အခန်း (၂၅၈၉-၂၅၉၀)
Vol. 185 Ch. 2589-2590
အပိုင်း(၂၅၈၉)
သုံးမိနစ်တိတိ ကြာပြီးနောက် ဝေ့ဝူယင်သည် သူ၏ လက်ကို ပြန်ရုပ်လိုက်သည်။ ဖြစ်ခဲသော ပင်ပန်းနွမ်းနယ်မှု လှိုင်းတံပိုးတစ်ခုက သူ၏ ခန္ဓာကိုယ်ထဲ စီးဆင်းသွား၏။ ဤသည်မှာ သွေးမျိုးဆက် စွမ်းအင်များ အကြီးအကျယ် ကုန်ခမ်းသွားခြင်း၏ လက္ခဏာတစ်ရပ် ဖြစ်သည်။ သူ၏ သွေးမျိုးဆက် စွမ်းအင်များကို အရည်အဖြစ်သာ ပြောင်းလဲလိုက်ပါက ကြယ်ကွင်းပြင် တစ်ခုလုံးကိုပင် နစ်မြုပ်သွားစေနိုင်သည်ကို ထည့်တွေးကြည့်လျှင် ဤသည်မှာ အလွန်တုန်လှုပ်ဖွယ်ကောင်းသော ရလဒ်တစ်ခုပင် ဖြစ်လေသည်။
လုပ်ငန်းစဉ်က ရိုးရှင်းလှသည်။
သက်ရောက်မှုကိုလည်း အပြစ်အနာအဆာကင်းစွာ လုပ်ဆောင်နိုင်ခဲ့၏။
ကွက်လပ်တစ်ခုကို ဖန်တီးနိုင်ခဲ့ပြီ ဖြစ်သည်။
ဝိညာဉ်တစ်ခုသည် လောက၏ သေဆုံးခြင်းကို ကြုံတွေ့ပြီးနောက်တွင် သံသရာ လုပ်ငန်းစဉ်ကို မဖြစ်မနေ ဖြတ်သန်းရမည် ဖြစ်၏။
ဝေ့ဝူယင်သည် အချိန်နှင့် အကြောင်းအကျိုးဆက်စပ်မှုကို ဖီဆန်ကာ လောက၏ သေဆုံးခြင်းကို ပျက်ပြယ်စေခဲ့လေပြီ။
ယခုအခါ သူသည် ဝိညာဉ်တစ်ခုအပေါ်သို့ ထူးခြားသော သံသရာ အမှတ်အသားတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ၎င်း၏ အဓိက သက်ရောက်မှုမှာ လောကစည်းမျဉ်းများကို ချိုးဖောက်ခြင်း၏ အကျိုးဆက်များကို ရှောင်လွှဲရန် မဟုတ်သော်ငြားလည်း သွယ်ဝိုက်သောနည်းဖြင့် ထိုသို့ လုပ်ဆောင်နိုင်ခဲ့၏။ သံသရာ မျက်လုံးမှတစ်ဆင့် သူမ ဝိညာဉ်၏ အော်ရာသည် သေဆုံးခြင်းကို ကြုံတွေ့ရချိန်တွင် သဘာဝအလျောက် ပျောက်ကွယ်သွားတတ်သော ထိုထူးခြားသည့် အသက်စွမ်းအင် အမှတ်အသားမှ ကင်းမဲ့မနေတော့ကြောင်း သူ အာရုံခံနိုင်လိုက်လေသည်။
၎င်းတွင် အရသာသစ်တစ်ခု ပါဝင်နေသော်လည်း သမားရိုးကျ ယုတ္တိဗေဒဘောင်များကိုမူ ဖီဆန်နေလေ၏။
ကျင့်ကြံခြင်း လောကကြီးတစ်ခုလုံးက ပြောင်းလဲ၍မရဟု ကျယ်ကျယ်ပြန့်ပြန့် ယူဆထားကြသော သူမ၏ ဝိညာဉ်သက်တမ်းသည် သုညသို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
"မင်း အစကနေ ပြန်စရတော့မယ်..."
ဝေ့ဝူယင်က အားနည်းသည့် လေသံလေးဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။
သူသည် ပါခက်၏ ခန္ဓာကိုယ်ထဲမှ သူမကို ညင်သာစွာ ထုတ်ယူလိုက်ပြီး ကုတင်စွန်းတွင် ချထားလိုက်၏။ ထို့နောက် လျူစုယင်၏ အဝတ်အစားအချို့ဖြင့် သူမ၏ အဝတ်ဗလာ ခန္ဓာကိုယ်ကို ဖုံးအုပ်ပေးလိုက်လေသည်။ သူတို့နှစ်ဦးသည် ခန္ဓာကိုယ်တည်ဆောက်ပုံချင်း ဆင်တူကြသည်။ လျူစုယင်၏ အဝတ်အစားများသည် ရိုးရှင်းကာ သက်တောင့်သက်သာ ရှိလေသည်။
မားဂတ်က အောင်ပွဲခံသည့်ဟန်ဖြင့် ရယ်မောလိုက်လေသည်။
"အလုပ်ဖြစ်သွားပြီပဲ... ဟားဟား... လူတစ်ယောက်က သူ့ရဲ့ ဝိညာဉ်သက်တမ်း တစ်စိတ်တစ်ပိုင်းကို ဖြတ်တောက်ပြီး သွေးမျိုးဆက်ဆီကို အဲဒီအပိုင်းအစလေး ပေးအပ်နိုင်တဲ့ အစီအရင်တစ်ခုကို ငါ တစ်ခါက လေ့လာခဲ့ဖူးတယ်... အဲဒါက ကျင့်ကြံသူတွေရဲ့ မျက်လုံးထဲမှာ အရမ်းကို လူကြိုက်နည်းတဲ့ ကြီးမားတဲ့ တားမြစ်ချက်တစ်ခုဖြစ်လို့ စာကြည့်တိုက်တိုင်းရဲ့ ထောင့်ကြိုထောင့်ကြားတွေကို တွန်းပို့ခံထားရတာလေ..."
