ဇနီးလေးဆီက အချစ်မခံရ
Vol. 8 Ch. 80
အမျိုးသမီးက စနောက်နေဟန်မပေါ်သောကြောင့် လီနန်ခယ့် ပြောင်စပ်စပ်အတွေးများကိုဘေးဖယ်ပြီး မေးလိုက်သည်။
"ဘာလို့ရုတ်တရတ်ကြီး ဒီလိုအတွေးတွေဝင်လာတာလဲ"
လိန်ရှင်းနန်က သူမမက်ခဲ့သောအိပ်မက်အကြောင်း ထည့်ပြောဖို့တော့စိတ်ကူးမရှိ။ ထိုအိပ်မက်က ပျောက်ဆုံးနေသောမှတ်ဉာဏ်တစ်ပိုင်းတစ်စလည်း ဖြစ်နိုင်သလို အိပ်မက်ဆိုးမိစ္ဆာမှဖန်တီးသော ထင်ယောင်ထင်မှားမြင်ကွင်းတစ်ခုလည်းဖြစ်နိုင်သည်ပင်။ သူမခေါင်းကိုငုံ့ကာ ခြေချောင်းလေးများကိုငုံ့ကြည့်နေလိုက်သည်။
"ကျွန်မကဒီတိုင်းမေးရုံမေးတာပါ။ အတိတ်ကအဖြစ်တစ်ခုကိုလည်း သတိရသွားလို့"
"နှလုံးအားနည်းတာဆိုရင်တော့ မွေးရာပါလား ပယောဂကြောင့်လား တစ်ချက်ကြည့်ရဦးမှာပဲ"
လီနန်ခယ့်က အဖြေအတိအကျမပေး။
ခေတ်သစ်ဆေးပညာတွင် ထိုသို့သောရောဂါအခြေအနေများ တွေ့ရတတ်ပါသော်ငြား ယေဘုယျအားဖြင့် နှလုံးအခန်းကြီးနှင့် အခန်းငယ်ကြားရှိ နံရံများတွင်အပေါက်ပါခြင်းများဖြစ်ကာ ၎င်းတို့မှာ မွေးရာပါရောဂါများသာ အဖြစ်များသည်။
လိန်ရှင်းနန်က လက်ဟန်ခြေဟန်ဖြင့် ပြောပြလာသည်။
"ကျွန်မပြောချင်တာက လူတစ်ယောက်ရဲ့နှလုံးသားကို အရှင်လတ်လတ်ခွဲစိတ်ယူပြီး တခြားသူတစ်ယောက်ရဲ့ မပြည့်စုံတဲ့နှလုံးသားကို ဖြည့်စွက်ပေးတာမျိုးပေါ့"
??
လီနန်ခယ့် အမျိုးသမီး၏နဖူးကို ဖျတ်ခနဲလှမ်းစမ်းလိုက်ပြီးမှ မသင့်တော်သလိုခံစားရသောကြောင့် အရှက်ပြေနှာခေါင်းပွတ်ရင်းဆိုသည်။
"ခင်ဗျား နေများမကောင်းလေသလား"
လိန်ရှင်းနန် မကျေမနပ်ဖြစ်သွားရသည်။
"ကျွန်မနေမကောင်းမဖြစ်ပါဘူးနော်၊ အဓိပ္ပာယ်မရှိတာတွေပြောနေတယ်ထင်တာလား"
"ကျွန်တော်ဘယ်သိမလဲ"
လီနန်ခယ့်က ရိုးသားစွာပင် ခေါင်းယမ်းပြလာသည်။
"အဲ့လိုလျှို့ဝှက်ဆေးပညာတွေအကြောင်း ကျွန်တော့်ထက်ခင်ဗျားက ကျင့်ကြံသူတစ်ယောက်အနေနဲ့ပိုသိသင့်တာပေါ့"
လိန်ရှင်းနန်လည်း သူ့ဆီမှအဖြေတစ်ခုကို မျှော်လင့်မထားပါ။ သူမအတွက် ရင်ဖွင့်စရာတစ်စုံတစ်ဦးသာ လိုအပ်နေခြင်းဖြစ်သည်။
ထို့နောက် စိတ်ကူးတည့်ရာ လက်တစ်ဖက်ကိုနှလုံးသားပေါ်အုပ်တင်ကာ တိုးတိုးရေရွတ်မိသည်။
"နှလုံးသားက အပြည့်အစုံရှိမနေရင် ရင်ခုန်သံက သူများထက်ပိုနှေးနေမလားနော်၊ ဒါမှမဟုတ် အတွေးအခေါ်ဉာဏ်မမီတာမျိုး ဖြစ်နိုင်မလား"
