အခန်း (၂၇၇-၂၇၈)
Vol. 20 Ch. 277-278
အပိုင်း(၂၇၇)
"မင်းက... သူရဲဘောကြောင်တဲ့... ကောင်လိုမျိုး... တိုက်ခိုက်တာပဲ..."
ကျင်းလုံ၏ စကားလုံးများသည် တစ်လုံးချင်းစီ ခဲယဉ်းစွာ ထွက်ပေါ်လာခဲ့သည်။ သို့သော် တင်းကျပ်နေသော မေးရိုးများကြားမှ ထွက်ပေါ်လာသည့် ထိုစကားများတွင် ဒေါသများ ရောယှက်နေလေသည်။
ဤလက်နက်က ကျင်းလုံ ကို အမှန်တကယ် သတ်ဖြတ်နိုင်လိမ့်မည်ဟု လင်းတုန်း မမျှော်လင့်ထားခဲ့ပေ။ ထို ဝိညာဉ်အကြွင်းအကျန်သည် အဆင့်မြင့် ရွှေအဆင့် တွင်သာ ရှိခဲ့သည့်အတွက် ကျင်းလုံ ၏ မာဒြာ က နောက်ဆုံးတွင် ပြန်လည် ထိန်းချုပ်နိုင်သွားမည် ဖြစ်သည်။
သို့သော်လည်း... လင်တုန်းသည် ၎င်းကို အချက်နှစ်ချက်ထဲမှ တစ်ချက် ဖြစ်လာရန် စီစဉ်ထားခဲ့သည်။ ပြိုင်ဘက်ကို အကူအညီမဲ့သွားစေခြင်းက အနိုင်ရသည်ဟု သတ်မှတ်ခံရမည် သို့မဟုတ် သူ့အတွက် အခွင့်အရေးတစ်ခု ဖန်တီးပေးလိမ့်မည်ဟု ဖြစ်လေသည်။
လင်းတုန်းသည် နာရူကွေ့ ထံသို့ လှမ်းကြည့်လိုက်သည်။ သို့သော် စကိုင်းဆွန်း ခေါင်းဆောင် သည် သူ၏ ညစ်ပတ်ပြီး ကြပ်ခဲနေသော မီးခိုးရောင် ဆံပင်များကြားမှ ကြည့်နေဆဲဖြစ်သည်။ သူ၏ ဘယ်ဘက် မျက်လုံးတစ်ဝိုက်ရှိ မီးလောင်ထားသော အမာရွတ်က သူ့ကို ကြောက်မက်ဖွယ်ကောင်းသော အသွင်အပြင်ကို ပေးစွမ်းနေလေသည်။ သူသည် သစ်ရွက်တစ်ရွက်ကို ဝါးရင်း လုံးဝ ဂရုမစိုက်သည့်ပုံစံ ရှိနေသည်။ တိုက်ပွဲကို ရပ်တန့်တော့မည့် ပုံစံမျိုး လုံးဝ မပေါ်ပေ။
လင်းတုန်းသည် တွန့်ဆုတ်စွာဖြင့်ပင် သူ၏ လက်နှစ်ဖက်ကြားတွင် မဟူရာ မီးတောက်များကို ဘောလုံးတစ်လုံးပုံစံ စုစည်းလိုက်လေသည်။
အနီရောင် အစင်းကြောင်းများ ပါဝင်သော မဟူရာ မီးတောက်သည် ကြီးထွားလာပြီး ရိုင်းစိုင်းကာ ထိန်းချုပ်ရန် ခက်ခဲလှသည်။ ၎င်းကို စုစည်းရန် သူ၏ အာရုံစူးစိုက်မှုနှင့် ဝိညာဉ် အပေါ် ဖိအားပေးနေခဲ့သည်။ လအနည်းငယ် အရင်ကသာဆိုလျှင် ဤနည်းစနစ်ကို လုပ်ဆောင်နိုင်ရန် သန့်စင်သော မာဒြာ အထောက်အကူပြုပစ္စည်း အချို့ကို အသုံးပြုခဲ့ရမည် ဖြစ်သည်။ သို့သော်လည်း... အကျဉ်းချခံထားရစဉ် အတွင်း လေ့ကျင့်ခဲ့ပြီးနောက် သူ တိုးတက်လာခဲ့သည်။ သို့သော် စုစည်းရန် စက္ကန့်အနည်းငယ် ကြာမြင့်သော နည်းစနစ်တစ်ခုသည် တိုက်ပွဲတစ်ခုတွင် အသုံးဝင်မှု အကန့်အသတ် ရှိပေလိမ့်မည်။
"လက်နက်ချလိုက်တော့..."
