မိစ္ဆာစစ်မေးခြင်း
Vol. 8 Ch. 71
စိုထိုင်းမှောင်မည်းနေသည့် အလုံပိတ်အကျဉ်းထောင်လေးအတွင်း၌ မှိုနံ့များ သိသိသာသာ နံစော်နေသည်။
နံရံပေါ်ရှိ ဆီမီးတောက်အချို့က အလင်းရောင်ပေးရန် ကြိုးစားနေကြသော်လည်း ထူထပ်လှသော အမှောင်ထုကိုမူ အနည်းငယ်မျှပင် မတုန်လှုပ်စေနိုင်ခဲ့ပေ။
လီနန်ခယ့်သည် အကျဥ်းထောင်၏ရှေ့တွင်ရပ်ရင်း သံကြိုးများဖြင့် ချည်နှောင်ဖမ်းချုပ်ထားသော မိစ္ဆာအဘိုးချင်အား စိုက်ကြည့်နေခဲ့သည်။
ပထမတစ်ခေါက်တွေ့စဥ်တုန်းက ကြမ်းတမ်းရိုင်းစိုင်းသော မိစ္ဆာသွင်ပြင်နှင့်ယှဥ်လျင် လက်ရှိအဘိုးချင်မှာ ခန္ဓာကိုယ်ကြီးက ဝက်ဝံကြီးတစ်ကောင်လို ကြီးထွားသန်မာနေဆဲဖြစ်သော်ငြား တဖြည်းဖြည်းဆုတ်ယုတ်ကုန်ဆုံးလာသောသက်တမ်းကို မြင်နိုင်သည်ပင်။
တစ်ချိန်က သွေးဆာရက်စက်ခဲ့သော မျက်လုံးများမှာ အသက်မဲ့ဝေဝါးနေလျက်ရှိကာ အကျဥ်းထောင်နံရံကိုသာ ငေးကြောင်ကြည့်နေခဲ့၏။
သူ၏ ဝမ်းဗိုက်တွင်မူ အူများပင်ထွက်ကျမတတ် ဆိုးရွားလှသည့် ဒဏ်ရာကြီးတစ်ခုရှိနေပြီး သားရဲတစ်ကောင်၏ ထက်ရှသောလက်သည်းများဖြင့် ခွဲထုတ်ခံထားရသည့်နှယ် ထက်ခြမ်းပြဲဟနေသောကြောင့် မြင်သူတိုင်းကို တုန်လှုပ်ကျောချမ်းစေသည်။
"ဗိုက်ကဒဏ်ရာက တခြားမိစ္ဆာတစ်ကောင်ရဲ့လက်ချက်ပဲ"
လိန်ရှင်းနန်က သစ်သားတံဆိပ်ပြား အပိုင်းအစလေးတစ်ခုကိုထုတ်လိုက်ပြီး ညင်သာစွာဆိုသည်။
"ဒါကို အဘိုးချင်ရဲ့လက်ထဲကနေတွေ့ခဲ့တာ၊ သူတို့ တိုက်ခိုက်တွန်းထိုးနေတုန်း မတော်တဆကျန်ခဲ့တာဖြစ်မယ်"
လီနန်ခယ့်က သစ်သားစလေးကိုယူပြီး အနီးကပ်စစ်ဆေးကြည့်သော် ထွင်းထုထားသော ပုံစံငယ်လေးတစ်ခုမှလွဲ ဘာမှမတွေ့ရပေ။
ထိုပုံစံငယ်လေးမှာ ရင်းနှီးနေသယောင်ထင်ရပြီး အနီးကပ်စစ်ဆေးကြည့်သော် လိန်ရှင်းနန်၏ ညကင်းလှည့်တပ်ဖွဲ့ဝင် တံဆိပ်ပြားပေါ် ထွင်းထုထားသောပုံနှင့် တူသယောင်ယောင်ရှိသလိုပင်။
"မဟုတ်မှ..."