"မဟုတ်သေးဘူး"
လီနန်ခယ့်က တည့်တိုးဝင်ပြောလာသည်။
"ဒါပေမဲ့ သူများထက် ပိုလွယ်လွယ်သေမှာတော့ သေချာတယ်"
"မှန်တာပဲ"
လိန်ရှင်းနန် ရယ်ချလိုက်သည်။
ထို့နောက် ချက်ချင်းဆိုသလို သူမမျက်မှောင်ကြုတ်ပြန်သည်။
"ဒါပေမဲ့ ကျွန်မနှလုံးခုန်သံကျ အရှိန်မမှန်သလိုပဲ။ တစ်ခါတလေမြန်ပြီး တစ်ခါတလေနှေးတယ်ရှင့်"
"မဖြစ်နိုင်တာဗျာ"
"အဟုတ်ပါဆို"
"ခင်ဗျားစိတ်ထင်နေတာဖြစ်မှာပါ"
"ရှင်မယုံရင် ကိုယ့်ဘာသာကိုယ်စမ်းကြည့်"
လိန်ရှင်းနန်မှာ သံသယအဝင်ခံရသဖြင့် စိတ်တိုတိုဖြင့် တစ်ဖက်လူ၏လက်ကို ဆတ်ခနဲဆွဲကာ သူမရင်တ်ပေါ်ဖိချလိုက်သည်။
ထို့နောက် သူတို့နှစ်ယောက်လုံး အတောင့်လိုက်ခဲသက်သွားကြတော့၏။
အချိန်သည်ပင် သူတို့နှင့်အတူ တောင့်ခဲနေမိဟန်။
စက္ကန့်အနည်းငယ်အကြာတွင်မှ လီနန်ခယ့်က သူ့လက်ကို သဘာဝကျစွာပြန်ဆွဲယူလိုက်ပြီး ဆိုသည်။
"အဲ့လိုထင်ပါရဲ့"
"ကျွန်မကရှင့်ကိုလိမ်မလား"
လိန်ရှင်းနန်က ဆံချည်လေးတစ်မျှင်ကို နားနောက်သပ်တင်လိုက်ပြီး ဘာမှမဖြစ်သလို စကားပြန်ပြောလာသည်။
ကို့ရို့ကားရားလေထုကြီးကို အမြန်ဖျောက်ဖျက်ဖို့အရေး အမျိုးသမီးက ကပျာကယာပင် အကြောင်းအရာပြောင်းပြောလာသည်။
"ဒီညလမင်းကြီးက အရမ်းကိုဝိုင်းစက်နေတာပဲနော်"
"အင်း ဟုတ်ပါ့နော် ဝိုင်းစက်နေရောပဲ"
ညကောင်းကင်တွင် လင်းလက်တောက်ပနေသော လမင်းကြီးကိုမော့ကြည့်ကာ လီနန်ခယ့်ပြောလိုက်သည်။
"ကျွန်တော် ယုန်မလေးတို့ကိုသွားကြည့်လိုက်ဦးမယ်"
လိန်ရှင်းနန် အွန်းဟုသာတုံ့ပြန်လိုက်ပြီး နေရာမှမရွှေ့။
ထိုအမျိုးသား၏ခြေသံများ တိုးဖျော့ပျောက်ကွယ်သွားမှ သူမလည်း ကိုယ့်နဖူးကိုယ်အုပ်ကာ သက်ပြင်းချရင်း တိုးတိုးဆဲရေးမိသည်။
မှောင်ရိပ်ထဲမှ အမျိုးသမီး၏နားသံသီးလေးများမှာ မီးကဲ့သို့ပူလောင်နေကာ ပတ္တမြားရောင် ရဲသွေးခြယ်လျက်ရှိ၏။
ယုန်မလေးမုန့်မှာ အလုပ်လုပ်ရာတွင် အလွန်မြန်ဆန်သွက်လက်သူပင်။
ထိုညအတွင်း ချင်ချင်ဘာတွေကြုံတွေ့ခဲ့ရကြောင်း သူမ မြန်မြန်ဆန်ဆန်ပင် ချော့မေးလို့ရလာခဲ့သည်။
လီနန်ခယ့်ခန့်မှန်းထားခဲ့သလိုပင် ကလေးမလေးမှာ ဘွားအေဖြစ်သူထံမှ စွန့်ပစ်ခြင်းခံခဲ့ရပြီး ထောင်ချောက်ဟောင်းတစ်ခုထဲသို့ မတော်တဆပြုတ်ကျသွားခဲ့သောကြောင့် ထိုနေရာတွင် ညလုံးပေါက်ပိတ်မိနေခဲ့ခြင်းပင်။
