အခန်း (၁၇၈)
Vol. 18 Ch. 178
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၈ ၊ အတွဲ ၁ ၊ အပိုင်း ၁၇၈
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
"မမျှော်လင့်ထားတဲ့ အခြေအနေ ဟုတ်လား။"
သွေးအလောင်းကောင်၏ သွေးရောင်မျက်လုံးများသည် ဧကရာဇ်ဝတ်ရုံ ဝတ်ဆင်ထားသော လင်းချန်ကို စိုက်ကြည့်နေပြီး မျက်မှောင်ကြုတ်လျက် သူ၏ စိတ်နှလုံးထဲတွင် မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရ၏။
"နိဗ္ဗာန်နယ်ပယ်အဆင့်လောက်နဲ့ သေခြင်းရှင်ခြင်းနယ်ပယ် သွေးအလောင်းကောင်ကို အနိုင်ယူမယ်ဆိုတာက တကယ်ပဲ မိုက်မဲလွန်းတဲ့ စိတ်ကူးယဉ်အိပ်မက်ပါပဲ။"
လင်းချန် စိတ်ပျက်စွာဖြင့် သက်ပြင်းချလိုက်၏။
ထို့နောက် ခေါင်းငုံ့ကာ ငြီးတွားလိုက်လေသည်။ "တကယ်တော့... ကိုယ်ပိုင်အင်အားကသာ အရာအားလုံးပဲ။ ကိုယ်ပိုင်အစွမ်းအစကသာ ကိုယ့်အတွက် အစစ်အမှန် စွမ်းအားပဲ။ ငါ ပိုပြီး သန်မာလာဖို့ လိုအပ်တယ်။"
လင်းချန်၏ ငြီးတွားသံကို ကြားသောအခါ တစ်ဖက်ရှိ သွေးအလောင်းကောင်သာမက ချင်ဝူရွှမ်နှင့် ဘေးနားရှိ လူအားလုံးပါ သူ့ကို ပြေးပြီး လည်ပင်းညှစ်သတ်ချင်စိတ် ပေါက်သွားကြ၏။
လင်းချန်သည် နိဗ္ဗာန်နယ်ပယ်အဆင့် ၆ သာ ရှိသေးသည့် သိုင်းဝိညာဉ်ပညာရှင် ဖြစ်ပြီး သေခြင်းရှင်ခြင်းနယ်ပယ် သွေးအလောင်းကောင်ကို သူ၏ အရှိန်အဝါ တစ်ခုတည်းဖြင့် ဖိနှိပ်ထားနိုင်ကာ လှုပ်ရှား၍မရအောင် ချုပ်နှောင်ထားနိုင်ခဲ့သည် မဟုတ်ပါလား။
သွေးအလောင်းကောင်က သူ၏ ဝှက်ဖဲဖြစ်သော သွေးနက်ကို အသုံးပြုပြီးမှသာ လွတ်မြောက်နိုင်ခဲ့ခြင်း မဟုတ်ပါလား။
ထိုသည်က လင်းချန်၏ ဧကရာဇ်အာဏာစွမ်းရည်ကြောင့်သာ ဖြစ်သော်လည်း ဤနေရာရှိ လူအားလုံးအတွက်မူ အလွန်အမင်း အံ့သြဖွယ်ကောင်းပြီး ယုံကြည်နိုင်စရာ မရှိသော စွမ်းဆောင်ရည်တစ်ခု ဖြစ်နေဆဲပင်။
သူတို့က လင်းချန်၏ အင်အားကို အံ့သြတကြီး ဖြစ်နေချိန်၌ သူမူ ကိုယ့်ကိုယ်ကိုယ် ရှက်ရွံ့နေပြီး အင်အားမလုံလောက်ဟု ခံစားနေရသည်မှာ တကယ်ကို သည်းခံနိုင်စရာ မရှိပေ။
သွေးအလောင်းကောင်က သွေးရောင်မျက်လုံးများ တောက်ပလျက် ကြွေးကြော်လိုက်၏။ "မင်း ဘာပဲ ကြံစည်ထားပါစေ... ဒီ သွေးအလောင်းကောင်က ခန္ဓာကပ်ဘေးကို အောင်မြင်ထားတဲ့ သေခြင်းရှင်ခြင်းနယ်ပယ် အဆင့်မှာ ရှိတယ်။ ငါ့ရဲ့ သွေးနက်စွမ်းရည်တွေကြောင့် ငါ့ခန္ဓာကိုယ်က မပျက်စီးနိုင်ဘူး။ မင်း ငါ့ကို တားဆီးလို့ မရပါဘူး။"