လီနန်ခယ့်မှာ မျက်ခမ်းစပ်တွေလှုပ်သွားပြီး စိတ်ထဲ ခန့်မှန်းချက်တစ်ခုဖြစ်ပေါ်လာသည်။
လိန်ရှင်းနန်က ခါးသက်သက်သာပြုံး၏။
"ရှင်ထင်သလိုပါပဲ။ တိမ်တိုက်မြို့တော်က အဲ့ဒီမိစ္ဆာဆိုတာ ကျွန်မတို့ညကင်းလှည့်တပ်ဖွဲ့ထဲကနေ အသွင်ပြောင်းသွားတဲ့သူလေ။ အကြောင်းရင်းအသေးစိတ်ကိုတော့ နောက်မှပြောပြမယ်။ အခုတော့ ကျွန်မတို့ အဘိုးချင်ဆီက သတင်းတစ်ခုခုနှိုက်ထုတ်ဖို့ကြိုးစားရဦးမယ်။ ဒီအဘိုးကြီးကလည်း ခေါင်းကမာလွန်းတော့ ဒီတိုင်းဆို အချည်းနှီးအသေခံလိုက်ရမဲ့ပုံပဲ"
"သူ့စိတ်ထဲကအစွဲကို မချွတ်နိုင်သေးမှတော့ ကျွန်တော်တို့နဲ့လည်း ပူးပေါင်းပေးနိုင်ဦးမှာမဟုတ်ဘူး"
"လင်မိသားစုကိုလည်း အငြှိုးထားနေမယ်မှန်းသိလို့ ကျွန်မသူ့ကို လင်မိသားစုရဲ့အဖြစ်အကြောင်း ပြောပြခဲ့ပြီးပြီ။ ဒါလည်း အလုပ်မဖြစ်ဘူး"
လိန်ရှင်းနန်မှာ အတော်လေးအကျပ်ရိုက်နေဟန်ပင်။
လီနန်ခယ့်သည် အကျဥ်းထောင်တံခါးရှေ့သို့လျှောက်သွားလိုက်ပြီး အဘိုးချင်ကို ရှေ့တည့်တည့်မှစိုက်ကြည့်ကာ စကားစသည်။
"ကျွန်တော်က လင်ကျောက်ယွဲ့ကို လက်နဲ့ကိုယ်တိုင်သတ်ပြီး လင်အိမ်တော်သခင်မကို ဖမ်းဆီးခဲ့တဲ့လူပဲ။ သူဌေးလင်လည်းသေသွားပြီ။ ဒီလောက်ဆို ခင်ဗျားယုံကြည်မှုကိုရယူဖို့ ထိုက်တန်ပြီထင်ပါတယ်။"
အဘိုးချင်က ရှေ့တူရူကို ဗလာသက်သက်သာစိုက်ကြည့်နေပြီး စကားမပြန်ဘဲရှိ၏။
"ကျွန်တော်ကယုံကြည်ထိုက်တဲ့လူပါ။ ခင်ဗျားနာမည်ကို ပြန်အဖတ်ဆယ်ပေးခဲ့တဲ့သူမလို့ ယုံလို့ရပါတယ်"
လီနန်ခယ့်က အလေးအနက်ရှင်းပြနေသည်။
အဘိုးချင်၏မျက်လုံးအကြည့်က စတင်ရွေ့လျားလာသည်။ နောက်ဆုံးတော့ တုံ့ပြန်မှုရှိလေပြီ။
လီနန်ခယ့်က စကားဆက်သည်။
"ဝမ်ကျင်းအာကို မိန်းကလေးတွေမကောင်းကြံခဲ့ကြတဲ့ကိစ္စကိုလည်း ခင်ဗျားမကျေမချမ်းဖြစ်နေမှာသိပါတယ်။ အဲ့ဒီကိစ္စကိုလည်း ကျွန်တော်ရုံးတော်အထိ အမှန်အတိုင်းတင်ပြခဲ့ပြီးပြီ။ ကမ္ဘာကြီးကိုလည်း အမှန်အတိုင်းချပြခဲ့ပြီးပြီ။ အဘိုးရဲ့ဂုဏ်သတင်းက ပြန်လည်သန့်စင်သွားခဲ့ပါပြီ"
လီနန်ခယ့်စကားတွေကိုနားထောင်ရင်း လိန်ရှင်းနန် ရုတ်တရတ်နားလည်သွားသည်။
အဘိုးချင် စွဲလမ်းတေးမှတ်နေသောအရာမှာ သူ၏ဂုဏ်သတင်းသာဖြစ်သည်။