ထိုကျင်းထဲတွင် သွေးများ တစ်ကိုယ်လုံးပေကျံဖုံးလွှမ်းနေသော လူတစ်ယောက်ကို သူမတွေ့ခဲ့ရသည်။
သွေးကန်ထဲနှစ်ချပြီးမှ ဆွဲထုတ်လာသလို အသွင်အပြင်ကြောင့် မျက်နှာပုံပန်းကိုတော့ သူမပြန်ပြောမပြနိုင်ခဲ့။
သူမကိုလည်း ထိခိုက်အန္တရာယ်ပြုခြင်းမရှိဘဲ နောက်တစ်နေ့မနက်စောစောတွင် ယိုင်နဲ့နဲ့ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
အန္တရာယ်ပြုခြင်း မရှိခဲ့သည်တိုင် ရှစ်နှစ်အရွယ်ကလေးမလေး တစ်ညတာလုံးဖြတ်သန်းခဲ့ရသည့်ပတ်ဝန်းကျင်မှာ စိတ်ဒဏ်ရာရသွားဖို့ထိ ကြောက်စရာကောင်းလွန်းလှလေသည်။
ထို့ကြောင့် သူမလည်း စိတ်ပိုင်းဆိုင်ရာထိခိုက်မှုမှ အခိုက်အတန့် စကားမဆိုနိုင်ခဲ့။
အရွယ်ရောက်ပြီးသူများပင် ထိုနေရာတွင် စဥ်းစားဆင်ခြင်ဉာဏ်တို့ ထုံထိုင်းသွားလောက်အောင် ကြောက်ရွံ့ထိတ်လန့်မိကြမည်ပင်။
"အဲ့ကိစ္စကိုတော့ အစိုးရအရာရှိတွေကို ဆက်စုံစမ်းခိုင်းလိုက်ပါ"
ပုံမှန်မျက်နှာအမူအရာကို ပြန်လည်ထိန်းသိမ်းထားနိုင်ပြီဖြစ်သော လိန်ရှင်းနန်က ထိုသို့သာအကြံပြုလိုက်သည်။
ထိုအမှုက မိုးနီနှင့်လည်းသက်ဆိုင်ခြင်းမရှိသလို သူတို့လက်ရှိ ဖြေရှင်းရမည့်တာဝန်မှာ တိမ်တိုက်မြို့တော်မှလွတ်မြောက်သွားသော ထိုမိစ္ဆာကို မိအောင်ဖမ်းရန်သာရှိမည်။
တခြားကိစ္စများတွင် တတ်နိုင်သလောက်ဝင်မပါမိအောင် စည်းတားထားရပေမည်။
လီနန်ခယ့်လည်း ထိုကိစ္စကို ဒီ့ထက်ပိုစပ်စုဖို့အတွေးမရှိ။ အားလုံးကိုနှုတ်ဆက်စကားဆိုပြီးနောက် သူအိမ်ကိုသာ တန်းပြန်လာခဲ့သည်။
"ယောက်ျားရယ် အလုပ်မှာ တစ်ခုခုများအခက်အခဲရှိခဲ့သလား"
တံခါးပေါက်တွင် ငြိမ်ငြိမ်လေးထိုင်ကာ စိတ်လွင့်နေဟန်ရှိသောအမျိုးသားဖြစ်သူကို လော့ချန်းချိုး စပ်စပ်စုစုမေးလိုက်သည်။
ပုံမှန်အတိုင်းဆိုလျှင် ဒီအချိန် ငန်းမမကြီးကိုပွတ်သပ်ချော့မော့ရင်း အဖော်ပြုနေလောက်မည်ပင်။ သို့သော် ဒီညတွင်တော့ ငန်းမမကြီးအနားကိုပင်မသီခဲ့။
ချစ်သူနှင့် လမ်းခွဲပြတ်စဲပြီးခါစ ဆယ်ကျော်သက်လူငယ်လေးအလား။
လီနန်ခယ့်က ကောင်းကင်ထက်ရှိကြယ်ပွင့်များကို ငေးကြည့်ရင်း ဖြေလာသည်။
"ကိုယ်လမ်းပျောက်နေတယ်။ ဒါပေမဲ့ ဘယ်သူ့ကိုမှလည်း ပြောမပြချင်ဘူး"
"ဪ ဒါဆိုလည်း မပြောကြရုံရှိတာပေါ့ရှင်"
"..."