"ဒါပေမဲ့ မင်းကတော့ သံသရာကို ပြန်လည်သတ်မှတ်ဖို့ ဟင်းလင်းပြင် သွေးအမတေကို သုံးလိုက်တယ်ပေါ့... ဒါက ဘယ်လို စွမ်းအားမျိုးလဲ..."
မားဂတ်သည် အနည်းငယ် တုန်လှုပ်နေဆဲဖြစ်ကာ အခြေအနေအပေါ် မယုံကြည်နိုင်ဖြစ်နေမှုကို စိတ်လှုပ်ရှားမှုနှင့် အောင်ပွဲခံ ဝမ်းမြောက်မှုတို့ဖြင့် ဖုံးကွယ်ထားလေသည်။
"ဒါပေမဲ့ မင်းက နည်းနည်းတော့ ထူးခြားတယ်... သေမျိုးတစ်ယောက်အတွက်နဲ့တင် မင်းရဲ့ သွေးမျိုးဆက် စွမ်းအင် ၈၀ ရာခိုင်နှုန်းကျော်ကို ကုန်ခမ်းစေခဲ့တယ်... ဒါက သိပ်များလှတာ မဟုတ်ပေမဲ့ မင်းရဲ့ သွေးမျိုးဆက် စွမ်းအင်က ပဲ့တင်ထပ် ဝိညာဉ် အဆင့်နဲ့ ညီမျှတဲ့ သားရဲတွေနဲ့ တန်းတူပဲလို့ ငါ ရဲရဲကြီး ပြောရဲတယ်..."
"တကယ်လို့ မင်းသာ သာမန်အတိုင်း လျှို့ဝှက်ဒဏ္ဍာရီ အမှတ်အသားရဲ့ ဒုတိယအဆင့်မှာ ရှိနေမယ်ဆိုရင် ဒီစွမ်းရည်ကို ပိုင်ဆိုင်ထားတာက ကောင်းမွန်ပေမဲ့ ကိုယ့်ကိုယ်ကိုယ် စတေးသလိုဖြစ်ပြီး အသုံးမဝင်သလို ဖြစ်နေမှာပဲ... ဒါက သံသရာ အပေါ် အခြေခံထားတာ ဆိုပေမဲ့ ဒါကို ရရှိဖို့အတွက် မင်းရဲ့ မရှိမဖြစ်လိုအပ်တဲ့ သွေးမျိုးဆက် အရင်းအမြစ်ကို လောင်ကျွမ်းပစ်ရဖို့ များတယ်... အဲဒီလို လုပ်လိုက်ရင်တောင်မှ မင်းရဲ့ ဝိညာဉ်သက်တမ်းက ထိခိုက်မှုမရှိနိုင်ပေမဲ့ မင်းရဲ့ ခန္ဓာကိုယ်ကတော့ အချိန်အကြာကြီး၊ ဖြစ်နိုင်ရင် ထာဝရအထိကို ယိုယွင်းပျက်စီးသွားလိမ့်မယ်... ပြီးတော့ ခန္ဓာကိုယ် ဆုံးရှုံးသွားတဲ့အတွက် မင်း သေသွားလိမ့်မယ်..."
မားဂတ်သည် စကားအလွန်များလွန်းလှသည်။ သို့သော် ဝေ့ဝူယင်၏ စိတ်ထဲတွင် ကခုန်နေသော စကားလုံးများ၌ သတိထားမှုများ ရောယှက်နေ၏။ အခြားသော လျှို့ဝှက် ဝိညာဉ် လေးခုကလည်း သူတို့၏ အပြည့်ဝဆုံးသော စွမ်းအားများကို ထုတ်လွှတ်ရန် အပြည့်အဝ အဆင်သင့် ဖြစ်နေကြလေသည်။ ဝေ့ဝူယင် ကျူးလွန်ခဲ့သော လုပ်ရပ်ဖြစ်သည့် ဝိညာဉ်သက်တမ်းကို ပြောင်းလဲခြင်းမှာ သဘာဝတရား၏ စည်းမျဉ်းကို ချိုးဖောက်ခြင်းပင် ဖြစ်၏။
"စိတ်အေးအေးထားကြပါ..."
ဝေ့ဝူယင်က ပါခက်၏ ဘေးတွင် လှဲလျောင်းနေရင်း မောဟိုက်စွာ ပြောလိုက်သည်။
သူ စကားမဆက်နိုင်မီမှာပင် သူမ၏ ခန္ဓာကိုယ်က လှုပ်ရှားလာ၏။ သူသည် ကြီးမားသော နွေးထွေးမှုနှင့် နှစ်သိမ့်မှုပေးစွမ်းနိုင်သော အရင်းအမြစ်တစ်ခုဖြစ်နေသည့်အလား သူ့ကို ဖက်တွယ်ထားလေသည်။ ဝေ့ဝူယင်သည် အလွန်ပင်ပန်းနွမ်းနယ်နေသဖြင့် မလှုပ်ရှားနိုင်တော့ချေ။ ထို့အပြင် ဤအမျိုးသမီးသည် ယနေ့တွင် သူ၏ ရင်ခွင်ထဲ၌ အကြိမ်များစွာ ရောက်ရှိခဲ့ပြီး လောကကြီး၏ အခြေခံ စည်းမျဉ်းများကို ဖီဆန်သော လုပ်ရပ်တစ်ခုကို လုပ်ဆောင်ခဲ့လေသည်။ ထို့ကြောင့် သူမ ပင်ပန်းနွမ်းနယ်နေချိန်တွင် နွေးထွေးမှု အနည်းငယ် လိုအပ်နေမည်ဆိုလျှင်လည်း လိုအပ်ပါစေတော့ဟုသာ သူ သဘောထားလိုက်၏။
သူမ နိုးနေပြီ ဆိုလျှင်တောင်မှ ဖြစ်လေသည်။
"တခြားသူသာဆိုရင်တော့ တစ်နည်းနည်းနဲ့ အပြစ်ပေးခံရမှာပဲ... ဒါပေမဲ့ ရန်ကျူးကတော့ မတူဘူးလေ..."