ထိုလူအိုကြီးမှာ လင်မိသားစု၏ ဝမ်မိသားစုတို့၏ ပုံအောလာဘ်ထိုးမှုများကို ရင်ဆိုင်ခဲ့ရပြီး အစိုးရအရာရှိများထံမှ ဖိအားပေးစစ်မေးခြင်းများစွာကို ဆက်တိုက်ခံယူခဲ့ရသော်ငြား သူ၏နဂိုမူလ ကိုယ်ကျင့်တရားကိုအပျက်မခံ အပြစ်ကင်းစင်ပါကြောင်း ဆက်တိုက်ငြင်းဆိုတောင့်ခံထားခဲ့သည်။ ထိုလုပ်ရပ်အားလုံးမှာ သူ၏ဂုဏ်သတင်းကို မညစ်နွမ်းစေရန်အတွက်ပါပင်။
လူတစ်ယောက်သည် ထိုင်သည့်အခါလည်း ကျောဖြောင့်ဖြောင့်ထိုင်သလို လုပ်ရပ်တိုင်းကိုလည်း ဖြောင့်မတ်မှန်ကန်စေရမည်။
သူ့အဆင့်အတန်းမှာ အိမ်တော်အမှုထမ်းတစ်ယောက်သာဖြစ်သော်ငြား လက်ညှိုးထိုးစွပ်စွဲကာ နောက်ကွယ်တွင်မကောင်းပြောခံရမည့် ဂုဏ်သတင်းမျိုးကိုတော့ မလိုချင်ခဲ့ပါပေ။
ဤနည်းဖြင့် သေလွန်လို့ငရဲရောက်လျှင်တောင် သူအငြှိုးကျေကုန်စရာမရှိ။
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက်မှ အဘိုးချင်က အက်ကွဲတိမ်ဝင်နေသောအသံဖြင့် စကားပြန်လာသည်။
"မင်းတို့ ဘာသိချင်တာလဲ"
"အကုန်မေးကြလေ"
လီနန်ခယ့်က လိန်ရှင်းနန်ကို အသာမေးငေါ့ပြလိုက်သည်။
အမျိုးသမီးက တည်ငြိမ်သောအကြည့်ဖြင့် ရှေ့သို့လှမ်းကာ မေးခွန်းထုတ်လာသည်။
"အဘိုးကိုဒဏ်ရာရစေခဲ့တဲ့မိစ္ဆာက ဘာပုံသဏ္ဍာန်ရှိလဲ"
"လက်ကြီးတွေကအရမ်းကြီးပြီး ကျားလက်သည်းတွေနဲ့တူတယ်။ မျက်နှာကတော့ အစွယ်အတက်တွေနဲ့ ကြမ်းတမ်းရုန့်ရင်းပြီး ဘီလူးလိုပဲ"
အဘိုးချင်က ခပ်ဖြည်းဖြည်းဆက်ပြောလာသည်။
"ဒါပေမဲ့ သူ့ခြေထောက်တစ်ဖက်က ဒဏ်ရာအတော်လေးပြင်းပုံပေါ်တယ်။ လမ်းလျှောက်ရင်တောင် တရွတ်ဆွဲကြီးဖြစ်လို့"
"သေချာပေါက် သူပဲ "
ကောကန်း၏မျက်လုံးများ ဖျတ်ခနဲလက်သွားသည်။
တိမ်တိုက်မြို့တော်မှ လွတ်လာသောမိစ္ဆာဖြစ်မည်ဟု သူတို့အကြမ်းဖျင်းခန့်မှန်းခဲ့ပြီးသားဖြစ်သော်လည်း မျက်မြင်သက်သေ၏ ကိုယ်တိုင်ကိုယ်ကျဝန်ခံမှုကြောင့် သံသယတစ်စက်မှမကျန် ပို၍ရှင်းလင်းသွားကာ တင်းထားသောစိတ်များလည်း လျော့ကျသွားရသည်။
လိန်ရှင်းနန်က ဆက်မေးသည်။
"သူဘယ်ဘက်ကိုပြေးသွားတာလဲ မှတ်မိလား"
"ဝမ်ယန်တောင်မြောက်ပိုင်းက လမ်းကြားထဲကိုဆင်းသွားတာပဲ"
"နောက်ဆုံးမေးခွန်းပဲ။ အဲ့လူနောက်ကျောမှာ သစ်သားသေတ္တာလေးလွယ်ထားတာမြင်ခဲ့လား။ နှစ်ပေလောက်ရှည်ပြီး ပေဝက်လောက်ကျယ်တာလေး"
လီနန်ခယ့် သူမကို တစ်ချက်လှမ်းကြည့်လိုက်သည်။
အမှန်တော့ လိန်ရှင်းနန်တစ်ယောက် အဘိုးချင်ကို အရေးတကြီးစစ်မေးချင်နေသည့် အဓိကအချက်မှာ ဤမေးခွန်းသာဖြစ်ပေမည်။