လင်းတုန်း က ပြောလိုက်သည်။ နဂါး အသက်ရှူခြင်း ကို ထိန်းချုပ်ထားရသော အားထုတ်မှုကြောင့် သူ၏ အသံမှာ အက်ကွဲနေလေသည်။
ကျင်းလုံ ၏ အဝတ်အစားများ အောက်တွင် အဖြူရောင် အလင်းတန်းတစ်ခု တောက်ပလာခဲ့သည်။ ၎င်းသည် တဖျပ်ဖျပ် ဖြစ်နေပြီး အားနည်းနေကာ လိမ်ယှက်နေသော သွေး လမ်းစဉ် ၏ ကျူးကျော်ဝင်ရောက်မှုကို ရုန်းကန်တွန်းလှန်နေရသည်။ သို့သော် ကျင်းလုံ ၏ ခေါင်းသည် ချက်ချင်း ပြန်လည် မတ်မတ် ဖြစ်သွားလေသည်။ သူသည် သူ၏ လှံကို လွှတ်ချလိုက်သော်လည်း သူ၏ လက်နှစ်ဖက်စလုံးကို ပြန်လည် ထိန်းချုပ်နိုင်သွားခဲ့သည်။ သူ၏ ခြေကျင်းဝတ်များကို ဆုပ်ကိုင်ထားသော အညိုရောင် လက်များသည် စတင် ပျော်ဝင်သွားခဲ့ပြီး မရဏ-စုပ်ယူ ရွှံ့နွံ သည် အဖြူရောင် အလင်းတန်းအောက်တွင် ပျောက်ကွယ်သွားလေသည်။
လင်းတုန်းက နဂါး အသက်ရှူခြင်း ကို ပစ်လွှတ်လိုက်လေသည်။
သူသည် ကျင်းလုံ အပေါ်တွင် မည်သည့် ရန်ငြိုးမျှ မရှိပေ။ ထိုလူသည် အတားအဆီးတစ်ခုသာ ဖြစ်ပြီး သူ ဆက်လက် သွားနိုင်ရန် ကျော်ဖြတ်ရမည့် သူတစ်ဦးဖြစ်သည်။ သို့သော် အစစ်အမှန် ရန်သူတော့ မဟုတ်ပေ။ ထို့ပြင် ကျင်းချန် ကို ကုသပေးခဲ့ပြီးနောက် သူမ၏ အစ်ကိုဖြစ်သူကို သတ်ဖြတ်ရမည်ဟု သူ မတွေးချင်ပေ။
ဤတိုက်ပွဲကို သူ တောင်းဆိုခဲ့ခြင်း မဟုတ်ပေ။ သို့သော်... ကြားကာလ တစ်နှစ်တာအတွင်း အချက်တစ်ချက်မှာမူ ရှင်းလင်းလာခဲ့သည်။ သူသည် ပိုမို အားနည်းသော ဘက်မှ ဖြစ်လေသည်။ သူ၏ တိုက်ခိုက်မှုများကို လျှော့ချထားနိုင်သည့် အခွင့်အရေးမျိုး သူ့ထံတွင် မရှိပေ။
အကယ်၍ သူ့ဘက်က ကျင်းလုံ ကို သတ်ဖြတ်လိုသော ရည်ရွယ်ချက်ဖြင့် မတိုက်ခိုက်ပါက သူ အနိုင်ရနိုင်မည် မဟုတ်ပေ။
ဘုန်း...
နဂါး ၏ မီးတောက်သည် ကျင်းလုံ ထံသို့ ပေါက်ကွဲထွက်သွားလေသည်။ ၎င်းသည် တိမ်တိုက်တစ်ခုအလား နူးညံ့ပြီး လွင့်ပျံနေခြင်း မဟုတ်ဘဲ အရည်နှင့်တူသော အနီနှင့် အမည်းရောင် မီးတောက်များ စုစည်းနေသည့် သံချောင်းတစ်ခုနှင့် တူလေသည်။ ၎င်းသည် ညာဘက်သို့ တိမ်းစောင်းသွားခဲ့သည်။ ထိုအခါ လင်းတုန်း သည် ကျင်းလုံ ၏ လက်တစ်ဖက်ကိုသာ ဖြတ်တောက်သွားပြီး သူ့ကို အသက်ရှင်လျက် ချန်ထားခဲ့နိုင်လိမ့်မည်ဟု မျက်စိတစ်မှိတ်စာမျှ မျှော်လင့်လိုက်မိလေသည်။
ထိုအခါ မျက်စိကျိန်းလုမတတ် တောက်ပသော အဖြူရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
ကျင်းလုံ သည် အနီနှင့် အမည်းရောင် မီးတောက်တန်းကို အဖြူစင်ဆုံး မာဒြာ ရိုးတံတစ်ခုဖြင့် တားဆီးလိုက်လေသည်။ ထိုလှံသည် ခုနစ်ပေခန့် ရှည်လျားပြီး ချောမွေ့၏။ လင်းတုန်း အနေဖြင့် တောက်ပသော အလင်းရောင်ကြောင့်သာ မြင်နိုင်သော အစီအရင် ကွန်ရက်တစ်ခုဖြင့် ထွင်းထုထားလေသည်။ လှံသွားသည် တစ်ပေခန့် ရှည်လျားပြီး ပြားချပ်ကာ အဖြူရောင် ရှိလေသည်။
ဘိုးဘေးလှံ ပင်ဖြစ်သည်။ သူသည် ၎င်းကို လေဟာပြင်ထဲမှ ထုတ်ယူလိုက်ခြင်း ဖြစ်လေသည်။
လင်းတုန်း၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားလေသည်။
သူ ၎င်းကို ဘယ်လို ပြန်ရသွားသနည်း။ ဘယ်နေရာက ရလိုက်သနည်း။
အီသန် က ထိုအရာကို ယူသွားခဲ့သည်ဟု လင်းတုန်း ထင်မှတ်ထားခဲ့သည်။ အဆင့်နိမ့် အရှင်သခင် က သူ့ကို ပြန်ပေးလိုက်ခြင်းလော။
"မင်းမှာ အနိုင်ရနိုင်တဲ့ အခွင့်အရေး ကောင်းကောင်း ရှိတယ်လို့ ငါထင်တယ်..."
အီသန် က သူ့ကို ပြောခဲ့ဖူးသည်။
"ကျင်းလုံ က အစစ်အမှန် ရွှေအဆင့် မှာပဲ ရှိနေသေးသရွေ့ပေါ့..."
"တကယ်လို့ သူကသာ အဆင့်နိမ့် အရှင်သခင် တစ်ပါး ဖြစ်နေမယ်ဆိုရင် ဒီတိုက်ပွဲကို သေချာပေါက် ဆက်လုပ်မှာ မဟုတ်ဘူး..."
လင်းတုန်း က ပြောခဲ့သည်။
"နည်းပညာအရဆိုရင် ကျွန်တော်တို့ နှစ်ယောက်စလုံးက ရွှေအဆင့် တွေ ဖြစ်နေလို့သာ အစကတည်းက တရားမျှတတယ်လို့ ဆိုနိုင်တာလေ..."