ထို့နောက် သူ့ပတ်လည်တွင် အနက်ရောင်မျဉ်းကြောင်းများ ရောယှက်နေသော သွေးရောင်မြူခိုးများ လှိမ့်ဝင်လာသည်။
"ဝုန်းးးး"
သွေးအလောင်းကောင်က ဖြူဖွေးသော ဆံပင်များ လွင့်ပျံလျက် ပေါက်ကွဲထွက်ပေါ်လာပြီး လင်းချန်ထံသို့ ပြေးဝင်လာ၏။
သူ၏ မျက်လုံးထဲတို့၌ လင်းချန်သည် အလွန်ထူးဆန်းပြီး ယုတ္တိမရှိသူ ဖြစ်သည်။ အကယ်၍ လင်းချန်ကို မသတ်နိုင်ပါက သူ၏ အစီအစဥ်များအားလုံး သေချာပေါက် ပျက်စီးလိမ့်မည်ဟု ကြိုတင် ခံစားနေရ၏။
သွေးအလောင်းကောင် ရပ်နေသည့် နေရာမှ ပုံရိပ် ပျောက်ကွယ်သွားပြီး ချင်ဝူရွှမ် တစ်ယောက်တည်းသာ လင်းချန်ထံသို့ ဦးတည်သွားနေသော အရိပ်ကို ဝါးတားတား မြင်လိုက်ရသည်။
ချင်ဝူရွှမ်က ထိတ်လန့်တကြားဖြင့် ရေရွတ်လိုက်၏။ "မကောင်းတော့ဘူး။"
ချင်ဝူရွှမ်၏ နှလုံးသား တုန်လှုပ်သွားသည်။ သူသည် အလျင်အမြန် ရှေ့တိုးလိုက်ပြီး သူ့ခန္ဓာကိုယ်ဖြင့် တိုက်ခိုက်မှုကို ကာကွယ်ရန် ပြင်ဆင်လိုက်၏။
"ဝုန်းးးး"
အောက်ဘက်မှ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ကျယ်လောင်သော အသံကြီးတစ်သံ ထွက်ပေါ်လာ၏။
"ငါ့ဆရာ့ရဲ့ ခန္ဓာကိုယ်ကို အသုံးချပြီး ငါ့ရဲ့ ချစ်လှစွာသော တပည့်ကိုပါ ရန်ရှာချင်နေတယ်ပေါ့... မင်းတို့ သင်္ချိုင်းဖောက်ထွင်းတဲ့ သူခိုးမျိုးနွယ်က သတ္တိတော်တော် ကောင်းပါလား။"
ရုတ်တရက် လင်းချန်၏ ရှေ့မှ မြေကြီးမှာ ကွဲအက်သွားပြီး လျှပ်စီးများ ဝန်းရံထားသည့် ပုံရိပ်တစ်ခု တိုးထွက်လာသည်။
မြေအောက်မှ ထွက်ပေါ်လာသည့် ပုံရိပ်က လင်းချန်၏ ရှေ့၌ ရပ်လိုက်ပြီး လက်ဝါးတစ်ဖက်ကို ရှေ့သို့ ထိုးထုတ်လိုက်၏။
အနီရောင် မီးလျှံများနှင့် ရောနှောနေသည့် ခရမ်းရင့်ရောင် မိုးကြိုးစိတ်ဝိညာဉ်စွမ်းအင်တို့က မိုးကြိုးမီးလျှံလက်ဝါးရာအဖြစ် ပေါင်းစပ်သွားပြီး ပြင်းထန်စွာ ရိုက်ခတ်သွားသည်။
ရှေ့တိုးလာနေသော သွေးအလောင်းကောင်သည်လည်း ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ချက်ချင်း ရပ်တန့်လိုက်၏။