ဝေ့ဝူယင်သည် လောကကြီး၏ မည်သည့် လက်စားချေမှုကိုမျှ ဂရုမစိုက်ဘဲ အနားယူရင်း ရှင်းပြလိုက်သည်။
"ဟုတ်တယ်..."
ဧဒင်က ဝင်ထောက်ခံရင်း ရှင်းလင်းပြောပြလာ၏။
"သူက အချိန်ဘောင်ထဲကနေ လွတ်ကင်းနေတဲ့ အမျိုးသမီးတစ်ယောက်လေ... သူ့ရဲ့ ဝိညာဉ်ကို ကောင်းကင်တာအိုတွေနဲ့ ငရဲက အတိတ်မှာကတည်းက စီမံဆောင်ရွက်ခဲ့ပြီးပြီ... ကံကောင်းတာက လူဝင်စားခြင်း လုပ်ငန်းစဉ်က အချိန်အကြာကြီး ယူရတာပဲ... ဒါပေမဲ့ သူါအတွက်ကတော့ သုညကနေ ပြန်စရမှာ သေချာတယ်... ငါတို့က အဲဒီလုပ်ငန်းစဉ်အတွက် အစားထိုးတစ်ခုအနေနဲ့ လုပ်ဆောင်ပေးခဲ့ရုံပါပဲ... ချိုးဖောက်မှုဆိုပြီး ပြောစရာကို မရှိတာပါ..."
"တကယ်လား..."
သူတို့၏ လောကကို ဖီဆန်သော လုပ်ရပ်များနှင့် စိမ်းသက်နေသေးသည့် အသီနာက မေးလိုက်သည်။
ဝေ့ဝူယင် အစီအစဉ်ကို ပြတ်သားစွာ လုပ်ဆောင်ပြီးနောက်တွင် သူမ၏ နှလုံးသားသည် အကြိမ်အနည်းငယ်မျှ ရပ်တန့်မတတ် ဖြစ်ခဲ့ရလေသည်။
"အင်း..."
ဘုရင်က ညင်သာစွာ ပြောလိုက်သည်။ ဝေ့ဝူယင်၏ အရေပြားတစ်လျှောက် ပဲ့တင်ထပ်နေသော သဲ့သဲ့မျှ ဆေဘာ ဟစ်ကြွေးသံက ၎င်းမှာ အသင့်ရှိနေဆဲဖြစ်ကြောင်း ပြသနေ၏။
အသီနာသည် မနေနိုင်ဘဲ ထပ်မေးလိုက်၏။
"ဒါဆို ပါခက်က တခြားအမျိုးသမီး တစ်ယောက်ယောက်ကို ရွေးချယ်ခဲ့မယ်ဆိုရင်ကော... အဲဒီဆယ်စက္ကန့်အတွင်းမှာ သေဆုံးသွားတဲ့ မိန်းမပျိုလေးတွေ အများကြီး ရှိခဲ့တယ်လေ..."
"သူမ ရွေးခဲ့မှာ မဟုတ်ဘူး..."
ဝေ့ဝူယင်က ယုံကြည်မှုရှိရှိ ဖြေကြားလိုက်သည်။
"ဟင်... ဘယ်လိုလုပ်ပြီးတော့လဲ..."
အသီနာမှာ အလွန်အမင်း ဇဝေဇဝါ ဖြစ်သွားသော်လည်း၊ အိုရီကမူ အကြံပိုင်စွာဖြင့် တခစ်ခစ် ရယ်မောလိုက်လေသည်။
"ဘာလို့ ဆယ်စက္ကန့်လဲ..."
ဧဒင်က အံ့ဩတကြီး မေးလိုက်သည်။
အသီနာသည် နားမလည်နိုင်ဖြစ်နေ၏။ ထို့နောက် ဧဒင်က ဆက်မေးလိုက်သည်။
"ဘာလို့ ပါခက်လဲ..."
"သူ(မ)ကို စနောက်နေစရာ မလိုပါဘူး..."
မားဂတ်က ပြောကာ ချက်ချင်းပင် ရှင်းပြရန် ဆုံးဖြတ်လိုက်သည်။
"ပြတ်သားသော ဆည်းဆာ ဂလက်ဆီရဲ့ သူတော်စင်တွေထဲမှာ ပါခက်က သူတော်စင်တစ်ပါးအနေနဲ့ စတုတ္ထမြောက် တက်လှမ်းခဲ့သူဖြစ်ပြီး စတုတ္ထမြောက် အဂ္ဂိရတ် သူရဲကောင်းလည်း ဖြစ်တယ်... ဒါကြောင့် စတုတ္ထမြောက် စက္ကန့်မှာ လှုပ်ရှားခဲ့တာပေါ့... ဘာလို့ ပါခက်လဲ ဆိုတော့ သူက ကျင့်ကြံသူတစ်ယောက် ဖြစ်နေလို့ပဲ... နောက်ပြီး သူမက ခိုပက် ဓားကောက်ကို အဓိက လက်နက်အဖြစ် မသုံးစွဲခင်တုန်းက တောရိုင်းတိရစ္ဆာန် မုဆိုးတစ်ယောက်အနေနဲ့ လှံသုံးစွဲတဲ့ ပညာကို လေ့ကျင့်ခဲ့ဖူးတယ်... တခြား အသေးစိတ်အချက်တွေလည်း ရှိပါသေးတယ်... ဒါပေမဲ့ အဲဒီ နက်ရှိုင်းတဲ့ အချက်သုံးချက်ကတင် အချိန်ကို ကျဉ်းမြောင်းသွားစေပြီး ဘယ်လို စောင့်ကြည့်သူကိုမဆို ဇဝေဇဝါ ဖြစ်သွားစေဖို့ လုံလောက်နေပြီလေ..."