"ဒါ အမှန်ပါပဲ၊ တကယ်လို့ ကျင်းလုံ က တကယ်ပဲ အဆင့်နိမ့် အရှင်သခင် အဆင့်ကို ရောက်သွားခဲ့ရင် သူက ငါ့ ပြဿနာ ဖြစ်သွားလိမ့်မယ်... ဒါပေမဲ့... တတိယ ရွေးချယ်စရာ တစ်ခု ရှိနေသေးတယ်..."
ကျင်းလုံသည် သူ၏ လှံဖြင့် နဂါး အသက်ရှူခြင်း ကို ဖြတ်တောက်လိုက်ရာ မဟူရာ မီးတောက် ၏ မီးလျှံများသည် ကျောက်ကြမ်းပြင်နှင့် ခေါင်မိုးပေါ်သို့ စင်ထွက်သွားလေသည်။ အက်စစ် ထိထားသည့်အလား ကျောက်တုံးများ အရည်ပျော်သွားချိန်တွင် တရှဲရှဲ အသံများ ထွက်ပေါ်လာခဲ့သည်။
"အဆင့်နိမ့် အရှင်သခင် အဆင့်ကို ရောက်ဖို့ဆိုရင် အစစ်အမှန် ရွှေအဆင့် တစ်ယောက် အနေနဲ့ သီးခြား အဆင့် သုံးဆင့်ကို ကျော်ဖြတ်ရမယ်... တကယ်လို့ သူက ဒုတိယအဆင့်ဖြစ်တဲ့ အော်ရာ ကနေ ဝိညာဉ်မီးတောက် ကို ဖန်တီးတဲ့ အဆင့်ကို ကျော်ဖြတ်ပြီးသွားပြီ ဆိုရင်တော့ သူက မင်းကို ချက်ချင်း အနိုင်ယူသွားလိမ့်မယ်... ဒါပေမဲ့ ပထမအဆင့်ကတော့ ဝိညာဉ် ထဲမှာ နေရာလွတ်တစ်ခု ဖွင့်ဖို့ပဲ..."
လင်းတုန်း၏ နည်းစနစ်ကို ချိုးဖျက်လိုက်သည့် လှုပ်ရှားမှုနှင့်အတူ ကျင်းလုံ သည် ပြန်လည် တိုက်ခိုက်လိုက်လေသည်။ လက်တစ်ဖက်စာ ရှည်လျားသော အဖြူရောင် မာဒြာ မြွေတစ်ကောင် ဖြစ်ပေါ်လာပြီး ပါးစပ်ကို ဟလျက် လင်းတုန်း ထံသို့ ပျံသန်းလာခဲ့သည်။ သူသည် မီးတောက်ခြုံလွှာ ကို ပြန်လည် အသက်သွင်းလိုက်ပြီး မာဒြာ များကို သူ၏ ခြေလက်များဆီသို့ လှည့်ပတ်လိုက်လေသည်။
"တကယ်လို့ သူက လေဟာပြင်ထဲကနေ လက်နက်တစ်ခုကို ဆွဲထုတ်လိုက်မယ်ဆိုရင် သူက ပထမအဆင့်ကို ကျော်ဖြတ်ပြီးသွားပြီလို့ ဆိုလိုတဘ်... အဲဒီအဓိပ္ပာယ်က သူက အရှင်သခင် အဆင့် ထဲကို ခြေတစ်ဝက် ချထားပြီးပြီ ဆိုတာပဲ..."
လင်းတုန်းသည် လက်သီးတစ်ချက် ထိုးချလိုက်ပြီး တိုက်ခိုက်သူ နည်းစနစ် တစ်ဝက်တစ်ပျက်ဖြင့် ထိုလက်သီးထဲမှ မဟူရာ မီးတောက် များကို ပန်းထုတ်လိုက်လေသည်။
ဘုန်း... ဘုန်း...
မီးတောက်၏ အင်အားနှင့် ထိုမြွေတို့ ဆုံတွေ့သွားကြပြီး အလင်းရောင်များ ပေါက်ကွဲထွက်ကာ ရိုက်ခတ်သွားကြသည်။
သို့သော် ၎င်းသည် အစစ်အမှန် ရွှေအဆင့် ၏ တိုက်ခိုက်မှုကို ရပ်တန့်ရန် မလုံလောက်ခဲ့ပေ။ မဟူရာ မီးတောက် တိမ်တိုက်ထဲမှနေ၍ ထိုမြွေသည် ထွက်ပေါ်လာခဲ့သည်။ လင်းတုန်း ၏ လက်သီးကို ရှောင်ကွင်းကာ သူ၏ လက်ပေါ်သို့ လျှောတက်လာခဲ့လေသည်။
ထိုအရာက စတင် မီးလောင်တိုက် သွင်းတော့သည်။ ထိုမြွေ သူ၏ လက်ခုံပေါ်မှတစ်ဆင့် လက်ဖျံပေါ်သို့ လျှောတက်လာချိန်တွင် လင်းတုန်း အော်ဟစ်လိုက်လေသည်။ ၎င်းသည် အရေပြားကို ခြစ်ပစ်ကာ လောင်ကျွမ်းသွားစေပြီး နီရဲပူလောင်နေသော ဓားတစ်လက်အလား သူ့ကို ခုတ်ပိုင်းသွားလေသည်။
ထိုနည်းစနစ်၏ မာဒြာ သည် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားပြီး မြွေသည်လည်း ပျောက်ကွယ်သွားသည်။ သို့သော် ၎င်းသည် သူ၏ တံတောင်ဆစ်အထိ ရောက်ရှိသွားခဲ့ပြီ ဖြစ်ပြီး သူ၏ လက်မောင်းတစ်လျှောက်လုံးတွင် လိမ်ယှက်နေသော သွေးကြောင်းတစ်ခုကို ချန်ရစ်ခဲ့လေသည်။
