← Chapters

အခန်း (၁၇၉)

Vol. 18 Ch. 179

အခန်း (၁၇၉)

Vol. 18 Ch. 179

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁၈ ၊ အတွဲ ၁ ၊ အပိုင်း ၁၇၉

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

လင်းချန်၏ စကားကို ကြားလိုက်ရသောအခါ သွေးအလောင်းကောင်၏ မျက်နှာထားမှာ ရှုံ့မဲ့သွားပြီး ခံစားချက်များ ရှုပ်ထွေးသွားပုံရ၏။

သူက ဒေါသတကြီး အော်ဟစ်လိုက်သည်။ "မင်း... ခေါင်ခိုက်တဲ့နေရာက ကောင်စုတ်လေး... ငါ့ကိုများ တောသားလို့ ခေါ်ရဲတယ်ပေါ့လေ။ ကောင်းပြီ... ကောင်းပြီ... ကောင်းပြီ... မင်း လူတွေအများကြီးကို ဘယ်လိုများ အပြင်ကို ပို့ပေးမလဲဆိုတာ ငါ စောင့်ကြည့်ရသေးတာပေါ့။"

သွေးအလောင်းကောင်ကို ထိန်းချုပ်ထားသည့် ဂြိုဟ်သားသာမက ရှိနေသူအားလုံးသည် လင်းချန်ကို စိုးရိမ်တကြီး ကြည့်နေကြပြီး သူတို့၏ မျက်လုံးများထဲ၌ မျှော်လင့်ချက်ရောင်ခြည်များ ထင်ဟပ်နေကြသည်။

လင်းချန်၏ စကားများ မှန်ကန်ပါစေဟု သူတို့ အမှန်တကယ် ဆုတောင်းနေကြပြီး နတ်ဓားဂိုဏ်း၏ လက်ရှိအခြေအနေကို ကယ်တင်နိုင်လိမ့်မည်ဟု မျှော်လင့်နေကြ၏။

ယခုရှိနေကြသူများထဲ၌ လင်းချန်အကြောင်း အသိဆုံးဖြစ်မည့် လေချန်က တွေးတောလိုက်၏။ "ခေါင်းဆောင်က ဟိုအကူအညီတွေကို ထပ်ခေါ်မလို့များလား။ သူ ကောင်းကင်နယ်ပယ်က သန်းနဲ့ချီတဲ့ လူတွေအကြောင်း ပြောဖူးတယ်... တကယ်လို့သာ ကောင်းကင်နယ်ပယ်က တစ်ယောက်က စိတ်ဝိညာဉ်စွမ်းအင်ကို သုံးပြီး အပြင်စည်းဂိုဏ်းသား ဒါဇင်အနည်းငယ်လောက်ကို ခေါ်ထုတ်သွားမယ်ဆိုရင် ပြဿနာမရှိနိုင်ဘူး။"

လေချန် ပိုတွေးလေလေ ဖြစ်နိုင်ချေ ပိုများလေလေဟု ထင်မြင်လာမိ၏။ လင်းချန်၏ အစီအစဉ်သည် ကောင်းကင်နယ်ပယ်မှ လူအများအပြားကို ဆင့်ခေါ်ပြီး ဂိုဏ်းသားများကို ခေါ်ထုတ်သွားခိုင်းမည်ဟု သူ ယုံကြည်လိုက်သည်။

'ဟင်း... ဟင်း... ဂြိုဟ်သားကောင်... ငါတို့ခေါင်းဆောင် ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာ စောင့်ကြည့်နေလိုက်...'

ထိုသို့တွေးရင်း လေချန်တစ်ယောက် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဖြစ်လာတော့၏။

"ဟေ..."

