန်းပျက်လာခဲ့ပြီ ဖြစ်လေသည်။
***