"စတုတ္ထမြောက် စက္ကန့်ပေါ့..."
အသီနာ သဘောပေါက်သွားလေသည်။
ဝူယု၊ ဟန်ယုဟိုင်နှင့် ထျန်းမူယန်တို့မှာ ဝေ့ဝူယင်၏ အဂ္ဂိရတ် သူရဲကောင်းများ ဖြစ်ကြ၏။ စတုတ္ထမြောက် ဖြစ်သောကြောင့် ထိုကိန်းဂဏန်းသည် သူမအတွက်သာမက ဝေ့ဝူယင်နှင့် သူမ၏ ဆက်နွှယ်မှုအတွက်ပါ ကြီးမားသော အဓိပ္ပာယ်ရှိနေလေသည်။
"အင်း..."
ရန်ကျူးထံမှ သဲ့သဲ့မျှ ညည်းတွားသံလေးတစ်ခု ထွက်ပေါ်လာသည်။ သူမသည် အိပ်မောကျနေရာမှ နိုးထလာခဲ့ခြင်း ဖြစ်၏။
သူမ၏ မျက်တောင်များ ပွင့်လာပြီးနောက် ရိုးရှင်းသော်လည်း ခမ်းနားနေသော အခန်းကို လှမ်းကြည့်လိုက်သည်။ ထိုအခန်းသည် ယောက်ျားတစ်ဦး၏ အငွေ့အသက်များ ရှင်းလင်းစွာ ရှိနေသော်လည်း ကျွမ်းကျင်သော အမျိုးသမီးတစ်ဦးက ပိုမိုကောင်းမွန်အောင် ပြင်ဆင်ပေးထားကြောင်း သိသာနေ၏။ ထိုမြင်ကွင်းကြောင့် သူမ၏ နှလုံးသားမှာ တုန်လှုပ်သွားခဲ့ရလေသည်။
အလိုအလျောက်ပင် သူမ၏ ရင်ဘတ်ကို စမ်းသပ်ကြည့်လိုက်သည်။ ဟောင်းလောင်းပေါက် ဖြစ်နေသော ဒဏ်ရာကြီး မရှိတော့ချေ။ သူမ၏ အဝတ်အစားများမှာလည်း ပြောင်းလဲနေလေပြီ။
'ငါ ဘယ်ကို ရောက်နေတာလဲ...'
သူမ မိမိကိုယ်ကိုယ် တိုးတိုးလေး မေးလိုက်သည်။
သူမသည် အခန်းထဲရှိ အလွန်ပြည့်ဝနေသော အမတေများကို ရှူရှိုက်လိုက်မိ၏။ ထိုအခါ သူမ၏ ယန် ကြီးထွားခြင်း အဆင့် ကျင့်ကြံခြင်း အခြေခံက လောဘတကြီး လှုပ်ရှားလာပြီး ကျင့်ကြံရန် တိုက်တွန်းလာလေသည်။ သူမ ပတ်ဝန်းကျင်ကို စတင်အကဲခတ်လိုက်ချိန်တွင် သူမ၏ ကုတင်ပေါ်ရှိ လူနှစ်ဦးထံသို့ အကြည့်ရောက်သွားခဲ့သည်။
သူမ၏ နှလုံးသားမှာ ရင်ဘတ်ထဲမှ ခုန်ထွက်လုမတတ် ဖြစ်သွားရ၏။ သို့သော် သူမ၏ လေ့ကျင့်ထားမှုများက အလိုအလျောက် အလုပ်လုပ်လာသည်။ အန္တရာယ် တစ်စုံတစ်ရာ ရှိ၊ မရှိ အကဲဖြတ်နိုင်ရန် အပြင်ပန်းတွင် တည်ငြိမ်နေအောင် ထိန်းထားလိုက်လေသည်။
ကုတင်ပေါ်ရှိ လူနှစ်ဦးစလုံးမှာ မျက်စိမှိတ်ကာ အနားယူနေကြသည်။ လှပပြီး ရိုင်းစိုင်းသော ကမ္ဘာဦးအငွေ့အသက်နှင့် အမျိုးသမီးတစ်ဦးသည် ဆံပင်နက်နှင့် လူငယ်တစ်ဦးကို ဖက်ထားလေ၏။ ထိုလူငယ်၏ မျက်နှာကို မြင်လိုက်ရသောအခါ အလွန်အမင်း တုန်လှုပ်သွားမှုကြောင့် သူမ၏ နှလုံးခုန်သံများပင် ရပ်တန့်လုမတတ် ဖြစ်သွားရသည်။ အလွန်တရာမှ ချောမောခန့်ညားလွန်းသော ထိုမျက်နှာကို သူမ ချက်ချင်း မှတ်မိလိုက်၏။ ထိုမျက်နှာသည် သူမ ဘယ်တော့မှ မေ့ဖျောက်နိုင်မည် မဟုတ်သော မျက်နှာတစ်ခု ဖြစ်လေသည်။
"ဂျူနီယာဝေ့လား..."
ဘာသာပြန် မှတ်ချက် ။ ရန်ကျူးဟာ နေသွေးနီနီဂိုဏ်း အဓိက တပည့်တွေထဲမှာ နံပတ်တစ် နေရာမှာ ရှိခဲ့ဖူးတဲ့ တပည့် တစ်ယောက် ဖြစ်ပါတယ်။ ငယ်ငယ်က ဝေ့ဝူယင်ကိုယ်တိုင်အောင် သူမရဲ့ ပါရမီ အပေါ် အံ့အားသင့်ခဲ့ရဖူးပါတယ်။
***
အပိုင်း(၂၅၉၀)
"ဂျူနီယာဝေ့လား..."