အမျိုးသား၏မျက်နှာသွင်ပြင်မှာ မျက်စောင်းထိုးနှုတ်ခမ်းမဲ့နေသော အီမိုဂျီအလား ဖြစ်သွားရသည်။
လော့ချန်းချိုးက အခြောက်ခံထားသော ဆေးဖက်ဝင်အပင်များကို ဂရုတစိုက်စီရီနေပြီး ပွက်ပွက်ဆူနေသောအိုးထဲအား ထည့်ပြုတ်လိုက်သည်။ ထို့နောက် လက်ကိုပြောင်အောင်သုတ်ကာ ခင်ပွန်းဖြစ်သူ၏နံဘေးတွင်ဝင်ထိုင်လိုက်ပြီး နူးနူးညံ့ညံ့ဆို၏။
"ပြောပါ ကျွန်မနားထောင်နေတယ်လေ"
"ကိုယ် တစ်ခုခုကြီးကြီးမားမား အောင်မြင်ချင်တယ်"
လီနန်ခယ့်က အမျိုးသမီးကို အလေးအနက်စိုက်ကြည့်ကာ ဆိုသည်။
လော့ချန်းချိုး၏မျက်လုံးများက တစ်ချက်လက်သွားသည်။
"ကောင်းတာပေါ့ရှင်။ အစ်မလိန်ပြောသလိုဆို ရှင်ကအရမ်းဉာဏ်ကောင်းရဲ့ဆို။ တစ်နေ့နေ့မှာ ညကင်းလှည့်တပ်ဖွဲ့ထဲ အောင်မြင်မှုတွေအများကြီးယူဆောင်လာနိုင်မဲ့ ကိုဉာဏ်ကြီးရှင်ဖြစ်လာဦးမှာ။ ရှင်လုပ်ချင်တာရှိရင် ဘာကိုမှမတွေးဘဲ ရှေ့သာဆက်တိုး"
လီနန်ခယ့်က ကူကယ်ရာမဲ့စွာ သက်ပြင်းချရှာသည်။
"ဒါပေမဲ့ ကိုယ်ဒီလိုသာမန်ဘဝလေးကိုလည်း လိုချင်ပြန်သေးတယ်"
လော့ချန်းချိုး မနေနိုင်စွာ အသာကြိတ်ပြုံးလိုက်မိသည်။
လီနန်ခယ့်က သက်ပြင်းထပ်ချသည်။
"မိန်းမနားမလည်ပါဘူးကွာ၊ ဒီကမ္ဘာမှာ ကိုယ့်ရုပ်ချောချောလေးတစ်ခုကတင် လူအာရုံစိုက်ချင်စရာအရမ်းကောင်းနေပြီ။ ရုပ်ချောချောလေးနဲ့ ဘာတစ်ခုမှမအောင်မြင်ပြန်ရင်လည်း ဘဝကအဓိပ္ပာယ်မရှိဘူး။ ဒါပေမဲ့ အောင်မြင်အောင် အလေးအနက်ကြိုးစားပြန်ရင်လည်း ကိုယ့်အတွက်အခက်တွေ့စရာတွေချည်းပဲ။ စိတ်ရောကိုယ်ပါချုံးချုံးကျအောင် ဝင်လာလိုက်မဲ့ခလုတ်ကန်သင်းတွေဆိုတာ အဆုံးကိုရှိမယ်မထင်ဘူး"
ဤသည်မှာ ထိုအမျိုးသား ခန္ဓာကူးပြောင်းလာစဥ်ကတည်းက အခက်တွေ့နေသောပြဿနာဖြစ်ချေ၏။