သူ့ပတ်လည်ရှိ သွေးရောင်မြူခိုးများက လျှင်မြန်စွာ လည်ပတ်လာကာ အကာအကွယ် အသွင်ပြောင်းသွား၏။ သူက အံ့သြတကြီး အော်ဟစ်လိုက်မိသည်။ "ကမ်းရိုးတန်းပြည်နယ်လို နေရာမျိုးမှာ ပါရမီနှစ်မျိုး ပိုင်ဆိုင်ထားတဲ့သူ ရှိနေတယ် ဟုတ်လား။ မဖြစ်နိုင်ဘူး။"
သွေးအလောင်းကောင်က အလွန်လျင်မြန်စွာ ဆုတ်ခွာသွားသော်လည်း မိုးကြိုးနှင့် မီးလျှံ ပေါင်းစပ်ထားသော လက်ဝါးကြီးသည်လည်း အရှိန်မလျော့သွားပေ။
မော်ချင်းတောင်ထိပ်ရှိ ကြီမားသည့် အိမ်ကြီးသည် လုံးဝ ပြိုကျပျက်စီးသွားပြီး ခြံဝင်းကို ဖုံးလွှမ်းထားသည့် အစီအရင်သည်လည်း လွှမ်းမိုးချုပ်ကိုင်လှသည့် မိုးကြိုးမီးလျှံလက်ဝါးရာကြောင့် ပျက်စီးသွားတော့၏။
"သွေးပိုးအိမ်..."
သွေးအလောင်းကောင်၏ မျက်လုံးများထဲ၌ မီးလျှံများဖြင့် တောက်ပလာပြီး ပတ်လည်ရှိ သွေးရောင်မြူခိုးတို့က ခဲသွားပြီး ပိုးအိမ်ကဲ့သို့ ခန္ဓာကိုယ်တစ်ခုလုံးကို ထုပ်ပိုးလိုက်သည်။
တစ်ချိန်တည်းမှာပင် မိုးကြိုးမီးလျှံလက်ဝါးက အနောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာပြီး အနီရောင် သွေးပိုးအိမ်အပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်သွားလေ၏။
"ဝုန်း... ဝုန်း... ဝုန်း..."
မိုးကြိုးနှင့် မီးလျှံ စိတ်ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ဆူညံသံများ ပဲ့တင်ထပ်သွားရာ မော်ချင်းတောင် တစ်ခုလုံး တုန်ခါသွားတော့သည်။ ကောင်းကင်ထက်ရှိ ထူထပ်လှသည့် တိမ်တိုက်များ လွင့်ပြယ်သွားပြီး ကြယ်များ အပြည့်ပါသည့် ကောင်းကင်ကြီး ပေါ်လာ၏။
ဖုန်မှုန့်များ ရှင်းလင်းသွားသောအခါ ရှိနေသူအားလုံး သူတို့၏ ရှေ့မှောက်ရှိ မြင်ကွင်းကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။
မော်ချင်းတောင်ထိပ်၏ တစ်ဝက်ခန့် ပျောက်ကွယ်သွားပြီ ဖြစ်၏။ စုတ်ပြတ်နေသော အဝတ်အစားများဖြင့် သွေးအလောင်းကောင်သည် လေထဲ၌ တွဲလွဲခိုနေပြီး ဆံပင်များ ရှုပ်ပွနေကာ မူလက ခဲနေသည့် သွေးရောင်ပိုးအိမ်သည်လည်း ပျက်စီးနေတော့သည်။
ထို့အပြင် အားလုံးကို အံ့အားသင့်သွားစေသည်မှာ သွေးအလောင်းကောင်၏ နှလုံးနေရာ၌ မိုးကြိုးစိတ်ဝိညာဉ်စွမ်းအင် ဓားတစ်လက် စိုက်ဝင်နေသည်ကို တွေ့လိုက်ရခြင်းပင်။