"ဘာလို့ မှောင်ကျသွားတာလဲ။"

ရုတ်တရက်ဆိုသလို သူတို့ပတ်ဝန်းကျင်၌ မှောင်မိုက်သွားသည်ကို လေချန် သတိထားမိလိုက်၏။ ကောင်းကင်ပေါ်မှ အရာတစ်ခုက လရောင်ကို ကွယ်လိုက်သကဲ့သို့ပင်။

သူ ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သောအခါ လုံးဝ ကြောင်အသွားတော့သည်။

"ဝူးးးးးးးး....။"

ရှည်လျားပြီး ကြီးမားကျယ်လောင်သည့် ခရာသံကြီးတစ်ခုက ကောင်းကင်နှင့် မြေကြီးအနှံ့ ပဲ့တင်ထပ်သွား၏။

"ဒုန်း... ဒုန်း... ဒုန်း...။"

ဗုံတီးသံများ ဆက်တိုက် ထွက်ပေါ်လာပြီး ရိုက်ချက်တိုင်းက လူတိုင်း၏ နှလုံးကို တီးခေါက်နေသကဲ့သို့ပင်။

ဂိုဏ်းအတွင်းရှိ တပည့်များ တစ်ယောက်ပြီးတစ်ယောက် ကောင်းကင်ကို မော့ကြည့်လိုက်ကြပြီး ပါးစပ်အဟောင်းသား ငေးမောကြည့်ရှုနေလိုက်မိကြ၏။

မြို့ကြီးများပမာ ကြီးမားလှသည့် သင်္ဘောကြီးများက လေထဲ၌ ပျံဝဲရွေ့လျားလာနေကြသည်။ တပည့်များ၏ မျက်လုံးထဲ၌ ထိုပျံဝဲနေကြသည့် သင်္ဘောကြီးများသည် လေထဲ၌ ရွေ့လျားနေကြသည့် မြို့တော်ကြီးများကဲ့သို့ ထင်ရ၏။

နက်ရှိုင်းပြီး ရှည်လျားသော ခရာသံကြီးသည် ဂိုဏ်းအတွင်း အဆုံးမရှိ ပဲ့တင်ထပ်နေပြီး ရွေ့လျားနေသော သင်္ဘောကြီးများသည် ကောင်းကင်ယံထက်၌ လှည့်လည်သွားလာနေကြသည့် ရှေးဦးသားရဲကြီးများနှယ် ဖြစ်နေကြသည်။

မီးရောင်များ လင်းထိန်နေသည့် သင်္ဘောကြီးများ၏ အပေါ်၌ မိုးမျှော်တိုက်များ အထပ်လိုက် တည်ရှိနေသည်ကို အားလုံး ရှင်းလင်းစွာ မြင်တွေ့နေရသည့။ သင်္ဘောကြီးတစ်စင်းစီသည် လူပေါင်းသောင်းချီကို ချောင်ချိစွာ သယ်ဆောင်နိုင်ပြီး နေရာလွတ်များပင် ကျန်ရှိနေနိုင်သေး၏။

လက်ရှိအချိန်၌ ကြီးမားသည့် ပျံသန်းရေးသင်္ဘောကြီးများထံမှ အလင်းတန်းများ ဖြာကျလာပြီး အောက်ဘက်ရှိ ဂိုဏ်းတစ်ခုလုံးကို လွှမ်းခြုံသွားကာ တပည့်အားလုံးကို အလင်းရောင်ထဲတွင် နစ်မြုပ်သွားစေ၏။

အသံတစ်သံက ဂိုဏ်းတစ်ခုလုံး၌ ရုတ်တရက် ပဲ့တင်ထပ်သွားပြီး တပည့်အားလုံး ရှင်းလင်းပြတ်သားစွာ ကြားလိုက်ရသည်။ "ဘယ်သူမှ မလှုပ်ရှားကြနဲ့။"

အကြောင်းရင်းကို မသိရသော်လည်း ထိုအသံကို ကြားလိုက်ရသောအခါ တပည့်အားလုံးသည် ညွှန်ကြားချက်ကို လိုက်နာလိုက်ကြပြီး တိတ်ဆိတ်ငြိမ်သက်ကာ အလင်းတန်းများ၏ လွှမ်းခြုံမှုကို ခံယူလိုက်ကြ၏။