တစ်ဖက်တွင် လှဲလျောင်းအပျင်းထူနေလို့ရသည့် သာမန်ဘဝလေးတစ်ခုကိုလိုချင်သည်။
တစ်ဖက်တွင်တော့ သူ၏သာလွန်သောဉာဏ်ရည်နှင့် တစ်နေ့တစ်နေ့ ကြုံတွေ့နေရသမျှ အရာရာအကြောင်းကြောင်းက သူ့ကို ဆက်ကြိုးစားနေရအောင် တွန်းအားပေးနေပြန်သည်။
ရိုးရိုသားသားဆိုရလျှင် တစ်ဖက်တွင် သူ့လက်ကျန်ဘဝသက်တမ်းတစ်လျှောက်လုံးကို ရွက်ကြမ်းရေကျို စကားချိုသည့် ဇနီးသည်လေးနှင့်သာ အတူဖြတ်သန်းနေထိုင်သွားချင်ပြီး တစ်ဖက်တွင်တော့ ဓားမသေမျိုးနတ်မိမယ်လေးများနှင့် နတ်ဆိုးမလေးများကိုပါ အိပ်ရာပေါ်တင်ထားနိုင်လောက်အောင် သြဇာလွှမ်းမိုးနိုင်ချင်ပြန်သည်။
သူပိုင်ဆိုင်ထားသော နောက်ဆုံးသေနတ်တစ်လက်ကို ဤသို့အလဟဿ ဖြုန်းတီးလိုက်လို့မဖြစ်။
ထို့အပြင် ချစ်လှစွာသောဇနီးလေး၏ ပျော့ပျောင်းသွယ်လျသော ခန္ဓာကိုယ်လေးက သူ့သေနတ်ဒဏ်ကို တောင့်ခံနိုင်စွမ်းရှိလိမ့်မည်မထင်။
အတိုချုပ်ဆိုရလျှင် ညကင်းလှည့်တပ်ဖွဲ့အတွင်းမဝင်ခင် ဤနေ့ရက်များမှာ ဘဝ၏လမ်းချိုးလမ်းကွေ့တစ်ခုကို ရွေးချယ်ရတော့မည်အချိန်ဖြစ်လေရာ လီနန်ခယ့် သေချာစဥ်းစားဆုံးဖြတ်ဖို့ လိုအပ်နေပေသည်။
ငါးဆားနယ်တစ်ကောင်ဖြစ်ချင်သလား၊ လူ့ပြည်လူ့ရွာမှာ သြဇာအာဏာတစ်ခု လက်ကိုင်ထားသူဖြစ်ချင်သလား ဆိုတာကိုပေါ့။
"ယောက်ျားစိတ်ပူနေတာကို ကျွန်မနားလည်ပါတယ်"
လော့ချန်းချိုးက ညင်သာစွာဆိုလာသည်။
"ကျွန်မက အစားဝင်ရွေးချယ်မပေးနိုင်ပေမဲ့ တစ်ခုပြောချင်တာကတော့ ရှင်ဘယ်လမ်းကိုပဲရွေးရွေး ကျွန်မအမြဲနောက်ကရှိနေမှာပါ"
အတော်များများကြားနေကျ အားပေးစကားလက်ဟောင်းကြီးသာ ဖြစ်ပါသော်ငြား ခင်ပွန်းဖြစ်သူ၏နှလုံးသားမှာတော့ နွေးထွေးမှုများပြည့်လျှမ်းကျန်ရစ်လေသည်။