ဝေ့ဝူယင်သည် တည်ငြိမ်စွာ မျက်လုံးများ ဖွင့်လာသည်။ သူမကို အသိအမှတ်ပြုသည့်အနေဖြင့် ပြုံးပြလိုက်ပြီး သူမ၏ အကြည့်နှင့် ဆုံရန် ညင်သာစွာ ထထိုင်လိုက်၏။
"မင်း ဗိုက်ဆာနေပြီလား..."
ရန်ကျူး၏ မျက်လုံးများမှာ ပြူးကျယ်သွာ၏။ သူမ သိသိသာသာကို ထိတ်လန့်တုန်လှုပ်သွားကာ မေးလိုက်၏။
"ငါတို့ အိပ်ခဲ့ကြတာလား...”
“...”
ဝေ့ဝူယင်သည် ခဏတာမျှ စကားပြောမထွက် ဖြစ်သွားခဲ့လေသည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် အခြားသူများထံမှ ဤမျှ တိုက်ရိုက်ကျသော ရိုင်းစိုင်းသည့် စကားမျိုးကို ကြားရသည့် ခံစားချက်အား သူ မေ့ပျောက်နေခဲ့ပြီ ဖြစ်၏။ သူသည် လေးစားမှု၊ သတိထားမှု၊ ကြောက်ရွံ့မှု သို့မဟုတ် လေးစားအားကျမှုတို့ဖြင့် ဆက်ဆံခံရခြင်းကိုသာ ကြာမြင့်စွာကတည်းက အသားကျနေခဲ့ပြီ ဖြစ်သည်။ အံ့ဩဖွယ်ကောင်းလောက်အောင် လန်းဆန်းသွားစေသော ထိုခံစားချက်ကြောင့် သူ မျှော်လင့်မထားမိဘဲ ဖြစ်သွားရသည်။ ထို့နောက် ဝေ့ဝူယင်သည် ပေါ့ပါးလွတ်လပ်သော နှလုံးသားဖြင့် ရယ်မောလိုက်လေတော့သည်။
ရန်ကျူး၏ မျက်လုံးများက ဝေ့ဝူယင်ထံမှ မခွာခဲ့ချေ။
"ငါတို့ အိပ်ခဲ့လို့လား..."
ဝေ့ဝူယင်က စနောက်သည့်ဟန်ဖြင့် မေးလိုက်သည်။ သူ၏ နှုတ်ခမ်းများတွင် အပြုံးတစ်ခု ချိတ်ဆွဲထားရင်း သူမ၏ ခန္ဓာကိုယ်ကို ငွေရောင် မျက်လုံးများဖြင့် ပြင်းပြသော စိတ်ဝင်စားမှု၊ သိသာထင်ရှားသော ရမ္မက်တို့ဖြင့် လှည့်လည် ကြည့်ရှုလိုက်၏။ ရန်ကျူး တစ်စုံတစ်ရာ ဆက်တွေးမနေနိုင်မီမှာပင် သူက ပြုံးကာ ကိုယ်ပိုင် မေးခွန်းကို ပြန်ဖြေလိုက်၏။
"မအိပ်ခဲ့ပါဘူး..."
ရန်ကျူးသည် သက်ပြင်းတစ်ချက် ချလိုက်ကာ ချက်ချင်းပင် စိတ်အေးသွားခဲ့လေသည်။ ထို့နောက် သူမသည် အခန်းကို အကဲခတ်လိုက်၏။ ဒီဇိုင်းနှင့် အရည်အသွေးတို့မှာ သူမ၏ အတိတ်ဘဝက အရာအားလုံးထက် များစွာ သာလွန်နေလေသည်။
သူမသည် ကြောက်ရွံ့မှုကင်းမဲ့စွာဖြင့် လှုပ်ရှားခြင်းမျိုး မရှိခဲ့ပေ။ သို့သော် သူမ၏ အဆုတ်ထဲတွင် အသက်ရှူသွင်းနိုင်ဆဲဖြစ်ကြောင်း သိလိုက်ရသဖြင့် စိတ်သက်သာရာ ရသွားခဲ့၏။ ထို့အပြင် သံမဏိ လက်ထိတ်များ ခတ်ခံထားရလျက်သော်လည်းကောင်း၊ အေးစက်စိုစွတ်နေသော လှောင်ချိုင့်တစ်ခုထဲတွင် အဝတ်အစား လုံးဝမပါဘဲသော်လည်းကောင်း နိုးထလာရသည့် ကံကြမ္မာမျိုး မဟုတ်သည့်အတွက်လည်း ဖြေသိမ့်နိုင်ခဲ့လေသည်။
သူမ နောက်ဆုံး မှတ်မိနေခဲ့သည့် အရာမှာ...
အလိုအလျောက်ပင် သူမသည် ရင်ဘတ်ကို ထပ်မံ စမ်းသပ်ကြည့်လိုက်ပြန်သည်။ ချီစွမ်းအင် ပါဝင်သော လက်သီးတစ်လုံးကြောင့် သူမ၏ နှလုံးသားကို ဖောက်ထွင်းသွားခဲ့သည့် ဟောင်းလောင်းပေါက် ဒဏ်ရာကြီးမှာ လုံးဝ မရှိတော့ချေ။
"နင် ငါ့ကို ဘယ်လို ကယ်ခဲ့တာလဲ... နင် သေသွားပြီလို့ ငါ ထင်နေခဲ့တာ..."
သူမက အကြည့်များကို ဝေ့ဝူယင်ထံသို့ ပြန်ပို့လိုက်သည်။ အထူးသဖြင့် သူ၏ ဘေးတွင် တင်းကြပ်စွာ ဖက်တွယ်ထားသော ရိုင်းစိုင်းသည့် အလှတရားပိုင်ရှင်ကိုပါ သူမ မြင်တွေ့လိုက်ရ၏။
"ငါ မကယ်ခဲ့ပါဘူး..."
ဝေ့ဝူယင်က ပြန်ဖြေလိုက်သည်။ သူမ၏ မျက်နှာအမူအရာ စတင်ပြောင်းလဲလာချိန်တွင် သူက ရှင်းပြလိုက်၏။
"အပြည့်အဝတော့ မဟုတ်ဘူးပေါ့..."