အလင်းတန်းများ လွှမ်းခြုံခံရပြီးနောက် သူတို့သည် လေထဲသို့ အလိုလို မြောက်တက်သွားပြီး အထက်ရှိ ကြီးမားသော သင်္ဘောကြီးများဆီသို့ ပျံဝဲတက်သွားသည်ကို ရှင်းလင်းစွာ ခံစားလိုက်ရသည်။

မော်ချင်းတောင်ထိပ်ပေါ်ရှိ ဂြိုဟ်သားအပါအဝင် လူတိုင်းက အံ့အားသင့်သွားကြရ၏။ ဝေဝူရွှမ်သည်လည်း တံတွေးကို ဂလုခနဲ မြိုချလိုက်ပြီး ခေါင်းကို တောင့်တောင့်ကြီး လှည့်ကာ ဘေးနားရှိ လင်းချန်ကို ကြည့်လိုက်သည်။

သို့သော် လင်းချန်က သူ့ကို ဂရုမစိုက်မိပေ။ အဲဒီအစား သွေးအလောင်းကောင်ကို လှောင်ပြောင်လိုက်ပြီး အော်ပြောလိုက်၏။ "ဘယ်လိုလဲ... ငါ့ရဲ့ စစ်သင်္ဘောကြီးငါးစင်းကို မင်းမြင်ဖူးရဲ့လား။ မင်း ဝယ်ရောဝယ်နိုင်လို့လား။ မင်းဖင်ကိုစပ်စပ်လေးအရိုက်ခံရရင် အံကြိတ်တောင့်ခံထားနော်... သေချာလေးကြည့်ထား... သွားရည်တွေမကျနဲ့ဦး။"

လက်ရှိအချိန်၌ သွေးအလောင်းကောင်၏ မျက်လုံးများထဲရှိ သွေးရောင်တို့က အလွန်မှိန်ဖျော့သွားပြီဖြစ်သည်။ အထက်ရှိ ကြီးမားလှသည့် စစ်သင်္ဘောကြီးများထံမှ အကြည့်ကို ရုတ်သိမ်းလိုက်ပြီး လင်းချန်ကို အလေးအနက်ထားကာ ကြည့်လိုက်ရင်း မေးလာ၏။ "မင်းက... ဘယ်သူလဲ။"

"ဟွာရှာအင်ပါယာရဲ့ ဧကရာဇ်ပဲ..." လင်းချန်၏ စကားသံဆုံးသည်နှင့် သွေးအလောင်းကောင်၏ နှလုံးသားထဲမှ သွေးနက်များသည် နောက်ဆုံးတစ်စက်အထိ ခြောက်သွေ့သွားပြီး မျက်လုံးထဲမှ သွေးရောင် ပျောက်ကွယ်သွားကာ အောက်သို့ ပြုတ်ကျသွားတော့သည်။

ဝေဝူရွှမ်သည်လည်း စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြုပြီး အလောင်းကောင်ကို အလျင်အမြန် ဖမ်းထိန်းလိုက်၏။

မည်သို့ပင်ဖြစ်စေကာမူ ဤသည်မှာ သူကိုယ်၌၏ ဆရာသခင်ဖြစ်သလို သူ့တပည့်ကြီး၏ အဘိုးလည်း ဖြစ်နေသည်။ သူ၏ ရုပ်အလောင်းကို ဤနေရာ၌ ဖြစ်ကတတ်ဆန်း ပစ်ထားခဲ့၍ မဖြစ်ပေ။

ထိုအချိန်၌ပင် သူတို့အပေါ်တည့်တည့်ရှိ စစ်သင်္ဘောကြီးမှ တောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး လင်းချန်နှင့် အခြားသူများကို လွှမ်းခြုံကာ သင်္ဘောပေါ်သို့ ဆွဲတင်လိုက်သည်။