မည်သည့် နည်းစနစ်ကိုမျှ စုစည်းထားခြင်း မရှိသော်လည်း လင်းတုန်းသည် အခြားလက်တစ်ဖက်ကို ကာကွယ်ရန် မြှောက်လိုက်လေသည်။ ၎င်းသည် ဒဏ်ရာရနေသော တိရစ္ဆာန်တစ်ကောင်၏ အလိုအလျောက် ထိတ်လန့်မှု သက်သက်သာ ဖြစ်လေသည်။ နာကျင်မှုများကြောင့် အမြင်အာရုံများ ဝေဝါးနေပြီး သူ့ကို လည်ပင်းညှစ်လုမတတ် တက်လာသော ကြောက်ရွံ့မှုဒီရေကြောင့် မြင်ရရန် ခက်ခဲနေလေသည်။
သူ၏ ကြိုတင်ပြင်ဆင်မှုများအားလုံး အလဟဿ ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ သူ၏ လက်နက်များလည်း မရှိတော့ပေ။ သူ၏ အစီအစဉ်များလည်း ကျရှုံးသွားခဲ့လေပြီ။
သူသည် ကျင်းလုံ ၏ သနားညှာတာမှုအောက်တွင်သာ ရှိနေတော့လေသည်။
***
အပိုင်း(၂၇၈)
ကျင်းလုံသည် မျက်စိတစ်မှိတ်အတွင်း လှုပ်ရှားလိုက်သည်။ အနီရောင် ရစ်ပတ်ထားသော သူ၏ မျက်နှာသည် လင်းတုန်း၏ မျက်နှာနှင့် နှစ်ပေခန့်သာ ကွာဝေးတော့သည်။ သူသည် ဖြူရော်နေသော လှံကို မြှောက်ထားပြီး အောက်သို့ ထိုးစိုက်ရန် အဆင်သင့် ဖြစ်နေလေသည်။
လင်းတုန်းသည် နောက်သို့ ကတိုက်ကရိုက် ဆုတ်သွားခဲ့သည်။ သို့သော် ထိုလက်နက်သည် သူ၏ ခေါင်း သို့မဟုတ် ရင်ဘတ်ဆီသို့ ချိန်ရွယ်ထားခြင်း မဟုတ်ပေ။ ကျင်းလုံ သည် သူ၏ ခြေထောက်ကို ချိန်ရွယ်ရန် ခဏတာမျှ ရပ်တန့်လိုက်လေသည်။
သူသည် လင်းတုန်း၏ ခြေထောက်ကို လှံဖြင့် ထိုးဖောက်ရန် ကြိုးစားနေခြင်း ဖြစ်သည်။ ထိုအရာက သနားညှာတာမှုတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ သို့သော် ယခုအချိန်တွင်မူ လင်းတုန်း အနေဖြင့် ထိုသို့ လုံးဝ မခံစားရပေ။ သူ၏ လက်မောင်းသည် ဝါးစားပြီး ထွေးထုတ်ခံထားရသကဲ့သို့ ခံစားနေရပြီ ဖြစ်သည်။ ယခုအခါတွင် ရန်သူက သူ၏ ခြေထောက်ကို ဖြတ်တောက်ရန် ကြိုးစားနေပြန်သည်။ သူ လွတ်မြောက်ရန် ကမန်းကတမ်း ပြေးလွှားရင်း လဲကျလုနီးပါး ဖြစ်သွားခဲ့လေသည်။
"တော်လောက်ပြီ..."
အီသန်က ပြောလိုက်သည်။ သူ၏ အသံမှာ တင်းမာနေခြင်း မရှိသော်လည်း ဧကရာဇ် တစ်ပါး၏ အမိန့်ပေးသံအလား အခန်းထဲတွင် ပဲ့တင်ထပ်သွားလေသည်။
ကျင်းလုံ၏ လှံသည် ရပ်တန့်သွားလေသည်။ လင်းတုန်းသည် လှံကို သတိကြီးစွာ စောင့်ကြည့်ရင်း နောက်သို့ ခြေလှမ်းအနည်းငယ် ထပ်ဆုတ်လိုက်သည်။ သို့သော် အီသန် ကို မြင်နိုင်ရန် အနည်းငယ် လှည့်ကြည့်လိုက်လေသည်။
အာရီလီယပ် ၏ အဆင့်နိမ့် အရှင်သခင် သည် ယခုအခါ မတ်တတ်ရပ်နေပြီ ဖြစ်သည်။ လက်များကို အိတ်ကပ်ထဲ ထည့်ထားပြီး မျက်နှာပေါ်တွင် အနည်းငယ် နာကျင်နေပုံရသော အပြုံးတစ်ခု ရှိနေလေသည်။
"ဒီတိုက်ပွဲမှာ အာရီလီယပ် မိသားစု ရှုံးသွားပြီဆိုတာ ရှင်းနေပါပြီ၊ ဂုဏ်ယူပါတယ် ကျင်းတိုင်ရှို့... ခင်ဗျား ထိုက်တန်တဲ့ အစားထိုးမယ့်သူ တစ်ယောက်ကို ရှာတွေ့သွားပြီပဲ... ဒီလို တင်းကျပ်တဲ့ ကြိုးကွင်းကို သုံးခဲ့ရတဲ့အတွက်တော့ စိတ်မကောင်းပါဘူး..."
