← Chapters

အခန်း (၁၇၇)

Vol. 18 Ch. 177

အခန်း (၁၇၇)

Vol. 18 Ch. 177

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁၈ ၊ အတွဲ ၁ ၊ အပိုင်း ၁၇၇

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

"သွေးအလောင်းကောင်ဖြစ်နေတဲ့ ဂိုဏ်းချုပ်ဟောင်း ကောယွဲ့ဖေး ဒီနေရာကို လာနေပြီ။ အခု ဒီကောင်ကို အရင် ရှင်းပစ်လိုက်... သူ့ရဲ့ အားနည်းချက်က နှလုံးပဲ။"

လင်းချန်၏ အော်သံကြောင့် အားလုံး အံ့သြမှင်သက်သွားကြသည်။ သွေးအလောင်းကောင်ဖြစ်နေသည့် အကြီးအကဲသည်လည်း အံ့အားသင့်သွားပြီးနောက် လေးစားသမှုဖြင့် ရယ်မောလိုက်၏။

"လူငယ်ဧကရာဇ် လင်းချန်က တကယ်ကို ထူးချွန်တာပဲ။ သေခြင်းရှင်ခြင်းနယ်ပယ်ရှိတဲ့ သွေးအလောင်းကောင်ကို စောင့်ကြည့်နိုင်တာက... တကယ်ပဲ လေးစားစရာပဲ။"

"သူ့ကို အမြန်သတ်လိုက်။" ထိုအချိန်၌ ချင်ဝူရွှမ်နှင့် အခြားသူများလည်း သတိဝင်လာကြပြီး သွေးအလောင်းကောင်ထံသို့ ပြေးဝင်တိုက်ခိုက်လိုက်ကြသည်။

သွေးအလောင်းကောင်မှာ သာမန် အကြီးအကဲတစ်ဦးသာ ဖြစ်သဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင် အသတ်ခံလိုက်ရ၏။

"ရွှီး..."

စူးရှသည့် အသံတစ်ခု ထွက်ပေါ်လာပြီးနောက် အိုမင်းရင့်ရော်သော အသံတစ်ခုသည် အဝေးမှ လှိုင်းလုံးကြီးကဲ့သို့ လွင့်ပျံလာသည်။ လေထဲ၌ လူတစ်ယောက် ရပ်တန့်နေပြီး အောက်ဘက်ရှိ မော်ချင်းတောင်ကို ငုံ့ကြည့်နေ၏။

ထိုအဘိုးအိုသည် ရိုးရှင်းသည့် ဝတ်ရုံကို ဝတ်ဆင်ထားပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဝတ်ရုံများ တလွင့်လွင့် ဖြစ်နေကာ ဖြူဖွေးနေသည့် ဆံပင်တို့က လေအဟုန်နှင့်အတူ လွင့်ခါနေသည်။

တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်မှ သွေးရောင်မြူခိုးများ ထွက်ပေါ်လာပြီး ထိုအထဲ၌ အနက်ရောင်ဝါးတားတား မျဉ်းကြောင်းများကို မြင်တွေ့နေရ၏။ ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားတစ်ခုက သူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်ပေါ်လာပြီး ပြင်းထန်စွာ ထိုးဆင်းလာသည်။

သေခြင်းရှင်ခြင်းနယ်ပယ် ဆိုသည်မှာ ကောင်းကင်နယ်ပယ်ပညာရှင်များနှင့် လုံးဝ ကွဲပြားခြားနားသော ကမ္ဘာတစ်ခု ဖြစ်၏။ ခန္ဓာ ၊ အင်အား ၊ စိတ်ဝိညာဉ် သို့မဟုတ် နှလုံးနှင့် ပတ်သက်သည့် မည်သည့် ကပ်ဘေးမဆို သေစေနိုင်လောက်သော အန္တရာယ်ရှိသည်။

သေခြင်းရှင်ခြင်းနယ်ပယ် အစွမ်းထက်ပညာရှင်တစ်ဦး၏ လွှမ်းမိုးချုပ်ကိုင်ထားသော ဖိအားသည် အစီအရင်၏ ကာကွယ်မှုကို ထိုးဖောက်ဝင်ရောက်လာပြီး အောက်ဘက်ရှိ အရာအားလုံးကို ဖိနှိပ်ထားလိုက်၏။