သွေးအလောင်းကောင်က ဝေဝူရွှမ်အား စိုက်ကြည့်ရင်း အံ့သြမှု အနည်းငယ် ပါဝင်သော အသံဖြင့် ပြောလာ၏။ "အံ့မခန်းပဲ... စိတ်ဝိညာဉ်စွမ်းအင် စွမ်းရည် နှစ်မျိုး ပိုင်ဆိုင်ထားသူတွေက ခြွင်းချက်မရှိ ပါရမီရှင်တွေပဲ။ ဘိုးဘေးအဆင့် သိုင်းဝိညာဉ် ပိုင်ရှင်တွေနဲ့ ယှဉ်နိုင်တယ်။ ကမ်းရိုးတန်းပြည်နယ်လို ဝေးလံခေါင်ဖျားတဲ့ နေရာမျိုးမှာ မင်းလို လူမျိုး ရှိနေမယ်လို့ ငါ တကယ် မထင်ထားမိဘူး။ ဝေဝူရွှမ်။"
"မင်းတို့ ကောင်တွေ ငါ့ကို မြင်ဖူးပုံရတယ်။" လင်းချန်၏ ဆရာ ဝေဝူရွှမ်ပင်။
ဝေဝူရွှမ်က သူ၏ နယ်ပယ်ချိုးဖောက်ခြင်း ပြီးစီးသွားပြီဖြစ်ကြောင်းနှင့် နယ်ပယ်ကို တည်ငြိမ်စေရန် အချိန်အနည်းငယ် လိုအပ်ကြောင်း လင်းချန်ထံသို့ စိတ်ဝိညာဉ်အသိစိတ်ဖြင့် ဆက်သွယ် အကြောင်းကြားခဲ့ပြီး ဖြစ်၏။
ထို့ကြောင့် လင်းချန်က အချိန်ဆွဲရန် ဧကရာဇ်ဝတ်ရုံကို တမင်တကာ ဖန်တီးခဲ့ခြင်း ဖြစ်သည်။
သေခြင်းရှင်ခြင်းနယ်ပယ်၏ နှလုံးသားနယ်ပယ် သို့ ရောက်ရှိသွားသည်နှင့် သွေးအလောင်းကောင်သည် ဝေဝူရွှမ်၏ ရှေ့မှောက်၌ စက္ကူကျားဖြစ်သွားတော့သည်။
နှလုံးဒဏ်ရာမှ သွေးနက်များ စီးကျလာပြီး မိုးကြိုးဓားတစ်လျှောက် စီးဆင်းနေသည်။ သို့သော် သွေးအလောင်းကောင်သည် အလျင်စလို မရှိဘဲ ဆက်ပြောလာ၏။ "မင်း မသေသေးဘူးပေါ့... မင်းပုံစံကို ကြည့်ရတာ နှလုံးသားနယ်ပယ်ကို ရောက်သွားပုံပဲ။ အစောက မင်း သုံးလိုက်တဲ့ စိတ်ဝိညာဉ်စွမ်းရည်က တော်တော် ပါးနပ်တယ်။ မိုးကြိုးမီးလျှံလက်ဝါးရာက ငါ့ရဲ့ ခံစစ်ကို ဖြိုခွင်းလိုက်ပြီး ဝှက်ထားတဲ့ ဓားက မင်းရဲ့ အစစ်အမှန် သတ်ကွက် ဖြစ်နေတာပဲ။"
"ဘာပဲဖြစ်ဖြစ်... ဒီခန္ဓာကိုယ်က နယ်မြေငယ်လေးတစ်ခုက လာတာလေ။ သေခြင်းရှင်ခြင်းနယ်ပယ်ရဲ့ ခန္ဓာနယ်ပယ် ရှိနေရင်တောင် အပြင်လောကက လူတွေထက် အများကြီး ပိုအားနည်းတယ်။ ခုခံနိုင်စွမ်း သိပ်မရှိပါဘူး။ ဒါပေမဲ့ မင်း သေခြင်းရှင်ခြင်းနယ်ပယ်ရဲ့ နှလုံးသားနယ်ပယ်ကို ရောက်သွားရုံနဲ့ နောက်ဆုံးမှာ ရယ်မောနိုင်မယ်လို့ မထင်လိုက်ပါနဲ့။ ငါ့ကို ယုံလိုက်ပါ... ငါ့ရဲ့ တခြား သွေးအလောင်းကောင်တွေက မင်းကို အံ့သြစရာ လက်ဆောင်ကောင်းတစ်ခု ပေးပါလိမ့်မယ်။"
သွေးအလောင်းကောင်၏ စကားကို ကြားသောအခါ ဝေဝူရွှမ်က အေးစက်စွာ ရယ်မောလိုက်၏။ "ငါ ကြောက်နေမယ်လို့ မင်း ထင်နေတာလား။"