လင်းတုန်းသည် ထိုစကားကို နားမလည်ခဲ့ပေ။ သို့သော် ကျင်းလုံ၏ ကိုယ်များ တင်းလာခဲ့လေသည်။ အရေပြားများ တွန့်လိပ်နေသော ကျင်းတိုင်ရှို့ ၏ မျက်နှာသည် ရွံရှာဖွယ်ရာ ရှုံ့မဲ့သွားပြီး သူ၏ တိုက်ခိုက်ရေးသမားကို အော်ငေါက်လိုက်လေသည်။
"မပြီးသေးဘူး၊ သူ့ကို သတ်လိုက်..."
ကျင်းလုံသည် တစ်စုံတစ်ခုကို ရုန်းကန်နေရသည့်အလား လှံကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။
"ခင်ဗျားရဲ့ အမိန့်ကို ကျွန်တော် ဆောင်ရွက်ပြီးပြီ..."
သူက အံကြိတ်ရင်း ပြောလိုက်သည်။
"သူ လက်နက်ချသွားပြီ၊ ကျွန်တော်တို့ ပြီးသွားပြီ..."
ကျင်းချန်သည် လင်းတုန်း နှင့် တစ်ချိန်တည်းလောက်မှာပင် သက်သာရာရစွာ သက်ပြင်းချလိုက်လေသည်။
"ဒါက လက်နက်ချလို့ရတဲ့ တိုက်ပွဲ မဟုတ်ဘူး..."
ချောက်ကမ်းပါးကို စီးမိုးကြည့်နေသော ကျောက်တိုင်ထံမှ အိုမင်းပြီး ပျင်းရိနေသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
နာရူကွေ့ ၏ ညစ်ပတ်နေသော မီးခိုးရောင် ဆံပင်များသည် လေထဲတွင် လွင့်မျောနေသည်။ သူသည် လက်ပိုက်ထားဆဲဖြစ်ပြီး ကျောက်တိုင်ကို မှီထားလေသည်။ လုံးဝ ဂရုမစိုက်သည့်အလား သူ၏ သစ်ရွက်ကို ဝါးနေလေသည်။
ကျင်းလုံသည် ရပ်တန့်သွားလေသည်။ ထို့နောက် ဘိုးဘေး လှံ ကို မြှောက်ကာ ဖြည်းညင်းစွာ လှည့်လာခဲ့သည်။
သူ၏ နောက်ကွယ်တွင် ကျင်းတိုင်ရှို့ သည် ကောင်းကင်ဘုံက ဖွင့်ဟကာ သူ့ကို လက်ဆောင်တစ်ခု ပေးသနားလိုက်သည့်အလား ရုပ်သွင်မျိုး ဖြစ်သွားလေသည်။
လင်းတုန်းသည် လက်မောင်းမှ နာကျင်မှုကြောင့် မေးကြိတ်ထားလိုက်သည်။ သို့သော် သူ၏ သွေးရည်ကြို သံမဏိအဆင့် ခန္ဓာကိုယ် သည် ၎င်းကို ကုသရန် မာဒြာ များကို စတင် ဆွဲယူနေပြီ ဖြစ်သည်။ သူသည် မဟူရာ မီးတောက် လမ်းစဉ် ကို လှည့်ပတ်ကာ မီးတောက်ခြုံလွှာ အတွက် ပြင်ဆင်လိုက်လေသည်။
အီသန်က အိတ်ကပ်ထဲမှ လက်နှစ်ဖက်စလုံးကို ထုတ်ကာ မြှောက်လိုက်သည်။
"ဟေး.. ဟေး.. အရမ်းကြီး မလွန်ကြပါနဲ့ဦး... ကျွန်တော် ရှုံးကြောင်း ဝန်ခံထားပါတယ် ခေါင်းဆောင်၊ ပွင့်ပွင့်လင်းလင်းနဲ့ ဘာကန့်ကွက်မှုမှ မရှိပါဘူး... ရှုံးနိမ့်မှုရဲ့ တန်ဖိုးကို ကျွန်တော် လက်ခံပါ့မယ်..."
"ဒီလို အလုပ်မလုပ်ဘူး အာရီလီယပ်..."
နာရူကွေ့ က သူ၏ သစ်ရွက်ကို ထွေးထုတ်ကာ နောက်တစ်ရွက်ဖြင့် အစားထိုးရင်း ပြောလိုက်သည်။
"ငါက ဒိုင်လူကြီးပဲ... မင်း ကြိုက်သလောက် လက်နက်ချလို့ရတယ်၊ ဒါပေမဲ့ ဒီကောင်လေးက အသတ်မခံရသေးဘူး၊ ဒါမှမဟုတ် အကူအညီမဲ့ မဖြစ်သွားသေးဘူးလေ..."
လင်းတုန်းသည် ကမ္ဘာကြီးက သူ၏ ပတ်လည်တွင် ကျဉ်းမြောင်းလာသည်ဟု ခံစားလိုက်ရသည်။ ကျင်းလုံက သူ၏ မာဒြာများကို စုစည်းလိုက်ရာ သူ၏ ဝတ်ရုံအောက်မှ အဖြူရောင် အလင်းတန်းများ ပျံ့နှံ့လာခဲ့သည်။
သူ ဤအခြေအနေမှ လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။ သူ လှည့်စား၍ မရနိုင်တော့ချေ။ ကျင်းလုံ ကို နောက်တစ်ကြိမ် အငိုက်ဖမ်းနိုင်တော့မည်လည်း မဟုတ်ပေ။ အီသန် လည်း သူ့ကို ကယ်တင်နိုင်မည် မဟုတ်တော့ချေ။
လင်းတုန်းသည် တစ်ယောက်တည်း ရင်ဆိုင်ရတော့မည် ဖြစ်သည်။ သူသည် ဤနေရာမှ သေဆုံးပြီး... သို့မဟုတ် အကူအညီမဲ့ အခြေအနေဖြင့်သာ ထွက်သွားရတော့မည် ဖြစ်လေသည်။
သူ၏ မီးတောက်ခြုံလွှာသည် တောက်လောင်လာခဲ့လေသည်။
"ကျွန်တော်တို့မှာ သဘောထားကွဲလွဲမှုတွေ ရှိခဲ့ဖူးပါတယ်..."