ချင်ဝူရွှမ်နှင့် အခြားသူများ၏ မျက်နှာထား ပြောင်းလဲသွားပြီး သူတို့၏ စိတ်ဝိညာဉ်စွမ်းအင်များကို ထုတ်ဖော်ကာ အရှိန်အဝါ အကုန်သုံး၍ ခုခံလိုက်ကြသည်။

လက်ရှိအချိန်၌ ချင်ဝူရွှမ် ၊ လေဟန်နှင့် စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲတို့သာ ဖိအားဒဏ်ကို မခံစားရဘဲ ရှိနေသော်လည်း သူတို့သည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်သာ တတ်နိုင်ကြ၏။

အခြားသော အကြီးအကဲ အများအပြားမှာမူ ချွေးစေးများဖြင့် ရွှဲနစ်နေပြီး ဤဖိအားကို တောင့်ခံရန် သူတို့၏ စွမ်းရည်အားလုံးကို အသုံးပြုနေကြရသည်။

ချင်ဝူရွှမ် ရုတ်တရက် မျက်နှာပျက်သွားကာ အော်လိုက်၏။

"ဒုက္ခပဲ။"

ဤအခြေအနေမျိုးတွင် သူတို့သည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်သာ တတ်နိုင်ပြီး လင်းချန်နှင့် အခြားသော လူငယ်တပည့်များကို ကာကွယ်ပေးရန် လုံးဝ မစွမ်းဆောင်နိုင်တော့။

သေခြင်းရှင်ခြင်းနယ်ပယ်၏ ဖိအားကို ရင်ဆိုင်ရသောအခါ နိဗ္ဗာန်နယ်ပယ်သာ ရှိသေးသော ဤလူငယ်များသည် ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ ဒုက္ခကို ခံစားရနိုင်ပြီး သူတို့၏ အနာဂတ် ကျင့်ကြံခြင်းလမ်းခရီးကို များစွာ ထိခိုက်စေနိုင်၏။

လေဟန်လည်း သတိဝင်လာပြီး သူ့မြေးအတွက် စိုးရိမ်ကာ လေချန်ရှိရာသို့ ပြေးသွားရန် ပြင်လိုက်သည်။ သူ့ကိုယ်သူ ထိခိုက်နစ်နာခံပြီး သူ့မြေးကို ကာကွယ်ပေးချင်စိတ် ပြင်းပြနေ၏။

လေချန်နှင့် အခြားသူများသည်လည်း ကော့ယွဲ့ထေး၏ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို မခံနိုင်ကြတော့ပေ။ အားလုံး ဒူးတစ်ဖက်ထောက် ကျသွားကြပြီး ခေါင်းထဲ၌ အူခနဲ မြည်သံများ ကြားနေရသည်။ သို့သော် ရုတ်တရက် ထိုဖိအားများ အားလုံး ပျောက်ကွယ်သွား၏။

သူ မော့ကြည့်လိုက်သောအခါ အံ့သြတကြီး ရေရွတ်လိုက်မိသည်။

"ခေါင်းဆောင်..."

လေချန်သာမက ယီလင်း ၊ ပိုင်ရန် ၊ တင်းကျစ်ရုံ ၊ ကျောက်ဟိုင်မင်း ၊ လီလဲ့ထျန်နှင့် ဝမ်လန်ရှင်းတို့ အားလုံးသည် သူတို့ရှေ့၌ ရပ်နေသည့် လင်းချန်ကို ကြည့်ရင်း အံ့သြမှင်သက်သွားကြ၏။

တောင်ကြီးတစ်လုံးကဲ့သို့ ခိုင်ခံ့မှုကို ခံစားရစေပြီး မည်သည့်ဖိအားအောက်တွင်မဆို မကျိုးပဲ့နိုင်သော ကျောပြင်တစ်ခုအား သူတို့ မြင်တွေ့လိုက်ရသည်။

တောက်ပသည့် ရွှေရောင် စိတ်ဝိညာဉ်စွမ်းအင်များ လင်းချန်၏ ခန္ဓာကိုယ်မှ ထိုးတက်လာပြီး သူ့ဘေးပတ်လည်၌ ပြင်းထန်စွာ လောင်ကျွမ်းနေ၏။ ထို့နောက် ခြေသည်းငါးချောင်းပါ ရွှေနဂါးကိုးကောင် ရိုက်နှိပ်ထားသော ခမ်းနားထည်ဝါသည့် ဝတ်ရုံအဖြစ် ပြောင်းလဲသွားသည်။