ဝေဝူရွှမ် စကားပြောပြီးနောက် သွေးအလောင်းကောင်က မောက်မာစွာ ရယ်မောလိုက်သည်။ "မင်း မကြောက်တာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ မင်းရဲ့ နတ်ဓားဂိုဏ်း တပည့်တွေကတော့ ကြောက်နေလောက်ပြီ။"
သွေးအလောင်းကောင်က ရိုင်းစိုင်းစွာ ဆက်လက်ရယ်မောလိုက်၏။ "သွေးသန့်စင် အစီအရင်ကို အောင်မြင်စွာ အသက်သွင်းလိုက်ပြီ။ လက်ဖက်ရည်တစ်ခွက် သောက်စာ အချိန်အတွင်းမှာ အာနိသင် ပြလိမ့်မယ်။ ဟားဟားဟား... ဒီလောက် တိုတောင်းတဲ့ အချိန်အတွင်းမှာ မင်းရဲ့ နတ်ဓားဂိုဏ်း တပည့်တွေ ထွက်ပြေးနိုင်မှာ မဟုတ်ဘူး။"
ဤနောက်ကွယ်ရှိ ဂြိုဟ်သားမျိုးနွယ် မည်မျှ ကျေနပ်နေမည်ကို ခန့်မှန်းကြည့်နိုင်သည်။
ဝေဝူရွှမ်၏ မျက်လုံးထဲတို့၌ လျှပ်စီးနှင့် မီးပွားများ တောက်ပလာပြီး ဒေါသတကြီး အံကြိတ်လိုက်၏။ "တောက်... ဒီလောက် စကားများနေတာ အချိန်ဆွဲဖို့ပဲ။"
စိုးရိမ်ပူပန်နေသည့် ဆရာကို ကြည့်ရင်း လင်းချန် သူ၏ ဧကရာဇ်အရှိန်အဝါကို ဖျက်သိမ်းလိုက်ပြီး တည်ငြိမ်စွာဖြင့် သူ့ဘေးနားသို့ ရောက်လာကာ ပြောလိုက်သည်။ "ဆရာ... ဆရာ့အဆင့်နဲ့ဆိုရင် ဆရာ့အသံကို နတ်ဓားဂိုဏ်း တစ်ခုလုံး ကြားအောင် ပြောနိုင်တယ် မဟုတ်လား။ ဂိုဏ်းသားအားလုံးကို ဘာလှုပ်ရှားမှုမှ မပြုလုပ်ဖို့ ပြောပေးပါ။"
သွေးအလောင်းကောင်က လှောင်ပြောင်လိုက်၏။ "ကောင်လေး... စကားကြီးစကားကျယ် မပြောစမ်းပါနဲ့။ နတ်ဓားဂိုဏ်းရဲ့ နယ်မြေက တော်တော် ကျယ်ဝန်းတယ်။ ကောင်းကင်နယ်ပယ် တပည့်က တစ်ဒါဇင်လောက်ပဲ ရှိပြီး ၊ အတွင်းစည်းတပည့်က တစ်ထောင်ကျော်လောက်ပဲ ရှိကောင်း ရှိမယ်။"
"ဒါပေမဲ့ အပြင်စည်းတပည့်တွေနဲ့ အောက်ခြေတပည့်တွေကိုပါ ထည့်ပေါင်းရင် နှစ်သိန်း ၊ သုံးသိန်းလောက် ရှိတယ်။ အခုချိန်ဆိုရင် လက်ဖက်ရည်တစ်ခွက် သောက်စာ အချိန်ရဲ့ တစ်ဝက်လောက်ပဲ ကျန်တော့တယ်။ ဒီလောက်များတဲ့ လူတွေကို မင်းက ဘယ်လို ခေါ်ထုတ်သွားမှာလဲ။ ဟားဟားဟား။"
ရယ်မောနေဆဲဖြစ်သည့် သွေးအလောင်းကောင်ကို ကြည့်ရင်း လင်းချန်က တည်ငြိမ်စွာ လှောင်ပြောင်လိုက်၏။ "မင်းလို တောသားက ဘာကို နားလည်မှာလဲ။"
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၈ ၊ အတွဲ ၁ ၊ အပိုင်း ၁၇၈ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team