ရန်ကျူးသည် သာမန် သေမျိုးတစ်ဦးသာ ဖြစ်လေသည်။ သူမ၏ ကျင့်ကြံခြင်းနှင့် လောကအပေါ် နားလည်သဘောပေါက်မှုတို့မှာ အလွန်အမင်း နည်းပါးလှ၏။ ထို့ကြောင့် ယခုဖြစ်ပျက်ခဲ့သမျှ အရာများစွာက သူမကို မိမိကိုယ်ကိုယ် တည်ရှိမှုအပေါ် ယုံမှားသံသယဖြစ်စေမည့် အကျပ်အတည်းတစ်ရပ်ကို ကြုံတွေ့လာစေနိုင်လေသည်။ သို့သော်လည်း သူသည် မရှိမဖြစ်လိုအပ်သော အမှန်တရားကို သူမထံမှ ဖုံးကွယ်မထားခဲ့ချေ။
"မင်း သေသွားခဲ့တယ်... မင်း မိသားစုက ဝမ်းနည်းပူဆွေးခဲ့ကြတယ်... မင်းရဲ့ သူငယ်ချင်းတွေလည်း အိုမင်းသွားကြပြီ... မင်းရဲ့ အိမ်လေးလည်း ပျက်စီးယိုယွင်းနေလောက်ပြီ... အဲဒီတုန်းက မင်းရဲ့ နောက်ဆုံးအချိန်တွေမှာ မင်း ခံစားခဲ့ရတာ အမှန်တရားပဲ... သေမင်းက မင်းကို ခေါ်ဆောင်သွားခဲ့တယ်..."
"..."
ရန်ကျူး၏ နှလုံးခုန်နှုန်းများ စတင်မြန်ဆန်လာခဲ့သည်။ သူမ၏ လက်များက အေးစက်လာပြီး အသက်ရှူရက်သွားသကဲ့သို့ ဖြစ်သွား၏။ သူမ၏ ခန္ဓာကိုယ်က အလိုအလျောက် လေကို တောင်းဆိုလာချိန်အထိ အချိန်အတန်ကြာသွားခဲ့သည်။ ထို့နောက် သူမသည် အဆုတ်ထဲသို့ လေကို အပြင်းအထန် ရှူသွင်းလိုက်ရလေသည်။ တုန်ယင်နေသော လက်ချောင်းများဖြင့် သူမသည် ကုတင်ပေါ်ရှိ အိပ်ရာခင်းကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်၏။
သူမသည် ကြေကွဲဖွယ် အမှန်တရားကို သဘောပေါက်သွားသည့်ဟန်ဖြင့် အက်ကွဲနေသော အသံဖြင့် မေးလိုက်သည်။
"ဒါက... တမလွန်ဘဝလား..."
အနန္တ ကုန်းမြေတိုက်ကြီး တွင် တမလွန်ဘဝနှင့် ပတ်သက်သော ဒဏ္ဍာရီလာ ယုံကြည်မှုများသည် အခြားသော ယဉ်ကျေးမှုများထက် များစွာ ပိုမိုအားကောင်းလှသည်။ ထာဝရ ငြိမ်းချမ်းမှုမှသည် အဆုံးအစမဲ့ ရက်စက်ကြမ်းကြုတ်သော ငရဲပြည်အထိ ဖြစ်နိုင်ခြေ အမျိုးမျိုး ကွဲပြားနေလေသည်။
ဝေ့ဝူယင်သည် သေဆုံးသွားခဲ့ပြီဟု ယူဆထားရသူ ဖြစ်သည်။ ယခုအခါ သူမ နိုးထလာချိန်တွင် သူက သူမ၏ ဘေး၌ ရှိနေလေသည်။ သူသည် သူမကို နောက်ဘဝသို့ ပို့ဆောင်ပေးရန် စေလွှတ်ခံရသော ရင်းနှီးသည့် မျက်နှာတစ်ခု ဖြစ်နေမလား။ သူမ၏ အခြေအနေများကို လက်ခံနိုင်စေရန်အတွက်လား။ ဒဏ္ဍာရီပုံပြင်များသည် သူမ၏ စိတ်နှင့် နှလုံးသားထဲတွင် ပဲ့တင်ထပ်လာခဲ့၏။ ထိုအရာက သူမ၏ ရင်ဘတ်ထဲတွင် စိတ်ခံစားမှုများကို ထိန်းမနိုင်သိမ်းမရ မြင့်တက်လာစေခဲ့သည်။
ဝေ့ဝူယင်သည် တည်ငြိမ်စွာဖြင့် လက်လှမ်းပေးလိုက်သည်။ သူမသည် သူ၏ နွေးထွေးမှုနှင့် နှစ်သိမ့်ပေးလိုသော အမူအရာကို အာရုံခံလိုက်မိ၏။ ရန်ကျူးသည် မခုခံနိုင်တော့ချေ။ သေဆုံးခြင်း၏ အေးစက်ရက်စက်မှုနှင့် အရာအားလုံးကို ထားရစ်ခဲ့ရခြင်းအပြင် အခြားသော အရာတစ်ခုခုကို သူမ အသည်းအသန် ရှာဖွေနေခဲ့မိသည်။ သူမသည် လှမ်း၍ သူ၏ လက်ကို ဆုပ်ကိုင်လိုက်၏။ သူမသည် မျက်ရည်များကြောင့် ဆို့နင့်လုမတတ် ဖြစ်နေလေပြီ။
"မဟုတ်ပါဘူး..."