ချက်ချင်းဆိုသလိုပင် ဂိုဏ်းမှ လူအားလုံးတို့က စစ်သင်္ဘောကြီးငါးစင်းပေါ်သို့ ရောက်ရှိလာကြလေပြီ။

စစ်သင်္ဘောကြီးငါးစင်းတို့က တစ်ပြိုင်နက်တည်း ခေါင်းပြန်လှည့်ကာ တံခါးအပြင်ဘက်သို့ ပျံသန်းသွားလိုက်ကြသည်။

မူလက ဖြည်းဖြည်းချင်း သွားနေသည့် စစ်သင်္ဘောကြီးများ၏ အရှိန်သည် လျှင်မြန်စွာ မြင့်တက်လာပြီး မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် ဂိုဏ်းတံခါးအပြင်ဘက်သို့ ရောက်ရှိသွားကြ၏။

တံခါးမှ ထွက်ခွာပြီးနောက် စစ်သင်္ဘောကြီးများ၏ အရှိန်သည် တဖြည်းဖြည်း လျော့ကျလာပြီး မကြာမီမှာပင် သင်္ဘောပေါ်ပါလာသည့် ဂိုဏ်းသားများက အနောက်ဘက်သို့ လှမ်းကြည့်ကာ ထိတ်လန့်တကြား ရေရွတ်လိုက်ကြသည်။

ဂိုဏ်းတံခါးအတွင်းမှ ထူထဲလှသည့် သွေးရောင်အလင်းတန်းများသည် ကောင်းကင်ပေါ်သို့ ထိုးတက်နေပြီး စူးရှသော သွေးညှီနံ့ကိုလည်း ရလိုက်ကြသည်။

အလယ်သင်္ဘောကြီး၏ နောက်ဘက်ကုန်းပတ်ပေါ်၌တွင် လင်းချန်နှင့် အခြားသူများက ဂိုဏ်းတည်ရှိရာဘက်သို့ ငေးကြည့်နေကြပြီး သောင်းကျန်းဖျက်ဆီးနေသည့် သွေးရောင်အလင်းတန်းများကို ကြည့်ကာ သက်ပြင်းရှည်ကိုယ်စီ ချလိုက်ကြ၏။

နတ်ဓားဂိုဏ်းကြီး ပျက်စီးသွားပြီဟု ပြောနိုင်၏။ အစီအရင် ရပ်သွားလျှင်ပင် ဂိုဏ်းတစ်ခုအနေဖြင့် ဆက်လက် တည်ရှိနိုင်တော့မည် မဟုတ်ပေ။

တပည့်များအားလုံး ထွက်ခွာလာခဲ့ကြသော်လည်း ဆက်စပ်နေသည့် တောင်တန်းများနှင့် ထူထပ်သော တောအုပ်များထဲ၌ သိုင်းဝိညာဉ်သားရဲများစွာ ကျန်ရှိနေသေးသည်။

သွေးအလောင်းကောင်ကို အသုံးပြုခဲ့သည့် မျိုးနွယ်ခြားက သွေးသန့်စင်အစီအရင်အကြောင်း ပြောခဲ့ဖူး၏။ ထိုအစီအရင်က သတ္တဝါများ၏ စွမ်းအားကို ဆက်လက် အသုံးချပြီး ကောင်းကင်နှင့် မြေကြီးကို သန့်စင်ကာ ထိုဒေသ၏ ရေမြေသဘာဝကို ပြောင်းလဲပစ်မည်ဖြစ်သည်။

ဂိုဏ်းမှ လူများသည် ယခုအခါ သောင်ပြင်မှာလွှတ်သည့် အိုးမဲ့အိမ်မဲ့များ ဖြစ်သွားကြပြီဟု ပြောနိုင်၏။

ကောပန်လီသည်လည်း စစ်သင်္ဘောများထဲမှ တစ်စင်းပေါ်၌ လင်းချန်နှင့်အတူ ရှိနေသော်လည်း ထိုနေရာ၌ပင် မရှိဘဲ သူ့အဘိုး၏ ရုပ်အလောင်းကို ကိုယ်တိုင် ပြုပြင်နေသည်။