အဘိုးချင်က တစ်ခဏလောက်တွေးကြည့်ပြီးမှ ပြန်ဖြေလာသည်။
"ဟုတ်တယ် နောက်ကျောမှာလွယ်ထားတာတစ်ခုရှိတယ်"
ထိုအဖြေစကားကိုကြားမှ လိန်ရှင်းနန် စိတ်အေးလက်အေး သက်ပြင်းချမိတော့၏။
ထို့နောက် တခြားအချက်အလက်များကို ဆက်လက်စစ်မေးနေသည်။ အဘိုးချင် မိစ္ဆာအဖြစ်အသွင်ကူးပြောင်းပြီး ကြုံတွေ့ခဲ့ရသော ခန္ဓာအသွင်ပြောင်းလဲမှုအသေးစိတ်များပင်။
အနားတွင်ရပ်နေသော ဆိုင်ယွင်နှင့်ဆိုင်ယွဲ့က အဘိုးချင်၏အဖြေများကို စာအုပ်များဖြင့် အသေးစိတ်လိုက်လံရေးသားပြုစုကြသည်။
ဤသည်မှာ ညကင်းလှည့်တပ်ဖွဲ့၏ စည်းမျဥ်းသာပင်။
အမှန်တော့ မိစ္ဆာအကောင်တိုင်းကို စေ့စေ့စပ်စပ် လေ့လာအကဲဖြတ်ပြီး မိုးနီသက်ရောက်မှုနှင့် လူသားတို့၏ခံနိုင်ရည်အဆင့်ကို စမ်းသပ်ရမည်ဖြစ်သည်။ စဦးလက္ခဏာ၊ သက်ရောက်မှုနှုန်းနှင့် ကျန်အရာအားလုံးကို စစ်ဆေးရမည်ဖြစ်သည်။
စစ်ဆေးမေးမြန်းလို့အပြီးတွင် လိန်ရှင်းနန်သည် အသက်ဆုံးခါစမိစ္ဆာအဘိုးကြီးကိုကြည့်ကာ ညင်သာစွာဆိုသည်။
"ဒီတိုင်းဆို မဆုံးခင်မှာ နာကျင်မှုတချို့ခံစားရဦးမယ်။ အနာသက်သာအောင် ကျွန်မတို့ကူညီပေးဖို့လိုသေးလား"
"ဟုတ်ကဲ့ ကျေးဇူးပါ"
အဘိုးချင်က ခေါင်းညိတ်လက်ခံသည်။
"ဒါဆို ခွင့်ပြုပါဦး"
လိန်ရှင်းနန်က ဆိုင်ယွင်ကို တာဝန်ပေးစီစဥ်ခိုင်းလိုက်စဥ် လီနန်ခယ့်က ရုတ်တရတ်လှမ်းဝင်လာပြီး သေနတ်တစ်လက်ထုတ်ကာ ကူညီပေးဖို့ပြင်လေသည်။
အမျိုးသမီး၏အကြည့်က တစ်မျိုးထူးဆန်းသွားသည်။
ဒီလူကဘာလို့ လူသတ်ရမဲ့နေရာဆို အရမ်းတက်ကြွနေပါလိမ့်။
"မင်းပေးထားတဲ့ကတိတော့ တည်ပါ"
အဘိုးချင်က သူ့ကိုဘယ်သူပစ်လို့ ဘယ်သူတာဝန်ယူမည်ဆိုတာကို ဂရုမစိုက်စွာဖြင့် ပင်ပန်းနွမ်းလျစွာဆို၏။
"တည်မှာပါ"
လီနန်ခယ့်က သေနတ်ပြောင်းဝကို မိစ္ဆာ၏ခေါင်းဆီသို့ချိန်သည်။
သေခါနီးမိစ္ဆာ၏ခန္ဓာမှာ အရင်လောက် ထူပိတ်ကြမ်းတမ်းခြင်းမရှိတော့ပေ။ သေနတ်သံတစ်ချက်နှင့်ပင် မိစ္ဆာအဘိုးကြီး ခေါင်းပွင့်သွားရှာသည်။
သွေးစက်သွေးမှုန်များ လွင့်ပျံသွားကာ အသားစများက ကြမ်းပြင်ပေါ်သို့ လွင့်ထွက်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် လီနန်ခယ့်ခန့်မှန်းထားခဲ့သည့်အတိုင်း ပုလဲဖြူလေးတစ်လုံးက လေထဲမှလွင့်ပျံထွက်ပေါ်ကာ သူ့ရင်ဘတ်ထဲသို့ မြုပ်ဝင်သွားခဲ့သည်။ သူတို့အားလုံး အကျဥ်းထောင်ထဲမှထွက်ကာ လတ်လတ်ဆတ်ဆတ်လေကို တဝရှူရှိုက်လိုက်ကြသည်။