အမှန်တော့ ထိုအမျိုးသားမှာ မျိုသိပ်ထားသောအပူများကို ဖွင့်ဟပြောပြလိုက်ချင်ခြင်းသာဖြစ်ကြောင်း လော့ချန်းချိုးနားလည်ပါသည်။
နှစ်သိမ့်စကားတစ်ခွန်းသည်ပင် လုံလောက်လေပြီ။
လီနန်ခယ့် အချိန်အကြာကြီးတိတ်ဆိတ်ကျန်ရစ်နေပြီးမှ ဇနီးဖြစ်သူ၏ ကြည်လင်သောမျက်လုံးအစုံကိုငေးရင်း ဆိုလာသည်။
"တကယ်တမ်းကျ မင်းကိုယ့်ကိုသဘောမကျဘူးမဟုတ်လား"
"ဟုတ်ပါတယ်"
အမှန်တော့ ထိုမေးခွန်းကိုမဖြေမီ ဇနီးဖြစ်သူ အနည်းငယ်တော့ တွန့်ဆုတ်စဥ်းစားဟန်ပြလိမ့်မည်ဟု သူတွက်ထားပါသော်ငြား သူမက မစဥ်းမစား ချက်ချင်းဖြေလာခဲ့သည်။
မျှော်လင့်ပြီးသားအဖြေဖြစ်ပေသည့် တွေဝေခြင်းကင်းမဲ့မှုကြောင့် သူနာကျင်ရပါသည်။
လော့ချန်းချိုးက မတ်တပ်ထရပ်ကာ စကတ်စလေးကိုဆွဲဆန့်လိုက်သည်။ ကျောက်စိမ်းသားကဲ့သို့ ဝင်းမွတ်သောခြေသလုံးသားလေးများက စကတ်စအောက်မှ လှစ်ဟထွက်ပြူလာသေး၏။ သူမက ပြုံးလျက်ထပ်ပြောလာသည်။
"ယောက်ျား အဲ့ဒါအတွက် စိတ်နေစရာမလိုပါဘူး။ ကျွန်မကလက်ရှိ အကြွေးတစ်ခုကိုပြန်ပေးဆပ်နေရတာကြောင့် မနှစ်မြို့တဲ့ခံစားချက်တွေရှိလာရင်လည်း ဖိနှိပ်ထားဖို့ကြိုးစားမှာပါ"
"အကြွေးပြန်ဆပ်တာလား"
"ကျွန်မမှာ မဆပ်ရသေးတဲ့အကြွေးနှစ်ခုကျန်ရှိပါတယ်။ တစ်ခုက ဆရာသခင့်ကိုတင်နေတာဖြစ်ပြီး ကျွန်မအခုပြန်ပေးဆပ်ဆဲပါပဲ"
"ဒုတိယတစ်ခုကကော" အမျိုးသားက စိတ်ဝင်တစားမေးလာသည်။
လော့ချန်းချိုးက တိုက်ရိုက်မဖြေဘဲ ကောင်းကင်ထက်ရှိ လမင်းနှင့်ကြယ်ပွင့်များကို မော့ကြည့်ရင်းက ခပ်တိုးတိုးဆို၏။
"အဲ့ဒီအချိန်တုန်းက ကျွန်မရှင့်ဇနီးအဖြစ်နေဖို့ကို အလွန်တရာတွန့်ဆုတ်ခဲ့တာ။ နောက်ပိုင်း ရှင်နဲ့အတူနေလာရင်းတော့ အဲ့လိုခံစားချက်တွေမကျန်တော့လောက်အောင် အဆင်ပြေလာခဲ့တယ်။ ဒါပေမဲ့..."