လင်းချန်က စစ်သင်္ဘောပေါ်ရှိ အဆောက်အအုံများဘက်သို့ စိုးရိမ်တကြီး ကြည့်နေသည်ကို မြင်သောအခါ ဝေဝူရွှမ်က သူဘာကို စိတ်ပူနေမှန်းသိ၍ ဝင်ပြောလိုက်၏။ "မပူပါနဲ့... သူ အဆင်ပြေသွားမှာပါ။"

လင်းချန်က ခေါင်းအနည်းငယ်ညိတ်ပြီး သက်ပြင်းချရင်း ပြောလိုက်သည်။ "စီနီယာအစ်ကိုကြီးက မကြာခဏဆိုသလို အပေါက်အလမ်းမတည့် လုပ်တတ်ပေမဲ့ သူက တကယ်ကို အကောင်းမြင်စိတ်ရှိတဲ့သူပါ... အမြဲတမ်းလိုလို ဟားတိုက်ရယ်မောတာ မြင်ရတတ်တယ်။ သူ့မျက်နှာပေါ်မှာ အခုလို ဝမ်းနည်းနေတဲ့အမူအရာမျိုး တစ်ခါမှ မမြင်ဖူးဘူး။"

ဝေဝူရွှမ်က တွေးတောငေးမောရင်း ခေါင်းကို ဆက်တိုက်ခါရမ်းကာ ပြောလိုက်၏။ "သူ့မိဘတွေက သူ သုံးနှစ်သားအရွယ်မှာ ဆုံးပါးသွားခဲ့ပြီး ဆရာသခင်က သူ့ကို ပြုစုပျိုးထောင်ပေးခဲ့တာ။ သူတို့သံယောဇဉ်က ယုံနိုင်စရာမကောင်းလောက်အောင် နက်ရှိုင်းတယ်။ သူ ဒီလိုဖြစ်တာ ပုံမှန်ပါပဲ။"

ထိုအချိန်၌ပင် လေချန်က စစ်သင်္ဘော၏ အတွင်းပိုင်းမှ အပြေးအလွှား ရောက်ရှိလာပြီး အံ့သြတကြီး အော်ပြောလိုက်သည်။ "ခေါင်းဆောင်... ခင်ဗျားက ရှယ်မိုက်တာပဲ။"

"ဒီစစ်သင်္ဘောကြီးက တကယ့်ကို အစုံအလင်ပဲဗျ။ သင်္ဘောပေါ်က အဆောက်အအုံတွေက ဂိုဏ်းက ဟာတွေထက်တောင် ပိုကောင်းနေသေးတယ်။"

"ဒါမဲ့ ကျွန်တော် အခန်းထဲကို ဝင်ကြည့်ချင်ရုံ ရှိသေးတယ်... မမြင်ရတဲ့ အတားအဆီးတစ်ခုက ဝင်ပေါက်ကို ပိတ်ထားတယ်ဗျ။"

လင်းချန် ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး စစ်သင်္ဘောအတွင်းပိုင်းသို့ လှမ်းလျှောက်သွားလိုက်ရင်း ပြောလိုက်၏။ "ဪ... ဟုတ်သားပဲ... ငါ လူတိုင်းကို ပြောဖို့ မေ့နေတာ။ အခန်းတွေထဲကို အရမ်းမဝင်ကြနဲ့ဦးနော်။"

လေချန်က ကြောင်အသွားပြီး အနောက်မှ အမြန်လိုက်ပါသွားကာ မေးလိုက်သည်။ "ဘာဖြစ်လို့လဲ... ဘာလို့ အခန်းထဲကို အတင်းဝင်လို့ မရတာလဲ။"

"သေသွားမှာစိုးလို့လေ။"

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁၈ ၊ အတွဲ ၁ ၊ အပိုင်း ၁၇၉ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

All Chapters