အီသန် က ပြောလိုက်သည်။ သူ၏ အသံမှာ ပိုမို လေးနက်လာခဲ့သည်။
"ဒီကိစ္စကို ကျွန်တော်နဲ့ မပတ်သက်ပါစေနဲ့..."
စကိုင်းဆွန်း ခေါင်းဆောင် သည် တိုက်ခိုက်ရေးသမား နှစ်ဦးဘက်သို့ ပြန်လှည့်လာခဲ့သည်။
"တိုက်ကြ..."
သူက ပြောလိုက်သည်။
ဝှစ်...
ကျင်းလုံ လှုပ်ရှားလိုက်ချိန်တွင် သူ၏ ပုံရိပ်မှာ ဝေဝါးသွားခဲ့သည်။ လင်းတုန်း သည် ကောင်းမွန်နေသေးသော လက်တစ်ဖက်ဖြင့် ဘေးဘက်သို့ ထိုးချလိုက်လေသည်။ ၎င်းသည် ဆိုးရွားသော လက်သီးတစ်ချက် ဖြစ်သည်။ သူ၏ ဟန်ချက်များ ပျက်ယွင်းနေပြီး ကိုယ်နေဟန်ထားကလည်း ဖရိုဖရဲ ဖြစ်နေသည်။ ယီရင် သာဆိုလျှင် ထိုအရာအတွက် သူ့ကို လှောင်ပြောင်ပေလိမ့်မည်။ သို့သော် သူ၏ လက်ဆစ်များသည် ဘိုးဘေး လှံ ၏ အစွန်းနှင့် ဆုံတွေ့သွားခဲ့လေသည်။
၎င်းသည် သူ၏ အရေပြားကို ပိုင်းဖြတ်သွားလေသည်။
သူ၏ လက်သီးအရှိန်က ကျင်းလုံ ၏ တိုက်ခိုက်မှုကို ဘေးသို့ လွှဲသွားစေခဲ့သည်။ ထို့ကြောင့် လှံသည် သူ၏ ပခုံးဘေးမှ ဘေးအန္တရာယ်ကင်းစွာ ဖြတ်သွားခဲ့သည်။ ဤသေးငယ်သော ပြတ်ရှဒဏ်ရာမှ နာကျင်မှုသည် သူ၏ စုတ်ပြတ်နေသော လက်မောင်းမှ ခံစားရသည့် နာကျင်မှုလောက်နီးပါး လွှမ်းမိုးနေလေသည်။
ဤလှံသည် အသားကိုသာမက ဝိညာဉ် ကိုပါ ပိုင်းဖြတ်လေသည်။ ဝိညာဉ်ရေးရာ ထိခိုက်မှုသည် သူ ယခင်က အကြိမ်ပေါင်းများစွာ ကြုံတွေ့ခဲ့ဖူးသည့်အတိုင်း ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုထက် ပို၍ နက်ရှိုင်းပြီး လျစ်လျူရှုရန် ပိုမို ခက်ခဲလှသည်။ ၎င်းသည် သူ၏ အမြုတေ အထိ ထိုးဖောက်သွားပြီး သူ၏ မဟူရာ မီးတောက် အမြုတေသည် တုန်ရီသွားလေသည်။
အမည်းနှင့် အနီရောင် အလင်းတန်းများသည် လှံတစ်လျှောက် လျှောဆင်းသွားပြီး ကျင်းလုံ သည် နောက်သို့ တစ်လှမ်းဆုတ်လိုက်သည်။ သူသည် လှံကို နောက်ဘက်သို့ ထိုးစိုက်လိုက်ပြီး လှံ၏ အောက်ခြေဖြင့် သူ၏ နောက်ကျောဘက်ရှိ ကြမ်းပြင်ကို ထိုးချလိုက်လေသည်။ ထိုလှုပ်ရှားမှုနှင့်အတူ မဟူရာ မီးတောက် မာဒြာ များ ပန်းထွက်လာခဲ့သည်။ ကြမ်းပြင်ပေါ်သို့ ထွက်ကျသွားပြီး ကျောက်တုံးကို လောင်ကျွမ်းစေကာ ချိုင့်ခွက်တစ်ခု ဖြစ်ပေါ်သွားစေလေသည်။
ထိုအရာက ဤသို့ အလုပ်လုပ်ခြင်းပင် ဖြစ်လေသည်။
ဖစ်ရှာ ဂီရှာသည် ထူးကဲသော ရှေးဟောင်း အပျက်အစီး ထဲမှ သူ ယူဆောင်လာခဲ့သော ဝိညာဉ်ပန်းပဲဆရာ မှတ်တမ်းစာရွက်များကို သူ့ထံ ယခုအချိန်အထိ ပြန်မပေးသေးပေ။ သို့သော် လာမည့် ပြိုင်ပွဲအတွက် ပြင်ဆင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ထိုစာရွက်များကို လေ့လာခွင့်ပြုခဲ့လေသည်။ ကျင်းလုံ အနေဖြင့် ဘိုးဘေး လှံ ကို အသုံးပြုလာပါက ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဖြစ်လေသည်။
ထိုလက်နက် မည်သို့ အလုပ်လုပ်မည်ကို သူ သေချာ မသိခဲ့ပေ။ အကယ်၍ ထိုလှံသည် အသုံးပြုသူ၏ လမ်းစဉ် နှင့် မကိုက်ညီသော မာဒြာ များကို စုပ်ယူခဲ့ပါက ထို မာဒြာ များကို ဆက်လက် စုပ်ယူထားမည်လား။ ထိုသို့ဆိုပါက အသုံးပြုသူ၏ အမြုတေ ကို ပျက်စီးသွားစေမည်လား။