"ဒီလိုစကားတွေချီနေကတည်းက ဘာပြောချင်မှန်းသိပါပြီ"
"ဘာပြောလိုက်တာလဲ"
အမျိုးသမီးက ခေါင်းကိုစောင်းငဲ့လျက် နားမလည်သလိုမေးသည်။
လီနန်ခယ့် လက်သာဝှေ့ယမ်းပြလိုက်သည်။
"ဘာမှမဟုတ်ပါဘူး ဆက်ပါ"
သို့သော် သူစကားဖြတ်ပြောလိုက်သောကြောင့် လော့ချန်းချိုး ရင်ထဲရှိသမျှကို ယုံကြည်စိတ်ချစွာ ဖွင့်ဟဖို့ကြိုးစားနေရင်းမှ ဆက်ပြောချင်စိတ်ပျောက်သွားရသည်။
ခင်ပွန်းဖြစ်သူ၏ စိုးကြောက်မှုကိုခံစားမိတော့ လော့ချန်းချိုးခါးဆန့်ထိုင်ကာ အပြုံတးစ်ခုဖြင့်သာဆိုလိုက်သည်။
"ယောက်ျားလည်း အနာဂတ်မှာ စိတ်ဖိစီးစရာတွေရှိလာရင် ကျွန်မလိုပဲ တရားထိုင်တဲ့အကျင့်လေးလုပ်ကြည့်ပေါ့။ အဲ့ဒါဆို အဖြေကိုရှာတွေ့နိုင်လောက်မှာပါ"
"ကိုယ်မှတရားမထိုင်တတ်တာ" လီနန်ခယ့် မတတ်ချင်ယောင်ဆောင်သည်။
"ပထမအနေနဲ့ ခန္ဓာကိုယ်ကို ပေါ့ပါးသွားအောင်လျှော့ချလိုက်၊ ခြေထောက်နှစ်ဖက်ပေါ် လက်နှစ်ဖက်တင်"
"အဲ့လိုလား ပြီးတော့ရော"
လီနန်ခယ့် လက်နှစ်ဖက်ကို သူမခြေထောက်နှစ်ဖက်ပေါ်လှမ်းတင်ရင်း မေးလိုက်သည်။
"..."
လော့ချန်းချိုးက ခဏလောက်တိတ်ကျသွားပြီးမှ စိတ်ပျက်လက်ပျက်ဆိုလာသည်။
"ကိုယ့်ခြေထောက်ပေါ်ကိုယ်တင်ရမှာ"
"ဪ အဲ့လိုကိုး"
လီနန်ခယ့် ကြောင်တက်တက်ရယ်ချလိုက်ပြီး အမျိုးသမီး၏ပေါင်များပေါ် အရှက်မရှိသွားတင်ထားသောလက်များအား ပြန်ချလိုက်သည်။
"နောက်ပြီး ကျွန်မလို မျက်လုံးကိုမှိတ်"
"အင်း"
"မျက်လုံးကိုမှိတ်လို့" အမျိုးသမီးက ထပ်ပြောလာသည်။
"မမလေး ကျွန်တော်မျက်လုံးမမှိတ်ထားတာ ဘယ်လိုသိသလဲခင်ဗျာ"
အမျိုးသမီး၏ ပြန်ဖွင့်ကြည့်လာသောမျက်လုံးထဲမှ ခြိမ်းခြောက်လိုရိပ်ကိုမြင်တော့ လီနန်ခယ့်ထပ်မစရဲတော့ဘဲ မျက်လွှာများကိုမှေးချလိုက်သည်။
"ကောင်းကင်ပေါ်က ကြယ်တွေနဲ့ လမင်းကို စိတ်ကူးထဲမှာမြင်ရောက်ကြည့်လိုက်၊ ရှင့်ခန္ဓာကိုယ်ဘေးပတ်ပတ်လည်မှာ သူတို့ပျံဝဲနေတယ်လို့မြင်ယောင်ကြည့်"
"အင်း"
"အသက်ကိုပြင်းပြင်းရှူသွင်းမယ်.... ရှူထုတ်မယ်.... ရှူသွင်းမယ်...."
လီနန်ခယ့်လည်း သေချာလိုက်နာပါသည်။
အချိန်အတော်ကြာပြီးနောက် သူတို့နှစ်ဦး မျက်လုံးများကို ပြိုင်တူဖွင့်မိလိုက်ကြသည်။ စိတ်ချင်းဆက်သွယ်ထားသည့်အလားပင်။
လော့ချန်းချိုး၏ နှုတ်ခမ်းလှလှလေးများက ညင်သာစွာကွေးညွှတ်နေပြီး အသံတိုးတိုးလေးဖြင့်မေးလာသည်။
"ဘယ်လိုနေလဲ ယောက်ျား၊ အခုရော ဘာတွေတွေးမိသေးလဲ"
လီနန်ခယ့်က ရိုးရိုးသားသားဖြေရှာပါသည်။
"နှစ်ကိုယ်ယှဥ်တွဲကျင့်ကြံခြင်းလေ ဟိဟိ"