ဝေ့ဝူယင်က ညင်သာစွာ ဖြေလိုက်သည်။
"မင်း သေသွားခဲ့တယ်... ဒါပေမဲ့ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်၊ အချိန်နဲ့ အာကာသရဲ့ နက်နဲကျယ်ပြောလှတဲ့ ဟင်းလင်းပြင်ထဲမှာ မင်းရဲ့ ခန္ဓာကိုယ်ကို သိမ်းဆည်းထားတယ်လို့ ဆိုနိုင်တဲ့ အခြေအနေတစ်ခုကနေ မင်းကို ငါ ပြန်ခေါ်လာခဲ့တာပါ... မင်း နိုးလာတဲ့အခါ အသက်အန္တရာယ် မရှိနိုင်တော့ဘူးလို့ သေချာသွားတဲ့ အချိန်ကျမှပေါ့..."
"ဒီနေ့မှာတော့ မင်း အသက်ရှင်နေပါပြီ... ဒါပေမဲ့ မင်း အရင်က ရှိခဲ့တဲ့ နေရာမှာတော့ မဟုတ်တော့ဘူး... မင်း အနန္တ ကုန်းမြေတိုက်ကြီး မှာ မရှိတော့သလို၊ ဝူနိုင်ငံ မှာလည်း မရှိတော့ဘူး... နေသွေးနီနီဂိုဏ်း ရဲ့ နယ်မြေထဲမှာလည်း မဟုတ်တော့ဘူး..."
ယုတ္တိဗေဒနှင့် အတိတ်က ကြိုးပမ်းမှု အားလုံးကို ဖီဆန်လွန်းလှသော၊ နက်နဲလှသည့် ဤခိုးယူမှုကြီးအကြောင်းကို ရှောင်လွှဲပြောဆိုထားသော သူ၏ စကားများ သူမ နားထဲသို့ ရောက်ရှိသွားချိန်တွင် ရန်ကျူး၏ မျက်ရည်များမှာ ကျဆင်းရန် ရပ်တန့်သွားခဲ့လေသည်။
"နင်က... ငါ့ခန္ဓာကိုယ်ကို သိမ်းထားခဲ့တာလား... နေပါဦး... ဆယ်စုနှစ်တွေ ကြာခဲ့ပြီပေါ့... နင်က ငါ့ကို အသက်ပြန်ရှင်လာအောင် လုပ်ပေးခဲ့တာလား..."
သေမျိုး အနည်းငယ်သာ နားလည်နိုင်စွမ်းရှိသော ဤအမှန်တရားကြောင့် သူမ အလွန်အမင်း တုန်လှုပ်သွားခဲ့ရသည်။ သူမ၏ ခေါင်းထဲတွင် စဉ်းစား၍မရနိုင်အောင် ဖြစ်သွားရပြီး သူမ၏ နှလုံးသားထဲတွင် သံသယအငွေ့အသက်လေးတစ်ခု မွေးဖွားလာခဲ့၏။ သူမသည် သတိထားလာကာ တိုက်ရိုက်ပင် စမ်းသပ်မေးမြန်းလိုက်သည်။
"ဘာလို့လဲ..."
ကံကောင်းထောက်မစွာဖြင့် သူမသည် အနန္တ ကုန်းမြေတိုက်ကြီး မှ ဆင်းသက်လာသူ ဖြစ်လေသည်။ ထို ကုန်းမြေတိုက်ငယ်လေးတွင် ရှင်ပြန်ထမြောက်ခြင်း ဇာတ်လမ်းများနှင့် နတ်ဘုရား ဒဏ္ဍာရီပုံပြင်များ အပြည့်အနှက် ရှိနေခဲ့သည်။ ထို့ကြောင့် အသက်ပြန်ရှင်လာခြင်းမှာ သူမအတွက် လုံးဝ စိမ်းသက်နေသောအရာတော့ မဟုတ်ချေ။ ထို့အပြင် သူမရှေ့ရှိ အမျိုးသားကို ကြည့်လိုက်သောအခါ ကံကြမ္မာနှင့် သေဆုံးခြင်းကိုပင် ဖီဆန်နိုင်သော ထာဝရအသက် ပါဝင်နေပုံရသည့် သူ၏ လှပပြီး ခန့်ညားလှသော ငွေရောင်မျက်လုံးများကြောင့် သူမ မသိစိတ်မှ ယုံကြည်သွားခဲ့မိသည်။ ထိုမျက်လုံးများထဲတွင် အတားအဆီးမဲ့သော အမှန်တရားများ ပါဝင်နေသကဲ့သို့ပင် ဖြစ်နေလေတော့သည်။
ဝေ့ဝူယင်က ပြုံးလိုက်သည်။ ပြီးနောက် သူက...
"ငါက မင်းကို သဘောကျလို့ပါလို့ ပြောရင်ကော... ဆယ်စုနှစ်တွေနဲ့ချီတဲ့ အတွေ့အကြုံတွေ၊ နတ်ဘုရားတွေနဲ့ တန်ခိုးရှင်တွေကိုတောင် တုန်လှုပ်သွားစေနိုင်တဲ့ အတွေ့အကြုံတွေကို ဖြတ်သန်းပြီးတဲ့နောက်မှာတောင် မင်းက ငါ့အတွေးတွေထဲမှာ တစ်ချိန်လုံး ရှိနေခဲ့တယ်လို့ ပြောရင် မင်း ယုံမလား..."
“ချီးပဲ ယုံမယ်..."