ထိုအရာသည် သွားနှစ်ဖက်ပါသော ဓားတစ်လက်ကဲ့သို့ ဖြစ်နေမည်ဖြစ်ပြီး လင်းတုန်း အနေဖြင့် အသုံးချနိုင်မည့် အရာလည်း ဖြစ်ပေမည်။ ကျင်းလုံ ၏ ကိုယ်ပိုင် အမြုတေ ယိုယွင်းပျက်စီးသွားစေရန်အတွက် သူကိုယ်တိုင် အခုတ်ခံရအောင် တမင်တကာ လုပ်ဆောင်ရန်ပင် သူ စဉ်းစားထားခဲ့ဖူးလေသည်။
သို့သော် လှံ၏ အစီအရင် အတွင်း၌ လုံခြုံရေး အစီအမံတစ်ခုကို ထည့်သွင်း တည်ဆောက်ထားလေသည်။ ဖစ်ရှာ ဂီရှာ ကလည်း ထိုသို့ ရှိနေမည်ဟု ခန့်မှန်းထားခဲ့ပြီး ဖြစ်သည်။ သို့မဟုတ်ပါက ၎င်းသည် တိုက်ပွဲတွင် အသုံးဝင်သော လက်နက်တစ်ခု ဖြစ်လာမည် မဟုတ်ပေ။
ထိုအရာက လင်းတုန်း၏ နောက်ထပ် မျှော်လင့်ချက် တစ်ခုကို ရိုက်ချိုးလိုက်ခြင်းပင် ဖြစ်လေသည်။ သူ၏ မဟူရာ မီးတောက် အမြုတေ သည် အနည်းငယ် မှေးမှိန်သွားခဲ့သည်။ ထို့ပြင် သူ၏ သံမဏိအဆင့် ခန္ဓာကိုယ်သည် သူ၏ ညာဘက် လက်မောင်းကို ကုသရန် ကြိုးစားနေရဆဲ ဖြစ်လေသည်။
လပေါင်းများစွာကြာ ကောင်းကင်နှင့် မြေကြီး သန့်စင်ခြင်း ဘီး ကျင့်စဉ်ဖြင့် အမြုတေ နှစ်ခုစလုံးကို တိုးတက်လာစေရန် လုပ်ဆောင်ထားသည့်တိုင် ဤနှုန်းအတိုင်းသာဆိုလျှင် သူ၏ မာဒြာ များသည် အလွန် လျင်မြန်စွာ ကုန်ခမ်းသွားပေလိမ့်မည်။
ထိုသို့ လှည့်ပတ်ကျင့်ကြံသော နည်းစနစ်သာ မရှိခဲ့ပါက သူ၏ မဟူရာ မီးတောက် အမြုတေ သည် အန္တရာယ်ရှိလောက်အောင် လျော့နည်းနေပြီ ဖြစ်နိုင်ပေသည်။
အမြုတေများအား ခွဲထုတ်ခဲ့ရခြင်း၏ အားနည်းချက်ကို ပြန်လည် ဖြည့်ဆည်းနိုင်သည့် အနေအထား နီးပါးလောက် အထိ အမြုတေ နှစ်ခုစလုံး၏ ပမာဏကို သူ တိုးချဲ့ထားခဲ့ပြီး ဖြစ်သည်။ အမြုတေ တစ်ခုချင်းစီသည် အဆင့်နိမ့် ရွှေအဆင့် ကျင့်ကြံသူ တစ်ဦး၏ အမြုတေ တွင် ရှိသင့်သည့် မာဒြာ ပမာဏနီးပါးကို ထိန်းသိမ်းထားနိုင်လေသည်။
သို့သော် သူ့ထံတွင် ဆွဲယူအသုံးပြုရန် ကြီးမားသော အရန်စွမ်းအင်များ မရှိပေ။ အထူးသဖြင့် သူ၏ သွေးရည်ကြို သံမဏိအဆင့် ခန္ဓာကိုယ် သည် ဒဏ်ရာရရှိမှုတိုင်းနှင့် မီးတောက်ခြုံလွှာ ကို အသုံးပြုနေသော စက္ကန့်တိုင်းတွင် မာဒြာ များကို စုပ်ယူသုံးစွဲနေသောကြောင့် ဖြစ်လေသည်။
ထိုလှံက သူ၏ ကျဆုံးမှု ဖြစ်လာပေလိမ့်မည်။ ...ထို့ပြင် ကျင်းလုံ သည် ထိုလှံ မပါဘဲနှင့်ပင် သူ့ကို အနိုင်ယူသွားနိုင်လောက်လေသည်။
ကျင်းလုံ သည် အလွန် မြန်ဆန်သောအရှိန်ဖြင့် လှုပ်ရှားလိုက်သည့်အတွက် လင်းတုန်း အနေဖြင့် သူ၏ လှုပ်ရှားမှုများကို လိုက်မကြည့်နိုင်တော့ပေ။ မီးတောက်ခြုံလွှာ မှ ပေးစွမ်းသော ပေါက်ကွဲထွက်မတတ် မြန်ဆန်လှသည့် အမြန်နှုန်းကသာ သူ့ကို အမီလိုက်နိုင်စေခဲ့သည်။ ထို့ပြင် သူ၏ ရှောင်တိမ်းမှုတိုင်းသည် မှန်းဆချက်များသာ ဖြစ်လေသည်။
ညာဘက်မှ ထိုးသွင်းလာမှုကို ရှောင်တိမ်းနိုင်ရန် မျှော်လင့်လျက် သူသည် ဘယ်ဘက်သို့ ခုန်ရှောင်လိုက်သည်။ သို့သော် ဘိုးဘေး လှံ က သူ၏ နံရိုးများကို ဖြတ်တောက်သွားလေသည်။ တစ်ချိန်တည်းမှာပင် ၎င်းသည် သူ၏ ဝိညာဉ် ထဲမှ စွမ်းအင်တစ်စိတ်တစ်ပိုင်းကိုပါ ယူဆောင်သွားခဲ့လေသည်။