လင်းချန် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ရာ ခြေသည်းငါးချောင်းပါ ရွှေနဂါးကိုးကောင်သည် သူ့ခန္ဓာကိုယ်ထဲမှ ပျံထွက်လာပြီး သူ့ကို စောင့်ရှောက်ကာ ဝန်းရံထားလိုက်၏။ သူ၏ ၁၂ လွှာ စိတ်ဝိညာဉ်အလင်းတန်းသည်လည်း ကောင်းကင်ကို အံတုသော အရှိန်အဝါဖြင့် တောက်ပနေသည်။

ခမ်းနားထည်ဝါလှသည့် ဧကရာဇ်အရှိန်အဝါသည် လေထုကို လွှမ်းမိုးသွားပြီး လေချန်နှင့် အခြားသူများကို ကာကွယ်ပေးလိုက်၏။ အနီးနားရှိ ချင်ဝူရွှမ်နှင့် အခြားသူများသည်လည်း ထိုအရှိန်အဝါ၏ သက်ရောက်မှုကို ခံစားလိုက်ရပြီး မည်သည့်ဖိအားကိုမျှ မခံစားရတော့။

လင်းချန်က ခက်ထန်စွာ ဟိန်းဟောက်လိုက်၏။

"ရဲတင်းတယ်။"

"ဝုန်းးးးး"

ကြောက်မက်ဖွယ်ကောင်းလှသည့် ဧကရာဇ်ဖိအားတို့သည် ခမ်းနားထည်ဝါသည့် တောင်တန်းများနှင့် မြစ်များကို ပုံဖော်လိုက်၏။ မြင်ကွင်းပေါင်းများစွာ ထပ်ဆင့်ပေါ်ထွက်လာပြီး အပေါ်မှ ဖိချလိုက်ရာ သွေးအလောင်းကောင် ကောယွဲ့ဖေးအပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်သွားသည်။

ချက်ချင်းဆိုသလိုပင် သွေးအလောင်းကောင် ကောယွဲ့ဖေးသည် အငိုက်မိသွားပြီး ခြံဝင်းထဲသို့ ရိုက်ချခံလိုက်ရ၏။

"ဝေါင်းးးးးး"

ခြေသည်းငါးချောင်းပါ ရွှေနဂါးကိုးကောင်က ဒေါသတကြီး ဟိန်းဟောက်ကာ သူ့ထံသို့ ပြေးဝင်သွားပြီး လှုပ်ရှားမရအောင် တင်းကျပ်စွာ ချုပ်နှောင်ထားလိုက်သည်။

လင်းချန် ရှေ့သို့ တိုးလာပြီး ရွှေနဂါးများဖြင့် ချုပ်နှောင်ထားသော သွေးအလောင်းကောင်ရှေ့၌ ရပ်ကာ အံ့သြနေသော သွေးရောင်မျက်လုံးများကို စိုက်ကြည့်လျက် ပြောလိုက်၏။

"မင်းက ဘာကောင်မို့လို့ ငါ့ခေါင်းပေါ်ကနေ စကားပြောရဲရတာလဲ။ ငါ့ရဲ့ ဧကရာဇ်အာဏာစွမ်းရည်ရှေ့မှာ မင်းလို သေခြင်းတရားကို ကိုယ်စားပြုတဲ့ကောင်က ငါ့ရဲ့ ဖိနှိပ်ခြင်းကို ခံရရုံပဲ ရှိမယ်။"

သွေးအလောင်းကောင်သာမက ချင်ဝူရွှမ်နှင့် လေချန်တို့သည်လည်း လင်းချန်ကို ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေမိကြသည်။

လက်ရှိအချိန်၌ လင်းချန်သည် အထွတ်အထိပ် ဧကရာဇ်အာဏာစက်ဖြင့် သွေးအလောင်းကောင်ကို ဖိနှိပ်ထားသော ကောင်းကင်မှ ဆင်းသက်လာသည့် ဧကရာဇ်တစ်ပါးကဲ့သို့ ထင်မှတ်ရ၏။