ရန်ကျူးက အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ တံတွေးထွေးသလို ခပ်ကြမ်းကြမ်း ပြောချလိုက်သည်။
ဝေ့ဝူယင် သဘောကျစွာဖြင့် ရယ်မောလိုက်လေသည်။ ထိုစကားက အမှန်တရားပင် ဖြစ်၏။ တစ်နည်းအားဖြင့် မှန်နေခြင်း ဖြစ်သည်။
ရန်ကျူးသည် သူမ၏ အလှအပနှင့် ဆွဲဆောင်မှုတို့ကို ကောင်းစွာ သိရှိထားသူ ဖြစ်သည်။ ထို့ပြင် ဝေ့ဝူယင်သည် ဝူနိုင်ငံရှိ အမျိုးသမီးများကို လွတ်လပ်စွာ ရွေးချယ်နိုင်စွမ်းရှိသော ထူးခြားလှသည့် တည်ရှိမှုတစ်ခု ဖြစ်နေခဲ့၏။ မြေကြီးပေါ်တွင် မရှိနိုင်လောက်အောင် အလွန်တရာမှ ချောမောခန့်ညားလွန်းပြီး အလွန်အမင်း ဆွဲဆောင်မှုရှိသော သူ၏ ရုပ်ရည်သွင်ပြင် တစ်ခုတည်းနှင့်ပင် ထိုသို့ ရွေးချယ်နိုင်စွမ်း ရှိနေခြင်း ဖြစ်လေသည်။ ဂိုဏ်းထဲရှိ အမျိုးသမီးများစွာနည်းတူ သူမသည်လည်း သူ၏ စိတ်ဝင်စားမှုကို ရရှိရန် မကြာခဏ အိပ်မက်မက်ခဲ့ဖူးလေသည်။
သို့သော် သူသည် အလှမ်းဝေးကွာလှပြီး အတွင်းစည်းတပည့်များကြားရှိ ပြိုင်ဆိုင်မှုများတွင် အပြင်းအထန် ပါဝင်ပတ်သက်နေခဲ့၏။ နောင်တွင် ထိုပြိုင်ဆိုင်မှုများက အဓိကတပည့်များ၏ အငြင်းပွားမှုများဆီသို့ ကူးပြောင်းသွားခဲ့လေသည်။ မကောင်းဆိုးဝါး ဆွဲဆောင်ခြင်း အစီအရင်တစ်ခုကို သူ အသုံးပြုခဲ့သည်ဟူသော ကောလာဟလများအပါအဝင် သူ ရုတ်တရက် ပျောက်ကွယ်သွားခြင်းမျိုးသာ မရှိခဲ့လျှင်၊ ထို့အပြင် သူမကိုယ်တိုင်က လှံပညာကိုသာ စိတ်ရောကိုယ်ပါ လိုက်စားနေခြင်းမျိုးသာ မရှိခဲ့လျှင် သူမအနေဖြင့် တစ်ခုခု ဖြစ်ကောင်းဖြစ်နိုင်ခဲ့ပေမည်။ မည်သို့ပင်ဆိုစေ သူမအတွက်တော့ သူတို့၏ ဆက်ဆံရေးမှာ ဤကဲ့သို့ သေဆုံးခြင်းကို ဖီဆန်ရသည့် အလုပ်မျိုးကို လုပ်ဆောင်လာစေရန် လုံလောက်သည်အထိ မရင်းနှီးခဲ့ချေ။ သူတို့က တာအိုလက်တွဲဖော်များ သို့မဟုတ် ချစ်သူများ မဟုတ်ကြပေ။ သူမသည် သူ၏ ဇနီးလည်း မဟုတ်သကဲ့သို့ မဟာမိတ်ဟု ခေါ်ဆိုရန်ပင် ခက်ခဲလှ၏။ သေဆုံးသွားပြီဟု ယူဆထားကြသော ဤအမျိုးသားသည် သူမကို အသက်ပြန်ရှင်လာစေရန်အတွက် ဆယ်စုနှစ်များစွာတိုင်အောင် သူမ၏ ရုပ်အလောင်းကို အဘယ်ကြောင့် သိမ်းဆည်းထားခဲ့ရပါသနည်း။
သူ လိမ်ညာနေသည်ဟု သူမ မထင်မိသော်ငြားလည်း ထိုအကြောင်းပြချက်ကို သူမ လက်မခံနိုင်ခဲ့ချေ။
"ဒါဆို ငါတို့ အိပ်ကြမလား..."
ဝေ့ဝူယင်က သူ၏ မျက်လုံးများတွင် စနောက်လိုသော အရိပ်အယောင်များဖြင့် မေးလိုက်သည်။ သူမ၏ ရိုင်းစိုင်းသော စကားကို သူမထံသို့ပင် ပြန်လည် ပစ်ပေါက်လိုက်ခြင်း ဖြစ်၏။
"..."
ရန်ကျူး ဘာမှမပြောနိုင်တော့ချေ။
"ဘာပဲဖြစ်ဖြစ် သမိုင်းမှာ ယောက်ျားတွေက သူတို့ လိုချင်တဲ့ အမျိုးသမီးတွေအတွက် ဒီထက်မကတဲ့ အရာတွေကိုတောင် လုပ်ခဲ့ဖူးကြတာပဲလေ..."
ထိုစကားလုံးများ သူ၏ နှုတ်ခမ်းမှ ထွက်ပေါ်လာချိန်တွင် ရန်ကျူးသည် နှုတ်ခမ်းလေး အနည်းငယ် စူသွားခဲ့သည်။ သူမသည် သူ၏ လက်ကို မလွှတ်ခဲ့သော်လည်း အတော်လေး ကြာမြင့်သည်အထိ တိတ်ဆိတ်နေခဲ့လေသည်။
သူမ၏ တုံ့ပြန်မှုကို မြင်သောအခါ ဝေ့ဝူယင်သည် စနောက်ခြင်းကို ရပ်တန့်လိုက်သည်။ ထို့နောက် သူက မေးလိုက်၏။
"ဘာလို့လဲဆိုတာ အရေးကြီးလို့လား..."
ရန်ကျူး၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ပြတ်သားစွာ ပြန်ဖြေလိုက်သည်။
"အရေးမကြီးသလို အရေးလည်း ကြီးတယ်..."
ဝေ့ဝူယင်က တုံ့ပြန်သည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ ပြီးနောက် သူက တည်ကြည် လေးနက်စွာပင် မေးလိုက်လေတော့သည်။
"မင်း ငါ့ရဲ့ လှံ ဖြစ်လာဖို့ ဆန္ဒရှိလား... နောက်ပြီး မင်းရဲ့ ဒီဘဝသစ်မှာ ငါ့ရဲ့ မိန်းမ ဖြစ်လာဖို့ကော ဆန္ဒရှိလား..."
***