အပေါ်မှ ထိုးသွင်းမှုတစ်ခု၊ ဘယ်ဘက်မှ လွှဲခုတ်မှုတစ်ခုနှင့် သူ၏ ခြေထောက်များကို စမ်းသပ်တိုက်ခိုက်မှု တစ်ခု ဖြစ်လေသည်။ ပထမတစ်ခု လာနေသည်ကို သူ မှန်းဆမိပြီး ခေါင်းငုံ့ရှောင်လိုက်သည်။ ဒုတိယတစ်ခုကို အမြင်အာရုံမပါဘဲ ပစ်ထိုးလိုက်သော လက်သီးဖြင့် မတော်တဆ ကာကွယ်မိသွားခဲ့သည်။ သို့သော် တတိယတစ်ခုကိုမူ လုံးဝ လွတ်သွားခဲ့လေသည်။
အဖြူရောင် လှံသွားသည် သူ၏ ခြေသလုံးကြွက်သားထဲသို့ စိုက်ဝင်သွားခဲ့သည်။ သူ၏ ခြေထောက်ကို ရုန်းကန်ဆွဲထုတ်လိုက်ချိန်တွင် သူ အော်ဟစ်လိုက်လေသည်။
ကျင်းလုံသည် လှံ၏ အောက်ခြေမှ မဟူရာ မီးတောက် များကို ကျောက်တုံးပေါ်တွင် မြောင်းတစ်ခု ဖြစ်သွားစေလောက်အောင် ပန်းထုတ်လိုက်သည်။ လင်းတုန်း သည် ပြင်းထန်သော နာကျင်မှုများဖြင့် ပြည့်နှက်နေသော ခန္ဓာကိုယ်ပေါ်တွင် ပင်ပန်းနွမ်းနယ်စွာဖြင့် ယိမ်းထိုးနေလေသည်။ သူ၏ သန့်စင်သော အမြုတေ သည် ပြည့်ဖြိုးပြီး တောက်ပနေဆဲ ဖြစ်သော်လည်း သူ၏ မဟူရာ မီးတောက် မာဒြာ များသည် ကုန်ခမ်းလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ ထို့ပြင် သူ၏ ဒဏ်ရာများနှင့် ပတ်သက်၍ တစ်ခုခု မှားယွင်းနေလေသည်။
သူ၏ သွေးရည်ကြို သံမဏိအဆင့် ခန္ဓာကိုယ် သည် သူ၏ ညာဘက် လက်မောင်းကို ကုသပေးနေဆဲ ဖြစ်သည်။ သို့သော် အခြား ဒဏ်ရာများဆီသို့ မည်သည့် မာဒြာ ကိုမျှ ပို့လွှတ်ခြင်း မရှိခဲ့ပေ။
အဘယ်ကြောင့်နည်း။ အဆိုးရွားဆုံး ဒဏ်ရာကို အရင် ကုသပေးနေခြင်းလော။ မဟုတ်ပေ၊ သူ၏ ခြေသလုံးကို ထိုးသွင်းခံထားရမှုသည် သူ၏ ဖိနပ်များ သွေးရွှဲသွားလောက်အောင် နက်ရှိုင်းလှသည်။ သို့ဆိုလျှင်...
အမှန်တရားကို သိရှိသွားချိန်တွင် သူ၏ နှလုံးသားသည် ကျုံ့ဝင်သွားခဲ့လေသည်။ ဘိုးဘေး လှံ သည် သံမဏိအဆင့် ခန္ဓာကိုယ်က သူ့ကို ကုသပေးနေခြင်းမှ တားဆီးနေခြင်း ဖြစ်လေသည်။ ၎င်းသည် ထိခိုက်သွားသော နေရာများမှ မာဒြာ များကို စုပ်ယူသွားချိန်တွင် သူ နားမလည်သော ဂုဏ်သတ္တိ တစ်ခုခုက သူ၏ သံမဏိအဆင့် ခန္ဓာကိုယ် မှ စွမ်းအင်များကို အသားထဲသို့ ပြန်လည် ပို့လွှတ်ပေးခြင်းကို တားဆီးထားခြင်း ဖြစ်လေသည်။
ထိုနေရာများ တစ်လျှောက် မာဒြာ များကို သူ လှည့်ပတ်နိုင်သေးသော်လည်း ဒဏ်ရာများကို ကုသရန်အတွက် လုံးဝ အသုံးပြု၍ မရနိုင်ခဲ့ပေ။ ထိုးသွင်းမှုတိုင်းပြီးနောက် လှံ၏ အစိတ်အပိုင်း အစအနလေးများ ကျန်ရစ်နေခဲ့ခြင်း ဖြစ်နိုင်မည်လား။
ခြေလက် ကိုယ်အင်္ဂါ တစ်ခုကို ဆုံးရှုံးရလုနီးပါး ဖြစ်နေချိန်တွင်ပင် လင်းတုန်းသည် နားလည်နိုင်ရန် ကြိုးစားနေခဲ့လေသည်။ သူ၏ စိတ်အချို့သည် လှံနှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များကို ဖမ်းယူနိုင်ရန် ကြိုးစားနေဆဲ ဖြစ်သည်။ သူရရှိသော မည်သည့် အချက်အလက်မဆို ထို ရှေးဟောင်း ဝိညာဉ်ပန်းပဲဆရာ အလုပ်ရုံမှ သူ ယူဆောင်လာခဲ့သော အမြုတေကြိုး ကို နားလည်ရန် ကူညီပေးလိမ့်မည် ဖြစ်လေသည်။
***