အထဲက အနံ့အသက်အတော်မကောင်းလှသည်ကိုး။
ယုန်မလေးမုန့်က နေရောင်အောက်တွင် ပျင်းရိစွာအကြောဆန့်ရင်း စိတ်အေးသက်သာစွာဆိုသည်။
"နောက်ဆုံးတော့ အရှုပ်အထွေးတွေအားလုံးအဆုံးသတ်သွားပြီ။ ကျန်တဲ့မိစ္ဆာကိုလိုက်ရှာဖို့တစ်ခုပဲ ရှိတော့တယ်"
"အစ်မလိန်၊ ကျွန်မတို့ အမှုနဲ့မဆိုင်တဲ့ကိစ္စကိုပါ လိုက်ရှင်းပေးခဲ့တာဆိုတော့ စွမ်းဆောင်ရည်မှတ်တမ်းက ဒီလောက်ဆို တော်တော်တိုးသင့်နေပြီမဟုတ်လား"
ယုန်မလေးမုန့်က လိန်ရှင်းနန်အနားသို့ကပ်ပြီး စိတ်လှုပ်ရှားနေသောမျက်နှာလေးနှင့်မေးသည်။
"နောက်ကျ အထက်လူကြီးတွေကို ထောက်ပံ့ကြေးတိုးပေးဖို့တောင်းဆိုကြရအောင်။ ဆုပေးမယ်ဆိုလည်းရတာပဲ။ နတ်ဘုရားစက်မှုဆောင်က ဝိညာဥ်သလင်းကျောက်လေးတွေပေးမယ်ဆိုရင် အကောင်းဆုံးပေါ့။ ကျွန်မမှော်လက်နက်တွေ တော်တော်ထိခိုက်ထားတာ ပြန်အားဖြည့်ပေးဖို့လိုနေပြီ"
"ခေါင်းဆောင်ကိုသွားပေးလေ၊ သူပေးရင်ယူလိုက်ပေါ့"
လိန်ရှင်းနန်က အေးစက်စက်သာပြောသည်။
"ထားလိုက်ပါ"
မိန်းကလေးက လက်ကိုပိုက်ဖက်ထားပြီး နှုတ်ခမ်းရဲရဲလေးများကိုစူထောက်လျက်ဆိုသည်။
"ဒီကမ္ဘာမှာ အဲ့လူလောက်ကပ်စေးနှဲတာမရှိဘူး။ ကိုယ့်ညီမရင်းကိုတောင် ငွေပြန်လိမ်တဲ့လူမျိုး"
လိန်ရှင်းနန်က ဘာမှမှတ်ချက်ပေးမလာဘဲ တစ်နေရာရာသွားဖို့ပြင်နေသော လီနန်ခယ့်ကို လှမ်းမေးလိုက်သည်။
"တိမ်တိုက်မြို့တော်မိစ္ဆာရဲ့အခြေအနေကို သွားကြည့်ဦးမလို့လား"
လီနန်ခယ့်က ပြန်လှည့်မကြည့်ဘဲ လက်ယမ်းပြလိုက်သည်။
"မသွားဘူး၊ ကျွန်တော်ဒီညဖြေရှင်းရမဲ့ပြဿနာလေးတစ်ခု ရှိနေသေးလို့ အားအင်တွေစုစည်းထားရဦးမယ်။ နောက်တစ်နေ့သွားကြတာပေါ့။ အဘိုးချင်ကိစ္စကိုတော့ ခင်ဗျားပဲတာဝန်ယူလိုက်တော့နော်"
"ဟုတ်ပါပြီ"
အမျိုးသမီးကတော့ အငြင်းစကားတစ်ခွန်းမဆို။
လီနန်ခယ့်ပြောသော ပြဿနာဆိုသည်မှာ တစ်နေ့ကသူ့ဆီရောက်လာခဲ့သော အမည်မသိအမျိုးသမီး၏ လျှို့ဝှက်ပေးစာဖြစ်သည်။
တစ်ဖက်လူမှာ အလွန်မာနကြီးသော ပြိုင်ဘက်ပင်။
သူ့အရည်အချင်းသူလည်း အလွန်ယုံကြည်မှုရှိပုံရသည်။
ထိုသို့သောရန်သူကို လက်လွတ်စပယ်ကိုင်တွယ်လို့မရနိုင်။
သူ့ကိုဒီည တာဝန်တစ်ခုပေးမည်ဟုကြိုပြောထားသည့်အတွက် နောက်ပြောင်ကျီစယ်ခြင်းတော့မဖြစ်တန်ရာ။ ထို့ကြောင့် လီနန်ခယ့်တစ်ယောက် ကောင်းကောင်းအနားယူထားဖို့လိုလေသည်။