အထူးသဖြင့် လင်းချန် ဝတ်ဆင်ထားသည့် ဧကရာဇ်ဝတ်ရုံသည် အမှန်တကယ် လက်ဆုပ်လက်ကိုင်ပြနိုင်သော အဝတ်အစားတစ်ခုကဲ့သို့ ထင်ရသော်လည်း စိတ်ဝိညာဉ်စွမ်းအင်များဖြင့် ဖွဲ့စည်းထားပုံလည်း ရနေသည်။

ကောင်းကင်လက်မှုပညာဌာနမှ ဤဧကရာဇ်ဝတ်ရုံကို အလွန် လက်ရာမြောက်စွာ ဖန်တီးထားပြီး ပကတိခမ်းနားထည်ဝါမှုကို ဖော်ကျူးထားသလို တိုက်ပွဲအတွက်လည်း အလွန် သင့်လျော်၏။

မြေကြီးပေါ်၌ လဲလျောင်းနေသော သွေးအလောင်းကောင်သည် ဧကရာဇ်ဝတ်ရုံ ဝတ်ဆင်ထားသော လင်းချန်ကို မော့ကြည့်ရင်း မောက်မာစွာ ရယ်မောကာ ပြောလိုက်သည်။

"ဟမ့်... တကယ်ပဲ မထင်ထားမိဘူး။ မင်းက ငါ့ကို ပိုပြီး အထင်ကြီးလာအောင် လုပ်နေပါလား။"

လင်းချန်က ပြောလိုက်၏။ "ဆရာဦးလေး... သူ့ကို အဆုံးသတ်လိုက်ပြီး ဂိုဏ်းချုပ်ဟောင်းရဲ့ ရုပ်အလောင်းကို အနှောင့်အယှက်တွေကနေ ရှင်းထုတ်ပေးလိုက်ပါ။"

လင်းချန်၏ ခန္ဓာကိုယ်ပေါ်ရှိ ခမ်းနားထည်ဝါသော ရွှေရောင် ကောင်းကင်ဧကရာဇ်ဝတ်ရုံသည် လေမတိုက်ဘဲ တောက်လောင်နေသည်။

ကောင်းကင်ဧကရာဇ်ဝတ်ရုံသည် ကောင်းကင်လက်မှုပညာဌာနနှင့် မီးသွန်းဌာနတို့ ပူးပေါင်းဖန်တီးပေးထားသည့် ကျူးကော့မင် ကိုယ်တိုင် ပြုလုပ်ပေးထားသော စိတ်ဝိညာဉ်ပစ္စည်း ဖြစ်၏။

ပုံမှန်အချိန်၌ လင်းချန်၏ ဒန်တျန်ထဲ၌သာ အရည်ပျော်နေပြီး စိတ်ဝိညာဉ်စွမ်းအင်များနှင့် ရောနှောနေတတ်သည်။

လင်းချန် လိုအပ်သည့်အချိန်တိုင်း ဧကရာဇ်အာဏာစွမ်းရည် အသုံးပြုပြီး ကောင်းကင်ဧကရာဇ်ဝတ်ရုံကို ဆင်မြန်းနိုင်သည်။

ဝတ်ရုံကို ဝတ်ဆင်လိုက်သည်နှင့် လင်းချန်၏ ဧကရာဇ်ဖိအားသည် ထိတွေ့ကိုင်တွယ်၍ ရနိုင်သော အရာဖြစ်လာပြီး ဟွာရှာအင်ပါယာ၏ နိုင်ငံတော်ကံကြမ္မာ အထောက်အပံ့ကိုလည်း ရရှိ၏။ ထို့ကြောင့် သေခြင်းအရှိန်အဝါ ပါဝင်သော သွေးအလောင်းကောင်ကဲ့သို့ မိစ္ဆာဝိညာဉ်များအတွက် သဘာဝရန်သူ ဖြစ်လာသည်။

ထို့ပြင် ကောင်းကင်ဧကရာဇ်ဝတ်ရုံသည် လင်းချန်၏ အင်အားကြီးထွားလာသည်နှင့်အမျှ စွမ်းအားနှင့် ကာကွယ်မှုလည်း တိုးတက်လာမည် ဖြစ်၏။

ပုံမှန်အားဖြင့် ကောင်းကင်ဧကရာဇ်ဝတ်ရုံကို ဝတ်ဆင်ခြင်းသည် လင်းချန်၏ ကြီးမားသော စိတ်ဝိညာဉ်စွမ်းအင် ပမာဏကြောင့် ပြဿနာ မဟုတ်သော်လည်း ယခုကဲ့သို့ သေခြင်းရှင်ခြင်းနယ်ပယ်... သူ့ထက် နယ်ပယ်ကြီး နှစ်ခု မြင့်သော သွေးအလောင်းကောင်ကို ရင်ဆိုင်နေရသဖြင့် စိတ်ဝိညာဉ်စွမ်းအင် အများအပြား ကုန်ဆုံးနေရသည်။ ထို့ကြောင့် ချင်ဝူရွှမ်ကို အမြန်ဆုံး လှုပ်ရှားရန် တိုက်တွန်းလိုက်ခြင်း ဖြစ်၏။

ချင်ဝူရွှမ် လှုပ်ရှားရန် ပြင်လိုက်စဉ် သွေးအလောင်းကောင်က ပြုံးကာ ပြောလိုက်သည်။

"ကံမကောင်းစွာနဲ့... မင်းက သတင်းအချက်အလက် တစ်ခုကို ထုတ်ဖော်လိုက်မိပြီ။ အဲဒါက သေခြင်းအရှိန်အဝါပဲ။"

သွေးအလောင်းကောင်၏ သွေးရောင် မျက်လုံးများထဲတွင် အနက်ရောင်အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီး သွေးရောင်အရှိန်အဝါများ ရုတ်တရက် ထိုးတက်လာ၏။

"ဝုန်းးး"

ပြင်းထန်သော စွမ်းအားတစ်ခုသည် နဂါးကိုးကောင်ကို တွန်းထုတ်လိုက်ပြီး လင်းချန်သည်လည်း နောက်သို့ ဆက်တိုက် ဆုတ်ခွာသွားရကာ အချိန်အတော်ကြာမှ ဟန်ချက်ပြန်ထိန်းနိုင်လိုက်သည်။

စိတ်ဝိညာဉ်စွမ်းအင် ကုန်ဆုံးမှု သိသိသာသာ လျော့ကျသွားပြီး ကောင်းကင်ဧကရာဇ်ဝတ်ရုံကို ထိန်းသိမ်းရန် လိုအပ်သော ပုံမှန်အဆင့်သို့ ရောက်ရှိသွားသည်ကို လင်းချန် ခံစားလိုက်ရ၏။ သို့သော် သွေးအလောင်းကောင်အပေါ် ချုပ်နှောင်ထားမှု ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်းကိုလည်း သူ နားလည်လိုက်သည်။

သွေးအလောင်းကောင်၏ မျက်နှာထက်၌ အောင်နိုင်သူတစ်ဦး၏ အပြုံး ပေါ်လာကာ ပြော၏။

"သွေးနက်ကို အသုံးပြုလိုက်တာနဲ့ ငါ့ရဲ့ ကိုယ်ပိုင်အသက်စွမ်းအားက ခန္ဓာကိုယ်ပေါ်မှာ ပေါ်ထွက်လာမှာပဲ။ အစက... မင်းရဲ့ ထူးဆန်းတဲ့ စိတ်ဝိညာဉ်စွမ်းအင်နဲ့ ဖိအားက ငါ့ကို အတိုင်းအတာတစ်ခုအထိ ဖိနှိပ်ထားနိုင်ခဲ့ပေမဲ့ ငါ့ရဲ့ အသက်စွမ်းအားရပြီဆိုရင်တော့ မင်းကို ကြောက်စရာ မလိုတော့ဘူး။"

လင်းချန်က မဲ့ပြုံးနှစ်ချက် ပြုံးကာ ပြောလိုက်သည်။

"ကြည့်ရတာ မင်းလည်း မအဘူးပဲ။ ဒါပေမဲ့ ငါ့ရဲ့ တကယ့် ရည်ရွယ်ချက်က အထမြောက်သွားပြီ။ မမျှော်လင့်ထားတဲ့ အခြေအနေတစ်ခုကို တွေ့ကြုံတာက မင်းရဲ့ ကျရှုံးမှုပဲ။"

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁၈ ၊ အတွဲ ၁ ၊ အပိုင်း ၁၇၇ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

All Chapters